January 23, 2009
ဘောင်အကျိုးထဲက..ဈေးပြဇာတ်
ရောင်းတယ်...
အဲဒီဈေးတန်းမှာ...။
ဘယ်တော့မှ အသားနုတက်မှာ မဟုတ်ဘဲ
ဖန်ရေဆေးနေရတဲ့
ခူစဉ်လိုက်အနာအိုင်းကြီးတွေ ရောင်းတယ်......
အအိပ်အနေကြီးလွန်းတဲ့ မြွေပွေးတစ်ကောင်ရဲ့လျှာနှစ်ခွနဲ့
ဖန်ပုလင်းထဲက ဆေးစိမ်ကင်းခြေများတွေ ရောင်းတယ်
ချွဲမဟတ်နိုင်တော့တဲ့ ဇီဝဇိုးမခံတွင်းနဲ့
သေခါနီးမျောက်သားအမိရဲ့ မျက်နှာထားတွေရောင်းတယ်
ဝံပုလွေတွေရဲ့ နှာသီးဖျားမှာ တဖျတ်ဖျတ်ပျံချင်တဲ့
လိပ်ပြာစိမ်းတွေရဲ့ ညာဖြောင့်လက်သီးတွေ ရောင်းတယ်
ကျေးလက်ရိုးရာစာကျက်ကွင်းတွေထဲက
ရေသူမတွေရဲ့ အကြေးခွံရောင်စုံတွေရောင်းတယ်
တကယ်တော့
အဲဒီဈေးတန်းကလေးကို
နရီချော်နေတဲ့ အထုပ္ပတ်ပေါင်းများစွာနဲ့
မျက်ဝန်းအစုံစုံရဲ့ ငတ်မွတ်ခြင်းတွေဖျော်ချပြီး
ဇာတ်ထွက်အမီ မွှေးထားခဲ့ရတာ....
အဲဒီဈေးတန်းကလေးမှာ
ကိုယ့်ကိုကိုယ် ရိုက်ခွဲပုလင်းထဲဝင်နေသူတွေနဲ့
ပွဲချင်းပြီးမွဲလိုက်ရတဲ့ မျက်ဝန်းမျက်ဆံတွေ ရောင်းတယ်
စံပယ်ခိုင်တွေရဲ့ ပွင့်ချပ်ပွင့်ဖတ်က
အာပတ်ဖြေသူတို့ရဲ့ ပေါင်းသင်လက်တွေ ရောင်းတယ်
သင်းကွဲမြို့ပြရဲ့နှုတ်ခမ်းကိုနင်းထားတဲ့
မလိမ်မိုးမလိမ္မာ မိုက်ဂိုက်တွေ ရောင်းတယ်
ပိုးစုန်းကျူးရင်ဘတ်ထဲကမီးလင်းဖိုနဲ့
အက်ဒီဆင်ရဲ့ ဦးနှောက်ဆားစိမ် ရောင်းတယ်
မြို့ကြီးခေါင်ခေါင်ရဲ့ခုံတန်းလျားပေါ်က
မုသာဝါဒနဲ့ ကာယကံမြောက် ချစ်ခြင်းမေတ္တာတွေရောင်းတယ်
ရောင်းနေတယ်
လရောင်ရဲ့ရင်ကွဲနာပြဇာတ်မှာ...
မချိုမချဉ်ပြုံးထားတဲ့ ကောင်မလေးရဲ့ သလုံးသားနဲ့
ရာသီဥတုရဲ့သန်းကောင်သန်းလွဲမှာ
အိမ်အပြန်မျှော်နေရှာတဲ့ အမေ့ရဲ့ နှလုံးသားတစ်စုံ ရောင်းတယ်
အဲဒီမှာ...
အိမ်မက်တွေ ဖုန်းဆိုးဖြစ်နေတဲ့အိမ်အသစ်နဲ့
အစာအိမ်ပျောက်သူတို့ရဲ့ မျက်လုံးဟောင်းလောင်းတွေရောင်းတယ်
အလကားနီးနီးပါဘဲ...
ကျားကုတ်ကျားခဲမာန်ဖီတဲ့ ရိုးတွင်းထဲကချဉ်ဆီနဲ့
သူ့ဥပတိနဲ့သူခမ်းနားနေတဲ့
ငါ့ ချွေးနှဲစာ ကဗျာတွေ ရောင်းလိုက်တယ်...........
တကယ်ပါ...
အဲဒီဇာတ်ထုပ်ကလေးကို
တဖျစ်ဖျစ်ကျိုးကျလာတဲ့ ဘောင်အသစ်တွေကိုကြပ်တင်ပြီး
နှလုံးအိမ်ကစိမ့်ကျလာတဲ့ ချော်ရည်ပူတွေနဲ့
ဈေး ကွက် အ မှီ မွှေး ထား ခဲ့ ရ တာ။ ။
အိန္ဒြာ
ဒီကဗျာလေးကို..ဟသာင်္တမြို့သား ကဗျာဆရာမောင်လင်းခက် ကွယ်လွန်ခြင်း(၃)နှစ်ပြည့်
အထိမ်းအမှတ်ပွဲလေးအတွက် အမှတ်တရ ဖန်တီးဖြစ်ခဲ့ကြတဲ့ "မှော်တောထဲကမီးအိမ်" လက်ကမ်းကဗျာစာအုပ်လေးအတွက်ရေးဖြစ်ခဲ့ပါတယ်..
.ကျန်ခဲ့တဲ့ ၁၀နှစ်နီးပါးက ကဗျာလေးတစ်ပုဒ်ပါ.....
ဘယ်မဂ္ဂဇင်းကိုမှမပို့ဖြစ်ခဲ့ပေမယ့် ကိုယ်ပိုင် Blog လေးမှာတော့ အမှတ်တရပေါ့....။
16 comments:
  1. ဟုတ်ကဲ့... ရောင်းသမျှကို ဦးဆုံးဝယ်သွားပါတယ်..
    နောက်လူတွေလဲ ကျန်တာတွေ ၀ယ်သွားကြပါအုံးဗျာ...
    ရေလည်ခင်တဲ့..
    မိုးမောင်
    စာကြွင်း။ ။ ပုလင်းကိစ္စ မေ့မနေနဲ့အုံးနော်း)
    ReplyDelete
  2. တကယ်တော့
    ဒင်းက..ပုလင်းမရမှာစိုးလို့
    ဖားနေတာ....
    သိသာလွန်းတယ်
    ReplyDelete
  3. မကြီးရေ..
    ကဗျာလေးက အရမ်းကောင်း
    ရေးတတ်လိုက်တာနော်..
    အနော်လည်း ဝယ်သွားပါတယ်နော်..
    အဲ့.. ကိုမိုးမောင်ကြီးပြောတဲ့ ပုလင်း ကိစ္စဆိုတာ..!! မကြီးနော်.. ပုလင်းဆို အနော်လည်း စိတ်ဝင်စားတယ်.. :P
    ခင်မင်မှုများစွာနှင့်..
    ReplyDelete
  4. လာဝယ်သွားတယ် အစ်မရေ။
    ReplyDelete
  5. ဒီလောက်အများကြီး ရင်းထားရတာ..
    ပုလင်းကိစ္စစိတ်ဝင်စားတဲ့သူတွေချည်း.. သားသားတို့တော့ပါပေါင်။
    ReplyDelete
  6. ကဗျာထဲက စာလုံးတွေက ပြောင်မြောက်တယ် ..
    တစ်ပုဒ်လုံးရဲ့ အတိမ်အနက်ကို ကြိုက်တယ် ..
    ထိမိတဲ့ စကားလုံးတွေမို့ ကဗျာထဲ ပျော်ဝင်သွားတယ်
    ကဗျာလေး အလွန်ပင် နှစ်သက်မိပါတယ် .. အစ်မ
    ReplyDelete
  7. နိမိတ်ပုံတွေ အားကောင်းပြီး လှလိုက်တဲ့ ကဗျာလေး။
    အမေ့နှလုံးသားအစုံကိုတော့ တမြတ်တနိုးသိမ်းထုပ်ပြီး နှစ်သိမ့်ခဲ့ပါတယ်။
    ReplyDelete
  8. တကယ်တော့
    အဲဒီဈေးတန်းလေးကို
    နရီချော်နေတဲ့အထုပ္ပတ်ပေါင်းများစွာနဲ့
    မျက်ဝန်းအစုံစုံရဲ့ငတ်မွတ်ခြင်းတွေဖျော်ချပြီး
    ဇာတ်ထွက်အမှီ မွှေးထားခဲ့ရတာ .......
    အစ်မစိတ်အဆာမကြေလို့ရောင်းတဲ့ဈေးတန်းက
    တလောကလုံးရဲ့မနေတတ်မထိုင်တတ်တာတွေ
    ကုန်ရောပဲ :P
    မဝယ်ပဲအားလုံးလိုလိုရလိုက်တယ် :P
    ReplyDelete
  9. all your pieces are great! keep it up girl!
    ReplyDelete
  10. တကယ်တော့
    အဲဒီဈေးတန်းကလေးကို
    နရီချော်နေတဲ့ အထုပ္ပတ်ပေါင်းများစွာနဲ့
    မျက်ဝန်းအစုံစုံရဲ့ ငတ်မွတ်ခြင်းတွေဖျော်ချပြီး
    ဇာတ်ထွက်အမီ မွှေးထားခဲ့ရတာ....
    ကဗျာတစ်ပုဒ်လုံးအရမ်းကောင်းတယ်ညီမလေး
    ရင်ဘတ်ကြီးနဲ့ကိုအပြည့်အဝခံစားလို့ရတယ်.အဓိပ္ပာယ်
    သိပ်ရှိတယ်.စကားလုံးတွေသုံးထားတာသိပ်ကိုအားရှိတယ်..
    အပေါ်ကတစ်ပိုဒ်ထဲနဲ့ကိုကဗျာတစ်ပုဒ်လုံးကိုမြင်လိုက်
    ရတာ...ကြိုက်တယ်ညီမရေ..
    ခင်မင်လျက်
    ReplyDelete
  11. ညီမလေး အသက် ၂၀ ကျော်ကရေးထားတဲ့ကဗျာ..
    အရမ်းရင့်ကျက်နေတဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့
    အတွေးမျိုးပဲ...ဘာဝယ်ရင်ကောင်းမလဲ...
    What flower has fallen from heaven.
    What flame has risen from hell.
    Could not me find power to speak.
    ကောင်းကင်က ကြွေကျလာတာ
    ဘာပန်းလေးတွေလဲ...
    ငရဲပြည်က လျှံတက်လာတာ
    ဘယ်လို မီးတောက်တွေလဲ...
    ငါ....ပြန်ပြောနိုင်လောက်တဲ့ ခွန်အား ရှာမတွေ့ဘူး..
    .......
    အကုန်ဝယ်ပြီး.ဈေးတင်ရောင်းရင်ကောင်းမလား...၊၊
    ReplyDelete
  12. တဖျစ်ဖျစ် ပျော်ကျလာတဲ့
    ဘောင်အကျိုးနဲ့ ဈေးပြဇာတ်
    လှည့်ကွက်ဆန်တဲ့ အိပ်မက်တွေကို
    တပ်တပ်မက်မက် မျိုချသောက်သုံးနေခဲ့..။
    တစ်ပုဒ်လုံး ရိုးတွင်းချဉ်ဆီထိ
    အနက်ရှိုင်းဆုံး ပျော်ဝင်စီးဆင်းလိုက်တာ
    ဇာတ်ထွက်အမှီ မွှေးခဲ့တဲ့
    မုန်ယိုတဲ့ ညဉ့်နက်ရဲ့ဝါးမြိုမှုအောက်တိုးဝင်ရင်း
    အဲဒီ့ ဈေးတန်းထဲမှာလေ
    အရာရာကို လိုက်ဝယ်နေမိတယ်..။
    နှစ်ဆယ့်ငါးနှစ်က ရေးခဲ့တယ်လို့ မထင်ရလောက်အောင်ကို
    ရင့်ကျက်ပြောင်မြောက်နေခဲ့တယ် မကြီးရေ ။
    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    ReplyDelete
  13. စကားလုံးတွေ အရမ်းကို ပြောင်မြောက်တယ်။
    ဖတ်သွားပါတယ်.. မအိန္ဒြာ
    ReplyDelete
  14. အိန္ဒြာရေ----
    "ဘောင်အကျိုးထဲက..ဈေးပြဇာတ်"
    ကို--လာဖတ်တယ်--လာတွေးတယ်---
    ရင်ထဲ ထည့်ယူခဲ့တယ်---
    ကျမနှစ်သက်သော-----
    ယနေ့ခေတ်ပြိုင် မော်ဒန် ကဗျာဆရာတွေထဲမှာ--
    ကဗျာဆရာမလေး-အိန္ဒြာ--ကို ထည့်ထားပါပြီ-
    အစစအရာရာ အဆင်ပြေပါစေ--
    ReplyDelete
  15. ကဗျာလေးကို..ကြိုက်ကြပါတယ်ဆိုမိတ်ဆွေတွေကိုရော
    ဘာကြီးမှန်းမသိဘူးဆိုတဲ့ မိတ်ဆွေတွေကိုရော
    အချိန်တွေပေး...တကူးတက လာရောက်ကြခြင်းအတွက်
    ကျေးဇူးအထုးပါ...
    အားလုံး..ပျော်ရွှင်ချမ်းသာကြပါစေ..။
    ReplyDelete
  16. လာဖတ်ပါတယ်... နောက်ဆုံးကရေ ရင် အမြဲ ၁ ရမယ့် သူ ကျွန်မပါ။ ဒါပေမယ့် လာဖတ်တယ်။ ^-^
    ReplyDelete