December 29, 2008
အိန္ဒြာ ( ၁၉၇၃- ...... )
ဒီအသက်အရွယ်မှာ..
ဗုဒ္ဓရှင်တော်မြတ်ဟာ ဘုရားစင်စစ်ဧကန်ဖြစ်နေပြီ
ယေရှုခရစ်က နှစ်ခြင်းခံပြီးပြီ၊
ဒီအသက်အရွယ်မှာ..
ဗိုလ်ချုပ်အောင်ဆန်းက အသက်စတေးလိုက်ရပြီ
မဟတ္တမဂန္ဒီက ဖိနှိပ်မှုဆန့်ကျင်ရေးခေါင်းဆောင်ဖြစ်နေပြီ
လုဒ်ဝစ်ဗန်ဘီသိုဗင်က သူ့ဆင်ဖိုနီကို ဆွဲဖြဲပစ်ရဲပြီ
ချေဂွေဗားရားက သူ့ယုံကြည်ချက်ကို သွေးနဲ့စက်လိုက်ပြီ၊
ဒီအသက်အရွယ်မှာ..
ဗင်းဆင့်ဗန်ဂိုးက အာလူးစားနေတဲ့လက်တွေကို ဆေးသားရင့်ရင့်ချယ်ပြပြီ
မောင်ချောနွယ်က သူပိုင် ရတနာကျွန်းမှာ မင်းမူပြီ
အယ်ဒီဆင်က အသံတွေကို သေတ္တာထဲထည့်သိမ်းထားနိုင်ပြီ
ဘီ(လ်)ဂိတ်စ်က ကုဋေကြွယ်သူဌေးဖြစ်နေပြီ၊
ဒီအသက်အရွယ်မှာ..
ရှယ်လီဆို လှေလေးတစ်စင်းနဲ့ ခရီးဆန့်သွားပြီ
ထူးအိမ်သင်က ညနေကြယ်တစ်ပွင့်နဲ့ ခရီးသစ်ထွင်ပြီ
မာတင်လူသာက ဘာသာရေး ကန့်ကွက်ချက်တွေ ရေးပြရဲနေပြီ
နေးလ်အမ်စထရောင်းက လမျက်နှာပြင်မှာ သူ့ခြေရာတင်ဖို့ အကြီးအကျယ်အိမ်မက်မက်နေပြီ
ဒီအသက်အရွယ်မှာ..
ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူကို အထပ်ထပ်အရောင်တင်နေကြပြီ
ဆစ်ဗီယာပသာ့သ်က ဓါတ်ငွေ့မှိုင်းရှုပြီး အနိုင်ပိုင်းသွားပြီ
မာရီအင်တွိုင်းနက်က နန်းစည်းစိမ်နဲ့ ပေါင်မုန့်ကို လဲပေးလိုက်ရပြီ
မအိက တောင်ပေါ်မှာ ပလိုင်းထမ်းနေပြီ၊
မေမေ့ခမျာတော့ လောကဓံ အသစ်စက်စက်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ရပြီ...
ဒီအသက်အရွယ်မှာ..ပေါ့ .....။
ဒီအသက်အရွယ်..တွေ အတွက်
တန်းမြင့် နှလုံးသား
ယုံကြည်ခြင်း ကိုယ်ရည်ကိုယ်သွေး
ပေးဆပ်မှု အနုပညာ
အခမ်းနားဆုံး အတွင်းစိတ်
အခွင့်အလမ်း၊ ဇွဲ၊ သတ္တိ နဲ့ သိက္ခာ။
ကိုယ့်ဒိုင်ယာရီကိုယ် လိပ်ပြာသန့်သန့် ချန်ရစ်ဖို့
ကိုယ့်ရာဇ၀င်ကိုယ် တင့်တောင်းတင့်တယ် ပြန်ခင်းဖို့
နှစ်ပေါင်း သုံးဆယ်ကျော်ကျော်ဟာ
အမှန်တကယ် လုံ လောက် တယ် တဲ့ လား-
သေချာပါတယ်....
အိန္ဒြာဆိုရင်
စိမ့်အိုင်လာမယ့် သူ့အနာဂါတ်တွေကို ခပ်သောက်ဖို့
သူ့မျှော်လင့်ချက်ကို သူ လက်ယက်တွင်းတူးပြီးစောင့်နေပြီ။ ။
အိန္ဒြာ
(၃၀.၁၂.၂၀၀၆)
မွေးနေ့ဆိုတာကို ရောက်လာခဲ့ပါပြီ..။ လမ်းခုလတ်၃၅ ဆိုတဲ့ အက်ဆေးလေးကို အကောင်းဆုံးရေးမယ်လို့.. ကြိုးစားခဲ့ပေမယ့်.. ခုထိလက်စမသတ်နိုင်အောင် စိတ်တိုင်းမကျအောင် ဖြစ်နေခဲ့ပေမယ့်.. မွေးနေ့ကတော့ ရောက်လာခဲ့ပါပြီ..။ နောက်ဆုံးတော့...အရင်မွေးနေ့တစ်ခုက ရေးဖြစ်ခဲ့တာကိုပဲ တင်တော့မယ်လို့.. စိတ်ကိုဒုံးဒုံး ချပြီး တင်လိုက်ရတာပါ.... အမြဲတမ်း ကိုယ့်ကိုကိုယ်.. ခံစားနေရတဲ့.. စိတ်တစ်ခုကို ချရေးဖြစ်ထားတဲ့ ကဗျာ တစ်ပုဒ်မို့.... ခပ်ကြမ်းကြမ်းဖြစ်နေခဲ့ပါတယ်..။ ဘာပဲ..ဖြစ်ဖြစ် အမှတ်တရအနေနဲ့..မို့..။
17 comments:
  1. ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။ ဘ၀မှာ ဖြစ်ချင်တာတွေ ဖြစ်လာပါစေ အိန္ဒြာရေ..။
    ReplyDelete
  2. ဘာမှမပြောတောဘူး..ရေခဲရိုက်ထားတဲ့ ကိတ်အပဲ့လေး လက်ဆောင်ပေးမယ်...
    အမြင့်ဆုံး အတတ်ပညာတွေရထားတဲ့ လူတွေသေပြိးလို့ လူ့ဘဝကိုပြန်ရရင် ဘယ်ကစရမလဲ..
    က.ခ..ဒါမှမဟုတ် A.B..C ဒါမှမဟုတ်တခုခုတော့ ပြန်ကိုစရမှာ..
    အနိမ့်ဆုံးသောတပန်လောက်ရထားရင် ဘယ်ဘဝရောက်ရောက် အဲဒီထက်မနိမ့်ကျတော့ဘူး ထပ်စစရာမလိုတော့ဘူးလေ...
    နင်အဲဒီလောက်တွေးတတ် ရေးတတ်တာ
    ကဗျာတွေအတွက်တော့ သောတပန်ပဲ..
    ပျော်လို့ပဲဖြစ်ဖြစ်..ကြေကွဲလိုပဲဖြစ်ဖြစ်..
    သောတပန်အဆင့်ထက် မနိမ့်တောဘူး
    လေးစားပါတယ်ညီမလေး...
    ReplyDelete
  3. Happy Birthday ပါ မအိန္ဒြာ . . . :-)
    ဒီနှစ်ထဲ မှတ်မိသလောက် ဒီမွေးနေ့ကိုတော့ စောရောက်တယ်..
    ReplyDelete
  4. နောက်တောင်ကျနေပြီပြောဖို့.
    ပျော်ရွှင်တဲ့မွေးနေ့လေးဖြစ်ပါစေ..မကြီးအိန္ဒြာ။
    စိတ်ညစ်စရာတွေရှိရင် အမြန်ဆုံးကင်းဝေးပါစေ။
    နှစ်သစ်မှာလည်း အရာရာအဆင်ပြေနိုင်ပါစေ။
း)
    ReplyDelete
  5. အမကြီးရေ...မွေးနေ့မှသည့် နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွှင် နိုင်ပါစေ...
    ဖိုးမောင်
    ReplyDelete
  6. ပထမဆုံးရောက်ရောက်ချင်း
    မွေးနေ့နဲ့ တိုးတဲ့အတွက် ဆုတောင်းပေးခဲ့ပါတယ်။
    ပျော်ရွှင်ဖွယ်ရာ ကောင်းတဲ့ မွေးနေ့လေးဖြစ်ပါစေ
    နှစ်သစ်မှာ အတွေးသစ်တွေနဲ့ စာတွေများစွာ ရေးဖွဲ့နိုင်ပါစေ
    ဒီနေ့က အမအတွက် မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့ဖြစ်ပါစေ
    ပျော်ရွှင်ချမ်းမြေ့သာယာသော ဘ၀တခုပိုင်ဆိုင်ပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ်
    ReplyDelete
  7. ပျော်ရွှင် အေးချမ်းတဲ့ ၃၅ နှစ် ဖြစ်ပါစေ ညီမလေးရေ..
    ၃၅ ဆိုတာ ကလေးလို လူငယ်လိုလဲ မလှုပ်ခတ်တော့ဘူး၊ လူကြီးလိုလဲ သံဝေဂ တွေ မရသေးဘူး။ ဘ၀ကို အတန်အသင့် နားလည် မြည်းစမ်းပြီးပြီ။ နေလို့ အကောင်းဆုံး အရွယ်ပဲ။
    ကိုယ်ပိုင်တဲ့ အချိန်တွေကို ပျော်ရွှင်စွာ အသုံးကျစွာ အသုံးချတတ်ပါစေ ညီမရေ..
    ReplyDelete
  8. ၃၅နှစ်မြောက်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာအထိ
    ကဗျာလှလှတွေရေးနိုင်ပါစေ.ညီမအိန္ဒြာရေ..
    ၃၅နှစ်ဆိုတာဘဝရဲ့လှေခါးအလယ်တည့်တည့်ကိုရောက်
    နေတဲ့အချိန်ပေါ့...
    နောက်ထပ်လှေခါးထစ်ပေါင်းများစွာကိုအေးချမ်း
    စွာလွန်မြောက်တက်ရောက်နိုင်ပါစေ....ညီမရေ..
    ခင်မင်လျက်....
    ReplyDelete
  9. လာလည်ပါတယ် အိန္ဒြာ- မွေးနေ့နဲ့ တိုးနေတာပဲ။
    အကြိုက်ချင်းတူ..ခေတ်ခြင်းတူ..ရင်ခုန်သံခြင်းတူတဲ့ မိတ်ဆွေ တယောက် အဖြစ်..နှုတ်ဆက်ပါတယ်။ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။း)
    ReplyDelete
  10. ကမ္ဘာပေါ်မှာ လူတိုင်းလူတိုင်းဟာ...
    သူ့အတိုင်းအတာနဲ့သူ အောင်မြင်မှုကို ယူခဲ့တာဘဲ...
    သေခြင်းတရားက လမ်းအဆုံးမှာ ပြုံးလျက်ကြိုတယ်
    ဆိုရင်..ဘာအတွက်များ ရုန်းခဲ့ကြတာလဲ..
    ယုံကြည်ချက်တွေ ထက်မြက်လို့ပေါ့..
    မိဘကသားသမီးအပေါ် ထားတဲ့မေတ္တာ..
    သားသမီးက မိဘအပေါ်ချစ်တဲ့အချစ်..
    ဘယ်လိုဖြစ်ဖြစ် ဒီအချစ်နဲ့မေတ္တာမှာ..
    အချိုးညီချင်မှ ညီမယ်..ပြောကြတဲ့စကားတစ်ခွန်း
    ရှိတယ်..စုန်ရေသာရှိတယ် ဆန်ရေမရှိဘူး..
    ကဗျာဆရာတွေနဲ့ဆောက်တဲ့တိုင်းပြည်မှာ..
    အဲဒီထုံးတမ်း ဆိုရိုးကို ချိုးဖျက်..စုန်ရေအတွက် ဆန်ရေထွက်မယ်..
    လူတိုင်းလူတိုင်း အရာတိုင်း အရာတိုင်းဟာ အချိန်နဲ့အမျှပြောင်းလဲတယ်..
    ဖြစ်ပျက်တယ်..အောင်မြင်တဲ့ပုဂ္ဂိုလ်တိုင်းဟာလည်း ဘ၀လမ်းကြောင်းမှာ..တက်တော့ပြောင်းခဲ့ကြသေး
    တယ်..ကိုယ့်လိပ်ပြာကိုယ်သန့်စေဘို့..ကိုယ့်သမိုင်း
    ကိုယ်..ကဗျာနဲ့ရေးခြယ်..ယုံကြည်ချက်နဲ့ ဆက်မယ့်ခရီးအတွက်..အခမ်းနားဆုံး အဇ္ဈတ္တ..
    ဇွဲ သတ္တိနဲ့ သိက္ခာက ရှေ့က လမ်းပြနေတယ်..
    စိမ့်အိုင်လာမယ့် သူ့အနာဂါတ်တွေကို ခပ်သောက်ဖို့..
    မျှော်လင့်ချက်ကို တွင်းယက်နေတဲ့..
    ကဗျာဆရာမတစ်ယောက်..ကဗျာဆရာတွေနဲ့ တည်ဆောက်တဲ့ကမ္ဘာရောက်ရင်..
    ကိုယ့်အရေကိုယ်ဆုတ် ကိုယ့်အသွေးကိုထုတ်လို့..
    လင်းရောင်ခြည် သက်တံ့တံတိုင်းမှာ..
    ကဗျာဆရာတံဆိပ်ကို နှလုံးသားနဲ့ခတ်နှိပ်လိုက်..
    ကမ္ဘာမြေပျက်သုဉ်းတောင် ကဗျာဆရာမနှလုံး..
    ခုန်နေခဲ့လိမ့်မယ်...။
    ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ မကြီးရေ..
    ဇွဲရဲရင့်
    ReplyDelete
  11. မကြီးရေ......
    သေနေ့ရဲ့ နိဒါန်း စာမျက်နှာ နံပါတ်စဉ်...
    ၃၅... မှ....
    စာမျက်နှာ ရာကျော်တိုင်....
    ကိုယ်တိုင် ရင့်ကျက် တည်ငြိမ် ပျော်ရွှင်ခြင်းတွေနဲ့ ရင်ဆိုင်ရင်း
    လှစ်ဟနိုင်ပါစေသား...
    ချစ်တဲ့..
    ခင်လေး..
    ReplyDelete
  12. ပျော်စရာ မွေးနေ့ လေးဖြစ်ပါစေ အိန္ဒြာရေ..။
    ReplyDelete
  13. အစ်မရေ ပျော်စရာမွေးနေ့ပါ။
    လက်ဆောင်ကို mail နဲ့ပို့ထားပါတယ်။
    လေးစားလျက်
    မိုးကြယ်
    ReplyDelete
  14. အားလုံးကို..အရမ်းကျေးဇူးတင်ပါတယ်..။
    တကယ့်ကို..ပစ်ကျချင်လောက်အောင်..
    စိတ်ညစ်နေတဲ့အချိန်မှာတည့်တည့်က
    ၃၅ နှစ်ပြည့်မွေးနေ့ဟာ...
    နောက်ရှင်သန်ခွင့်ရဦးမယ့်မွေးနေ့တွေကပြန်ကြည့်တိုင်း
    အထင်ရှားဆုံး၇ှိနေရမယ့်
    မွေးနေ့ဖြစ်ခဲ့ပါပြီ...
    အထူးသဖြင့်..
    အသံလေးနဲ့..အတူတူ၇ှိနေပေးတဲ့ သင်းသင်း
    ဖိုးကျော်
    ဖိုးမောင်..
    မိုးမောင်..
    အိမ်မက်ရှင်
    မိုးမြင့်တိမ်..
    မိုးကြယ်..
    အစ်ကိုကြီးမင်းသုခ...နဲ့
    တကူးတက..ဆုတောင်းပေးဖေါ်ရတဲ့...
    ညီအမ..မောင်နှမတွေ......ကို..
    ကဗျာဆရာမမှာ
    ..စာဖွဲ့လို့မရတဲ့..
    စကားလုံးတွေနဲ့ပါလို့
    အိန္ဒြာ
    ReplyDelete
  15. နောက်ကျမှ ရောက်လာသော မွေးနေ့ဆုတောင်း..
    စိတ်သွားတိုင်း ချမောင်းနိုင်တဲ့ အစ်မရဲ့ အနုပညာယာဉ်လေး
    အများကြီး ခရီးဆက်နိုင်ပါစေ...
    ReplyDelete
  16. ဆုမတောင်းတော့ဘူး။ တည်ခင်းထားတဲ့ ကဗျာကိုပဲ အငမ်းမရ အခါခါ စားသွားတယ်...။ ^-^
    ReplyDelete