April 26, 2009
အမြန်ရထား မဆိုက်တဲ့ ဘူတာလေး
ဥသြသံဆွဲခေါ်သမျှကို
မျက်စိတစ်ဆုံး........
ဒီနေရာလာလာရပ်တဲ့
ဥမမယ်စာမမြောက်လေးက ငေး....တယ်။
သူ ခါးစောင်းတင်ထားတဲ့ ရေအိုးထဲမှာရေမရှိ ဘာမရှိ..
သူ့ ရေရှိလည်း ၀ယ်မယ့်သူမရှိဘာမရှိ
ဒီ အမြန်ရထားမရှိ ဘာမရှိ ဘူတာရုံမှာမှ
ဒီ အမြန်ရထားကြီးကိုပဲ
သူ က စောင့် စောင့် ငေး တတ် တယ်..။
သူ့ ဖိနပ်မရှိဘာမရှိ ခြေဖ၀ါးလေးပေါ်မှာ
သူ့ အရောင်မရှိ ဘာမရှိ ဂါဝန်ကလေးတလွင့်လွင့်
ဒုက္ခ သုက္ခ ရေခံမြေခံမှာ ကံနာလာကျတဲ့
ဒီ အညွန့်တလူလူမလေးက
ဒီ လိပ်စာမရှိ ဘာမရှိအရပ်မှာမှ
ရှင်သန်ပေါက်ရောက်ခဲ့ရှာတယ်..။
ဥသြသံဆိုတာ
ဆိုက် ရောက် ထွက် ခွာ ရာ ပြပုဒ်ပေါ့..
သူ့ဆီက ဘာတွေထွက်ခွာသွားပြီလဲ..
သူ့ဆီကို ဘာတွေဆိုက်ရောက်လာပြီလဲ...
ဘာမသိညာမသိ ကလေးမလေးက
အရှိန် လျှော့ လျှော့ ပြသွားတဲ့ ဒီအမြန်ရထားကြီးကို
တဖျပ်ဖျပ် လင်းလဲ့နေအောင်ကို မျှော်ငေးတယ်..။
မနေ့ကလို လှည့်ပြန်ရဦးမယ့် စိတ်အနာထည်ကို
ရှိုက်သံတွေ ဘယ်လောက် ခိုစီးကြဦးမလဲ
အဲဒီ့....
နေလောင်မိုးလောင် ကျောပြင်သေးသေးကလေးအတွက်
ဘ၀ဆိုတာ..အနာစိမ်းတစ်ခုသာဖြစ်ကြောင်း
ဥပမာကောင်းကောင်းနဲ့ နှစ်သိမ့်ဖျောင့်ဖျပေးနိုင်ဖို့
ဟောဒီ့....
သူလိုကိုယ်လို ဒဏ်ရာဒဏ်ချက်ကြီးက အားမွေးတယ်။
ကလေးမလေးရေ..
မင်း ရှာဖွေနေတာကို
မင်း မရနိုင်တော့ဘူးဆိုတဲ့ အသိ
မသိတတ်မချင်းတော့...
ငေး ဦး ပေါ့ ။ ။
အိန္ဒြာ
(၁၁.၁၀.၂၀၀၆)
နာဂစ် နှစ်ပတ်လည်နီးလာပြီဆိုတဲ့ အတွေးစတွေရယ်..၊ အမြန်ရထားဆိုက်နိုးနိုးငေးနေရတဲ့..ဘ၀တွေရယ်အတွက်..
ကဗျာအဟောင်းတွေထဲက ဒီကဗျာလေးကို ရွေးဖြစ်လိုက်တာပါ..။
10 comments:
  1. အမြန်ရထားမရှိ ဘူတာရုံ...?
    အရမ်းရင်းနှီးခဲ့တဲ့တစ်နေရာရာလား...
    ဒုက္ခ သုက္ခ ရေခံမြေခံမှာ ကံနာလာကျ..?
    အဖေနဲ့အမေ့ ကိုပဲအပြစ်တင်ရမလား...
    အရှိန် လျှော့ လျှော့ ပြသွားတဲ့ ဒီအမြန်ရထားကြီးကို
    တဖျပ်ဖျပ် လင်းလဲ့နေအောင်ကို မျှော်ငေးတယ်...?
    အဲလိုလဲ ခဏခဏ အိပ်မက်ပေးခံရဘူးပေမဲ့အမှတ်မရှိခဲ့ဘူး...
    ကလေးမလေးရေ..
    မင်း ရှာဖွေနေတာကို
    မင်း မရနိုင်တော့ဘူးဆိုတဲ့ အသိ
    မသိတတ်မချင်းတော့...
    ငေး ဦး ပေါ့ ....?
    အဲဒါ ငါများလား...ငါတို့များလား...
    ကဗျာရေးသူကတော့ဘာရည်ရွယ်မလဲမသိ..
    ကျတော်ကတော့ ကိုယ့်ကိုကိုယ် ကောင်မလေးနေရာနဲ့ တော်တော်တူနေသလားလို့..
    မနေ့ကလို လှည့်ပြန်ရဦးမယ့် စိတ်အနာထည်ကို
    ရှိုက်သံတွေ ဘယ်လောက် ခိုစီးကြဦးမလဲ....?
    ReplyDelete
  2. လမ်းကြောင်းရယ်လို့ တိတိကျကျမရှိတဲ့ဘူတာမှာ
    အလံမရှိတဲ့ ရထားတွေမင်းမူနေကျပေါ့...
    ဘ၀တွေလား...ဟုတ်တယ် ဘ၀တွေပေါ့
    ဒုက္ခသုက္ခတွေက တောင်ဖို့ကြသေးသတဲ့...
    အဲဒီရထားလေ..အဲဒီရထားပေါ့
    ဥမမယ်စာမမြောက်အရွယ်တည်းက ငေးလာလိုက်တာ
    အခုဆို စိတ်အနာထည်မှာ ရှိုက်သံတွေခိုတွဲလို့
    ဥပမာဆိုကောင်းကောင်းနဲ့ နှစ်သိမ့်ဖျောင်းဖျပေးဘို့
    အနာစိမ်းတို့ရဲ့အတိတ်အကြောင်းမှာ
    ခြစ်ရာရှရာတွေ ဗလပွနဲ့ ။
    ဖြစ်တည်မှုတွေအတွက်နဲ့ ကျဆုံးမှုတွေရှိခဲ့တယ်
    ရရှိမှုတွေအတွက်လည်း ဆုံးရှုံးမှုတွေရှိခဲ့တယ်
    ဆိုက်ကပ်ရပ်နားမှုတွေအတွက်လည်း ထွက်ခွာမှုတွေရှိခဲ့တယ်
    ပျောက်ရှမှုတွေအတွက်လည်း ရှာဖွေမှုတွေရှိနေခဲ့တယ် ။
    ကလေးမလေးရေ....
    မင်း ရှာဖွေနေတာကို
    မင်း မရနိုင်တော့ဘူးဆိုတဲ့ အသိ
    မသိတတ်မချင်းတော့.....
    ငေး ဦး ပေါ့ ။
    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    ReplyDelete
  3. သည်လိုဘူတာမျိုးဖြစ်ရတာ
    သည်လိုဘူတာမျိုးမှာ လာရပ်နေရတာ
    ဒါတွေကကို ဘ၀တဲ့လား...
    ReplyDelete
  4. အမ...ဘူတာရုံတစ်ခုမှငေးခဲ့တာတော့ ငယ်ငယ်ကအမြဲလိုပဲ...အဲဒါတွေပြန်မြင်နေတယ်...
    ဖိုးမောင်
    ReplyDelete
  5. အမြန်ရထားကြီးတွေကိုငေးရင်း
    အဲဒီရထားကြီးတွေအိုမင်းသွားတာကိုငေးရင်း
    ရေဆူခေါင်းတွဲတွေစက်ရုံထဲရာသက်ပန်ထိုးထည့်
    ထားလိုက်ရတာကိုငေးရင်း
    ဘဝဟာတဖြည်းဖြည်းကြီးပြင်းမှိန်ဆင်းသွားရဲ့ ...
    ..................
    ဘယ်လိုဘဝမျိုးတွေလဲလို့မေးဖို့မေးခွန်း
    ဆွံ့အ ပျောက်ဆုံးသွားခဲ့ပေါ့.....
    ReplyDelete
  6. ကလေးမလေးရေ..
    မင်း ရှာဖွေနေတာကို
    မင်း မရနိုင်တော့ဘူးဆိုတဲ့ အသိ
    မသိတတ်မချင်းတော့...
    ငေး ဦး ပေါ့
    ကလေးမလေးအတွက် ငေးခွင့်ပေးထားတာထက် ဘာမှပိုမလုပ်ပေးနိုင်သေးတဲ့ဘဝတွေဆိုတော့....
    အတွေးတွေအများကြီးပွားသွားပါတယ်ညီမရေ
    ReplyDelete
  7. အမြန်ရထား မဆိုက်တဲ့ ဘူတာမှာ စောင့်နေတာ
    ကလေးမလေး တစ်ယောက်ထဲမဟုတ်ဘူး
    ညိုးနွမ်းနေတဲ့ မျက်လုံးလေးတွေ များစွာ..များစွာ... ငေး..လို့
    ReplyDelete
  8. ရှာဖွေနေတာကို
    မရနိုင်တော့ဘူးဆိုတဲ့ အသိ...
    ဘယ်တော့မှသိလာမလဲ...
    ခံစားလို့ကောင်းတယ်...
    ခင်မင်လေးစားလျက်
    မိုးကြယ်
    ReplyDelete
  9. ဘူတာရုံတစ်ခုရဲ့ တည်မြဲမှုအောက်
    နားခိုနေကျပေမယ့် အချိန်နှင့်တစ်ပြေးညီ
    သွားရမဲ့ ခရီးတွေအတွက် ရထားအလာကို စောင့်နေသလို
    မိန်းကလေးငယ်ရဲ့ မျှော်လင့်မှုဟာလည်း
    ရထားတစ်စင်းနဲ့ ကပ်ပါလာမဲ့ သူ့အတွက် အလင်းတန်းကို
    မျှော်နေမိမှာပဲ .. ဘယ်လိုပဲ ဖြစ်ဖြစ်
    ရထားအလာမှာ အစရှာရမလိုဖြစ်နေတဲ့ ဘ၀တွေက
    အဆုံးမဲ့နေတာ ကြာခဲ့တာ နားလည်ပြီ ...။
    ဒါပေမယ့် ဥသြသံကို နားစွင့်နေဆဲ ....။
    မကြီး ရည်ညွှန်းထားတာတော့ ပိုနက်နဲနေတယ် ..။
    ကျွန်တော်ကတော့ ဖြစ်တည်နေတဲ့ ကိုယ့်ဘ၀နဲ့ နှိုင်းပြီး ပြောသွားတယ် ..။
    ReplyDelete
  10. Who can remedy that poor society?
    Who is responsibility?
    Blame to who.
    Bino
    ReplyDelete