August 22, 2009

အိမ်..ငါး..

ဆရာ မြင့်မိုးအောင်ရဲ့ ငါးကဗျာကို ဖတ်ပြီး..ကိုယ့်ကဗျာလေးကိုလည်းလွမ်းလာလို့ ပြန်ဖတ်မိပါတယ်..။
မှတ်မှတ်ရရ ဒီဘလော့လေးအဖွင့်မှ တင်ဖြစ်တဲ့ ကဗျာလေး..ပါ..။
အိမ်ငါး..ပေါ့..၊ ကဗျာကိုပြန် ဖတ်ရင်း..ပြန်တင်ပေးချင်စိတ်ပေါက်လာပါတယ်..။။
တကယ်ဆို ၂၀၀၁ လောက်ကရေးခဲ့တာပေမယ့်..အခုမှ ကိုယ်နဲ့ လက်ရှိအခြေအနေတွေနဲ့
ပိုပိုပြီး တိတိကျကျ တိုက်ဆိုင်လာသလို ခံစားလာရလို့လဲ ပြန်တင်ပေးချင်လာတာပါ..။
ဖတ်ပြီးသားသူတွေက သည်းခံပြီးထပ်ဖတ်ပေးကြပါဦး..၊ မဖတ်ရသေးသူတွေကိုတော့ ဧည့်ဝတ်ကျေပွန်နိုင်မယ်ထင်ပါရဲ့...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘ၀ဟာ မှန်ပုံးထဲက ငါး ဆန်နေပြီလား..၊ရရှိနေတာလား..ဆုံးရှုံးနေတာလား.၊ ပေးဆပ်နေတာလား..ရင်းနှီးနေတာလား..။ ရရှိနေသမျှတွေက အတုအယောင်တွေလား..၊အသက်ရူသံနဲ့ နေခြင်းထိုင်ခြင်းတွေကရော အတုအယောင်ဆန်နေခဲ့ပြီလား အတုအယောင်တွေကို ပျော်ပိုက်နေတာလား.၊ အတုအယောင်တွေမှာ နေပျော်နေပြီလား.. အစစ် (သို့)ထွက်ပေါက်တစ်ခုက ဘယ်နေရာမှာလဲ....၊ အစစ် (သို့)ထွက်ပေါက်တစ်ခုကို ဘယ်လိုရှာဖွေကြမလဲ.. အတုထဲမှာ အသားကျ....၊ အတုထဲမှာနေပျော်...အတုထဲမှာသေသွားမယ့် ..ဒီလိုပဲရေလိုက်ငါးလိုက်ဆန်လွန်းတဲ့ ငါးတစ်ကောင်ဖြစ်နေခဲ့ပြီလား.. အဲဒီ့လေးထောင့်စပ်စပ် မှန်ပုံးထဲက ၊ အဲဒီ့ အတုအယောင်တွေပိန်းပိတ်နေတဲ့ မှော်တောထဲက.. အဲဒီ့ ကိုယ့်ဖြစ်တည်မှုကိုယ် ပျောက်ရှနေတဲ့ နေ့ရက်တွေထဲက.. ခုန်ထွက်ပစ်လိုက်ရအောင်လား...။ ခုန်ထွက်ကြည့်ချင်ကြမလား..၊ ခုန်ထွက်ကြည့်လိုက်မိရင်ရော.... ဒီလိုဆိုတော့လည်း..ကြောင်တစ်ကောင်ရဲ့ အစာဖြစ်သွားပါစေ..ငါးဟာ ငါးပီသလာမယ်..။ ငါးဟာ...ငါးပီသလာတယ်...။ အဲသလိုမျိုး... ငါးတွေဟာ ငါးလားမြောက်မှုတစ်ခုကို... အသက်(သို့) အရာရာစွန့်ပြီး...အရယူချင်နေကြသတဲ့..။ အဲဒီ့နေ့က.. "အိမ်ငါး" ဆိုတဲ့ ကဗျာတစ်ပုဒ်ရေးခဲ့မိ ထင်ပါရဲ့...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်ငါး..




အိမ်မက်တစ်ခုခုလိုမျိုး.. .ပြာညှိုးညှိုးလေး..လင်းရီနေခဲ့တာ...

ကျောက်ဆိုင်ကျောက်ခက်ဆက်တင်ကလည်းအတု..
ရေမှော်..ရေညှိ..စိမ်းမြမြကလည်းအတု
မှုန်မှုန်ညှင်းညှင်းအလင်းပြေပြေလေးကလည်း...အတု...
အစာအဟာရအတု....
အောက်ဆီဂျင်ကအတုနဲ့...
ရေသူမ..အတုကို..ပွတ်လျော..နမ်းမွှေး...

ဟော..ဒီ့လို...
ဘ၀သေးသေးလေးထဲမှာ....အလူးလူး...အပြေးပြေး...
လှုပ်ရှားသက် ၀င်နေရသမျှ...
ဘယ်လာ...ငါး..အရာမြောက်ပါတော့မလဲ...

ငါးက..ငါးတို့ရဲ့..ဘာသာဘာဝအတိုင်း...
အညှီနဲ့ချွဲချွဲ..ပြောင်ချော..ညစ်ပတ်နေချင်တာ...

ငါးက...
တ၀ုန်း..၀ုန်း...
တစိမ်း..စိမ်း
နက်ရှိုင်းခမ်းနားလွန်းနေတဲ့..
ပင်လယ်ရဲ့..ဥပဓိကို..စာဖွဲ့နေချင်တာ

ငါးက..
သူ့စိတ်ကူး..ရေစီးတွေအတိုင်း..
အဆုံးအစမရှိရွက်လွင့်..ပစ်...ချင်တာ..

ငါးက....
မျှားချိတ်မှာတပ်ထားတဲ့..အစာမှန်းသိသိ..
မိမိရရ..ခုန်ဟတ်ရယူပြီး...
လက်တစ်လုံးခြား...ငါးပါးဝချင်တာ...

ငါးက..သူ့ကိုယ်ပိုင်အမိုး..အကာလေးထဲမှာ..
မိန့်မိန့်မူးမူး...မင်းမူနေချင်တာ

ငါးက..
ငါးရိုးရာ..ပွဲတော်ကြီးတွေကို
ငါး..ဂီတ..ငါး..ဗီဇတွေအတိုင်း
အချိန်ခါ..သင့်ကျင်းပချင်သေးတာ

ငါးက..
သူ့အိပ်မက်တွေအတိုင်း..ရဲဝံ့မာကျော..ပြီး
သူ့ကကြိုးတွေ..အတိုင်း..နူးညံ့..ပျော့ပျောင်းမယ့်
သူ့..မျိုးဆက်ကို..ရေးချယ်ချင်သေးသတဲ့..

ငါးကလေ....
ငါးလားမြောက်ဖို့အတွက်သာဆို...
ကြောင်တစ်ကောင်ရဲ့..အစာပဲဖြစ်ဖြစ်...
သူ့ကိုယ်သူ..ချကျွေးပစ်ဖို့..၀န်မလေးဘူးတဲ့..၊

ငါး..က...
ငါး..က..
အ..တု..တွေ.ကို..မ..လို..ချင်..တော့..ဘူး..လေ..။ ။

အိန္ဒြာ

(ဟင်္သာတမြို့နယ်ထုတ်..အောင်တော်သံမဂ္ဂဇင်း..နှင့် ၂၀၀၆ ခုနှစ် ဇူလိုင်လထုတ်ရုပ်ရှင်အမြုတေမဂ္ဂဇင်းတို့တွင်
ပှုံနှိပ်ဖေါ်ပြခဲ့ပြီး(အဲဒီ့မှာတော့နောက်ဆုံးစာကြောင်းအဖြုတ်ခံခဲ့ရပါတယ်..းP).
၂၀၀၆ခုနှစ်ဧပြီလ..၁ရက်နေ့တွင်ပြင်သစ်သံရုံးတွင်ပြုလုပ်ခဲ့သော..ကဗျာနေ့အခမ်းအနားတွင်..ရွတ်ဆိုခဲ့ပါတယ်။)

21 comments:

  1. ငါး .........ငါး
    ဘယ်နေရာရောက်ရောက်
    ငါးဟာ ငါး
    မှန်ဘောင်အတုထဲမှာ အတုတွေထုတ်လွှတ်နေတဲ့ ငါးအတု မဖြစ်ဖို့လိုတယ်။

    သေချာတယ်
    ငါးအတုတစ်ကောင်ကို ကြောင်ဘယ်တော့မှ မစားဘူး

    ReplyDelete
  2. ဒီကဗျာပေါ့ သိပ်နားထောင်ချင်နေခဲ့တာ.. အသံအမြန်ဆုံးသွင်းပါ မကြီး..

    အလွတ်ရတဲ့အထိကို ခံစားလိုက်ချင်တာလေ... သိတယ်မလား..

    ကျနော့် အတွက်တော့
    ငါးလားမမြောက်ခင် ငါးပါးမှောက် မှာ စိုးနေမိတယ်..

    ချစ်ခင်စွာဖြင့်

    ReplyDelete
  3. ငါး ...
    လူဖန်ဆင်းခဲ့တဲ့ ရွှေငါးတစ်ကောင်လား ...
    လူဖန်ဆင်းခဲ့တဲ့ Parrot ငါးတစ်ကောင်လား ...
    သေချာတာက
    အန္တရာယ်ကင်းချင်တာတစ်ခုထဲနဲ့ ...
    အတုတွေအားလုံးကို လက်ခံလိုက်ရတယ် ....။

    အတုတွေက စိတ်နဲ့ဓာတ်မတဲ့မှန်းသိခဲ့တဲ့အခါမှ ...
    ငါးဟာ ... သွေးအေးသတ္တ၀ါအတုတစ်ခု အဖြစ်
    အရိုးရင့်ခဲ့ ...
    အသားရင့်ခဲ့ ...။

    ကမ္ဘာဦးလူ မီးကို ရှာမတွေ့ခင် ...
    ဝေလငါးအတုဟာ လမ်းလျှောက်နေခဲ့သေးတယ် ...။
    အခုတော့လည်း အတုတွေက
    အတုတွေကို မုန်းရတာ ..
    အာဃာတ အတုတစ်ခုနဲ့ ....။ ။

    ReplyDelete
  4. သေချာတယ် အဲဒီငါးက
    ရာသီဥတုမှန် လှိုင်းမထန်တဲ့
    ပင်လယ်အတုကိုလည်း
    ချစ်မက်နိုင်သေးတယ်။

    ReplyDelete
  5. ငါးအတုတော့ အနော် ကြော်မစားချင်ပါဘူး။ ငါး အစစ်ထဲမှာတော့ တော်လမွန်ငါးကို အကြိုက်ဆုံး။
    (စတာပါ)

    ငါးကလေ....
    ငါးလားမြောက်ဖို့အတွက်သာဆို...
    ကြောင်တစ်ကောင်ရဲ့..အစာပဲဖြစ်ဖြစ်...
    သူ့ကိုယ်သူ..ချကျွေးပစ်ဖို့..၀န်မလေးဘူးတဲ့..၊

    အနော်က ကြောင် မဖြစ်ချင်လို့ စားတော့ဘူးနော်။
    ငါးလေးလဲ သူ့ဘာသာ သူရှင်သန်ရာရေထဲ ငါးလားမြောက်ပါစေတော့လေ။

    ချစ်ခင်လေးစားစွာဖြင့်

    ReplyDelete
  6. ရေးခဲ့ဖူးတဲ့ ကဗျာခပ်စင်းစင်းလေး တစ်ပုဒ်ကို သတိရသွားပါတယ်။ (ကြောင်တော့မပါဘူး ;))

    မှန်အိမ်ထဲကငါး

    အဲဒီ အလှအပ ဆိုတာကြောင့်ပေါ့
    ငါ့မှာ အကျဉ်းချခံနေရတယ်
    ထင်ယောင်ထင်မှားအားကျသူတွေကို ဖျော်ဖြေဖို့
    ပကာသန အရေခြုံ အပြုံးတွေနဲ့
    ဟန်ရေးတပြပြ နေရတယ်
    အမျိုးမတူ အရောင်မတူသူတွေနဲ့လည်း
    အလွမ်းသင့်အောင် ကြိတ်မှိတ်ပေါင်းရသေးတယ်
    အချိန်တန်ရင် ဗိုက်တာမင်အတုတွေ အဖြည့်ခံနေရပြီး
    ရင်သပ်ရှုမော အဆာပလာ တွေ ၀န်းရံနေလည်း
    လေးဘက်လေးတန် ပိတ်နေတဲ့
    အဲဒီရုပ်ဝတ္ထုတွေက ငါ့အိမ်မှမဟုတ်တာ
    အဆိုးဆုံးကတော့
    ဟို ထွက်ပေါက်လိုလိုဘာလိုလိုနဲ့
    ထွင်းဖောက်မြင်အောင်လုပ်ထားတဲ့ အရာတစ်ခု
    အမှတ်မရှိတဲ့ငါ မျှော်လင့်ချက်နဲ့ ထွက်ပြေးမိတိုင်း
    နံရံပဲ ၀င်ဝင်တိုက်နေတော့ နာနာကျင်ကျင် နောက်ဆုတ်ပြန်ခဲ့ရတယ်။


    ပန်ဒိုရာ
    ၄၊၆၊၂၀၀၇

    http://pandora-and-pandora.blogspot.com/2007/06/blog-post_05.html

    ReplyDelete
  7. ပန်ပန်ရေ...

    ကဗျာချင်း...အဲဒီ့ကတည်းက ညီအမ တော်နေကြတာပါလား...

    ကြည်နူးစရာ တိုက်ဆိုင်မှုတစ်ခုပါပဲ..

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. မကြီးရေ ဒီကဗျာလေးကို နှစ်ခြိုက်စွာ ပြန်ဖတ်သွားတယ်။
    အကြိုက်ဆုံးကဗျာတွေထဲမှာ ဒီကဗျာက ထိပ်ဆုံးကပါတယ်။ အဲဒီ့နေ့မတိုင်ခင်တစ်ရက်ကိုလည်း ထပ်ဖတ်ချင်သေးတယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  10. ဒုတိယတခေါက်ပြန်ခံစား
    သွားတယ်...မရေ.....

    ReplyDelete
  11. မရေ..

    ဘ၀သေးသေးလေးထဲမှာ....အလူးလူး...အပြေးပြေး...
    လှုပ်ရှားသက် ၀င်နေရသမျှ...
    ဘယ်လာ...ငါး..အရာမြောက်ပါတော့မလဲ...တဲ့လား။

    မယ်လည်း...အိမ်ငါး။ ဖန်ချောင်ထဲက မလူးမလွန့်သာ ငါး။
    စည်းထဲက ငါး။ဘောင်ထဲက ငါး။
    ကြောက်တတ်လွန်းတဲ့ငါး။
    ကိုယ့်စိတ်နဲ့ကိုယ် တံတိုင်းလုပ် ...ပင်လယ်ကို ထွင်းဖောက်မကြည့်နိုင်တဲ့ ငါးပါ။

    အဆုံးမဲ့ချစ်တဲ့
    မယ်ကိုး

    ReplyDelete
  12. အိမ်..ငါးလိုတော့

    ဘဝသေးသေးလေးမှာ အလူးလူးပြေး

    လှုပ်ရှားသက်ဝင်နေတဲ့ ဘဝကို မလိုချင်ဘူး...


    ဖြစ်ချင်ရာဖြစ်

    လွတ်လပ်တဲ့ဘဝမှာပဲ


    ဖြစ်သလိုနေလိုက်ချင်တယ်...

    အတုဆိုတာတွေ ရဲ့ အဝေးဆုံးမှာ...

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  13. တခြား ကဗျာတပုဒ်သာ ရွတ်ပြခဲ့ရင် ဒီလောကထဲ ကျနော်ပြန်ခြေချမိမှာမဟုတ်ဘူး..
    စားလုံးရွေးချယ်မှု...အစီစဉ်တကျတင်ပြမှု..
    ကဗျာရဲ့အသက် အကြောင်းအရာဆီ ဦတည်မူ..
    နောက်ဆုံး အသံထွက်ရွတ်ဆိုတဲ့အခါ ထောက်မနေခြင်း အရာရာနဲ့ပြည့်စုံနေတဲ့ ဒီကဗျာလေးက...မင်းသုခိုင် ဆိုတဲ့ ကျနော့်ကို
    မင်းသုခ အဖြစ်မွေးပေးလိုက်တာပါ...
    “အိမ်ငါး” တဲ့
    .......
    တလက်စထဲဗျာ... ကဗျာချစ်သူများ ..ကဗျာဖန်တီးသူများ...များများပွတ်မှ အရောင်ထွက်ပိုလှတာပါ...ကျနော်နဲ့ မသိ ပါဘူး..တခါမှလဲ စကားမပြောဖူးပါဘူး..
    ဖြစ်နိုင်ရင် ကိုယ်ဖန်တီးထားတာတွေကို တကယ်ထောက်ပြနိုင်တဲ့ “ကိုညီဇေ” လို
    ခံစားပေးနိုင်သူတွေ ဖိတ်ခေါ်စေချင်တယ်..
    ကဗျာရေးသူရဲ့ ခံစားချက်နဲ့ တထပ်ထဲကျဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်..ဒါပေမဲ့ အနီးစပ်ဆုံးကြည့်နိုင်တဲ့ ထောင့်မှာရပ်နေနိုင်တဲ့ ပညာရှင်ပါ...
    နောက်တစ်ယောက်က ကို Zephyr..
    သူက အားနာတာလားမသိဘူး တင်ပိုကိုချချပစ်တတ်တယ်..နှမြောစရာကောင်းပါတယ် ဆရာ ..ကဗျာကိုချစ်ရင်အားမနာပါနဲ့ ဆက်လုပ်စေချင်ပါတယ်...မကြိုက်တော့လဲ နောက်မမန့်နဲ့ပေါ့...သမိုင်းဆိုတာ ဖြတ်ခဲ့တဲ့
    အတိတ်ခြေရာတွေပဲဗျာ ..ဆရာ့ကိုလဲ လက်ကုန်မြင်ချင်ပါတယ်...
    ...လေးစားစွာဖြင့်

    ReplyDelete
  14. “ပန်ပန်ရေ...

    ကဗျာချင်း...အဲဒီ့ကတည်းက ညီအမ တော်နေကြတာပါလား...”

    အစ်မ ကျွန်တော်လည်း “ချစ်သူလက်ခုပ်ထဲက ငါး”
    ကဗျာရေးဖူးတယ်လေ..ကျွန်တော့်ကိုလည်း ကဗျာချင်း မောင်နှမ တော်ပေးဦးနော်..(ဝင်ရစ်သွားသည်...:P)

    ReplyDelete
  15. တော်ပါတယ်...လင်းဒီပရယ်...

    နင်နဲ့က

    ကဗျာမှာရော...အပြင်အလုပ်မှာရောပေါ့...

    မတော်ချင်မနေရတော်နေရတော့တာ....း(

    ReplyDelete
  16. ငါးမျိုးစပ်နေကြပါလားကွယ်ရို့..

    ReplyDelete
  17. သုံးခါပြန် လာဖတ်ပြီးနောက်မှာ စဉ်းစားမိတယ်..။ တခါတလေ.. အဲဒီမှန်အိမ်ထဲက ငါးဘ၀မှာ သက်သောင့်သက်သာနဲ့ ဒါကိုပဲ သူ့တကယ့်ဘ၀လို့ ငါးက ကျေနပ်နေနိုင်တာမျိုးလည်း ရှိမှာလို့..။ တကယ်လို့ သူက မှန်အိမ်ထဲမှာပဲ မွေးခဲ့.. ကြီးခဲ့...။ ပြီးတော့ သူက တကယ့် သဘာဝရေပြင်ကျယ်ဆီကိုလည်း မရောက်ဖူး.. မမြင်ဖူး.. မသိဖူးဘူးဆိုရင်ပေါ့...။

    ReplyDelete
  18. ဟုတ်တာပေါ့..မမရယ်...

    အဲသလို ကျေနပ်နေပျော်နေမယ့် ငါးတွေလည်း အများကြီးပေါ့...လက်ရှိဘ၀က ဟုတ်လှပြီပေါ့လေ....

    ReplyDelete
  19. ကျနော်က သီချင်းနားထောင်ရင်လည်း Theme တူရာ တူရာလေးတွေကို တွဲပြီး နားထောင်တတ်တယ်။ ကဗျာတွေဆိုလည်း တူရာ တူရာလေးတွေကို တွဲ ဖတ်တတ်တယ်။ ဒီအကျင့် စ ဖြစ်လာပုံက ငယ်ငယ်တုန်းက အထက်တန်းကျောင်းသားပေါက်စ အရွယ်လောက်ကတည်းက မဂ္ဂဇင်းကဗျာတွေကို ဗလာစာအုပ်အလွတ်တွေရှာပြီး ကူးရေးခဲ့မိတယ်။ ကူးရေးရင်း ရေးရင်းနဲ့ ကြာလာတော့ တူရာ တူရာ အုပ်စုလေးတွေကို သတိထားလာမိတယ်။ အဲဒီလို တူရာလေးတွေကို တွဲဖတ်မိရာက ကဗျာတစ်ပုဒ်ချင်းစီရဲ့ နောက်ကွယ်မှာ ပုန်းနေတဲ့ ကဗျာဆရာကို မြင်လာမိခဲ့တယ်။ နောက်ပိုင်း မဂ္ဂဇင်းတွေ ဖတ်ရင်းက ဆရာမောင်သာချိုရဲ့ ကဗျာခံစားမှုဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့မိရာကစလို့ ကဗျာလေးတွေထဲမှာ ရှိတဲ့ ကြောင်ကလေးတွေအကြောင်းကို ဆရာက ဆရာဇော်ဂျီရဲ့ “ကြောင်မနက်ပြာ”နဲ့ ဆရာမောင်သွေးသစ်ရဲ့ “ကြောင်မမိသည်း”ကဗျာ ၂ ပုဒ်ကို နှိုင်းယှဉ်ပြရင်း နောက်ဆုံးအချုပ်မှာ “ခေတ်မတူရင် အဖြစ်တွေ မတူကြ။ အဖြစ်တွေ မတူတော့လည်း ခံစားချက်တွေ မတူကြ။ ခံစားချက် မတူတော့လည်း ဒါကိုဖွဲ့တဲ့ ကဗျာတွေ မတူကြ။ ... ... ... ” လို့ သုံးသပ်ပြခဲ့တာကို ဖတ်မိပြီး ပိုစွဲသွားပါတယ်။ နောက်ပိုင်း ဆရာရဲ့ ပင်လယ်ဝသို့ လှေကလေးနဲ့ထွက်ခဲ့ စာအုပ်မှာမှ ၁၉၉၇၊ ဇန်န၀ါရီလထုတ် မြားနတ်မောင် မဂ္ဂဇင်းမှန်း သိရပါတယ်။ အဲဒီနောက်ပိုင်းတော့ ကြောင်လေးတွေနဲ့ဆိုင်တဲ့ ကဗျာတွေကို သတိထားဖတ်ခဲ့ပါတယ်။ ခေတ်မတူရင် ကဗျာတွေ မတူသလို ယဉ်ကျေးမှုနဲ့ ရေမြေ မတူလို့ အဆင်ကွဲ အသွင်ကွဲနေတဲ့ ကြောင်လေးတွေကိုလည်း သတိထားမိလာပါတယ်။ အဲသလိုပဲ နွားတွေ၊ အိမ်တွေ၊ မိသားစုတွေ၊ သစ်ပင်တွေ၊ မိုးတိမ်တွေ၊ပင်လယ်တွေ၊ မြစ်တွေ၊ ငါးတွေ ... ... ... စသည်ဖြင့် တူရာ တူရာလေးတွေကို တခုတ်တရ သတိထားမိလာခဲ့ပါတယ်။ အခု (ဆရာ)ကိုမြင့်မိုးအောင်ရဲ့ ငါး ကဗျာနဲ့ အစ်မ အိန္ဒြာရဲ့ အိမ်ငါး ကဗျာဟာလည်း ကျနော် တွဲဖတ်ခဲ့တဲ့ ငါးစီးရီးထဲက ကဗျာလေးတွေပါပဲ။ ဒီအကြောင်းလေးတွေကို ပို့စ်ရေးမယ်လို့ ကြံနေတာ နှစ်တွေချီနေပေမယ့် ကျနော် ရေးနေတဲ့ စုံစီနဖာအရပ်မှာ တင်ရမှာ နှမြောပြီး ကဗျာပိုင်ရှင်တွေကို အားနာလို့ရယ်၊ နောက်ထပ် ရေးမယ့် ဘလော့ဂ်မပြီးခင် မွေးဖွားလာမယ့် ငါးအသစ်လေးတွေကို စောင့်နေတုန်းမှာ အခု သူ(ဒေါ်အိန္ဒြာ)ဦးသွားလို့ ကျနော့်တင်မယ့် ပို့စ်ကိုဖျက်ပြီး ကဗျာပိုင်ရှင်ဖြစ်တဲ့ ဆရာမဒေါ်အိန္ဒြာကိုပဲ ဦးစားပေးလိုက်ပါတယ်။ :(
    (ကဗျာကို အမာခံအားပြုပြီး ဘလော့ဂ်ရေးနေတဲ့ သူ့ကို လေးစားလို့လည်း ပါပါတယ်။) နောက်ထပ် ပြည်တွင်းဖြစ် ငါးလေး ၂ ကောင် လက်ဆောင်ပေးလိုက်ပါတယ်။ ငါးလေးတွေရဲ့ အရသာကို ခံစားရင်း စိတ်အာဟာရ ဖြစ်ကြပါစေ ... ... ...

    “ငါး”

    ဒီဘ၀အပြင်
    ဘယ်ဘ၀က ပိုကောင်းဦးမလဲ။
    မရွေ့မလျား
    ငါတို့ ငြိမ်သက်နေတာ ငါတို့ ကူးခပ်ခြင်း။
    အပြေးအလွှား
    ငါတို့ကူးခပ်နေတာ ငါတို့ပျံသန်းခြင်း။
    စိတ်ကို လျှော့လည်း
    ကိုယ်ကပေါ့မသွား။
    တကယ်တမ်း
    ရေကိုထမ်းထားရသော_ ပွင့်ချပ်ကတစ်ဖက်တည်း။ ။

    ခင်ဇော်မြင့်
    (မြားနတ်မောင်)

    ********************

    “ငါး”

    တစ်ဘ၀လုံးလုံးလိုလို
    ငါးရယ်လို့ တစ်ကောင်တစ်လေမှ မမိ
    ကြည့်
    မိမယ့်မိတော့ စကြ၀ဠာကြီး
    အပေါ်ဆွဲတင်လိုက်တော့
    ငါ့ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
    သက်တန့်ဖြစ်သွား
    ငါ့ကို ပြန်မျှားခဲ့ပေါ့။ ။

    မောင်ချောနွယ်
    (ငှက်ဆိတ်တဲ့သစ်စည်းစာအုပ်မှ)

    **********************
    ကိုကြီးသုရေ... အနုပညာဝမ်းစာဆိုတာ သိပ်အရေးကြီးပါတယ်။ ကျနော့်လို့ ၀မ်းစာမပြည့်ဝတဲ့ကောင်ကို ပညာရှင်လို့တော့ မနောက်ပါနဲ့ဗျာ...။ ပညာရှင်တွေ ရယ်(ရီ)နေပါ့မယ်။ ကျနော်က လေရှည်လွန်းလို့ မမန့်တာပါ။ ရေးရင်းက ဇာတိပြလာလို့ အရှက်ရနေမှာ စိုးလို့လည်း ပါတာပေါ့။ ဒါပေမယ့် အမြဲ လာဖတ်ပါတယ်။ တစ်ခြား ငါးကဗျာလေးတွေရှိရင်လည်း မျှပေးကြပါဦး ... ... ...

    ReplyDelete
  20. ရေကိုထမ်းထားရသော ပွင့်ချပ်ကတစ်ဖက်တည်း။ ။

    ReplyDelete
  21. ညီဇေ..ငါးကဗျာတွေ လက်လှမ်းမှီသမျှလိုက်စုပြီး..
    ငါးတွေချည်း တင်ဖို့လုပ်နေတုန်း..တိုက်တိုက်ဆိုင်ဆိုင်..
    ငါးကဗျာ ၂ပုဒ်လက်ဆောင်လာပေးတာ ကျေးဇူးတင်လိုက်တာ...။

    ခံစာမှုဆောင်းပါးပုံစံကတော့ နင်ပဲရေးပေးပါလား..
    ညီဇေရေ..အမကတော့...မရ....

    အခုစုနေတယ်..စနေ တနင်္ဂနွေလောက်တော့ တင်မယ်
    လိုင်းလဲတက်လာပါဦး...ဟ
    ဟင်္သာတအကြောင်းလေး..ဘာလေးပြောရအောင်

    ReplyDelete