January 6, 2009
နှလုံးသား သိုက်စာ
ငါတို့ ဆာလောင်မွတ်သိပ်မှုတွေက
အဲဒီ့စာမျက်နှာမှာ ရပ်တန့်သွားခဲ့တယ်..
အမှန်တကယ် လိုအပ်ချက်တွေအရ
ဖြစ်သင့်လို့ ဖြစ်တည်လာမှုတွေ
ဗီတာမင်လို သီး ဝေ လို့..
ဟေ့!
ငါတို့ ကိုယ်ပိုင်ဒိန်ခဲကို...
ငါတို့ ကိုယ်တိုင် တွေ့ရှိပြီ..။
တန်းမြင့် ခံစားချက်သဘင်တွေ ဆင်ယင်ကျင်းပကြ..
ယုံကြည်မှုစားကျက်မှာ စိတ်တွေလွှတ်ကျောင်းကြ..
အသက်ဓါတ်ကို စကားလုံးနဲ့ မျှားခြင်းအထုံအလေ့မှာ ပျော်မွေ့ကြ..
ငါတို့ ယဉ်ကျေးမှုတစ်ခေတ်ကို
အသစ်အတိုင်း ရုပ်ကြွင်းဖြစ်စေဖို့..
ကိုယ့် နှလုံးသွေး ကိုယ် မင်ရည်လုပ်
ကိုယ့် အရေခွံ ကိုယ် ဆုတ်ပြီး စာ စီ ကြ..။
ဒီနေရာ မှာ....
ငါတို့က..
အထက်တန်းစား ၀ဋ်နာကံနာသည်တွေမို့
ဝမ်းတွင်းပါမှော်တွေအတိုင်း
ပန်းမကိုင်ပဲနဲ့လည်း ကျ တတ် ကြ ရ မယ် .။
ငါတို့အတွက်
အနုပညာဆိုတာ..အဆာခံနိုင်ခြင်း သိဒ္ဓိ
ငွေကြေးဆိုတာ စိတ်တိမ်းပွေအောင်ပြုစားတတ်တဲ့ စုန်းကဝေပေါ့..
ကျော်ကြားမှုဆိုတာ တရွရွယားယံစေနိုင်တဲ့ ဗိုင်းရပ်ပိုး....
ဂုဏ်သိက္ခာဆိုတာ မိုးသံကြားတိုင်း ထပွင့်ပြချင်နေတဲ့ ပန်းပွင့်ပေါ့..
သေချာပါတယ်...
ငါ တို့ အ တွက် က
အဆင့်အတန်းဆိုတာ အနယ်ကျနိုင်ခြင်း စာအုပ်စင်..
ခေတ် ပေါ် က ဗျာ ဆို တာ ..
ငါတို့ နှလုံးသားသိုက်ကို ညွှန်းဆိုပြလိုက်တဲ့ ၀ှက်စာကွယ့်...
ဒီနေရာမှာလည်း...
ငါတို့တွေက
အမှားအယွင်းတွေကို လက်ထိုးအံပစ်ရဲရမယ်..။
ကဲ ရောင်နီလာရင်...
ပြဌာန်းချက်မြစ်ကျင်းကို ရေဆန် ဆန်ဆန်လှော်ခတ်ရင်း
ကိုယ့်သက်ပြင်းနဲ့ကိုယ် ရွက်ဖွင့်ထွက်ကြစို့...။
“ဟေး .....!!!!!!!!!”
တစ်လှေလုံး.....
ငါး ခုံး မ တွေ ချည်း ။ ။
အိန္ဒြာ
(ဧပြီလ၊၂၀၀၈ ခုနှစ်( အမှတ် - ၁၇ )ပိတောက်ပွင့်သစ်မဂ္ဂဇင်း)
11 comments:
  1. မကြီး
    အပိုဒ်တိုင်းမှာ တဒိုင်းဒိုင်းနဲ့ အရည်ပျော်ကျလာနေခဲ့ပြီး
    ဒီနေရာကျတော့ ...
    “ငါတို့အတွက်
    အနုပညာဆိုတာ..အဆာခံနိုင်ခြင်း သိဒ္ဓိ
    ငွေကြေးဆိုတာ စိတ်တိမ်းပွေအောင်ပြုစားတတ်တဲ့ စုန်းကဝေပေါ့..
    ကျော်ကြားမှုဆိုတာ တရွရွယားယံစေနိုင်တဲ့ ဗိုင်းရပ်ပိုး....
    ဂုဏ်သိက္ခာဆိုတာ မိုးသံကြားတိုင်း ထပွင့်ပြချင်နေတဲ့ ပန်းပွင့်ပေါ့..
    သေချာပါတယ်...
    ငါ တို့ အ တွက် က
    အဆင့်အတန်းဆိုတာ အနယ်ကျနိုင်ခြင်း စာအုပ်စင်..
    ခေတ် ပေါ် က ဗျာ ဆို တာ ..
    ငါတို့ နှလုံးသားသိုက်ကို ညွှန်းဆိုပြလိုက်တဲ့ ၀ှက်စာကွယ့်...
    ဒီနေရာမှာလည်း...
    ငါတို့တွေက
    အမှားအယွင်းတွေကို လက်ထိုးအံပစ်ရဲရမယ်..။”
    ခေါက်ကနဲ ခွေလဲသွားတယ် ...
    မနည်းကို ပြန်ထလိုက်ရတယ် ...
    Heart ထိသွားတာဗျာ ၊ ကြက်သီးအဖြန်းဖြန်းနဲ့ မိန်းမူးသွားအောင် ဖမ်းစားသွားခဲ့တယ် ....
    လေးစားမှုကတော့ ကမ်းကုန်သွားပြီး သမုဒ္ဒရာကို ရွက်လွှင့်နေပြီ မကြီးရေ ..... ။
    ReplyDelete
  2. ငါတို့အတွက်
    အနုပညာဆိုတာ..အဆာခံနိုင်ခြင်း သိဒ္ဓိ
    ငွေကြေးဆိုတာ စိတ်တိမ်းပွေအောင်ပြုစားတတ်တဲ့ စုန်းကဝေပေါ့..
    ကျော်ကြားမှုဆိုတာ တရွရွယားယံစေနိုင်တဲ့ ဗိုင်းရပ်ပိုး....
    ဂုဏ်သိက္ခာဆိုတာ မိုးသံကြားတိုင်း ထပွင့်ပြချင်နေတဲ့ ပန်းပွင့်ပေါ့..
    သေချာပါတယ်...
    ငါ တို့ အ တွက် က
    အဆင့်အတန်းဆိုတာ အနယ်ကျနိုင်ခြင်း စာအုပ်စင်..
    ခေတ် ပေါ် က ဗျာ ဆို တာ ..
    ငါတို့ နှလုံးသားသိုက်ကို ညွှန်းဆိုပြလိုက်တဲ့ ၀ှက်စာကွယ့်...
    ဒီနေရာမှာလည်း...
    ငါတို့တွေက
    အမှားအယွင်းတွေကို လက်ထိုးအံပစ်ရဲရမယ်..။
    အစစ်အမှန်ဘဲ ....နက်နက်နဲနဲကိုစစ်မှန်တာ
    ကဗျာကောင်းတစ်ပုဒ်ရဲ့အစအလယ်အဆုံးခေါ်ဆောင်မှု
    အောက်ကိုလိုက်သွားခဲ့ပါတယ်ညီမရေ..
    ခင်မင်လျက်...
    ReplyDelete
  3. သဘောတကျ ဖတ်သွားတယ်။
    "ခေတ် ပေါ် က ဗျာ ဆို တာ ..
    ငါတို့ နှလုံးသားသိုက်ကို ညွှန်းဆိုပြလိုက်တဲ့ ၀ှက်စာကွယ့်..." သဘောတူတယ်။
    ReplyDelete
  4. ဘဝဆိုတာ
    စကားလုံးလှလှ လေးတွေနဲ့
    ကဗျာဆန်ဆန် လက်ထပ်
    လက်တွေ့ကျကျ ဒုက္ခထမ်းပိုးရင်း
    ဝတ္ထုဆန်ဆန် ကွာရှင်းပြတ်ဆဲ
    အစ နဲ့ အဆုံး နှစ်ခုကြားမှာ
    ဓါးကိုင်ရဲမှ သူရဲကောင်းတဲ့လား...
    သဘာဝတရားအရ
    မိုးစက်လေးထဲကို ပင်လယ်ကြီးထဲ့လို့မရပေမဲ့
    ကဗျာဆိုတာ စကားလုံးလေးတစ်လုံးထဲနဲ့
    စင်္ကြာဝဠာတစ်ခုလုံး ငုံထားနိုင်တယ်...
    အရင်က ကဗျာဆိုတာ
    နားကိုပြုစားရုံသက်သက်
    နှလုံးသားအထိ ဆွဲကိုင်လှုပ်မဲ့
    တော်လှန်ရေးတစ်ခု အပြုသဘောနဲ့မှလက်မခံရင်
    သမိုင်းဦးဘုံမြေခေတ်မှာ ချန်ထားရစ်ရမှာပဲ
    နှင်းဆီကို နှင်းဆီလိုကြည့်
    ကြာ ကို ကြာ လိုမြင်ရင်
    နှင်းဆီကလည်း ရဲရဲတောက်
    ကြာကလည်း အေးအေးချမ်းချမ်း
    သူ့ လမ်းနဲ့သူ လျောက်
    ရေကန်ထဲမှာတော့ နှင်းဆီ ပေါက်ဖို့ဆိုတာ...
    တစ်လှေလုံး.....
    ငါး ခုံး မ တွေ ချည်း ၊၊ ၊၊
    အကြိုက်ဆုံး သိုက်စာ...ကြိုက်တဲ့အရပ်မျက်နှာက
    ကြည့်လို့ရတဲ့ စကားလုံးလေး...
    စကားလုံးတွေနဲ့ စစ်ကြေညာလိုက်တာ
    နင့်ဘက်မှာ ငါပါမယ်..
    တစ်ချိန်ချိန်မှာ တို့ဝတ်တဲ့အဝတ်တွေ
    ဟောင်းကုန်လို့ ချွတ်ချိန်တန်ရင်
    လက်နှက်ချအရှုံးပေးဖို့
    အခုကတည်းက ငါ့ကိုငါ
    တိုက်ချွတ်ဆေးနေမယ်.....
    ဘာမှရေးချင်စိတ် ဖတ်ချင်စိတ်မရှိပေမဲ့ ငါးခုံးမ ဆိုတဲ့စကားလုံးလေး
    နဲ့ လှလှပပပိတ်ထားတာသဘောကျလို့ ဟိုမရောက်ဒီမရောက် စာလေးနဲ့
    အားပေးလိုက်တယ်....
    ဆရာမအိန္ဒြာအား လေးစားလျက်...
    ReplyDelete
  5. သက်ပြင်းနဲ့ ရင်းတဲ့ ဆာလောင်ခြင်းတွေ
    ရပ်တန့်တာ အဲဒီ့ စာမျက်နှာမှာပေါ့...။
    ရင့်ကျက်ခြင်း အတွက် သီးပွင့်ခဲ့တဲ့ ဖြစ်တည်မှု
    နောက်ဆုံးအခု ငါတို့ပိုင်တာက
    ရင်ထဲက နှလုံးသားလား????
    ကြွေပျက်သွားတဲ့ မျှော်လင့်ချက်တွေလား????
    ဒါမှ မဟုတ် ရင်ဘတ်ကို ဖျော်ချလို့ ပျော်ကျလာတဲ့
    ငါတို့ရဲ့ စိတ်ဓါတ်ဒိန်ခဲတွေလား????
    မေးခွန်းပေါင်းများစွာ ထုတ်ရင်း
    ငါ့ကိုယ်ငါ ပြန်တွေ့တာ ပြောင်းပြန်ပေါ်တဲ့ မှန်ထဲမှာ...။
    ယဉ်ကျေးမှုကို ၀တ်ဆင် ခံစားချက်တွေ ဆင်ယင်ကျင်းပလိုက်
    မျှော်လင့်ချက်ကမ်းပါး တွဲလွဲခိုတဲ့ စကားလုံးနဲ့ မျှားလိုက်
    ရင်ခုန်ခြင်းတွေ ရုပ်ကြွင်းဖြစ်စေတော့
    နှလုံးသွေးနဲ့ ကတဲ့ကဗျာ အရေခွံပေါ်မှာ ရေးခြစ်
    ကိုယ့်ဥမင် ကိုယ်တိုင်ဖောက် ၀ဋ်ဆိုတာရောက်ခဲ့ရင်
    မှော်ဝင်တဲ့ လက်နဲ့ ဆုပ်ကိုင် ရရှိတဲ့ခန္ဓာမဏ္ဍိုင်မှာ
    ပန်းမကိုင်ဘဲလည်း ကျတတ်တယ်...။
    ကဗျာမှာတပ်မက်တဲ့ သူအတွက်
    အဆာခံနိုင်တဲ့ သိဒ္ဓိဓါတ် အောင်တယ်..
    စိတ်တိမ်းပွေအောင် ပြုစားတတ်တဲ့ ငွေကြေး
    တရွရွယားယံစေတဲ့ ကျော်ကြားမှု
    မိုးသံကြောင့် ထပွင့်တဲ့ ဂုဏ်သိက္ခာ
    အဆင့်အတန်းဆိုတဲ့ နယ်မြေမှာ
    နှလုံးသားသိုက်ရဲ့ ၀ှက်စာကို
    ခေတ်ပေါ် ကဗျာနဲ့တူးဖော်
    ရင်နင့်ခြင်း စာအုပ်စင်ပေါ်
    သိမ်းဝှက်ထားတဲ့ မိုက်မဲခြင်းအမှားအယွင်း
    တမ်းတခြင်းနဲ့ လင်းတဲ့ ကောင်းကင်အောက်
    သက္ကရာဇ်အမှားတစ်သိုက်နဲ့
    ရင်ဘတ်မိုက် အန်ခဲ့တာ
    တောက်ပမှုတွေလည်း
    ပက်လက်ဘဲရေးရေး မှောက်ခုံဘဲဖွဲ့ဖွဲ့
    "က" ကြီးနဲ့ "ယ" မှာ အမြင်နှစ်ဘက်ရှိတယ်
    ပြဌာန်းချက်နဲ့ လှော်ခတ်တဲ့ ရေဆန်ပေါ်
    တပ်မက်ခြင်း လှေနဲ့လှော်ချိန် ပြန်ကြည့်မိတော့
    အကုန်လုံးက ငါးခုံးမတွေချည်းပါလား...။
    မကြီး ကဗျာကို စီးမျောရင်း စိတ်ထဲပေါ်လာတာကို မန့်ခဲ့တယ်
    မကြီးရေ..။
    ဇွဲရဲရင့်
    ReplyDelete
  6. အစ်မရေ အားမာန်အပြည့်ပဲဗျာ..
    အရမ်းကောင်းတဲ့ ကဗျာပါ.
    ခေတ် ပေါ် က ဗျာ ဆို တာ ..
    ငါတို့ နှလုံးသားသိုက်ကို ညွှန်းဆိုပြလိုက်တဲ့ ၀ှက်စာကွယ့်...
    ဒီနေရာမှာလည်း...
    ငါတို့တွေက
    အမှားအယွင်းတွေကို လက်ထိုးအံပစ်ရဲရမယ်..။
    ကျွန်တော်တို့လိုကဗျာရူးတွေအတွက်တော့ တစ်ကယ်ကိုထိချက်
    ပြင်းလှတယ် အစ်မရေ.
    ခင်မင်လေားးလျက်
    မိုးကြယ်
    ReplyDelete
  7. “ဟေး .....!!!!!!!!!”
    တစ်လှေလုံး.....
    ငါး ခုံး မ တွေ ချည်း ။ ။
    အမှန်တွေ မပြောရဖူးလေ မကြီးရဲ့(:P)
    ရူးသွပ်နေဆဲ... မကြီးကို တူတဲ့...
    ခင်လေး
    ReplyDelete
  8. နှလုံးသားသိုက်ကိုညွှန်းဆိုလိုက်တဲ့ဝှက်စာ....
    အဲဒီစကားလုံးလေးကို ရင်ထဲမှာ
    ပန္နက်ရိုက်သွားတယ် အစ်မ....
    စ လည် ဆုံး...
    ကောင်းမှကောင်းပဲ အစ်မရေ......
    ReplyDelete
  9. ခံစားသွားတယ်အမရေ.....
    ကောင်းမှကောင်းဘဲ....
    ReplyDelete
  10. ကဗျာလေးကောင်းတယ်----
    သတိတရလာလည်ပါတယ်---
    ၂၀၀၉ နှစ်သစ်နှင့်အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ----
    ReplyDelete
  11. ကဗျာတွေ ထပ်လာဖတ်သွားတယ်။
    ဒီကဗျာလေးကတော့..အတော့်ကို လှတဲ့ ကဗျာလေးပါ..မအိန္ဒြာ။
    ReplyDelete