December 20, 2008

ရင်နင့် လက်ဆောင်












(အနှိုင်းမဲ့ ချစ်မိခင်ကြီးအားဦးထိပ်ပန်ဆင်လျက်)

အဲဒီ့ လောကဓံမှန်သမျှကို
ဆုတ်ဖြဲပစ်နိုင်ဖို့
စိတ်ကိုမြနေအောင် ချွန်သ ထားလိုက်ပြီ ။

အိမ်မက်ဆိုးတွေက လန့်နိုးလိုက်ချိန်တိုင်း
ဒီးဒီးကျနေတဲ့ ချွေးစိမ်းရှင်ရှင်မှာ
မျက်ရည်ပူတွေ ပါ သွား စမ်း ပ စေ..။

မငိုဘူး...
ဘယ်တော့မှ မ ငို တော့ ဘူး..
ညာလက်နဲ့ သမီးကြီးကို စာပြပေးနေရင်း
ဘယ်လက်နဲ့ သားငယ်လေးကို
ချော့သိပ်ပေးလိုက်မယ် ။

တစ်ခါတစ်ရံ... အရိုင်းဆန်နေခဲ့မလား....
ဒဏ်ရာရ သားကောင်တစ်ကောင်လို
မာန်ဖီသံတွေ ပြင်းထန်နေခဲ့ပြီး
ကြက်သားအုပ်မကြီးလို ဘယ် သိန်း စွန် ငှက် ကိုမဆို
ရင်ဆိုင်ဖို့ ရဲရင့်နေခဲ့တယ် ။

မိသားစု စမ်းချောင်းလေးထဲမှာ
အတူတူ ရေချိုးဆင်းကြဖို့.....
သူ့ကို ပျက်ကွက်ခိုင်းလိုက်တာ
မစောလွန်းဘူးလား ဘုရားသခင်ရယ် ။

အခု မေမေသီခိုင်းနေတဲ့
ပန်းပွင့်လေးတွေဟာ
မင်းတို့ ဖေဖေအတွက်ပေါ့ ကလေးတို့.......
မနက်ဖန် ဖေဖေ့ကို ဦးသွားညွှတ်ကြရင်
မင်းတို့လေးတွေမှာ ဘယ်လို အနာတရ....မှ
ရှိမနေကြဘူး ဆို တာ ......
မေမေ့ ချစ်ခြင်းမေတ္တာအတွက်
တစ်ခုတည်း ကျန်တော့တဲ့ သက်သေပါ ။

အိမ်ခေါင်မှာ မိုးတွေယိုတာက အစ
မီးဖိုထဲ ထင်းမရှိတော့တာ အဆုံး
ကျွန်မ.... ရုန်းနေရပြီ အကိုကြီးရေ... ။ ။
အိန္ဒြာ
(ကလျာမဂ္ဂဇင်းမှာ ပါခဲ့ပါတယ် ။ လတွေ၊နှစ်တွေက.နာဂစ်နောက်ပါသွားလို့သေချာမမှတ်မိတော့လို့ပါ.။ )
မေမေ့အတွက်လို့ရေးပြီး..အားတွေနာနေခဲ့ရတဲ့ကဗျာလေးတစ်ပုဒ်ပေါ့.။

၃၄နှစ်အရွယ်မှာ..ကလေးနှစ်ယောက်နဲ့ မုဆိုးမဘ၀အပြင်တစ်ခြားသောကတနင့်တပိုးကြီးနဲ့ကျန်ရစ်ခဲ့ရတဲ့
မေမေ့အတွက်တော်တော်ကြီးကိုပေါ့ပေါ့ရွှတ်ရွတ်နိုင်နေမှာပါပဲ။မေမေကလည်း"မပြည့်စုံသေးပါဘူးအေ
" တဲ့။
" သေချာတာပေါ့မေမေရယ် မေမေခံစားခဲ့ရတဲ့ ဒုက္ခသောကတွေနဲ့ မေတ္တာတရား
ကို သမီးဘယ်လိုမှမှီအောင်
ရေးနိုင်စွမ်းရှိမယ်..မထင်ပါဘူး.
.
ဒါပေမယ့်သမီးမွေးနေ့ နီးလာတော့ မေမေ့ကျေးဇူးတရားတွေ မေတ္တာတွေကိုပိုပြီးတမ်းတ
လွမ်းဆွတ်နေမိလို့
သမီးရဲ့ blog လေးမှာတင်လိုက်တာပါ..မေမေ..။ "

" မေမေရေ.."
မေမေ့သမီးလေ...
အာရှတိုက်ရဲ့ကျွန်းတစ်ကျွန်းပေါ်မှာ..
ကိုယ်မွှေးခဲ့တဲ့မီးနဲ့..ကိုယ်..
အလျှံတညီးညီးလောင်မြိုက်လို့...


14 comments:

  1. ““" မေမေရေ.."
    မေမေ့သမီးလေ...
    အာရှတိုက်ရဲ့ကျွန်းတစ်ကျွန်းပေါ်မှာ..
    ကိုယ်မွှေးခဲ့တဲ့မီးနဲ့..ကိုယ်..
    အလျှံတညီးညီးလောင်မြိုက်လို့...””

    မကြီးရေ...
    အာရှတိုက်ကြီးရဲ့ရှည်မျောမျော မကွေးတကွေး ကျွန်းလေးပေါ်မှာ... ဆောင်းတွင်းကြီး နှင်းတွေအောက်မှာ.. ပူလွန်းနေတယ်..
    ပြာကျသွားလည်း ကောင်းတာပဲနော်.. မကျနိုင်သေးဘူး.. လောင်လို့ကောင်းတုန်း..
    သိလား

    “မည်သူမပြု မိမိမှု...”

    မကြီးကိုချစ်တဲ့..
    ခင်လေး

    ReplyDelete
  2. သိန်းစွန်ငှက်ရန်ကို ကာကွယ်ဖို့ ရဲရင့်တဲ့မိခင်စိတ်..
    လောကဓံကို စိတ်တစ်ခုနဲ့ရင်ဆိုင်..မျက်ရည်ပူကို
    တောင် ဂရုမစိုက်...ညာလက်နဲ့နားသလို့ ဘယ်လက်နဲ့
    ရှင်ပြုမယ်တဲ့..ဘယ်လောက်များရဲရင့်လိုက်ပါသလဲ..
    လောကရဲ့လှည့်ကွက်မှာ စောစီးစွာထွက်ခဲ့ရတဲ့..
    အဖေ့အတွက်ဆိုတဲ့နေရာ..ချစ်ခြင်းမေတ္တာတွေနဲ့
    သက်သေပြမယ့်အမေ...လောကထဲမှာ ရုန်းကန်နေရတဲ့
    လူသားတိုင်းအတွက်တော့..အမေဆိုတာ အဖိုးမဖြတ်နိုင်တဲ့အရာပါ..။

    မကြီးရေ..မကြီးရင်ထဲ အမေရှိနေသမျှ မကြီးဘ၀လှပနေလိမ့်မယ်...


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  3. ကဗျာလေးကတော်တော်လေးအဓိပ္ဗါယ်လေးနက်ပါတယ်ခင်ဗျာ..
    အမေ့ကျေးဇူးတော်ကို ခံစားသွားကြောင်းပါ..


    လေးစားလျက်
    မိုးကြယ်

    ReplyDelete
  4. ငိုချင်လိုက်တာ မခံစားနိုင်ဘူး။
    ညီမရေ.. တို့တွေကတော့ ကိုယ်က မမွှေးလည်း လောင်မြိုက်ရမယ့် မီးတွေ ၀ိုင်းနေတာပါ...။

    ReplyDelete
  5. အမရေ... အမေပေးတဲ့လက်ဆောင်လေးနဲ့... အမေ့ရဲ့ခွန်အားတွေ
    အမမှာရှိနေပါတယ်အမရေ...
    ဖိုးမောင်

    ReplyDelete
  6. မအိန္ဒြာရေ ...
    ရင်နင့်လက်ဆောင် ကဗျာလေးဖတ်ပြီး ရင်ထဲနင့်ခနဲ ခံစားလိုက်ရတယ်။
    မအိန္ဒြာ မေမေရဲ့ မေတ္တာနဲ့ အားမာန်ကိုလည်း လေးစား ဂုဏ်ယူမိပါတယ်။

    ReplyDelete
  7. မိသားစု စမ်းချောင်းလေးထဲမှာ
    အတူတူ ရေချိုးဆင်းကြဖို့.....
    သူ့ကို ပျက်ကွက်ခိုင်းလိုက်တာ
    မစောလွန်းဘူးလား ဘုရားသခင်ရယ် ။
    တင်စားထားပုံလေးကိုသဘောကျတယ်ဗျာ..
    ရင်ကိုထိုးဖောက်ပြီးအရှိုက်ကိုထိစေတဲ့ဘဝတွေထဲက
    ဘဝတစ်ခုကိုအကောင်းဆုံးသရုပ်ဖော်ထားတဲ့ကဗျာ
    ကောင်းတစ်ပုဒ်ပါဘဲ မအိန္ဒြာရေ...
    ခင်မင်လျက်

    ReplyDelete
  8. အဲဒီ့ လောကဓံမှန်သမျှကို
    ဆုတ်ဖြဲပစ်နိုင်ဖို့
    စိတ်ကိုမြနေအောင် ချွန်သ ထားလိုက်ပြီ ။

    အဲဒီလိုကြီး စဖွင့်လိုက်ကတည်းက မျက်လုံးတွေ ကျယ်သွားတယ်..။

    ကျန်းမာချမ်းသာလို့ အဆင်ပြေပါစေဗျာ..
    မိုးမောင်

    ReplyDelete
  9. ဖတ်ပြီးစိတ်မကောင်းဖြစ်မိပါတယ်။ အမေ့ကိုလည်းပိုသတိရသွားတယ်။း(

    ReplyDelete
  10. အမေရဲ့ မေတ္တာရေ နဲ့ အားလုံး အေးချမ်းသွားပါစေ

    ReplyDelete
  11. ထပ်တူထပ်မျှ နားလည် ခံစားမိပါတယ်ဗျာ...

    ReplyDelete
  12. တကယ့်ကိုရင်ထဲကိုနက်နက်ရှိုင်းရှိုင်း
    ဆူးဝင်သွားခဲ့ပါတယ်.........
    ကဗျာကိုဖတ်ရင်းနဲ့လေ.......
    အရမ်းကောင်းတယ်......

    ReplyDelete
  13. ကဗျာဆရာမလေးရေ--
    ကဗျာလေးက ကောင်းလိုက်တာ--
    ရင်ထဲအထိ တိုးဝင်သွားပါတယ်---

    ReplyDelete
  14. ကောင်းလိုက်တဲ့ ကဗျာလေး ညီမရယ်။
    အမေ ဆိုတဲ့စကားလုံးလေးလောက် ဘယ်အရာမှ မလေးနက်ဘူး၊ အဓိပ္ပါယ် မပြည့်စုံဘူး လို့ အမြဲ ယုံမိတယ်။
    ညီမ အမေပုံလေးက ချောလိုက်တာ။ အမေတူ သမီးထင်လို့ ညီမ ရုပ်ကလေး စိတ်နဲ့ မှန်းကြည့်သွားတယ်။

    ReplyDelete