December 16, 2008

ကျက်မှတ်လက်စ ကဗျာ

ကြောင်တစ်ကောင်သိမ်းဝှက်ထားတဲ့လက်သည်းလို
အရေးကြုံလာရင်
အစွမ်းကုန်ကုတ်ခြစ်ပစ်နိုင်ဖို့
အဆင်သင့် ရှိရမယ်..။

မျက်စိတွေကို ရေလောင်းပေါင်းသင်လိုက်
နားတွေကို လှီးဖြတ်ရှပ်လွှာလိုက်
စိတ်ကိုတော့
အကျစ်လစ်ဆုံးထုတ်ပိုးထားရမယ်..။

ခြေ လက် ခန္ဓာ ၊
ဉာဏ်ပညာ....
အို..
မေမေ ဖန်တီးပေးလိုက်တဲ့အရာရာမှာ
သမီးအတွက်အလေးလံဆုံးက
နှလုံးသားပေါ့ မေမေရယ်..။

အချစ်ဆိုတာက
အသက် အရွယ် ရာသီ ရေခံ မြေခံမှာ
စိုးရိမ်ရေမှတ်အထိတက်တဲ့ ဒီရေပါ...၊
အမေ့သမီးက ဒီရေ ဒီလှိုင်း ခပ်ကြီးကြီးမှာမှ
လှိုင်းစီးတမ်း ဆော့ကစားမိခဲ့တယ်..။

အခု ဆဌမအာရုံမှာ လာလာညိနေတဲ့
လေးညှို့တင်သံဟာ
ဟောဒီ့ လက်ဝဲဘက်ရင်အုံအောက်
နောက်ထပ် ထွင်းဖေါက်ဖို့များလား....။

အရေး အကြောင်း ကြုံလာတိုင်း
သက်လုံကောင်းကောင်းရှိစေဖို့
ကိုယ့်ပြဌာန်းချက် ကိုယ်လည်း
သေသေသပ်သပ် ရေးချယ်တတ်ရမယ်..။

အလွမ်းဆိုတာ အနုပညာအတွက်
အခြေမြစ်ဆုံး စားနပ်ရိက္ခာပါ…..
အခု စိတ်နဲ့သီချလိုက်တဲ့ လွမ်းသူ့ကဗျာဟာ
ဘယ်သူ့ ဥယျာဉ်မှာ
အလှပဆုံးဖူးပွင့်သင့်သလဲ...။

တကယ်တော့
ရင်နဲ့မဆန့်အောင် လေးလံလွန့်လွန်းလို့
သမီးအံချထားခဲ့တဲ့ နှလုံးသားဟာ..
အရာရာပါ...... မေမေ..။

ဝင်သက် ထွက်သက် ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်
ဖြစ် ပျက်ဆိုတာ စကြ၀ဠာအမှန်တရားလို့
ဘုရားရှင်ဟောခဲ့တာကိုပဲ သစ္စာဆိုနေလိုက်

ဇက်ကုန်စိုင်းတော့မယ့်မြင်းရိုင်းတစ်ကောင်မှာ
အပိုဝန်တွေဟာ ခရီးဖင့်စေတယ်လေ…။ ။

အိန္ဒြာ
(မုဒိတာမဂ္ဂဇင်းအတွက် ပေးထားခဲ့ပါတယ်)

တကယ်ဆို ဒီဇင်ဘာဆိုတာဟာ..ကိုယ့်မွေးလမို့..အရမ်းမြတ်နိုးရတဲ့လတစ်လပါ...
ခုတော့..စိတ်ပျက်အားငယ်စရာတစ်ချို့တစ်လေကို..ဒီဇင်ဘာကမှ..တိုင်တိုင်ဆိုင်ဆိုင်လာပေးတော့..ပိုပဲဝမ်းနည်းနေမိသလိုလို..
ဒီဇင်ဘာရောက်တာနဲ့..ကိုယ့်မေမေအကြောင်း..ကိုယ့်ဘ၀အကြောင်းရေးထားတာလေးတွေပဲ တင်မယ်ရေးမယ်ပေါ့လေ...
ခုတော့..ကိုယ်...ဒီကို ထွက်လာမယ်လို့ဆုံးဖြတ်ချက်ချပြီးတော့ ရေးဖြစ်ခဲ့တဲ့.ကဗျာလေးကိုပဲတင်လိုက်ပါတယ်..
ကဗျာလေး...နဲ့ ကိုယ့်ကိုကိုယ် အားတွေပြန်တင်းရတာပေါ့...။



13 comments:

  1. အစ်မရေးထားသမျှတွေက ဖတ်လိုက်ရင် အင်ပြည့် အားပြည့်ပဲ..
    ဘာမှမပြောတော့ဘူး..
    အစ်မပျော်ရွှင်ကျန်းမာ များများရေးနိုင်ပါစေ...

    ReplyDelete
  2. ကျစ်...ဆိုတဲ့စကားလုံး ခနခဏ သုံးတဲ့ ဆရာမ..
    (အခု ဆဋ္ဌမအရုံမှာ လာလာညိနေတဲ့
    လေးညို့ တင်သံဟာ
    ဟော့ဒီ လက်ဝဲဘက် ရင်အုံအောက်
    နောက်ထပ် ထွင်းဖေါက်ဖို့များလား..)
    လွှတ်လှတယ်..
    နေမကောင်းဖြစ်နေလို့.ထဲထဲဝင်ဝင် မခံစားနိုင်..မဖတ်နိုင်တာ..ကြောင့်..အတုလည်းမဖန်ဆင်းချင်တာကြောင့်...ကဗျာကောင်းလေးတွေအားနာလျက်..

    ReplyDelete
  3. အစ်မရေ ကဗျာ တအားကောင်းတယ်..
    တစ်ကယ်ပဲ အားဖြစ်စေတယ်ဗျာ..

    လေးစားခင်မင်လျက်..
    မိုးကြယ်

    ReplyDelete
  4. ကဗျာတစ်ပုဒ်လုံးကိုကြိုက်တယ်ဗျာ..
    အထူးသဖြင့်...
    အချစ်ဆိုတာက
    အသက် အရွယ် ရာသီ ရေခံ မြေခံမှာ
    စိုးရိမ်ရေမှတ်အထိတက်တဲ့ ဒီရေပါ...၊
    အမေ့သမီးက ဒီရေ ဒီလှိုင်း ခပ်ကြီးကြီးမှာမှ
    လှိုင်းစီးတမ်း ဆော့ကစားမိခဲ့တယ်..။
    ဆိုတဲ့ပါဒလေးကိုအကြိုက်ဆုံးပါဘဲ..
    ခင်မင်လျက်...

    ReplyDelete
  5. ခြေ လက် ခန္ဓာ ၊
    ဉာဏ်ပညာ....
    အို..
    မေမေ ဖန်တီးပေးလိုက်တဲ့အရာရာမှာ
    သမီးအတွက်အလေးလံဆုံးက
    နှလုံးသားပေါ့ မေမေရယ်..။

    အချစ်ဆိုတာက
    အသက် အရွယ် ရာသီ ရေခံ မြေခံမှာ
    စိုးရိမ်ရေမှတ်အထိတက်တဲ့ ဒီရေပါ...၊
    အမေ့သမီးက ဒီရေ ဒီလှိုင်း ခပ်ကြီးကြီးမှာမှ
    လှိုင်းစီးတမ်း ဆော့ကစားမိခဲ့တယ်..။

    အခု ဆဌမအာရုံမှာ လာလာညိနေတဲ့
    လေးညှို့တင်သံဟာ
    ဟောဒီ့ လက်ဝဲဘက်ရင်အုံအောက်
    နောက်ထပ် ထွင်းဖေါက်ဖို့များလား....။

    မိုက်တယ်..
    ဒါနဲ့ ဘာတွေညစ်နေလဲ ညီမလေး.. ဂျီမှာ တွေ့စို့...။

    ReplyDelete
  6. အလွတ်ရပြီးသားကိုပြန်ရွတ်ပြနေသလိုပဲ အစ်မ
    ကျတ်မှတ်လက်စနဲ့မတူ....ကောင်းချက်

    ReplyDelete
  7. အိန္ဒြာရေ----------
    အရေး အကြောင်း ကြုံလာတိုင်း
    သက်လုံကောင်းကောင်းရှိစေဖို့
    ကိုယ့်ပြဌာန်းချက် ကိုယ်လည်း
    သေသေသပ်သပ် ရေးချယ်တတ်ရမယ်..။

    မှန်တာပေါ့ ဒီအပုဒ်လေးကကောင်းလွန်းတယ်-----
    တပုဒ်လုံးကောင်းတယ်---အင်အားတွေဖြည့်စေတယ်--
    စကားလုံးတွေ ကျစ်လစ်တယ်---

    ReplyDelete
  8. တကယ်တော့ရင်နဲ့မဆံ့အောင်လေးလံလွန်းလို့
    သမီးအံချထားခဲ့တဲ့နှလုံးသားဟာ.....
    အရာရာပါ..မေမေ....
    ထပ်တူထပ်မျှခံစားရတဲ့စာသားလေးပါပဲ
    အကြိုက်ဆုံးတပိုဒ်ပါ...မအိန္ဒြာ။

    ReplyDelete
  9. ကဗျာလေး ကောင်းလိုက်တာဗျာ။ အကြိုက်ဆုံးအပိုဒ်တောင် ရွေးရခက်တယ်။

    ReplyDelete
  10. မကြီးရေ....
    မကြီးရဲ့မွေးလ ဒီဇင်ဘာမှာ
    စိတ်မညစ်ရဖူးလေ မကြီးရဲ့... နော်

    အပိုဝန်တွေဟာ ခရီးဖင့်မယ်ဆိုတာ
    ကြိုသိထားတယ်... ဒါပေမဲ့...
    သယ်.. သယ်... နေမိဆဲပါ

    ဘယ်နေ့မှန်းမသိပေမဲ့
    ရင်ထဲက မှန်းပြီး ဆန္ဒပြုတယ်မကြီး
    “Happy Birthday” ပါ...

    ReplyDelete
  11. အလွမ်းဆိုတာ အခြေမြစ်ဆုံးစားနပ်ရိက္ခာဖြစ်ခဲ့ရင်..အလွမ်းစိတ်နဲ့ သီတဲ့ကဗျာ..
    အနုပညာရင်ခွင်မှာ ဖူးပွင့်မယ်..ပြဌာန်းချက်ဟာ သက်လုံကောင်းဘို့ သေသေသပ်သပ်
    ရေးချယ်တတ်ခဲ့ရင်..ဆဌမအာရုံမှာ ညိတဲ့ လေးညှိုသံ ရင်နဲ့သာဆီးခံမယ်..အသက်အရွယ်
    ရာသီ ရေခံ မြေခံမှာမှ ထိန်းကျောင်းပျော်တတ်ရင် ငါအသက်သေသ၍ အချစ်ရေစီးကြောင်း
    ထဲ စီးရွေ့မျောမယ်..ရင်နဲ့ မဆန့်ပေမယ့် ဆုပ်ကိုင်ထားတာလည်း အရာရာဘဲ..အစွမ်းကုန်သာကုတ်ခြစ်..
    ကျစ်လျစ်စွာထုပ်ပိုး အလေးလံဆုံးနှလုံးသားကိုသယ်ဆောင်..
    ဇက်ကုန်ဆိုင်းမယ့် မြင်းရိုင်းတစ်ကောင်..
    တိမ်လွှာကိုထိုးဖောက်..ငါ့အသက်ကျိုးပျောက်တဲ့ အထိ..ချီတက်မယ်..။

    မကြီးရေ စိတ်မညစ်ပါနဲ့။ စိတ်ဓါတ်မကျနဲ့။ ကျွန်တော်သိထားတဲ့ ကျွန်တော့်မကြီးက ရဲရဲတောက်နော်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  12. ကြောင်တစ်ကောင်က မသင်ပေးပေမယ့်
    အလိုလို ကြွက်ခုတ်တတ်နေတဲ့ ကဗျာဆရာ
    မာနလက်သည်းတွေကို အစွမ်းကုန် ရဲတင်းပွင့်လင်းစွာ ... စွင့်ထုတ်လို့။
    အန္တရာယ်အကြားက ဆွဲငင်ထုတ်ဖို့ နားမျက်စိတွေကို
    စိတ်ရုပ်တွေက ကြိုးဆွဲနေတယ် ... ကဗျာဆရာ လိုက်နာနေလေသလား။

    ကဗျာဆရာရဲ့ နှလုံးသားတွေကိုမှ ရွေးချယ်ပြီး ကမ္ဘာမြေကြီးက ဆွဲအားတွေပိုသလား
    အမှုမှတ်မဲ့ ကျပန်းလောကတစ်ခုမှာ သိပ်ကို ကာရံညီလှပြီး စည်းချက်ကလှတဲ့ ဖန်တီးမှု တစ်ခု ... စင်တင်တီးမှုတ်နေတယ် (တကိုယ်တော်)။

    တလိမ့်လိမ့်လှိုင်းလုံးထဲမှာ သံယောဇဉ်လှိုင်းစီးဘုတ်ငယ်နဲ့ ကဗျာဆရာရဲ့ အိပ်မက်တွေက သမုဒယ သောင်တွေကို တိုက်စား ... တဝေါဝေါ တိုက်စားလို့။
    ဖောက်ထွင်းလည်း ဖောက်ထွင်းပါလေ့စေ ... ကဗျာဆရာရဲ့ နှလုံးသားက နေရာတိုင်းမှာ ရှိတယ်။

    အလွမ်းရိက္ခာထုတ်ကို ထုတ်ပိုးနေတဲ့ ပြဌာန်းချက် အနားမှာ လက်တစ်လုံးခြား
    စိတ်အလျဉ်လို ပန်းပွင့် ပင်ပျိုတွေက
    ကဗျာဆရာရဲ့ အပြုံးသဲ့သဲ့မှာ တွဲ ... ခို ... ရပ် ... နား ...
    ယုံကြည်မှုဟာလည်း ထန်းတစ်ဖျား အထက် ... ။

    သစ္စာတရားလို့ ခေါ်တဲ့ လူမုန်းတဲ့အရာဟာ ကံကြမ္မာမြင်းရိုင်းကို ဇက်ခွံ့တဲ့အခါ
    ကဗျာဆရာရဲ့ ဇက်ကြိုးဆွဲမယ့်လက်က ... လက်က ... ။
    သစ္စာကျောက်သားတိုင် တောင့်တင်းတင်းကို ကဗျာတွေနဲ့ ထူခဲ့သူပါလား ... မကြီးရယ် ...။
    ဦးညွှတ်လေးစားလျှက် ရှိနေပါရဲ့ဗျာ ... ။

    ခင်မင်လေးစားမှုများစွာဖြင့်

    ReplyDelete
  13. ကဗျာတွေလာဖတ်သွားတယ် အမ
    ပျော်ရွှင်ပါစေ

    ReplyDelete