May 14, 2009

အရူး အက်ရှင်

အရူးစိတ် ငယ်ထိပ်တက်တဲ့နေ့တွေဆို
အရူးဟာ ဆိုင်ထဲထိ စတိုင်ကျကျဝင်ထိုင်တယ် ။ ခြေထောက်တွေကို ပလ္လင်ချိတ်လိုက်တယ် ။
ဆေးလိပ်ကို ဟန်ပါပါခဲလိုက်တယ်။ မျက်မှန်ကျိုးကို ထုတ်ပြီးတပ်လိုက်တယ်။
သတင်းစာကို ဇောက်ထိုးကိုင်ဖတ်တယ်။

အရူးက အားလုံးကိုခပ်ဆတ်ဆတ်ဝှေ့ရမ်းကြည့်လိုက်ပြီး
စားပွဲထိုးကို ခုံခေါက်ခေါ်လိုက်တယ်။
ကော့တေး(လ်) အရက်စပ်ခိုင်းတယ်။ ပုဇွန်ခေါင်းပြတ်ကိုမီးကင်ခိုင်းလိုက်တယ်။
ပြောရရင် အရူးရဲ့ ကြားဖူးနားဝတွေလို့ထင်တာပဲ။
ဘာပဲပြောပြော သံတူကြောင်းကွဲအရူးတွေထဲမှာ
ဒီအရူးက အနည်းအကျင်းတော့ သေသပ်ပြီး အတော်အသင့်ကို ပါးနပ်တယ်။
အရူးက တစ်ခါလာ တစ်မျိုး ပြောနေကျအတိုင်း
သူအတင့်တယ်အခမ်းနားဆုံးထင်တဲ့ စကားလုံးတွေနဲ့ သူရဲ့နာမအသစ်ကို မပီမသကြီး အော်ဟစ်တယ်။
အရူးက သူ့ ပါးစပ်ဆိုင်းနဲ့သူ ကွေးနေအောင် ထ က လိုက်ပြန်တယ်။
တစ်ဆိုင်လုံး အသက်အောင့်ထားမိတယ် ။ ဖွင့်လက်စသီချင်းတွေ ရပ်ပေးထားရတယ် ။
ပြောလက်စ စကားတွေကို လွှတ်ချထားကြတယ်။

အားလုံးဟာ ... အရူးရဲ့အရိပ်အခြေကို မျက်ခြေမပြတ်စောင့်ကြည့်နေကြတယ်။
ခေါင်းခါတယ် ။ ခေါင်းညိတ်တယ် ။ နောက် ခေါင်းထပ်ခါတယ် ။ နောက်ထပ် ခေါင်းညိတ်တယ် ။
အရူးက အာဆင်နယ်မှာ နည်းပြလုပ်မယ့်အကြောင်းပြောတယ်။
အိုစမာကို လက်ရဖမ်းပေးမယ့် အကြောင်းပြောတယ်။

ယူရေနီယမ်သတ္တုနဲ့ သွားအတုလုပ်မယ့်အကြောင်းပြောတယ်။
လကမ္ဘာကို ရေသန့်တင်ပို့မယ့်အကြောင်းပြောတယ်။

တစ်ခါတစ်ခါ...ဆဲရေးတိုင်ထွာလိုက်သေးတယ် ။
ဆတ်ကနဲ. . . . . အရူးမတ်တတ်ထရပ်တယ်။
လက်ကောက်ဝတ်ကို မြှောက်ပြီးကြည့်လိုက်တယ်။
အရေးတကြီးကိစ္စကို သတိရလိုက်သလိုဟန်ပန်နဲ့ လက်ညှိုးတစ်ချောင်းထောင်လိုက်တယ် ။ မျက်မှောင်နက်နက်ကြုတ်ထားတယ် ။
စားပွဲကို “ဖျမ်းကနဲ“ ပုတ်လိုက်ပြီး
ဟေ့ .. ငါပြန်လာခဲ့မယ်. . . .။ ၂၆နာရီထိုးရင် ငါပြန်လာခဲ့မယ်။
(အရူးက အသံတော့ အောင်ရှာတယ်)
ပြောပြောဆိုဆို.. တဟုန်ထိုး ပြေးထွက်သွားပါရော. . . . . . . . ။ ။
အစိမ်းရောင် အတိတ်တဘောင်ဆိုပါလား….
မှတ်သား ချဲ့ကား ကျန်ရစ်ကြ ။ အငြင်းပွား အချင်းများ ကျန်ရစ်ကြ ။
အရူးရဲ့ နာမည်အသစ်အကြောင်း။ အားလုံးကိုစောင့်ခိုင်းလိုက်တဲ့အကြောင်း။
အရူး မျက်ထောင့်နီနေကြောင်း။ လက်ညှိုးတစ်ချောင်း ထောင်သွားကြောင်း။
အရူး ပြန်လာဦးမယ့်အကြောင်း ။ ယုတ်စွအဆုံး အရူးလည်ပင်းက ရောင်စုံဖိနပ်စုတ်တွေအကြာင်း။
အဲ သ လို မျိုး . . . .
အရူး တွင်ကျယ်သွားလိုက်တာ. . . တစ်ဆိုင်လုံးကို သွက်သွက်ခါ
အရူးကို
အရူးလို့ပြောရင်တောင်
မျက်စောင်းထိုးချင်ကြ ။ ။

အိန္ဒြာ


( Face (မုခ)မဂ္ဂဇင်း)
၀၄.၀၅.၀၆


14 comments:

  1. ဒီလိုနဲ့
    နေတွေလည်းမြင့်တက်လာခဲ့ပေါ့
    စိတ္တဇအရင့်အမာကြီးတွေနဲ့
    ငါတို့လည်း...
    ဘယ်တော့များမှ........
    ..........တရားစစ်ကိုရကြမလဲမသိ..
    ............

    ReplyDelete
  2. အရူးကို အရူးတွေက ကြည့် အငြင်းပွားကြ သဘောထားကွဲကြ အော်ဟစ်ဆဲရေးကြ
    အရူးကတော့ အေးဆေးပါဘဲ..
    ဆိုင်ထဲမှာ ကျန်ခဲ့တဲ့ အရူးတွေကတော့ မောလို့

    ReplyDelete
  3. မိုက်တယ်...
    အရူးအက်ရှင်ကို ခိုက်သွားပြီ။
    အရူးဖြစ်ကြောင်း သက်သေခံစာတမ်းနဲ့  ကျွန်မလည်း ပါမယ်...:D

    ReplyDelete
  4. ၂၆နာရီထိုးမယ့် အချိန်ကိုစောင့်နေတယ်။ အဲဒီအချိန်ကျရင် အရူးပြန်လာလိမ့်မယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  5. အမရေ... လူတွေကအရူးတွေဆိုတော့ ကျနော်တို့လည်း ပါတယ်နော်...
    ဖိုးမောင်

    ReplyDelete
  6. အင်း.. ဒီတခါ အမအိမ်လာလည်ရင် အဲဒီအရူးအက်ရှင်ကို ဘယ်လိုခံစားပြီးရေးသလဲဆိုတာ အမူအရာလေးနဲ့ ဗျူးအုံးမှပဲ။ ထိတတော့ ထိတယ်နော..ဟင်း..ဟင်း။ ကိုဖိုးမောင်ရေ ကျနော်တို့ သမိုင်းလမ်းဆုံကပဲ ပြန်လှည့်မယ်ဗျာ။


    မိုးမောင်(Myanmar Idol 2009)

    ReplyDelete
  7. သည်လိုနဲ့ အရူးတယောက် အော်စကာ ရသွားပါပေါ့လား...

    အဲ.. အဲ.. ခဏနေဦး... မှန်ထဲမှာ မြင်နေရတယ်... ဘယ်သူလဲလို့ ခဏလောက်တော့ ချောင်းကြည့်လိုက်ဦးမယ်...
    တွေ့တာနဲ့ ဘယ်သူလဲလို့ ပြန်ပြောပြမယ်နော...း)

    ReplyDelete
  8. အဲ သ လို မျိုး . . . .
    အရူး တွင်ကျယ်သွားလိုက်တာ. . . တစ်ဆိုင်လုံးကို သွက်သွက်ခါ
    အရူးကို
    အရူးလို့ပြောရင်တောင်
    မျက်စောင်းထိုးချင်ကြ ။ ။


    အရူးအက်ရှင်နဲ့ ပြောလိုက်ပါတယ်ဗျာ...၊ ဒီကဗျာကို အရမ်းကြိုက်တယ်.....

    ReplyDelete
  9. သွပ်သွပ်သွပ်.. အရူးခမျာ ရူးရှာလေတယ်..
    အင်းး ရူးတယ် ဟုတ်တယ်.. ရူးနေကြတာ..

    ထူးထူးခြားခြား အရူးပါးတွေကြောင့်လည်း ရူးချင်နေမိတယ်..

    အင်းး မကြီးရေ.. ကျနော်လည်း သမိုင်းလမ်းဆုံကပဲ လည့်ပြန်တော့မယ်..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    အနော် (ကိုရင်နော်)
    မှတ်ချက်...။ ။ ခင်လေးငယ် ရူးနေသဖြင့် မလားအားပါ..။

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. “အစိမ်းရောင် အတိတ်တဘောင်ဆိုပါလား….”
    အဲဒါလေးဖြတ်ပြီး နံရံမှာကပ်လိုက်တော့
    “သွက်သွက်ခါ
    အရူးကို
    အရူးလို့ပြောရင်တောင်
    မျက်စောင်းထိုးချင်ကြ ”
    ကဲဗျာ အရူးက ဘယ်သူလဲ...?
    မျက်စောင်းထိုးတာက ဘယ်သူတွေလဲ...?
    နောက်ကျောပြူတင်းပေါက်က အလျားလိုက်
    တရုတ်ကပ်မှန်တွေ ဒေါင်လိုက်သံချောင်းအဖြစ် နံရံမှာကပ်ကြည့်ပြီးကတည်းက......
    “သူအတင့်တယ်အခမ်းနားဆုံးထင်တဲ့ စကားလုံးတွေနဲ့ သူရဲ့နာမအသစ်ကို မပီမသကြီး အော်ဟစ်တယ်”
    ........
    “ဟေ့ .. ငါပြန်လာခဲ့မယ်. . . .။ ၂၆နာရီထိုးရင် ငါပြန်လာခဲ့မယ်။”
    ၂၆ဆိုတော့ ၂လာနဲ့ ၆ကြာ ပြောင်းပြန်လှန်တော့ သောက..သောက
    အရူးဟာ
    ခြေထောက်တွေကို ပလ္လင်ချိတ်လိုက်တယ် ။
    ဘာပဲပြောပြော သံတူကြောင်းကွဲအရူးတွေထဲမှာ
    ဒီအရူးက အနည်းအကျင်းတော့ သေသပ်ပြီး အတော်အသင့်ကို ပါးနပ်တယ်။
    ကဲ အရူးရေ...ခင်ဗျားပြောသမျှ
    မျက်ခြေမပြတ်စောင့်ကြည့်နေကြတယ်။
    ခြေထောက်တွေကို ပလ္လင်ချိတ်လိုက်တဲ့
    အရူးရဲ့ နာမည်အသစ်ကိုလေ.....
    ကျွန်တော် မျက်စောင်းမထိုးတတ်လို့
    အဲဒီအရူးကို တည့်တည့်ကြည့်လိုက်တယ်။

    ReplyDelete
  12. အစိမ်းရောင် စာတစ်အုပ်နဲ့
    လူလုပ်ဖို့ ကြိုးစားနေတဲ့
    အရူးတွေနဲ့ အစ်မ ....
    လူဆိုတာ ကိုယ်ရူးမှန်းလောက်တော့
    ကိုယ်သိရမှာပေါ့....
    အ၀ိဇာပိတ်ကာဖုံးတော့ မိဆာကို
    ဘုရားထင်တဲ့ ခေတ်...။

    ReplyDelete
  13. အရူးကို
    အရူးလို့ပြောရင်တောင်
    မျက်စောင်းထိုးချင်ကြ

    အင်း..အရူးအက်ရှင်ကောင်းပုံများ။။။

    ReplyDelete
  14. "အရူး အက်ရှင်"

    သဘောကျလိုက်တာနော်

    ReplyDelete