January 28, 2010

သားချော့တေး

သားရေ….
ငိုသံတွေကိုလမ်းခင်းပြီးမှ
မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်
အဲဒီလမ်းကို မလျှောက်လေနဲ့။

မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ပခုံးကို တက်နင်းပြီးမှ
မင်းဘ၀အထက်တန်းကျမယ်ဆိုရင်
အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။

မင်းရဲ့ယုံကြည်ချက်ကြောင့်
ဘ၀တွေပျက်
အိုးအိမ်တွေပျက်
မိသားစုတွေရဲ့ပျော်စရာအနာဂတ်တွေလည်း
ကြေကွဲပျက်စီးရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။

မသိနားမလည်သူ
လူတွေကိုလှည့်စားပြီးမှ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကိုလည်း မင်းမမက်မောလေနဲ့။

ဒီလောကကြီးမှာ
သစ်သီးကလေးတစ်လုံးသီးဖို့ 
အချိန်တွေအများကြီးယူရတယ်
ပန်းကလေးတစ်ပွင့် ပွင့်ဖို့
အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်
မြေနီလမ်းနံဘေးက
တောပန်းကလေးတွေကအစ ကြင်နာပါ
ဒုက္ခရောက်သူကို ဖေးကူပါ
လူ့ သိက္ခာကို စောင့်ရှောက်ပါ
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

ရိုးသားဖြူစင်သူတွေကို
တစ်ဖက်သတ်အနိုင်ယူပြီးမှ
မင်းရဲ့သရဖူကို ရမယ်ဆိုရင်
အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။

မိုဃ်းဇော်


သားကိုတင်မဟုတ်ဘဲ လူတိုင်းကိုယ့်ကိုယ်ကိုချော့ကြည့်သင့်တဲ့ ကဗျာတစ်ပုဒ်ပါ
ကဗျာဆရာမိုးဃ်းဇော်ရေးသမျှ ကြိုက်နှစ်သက်ရတဲ့ ကဗျာတွေထဲက တစ်ပုဒ်ပေါ့။
အကြိုက်ဆုံးက ရန်ကုန်ည ပါ ။ နည်းနည်းရှည်လို့ ရိုက်ပြီးရင်တင်ပေးပါဦးမယ်.။

15 comments:

  1. မိုက်တယ်။
    ဖြစ်သင့်တယ်

    ReplyDelete
  2. ဟုတ်ကဲ့ပါအစ်မ
    ကိုယ့်ကိုကိုယ် ပြန်ချော့သွားပါတယ်..။
    (ပူလောင်လွန်းလို့...လောဘတွေ ဒေါသတွေ မောဟတွေနဲ့..)

    ReplyDelete
  3. မမရေ ... သားချော့တေးလေးက ကောင်းလိုက်တာ ... လူတိုင်း အဲ့လိုစိတ်လေးတွေရှိရင်ကောင်းမယ်နော် မမ ...

    ReplyDelete
  4. မသိနားမလည်သူတွေကိုလှည့်စား ပြီးမှဇိမ်ခံခွင့်ရမယ်ဆိုရင် ဒီစည်းစိမ်ကိုလဲ မမက်ပါနဲ့

    ကောင်းလိုက်တဲ့စာသား

    ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိတယ်..

    ReplyDelete
  5. ဟုတ်ကဲ့အမေ.. (ဆရာ့ကိုပြောခြင်းမဟုတ်ပါ)
    :DDD

    ရန်ကုန်ညကိုတင်ပေးပါ။ ဖတ်ချင်နေပါသည်။။

    ReplyDelete
  6. တော်တယ်...ခေါ်ပေးမယ်လိုက်ရိုက်လေ...

    ReplyDelete
  7. ကိုမိုဃ်းဇော်ရဲ့ တခြားကဗျာလေးရောဟင်း))
    (သဘောပေါက်တယ်ဟုတ်) ..

    ReplyDelete
  8. သမီးရောမပါဘူးလား..ပါပါမပါပါကိုယ့်ဘာသာပြန်ချော့သွားပါတယ်
    :)

    ReplyDelete
  9. မမ တင်လိုက်ရမှာလား....း)

    ReplyDelete
  10. ကဗျာကောင်းလေးပါ။ကြိုက်နှစ်သက်စွာ ဖတ်သွားပါတယ်။
    ဒါနဲ့ စကားမစပ် ဆားကုန်သည်လုပ်နေတာလား။
    ဟဲ ဟဲ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  11. ကောင်းတယ် မမ။ သမီးလို့ အစားထိုးပြီး ဖတ်လိုက်တယ်း)

    ReplyDelete
  12. အရင်က ဖတ်ဖူးတယ်။ ပြန်ဖတ်ရတော့လည်း ကြိုက်ပါတယ်။

    ReplyDelete
  13. ကျနော် ခုတင်ထားတဲ့ ဝတ္တုထဲက MOE(G) ZAW MYANMAR FOOD CENTER ဆိုတာကိုတောင် သွားသတိရမိတယ်။

    ReplyDelete
  14. ချစ်မလေး ဆားချက်တော့လည်း စားရပါတယ် :P။ ဖတ်ရလို့ ကျေးဇူးပါနော်..:)

    ReplyDelete
  15. မြေနီလမ်းနံဘေးက တောပန်းလေးတွေကအစ ကြင်နာပါတဲ့လား ...

    ဖတ်ရင်းနဲ့ ရင်ထဲ နင့်နင့်ကလေးခံစားသွားရတယ် ..။
    ငယ်ဘ၀က စ ယခုချိန် ဖြစ်စဉ်တွေကို ပြန်လည်တွေးမိရင်း
    ချော့မြူတေးအဖြစ် ဆက်လက်ရပ်တည်ခွင့်တွေအဖြစ် ...
    ရေးခဲ့တဲ့ ဆရာနဲ့ ဖတ်ခွင့်ရအောင် တင်ပြပေးတဲ့ မကြီး ကို တန်ဘိုးထားလေးစားလျှက်ပါ .။

    မောင်လေး
    idulize(အရုပ်ကလေး)

    ReplyDelete