October 30, 2009

အမဲလိုက်အက

မြို့ပြလို့ပြောလည်းပဲ
အမှန်တကယ်တမ်းတော့
တောနက်ကြီးတစ်ခုလိုပါပဲ
နိုင်သူစားစတမ်းပေါ့
ရှုံးနိမ့်ခြင်းကချုံခိုစောင့်ဆိုင်း
ထောင်ချောက်တံခါးဖွင့်သံတွေ
ရှပ်ကနဲ …
လေတိုးသံတစ်ချက်က
မြားတစ်စင်းများ ဖြစ်နေမလား
စိုးရိမ်ရ …
မျက်တောင်မခတ်စတမ်း
ခလုတ်မောင်းဖြုတ်သံပဲ နားစွင့်နေရ
ဒီလိုပဲ နေသားကျခဲ့
အသက်မှန်မှန်ရှူရင်း …

ငါကိုယ်တိုင်မသေချာတယ်
ဘယ်လိုများလဲ …
မုဆိုးဖြစ်လိုက် သားကောင်ဖြစ်လိုက်
တစ်ချက်ကလေးမှ
တွေဝေချိန်မရပါလား
ဝင်လာတဲ့ဓားသွားတွေက … မြန်တယ်
ရက်စက်တယ် …
ဒီလိုပဲ ဆောင်ဓားတစ်လက်လည်း
ဓားအိမ်ထဲပြန်ဝင်ခွင့်မရခဲ့
ထိုးခုတ်သတ်ပုတ်ရင်း …
လိုက်ရင်းပြေးရင်း …

အမဲလိုက်အက
စင်မြင့်ထက်က ရှုံးတဲ့သူလဲကျမယ်
အမဲလိုက်အက
ခွန်အားရှိမှ ဆုတံဆိပ်တွေရလိမ့်မယ်

ဆင်လိုလို သမင်လိုလို
လူတွေကြားထဲ
ကျားရဲဖြစ်မှရှင်နိုင်မယ်
မျက်နှာဖုံးတွေအောက်က အစွယ်တွေက
ဝင်လာသမျှ အသေ …
သူတို့ကိုယ်သူတို့ အဲဒီလိုသွေးကြတယ်တဲ့
ဒီလိုပဲ ဖတ်ခဲ့ရတဲ့ သင်ခန်းစာ …
ကျုပ်မြင်ကွင်းထဲ ဝင်လာသမျှဟာ နေဝင်တယ်

ခွာရာတွေနာကျင်ပါစေ
ခံနိုင်ရည်မွေးထား
အတုံ့အလှည့်များတဲ့
ဒီမြို့ထဲ …
ဒဏ်ရာဗရပွနဲ့
သွေးအလိမ်းလိမ်းနဲ့
ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မလဲ

ကဲ … အခု
ဘယ်သူ့အလှည့်တုန်း …
လေးညှို့ကိုဆွဲတင်လိုက်တယ်
ကတိုက်ကရိုက် …။ ။

မြင့်မိုးအောင်

15 comments:

  1. အမဲလိုက်အက...
    လေးညှို့ကိုဆွဲတင်လိုက်တယ်
    ကတိုက်ကရိုက်ပေမယ့်
    ကျွမ်းကျင်သေသပ်စွာ
    ...........

    ReplyDelete
  2. လေးဖြူဆိုတဲ့ "အမဲလိုက်အက" တော့ ဖတ်ဖူးတယ် အိန္ဒြာရ...

ုဝုန်းဝုန်းဂျမ်းဂျမ်း သီချင်းထက်... ကဗျာက ခံစားလို့ပိုကောင်းတယ်...

းဝ)

    ReplyDelete
  3. ကတိုက်ကရိုက် ဆွဲတင်လိုက်တဲ့ လေး..
    ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာက ကျနော့်ရင်ဝ
    အမြင်မလှတဲ့ ဘဝ
    ကျားရဲလဲ မဟုတ် ရွှေသမင်လဲ မမည်တဲ့
    အညတရ မျောက်ဘဝ...
    ဝင်လာသမျှ မြှားချက်တွေက မလှမပ
    ဒဏ်ရာဗရပွနဲ့
    အနာတရ.....
    အနာတရ...

    ဘယ်တော့မှ မပျောက်မယ့် အနာတရ....


    ချစ်ခင်လေးစားခြင်း များများများများစွာဖြင့်

    ဖိုးစိန်

    မျောက်မျောက်

    ReplyDelete
  4. ကဗျာ က အခုမှ ဖတ်ဖူးတာ အစ်မ ..
    ကျေးဇူးပါဗျာ ... ။။

    ReplyDelete
  5. ရေးထားတဲ့ ပုံစံလေးကို အရမ်းကြိုက်တယ် သီချင်းကို ခံစားပြီး အောက်ကနေ ကိုမြင်တဲ့ ပုံစံလေး ထည့်ရေးသွားတာ တော်တော်ကို ကြိုက်မိတယ် မမရေ
    ကျွန်တော့်အတွက် အတွေးသစ်လေး တစ်ခု ရလိုက်တယ် ကျေးဇူးပါ မမ ကဗျာလေး တင်ပေးတဲ့ အတွက် . . . .

    ReplyDelete
  6. ကဗျာကို အခုမှ ဖတ်ဖူးတယ်၊ ကျေးဇူးပါပဲ။ သီချင်းကိုလည်း ကြိုက်ပါတယ်။ ကဗျာက အရင် ဟုတ်တယ် မဟုတ်လား။

    ReplyDelete
  7. ချစ်မလေးရေ...

    လည်သူစားစတမ်းလောကကြီးကို ကြောက်ပေမယ့်
    ကျားလည်း မဖြစ်နိုင်။
    သမင်လည်း မဖြစ်ရဲ
    ဖိုးဖိုးလို မျောက်လည်းမဟုတ်တော့ ဘာလုပ်ရပ =)

    ReplyDelete
  8. အမဲလိုက်ရတဲ့ မုဆိုးလည်း မဖြစ်ချင်ဘူး
    မုဆိုးပစ်ခွင်းမဲ့ သားကောင်လည်း မဖြစ်ချင်ဘူး
    မြင်မြင်သမျှ အချဉ်ပါဟဆို
    မမြင်မစမ်းနဲ့ ရမ်းသန်းလှော်မဲ့လှေ
    အစုန်အဆန်မှာ တစ်နေကုန် လှန်လှော်တောင်
    ဘယ်ဆီ ဘယ်ဝယ်ရောက်မယ် မသိတဲ့ ခရီးမှာ
    အလျင်စလို လူတွေအတွေးကြား
    ကပ်ပါမျောနေမယ်ဆို င့ါခရီး အိုဘယ့်မနီး...
    သိုတည်း .......အမဲလိုက်အကနဲ့
    သားကောင်လိုက်ရမှာလား
    မုဆိုးဖြစ်ရမှာလား ..
    မရေရာဘူး သေချာနေတယ် ..
    ထိုထိုအတွေးကြားမှာပဲ ....
    အမဲလိုက်ခြင်းအကြောင်း သင်ယူနေဆဲ ..။

    ReplyDelete
  9. လေးဖြူသီချင်းတုန်းက ဆူညံလို့ သိပ်မကြိုက်သလို ရှိပေမယ့်လည်း စာသားတွေကို အလွတ်ရသွားတယ်...
    ခုလို ကဗျာနဲ့ ရောမွှေလိုက်တော့လည်း ပိုကောင်းသွားပြန်ရော..

    ReplyDelete
  10. ကဗျာတွေသိပ်ကောင်းပါတယ်ရှင်

    ReplyDelete
  11. ကဲ … အခု
    ဘယ်သူ့အလှည့်တုန်း …
    လေးညှို့ကိုဆွဲတင်လိုက်တယ်
    ကတိုက်ကရိုက် …။

    ကိုယ့်ဆရာလက်ချက်က ထက်ပါ့....

    ReplyDelete
  12. ဒီကဗျာဟာ ကိုမြင့်မိုးအောင် ရေးတဲ့ကဗျာ သေချာပြီဆိုရင်တော့ ပြောစရာက တစ်ခုပဲရှိတော့တယ်…။ ဒါ မြင့်မိုးအောင် အစစ်ရေးတဲ့ကဗျာ မဟုတ်ဘူး…။ ဒါ မြင့်မိုးအောင် အတု ရေးတဲ့ကဗျာပဲ…။ သူကိုယ်တိုင်လည်း ကိုမျိုးနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပဲ…။ မြင့်မိုးအောင်ရယ်လို့ ဖြစ်လာတာ ဘယ်သူ့ကြောင့်လဲ…ဆိုတော့ ကျွန်တော် အစစ်မဖြစ်သေးပါဘူး။ အခုတွေ့မြင်နေရတာ ကျွန်တော်အတုပါ…တဲ့။ အောင်မြင်တဲ့သီချင်းရေးဆရာ ဘ၀သာ မရခဲ့ရင် ကိုမြင့်မိုး ဘာဆက်လုပ်ဖြစ်မလဲ…ဆိုတော့ မအောင်မြင်မှပဲ ကျွန်တော်အစစ် ဖြစ်လာမယ်ထင်ပါတယ်…တဲ့။ ဒီလို သူလည်း ဖြေခဲ့ဖူးတယ်…။ ကျနော်တော့ မအောင်မြင်သေးခင်က မြင့်မိုးအောင်ကို အရူးအမူးကြိုက်တယ်…။ အဲဒီတုန်းက သူအနုပညာတစ်ခုခု ဖန်းတီးနေရင် သူ့မျက်ဝန်းတွေထဲမှာ ကောင်းကင်ဘုံကို မြင်နေရသလိုပဲ…။ အခု ကဗျာထက်စာရင် အမဲလိုက်အက ကဗျာအက်ဆေးကို ပိုကြိုက်တယ်…။ ပုံနှိပ်စာလုံးတွေနဲ့ ဖတ်ရတာထက် သူလက်ရေးမူနဲ့ ကဗျာစာအုပ်ကို ဖတ်ရတာ ပိုအရသာရှိတယ်…။ ဒါပေမယ့် တစ်ခုရှိတာက အခု ဒီအမဲလိုက်အက ကဗျာကိုရေးပြီးမှ အမဲလိုက်အက သီချင်းကို ကိုဇော်လတ် ရေးခဲ့တာဆိုရင်တော့ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုနဲ့ သူ့ရဲ့ ဖန်တီးမှုကို အလေးအမြတ်ပြုရမှာပဲ…။ ဒီကဗျာကို ဖတ်ပြီးတော့ အောင်မြင်ကျော်ကြားမှုနဲ့ ငွေကြေးဆိုတဲ့အရာတွေဟာ အဆင့်မြင့်နှလုံးသားတွေကိုတောင် ပုပ်သိုးစေတတ်တယ်ဆိုတဲ့ သင်ခန်းစာကောင်းတစ်ခုကို သင်ယူခွင့်ရခဲ့တဲ့အတွက်တော့ မအိန္ဒြာ၊ ကိုလူဇော်သစ်၊ ကိုသစ်ကောင်းအိမ်တို့ ကျေးဇူးတင်မိပါတယ်…။ ကိုမြင့်မိုးတစ်ယောက် သူရွံရှာတဲ့ ငွေကြေးတွေ၊ အောင်မြင်ကျော်ကြားမှုတွေနဲ့ ပြတ်ပြတ်သားသားလမ်းခွဲပြီး၊ သူမြတ်နိုးတဲ့ အနုပညာကို ကိုယ်၊စိတ် ချမ်းသာစွာ သန့်သန့်စင်စင် ဖန်တီးနိုင်ပါစေလို့… … …

    ReplyDelete
  13. သီချင်းကိုတော်တော်ကြိုက်တာ..
    ကဗျာကခုမှဖတ်ဖူးတယ်..
    တမျိုးစီကောင်းလိုက်တာ...

    ReplyDelete
  14. ကဗျာလေးဖတ်နေရင်း
    နားစည်ထက်မှာ လေးဖြူသီချင်းသံလေးက
    အတိုင်းသားကြားနေရသလို...

    ခင်မင်စွာဖြင့်

    ပန်းခင်းလေး

    ReplyDelete
  15. အော် ညီဇေ ညီဇေ

    မြင့်မိုးအောင်နဲ့ ဘယ်လိုရင်းနှီးကြောင်းကို စာတတန်ပေတန်နဲ့ ဖော်ပြနေသေးတယ်။

    "ဒီကဗျာဟာ ကိုမြင့်မိုးအောင် ရေးတဲ့ကဗျာ သေချာပြီဆိုရင်တော့ ပြောစရာက တစ်ခုပဲရှိတော့တယ်…။ ဒါ မြင့်မိုးအောင် အစစ်ရေးတဲ့ကဗျာ မဟုတ်ဘူး…။ ဒါ မြင့်မိုးအောင် အတု ရေးတဲ့ကဗျာပဲ…။ သူကိုယ်တိုင်လည်း ကိုမျိုးနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပဲ…။ မြင့်မိုးအောင်ရယ်လို့ ဖြစ်လာတာ ဘယ်သူ့ကြောင့်လဲ…ဆိုတော့ ကျွန်တော် အစစ်မဖြစ်သေးပါဘူး။ အခုတွေ့မြင်နေရတာ ကျွန်တော်အတုပါ…တဲ့။ အောင်မြင်တဲ့သီချင်းရေးဆရာ ဘ၀သာ မရခဲ့ရင် ကိုမြင့်မိုး ဘာဆက်လုပ်ဖြစ်မလဲ…ဆိုတော့ မအောင်မြင်မှပဲ ကျွန်တော်အစစ် ဖြစ်လာမယ်ထင်ပါတယ်…တဲ့။"

    ဒီစာပိုဒ်အရ
    အနုပညာသမားဆိုတာဘာလဲ။ ကဗျာဆရာဆိုတာ ဘာလဲ ထမင်းငတ်မှ ကဗျာပီသမှာလား။ အနုပညာဆိုတာ ဆင်ရဲသားတွေပဲ ကိုယ်စားပြုတာလား
    ဆိုလိုချင်တာက ဘာလဲ မအောင်မြင်မှ အနုပညာဂုဏ်မြောက်မှာလား၊ ကဗျာဖြစ်မှာလား။ အနုပညာဆိုတာ မအောင်မြင်သေးတဲ့လူတွေရဲ့ ကြွေးကြော်သံလား
    မဆိုင်ဘူးထင်တယ်။ ခင်ဗျားတို့ပြောပုံက မြင့်မိုးအောင် စစ်တာ မစစ်တာက မြင့်မိုးအောင် စစ်အောင်လုပ်တာ မလုပ်တာနဲ့ ဆိုင်တယ်
    အနုပညာ မြောက်တယ် မမြောက်ဘူးဆိုတာက အနုပညာကို ဖန်တီးတဲ့သူရဲ့ စေတနာနဲ့ပဲ ဆိုင်တယ် ထမင်းစားရေသောက်ပါပဲ
    ကြီးကြီးကျယ်ကျယ်မှ မဟုတ်တာ။ အောင်မြင်ကျော်ကြားမှုနဲ့ ငွေကြေးတွေက အဆင်မြင့်နှလုံးသားကို ပုပ်သိုးစေတတ်တယ်ဆိုတဲ့ စကားလုံးက
    လှပါတယ်။ ပုပ်သိုးအောင်လုပ်တာ ငွေကြေးနဲ့ အောင်မြင်မှုမှ မဟုတ်တာ ယစ်မူးချင်တဲ့စိတ်ပဲ။ အနုပညာကို ဖန်တီးချင်စိတ်က အောင်မြင်သွားရင်
    ဖျော့သွားတာကလည်း ဖန်တီးတဲ့သူနဲ့ဆိုင်တယ်။ ဘယ်အချိန်ဘယ်နေရာ ဘာတွေဖြစ်ဖြစ် သူ့အနုပညာကို သူတန်ဖိုးထားပြီးဖန်တီးရင် ဘာမှ ပြောစရာမလိုသလို
    မြင့်မိုးအောင်ဟာ မြင့်မိုးအောင်လို အလုပ်လုပ်ရင် ဘယ်အချိန်ဖြစ်ဖြစ် မြင့်မိုးအောင်ဖြစ်နေမှာပဲ။ အထွေအထူးပြောစရာမှ မရှိတာ။

    'ကိုမြင့်မိုးတစ်ယောက် သူရွံရှာတဲ့ ငွေကြေးတွေ၊ အောင်မြင်ကျော်ကြားမှုတွေနဲ့ ပြတ်ပြတ်သားသားလမ်းခွဲပြီး၊ သူမြတ်နိုးတဲ့ အနုပညာကို ကိုယ်၊စိတ် ချမ်းသာစွာ သန့်သန့်စင်စင် ဖန်တီးနိုင်ပါစေလို့… … …'

    ငွေကြေးမရှိရင် ဘယ်လို သုံးစွဲမလဲ။ မယစ်မူးဖို့ပဲလိုတယ် ..အနုပညာ ဖြစ်ခြင်း မဖြစ်ခြင်းက ငွေကြေးနဲ့မှ မဆိုင်တာ ဖန်တီးလိုစိတ်နဲ့ ဖန်တီးမှုအားနဲ့ပဲဆိုင်တယ်လို့ မြင့်တယ် ဒီနေရာမှာကတော့

    ခင်ဗျားနဲ့ မြင့်မိုးအောင်နဲ့ ရင်းနှီးကြောင်းဆိုတာကတေ့ လူသိရှင်ကြားဖြစ်တာပေါ့ဗျာ။

    မတိုက်ဆိုင်ရင်တော့ အမြင်ချင်း ကွဲလွဲခြင်းလို့ သတ်မှတ်လိုက်ပေါ့။

    ReplyDelete