November 15, 2009

နွားရိုင်းဂီတ



မီးတောင်တစ်လုံး ၀ုန်းကနဲ ပေါက်ကွဲသွားသလို
မီးကျည်းမီးခဲတွေ အရှိန်နဲ့ ပန်းထွက်လာသလို
ချော်ရည်ချော်သားတွေ တပွက်ပွက်ဆူနေသလို
အဲဒီပုဝါစလွင့်တိုင်း
သူ့ဒေါသတွေ ၀ုန်းဒိုင်းဆန်နေခဲ့..။

အမြင်အကြည့်တိုင်းမှာ
အနီတွေ တရဲရဲပွင့်လို့..။

ဒါဟာ သူ့အတွက်
စိတ်အပန်းဖြေရုံသက်သက် သည်းထိတ်ရင်ဖိုပြကွက်မဟုတ်
အလျော်အစား ငွေကြေးနဲ့ စွန့်စားခန်းသရဖူမဟုတ်..
ရိုးရာယဉ်ကျေးမှု အသက်သွင်းဆက်ခံခြင်းအနုပညာမဟုတ်
ဒါဟာ
သူ့အတွက်
အတုံ့အလှည့်
ရန်ကြွေး
ဘ၀ချင်း အလဲအထပ် စစ်မြေ စစ်တလင်းသာဖြစ်တယ်.။

သူ့မှာ
မေ့ဆေးသေနတ်မရှိ
လှည့်ဖြားသွေးဆောင်ခြင်းပရိယာယ်မရှိ
ထူးခတ်ကျုံးသွင်းခြင်းနည်းနာမရှိ
ပိတ်လှောင်ထူထဲတဲ့ ထောင်နံရံတွေမရှိ
ကြီးမားမြဲမြံတဲ့ သံခြေကျင်းတွေမရှိ
အထူးတန်းပွဲကြည့်စင်နဲ့ အသင့်အနေအထားလက်ဖြောင့်တပ်သားမရှိ
ညာသံပေးဂီတနဲ့ ယစ်မူးရှတ ရှန်ပိန်ညတွေမရှိ

မရှိ
သူ့မှာ...
ဘာဆို...ဘာ...မှ...မ..ရှိ...
သူ့လျှင်မြန်မှုတွေသာ သူ့သက်စောင့်ဒေ၀တာ
သူ့ကြွက်သားတွေသာ သူ့သစ္စာ
သူ့ရုန်းထွက်လွတ်မြောက်လိုခြင်းသာ
သူ့နှာသီးဝမှာ တ..ဟူး..ဟူး.ပြင်းပြတုန်ခါလို့..

အနိုင်အရှုံးဆိုတာ သူ့အတွက်
အသေထွက်ချည်းလဲဖြစ်နိုင်ချိန်..

အနီတွေ တ ရဲ ရဲ ပွင့် နေ ပြီ
သူ့ကျောပေါ်
သူ့စိတ်ပေါ်..
သူ့ဘ၀ပေါ်..
စီးနင်းကျူးကျော်သမျှအားလုံး..
ဒီကနေ့
ဟောဒီ့ကွင်းပြင်စိမ်းပေါ်ကို..
အပြီးသတ်ခါချပစ်လိုက်ဖို့......

အသင့်အနေအထား
သူ့သိက္ခာတရားက
သူ့ချိုဖျားမှာ တည်နေတယ်..။

အိန္ဒြာ(၁၀.၁၁.၂၀၀၉)

ခရီးထွက်ခါနီး မအားလပ်တဲ့ကြားက
အသံပါပူးတွဲခံစားလို့ရအောင် အသံထွက်တဲ့ ကဗျာအဖြစ်
နွားရိုင်း ဂီတ ကို ခံစားရွတ်ဆိုပေးခဲ့တဲ့

ကိုရင်နော်
ကို
ကျေးဇူးအထူး တင်ပါတယ်..။

25 comments:

  1. ရန်သူ့ဘက်က နိုင်နိုင်ရှုံးရှုံး လက်ခုပ်သံ။ ဂရုဏာ။ သူရဲကောင်းဘွဲ့လက်မှတ်အားလုံးရရှိပြီး နွားရိုင်းအတွက်တော့ နိုင်နိုင်ရှုံးရှုံး သားသတ်ရုံပဲရှိတဲ့ လူယဉ်ကျေးတွေရဲ့စိတ်အယားဖြေပွဲမှာ ကိုယ်က နွားရိုင်းဘက်က တဦးသောပရိသတ်

    သစ်ကောင်းအိမ်

    ReplyDelete
  2. သို့ အိန္ဒြာ

    မီးတောင်တစ်လုံး ပေါက်ကွဲသွားသလို အရှိန်နဲ့
    ပွက်ပွက်ဆူနေသလို ချော်ရည်ချော်သားတွေ
    မီးကျည် မီးခဲ ပန်းထွက်လာသလို
    အတုံ့အလှည့်
    ရိုးရာယဉ်ကျေးမှု အသက်သွင်း ဆက်ခံခြင်း အနုပညာမဟုတ် ရန်ကြွေး
    ဘ၀ချင်း အလဲအထပ် စစ်မြေ
    စစ်တလင်းသာဖြစ်တယ် သူ့မှာ
    ဘာဆို ...ဘာ..မှ..မ..ရှိ
    သိက္ခာတရားက သူ့ချိုဖျားမှာ တည်နေတယ်။

    *သတိထား။ ။

    ReplyDelete
  3. သူ့သိက္ခာတရားက သူ့ချိုဖျားမှာတည်နေတယ်...
    သူ့သိက္ခာတရားက သူ့ချိုဖျားမှာတည်နေတယ်.

    နှလုံးသားကို ထုတ်ချင်းပေါက်အောင် အထပ်ထပ်အခါခါ တုန်ခါသွားစေခဲ့........

    ReplyDelete
  4. တိရိစ္ဆာန်တွေက သတ်ကွင်းထဲ မှာ မာယာမပါဘူး ရိုးသားတယ်

    ReplyDelete
  5. နွားရိုင်းတစ်ကောင်ရဲ့ ဂီတ....
    အမကြီးရေ အသက်ပြင်းပြင်းရှိုက်ပြီး ဖတ်သွားတယ်ဗျာ..
    ဖိုးမောင်

    ReplyDelete
  6. မရေ ... ကဗျာလေးကို အသံလေးနဲ့ အတူ ထပ်တူခံစားသွားပါတယ်နော်။ ကဗျာလေးရဲ့ အနိမ့်အမြင့် အတက်အကျ မာန်တွေဟာ အသံနဲ့အတူ နားထောင်လိုက်မှ ပိုပြီးတက်ကြွ လာတယ်။

    သူ့မှာ ဘာဆို ... ဘာမှ ... မရှိ ပေမယ့် သူရဲ့ သိက္ခာတရားက သူ့ချိုဖျားမှာ ရှိနေတယ်တဲ့။ ဒီတော့ သူ့အတွက် လွတ်မြောက်ဖို့ ကြိုးစားမလား? ဒါမှ မဟုတ် အရှုံးပေးမလား?

    နွားရိုင်းဘက်မှာ ရပ်တည်နေတဲ့ ဟော့ဒီ ကွင်းပြင်စိမ်းပေါ်ကို မျက်တောင်မခတ် စိုက်ကြည့်ရင်း ဆုတောင်းပေးနေပါတယ်...။

    ခင်မင်လေးစားလျှက်

    ReplyDelete
  7. ဘဝတွေကို ထုတ်ချင်းပေါက်ခတ်ထုတ်ခံလိုက်ရတဲ့အတွက်
    သိက္ခာတရားနဲ့ရင်းပြီးခြေလိုက်ရတဲ့ကလဲ့စား ...
    ချိုဖျားမှာပွင့်တဲ့အနီ ...
    ဘယ်ပန်းချီရေးလို့မမီပေါ့ ...

    ReplyDelete
  8. ဒီည.မှာ.ဒီကဗျာနဲ့
    ကျနော်ရဲ့ သိက္ခာတရားကို
    နွားရိုင်းတကောင်ရဲ့ ဦးချိုပေါ် ကူးပြောင်းခဲ့ပါတယ်.

    ReplyDelete
  9. ကဗျာနဲ့ အသံကို ခံစားလိုက်တာ ကိုယ်တိုင် ကွင်းထဲ ရောက်သွားသလိုပါပဲ.....

    ReplyDelete
  10. ဖတ်ပါတယ် နားထောင်ပါတယ်

    ReplyDelete
  11. မကြီးရေ..
    နွားရိုင်းဂီတကို
    အသံထွက် ရွတ်ဆိုခွင့် ရလိုက်လို့..
    (ကိုယ်တိုင် ခတ်ခွင့် ရလိုက်လို့)
    ကျနော်ကလည်း ကျေးဇူးတင်ပါတယ်ဗျာ..။
    ရင်ထဲ အသေအချာ ရိုက်သွင်းဝင်ရောက်သွားတဲ့
    အမှတ်တရ ကဗျာလေးအဖြစ် အသေအချာ သိမ်းထားမယ်..။

    အနီတွေ တ ရဲ ရဲ ပွင့် နေ ပြီ

    စီးနင်း ကျူးကျော်သမျှ အားလုံး

    အပြီးသတ် ခါချ ပစ်လိုက်ဖို့

    သူ့ သိက္ခာ တရားက..

    သူ့ ချိုဖျားမှာ တည်နေတယ်

    သူ့ ချိုဖျားမှာ တည်နေတယ်....


    ကျနော် ပြန်လာဖြစ်ရင် ဆုံကြဦးမယ်..။

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
    >ကိုရင်နော်

    ReplyDelete
  12. အနီတွေ တ ရဲ ရဲ ပွင့် နေ ပြီ
    တစ်ဘဝလုံးစာ သိက္ခာ တရားဟာ
    နွားရိုင်းတစ်ကောင်ရဲ့ ချိုဖျားမှာ ...။

    အသက်နဲ့ ထပ်ထား ခဲ့ပါတယ် ..။
    ဂီ ... တ ...။

    ReplyDelete
  13. လှည့်ဖြားသွေးဆောင်ခြင်းပရိယာယ်မရှိ
    ထူးခတ်ကျုံးသွင်းခြင်းနည်းနာမရှိ
    တဲ့ နွားရိုင်းဂီတက
    တစ်ဖက်လှည့်ကြည့်တဲ့အခါ
    ကြေကွဲစရာ...

    ReplyDelete
  14. အသိအမှတ်ပြုခြင်းတွေအပေါ်မှာ မှီတည်မနေတဲ့
    ဂုဏ်သိက္ခာတရား ရဲ့ ဘာသာစကားကို နွားရိုင်းရဲ့ ချိုဖျားက စီးကျလာတဲ့ ဂီတသံက ပြောပြနေတယ်။

    ReplyDelete
  15. တချိန်က..........
    လူအစစ်တွေကပဲ ကွင်းပြင်ထဲမှာသတ်ပုတ်
    လူအစစ်တွေကပဲ အားရပါးရ
    ထိုင်ကြည့်ခဲ့ကြဖူးတယ်...

    "နွားရိုင်းဂီတ" ကတော့
    နက်နက်နဲနဲရေးထားတဲ့ကဗျာမို့
    နင့်နင့်နဲနဲ ခံစားရပါတယ်...

းဝ)

    ReplyDelete
  16. ကဗျာလေး ရေးထားတာ အရမ်းကို လေးနက်တယ် အမရေ..

    အသံထွက်ပါ နားထောင်လိုက်ရတော့ အရမ်းကို ပြည့်စုံပြီး အဓိပ္ပါကို ပေါ်လွင်စေပါတယ်..

    ကဗျာက အဓိပ္ပါယ်ရှိသလို ရေရွတ်သူရဲ့ အသံအနှိမ့်အမြင့် မာန်ပါမှုတွေကြောင့်.. ပိုပြီးလေးနက်သွားပါတယ်..

    ခင်မင်လေးစားစွာဖြင့်
    စည်သူ။

    ReplyDelete
  17. စိတ်ထဲမှာ စပိန်နွားရိုင်းသတ်ကွင်းထဲ ရောက်သွားတယ်..။
    ဖတ်ရင်း နားထောင်ရင်း တစ်လောကလုံးကို စိတ်နဲ့ ခွေ့ပစ်လိုက်တယ်..။
    လောကမှာ မာယာနည်းသူတချို့ဟာ နွားရိုင်းတွေပမာ...။

    ReplyDelete
  18. ကဗျာရော အသံရှင်ကြီးကိုပါ ဖီးလ်အပြည့်နဲ့ ခံစားသွားပါတယ်။

    ခင်မင်လျက်...
    မိုးမောင်

    ReplyDelete
  19. မိုးမောင်
    မောင်လေး
    စိတ်ထိမ်းကွယ်...
    ကိုယ့်ဗလကိုယ် အားနာမှပေါ့..ကွယ့်

    ReplyDelete
  20. ကဗျာတွေ လာဖတ်ပါတယ်

    ReplyDelete
  21. ကိုရင်ဒီကဗျာကိုရွတ်တုန်းက ကဗျာရဲ့ပါဝါတွေ သိပ်ပြင်းထန်လို့ သူတောင် ကရားတေးကီထိုင်သလို ထိုင်ပြီး အသံသွင်းခဲ့ရတယ်လို့ ပြောတယ်လေ။ အဲဒါကြောင့် အမလည်းအဲသလို ကီထိုင်ပြီးများရေးခဲ့သလားထင်လို့ ကျနော်ကလည်း ဖီးလ်အပြည့်နဲ့ ခံစားနားဆင်သွားတာပါဗျာ ဟဲ ဟဲ။

    မှတ်ချက်။ ။ကဗျာရေးရင် သက်တောင့်သက်သာရေးပါ။ :D

    အားကြီးခင်တဲ့..
    မိုးမောင်

    ReplyDelete
  22. ဒီအသံက ဦးနော် အသံလား အမ။

    နားထောင်လို့ကောင်းတယ်ရော။

    ကြည်လင်ပြီး ပြတ်သားတယ်။

    တကယ်ခံစားပြီ နားထောင်လိုက်ဖတ်မိတယ်။

    ရီနိုမာန်

    ReplyDelete
  23. ဟုတ်တယ် ရီနိုမန်
    ထူးအိမ်သင် လိုလိုဘာလိုလိုတစ်ယောက်လေ
    သူပဲ၇ှိတာ

    မိုးမောင်..မသိဘူးလေ..
    နင်က အရင်အကျင့်တွေမပျောက်သေးဘူးလားလို့ပေါ့ဟ

    ReplyDelete
  24. သူ့သိက္ခာတရားက သူ့ချိုဖျားမှာတည်နေတယ်..

    :) အဆင်ပြေပါစေ ကဗျာဆရာမရေ

    ReplyDelete
  25. တစ်ခါတစ်လေတော့လဲ...ကျွန်တော်တို့ဘ၀တွေ
    အဲဒီနွားရိုင်းလို... ရွေးစရာမရှိတဲ့လမ်းမှာ
    ပူးညပ်ပိတ်မိနေတက်ကြတယ်
    နွားရိုင်းတစ်ကောင်လို နှာမှုတ်၊မျက်စိစုံမှိတ်ပြီး
    တွေ့ကရာကို ထိုးခတ်ပစ်လိုက်ချစ်စိတ်တွေဖြစ်မိတယ်
    အစ်မရေ...ကဗျာလေး...ကောင်းတယ်ဗျာ...
    တွေးတက်..ရေးတက်လွန်းတဲ့အစ်မကိုတော့
    လေးစားအားကျမိပါတယ်......................
    ကဗျာကောင်းတွေ ဆက်လက်ရေးသားနိုင်ပါစေ။

    ReplyDelete