February 3, 2009

အခု.. ငါတို့ လည်နေတဲ့..တောနက်

ပျင်းလို့ အသတ်ခံကြတယ်မရှိဘူး
အပျင်းပြေ သတ်ကြတယ်ပဲရှိတယ်..။

ငါလည်နေတဲ့ တောလဲနက်သထက်နက်လို့လာ..
ရူရှိုက်နေရတဲ့ လေကအစ..
မျက်စိထဲ မြင်ရာ .. တွေ့ရာ...
ကြယ်တွေ လတွေအဆုံး..
တစိမ်းတရံစာနံ့တွေ ရ နေတယ်..။

သတိအနေအထား...
ငါ ကျောကပ်ထားမိတဲ့ ပင်စည်ဟာ..
ဘယ်လိုသစ်ပင်အစားလဲ..
ဆူးကိုဆူးနဲ့ ထွင်သလို
အဆိပ်ကို အဆိပ်နဲ့ဖြေသလို..
စိတ်ကို စိတ်နဲ့ ပစ်ချဖို့..
ချွတ်နင်းဝင်လာမယ့် တစ်စုံတစ်ရာကို
အသက်အောင့်စောင့်နေရမဲ့အစား...
မုဆိုးကို တောပြန်လိုက်မယ့်...အတွေးနဲ့
အစွမ်းကုန်ရှင်သန်ထားရမယ်..။

ငါလည်နေတဲ့တောကနက်သထက်နက်လို့လာ..
နောက်ပြန်ဆုတ်ဖို့မရနိုင်တော့တဲ့
ခရီးရောက်ခြင်းလို့ပြောမလား
ငါ့ရေကြည်ရာမြက်နုရာလေးက
မအေးချမ်းဘူး..စိမ်းမြတယ်.။

ငါဟာ..ဘယ်သီချင်းကိုမှ အပျင်းပြေမသီဆိုခဲ့ပါဘူး
ငါ့ဦးချိုဆိုတာမျိုးနဲ့ မပလွှားမိဘူး.
ငါ့ခြေထောက်တွေငါလဲ.ကဲ့ရဲ့မနေပါဘူး..
ငါတစ်ထောက်နားတဲ့ ရေအိုင်မှာ..
ငါသဏ္ဍန်ကိုငါတော့ သေချာဆန်းစစ်ခဲ့..။

ငါလည်နေတဲ့ တောကနက်သထက်နက်လို့လာ..
မုဆိုးတောင်သားကောင်ဖြစ်နိုင်တဲ့ ခြေခင်းလက်ခင်းမှာ..
ငါတို့..နေရာထိုင်ခင်းတွေလဲကျုံ့ကျုံ့ပေးနေရ..
ပန်းရိုင်းပွင့်လေးရဲ့ ရနံ့သာသာလေးကအစ
သစ်ခြောက်ပင်ရဲ့ နောက်ဆုံးရွက်ကြွေအဆုံး...
အားလုံးကို သံသယစိတ်နဲ့ စောင့်ကြည့်နေလိုက်တယ်.။

ဘ၀ဆိုတာ...
သူများရဲ့ စိတ်ပြေလက်ပျောက် ကစားကွက်ထဲမှာ
လွယ်လွယ်ကူကူ သွေးမြေကျပေးဖို့ မဟုတ်ဘူး..
အရိပ်ကိုရန်သူထင်နေတဲ့
ငါ့ကိုယ်ငါ ကာကွယ်လိုခြင်းတရားဟာ
လက်ရှိ အရာရာအတွက် မှန်ကန်တယ်..။

ငါလား....
ဒုက္ခနဲ့ကျစ်ခဲနေတဲ့ ၃၁ဘုံသားပဲပေါ့..
သူလိုကိုယ်လို ဒဏ်ရာ.ဒဏ်ချက်ရ
ခေတ် လူငယ်မတစ်ယောက်ပေါ့..

ငါလည်နေတဲ့ တောလဲနက်သထက်နက်လို့လာ..
သေချင်တဲ့ကျားတောပြောင်းဆိုတာမျိုးက
ရိုးလွန်းဟောင်းလွန်းပါတယ် ကွာ...
တစ်ရွာပြောင်းရင်ပဲသူကောင်းဖြစ်နိုးနိုးစိတ်တွေသာ...
သိပ် သနားစရာကောင်းတာပါ....

အရင်းအနှီးတွေသိပ်များလွန်းနေပြီ....
ပွဲက
နေရာချထားခြင်း မပြီးတတ်ခင်အနေအထားပဲ...

ကဲ...

ငါတို့.
မီး သေ မ သေ စောင့်ကြည့်နေစဉ်စပ်ကြား
နာ ဖျား မ သွား ကြ ဖို့ .....ကိစ္စ.....အတွက်.....


အိန္ဒြာ (၂၉.၁.၂၀၀၉)

19 comments:

  1. ကဗျာထဲက အနှစ်သာရတွေရရှိခံစားသွားပါတယ်။
    အစ်မရေ တောကတော့နက်သထက်နက်လာတာအမှန်ပဲဗျာ..

    ခင်မင်လေးစားလျက်
    မိုးကြယ်

    ReplyDelete
  2. ဒုက္ခနဲ့ကျစ်ခဲနေတဲ့ ၃၁ဘုံသားပဲပေါ့..
    သူလိုကိုယ်လို ဒဏ်ရာ.ဒဏ်ချက်ရ
    ခေတ် လူငယ်မတစ်ယောက်ပေါ့..ရာ

    ဒဏ်ချက်တွေပျောက်ကင်းနိုင်ပါစေညီမရေ

    ကဗျာတစ်ပုဒ်လုံးကို အရမ်းကြိုက်တယ်ညီမရေ
    တောနက်ထဲကနေပဲ အလင်းရောင်လေး တစ်မျှင်တစ်တန်းဖြစ်ဖြစ် ရှာဇွေရမှာပေါ့....

    ခင်မင်လဆက်

    ReplyDelete
  3. အမရေ.... သေချင်တဲ့ကျားတောပြောင်းဆိုတာမျိုးက
    ရိုးလွန်းဟောင်းလွန်းပါတယ် ကွာ...
    တစ်ရွာပြောင်းရင်ပဲသူကောင်းဖြစ်နိုးနိုးစိတ်တွေသာ...
    သိပ် သနားစရာကောင်းတာပါ....
    ကျနော့ အတွက်တကယ်မှန်နေတယ်အမ...
    ငါတို့.
    မီး သေ မ သေ စောင့်ကြည့်နေစဉ်စပ်ကြား
    နာ ဖျား မ သွား ကြ ဖို့ .....ကိစ္စ.....အတွက်.....
    ကောက်ရိုးမီးလို လူတွေကြားမှာ ... ခဏခဏ နာဖျားနေတာပါအမ...
    ....ဒီကဗျာအတွက်
    အမကိုကျေးဇူးတင်ပါတယ်...
    ပြောရမယ့် စကားမဟုတ်ပေမဲ့ ပြောလိုက်ပါတယ်အမရာ....

    ဖိုးမောင်

    ReplyDelete
  4. ဟာ... မကြီးရေ....

    ကောင်းလိုက်တဲ့ ကဗျာ..
    ကြက်သီးတောင်ထတယ် ဖတ်ရင်းပေါ့...။
    ဒီနေရာလေး အရမ်းကြိုက်မိတယ်..

    ((ဆူးကိုဆူးနဲ့ ထွင်သလို
    အဆိပ်ကို အဆိပ်နဲ့ဖြေသလို..
    စိတ်ကို စိတ်နဲ့ ပစ်ချဖို့..
    ချွတ်နင်းဝင်လာမယ့် တစ်စုံတစ်ရာကို
    အသက်အောင့်စောင့်နေရမဲ့အစား...
    မုဆိုးကို တောပြန်လိုက်မယ့်...အတွေးနဲ့
    အစွမ်းကုန်ရှင်သန်ထားရမယ်..။))

    ကဲ... မကြီးရေ
    ကျွန်မတို့....
    မီး သေ မ သေ စောင့်ကြည့်နေစဉ်စပ်ကြား
    နာ ဖျား မ သွား ကြ ဖို့ .....
    ကိစ္စ..... အတွက်.....

    ချစ်တဲ့..
    ခင်လေး..

    ReplyDelete
  5. လာဖတ်သွားပါတယ်..။

    ReplyDelete
  6. အရမ်းကောင်းတယ် အမရေ

    ReplyDelete
  7. အစ်မကြီးကတော့
    ပြောချင်တာ ရင်ထဲရှိတာကို
    တည့်တည့်ကြမ်းကြမ်းလေး ပဲရေးတယ်..
    ဆိုတော့ ခပ်ကြမ်းကြမ်းလေး ဖတ်သွားတယ်..
    ခပ်ကြမ်းကြမ်းပဲ ပြောမယ်..
    မိုက်တယ်ဗျ

    ReplyDelete
  8. ဟူး.. ကောင်းလိုက်တာ...
    လေးစားပါတယ်အန်တီအိန္ဒြား)

    ReplyDelete
  9. ဆူးကို ဆူးနဲ့ ထွင်
    အဆိပ်ကို အဆိပ်နဲ့ ဖြေ
    စိတ်ကို စိတ်နဲ့ ပစ်ချလိုက်
    မုဆိုးဆိုတာလည်း သားကောင်ဖြစ်တတ်တယ်...

    ဒူးထောင်ပေါင်ကား မုသာဝါဒတွေကြားထဲမှာ
    တစိမ်းတရံစာ နံ့တွေနဲ့ဘဲ ယဉ်ပါးလာကြတာ
    အောက်စီဂျင်တောင်မှ ရူဘို့ခက်လာတယ်...

    နောက်ပြန်ဆုတ်လို့ မရတဲ့ခရီးမှာ
    ဦးချိုကြောင့်လဲ မပလွှားခဲ့
    ခြေထောက်ကိုလည်း အပြစ်မတင်ခဲ့
    ငါ့ကိုယ်ငါ ဆန်းစစ်တော့
    အရာရာထဲမှာဘဲ ငါဟာ ငါဖြစ်နေဆဲ...

    ၃၁ဘုံသားပါဘဲ
    မာန်မာနကိုလည်း အံခဲထားရဲ့
    အတ္တဆိုတာလည်း ဆုပ်ကိုင်ထားဆဲ
    ပွဲမပြီးလို့ မီးမသေခင် အထိတော့
    ငါလည်း ဒီတောနက်ထဲမှာဘဲ.....
    လှည့်..ပတ်..ကျင်...လည်...လို့...။

    ငါ့စိတ်တွေ မနာဖျားစေဘို့
    ကဗျာဆေးတစ်ခွက်တော့
    နှစ်နှစ်ခြိုက်ခြိုက်သောက်ပစ်လိုက်တယ်
    ဒီ...တော....နက်...ထဲ..။


    မကြီးရေ မကြီးကဗျာလေးကို ဖတ်ပြီးစိတ်ထဲရှိရာမန့်သွားတယ်။
    ကဗျာက ကောင်းလွန်းတော့ မှီအောင် လိုက်မမန့်နိုင်ဘူးဖြစ်သွားတယ်။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  10. လန့်လောက်အောင် ကောင်းတဲ့လက်..
    မုဒိတာပွားသွားတယ် ညီမရေ..

    ReplyDelete
  11. "ကျေးဇူးတရား" ဆိုတဲ့ ကိုယ်ကယူလိုက်လို့ တင်သွားတဲ့အကြွေး၊
    "ကတိစကား" ဆိုတဲ့ ကိုယ်ကပေးလိုက်မိလို့ တင်သွားတဲ့အကြွေး၊
    ယူလဲ မယူ၊ ပေးလဲမပေး ခဲ့ပါရက်နဲ့......တင်နေကြတဲ့အကြွေး၊
    တစ်လျောက်လုံး သတ်ပုံမှားလာခဲ့တာ
    ဖျက်ဆေး တွေအထပ်ထပ်..ဒီတစ်ခါ
    ကန့်လန့် ခြစ်ချလိုက်ရမဲ့ အဖြေစာရွက်၊
    နောက်ပြန်လှည့်ခွင့်မရတဲ့ မြားတစ်စင်းလို
    ရမ်းခါကျန်ရစ်မဲ့ လေးအတွက်
    "အနုပညာ"မရှိတဲ့ကမ်းမှာ အနည်ထိုင်ခွင့်ရဖို့
    ကံကြမ္မာကို ကြွေအံကစားခဲ့
    တောတွေ နက်သထက်နက်လာ...တောတွေ နက်သထက်နက်လာ...
    တောတွေက ခြောက်ဖို့ထက်
    သူ့ကိုသူ ပြန်ကြောက်နေရတာ
    ငါတို့ အကြွေးတွေ..ရင်းစားကြေမဲ့ တစ်နေ့တော့....၊၊

    အားရပါးရ ဝင်ခံစားသွားကြောင်း.....၊၊

    ReplyDelete
  12. အစ်မ.. တောထဲမှာ တွန့်ဆုတ်ဆုတ်ဖြစ်နေတယ်..။ ဖတ်ကြည့်တော့... စိတ်ထဲမှာ အစ်မ လက်ကျသွားသလိုပဲ..။ ကျနော် စိတ်ကျသွားတာပဲ ဖြစ်မှာပါဗျာ..။ ဒီထက် ကောင်းတဲ့ ကဗျာတွေ ဖတ်ရမယ် ထင်နေတာ..။ အစ်မ..ဆောရီးနော်..။ ကျနော် လောဘကြီးသွားတယ်.. ဟဲ..ဟဲ..။

    ReplyDelete
  13. အစ်မကဗျာကို
    ကိုလေးဖြူရဲ့ အမဲလိုက်အက သီချင်း
    နားထောင်ရင်းဖတ်လိုက်တယ် ...
    တကယ်ကောင်းတဲ့ကဗျာ အစ်မရေ .....

    ကျွန်တော်တို့နာဖျားမသွားစေဖို့အတွက် ......

    ReplyDelete
  14. ညီဇေ...

    အရောက်ပို့နေတယ်နော်...ဟင်းဟင်း

    ReplyDelete
  15. ဒီတောက ခက်တယ် နက်တယ်လေ... တခါက ရေးဖူးတဲ့ ကဗျာတစ်ပုဒ်ကို သတိရသွားတယ်။ ဒါပေမယ့် ဒီကဗျာလို သိပ်သိပ်သည်းသည်း မဟုတ်ဘူး။ ပျော့ပျော့ပါးပါးလေးပါ။

    http://pandora-and-pandora.blogspot.com/2007/11/blog-post_10.html

    အစ်မကဗျာတွေကို ဖတ်လိုက်ရင် ပူနွေးသန်မာနေတဲ့ မှတ်ချက်တွေကိုပါ ခံစားခွင့်ရတယ်။
    ဒါကြောင့် နောက်တခေါက်လာဖတ်ရင်း အခုမှ ခြေရာချသွားပါတယ်။။

    ReplyDelete
  16. ကဗျာတစ်ပုဒ်လုံးကတော့ ပြောစရာမရှိဘူး..။ ဒီတစ်ခုအတွက်တော့ နဲနဲပြောချင်တယ်...။

    ပျင်းလို့ အသတ်ခံကြတယ်မရှိဘူး
    အပျင်းပြေ သတ်ကြတယ်ပဲရှိတယ်..။

    ကျွန်တော်လဲ အပျင်းပြေချင်နေတယ်...။

    ReplyDelete
  17. အရောက်ပို့တာ မဟုတ်ပါဘူး အစ်မရယ်..။ တစ်ကယ့်ကို အစ်မဆီက ပြိုးပြိုးပြက်ပြက် ကဗျာတွေ ဖတ်ရမယ်လို့ ယုံကြည်နေတာ...။ နောက်ပြီး အခုနှစ်ပိုင်း ဘာသာပြန်ဖြစ်နေတာက ကိုရီးယား ကဗျာဆရာမတွေ များတယ်။ အဲဒီအထဲကမှ ကိုရီးယားကဗျာဆရာမ ဂင်၊မ်၊မြောင်မီ ရဲ့ကဗျာတွေ..။ ကိုမင်းထက်မောင်က အင်္ဂလိပ်ဘာသာပြန် ရှိရင်ပို့ပေးဖို့ လှမ်းမှာတာကို ရှာရင်းကနေ အင်္ဂလိပ်ဘာသာပြန် မရှိတာနဲ့ ကိုယ်တိုင်ဘာသာပြန်နေတာ..။ အဲဒီ ကဗျာဆရာမက အဲဒီ ကဗျာစာအုပ်တစ်အုပ်တည်းနဲ့ အမေရိကားအထိ နံမည်ကြီးသွားတယ်..။ အဲဒီစာအုပ်ထုတ်ပြီး စာပေလောက ကလည်း ပျောက်ချင်းမလှ ပျောက်သွားတယ်..။ အရေးအသားကလည်း ကြက်သီးတောင် ထ ရတယ်..။ သူ့ မူရင်းကို မီအောင် မနည်း ဘာသာပြန်ရမယ် ထင်ပါရဲ့..။ ပြောချင်တာက အမျိုးသမီး ကဗျာဆရာတွေရဲ့ အနုပညာတွေကို အာရုံစိုက်ဖြစ်လာတယ်။ ဣိထ္တိယကဗျာလို့ ပြောရမလားပဲ..။ ကိုမြင့်မိုးအောင်တောင် အမျိုးသမီးတွေရဲ့ ခံစားမှုထောင့်ကနေ ကဗျာစာအုပ်တစ်အုပ် ရေးခဲ့ဖူးတယ်ဗျ..။ ပရိဘောဂများတို့..၊ မေမေတွက်တဲ့ ဂဏာန်းသင်္ချာတို့က အဲဒီ စာအုပ်ထဲကပေါ့..။ နောက်ပြီးတော့ ကိုမြင့်မိုးရဲ့ အမဲလိုက်အက ကဗျာအက်ဆေးကို အထက်တန်းကျောင်းသားဘ၀လောက် ကတည်းက ဖတ်ပြီး ကြိုက်လာခဲ့တာလေ..။ နောက်ပိုင်း ကိုဇော်လတ်က သီချင်းလေးဖန်တီးပြီး ကိုလေးဖြူက လူငယ်တွေ ရင်ဘတ်ထဲအရောက် ကိုက်ချီပျံသန်းသွားလိုက်တော့..။ ဘယ်လိုပြောရမလဲ..။ ဒီလို အခင်းအကျင်းမှာ အစ်မ ကဗျာကို ဖတ်ရတော့ ပေါ့နေတာပေါ့.။
    ဒါတင် မဟုတ်ပါရိုးလားဗျာ..။ လွန်ခဲ့တဲ့ နှစ်တွေက လ္ဘက်ရည်ဆိုင်မှာ ထိုင်ရင်း ကြားခဲ့တာပေါ့..။ ဟုတ်မဟုတ်တော့ အသေအချာ မသိခဲ့ပါဘူး..။ ဦးခင်ညွှန့်ကြီး အာဏာစက်ပြင်းစဉ်တုန်းကပေါ့..။ ဗွီအိုင်ပီလာမယ်ဆိုပြီး လမ်းတွေ ပိတ်ထားတယ်တဲ့လေ..။ ရန်ကုန်မြို့က လူစည်ကားတဲ့ ပွိုင့်တစ်နေရာမှာ..။ ဘယ်ပြောကောင်းမလဲ..။ ဆရာဇေယျာလင်းက “ငါ ကဗျာဆရာကွ”ဆိုပြီး တားထားတဲ့သူတွေ ရှေ့က ရင်ကော့ပြီး ဖြတ်ကူးသွားသတဲ့လေ..။ ကြားရတာ ကြက်သီးတောင် ထ မိပါရဲ့ဗျာ..။ ဟုတ်မဟုတ်တော့ အသာထားလိုက်တော့..။ သူ့အနုပညာအပေါ်မှာ သူ ဘယ်လောက်ယုံကြည်လဲ..။ အစ်မရယ်..။ အစ်မကို အားပေးနေကြတဲ့ အနုပညာပရိတ်သတ်တွေ အများကြီးပါ..။ သူတို့တွေရဲ့ အသံတွေ ကွန်းမန့်ထဲမှာ အစ်မကြားနိုင်တာပဲ..။ ဒီ တောနက်ကြီးထဲမှာ အစ်မရဲ့ အနုပညာနဲ့ အစ်မ ရဲရဲဝံ့ဝံ့ မလျှောက်ရဲဘူးလား..။ ပြီးတော့ ကဗျာမှာ ပြောရမယ် ဆိုရင်လည်း... ငါလည်နေတဲ့ တောလဲနက်သထက်နက်လို့လာ..ဆိုတဲ့ စကားစုနဲ့ ကဗျာကို တိုင်သွားတာ..။ တိုင်ထားတဲ့ပုံက မလှဘူးဗျာ..။ ဒီကြားထဲ အာ ကာရန်ကြီးက ဟိုနေရာ၊ ဒီနေရာ ပါပြီး၊ ကဗျာမှာ ထောင့် နေတယ်..။ အသံထွက် ရွတ်ကြည့်တာလေ..။ အာ ကာရန်နဲ့ ဆုံးနေတော့ ကဗျာက ဟစ်ဟော့သံ ပေါက်နေသလိုကြီးဖြစ်နေတယ်ဗျာ..။ ကဗျာတစ်ပုဒ်လုံးကို ခြုံကြည့်လိုက်တော့လည်း ကြည်ဇော်အေးရဲ့ ဟန်တွေ အလွှမ်းခံနေရသလိုကြီးပဲ..။ ကျွန်တော်လည်း လွန်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းက ရေးလိုက်ရင် ကြည်ဇော်အေး ဟန်တွေ ပါပါနေလို့..။ အစကတော့ မသိဘူး..။ ပြန်သတိထားကြည့်ရတယ်..။ နောက်ပြီး ကြည်ဇော်အေးရဲ့ ဟန်မှာ အသံက ချိုချိုအေးအေးလေးဗျ..။ ဒီကြားထဲ အစ်မရဲ့ ငါလည်နေတဲ့ တောလဲနက်သထက်နက်လို့လာ... ဆိုတာကြီးက ဖြတ်ဝင်လာတော့ စောင်းသံထဲ ရော့ခ်ဆန်ဆန် ဂစ်တာအဖက်သံကြီး ဗြဲ ဗြဲ ဗြဲ ဗြဲ နဲ့ ဖြတ်ဖြတ်ဝင်လာသလိုပဲဗျာ..။ ဒါကြောင့် မသိစိတ်ထဲ အမဲလိုက်အက သီချင်းက ဂစ်တာသံရောက်လာသလိုလို မလာသလိုလို ဘယ်လိုကြီးလဲ မသိဘူးဗျာ..။ ပြီးတော့ ကျွန်တော့်အထင် ဘလော့ဂ်မှာ ပို့စ်တင်လိုက်ရင် အားပေးကြတဲ့အတွက် နောက်ထပ်ပို့စ်တွေမှာ တာဝန်ကြီးလာတယ်လို့ ခံစားရသလို၊ မကြိုက်ဘူးလို့ ပြောလာပြန်ရင်လည်း ပြန်သုံးသပ်ခွင့်ရလို့ ခံစားရတယ်လေ.။ ဘလော့ဂ်က ပရိသတ်ရဲ့ အသံကို တိုက်ရိုက်ကြားနိုင်တယ်..။ ကိုယ့်အသံကို သူတို့ တိုက်ရိုက်ကြားနိုင်တယ်..။ အခု အစ်မရဲ့ပို့စ်တွေတိုင်းမှာ ကဗျာချစ်သူတွေက အားပေးလိုက်ကြတာ သောက်သောက်လဲပဲ..။ အစ်မ ဘယ်လောက်တာဝန်ကြီးလဲနော်..။ ကျနော်ကတော့ အစ်မကို အားပေးလျှက်ပါဗျာ...။ အစ်မရဲ့ အိမ်ငါးကဗျာလေး ပါတုန်းကဆို ဆရာရှိတ်က ပြောလိုက်တာလေ..။ အိန္ဒြာ..အိန္ဒြာ..နဲ့..။ ပြောလွန်းအားကြီးလို့ ကြာတော့ ဆရာရှိတ်မြင်ရင် ပတ်ပြေးနေရတယ်ဗျာ..။ အစ်မနဲ့ ဒီဘလော့ဂ်ပေါ်မှာ မသိခင်ကတည်းက အစ်မအကြောင်း ကြုံခဲ့ရတာလေ..။ ကိုမြတ်ခိုင်ဦးတို့ကလည်း အိန္ဒြာကို ဘယ်လောက်များ ညွှန်းလိုက်ကြသလဲ မသိပါဘူး..။ အဲဒီတော့ အစ်မရယ်..။ အစ်မကဗျာတွေကို ညီဇေ မျှော်လင့်တကြီး ဖတ်တော့တာပေါ့ဗျ..။ ဟိုနေ့ ဖတ်ပြီးကတည်းက ပြောချင်နေတာ..။ တစ်ခြား ကွန်းမန့်ပေးထားတဲ့ ကဗျာချစ်သူတွေကို အားနာတာနဲ့ ပါးပါးလေးပဲ ပုတ်လိုက်တာ..။ အစ်မက လာပြောတော့ ငိုချင်လျှက်၊ လက်တို့ဖြစ်သွားတာပေါ့..။ ဟီ..ဟိ..။ ကျွန်တော်က အစ်မကို ကမ္ဘာကျော် ကဗျာဆရာမကြီး အိန္ဒြာ ဖြစ်မယ် ထင်ထားတာဗျ..။ မှတ်ပြီလား..။ ကွန်းမန့်ထဲ လာရေးရတာ အားနာပါတယ်ဗျာ..။ နောက်ဆို မေးလ်ပို့မှ ဖြစ်မယ်ထင်တယ်ဗျို..။ ညီဇေ ဆိုတဲ့ကောင် လေရှည်လွန်းလို့... ... ... နံမည်ပြောင်းရမလား မသိတော့ပါဘူး..။ ညီဇေ မဟုတ်ဘူး..။ လေရှည် လို့... ... ... ဟား..ဟား... ...

    ReplyDelete
  18. ညီဇေရေ..

    နင်ဘယ်သူလဲ..ငါအရမ်းသိချင်နေပြီ...
    ကျေးဇူးတင်လိုက်တာ...ဟာ..
    ဒီလောက်သေသေချာချာဖတ်ပြီးကျကျနနဝေဖန်ပေးတာ.
    နင်ပထမဆုံးပဲဟ...။
    သိတယ်...
    ဒီကဗျာကို...လွှတ်လိုက်ကတည်းက
    ကိုယ့်ဟာကိုယ်..စိတ်တိုင်းမကျပေမယ့်..
    လက်ကျနေတာလား..စိတ်ကျနေတာလားမသိပဲ..
    ပစ္စက္ခ ဖြစ်နေခံစားနေရတာ..ပေါ်မှာ..
    အငေါ်တူးချင်စိတ်နဲ့ ဖြစ်လာတဲ့ကဗျာတွေ..
    အနုပညာအားနည်းနေတယ်..။
    ဟားဟား...အခု..နင်ရေးတာကို ငါ့ ပိုစ့်တင်လိုက်ရင်ကောင်းမလားတောင်စဉ်းစားနေတာ..။
    ငါ့ခမျာက မဂ္ဂဇင်းမပါသေးတာတွေဆို အရေးအသားအနေအထိုင်ဆင်ခြင်ပြီး..
    ဝေ့ဝေ့၀ဲဝဲတွေဖြစ်နေတာလဲဝန်ခံပါတယ်..။
    သေချာပြန်စဉ်းစားတော့ နင်လောဘကြီးနေတာ..ဟ..။
    အိန္ဒြာကို..ဘယ်လောက်ကြီးတောင်မျှော်လင့်ထားသလဲ...ဟာ.
    ဆစ်ဗီယာပသာ့သ် လိုလား..။
    ငါ..အဲလောက်အထိ ရူးသွပ်နိုင်မယ်မထင်ဘူး..။
    နောက် ကိုယ့်ဟာကိုယ် ဘယ်သူ့လေတွေပါတယ်တော့တစ်ခါမှဆန်းစစ်မကြည့်မိဘူးဟ..
    ကောက်ရေးချလိုက်တာပဲ..
    နင်တို့အဲလိုတွေရေးကြလေ..
    ငါ့ပုခုံးပေါ်မှာနင့်လာလေပဲ...
    အိုကေ...
    အခု အမေအိ ကဗျာတင်မယ်..။ အမေအိနှင်းဆီတင်ရထားလုံးချင်းထွက်တယ်..။
    နောက် အချစ်ကဗျာနှစ်ပုဒ်လောက်တင်မယ်..
    နောက်..လာမယ်..ငါ့ကဗျာတွေ..
    နင်..ဘာသာပြန်ပေး..ပေါ့ ဟုတ်လား..။

    အော်..ပြောရဦးမယ်....
    ဒီမှာထွက်တဲ့ သဇင်မှာ မျိုးမွန်ကဗျာပါလာတယ်..။ ကဗျာအရှည်ကြီး(အသစ်စက်စက်ရှင်တမ်းစာ)လေ..။ငါတော့ မဂ္ဂဇင်းကိုဝယ်ထားလိုက်တယ်..။
    ဒီလကျ. ငါ့ ၀တ္ထုပါလာတယ် (ဒေါင်လိုက်ဖြတ်သွားတဲ့လေ..)
    ပိတောက်ပွင့်သစ်မှာပါပြီးသား..။
    ငါ လန့်သွားရော.။
    ဖုန်းဆက်ကြည့်လိုက်တော့...
    စာမူက မြန်မာပြည်ကလှမ်းပို့တာ..တဲ့ ၊ စာမူခကပေးလိုက်ပြီးသားတဲ့ ....ဟေးဟေး...

    ရွာကိုလွမ်းတဲ့အနာရယ်..
    နေသိပ်မကောင်းတာရယ်...
    နောက် အရာရာတွေရယ်ပေါ့ဟာ.....
    သူလိုငါလိုဒဏ်ရာဒဏ်ချက်တွေနဲ့...
    ကိုယ့်ကိုကိုယ်..တော်တော်ကြံဖန်မွေးမြူနေရတော့တာပဲ...
    ဒီတော့ကြည်ကြည်လင်လင်မရှိတဲ့စိတ်အခြေခံက ငါ့အနုပညာအပေါ်ပါလာအုံ့မှိုင်းကုန်ပြီထင်ပါရဲ့..

    အားတော့အားပေးပါ...
    သိပ်တော့လောဘမကြီးနဲ့ဟာ...
    ငါ မရေးရဲအောင်ဖြစ်နေမယ်..ဟားဟား..

    ပြောချင်တာကများနေတယ်..ADD လိုက် eaindra.mm@gmail.com

    ခင်မင်လေးစားစွာ

    အိန္ဒြာ

    ReplyDelete
  19. ကဗျာလေးကောင်းလိုက်တာ အစ်မရာ

    ReplyDelete