November 22, 2008

နာမကျန်းခြင်း တေးသံ


ကမ္ဘာဦးလေသန့်ကို ရှူရှိုက်ဖို့
သံသရာဆိုတာ ဘယ်လောက်ရှည်ကြာလိမ့်ဦးမလဲ
ပျက်ကို ပျက်ရမှာကတော့ သေချာတယ်။

ရေကြီးလွှမ်းလွှမ်း၊ မီးကြီးလောင်လောင်
ကမ္ဘာတစ်ခုပျက်လို့ နောက် ကမ္ဘာသစ်တည်ကြရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်။

ကဗျာဆရာဆိုတာ စိတ်က လှမ်းလှမ်းခွပ်သမျှ
အနေအထိုင် မတတ်ပြတာလေးကလွဲလို့ ရိုးသားတယ်
ကဗျာဆရာတွေက ကိုယ့်နှလုံးသားကို ကိုယ်
ရဲရဲဝံ့ဝံ့ ဖွင့်လှစ်ပြ၀ံ့သူတွေလည်းဖြစ်တယ်
ကဗျာဆရာ့ ဥပဇာမှာ ဗြဟ္မစိုရ်တရားတွေထွန်းကားပြီး
ကဗျာရေးတဲ့လက်တွေဟာ ဘယ်တော့မှ စစ်မက်တွေကိုမရေးချယ်တတ်ဘူး
ကဗျာရေးခြင်းအတတ်မှာ High techမလိုသလို
ကဗျာရေးခြင်းစွမ်းရည်အတွက် လောင်စာဆီတွေမလိုဘူး

ကဗျာဆရာတွေက
အလေ့ကျပေါက်ပင်တွေ ဖြစ်ပေမယ့်
ဆေးဖက်တော့ဝင်တယ်
ကဗျာဆိုတာ ကဗျာဆရာတွေရဲ့ သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံ ဖြစ်လိမ့်မယ်။

ကဲ... အကုသိုလ်တွေ ခဏအောင့်ရအောင်
ဘ၀ဆိုတာ
တနင်္လာဆန်ဆန် နှစ်ခါ ပြန်ရ ဖို့ မလွယ်ဘူးလေ..။

သင်က
မနေ့က၀င်သွားခဲ့တဲ့ နေမင်းကြီးပဲမဟုတ်လား..
ကျွန်ုပ်တို့ အပူငွေ့တွေလှုံပြီး
ရဲရဲတောက် ကျန်းမာနေတဲ့ပုံ။ ။


အိန္ဒြာ
( ပိတောက်ပွင့်သစ်မဂ္ဂဇင်း)

5 comments:

  1. ကိုယ့်ဘဝကို အလှပဆုံးပန်းချီကားလေးတချပ်လို..သာယာနာပျော်ဘွယ်တေးသံလေးတခုလို..
    သိမ်မွေ့ တဲ့ဝတ္ထုလေးတပုဒ်လို..
    ကျွန်တော်တို့ အားလုံးဖန်တည်း..ရယူ..ပိုင်ဆိုင်ချင်ကြတော့..ဒုတိယဘုရားသခင်နောက်ကို..ဘဝတွေ..အချိန်တွေပေးဆပ်ပြီး တကောက်ကောက်လိုက်ခဲ့ရတယ်..တကယ်တန်းပိုင်ဆိုင်ခဲ့ရတာ..ရင့်ရော်ခြင်းတွေပဲ..
    ကဗျာဆိုတာ..စမ်းရေစီးသံလို...
    ကဗျာဆိုတာ..ရေတံခွန်တခုလို..
    ကဗျာဆိုတာ..သူရဲကောင်းတွေရဲ့သမိုင်းကြောင်းတွေလို..
    ရင့်ရော်ခြင်းတွေ..ပြန်နုပျိုစေနိုင်တဲ့
    တခုတည်းသော..စွဲလန်းခြင်းအနာဂတ်တွေလေ..
    .........
    ကဗျာရဲ့...ကဗျာဆရာရဲ့..definition ကိုဖွင့်ပြတာ..
    စာအသင်အပြကောင်းတဲ့ဆရာတယောက်ရဲ့ သင်္ချာံတပုဒ်လို..ရိုးရိုးရှင်းရှင်းလေး..
    "သင်က
    မနေ့ ကဝင်သွားခဲ့တဲ့ နေမင်ကြီးပဲမဟုတ်လား..
    ကျွန်နုပ်တို့ အပူငွေ့ တွေလူံပြီး
    ရဲရဲတောက် ကျန်းမာနေတဲ့ပုံ "
    အဲဒါလေးသာမပါရင်..ပါးကွက်ကျားနဲ့ကွမ်းတောင်ကိုင်မလေးပေါ့..
    အခုတော့ သူ့ နောက်မှာ ဆည်းဆာရောင်ကောင်းကင်တခုထပ်တိုးလာသလိုပါပဲ..

    ReplyDelete
  2. ပြောစရာ စကားတွေကို ဆွံ့အစေတဲ့ကဗျာ ... နာမကျန်းခြင်းရဲ့ တေးသံတဲ့လား
    လှလိုက်တာ ... ညနေဆည်းဆာတစ်ခင်းကို ရက်ချုပ် ကဗျာလုပ်လိုက်တာလားဗျာ
    အဲထက်တောင်လှသေးတယ် ...

    “ကမ္ဘာဦးလေသန့်ကို ရှူရှိုက်ဖို့
    သံသရာဆိုတာ ဘယ်လောက်ရှည်ကြာလိမ့်ဦးမလဲ
    ပျက်ကို ပျက်ရမှာကတော့ သေချာတယ်။”

    အဲကာလမှ ကဗျာဆရာတွေ မရှိဘူး ... ။ ဒါကြောင့် ကမ္ဘာဟာလည်း ပျက်သုန်း ... ။

    “ရေကြီးလွှမ်းလွှမ်း၊ မီးကြီးလောင်လောင်
    ကမ္ဘာတစ်ခုပျက်လို့ နောက် ကမ္ဘာသစ်တည်ကြရင်
    အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်။”

    ဟော ကဗျာဆရာတဲ့ ... သူတို့က ကမ္ဘာပြုမိုးလား ... ?

    “ကဗျာဆရာဆိုတာ စိတ်က လှမ်းလှမ်းခွပ်သမျှ
    အနေအထိုင် မတတ်ပြတာလေးကလွဲလို့ ရိုးသားတယ်
    ကဗျာဆရာတွေက ကိုယ့်နှလုံးသားကို ကိုယ်
    ရဲရဲဝံ့ဝံ့ ဖွင့်လှစ်ပြ၀ံ့သူတွေလည်းဖြစ်တယ်
    ကဗျာဆရာ့ ဥပဇာမှာ ဗြဟ္မစိုရ်တရားတွေထွန်းကားပြီး
    ကဗျာရေးတဲ့လက်တွေဟာ ဘယ်တော့မှ စစ်မက်တွေကိုမရေးချယ်တတ်ဘူး
    ကဗျာရေးခြင်းအတတ်မှာ High techမလိုသလို
    ကဗျာရေးခြင်းစွမ်းရည်အတွက် လောင်စာဆီတွေမလိုဘူး”

    ကြည့်စမ်း ... ကဗျာဆရာတဲ့ ရဲဝင့်ဟစ်ကြွေးနေပုံများ ... အတွင်းအပြင်အူသည်းတုန်လှိုက်ခုန်မောဖွယ်... ။

    “ကဗျာဆရာတွေက
    အလေ့ကျပေါက်ပင်တွေ ဖြစ်ပေမယ့်
    ဆေးဖက်တော့ဝင်တယ်
    ကဗျာဆိုတာ ကဗျာဆရာတွေရဲ့ သစ္စာဓိဌာန်
    အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံ ဖြစ်လိမ့်မယ်။”

    ကဗျာဆရာတွေရဲ့ ကမ္ဘာပြုမိုးစက်တွေ တဖွဲဖွဲကျနေပိုများ .... လှလိုက်တာ ... အဖွဲ့အနွဲ့နဲ့ အဓိပ္ပါယ်က ၀င်ရိုးတစ်ခုတည်းမှာ လှည်ပတ်နေတာကို ချောင်းကြည့်မိတာ ။

    “သင်က
    မနေ့က၀င်သွားခဲ့တဲ့ နေမင်းကြီးပဲမဟုတ်လား..
    ကျွန်ုပ်တို့ အပူငွေ့တွေလှုံပြီး
    ရဲရဲတောက် ကျန်းမာနေတဲ့ပုံ။ ။”

    ဟုတ်တယ်၊ ကဗျာဆရာ ... နေမင်းကြီး ... ဒါပေမယ့် ကဗျာဆရာရဲ့ တစ်နေ့တာဟာ (အဲဒီ့နေ့) ဘယ်တော့မှ နေမ၀င်ဘူး ... ။

    က... ဗျာ .... ဆ... ရာ ....
    သိပ် .... ကြိုက် .... သွား .... တယ် .... အ.... မ .... အိ.... န္ဒြိာ .... ။

    ခင်မင်လေးစားမှု များစွာဖြင့်

    ReplyDelete
  3. အင်း.. ကဗျာဆရာရေ.. ပြောပြန်ရင်လဲ ကိုယ့်အချင်းချင်း ပြန်မြှောက်တယ် ဖြစ်တော့မယ်.. ဒါပေမယ့် မနေနိုင်လို့ ၀င်ရေးလိုက်တယ်... နာမကျန်းခြင်း တေးသံကို ဖတ်လိုက်ရတာ.. ဆံပင်တွေတောင် ထောင်ကုန်တယ်..း)။ ဒီကဗျာရဲ့ စကားလုံးတိုင်းက အရေးရိုးသားထားပေမယ့်.. အတွေးတွေက ဆန်းသစ်နေတယ်.. ရဲရင့်နေတယ်.. ကဗျာသွေးတွေက အမြဲဆူဝေနေတာ သိသာတယ်... လေးစားပါတယ်.. အမ...
    (မိုးမောင်)

    ReplyDelete
  4. ကဗျာကိုသောက်
    ကဗျာကိုစား
    ကဗျာတွေသာ ကြီးထွားတဲ့ရင်ခွင်
    ကဗျာဆရာဖြစ်သွားခဲ့ချိန်မှာ
    ကဗျာဆရာတွေနဲ့ တည်ဆောက်တဲ့ကမ္ဘာရောက်ရင်
    အမ....
    ကျွန်တော်လည်း ကဗျာဆရာတစ်ယောက်ဖြစ်ပါရစေ။


    စိတ်၏စေရာနာခံလေသော

    မိုးမြင့်တိမ်

    ReplyDelete