March 28, 2009

ပစ္စပ္ပုန်ပေါ်..ရပ်ရင်း..တွေး...

သေခြင်းတရားဆိုတာ
မ၀တ်ဆင်ရသေးတဲ့ ၀တ်စုံတစ်စုံပါပဲ
ရှင်သန်နေထိုင်ခြင်းကတော့
ဆာလောင်မှုတွေဖိသိပ်ထည့်လာတဲ့
ခရီးဆောင်အိပ်တစ်လုံး..ဖြစ်နေခဲ့.......။

တဖြည်းဖြည်းနဲ့
မာနဆိုတာတောင်..
မိုး စား...
နေ စား..
မျှော်လင့်ချက်ဆိုတာလည်း
ဆိုက်ဘေးရီးယား သွား ရထားရဲ့
ဥ သြ သံ ဆန် လာ ပေါ့..

ဒီနေ့လဲ..စိတ်ကို တိုင်တစ်ဝက်မှာ လွင့်ထူလို့....

အချစ်ဆိုတာ..က
အနမ်းရှိမှပွင့်လို့လှတဲ့ နှင်းဆီဖူးပါ......ကွယ်...
အလွမ်းအဆွေးဆိုတာလည်း..
နာတာရှည်အဖျားသွေး...တွေပါပဲ...

ဒီလိုပါ..ပဲ..................
သွေးလေလှည့်ပတ်မှုမညီညွှတ်တဲ့...
အတွေး..အာရုံတွေကလည်း.ညောင်းရိလို့..

အတိတ်ဆိုတာ..
ရွဲကုန်သည်..ဆုံးရှုံးသွားခဲ့တဲ့
ရွှေ ခွက် အ ဟောင်း တစ်လုံးလိုလို......
အနာဂါတ်ဆိုတာ အချဉ်ဖေါက်စပြုနေတဲ့
အိမ်မက် အရိအရွဲတွေလိုလို........

ယုံကြည်ချက်ဆိုတာကတော့
ချောင်းမျောင်းလုပ်ကြံသူ
အမြဲစောင့်ကြည့်နေတဲ့
ဇာတ်လိုက်...တစ်ဦးဖြစ်နေခဲ့.....

အင်း.......
ဒီနေ့လည်း...........

ဂျင်းဘောင်းဘီဝတ်ကဗျာဆရာမတစ်ယောက်
West Coast လမ်းမပေါ်မှာ..
လမ်း ....လျှောက်....ဆဲ....။ ။


အိန္ဒြာ (၁၈.၃.၂၀၀၉)

ပုံလေးကီ က

20 comments:

  1. ဂျင်းဘောင်းဘီဝတ်ကဗျာဆရာမ ရဲ့ အတွေးတွေကလည်း ခေါင်းငိုက်စိုက်ကျနေတဲ့ ကျွန်းကလေးပေါ်မှာ ဘယ်သူမှမမြင်လိုက်ဘဲ ဖြတ်ကျော်သွားကြတဲ့ တိမ်တိုက်တွေလိုပဲပေါ့...။

    ReplyDelete
  2. အားပါး...ဒုတ်ကနဲ ရင်ဝတန်းဆောင့်တာပဲ
    တစ်ချိန်ချိန်တော့ ဝတ်ကိုဝတ်ဆင်ရမဲ့ အဝတ်က
    ဘယ်လို များလဲ၊
    အာရုံ ၆ ပါးလုံး တစ်ခုမဟုတ်တစ်ခုဆာလောင်နေတတ်တာတော့
    အသေအချာပဲ၊
    ဝမ်းစာအတွက် ညွတ်ရလွန်းတဲ့ခါးက ကိုယ့်လောက်မှ မမြင့်တဲ့သူတွေ အတွက် ဖြစ်နေတော့ မာန ဆိုတာဘာလဲ၊
    တိုင်တစ်ဝက်ဆိုတာကိုက စစ်ရှုံးနေပြီ၊
    ဒါမှမဟုတ် အနားယူနေပြီ၊
    အဲဒီစိတ်နဲ့ ဘဝကို ငါတို့ဘယ်လို ဖြတ်သန်းကျ
    မှာလဲ၊ လင်းမြွေကိုက်ပြီး အဆိပ်မိခံနေရတဲ့
    အဖြစ်မျိုး၊ တန်မတန် ဆိုတာထက်
    ဘယ်လောက်ထိ ဒဏ်ခံမခံ ကြည့်နေရတဲ့
    ပေါချောင်ကောင်း နေ့တွေထဲမှာ ဦးဏှောက်တွေလဲ မကြာခန ချောင်မျောင်းလုပ်ကြံ ခံနေရတယ်၊
    ကဲ... အမေ့ခံ နေရတဲ့အိမ်
    အမေ့အိမ် ကို ပြန်တော့လည်း
    တံစက်မိတ်မှာ ရေသယောက်ကမရှိ၊၊

    ReplyDelete
  3. ဝတ်စုံ တစ်စုံ ကိုယ်ပေါ်ရောက်မလာခင်အထိ
    အစ်မရေ .........
    လျှောက်ပြီးရင်းလျှောက် ...............


    ခင်မင်လေးစားစွာ

    ReplyDelete
  4. ရှေ့ကိုမျှော်ကြည့်မိလိုက်တော့ အနာဂတ်ဆိုတာ စိတ်နဲ့အလဲထပ်ရိုက်ရမယ့် ကစားပွဲတဲ့။
    ကဲ ဘာလုပ်ကြမလဲ...
    အရိုအသေပြုထိုက်သူတွေကို ပြုနေရင်းက အရိုအသေမပြုထိုက်သူတွေကိုလည်း ပြုနေကြရတုန်း။
    မျှော်လင့်ချက်ကို တိုင်တ၀က်ထိဘဲလွှင့်ထူနိုင်ခဲ့တော့..
    ကျွန်တော်တို့ မွှေးညင်းတွေက ယူကြုံးမရခြင်းတွေ စိမ့်ထွက်တယ်...
    မကြီးရေ..
    တစ်ခါတစ်ခါ မ၀တ်ရသေးတဲ့ဝတ်စုံကို ၀တ်ကြည့်ချင်ပြီ ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  5. “အချစ်ဆိုတာ..က
    အနမ်းရှိမှပွင့်လို့လှတဲ့ နှင်းဆီဖူးပါ......ကွယ်...
    အလွမ်းအဆွေးဆိုတာလည်း..
    နာတာရှည်အဖျားသွေး...တွေပါပဲ...”

    ဂျင်းဘောင်းဘီဝတ်ကဗျာဆရာမရဲ့အတွေးတွေကို အသာလေး လာငေးသွားတယ်..။

    ReplyDelete
  6. ယုံကြည်ချက်ဆိုတာကတော့
    ချောင်းမျောင်းလုပ်ကြံသူ
    အမြဲစောင့်ကြည့်နေတဲ့
    ဇာတ်လိုက်...တစ်ဦးဖြစ်နေခဲ့.....
    .....
    ဂျင်းဘောင်းဘီဝတ်ကဗျာဆရာမရေ
    ကဗျာတွေပြာလွင်လန်းဆတ်..အကြမ်းခံတတ်ဖို့ပဲလို
    တာပါနော့..

    ReplyDelete
  7. သေခြင်းတရားဆိုတာ
    မ၀တ်ဆင်ရသေးတဲ့ ၀တ်စုံတစ်စုံပါပဲ
    ရှင်သန်နေထိုင်ခြင်းကတော့
    ဆာလောင်မှုတွေဖိသိပ်ထည့်လာတဲ့
    ခရီးဆောင်အိပ်တစ်လုံး..ဖြစ်နေခဲ့.......။

    သုံးလေးခေါက် ထပ်ဖတ်တယ်---
    ရင်ထဲမှာစွဲသွားပါတယ်---ကဗျာဆရာမရယ်--
    အစစအရာရာအဆင်ပြေပါစေ---

    ReplyDelete
  8. လေညှင်းခံ လမ်းလျှောက်ထွက်တယ်ပေါ့? သူများကိုတောင် မခေါ်ဘူး...း(

    ReplyDelete
  9. လမ်းကတော့ လျှောက်နေရတာပါပဲလေ...
    ဘယ်ဆီကိုရောက်မယ် ကိုယ်တိုင် မသိနိုင်တာတခုပဲ...
    သိတယ်လို့ ကိုယ့်ဘာသာ ယုံနေရတာကိုက ဖြစ်တည်မှုတခုပဲ မဟုတ်လား

    ReplyDelete
  10. သေခြင်းတရားဆိုတာ
    မ၀တ်ဆင်ရသေးတဲ့ ၀တ်စုံတစ်စုံပါပဲ
    ရှင်သန်နေထိုင်ခြင်းကတော့
    ဆာလောင်မှုတွေဖိသိပ်ထည့်လာတဲ့
    ခရီးဆောင်အိပ်တစ်လုံး..ဖြစ်နေခဲ့.....

    အလွန်ကောင်းမွန်သပ်ရပ်သော စကားလုံးတွေပဲဗျာ... :)

    ReplyDelete
  11. “အတိတ်ဆိုတာ..
    ရွဲကုန်သည်..ဆုံးရှုံးသွားခဲ့တဲ့
    ရွှေ ခွက် အ ဟောင်း တစ်လုံးလိုလို......”

    ဟုတ်တယ်... လက်ရှိက ရွှေထီးဆောင်းစဉ်က ဖြစ်ရပ်တွေနဲ့တင် ယစ်မူးပြီးရှင်သန်နေမိတယ်။ ဒီကဗျာက ပစ္စုပ္ပန်ထဲကို ဆွဲထုတ်သွားတယ်ဗျ။

    ခင်မင်လျက်...
    မိုးမောင်

    ReplyDelete
  12. ဂျုင်းဘောင်းဘီ ၀တ်ထားတဲ့ ကဗျာဆရာမရဲ့ ဖော်ကျူးချက် စကားတွေကြားမှာ ဘယ်လိုမှတ်ချက်ရေးရမလဲမသိပဲ ရှိနေတယ်း)

    အနာဂါတ်ဆိုတာ အချဉ်ဖေါက်စပြုနေတဲ့
    အိမ်မက် အရိအရွဲတွေလိုလို........

    ဆားရေစိမ်တို့စရာ ဆိုရင်လည်း ငပိပျစ်ပျစ်လေးနဲ့ စားလို့ရသေးတယ်နော့် အခုဟာ...က အနာဂါတ်ဆိုတာ နာပြီး ဂါတ် ခနဲအော်နေရတဲ့ ဘဲ တစ်ကောင်လို ၈ါတ် ဂါတ် ဂါတ် ။

    ReplyDelete
  13. မကြီးရေ...

    ချောင်းမြောင်း လုပ်ကြံနေသူတွေကြားက
    ဇာတ်လိုက် တဲ့လား....

    ဖြူလွင့်နေတဲ့ ဂျင်းဘောင်းဘီ...
    ဖြူဖျော့ဖျော့ ခန္တာကိုယ်...
    ခပ်မိုက်မိုက်အတွေးတွေနဲ့ လျှောက်နေမဲ့
    ပုံစံလေး မြင်ယောင်လာမိတယ်...

    ချစ်ခင်လေးစားခြင်းအားဖြင့်...

    ReplyDelete
  14. ဒီကဗျာလေး အရမ်းကြိုက်တယ် မကြီး ...
    တင်စားထားတဲ့ သင်္ကေတတွေက
    ရှင်းရှင်းလင်းလင်းနဲ့ ခံစားမှု နှလုံးသားပေါ်ကို
    ကွက်တိ ပစ်တင်လိုက်သလိုပဲ ... မြင်တယ် ... တွေ့တယ် ... ထိတယ် ....
    အရမ်းသဘောကျသွားမိတယ် ...
    ကျွန်တော့် ဇာတ်လိုက်ကတော့ လုပ်ကြံတဲ့သူတွေလက်က လွတ်အောင်
    ဒရောသောပါး ထွက်ပြေးနေတာနဲ့
    ဂျင်းဘောင်းဘီဝတ် ကဗျာဆရာမကို လှမ်းမနှုတ်ဆက်နိုင်အောင်
    ဖြစ်နေလေရဲ့ ... ။

    ReplyDelete
  15. ကဗျာလေးကိုအရမ်းကြိုက်တယ်ဗျာ..

    ပျော်ရွှင်ပါစေဗျာ....


    နေ့သစ်တွေလှပပါစေဗျာ....

    ReplyDelete
  16. ဒီနေ့လဲ..စိတ်ကို တိုင်တစ်ဝက်မှာ လွင့်ထူလို့....

    အင်း...ဘဝတွေက ညီတူညီမျှကို ဝမ်းနည်းခြင်းတွေပြည့်
    နေရပါကောလား ညီမရေ...
    စိတ်ကိုတိုင်အပြည့်ထူပြီး လေထဲမှာအောင်လံတလွင့်လွင့် စိုက်ထူနိုင်ရမယ့်နေ့က
    ဘယ်တော့များမှ ရောက်မယ်မသိနိုင်တော့ပါလား.....

    ReplyDelete
  17. ဘယ်အချိန် မှာဝတ်ဆင်ရမယ်မှန်းမသိတဲ့ ၀တ်စုံတစ်စုံ
    ကို ၀တ်ဆင်ဖို့စောင့်ရင်း ဘ၀ဆိုတာထဲမှာ ဘယ်အချိန်ထိ
    စီးဆင်းရဦးမလဲ မသိဘူး အမ။


    ဆူးရင့်

    ReplyDelete
  18. လမ်းလျှောက်တုန်းပဲပေါ့ အစ်မ။

    ReplyDelete
  19. ယုံကြည်ချက်ဆိုတာကတော့
    ချောင်းမျောင်းလုပ်ကြံသူ
    အမြဲစောင့်ကြည့်နေတဲ့
    ဇာတ်လိုက်...တစ်ဦးဖြစ်နေခဲ့.....

    ကဗျာလေး အရမ်းလှတယ်ဗျာ။

    ReplyDelete