July 11, 2009
အသံကြောင့် သေသွားရတဲ့ သီချင်း
ဓာတုဗေဒလွန် သစ်သီးဝလံလို
ကြီး ထွား ရင့် သန် သလောက် အရသာမရှိဘူး
အကွက်ချ စိုက်ပျိုးထားတဲ့ဥယျာဉ်မှာ
နှစ်ရှည်စီမံကိန်းနဲ့ ဖူး ကြ ပွင့် ကြ ပေါ့....။
ဒီလိုပါပဲ....
အခု ငါ ချမ်းသာသမျှ စည်းစိမ်ဥစ္စာအားလုံးဟာ
သူ့ ကားဘီးတစ်လုံးစာ မရှိသလိုမျိုး
အခု သူ စီးထားတဲ့ ဖိနပ်က
တစ်ချို့ တစ်ဘ၀လုံးစာနဲ့ ညီ မျှ နေ တယ် ပေါ့.......။
ဒီလိုပါပဲ....
ရှိတာလေးနဲ့ ၀အောင်ဖတ်ပြီး
ရတာလေးနဲ့ လှအောင်ရေးတယ်ပေါ့..
ကာလပေါ် ဒဏ်ရာဒဏ်ချက်တွေနဲ့
ချွေးစက်စက်ကျတယ်ပေါ့....။
ဒီလိုပါပဲ....
မျက်ဝန်းတွေကိုသင့်တော်ရာမှာ ထူးခတ်ပြီး
နားတွေကို မိုင်ထောင်ချီခရီးဝေးထိ ရွက်လွှင့်ထားတယ်ပေါ့..
နှလုံးသားကို အဆာပြေသလို နေရာချထားပြီး
ဦးနှောက်ကို ခြေပစ်လက်ပစ် အိပ်စက်ခိုင်းတယ်ပေါ့..။
ဒီလိုပါပဲ....
အပေါစား ဖျော်ဖြေမှုတွေကို
အတင့်ရဲရဲ ငြင်းဆိုနိုင်တယ်ပေါ့...
ကိုယ့်လိပ်ပြာကိုယ် လေးစားပြီး
ကိုယ့် အရိပ်ကိုကိုယ် ဂါရ၀ပြုတယ်ပေါ့.....။
ဒီလိုပါပဲ....
အနုပညာဆိုတာ..
နှလုံးသွေးတွေ အနယ်ကျထားတဲ့ ကျစ်စာခဲပါပေါ့..။
အနုပညာသမားဆိုတာ...
နွံထဲမှာ နစ်မြုတ်နေဆဲ ပတ္တမြားတစ်ခဲပါပေါ့..။
ဒီလိုပါပဲ....
သူရဲကောင်း ပုံပြင်တွေကို
ခေါင်း အုံး အိပ်တတ်လာတယ်ပေါ့..
ခေတ်ပေါ်သီချင်းသံစဉ်ကို
စည်း ၀ါး လိုက်ချင်လာတယ်ပေါ့..။
ဒီလိုပါပဲ....
(နောက်တော့လည်း..)
မျှော်လင့်ချက်ဆိုတာက
ဆိုက်ဗေးရီးယား ရထားကို စောင့်ကြိုနေတဲ့ ဘူတာရုံလေး ပါ ကွာ..။
တဖြည်းဖြည်းအသားကျလာတဲ့ နေရာထိုင်ခင်းမှာ
ရယ်မောသံတွေ အရည်အသွေးပြည့်မပြည့် ဆိုတာအထိ
စဉ်း စား မ ကြည့် ကြ ပါ နဲ့...။ ။
အိန္ဒြာ
(ရေးဖြစ်ထားတာကြာပါပြီ..။ သိပ်စိတ်တိုင်းမကျသေးလို့ သိမ်းထားဖြစ်ပါတယ်..။
ခုတော့ အဲဒီ့စိတ်တိုင်းမကျခြင်းတွေကိုပဲ သေသေချာချာတင်ပေးလိုက်တာပါ..။ )
14 comments:
  1. ဆိုက်ဘေးရီးယားကိုစောင့်ကြိုတဲ့ဘူတာရုံလေးဆီက
    ရယ်မောသံတွေ အရည်အသွေးပြည့်မီဖို့ဆိုတာက
    လမ်းလွှဲတွေတော့လိုလိမ့်မယ်ထင်တယ်
    သီချင်းတွေအသံသေ နေတဲ့ဘူတာရုံလေး
    အသံကြောင့်သေဆုံးသွားရတဲ့သီချင်းးးးး
    .............................
    အင်း..သံသရာဟာ ပျင်းစရာအကောင်းဆုံး
    ကစားပွဲပေါ့.......
    ReplyDelete
  2. အခု သူ စီးထားတဲ့ ဖိနပ်က
    တစ်ချို့ တစ်ဘ၀လုံးစာနဲ့ ညီ မျှ နေ တယ် ပေါ့......
    ကိုယ့်လိပ်ပြာကိုယ် လေးစားပြီး
    ကိုယ့် အရိပ်ကိုကိုယ် ဂါရ၀ပြုတယ်ပေါ့.....
    ပေါ့...
    ပေါ့...
    ပေါ့...
    မကြီးရေ..
    ရေးလိုက်တိုင်း အနှစ်တွေကြီးမို့.. ဖတ်ရတာ အရသာ ထူးလှပါတယ်..
    ချစ်ခင်စွာဖြင့်..
    ReplyDelete
  3. စိတ်တိုင်မ၈ျ ခြင်းတွေမှာ
    စိတ်တိုင်းကျစရာကောင်းတဲ့ သံစဉ်တွေပါတယ်။
    နှလုံးသားကို အဆာပြေသလို နေရာချထားပြီး
    ဦးနှောက်ကို ခြေပစ်လက်ပစ် အိပ်စက်ခိုင်း ထားတော့
    စိတ်အာရုံတေါက စားကျက်ပျောက်သလို ဆာလောင် မွတ်သိပ်လာတယ်။
    (မှတ်ချက်။ မအိမ် ရှေ့မှာ သီချင်းဘယ်တော့မှ မညည်းတော့ပါ)
    ReplyDelete
  4. မရဲ့  စိတ်တိုင်းမကျတဲ့ ကဗျာလေးက တစ်မျိုးလှနေတယ်။
    ရုတ်တရက်ကြည့်မိရင် မ လက်ရာလို့  မထင်ရလည်း အနှစ်သာရတွေနဲ့  လှတဲ့ ကဗျာလေးမို့  ကြိုက်မိပါတယ်။
    ReplyDelete
  5. မစဉ်းစားဘူး...
    ရင်ဘတ်ထဲ ထည့်လိုက်တယ်..
    (BTW word verification is annoying.)
    ReplyDelete
  6. တစ်ခါတစ်လေ စဉ်းစားတာထက် ပိုသေချာသွားတဲ့အခါ ...
    လာမယ်မလာဘူး
    မသေချာမယ့်ရထားကိုမျှော်လင့်နေတဲ့
    မျှော်လင့်ပိုင်ခွင့်တစ်ခုသေသေချာချာရထားလိုက်တဲ့
    အသားကျနေရာထိုင်ခင်းတစ်ခုနဲ့
    ဘူတာအို ....
    ReplyDelete
  7. အသံကြောင့် သေသွားရတဲ့ သီချင်း သံ
    နားထောင်သွားပါတယ်
    ကျေးဇူးတင်ပါသည်။
    ReplyDelete
  8. ကိုယ်ချန်ထားခဲ့တဲ့ လေထန်ကုန်းက သူငယ်ချင်းတွေဆီ အလွမ်းတွေ အပြေးရောက်သွားစေတဲ့ ကဗျာ.......
    ReplyDelete
  9. အနုပညာဆိုတာ..
    နှလုံးသွေးတွေ အနယ်ကျထားတဲ့ ကျစ်စာခဲပါပေါ့..။
    အနုပညာဆိုတာ...
    လောကဓံအပူနဲ့ဖိအားထဲကမီးသင့်ကျောက်...။
    ကဗျာကိုရတာ ကမ္ဘာတစ်ခုလုံးကိုရလိုက်သလိုမျိုး
    ခင်မင်လေးစားလျှက်
    ReplyDelete
  10. dun know how to comment.. just read!
    ^-^
    ReplyDelete
  11. တဖြည်းဖြည်းအသားကျလာတဲ့ နေရာထိုင်ခင်းမှာ
    ရယ်မောသံတွေ အရည်အသွေးပြည့်မပြည့် ဆိုတာအထိ
    စဉ်း စား မ ကြည့် ကြ ပါ နဲ့...။ ။
    ကဗျာလေးကကောင်းလိုက်တာညီမရေ
    ReplyDelete
  12. ကောင်းလိုက်တာ..
    ReplyDelete
  13. ပကတိ လေထုကို ထင်ဟပ်တဲ့ကဗျာပဲ။ အဲဒီလေထုထဲမှ ကဗျာဆရာက သူ့ရဲ့ နေ့စဉ်ဘ၀ကို အဆီအငေါ် မနည်းတည့်အောင် ပုစံချနေရတဲ့ ခံစားမှုပဋိပက္ခကို စာဖတ်သူရင်ဘတ်ထဲ မသိမသာထည့်ပေးတယ်။ ညည်းသလိုလိုနဲ့ အားမာန်ကို ရိပ်ဖန်းသံဖန်း ငေါ့သံလေးနဲ့ ပြတယ်။ စိတ်တိုင်းမကျသေးလို့သာ စိတ်တိုင်းများကျခဲ့ရင် ကဗျာနဲ့ စာဖတ်သူဟာ ခွဲမရအောင် တထပ်တည်းကျသွားမှာ။ ခေတ်ပြိုင်ခံစားမှုကို ကဗျာနဲ့ ရေးသားခံစားတတ်ရန်ကောလို့ ...ဇီမာလမ်းဆုံထဲက ဘူတာရုံကလေးကို အပြေးမြင်မိနေပါတော့တယ်။
    ReplyDelete