February 14, 2009

အောက်ချင်း စကား

အတောင်ပံအစုံကို ရုပ်ပြီး
မြေပြင်နဲ့ ပစ်ဆောင့်လိုက်သလိုမျိုး
င့ါရဲ့ ကျဆုံးခြင်းက
အထိနာပေမယ့် ခမ်းနားနေခဲ့တယ်။

ဒါဟာ မိုက်ရူးရဲဆန်တာမဟုတ်ဘူး
သစ္စာတရားကို သွေးနဲ့ ရေးချယ်ပြလိုက်တာ
ဒါဟာ ရူးသွပ်မှုမဟုတ်ဘူး
ချစ်ခြင်းမေတ္တာအတွက်
အရက်စက်ဆုံး သက်သေတည်လိုက်တာ။

ကောင်းကင်ဆီထိုးပျံလိုက်တဲ့
တောင်ပံဖျားက ဗျာပါရတွေက အစ
မြေပြင်ဆီ လှမ်းမျှော်ကြည့်လိုက်တဲ့
မျက်ဝန်းအစုံက မျက်ရည်ပူတွေ အလယ်
လေထုထဲ ပဲ့တင်ရိုက်သွားတဲ့
နှုတ်သီးဝက ရင်ကွဲနာသံ အဆုံး
အားလုံးဟာ တည်ငြိမ် ရဲရင့် နေခဲ့တယ်။

ဒါ ...ဆုံးဖြတ်ချက်
ဒါ ...ကလဲ့စား
ဒါ ...အမှန်တရား
ဒါ ...ထွက်ပေါက်
ဒါဟာ... လွတ်မြောက်မှု

အဲဒီနေရာမှာ....
ဓါးတစ်လက်နဲ့ တရိရိ မွှန်းဖြတ်နေသလိုမျိုး
ဘ၀တိုင်း နာကျဉ်နေရမယ့်
နောင်တတရားတွေကို အပင်ပေါက်စေရမယ်။
အဲဒီနေရာမှာ....
ကိုယ့်မျက်နှာကိုယ်ပြန်မကြည့်ရဲလောက်အောင်
ကိုယ့် လိပ်ပြာ ကိုယ် ပြန်ပြန်လန့်စေမယ့်
ကိုယ်ကျင့်သိက္ခာဆိုတာကို မော်ကွန်းထူထားပစ်ခဲ့မယ်။
အဲဒီနေရာမှာ....
နှောင်ဖွဲ့ချိုမြိန်မှုတွေရဲ့
အနှစ်သာရ စစ်စစ်ကို သံခိတ်ရေးပြီး ချန်ရစ်မယ်။

အဲဒီနေရာမှာ....ပေါ့
သေခြင်းတရားဆိုတာ
ထင်တာထက် ပေါ့ပါး နေခဲ့တာ။ ။

အိန္ဒြာ
(အလင်္ကာဝတ်ရည်ဂျာနယ်)


ဖုန်းထဲကနေ "မောင့်" ကို ခဏခဏ ရွတ်ပြမိတဲ့ကဗျာလေးပါ..။
သူကလဲ..ဒီကဗျာတစ်ပုဒ်ကိုပဲ စိတ်ဝင်တစားတောင်းဆိုတတ်ပါတယ်.။
ဒီကဗျာလေးအတွက် သရုပ်ဖေါ်ပုံကို ကဗျာဆရာ၊ဂရပ်ဖစ်ဒီဇိုင်းနာ၊ပန်းချီဆရာ
ကိုမိုးကြယ်(ယိမ်းနွဲ့ပါး) ကချီးမြှင့်ပါတယ်..။
ယိမ်းနွဲ့ပါးရဲ့ထွက်ပေါက်တစ်ဖက်ကိုသွားသွားပြီး ပန်းချီတွေ ဒီဇိုင်းတွေကို ငေးလိုက်.. သဘောကျလိုက်ရတာလေ..။




16 comments:

  1. ရက်ရက်စက်စက် လှနေတဲ့ ချစ်ခြင်းမေတ္တာကို ခြယ်မှုန်းပြလိုက်ပုံက ရင်ထဲကို ထိုးခွဲဖောက်သွားစေတယ်။

    ကြိုက်မိတဲ့ကဗျာတစ်ပုဒ် တိုးပြန်ပေါ့။

    ReplyDelete
  2. အောက်ချင်းငှက်မဖြစ်ချင်ဘူး . . . အဟင့် . . . အဟင့် . . .

    ReplyDelete
  3. အစ်မ ကဗျာတွေကတော့ ရှယ်ပဲဗျာ။

    ReplyDelete
  4. ခံစားချက်..ယုံကြည်ချက်အတွက်
    ရဲရဲတောက်နေတဲ့ကဗျာပဲအစ်မရေ ...
    သေခြင်းတရားဆိုတာတောင်ပေါ့ပါးနေလိုက်တာ...

    လေးစားခင်မင်လျှက်

    ReplyDelete
  5. အစ်မရေ ကဗျာအရမ်းကောင်းပါတယ်ဗျာ..
    ရင်ဘတ်နှင့်ခံစားသွားကြောင်းပါ..

    ခင်မင်လေးစားလျက်
    မိုးကြယ်

    ReplyDelete
  6. သေချာတာတစ်ခုက သေခြင်းတရားဟာ ထင်တာထက် ပေါ့ပါးနေတယ်...။

    ခေါင်းထဲမှာ အတွေးမီးတောင် ပေါက်သွားတယ်...။

    ReplyDelete
  7. အတောင်ပံအစုံကို ရုပ်ပြီး
    မြေပြင်နဲ့ ပစ်ဆောင့်လိုက်သလိုမျိုး
    င့ါရဲ့ ကျဆုံးခြင်းက
    အထိနာပေမယ့် ခမ်းနားနေခဲ့တယ်။

    ကဗျာလေးကို ရင်ဘတ်စစ်စစ်နဲ့ဖတ်သွားခဲ့တယ် ညီမရေ
    ဟုတ်တယ် အောက်ချင်းငှက်ရဲ့ ကျဆုံးခြင်းက အထိနာပေမယ့် မြင့်မြတ်စွာခမ်းနားနေခဲ့တာပါ...

    ကဗျာလေးကို နက်ရှိုင်းစွာဖတ်ပြီးကြိုက်ပါတယ် ညီမရေ...

    ReplyDelete
  8. လေးစားတယ်...
    ချစ်ခြင်းရဲ့ ရဲရင့်မှုတွေကို ရုပ်လုံးပေါ်လာအောင်... ဖွဲ့နွဲ့ထားလိုက်တာ အခက်အလက်တွေကို စုံနေတာပဲ။ စိတ်ရဲ့ဖြစ်တည်မှုကို စကားလုံးအားတွေသုံးပြီး ခံစားထားတာများ အားကျစရာကြီးပဲ အမရေ...။

    စကားချပ်။
    ဒါ..ရဲဖမ်းခံရတုန်း အယူခံဝင်တဲ့ ကဗျာဆိုတာထင်ရှားတယ်နော်။ အိမ်မက်ရှင်၊ မိုးမြင့်၊ ဆရာသု နဲ့ ကိုဖိုးမောင်တို့ ကျနော်ပြောတာ ဟုတ်တယ်နော်...ဟေး..ဟေးး။

    ReplyDelete
  9. ရှုးဝါးပေါ့.... ဒါရဲကို အယူခံဝင်တဲ့ သ၀ဏ်လွှာ... ခေတ်သစ် ဘောလယ်... အဲ ဟုတ်ပေါင်... မော်ဒန်... အဟီး...
    ခင်တဲ့
    ဖိုးမောင်

    ReplyDelete
  10. အောက်ချင်းရင်ထဲက ထွက်ကျလာတဲ့စကား
    ရဲရဲတောက် အချစ်နဲ့ မေတ္တာ
    ကျဆုံးပေမယ့် ခမ်းနားလွန်းတယ် ။

    ချစ်တတ်သူတို့ စိုက်ထူတဲ့မှတ်တိုင်
    မြင့်မြတ်ခိုင်မာ လွန်းတယ် ။

    ချစ်မေတ္တာတွေနဲ့ ထုံမွှမ်းပစ်လိုက်တဲ့
    အဲဒီ့ နေရာမှာ
    သေဆုံးခြင်းက အရာရာထက်ပေါ့ပါးလို့...

    သိက္ခာတရားတွေ
    နောင်တတရားတွေ
    ချိုမြိန်တဲ့ နှောင်ဖွဲ့မှုတွေ
    အလုံးစုံ တည်ငြိမ်ရဲရင့်မှုတွေ

    အဲဒီ့နေရာမှာ...

    ခိုင်ခိုင်မတ်မတ်ကို စိုက်ထူပစ်လိုက်တယ်
    နှလုံးသားကို အရက်စက်ဆုံး
    စတေးရင်းနဲ့ပေါ့ ။


    ကဗျာကို မှီအောင် ဘယ်လိုမှ မမန့်နိုင်တာ ခွှင့်လွှတ်ပါ မကြီး ။
    ကြက်သီးမွှေးညင်း ထလောက်အောင်ကို ကောင်းတဲ့ကဗျာကို ဖတ်ရလို့ ကျေးဇူးတင်တယ်မကြီး။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  11. ကဗျာလေးကလဲ ကောင်မှကောင်း
    ပန်းချီကောက်ကြောင်းလေးကလဲ လှမှလှ
    အင်းတကယ်တော့
    ဒီကဗျာက...ဖတ်သာဖတ်ရတာ..
    ဗိုက်ဆာနေတဲ့အချိန် သူများထမင်းစားနေတာ
    ထိုင်ကြည့်နေရသလိုပဲ...
    ကြော်ငြာ ကလဲ..ဝင်သွားသေးတယ်
    နင်တို့ မောင်နှံ ပဲရစ်ကို အလည်ခေါ်လို့မဖြစ်သေးပါဘူး
    မျှော်စင်ပေါ်လည်း တက်ခိုင်းလို့ မဖြစ်ပါဘူး....
    တော်ကြာ..တောင်ပံအစုံကို ရုပ်လိုက်မှ...
    နင့်ကဗျာဖတ်ပြီး မိုးကုတ်ကိုသတိရတယ်
    ကထိန်ပွဲတွေမှာ ရှမ်းအကကရင် ရှမ်းအိုးစည်ရယ်
    ကြေးမောင်းသံရယ် တညံညံပေါ့.....မောင်ဗိန်မောင်နဲ့
    မောင်..မောင်..ဗိန်..မောင်...၊။
    ........
    အကြိုက်ဆုံးက..
    အပိုဒ်တိုင်းရဲ့ အဆုံးသတ်
    ဝိရာဓိ တွေကို စကားလုံးတွေနဲ့ ဂဟေဆက်ပေးထားတာ
    ရေးသူ အမည်မတတ်ရင်တောင် တူသခင်မလို့ တပ်အပ်သိနိုင်တဲ့ စတိုင်...

    ReplyDelete
  12. သတ္တိကောင်းပါဘိ အောက်ချင်းငှက်ရယ်..

    ReplyDelete
  13. I always read and feel your poems but I have never left any comments.
    I really really ador you, Ma Eaindra.
    Moreover, I am so glad to read such your sensational poems.
    I will say this poem to my another soul.

    ReplyDelete
  14. ကဗျာလေးကို ကြိုက်၏ ..။
    စကားလုံးတိုင်းရဲ့ ထိမိမှုကို ညွှန်းဆိုပြတာ လေးစားတယ်။

    ReplyDelete
  15. အမရာကိုယ်တိုင်ဖြစ်ချင်နေတာ....
    ဒီကဗျာထဲကလိုမျိုးလေ..........
    ပေါ့ပါးနေတဲ့သေချင်းတရားမျိုးပေါ့.....
    ဒီကဗျာကိုရင်နဲ့အမျှခံစားသွားတယ်.....

    ReplyDelete
  16. အစ်မရဲ့ ဇ နဲ့ ကဗျာ ကိုတော့ ကြိုက်သွားပြီ အစ်မရေ။ အစ်မရဲ့ မောင် ကတော့ ကံကောင်းမှာပါ။ အစ်မတို့ အတွက်လည်း ဆုတောင်းပေးပါတယ်။ အားလည်းကျမိပါရဲ့။

    ReplyDelete