November 26, 2008

အချစ်နဲ့.နှင်တဲ့.ခရီး


သင်..အခုရောက်ရှိနေတာ..ဘယ်အရပ်မျိုးလဲ
သင်..အမှန်တကယ်လိုအပ်နေတာ..ဘယ်အရာတွေလဲ.
သင်ဟာ...ရရှိနေတာလား..
သင်ဟာ...ဆုံးရှုံးနေတာလား
သင်..အောင်နိုင်ခဲ့ပြီလား.
သင်..ရှုံးနိမ့်နေတာလား..
အဲဒီ့..မေးခွန်းအားလုံးကို..
ကန့်ကွက်တယ်။

အဓိပ္ပါယ်စုံးစုံးချုပ်သွားတဲ့
နေ၀င်ဆည်းဆာမှာ..
သင် မျှော်မှန်းငေးရီရာက..ဘယ်အရပ်ဆီလဲ..။

အထိမ်းသိမ်းခံမျက်ရည်ပူတွေနဲ့
လင်းလက်လာပြန်တဲ့နေ့ရောင်ခြည်ထဲက
သင့်..လှုပ်ရှားသက်ဝင်မှုတိုင်းမှာ
သင်ကိုယ်တိုင်ပါဝင်ခဲ့တာရော သေချာလား..
အဲသလိုမေးခွန်းမျိုးတွေဆိုလည်း
ငြင်းဆန်တယ်။

ကိုယ်က..
ကိုယ့်ကိုယ်ကို စုံစမ်းခြင်းစည်းအပြင်ဘက်မှာ
ခပ်ဆိတ်ဆိတ်ရပ်နေမိခဲ့တာ။

တကယ်ဆို
(ကိုသိန်းဇော်ရဲ့..ကဗျာလေးထဲကအတိုင်း)
လမ်းထိပ်မုန့်ဟင်းခါးဆိုင်လေးကနေ
နိဗ္ဗာန်အထိ..အချစ်နဲ့..အတူတူသွားချင်ခဲ့တာပါ..၊

ကိုယ့်ကဗျာကို.ကိုယ်
သားချော့တေးအဖြစ်ဆိုညည်းပြီး
ဒုက္ခနဲ့တစ်ခါကြုံတိုင်း
ချစ်သူ့ပုခုံးမှာ..အကြိမ်ကြိမ်ပါးအပ်ချင်တာပါ..

အို..
ရိုးရိုးညံ့ညံ့ တစ်ယောက်ပါပဲ..
လွပ်လပ်နွေးထွေးတဲ့..လုံခြုံမှုထဲမှာ...
သေသေ၀ပ်ဝပ်..ပျံသန်းချင်ခဲ့တယ်..။

နှလုံးသွေးတွေက ပူလွယ်နွေးလွယ်ပြီး
မချေမငံ အတွေး တွေနဲ့ချည်း..အဆိပ်သင့်ခဲ့သူပေါ့..
အစွယ်ချိုးထားတဲ့မြွေတွေနဲ့မှ..
ဝံ့ဝံ့ကြွားကြွားကစားတတ်တဲ့..အလမ္မာယ်ဆရာတွေကိုရွံရှာသူ
အပေါစားမိတ်ကပ်တွေရဲ့ ...ရေပေါ်ဆီအနံ့တွေကို..မုန်းတီးသူ
မစားရ၀ခမန်း..အနာဂါတ်တွေကို..လှောင်ချင်.ပြောင်ချင်သူ
ဧရာဝတီရဲ့ရေအလျင်ကို..တမေ့တမော..ထိုင်ငေးပြီး..
ပိတောက်ပန်းကိုပဲ..တစ်နှစ်တစ်ခါ..ပန်ချင်ခဲ့သူပါ..

ဆန္ဒအတ္တတွေ..လှိုင်းတံပိုးထန်တဲ့မြစ်ထဲမှာ
အကြိမ်ကြိမ် ရေချိုးမှားခဲ့သူ
ကဗျာတွေသွေးလိုစီးနေတဲ့..ခန္တာ..ပါးပါးနဲ့
ဘယ်တော့မှ..ယုံကြည်ချက်ကမ်းပါးကို..မဆိုက်ကပ်ရဲတဲ့
လှေတစ်စင်းလို..လူပေါ့လေ..

ငါတို့ကွဲလွဲခြင်းမြေဆီလွှာပေါ်က..
ဒါဏ်ရာရရှိနေရှာတဲ့..
ဘ၀ပင်ကလေး..ခမျာလည်းနွမ်းလျော်လို့
အို..
စိတ်ချင်းကျောခိုင်းနေပေမယ့်
အချစ်ချင်း
ကျစ်ကျစ် ထွေးဖက်ခဲ့သူတွေ..

“မောင်.....ရေ.....”
ငါတို့ကို..အလွမ်းတွေနဲ့.မူးဝေဖို့
ခေတ်က..ပြုစားနေတာ....ကွယ့်.။ ။

အိန္ဒြာ
(၂၆.၁၁.၂၀၀၈ တွင် ၁၆ နှစ်ပြည့်သည့် ချစ်သူ သက်တမ်း အတွက်..။)

9 comments:

  1. ၁၆နှစ်မှသည်... ရေစက်ရှိသမျှထက် ပိုမိုတဲ့ သက်တမ်းနဲ့ အတူလက်တွဲနိုင်ပါစေ အမရေ... ဒီကဗျာလေး ဖတ်ရတာ... အမရဲ့ မောင်အစား.. ဂုဏ်ယူပါတယ်ဗျာ...
    လမ်းထိပ် မုန့်ဟင်းခါးဆိုင်လေးကနေ....
    နိဗ္ဗန်အထိ..အချစ်နဲ့..အတူတူသွားခွင့် ရကြပါစေဗျာ..။

    ခင်မင်လျက်..
    မိုးမောင်

    ReplyDelete
  2. သူငယ်ချင်း
    ၁၆နှစ်မှသည်...နောင်...
    ကန့်သတ်ချက်မဲ့တဲ့ကာလတိုင်အောင်
    ချစ်ချင်းမေတ္တာတွေအပြည့်သယ်ဆောင်ပြီး...
    ခရီးနှင်နိုင်ပါစေ

    ReplyDelete
  3. အမရေ...
    ကောင်းလိုက်တဲ့ ကဗျာလေးပါ...

    “စိတ်ချင်းကျောခိုင်းနေပေမယ့်
    အချစ်ချင်း
    ကျစ်ကျစ် ထွေးဖက်ခဲ့သူတွေ..”

    ၁၆ နှစ်မှ နှစ်များစွာတိုင်သို့....... ဆန္ဒမွန်ပြုလျှက်

    ကိုရင်၊ ခင်လေး၊ ကလေးလေး

    ReplyDelete
  4. ဘဝတွေကို..နာရီတွေနဲ့ တွက်ပြီး..ကိုယ့်ကိုကိုယ်ဈေးကွက်တင်နေ၇တဲ့ကျွန်တော်တို့ ဘဝတွေ..အီကွေတာရပ်ဝန်းမှာနေကြရပေမဲ့...ဝန်ရိုးစွန်းဒေသတစ်ခုရောက်နေ၇သလို..အေးစက်စက်နဲ့ ...တကယ်တော့ ရတာတွေထက်ပေးခဲ့တာတွေကမတန်မဆပါ..ငွေကြေးကွာဟချက်သာထည့်မတွက်ရင်..အရင်းဆုံးနေပြီလေ..
    အနိုင်အရူံးထပ်မမေးနဲ့ ..ကန့် ကွက်တယ်၊၊
    ခန္တုာကိုယ်ရဲ့ဆန္ဒ...စိတ်ရဲ့အဟာရ..ပါပါမပါပါ..စက်ရုပ်တရုပ်လို..အပြုံးမျက်နှာဖုံးတပ်..ပျော်ရွင်ခြင်းဝတ်ရုံအတုကောက်စွပ်ပြီး..နေရောင်ခြည်ဆိုတာမြင်ရခဲတဲ့ ..ကျွန်တော်တို့ ဘဝတွေ..ရိုသားစွာဟန်ဆောင်တတ်ခဲ့ကြတယ်..
    ဒါလဲမမေးပါနဲ့ ငြင်းဆန်တယ်..၊၊
    ကြောင့်ကျမဲ့စွာနဲ့..ဘဝကိုလျောက်လှမ်း..
    သောကကင်းကင်းနဲ့ ..အချစ်ကိုပျံသန်း..
    ချစ်သူ၇င်ခွင်နွေးနွေးလေးမှာ..အေးအေးလေးနေချင်ကြပေမဲ့..
    အနာဂတ်တွေ ကြိုမဖတ်တတ်တဲ့..တစ်စိမ်းတွေကြားကျွန်တော်တို့ ..
    နားလည်မူ့ တွေ ဆုံးရူံးခဲ့ရသလို..
    အားငယ်မူ့ တွေလည်း..အတုန်းအရုံးပေါ့..
    တကယ်တော့..မက်ဒေါနယ်ဟမ်ဘာကာထက်..ချစ်သူနဲ့ အတူ..မုန့် ဟင်းငါး..စားချင်ကြတာပါ...
    ခက်တာက...ကဗျာကို..ကဗျာလိုကြည့်တတ်ရင်..
    ကဗျာရဲ့အသဲနှလုံး..အဆုံးထိမြင်ရတယ်..
    ကဗျာရဲ့ရိုက်သံ..ဒရမ်ရိုက်သံလိုကြားရမယ်..
    ကဗျာရဲ့ပျော်ရွင်မူ့ ..မျှော်စင်တခုလိုတွေ့ ရမယ်..
    ဒါပေမဲ့..ရင်ထဲမှာ..အခံတော့ရှိရမှာပေါ့..
    .......
    "ခေတ်တခုရဲ့..ဖရိုဖရဲနိုင်မူ့ ..မလုံခြုံမူ့ ..တမ်ဖိုးလျော့ချမူ့ တွေကြောင့်..အဖေါ်မပါပဲ..တော်ရာမှာဝဲနေရတဲ့..လေတံခွန်လေးတခုလို..စိုးတထိတ်ထိတ်နဲ့  ရစ်ဘီးလေးကို..ကြည့်ကြည့်နေရတာ..
    ကဗျာလေးမှာ..မျက်ရည်စက်တွေနဲ့ ..
    တမ်းတမ်းတတ..(မောင်..)လို့ ခေါ်ြ့ပီး..လွမ်းနေတဲ့ကဗျာလေး..
    တကယ့်ကိုအမှတ်တရပါ.."
    (နင့်..မောင်.. အတွက်..ဂုဏ်ယူပါတယ်..ညီမလေး)
    ၁၆နှစ်မှ...နှစ်၁၆၀ တိုင်တိုင်လက်တွဲနိုင်စေသောဝ်..
    ဇာတာတွေက နှစ်၁၂၀ပဲရေးတာနော်..ပိုပေးထားတယ်..
    ............
    ကဗျာဖတ်ပြီး....တွေးချင်သလိုတွေး...ရေးချင်သလိုရေး..တာ...
    မေးချင်သလိုမေးနိုင်ပါတယ်..
    ကျွန်တော်လည်း..
    အေးချင်သလိုအေးနေတဲ့ညမှုာ..
    ကွေးချင်သလိုကွေးလိုက်ဦးမယ်...

    အကိုကြီး..
    မင်းသုခ

    ReplyDelete
  5. အကိုကြီးမင်းသုခရေ...
    blog တစ်ခုလုပ်ပေးမယ်..ဗျာ
    ကဗျာထက်မန့်တာတွေကပိုပိုကောင်းနေလို့..။
    ကျေးဇူးအထူးတင်ပါတယ်..လို့

    အိန္ဒြာ

    ReplyDelete
  6. တိုးတက်မှုကို ရှာဖွေရင်း ဘ၀မှာ နွေးထွေးမှုတွေဆိတ်သုဉ်းခဲ့ရတယ်....
    အေးစက်စက်ခါးသက်သက် အအေးခန်းထဲက ကော်ဖီတစ်ခွက်ထက်...အချစ်ရဲ့အနွေးဓါတ်ဝင်တဲ့ မုန့်ဟင်းခါးတစ်ခွက်က ပိုတန်ဘိုးရှိတာပေါ့...ချစ်သူရဲ့ ရင်မှာခိုဝင်လို့ ချစ်သူရဲ့လက်ဖ၀ါးမှာမှ ပါးအပ်ချင်ခဲ့တာ အာဒမ်နဲ့အေ၀ တည်းကစခဲ့တာ ချစ်တတ်သူတို့နှလုံးအိမ်ထဲမှာ...၁၆နှစ်ဆိုတဲ့ ဒီခရီး တူနှစ်ကိုယ် မငြီးဘဲလျှောက်ခဲ့ကြတာ ဘယ်လိုမှန်းမမြင်ဘူးပေမယ့် အဲဒီ့အကိုအတွက် ဂုဏ်ယူတယ်...လေးစားတဲ့အမအတွက် ကျေနပ်တယ်...အဆုံးသတ်မှာ ပြုံးလျက်ဆုတောင်းတယ် သည်အကို သည်အမ ညီမျှစွာရွှေလက်တွဲ ဘ၀မှာ ရဲရဲကြီး အောင်ပွဲခံနိုင်စေ...


    စိတ်၏စေရာနာခံလေသော

    မိုးမြင့်တိမ်

    ReplyDelete
  7. အဓိပ္ပါယ်စုံးစုံးချုပ်သွားတဲ့
    နေ၀င်ဆည်းဆာမှာ..
    သင် မျှော်မှန်းငေးရီရာက..ဘယ်အရပ်ဆီလဲ..။

    "အချစ်နဲ့.နှင်တဲ့.ခရီး"
    အတွေးလေးကောင်းတယ်--
    ကဗျာလေးလှတယ်---

    ReplyDelete
  8. ကြည်နူးစရာကောင်းတယ်ဗျာ...
    အမှတ်တရကဗျာလေးကလည်းကောင်းမှကောင်း....

    ReplyDelete
  9. အချစ်နဲ့ နှင်တဲ့ခရီးရဲ့အစဟာ ......
    မုန့်ဟင်းခါးဆိုင်ကလေးကနေ စတင်ပြီး
    နိဗ္ဗာန်ရွှေသောင်အထိ ဆိုက်ဖို့ ....
    အိုး .... ..... ......
    တအား ဒန်တယ်ဗျာ (မော်ဒန်ဟူသော ဝေါဟာရအား ချစ်စနိုး အဖျားဆွတ်ကာ ခေါ်ဝေါ်သည်) ...

    မှော်အောင်ဒန်ခြင်းများစွာက ယနေ့ ၁၆ နှစ်တင်းတင်းမှသည် နောင် နှစ်ကမ္ဘေကမ္ဘာ သံသရာဘ၀ပေါင်းများစွာတိုင် အဓွန့်ရှည်စေသော် .... ။

    ReplyDelete