August 4, 2009

မြယာပင်ကြီးအောက်မှာ သင့်ကို နံနက်ခင်းထဲက ထွက်ခွင့်မပြုနိုင်ဘူး..

သင့်ကို နံနက်ခင်းထဲက ထွက်ခွင့်မပြုနိုင်ဘူး..
ဟောဟို့က
ရွှေသားရွေရောင်နဲ့
ဘယ်တော့မှ တိမ်ဆိုင်မဖုံးတဲ့
လူဝင်စားကြယ်တစ်စင်းက.
မင်းဖေဖေပေါ့...ခေတ်နေ..
သူ့ကိုယ်သူ
ဘယ်တန်ကြေးတပ်ရမှန်းမသိတဲ့
ကျောက်မျက်လည်ရွဲလို့..
သူ့ပရိတ်သတ်ရဲ့ လည်တိုင်မှာ..
တဖျတ်ဖျတ်လင်းပခဲ့တယ် ခေတ်နေ...
သူက စကားလုံးတွေကို..
သူ့ မှော်အတတ်နဲ့ ပြုစားကျုံးသွင်းပြီး..
အဲဒီ့စကားလုံးတွေနဲ့
လူတွေကို ညှို့ ပစ်ခဲ့တာ..ခေတ်နေ...
သူက ပန်းဝတ်မှုန်ချင်းထိမိခိုက်မိတာက အစ
အိုဇုန်းလွှာအပေါက်အပြဲကို.ဖာချင်ထေးချင်တာအဆုံး..
ရင်ဘတ်နဲ့တစ်လုံး..
ခံစားတတ်သူပေါ့..ခေတ်နေ..
သူက သူ့နှလုံးအိမ်ရဲ့ထောင့်စွန်းမှာ..
ဆိတ်ဖလူးပန်းရဲ့ရနံ့တွေကို...
တယုတယပျိုးထောင် ထိန်းကျောင်းခဲ့တယ် ခေတ်နေ
ခေတ်နေ..ရေ..
ပညာရှိတွေဟာ..သတိဖြစ်ခဲကြသတဲ့..
တစ်ခါတစ်ခါ မင်းဖေဖေဟာ..
ငါတို့တန်ဘိုးထားမိသလောက်..
သူ့ကိုယ်သူတိုက်ရိုက်အချိုးနဲ့ မေ့ခဲ့လျော့ခဲ့ထင်ပါရဲ့....
ငါတို့သူကို စိတ်ဆိုးနေကြတာ...
ဒီအသက်အရွယ်မှာ
သေခြင်းတရားက သူနဲ့ဘာဆိုင်သေးလဲကွာ...
ဟုတ်တယ်..
ငါတို့..
သူ့ကို
နံနက်ခင်းထဲက ထွက်ခွင့်မပေးနိုင်ဘူး......။ ။

အိန္ဒြာ

မြယာပင်ကြီးအောက်မှာ

ဖြည်လို့မရတဲ့ အထုပ် ပိုက်ထားသလိုမတင်မကျကြီး
ဤခရီးတွေ နီးမလိုနဲ့ ဝေးခဲ့ကြ
ပွင့်မလိုနဲ့ ငုံသွားကြ ကြယ်တွေ
မရှိခိုးနိုး ရှိခိုးနိုး
ကြွေခဲ့တယ် ဝေခဲ့တယ်
သမိုင်း ရေးဖို့ အက္ခရာ ပျိုးခဲ့တယ်
ဘယ်မှာလဲ မီးတောက်တစ်ခုနဲ့ ရစ်သမ်မိခဲ့တဲ့အခါ
ရွှန်းလဲ့သော ကြယ်ဟာ
မြယာပင်ကြီးအောက်မှာ
……………………………..
……………………………….
ထိပ်ထားရေ….ထိပ်ထားရေ
အော်သံတွေ ဝေးသွားခဲ့တော့တယ်။ ။

တည်ရ

12 comments:

  1. ဆရာ တာရာမင်းဝေရဲ့ ကဗျာလေး တစ်ပုဒ်ကို တိတ်တဆိတ်ရွတ်ရင်း သတိ၇နေမိတဲ့ နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် ငါးသုံးက ကဗျာလေး တစ်ပုဒ် ဖတ်ရတယ်။ (အောက်မှာ ကူးရေးထားပါတယ်)
    အခု မအိမ် နဲ့ ကိုတည်ရတို့ ကဗျာလေးတွေ ဖတ်ရတော့ ဆရာ့ကို ပို လွမ်းတယ်။
    ဆရာတာရာမင်းဝေတစ်ယောက်...
    ဖြစ်လေရာ ဘ၀မှာ ဆရာ ချစ်တဲ့ အနုပညာနဲ့ အလင်းလက်ဆုံး တောက်ပ ပွင့်ဝေပြနိုင်ပါစေ လို့ ဆုတောင်းပါတယ်။

    နွား

    ၁ ။ မနှင်းဆီဆိုတဲ့ ကြောင်မလေးကို ပန်းဝါတစ်ပွင့် လှီးကျွေးရတယ် ။

    ၂။ သံမံတလင်းပေါ် လွတ်ကျသွားတဲ့ ရထားငယ်အော်သံကို ပြန်ကောက်တယ် ။

    ၃။ ၀တ်ရည်ကိုင်းတစ်ကိုင်းကို တနင်္ဂနွေနေ့နဲ့ တိုင်းပြီး ချိုးပေးရတယ် ။

    ၄။ တစ်ဘ၀လုံး လိမ်းကျံခဲ့သမျှ ရွံ့စေးလို ကွာကျမယ်မှန်း မသိဘူး ။

    ၅ ။ အံသြစရာတော့ မဟုတ်ပါ ။

    ၆ ။ မထားခဲ့ဖို့ ဆိုင်းညှို့တောင်းပန်ရင်း အုန်းလက်နွားလို ကျန်ခဲ့ရသူပါ ။

    တာရာမင်းဝေ

    (ဆရာ... လွမ်းတယ်........)

    ReplyDelete
  2. ဒီအသက်အရွယ်မှာ
    သေခြင်းတရားက သူနဲ့ဘာဆိုင်သေးလဲကွာ...


    အလွတ်ရသွားတဲ့ ကဗျာလေးပါပဲ..

    မြယာပင်ကြီးအောက်မှာ...
    ............
    .................
    ထိပ်ထားရေ... ထိပ်ထားရေ...
    အော်သံတွေ ဝေးသွားခဲ့တော့တယ်......


    အမြဲ အမှတ်ရနေတယ် ဆရာရေ...
    ရောက်ရာဘဝမှာ ငြိမ်းချမ်းမှုတွေနဲ့ အမြဲလင်းလက်နေပါစေ..

    ချစ်ခင်စွာဖြင့်..

    ReplyDelete
  3. မထားခဲ့ဖို့ ဆိုင်းညိုတောင်းပန်းရင်း အုန်းလက်နွားလို ကျန်ရစ်ခဲ့ရသူပါ...

    ကျွန်တော်တို့ ရင်ထဲမှာ နှမျောတသမှုတွေနဲ့ ယနေ့ထိသစ်ဆဲ ဆို့နစ်လွမ်းဆွတ်မှုတွေ...။

    ReplyDelete
  4. ကြေကွဲနေဆဲ...
    ငါ့ ကဗျာတွေလဲ
    ရင်ဘတ်တွေ ပြဲနေဆဲပါ...

    ဗုံတလုံးကို
    ရင်ခုန်ပြီး
    အတူတကွ မတီးခဲ့ရသူတဦး...

    ReplyDelete
  5. ဝမ်းနည်းကြေကွဲမှုတွေနဲ့ နှမြောတသမှုတွေနဲ့ ဖတ်သွားတယ်ညီမလေးရေ

    ReplyDelete
  6. ခေတ်နေ ရဲ့ ကြယ်ကြီးတစင်း အတွက်.. အရမ်းကို ရသ မြောက် သွားတယ်။

    ReplyDelete
  7. မရေ..
    ရွှေသားရွေရောင်နဲ့
    ဘယ်တော့မှ တိမ်ဆိုင်မဖုံးတဲ့
    လူဝင်စားကြယ်တစ်စင်းတဲ့လား....

    အစားထိုးမရသူကို ဘယ်တော့မှ အလွမ်းပြေနိုင်တော့မှာ မဟုတ်ပါဘူး။

    ReplyDelete
  8. ဆန့်ကျင်ဘက် ကဗျာ ၂ ပုဒ် တပြိုင်ထဲ ခံစားနိုင်လောက်တဲ့ အရည်အသွေး ကျနော်မှာ
    မရှိသေးတော့ တခုခုကိုရွေးရတော့မယ်...ဆရာမအိန္ဒြာက အကြောင်းအရာတွေဖွင့်ရေးထားသလို ဆရာ
    တည်ရ က သာမန်စာဖတ်သူနားမလည်လောက်တဲ့ မြုပ်ကွက်တွေနဲ့ ပြထားတယ် အမှန်ဆို ဆရာတည်ရရဲ့
    ကဗျာကို အထုပ်ဖြေပြသင့်တာ..ဒါပေမဲ့ ကျနော်မှာ ခွင့်ပြုချက်မရှိဘူး..
    ဒီတော့ ဆရာမရဲ့ မြယာပင်က မြယာသီးတွေ ဗောင်ဗောင်ထဲ ထည့်ပြီး ကျနော်ပစ်ကြည့်မယ်
    .......
    စစချင်း ဟောဟို့က ဆိုပြီး နေရာတခုကို ညွန်ပြတဲ့ စကားလုံးနဲ့စထားတဲ့ စကားစုမှာ
    (ဟို့..)ဆိုပြီး ရင်ထဲက အသံစထည့်ထားတယ်...
    မော်ဒန်..ပို့(စ)မော်ဒန်...အယ်(လ)ပီ..အော်(လ)တာနေးတစ်..နီယို စတဲ့ ခေတ်ပေါ်ကဗျာအုပ်စုထဲမှာ
    အော်(လ)တာဖက် ပိုယိမ်းသွားတဲ့ ကဗျာတစ်ပုဒ်ပါ...
    ကဗျာနဲ့ သရုပ်ဖေါ်လို့ရနေတဲ့ ခေတ်ကြီးထဲမှာ ကျနော်ဆို ( ဟော ဟို့.....က )လို့ ပုံစံချမိမလားပဲ
    ကလေးငယ်တစ်ယောက်ကို အချက်အလက်အကိုးအကားတွေနဲ့ သူရဲကောင်းရာဇဝင် (ပုံပြင်လို့တမင်မသုံးတာ)
    ခင်းကျင်းပြနေတဲ့ လူကြီးတစ်ယောက်ရဲ့ ကြေကြေကွဲကွဲ မျက်ရည်တွေသရုပ် ပါပါတယ်..

    စကားလုံး အထူးပြုလုပ်ချက်တွေသိပ်မသုံးထားတော့ အရမ်းမြင်သာနေတယ်
    ကျနော်အနေနဲ့ ထပ်ဖွင့်ဆိုစရာမလိုအောင် ကွင်းကွင်းကွက်ကွက်ပါပဲ..
    အဲဒီ ရှင်းရှင်းလေးတွေထဲက ကဗျာကို ပိုတောက်ပစေတာက

    (ခေတ်နေ..ရေ..
    ပညာရှိတွေဟာ..သတိဖြစ်ခဲကြသတဲ့..
    တစ်ခါတစ်ခါ မင်းဖေဖေဟာ..
    ငါတို့တန်ဘိုးထားမိသလောက်..
    သူ့ကိုယ်သူတိုက်ရိုက်အချိုးနဲ့ မေ့ခဲ့လျော့ခဲ့ထင်ပါရဲ့....)

    လူသတ္တဝါတွေဖြစ်တတ်တဲ့ အလွဲတွေကို ကလေးတစ်ယောက်
    မှတ်ယူမှု မလွဲစေအောင်
    မိမိ ကြည်ညိုတဲ့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ မကျဆင်းအောင်
    ရေးဖွဲ့ သွားပုံပါပဲ....
    ဆရာမက သူ့ကိုယ်သူ ပြန်မတွေ့မှာ တော်တော်ကြောက်ပုံပါပဲ
    အိန္ဒြာ ဆိုတဲ့ လေသံလေးတော့ ထည့်ဖြစ်အောင်ထည့်သွားသေးတယ်
    (သေခြင်းတရားက သူနဲ့ဘာဆိုင်သေးလဲကွာ...)

    ကျနော်လဲ ခရီးကြုံလိုက်လိုက်ဦးမယ်
    ဆရာရေ...မခင်ခဲ့ မရင်းနှီးခဲ့ပေမဲ့ အရင်ကတည်းက လေးစား အတုယူနေခဲ့တဲ့
    ဆရာ့ရဲ့ ပြိုင်းမြင်းခွာသံအောက်က တဖွားဖွားလွင့်နေခဲ့ဘူးတဲ့ သဲပွင့်လေး ကျနော်
    ဆုမတောင်းပေးတော့ဘူး...ဆရာ့ကိုချစ်တဲ့သူတွေရဲ့ မေတ္တာနဲ့တင် ဟိုးအစောကြီးကတည်းက
    မြင့်မြတ်တဲ့ဘုံမှာဆရာ ရောက်နေနှင့်မှပဲ...ဒါပေမဲ့ ကျနော်တို့ ဖေါက်ခဲ့တဲ့လမ်းမှာ
    ကျနော် လိုက်ပွဲ လောက်တော့ အရံသင့်ရှိနေမှာပါ....မဝသေးတဲ့သူတွေ ထပ်ထည့်စားလို့ရတာပေါ့..။

    ReplyDelete
  9. အတွေးနက်နက်တွေကို ရသလောက် ဖေါ်ပြီး ဖတ်သွားတယ် မကြီး ..။

    ကိုမင်းသုခ မန့်တာ ဖတ်ရတာလည်း ကောင်းတယ်
    ကဗျာလည်း ဖတ်ရ မန့်တာတွေလည်း ဖတ်ရတာ
    အနှစ်သာရ ပြည့်သွားတယ် ..။

    ReplyDelete
  10. အသံပဲခိုက်တယ်..း)

    ReplyDelete
  11. ခင်ဗျား ရဲ. ပြိုင်းမြင်းတွေ ပြီးခဲ.တဲ. တနင်္ဂနွေ ကမှ ပန်းဝင် လာတယ် ကိုရွေဘုန်း။ ကျွန်တော်မနက် စာ စားအပြီး မှာ လုပ်စရာတစ်ခုပဲ ရှိတယ် အကိုရဲ. မီးတောက် ရပ်သမ် ကို တိုးတိုးလေး ရွတ်ဆိုနေပါတယ် .....အကို ...။ မိုးတွေ ရွာနေတယ် အကို ဒါပေမယ်. အကို. ဗုံသံ တွေ ရပ်မသွားသေးပါ ဘူး ။ ဒါပါပဲ အကို ။ တစ်ယောက် ကို တစ်ယောက် ထားသွား တတ်တာကို က ကျွန်တော် တို.နေထိုင် တဲ.လောက ကြီးပါ အကို ။.............

    ReplyDelete