November 28, 2008

ဘ၀သင်ပုန်း


တစ်ဘ၀စာ လေ့ကျင့်သင်အံဖို့
အမေလက်ဆောင်ပေးခဲ့တဲ့ သင်ပုန်းချပ်ထဲမှာ
ကျွန်တော့်ရဲ့ ဥာဏ်ပညာတွေက ရင့်သန်လို့
ကျွန်တော်ရင့်သန်ပြီထင်နေတဲ့
ဥာဏ်ပညာပေါ်မှာ..
ကျွန်တော့်ချစ်ခြင်းတရားက စီးမိုးလို့..။

ကျွန်တော်အခါခါ ရေးခဲ့ဖျက်ခဲ့တဲ့
ကျောက်သင်ပုန်းလေးမှာ
ကျွန်တော့်အမှားတွေက
အကြိမ်ကြိမ်စွဲထင်နေခဲ့တယ်..။

အမေလေ့ကျင့်ပေးခဲ့တဲ့
ဝလုံးဝိုင်းဝိုင်းလို
ဘ၀ကို ရိုးရိုးလေးလှပချင်ခဲ့တာ
အမေသင်ကြားပေးခဲ့တဲ့
ဂဏန်းသင်္ချာလို
အဖြေကို လွယ်လင့်တကူရချင်ခဲ့တာပါ..။

ကျွန်တော်ဟာ
ဘယ်နေရာကများ စမှားခဲ့တာလဲ..။

ကျွန်တော့်သင်ပုန်းချပ်ထဲမှာ
ကျွန်တော်ကိုယ်တိုင်ဖတ်မရနိုင်တဲ့
စာလုံးပေါင်းတွေနဲ့...
ကျွန်တော့်လေ့ကျင့်ခန်းတွေကလဲ
အဖြေမှားတွေချည်း ရရနေတဲ့
ဘ၀ပုစ္စာတွေနဲ့..

ကျွန်တော့် ညီမျှခြင်းတွေက
ဘယ်တော့မှ
မျှခြေအထိ မရောက်နိုင်ရှာပါဘူး မေမေရယ်..


ကျွန်တော့်ဦးနှောက်က
အခါအခါငြင်းဆိုနေတဲ့ကောက်ကြောင်းတွေကိုမှ
ကျွန်တော့်နှလုံးသားက အကြိမ်ကြိမ်ရေးဆွဲချင်တဲ့အခါ..


ဒီလိုပါပဲ...
ကျွန်တော့် သင်ပုန်းချပ်ပေါ်က
ကြက်ချေခတ်တွေဟာ..
ကျွန်တော်ကိုယ်တိုင် ခြစ်ချခဲ့တာပေါ့...။ ။

အိန္ဒြာ

9 comments:

  1. အားလုံးက ကွက်တိပါလားဗျာ..။ အကြိုက်ဆုံး အပိုဒ်ကို ပြပါဆိုရင် တစ်ပုဒ်လုံးဖြစ်နေတယ်..။ သူများတွေပြောတဲ့ မအိန္ဒြာက ကဗျာမှော်အောင်တယ်ဆိုတာ တကယ်များလား.. ဟူး...ကဗျာထဲကစာသားတွေက ရင်ထဲအထိ ထုတ်ချင်းခတ်နေတယ်ဗျ..။ ဒီကဗျာအတွက် ကျေးဇူးတင်ပါတယ်..အမ..။

    လေးစားခင်မင်လျက်...
    မိုးမောင်

    ReplyDelete
  2. မွေးမေမေက သင်ကြားဘို့ သပ်ပုန်းချပ်ပေးတယ်
    ဘ၀အမေက လောကရဲ့လှည့်ကွက်တွေကို
    သင်ခန်းစာပေးတယ်...
    သင်ပုန်းက အမှားကို ဖျက်ရလွယ်ချင်လွယ်မယ်
    ဘ၀မအမှားကိုဖျက်ရင် အက်ရာတော့ထင်မယ်...
    ဘ၀ဟာ ကိန်းဂဏန်းတွေနဲ့ မကင်းလို့
    အမေက င်္သချာ သင်ပေးခဲ့တယ်...
    ဒါပေမယ့် ကျွန်တော်ဘယ်နေရာက စမှားခဲ့လဲ...
    ကျွန်တော်တွက်တဲ့ပုစ္ဆာ အဖြေရှာတဲ့လေ့ကျင့်ခန်း
    ညီမျှခြင်းတွေလည်း ရှေ့တန်းမရောက်ချိန်
    ကျွန်တော့်စာတွေ ကျွန်တော်ကိုယ်တိုင်တောင်
    ဖတ်လို့မရဘူးအမေ...
    အခါအခါငြင်းဆိုနေတဲ့ကောက်ကြောင်းတွေကိုမှ
    နှလုံးသားက ရေးဆွဲမိတော့ ကျွန်တော့်ဘ၀မှာ
    ကြက်ခြေခတ်တွေ များများလာတယ်...

    ဘ၀ရဲ့ဒဿန လူတစ်ယောက်ရဲ့အတွေးအခေါ်ကို
    စကားလုံးနက်နက်နဲ့ရေးဖော် အတွေးတော်တော်ကောင်းတဲ့အမ
    ရေးဟန်တွေက ထက်မြက်စူးရှတဲ့အခါ
    အမရေ ဒီတစ်ပုဒ်လုံးကို ကျွန်တော်လုံးလုံးကြိုက်သွားတယ်...


    စိတ်၏စေရာနာခံလေသော

    မိုးမြင့်တိမ်

    ReplyDelete
  3. ကဗျာလေးကောင်းတယ်---
    ခံစားရင်းဖတ်ပါတယ်--

    ReplyDelete
  4. မရေ....
    ဖတ်ပြီးရင်ထဲမှာ တစ်မျိုးလေး
    ဖြတ်ပြေးသွားသလိုဘဲ...

    ““ဒီလိုပါပဲ...
    ကျွန်တော့် သင်ပုန်းချပ်ပေါ်က
    ကြက်ချေခတ်တွေဟာ..
    ကျွန်တော်ကိုယ်တိုင် ခြစ်ချခဲ့တာပေါ့..””

    အရမ်းကို လေးစားမိပါတယ်ရှင်..

    ReplyDelete
  5. ကောင်းတယ် အစ်မရေ...
    အသက်ကလေး (၁၆) နှစ်နဲ့ ရေးတတ်လိုက်တာ..ဟီး

    ReplyDelete
  6. အနောက်ဖက်ကယဉ်ကျေးမူ့ ဟာ...အရှေ့ဖက်အတွက်ရိုင်ပြမူ့ ဖြစ်နေတတ်သလို...တစ်ယောက်က ခေါင်းလို့ မြင်ရပေမဲ့..တစ်ခြားတယောက်ကပန်းလို့ မြင်နေရတတ်တယ်..
    အမေတွေဟာသားတွေအတွက်သူရဲကောင်း..ဒါပေမဲ့
    တစ်ခြားသူတွေအတွက် ရန်သူဖြစ်ချင်ဖြစ်နေတတ်တာ..
    ကမ္ဘာကြီးကလုံးတယ်ဆိုပြီး ..သမုဒ္ဒရာကြတော့ရေညီပြင်လို့ သတ်မှတ်ကြတယ်..
    ပေတံတွေ..မျဉ်းဖြောင့်တွေ..အကုန်လုံးဟာလည်း..ခပ်ဝေးဝေးကောင်းကင်ထက်ကကြည့်ရင်..မျဉ်းကွေးတွေပဲ...မှန်တယ်မှားတယ်ဆိုတာလဲသတ်မှတ်ချက်တစ်ခုပါ..
    နံနက်တိုင်းမျက်နှုာသစ်တာလှချင်လို့ မှမဟုတ်တာ..အတိတ်ကို..ဖျက်လိုက်တာလေ..
    ဖျက်စရာရှိ၇င် .ဖျက်လိုက်တာပစ္စုပ္ပန်အတွက်အကောင်းဆုံး..
    ကြက်ခြေခတ်ဆိုတာတစ်ခါတလေ..အန္တရယ်ကိုကာကွယ်ပေးတတ်တယ်..
    ကြီးတာရှိရင်ငယ်တာရှိမယ်..မြင့်တာရှိရင်နိမ့်တာရှိမယ်..
    ဝေးတာရှိရင်နီးတာရှိမယ်..မှန်တာရှိရင်မှားတာရှိမယ်..လို့ ပြောတဲ့ နိုင်ငံရေးသိပ္ပံဆရာကို..ဃ(ဂကြီး)မှာ
    ဂ(ဂငယ်)...ဏ(နကြီး)မှာ န(နငယ်).ရှိပြီးတော့ ကကြီး ကြတော့ကငယ်ဘာလို့ မရှိတာလဲမေးမိတာ ဒေါက်တာကျော်စိန်ရုံးခန်းထဲရောက်ရော..
    တစ်ခါတရံ ဘဝဆိုတာ တောင်ကွေ့ လမ်းလို ခပ်စောင်းစောင်းလေးသွားမှ မမှောက်မှာ..
    အဲ့ဒီအမှားတွေကြံကြံခံနိုင်ရင်...ဘယ်နေရာကစမှားမှား..ထပ်မမှားတော့ဘူး..သေသွားတဲ့သူတစ်ယောက်အတွက်သေမှာထပ်မပူရသလိုပေါ့....
    ဦးဏှောက်ကိုအချစ်ကပဲသိမ်းပိုက်ပိုက်..
    အချစ်ကိုဦးဏှောက်ကပဲအုပ်စိုးစိုး..ရိုးရိုးလေးဘဝဘယ်တော့မှမ၇နိုင်ဘူးလေ..
    ချစ်မယ်ဆိုလည်း..နှလုံးသားနဲ့ နှစ်နှစ်ကာကာချစ်..
    ဖြစ်လာသမျှ အချစ်နာကျပါလေ့စေ..
    ဦးဏှောက်နဲ့ဆုံးဖြတ်မယ်ဆိုလည်း..ရင်ခုံသံကို တုံးခတ်ထားလိုက်..အဲဒီလိုများတတ်နိုင်ခဲ့ရင်......
    ကိုယ်တိုင်ဖတ်မရတဲစာတွေ..တယ်လီပသီနည်းနဲ့ လူတစ်ချို့ မျှဝေခံစားနိုင်မယ်..
    ကိုယ်တိုင်ခြစ်ချခဲ့တဲ့အမှားတွေ..တရားတွေဖြစ်လာနိုင်တယ်...
    ခက်တာက....ငါကို ငါတောင် မှန်လားမှားလားအခုထက်ထိမသိသေးတာ..

    (အားမငယ်နဲ့  ကဗျာဆရာရေ..ရွာစကားနဲ့ ပြောရရင်..တို့ တွေမွေးလာတာတောင် မိဘတွေ မှားခဲ့ကြလို့ )
    *စကားလုံးအမှားများပါရင်ခွင့်လွတ်ကြပါ..စာမရေးတတ်ခြင်း..ပြန်ပြင်ခြင်းစရိုက်မရှိခြင်း..စာကောင်းစွာမရိုက်တတ်ခြင်း..အသိဥာဏ်သေးငယ်ခြင်း..မတတ်ခြင်းများစွာကြောင့်*

    ReplyDelete
  7. အကို မင်းသုခရေ....

    လုပ်ချလိုက်ပြန်ပြီ...
    ထပ်တိုက်တွန်းတယ်..
    blog လုပ်ပါဗျို့

    ကျေးဇူးတင်လေးစားစွာ

    အိန္ဒြာ

    ReplyDelete
  8. အဲဒီ ကျွန်တော်ခြစ်ချခဲ့တဲ့ ကြက်ခြေခတ်တွေ
    အမှန်ခြစ်သဲ့သဲ့ကလေး ဖြစ်ခဲ့ တစ်ချိန်ကို ...
    လှမ်းမြင်မိတယ် ...
    ပြောမယ် အမရာ ....
    အဲဒါ ... အချစ်နဲ့ ထိတွေ့ခဲ့တုန်းက မဟုတ်လား ...
    တကယ့် ဘ၀သင်ပုန်းဟာတော့
    တစ်ခါရေးခြစ်ပြီးရင် သမိုင်းအဖြစ်နဲ့ ...
    တစ်သက်လုံး .... ။

    ခင်မင်လေးစားအားကျမှုများစွာဖြင့်

    ReplyDelete
  9. ဖတ်သွားပါတယ်...။

    ReplyDelete