June 25, 2009

ဖြောင့်ထားသောမျဉ်းများ

မြို့က မြို့မပီသတော့
အသံဟောင်းက လေတိုက်ပြီး လွင့်
ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိတော့ဘူး
လှမ်းဆုတ်ဖို့ လက်တစ်ကမ်းအလို
ပြုတ်ကျသွားတဲ့ အတ္တကိုလည်း
နှမြောဖို့ကောင်းတယ်။
ဝမ်းစာ ရှာစားရတာချင်းအတူတူ
ရန်ဖြစ်မနေကြနဲ့ လူအချင်းချင်း
ထမင်းတစ်လုပ်က အလုပ်ရှုပ်တယ်
ဆိုတာ ပြည့်စုံပါတယ်
အနာဂတ်ဟာ ကြွေသွားတဲ့ ကြယ်
ဖျာမခင်းခင် လန့်သွားတဲ့ ပွဲဟာ
လူသားဆန်မှု
တဒိုင်းဒိုင်း ပစ်ချလိုက်တဲ့ ပါးစပ်သေနတ်ထဲ
လမ်းဘေးဓာတ်တိုင်တွေ လဲ လဲ ကျသွားတယ်
ဘယ်မှာလဲ
စွန့်ပစ်ထားတဲ့ ရာသီမျိုးမှာ
ဖြစ်နိုင်ရင်
ပရဟိတတွေ
ဈေးတင်ပြီး ရောင်းသာပစ်လိုက်ချင်တယ်
ကမ်းနားသစ်ပင်တွေဟာ ထူထောင်မှုတစ်ခု
ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိဘူး
အရိပ်နေပြီး အခက်ချိုးသလို
ငါတို့ကိုယ် ငါတို့လည်း မျိုကြရမယ်။
ရှောင်လွှဲမရတဲ့ ကမ္ဘာပျက်မိုး
ငါတို့ဆီ
ဆိုက်ရောက်လာတဲ့ အခါ
ငါ့ကို တဲအိမ်တစ်ခုသာပေးပါ
လူဆိုတာ ကိုယ့်အတ္တနဲ့ ကိုယ်
သူ့အတ္တနဲ့ သူ
နေထိုင်မှုကို ခြံခတ်ထားဖို့မလိုဘူး
သိပ်သည်းဆပဲ လိုပါတယ်။ ။

တည်ရ
(ပိတောက်ပွင့်သစ်မဂ္ဂဇင်း ဇန်န၀ါရီ ၂၀၀၉)


(မောင်အရင်းတစ်ယောက်လို ချစ်ခင်ရပြီး.အမြဲတမ်းစကားနိုင်လုရန်ဖြစ်နေရတဲ့..၊ ကဗျာဆရာတည်ရစ်ကို လွမ်းခြင်းအားဖြင့်..)

14 comments:

  1. မရေ..ကဗျာကောင်းလေး လာဖတ်သွားပါတယ်။
    ကဗျာဆရာက တည်ရ လား တည်ရစ်လားဟင်...

    note မှာက တည်ရစ်ဆိုတော့ ...

    ReplyDelete
  2. ကဗျာလေးကကောင်းတယ်အိန္ဒြာရေ
    ကျေးဇူးပါ
    ဒါထက် အဲဒီကဗျာဆရာက
    ဘာဖြစ်သွားလို့လဲဟင် ..
    ပြီးခဲ့တဲ့လကတောင် အိုင်ဒီယာမှာကဗျာပါသေးတယ်
    ခမျာ ..ငယ်ငယ်ရွယ်ရွယ်နဲ့
    အမတို့လည်း ကူလွမ်းသွားပါတယ်

    ReplyDelete
  3. ကူလွမ်းပေးတာဗျို့ ...
    :)
    တယ်ရကောက်ဆိုတဲ့ ကဗျာဆရာလေးက တကယ်ရေးတတ်တယ် ...။

    လက်ဖက်ရည်တိုက်ဖို့
    လာခဲ့ပါဦးလို့ဖိတ်လိုက်ပါအမရေ ...။

    ကဗျာကို အဓိပ္ပါယ်တွေမဖွင့်ခင် ပြေးပြေးဖတ်ရတာကိုက ရင်ခုန်စရာ ...။

    (ကျန်းမာရေးအညံ့ထဲရောက်နေသည် ...

    ဆွဲထုတ်လိုက်ပါ ....။

    နေကောင်းတဲ့အခါ

    ကျန်းမာရေးလည်းကောင်းသွားမည်...။ )

    Z

    ReplyDelete
  4. တည်ရပါ မယ်ကိုးရဲ့...

    အမ က သူ့ကို "ရစ်"လွန်းလို့နောက်ခေါ်တာ..။

    မော်ဒယ်ဘွိုင်းနှင့်တူသော.
    မြန်မာပြည်ကတစ်ဦးတည်းသောကဗျာဆရာပေါ့..။

    မမရေ.. တော်ကြာနှာစေးချောင်းဆိုးတွေဖြစ်နေပါ့မယ်...။
    H1N1 က ကြောက်စရာ

    ReplyDelete
  5. ကမ္ဘာပျက်မိုးကြောင့် တဲအိမ်လေးမှာ တည်းခိုခွင့် ပေးပါ။
    :)

    ReplyDelete
  6. လူဆိုတာ ကိုယ့်အတ္တနဲ့ ကိုယ်
    သူ့အတ္တနဲ့ သူ
    နေထိုင်မှုကို ခြံခတ်ထားဖို့မလိုဘူး
    သိပ်သည်းဆပဲ လိုပါတယ်။ ။


    အဲတာလေး ရင်ထဲမှာ စွဲကျန်ရစ်တယ်။

    ReplyDelete
  7. ကဗျာလေးက ကောင်း၏..
    သို့သော် တည်ရစ် ခမျာ မယ်ရစ်နှင့် တွေ့ရှာ၏...:P

    ReplyDelete
  8. ကိုလင်းဒီပ ပြောတာလေးလည်း မှန်၏။
    ဟီ ဟီ... =P

    ReplyDelete
  9. ဖတ်သွားတယ်အစ်မရေ ...
    ကဗျာလေးကောင်းတယ် ...

    ReplyDelete
  10. မရေ...ကဗျာဆရာတည်ရ ကတော့ သူ့ နာမည်တောင် မသိဘူးလားဆိုပြီး စိတ်ဆိုးနေတော့မှာပဲနော်။

    ဒါနဲ့  မယ်ရစ်ဆိုတာကကော ဘယ်သူလဲဟင်...
    ကျွန်မကို ပြောတာတော့ မဟုတ်ပါဘူးနော်။ :)

    ReplyDelete
  11. စိတ်ထဲရှိတာ ချရေးဖြစ်တာပါ...
    တစ်ခြားဆရာ ဆရာမတွေရဲ့ မန့်တွေကိုလဲ
    သတိထားမဖတ်တာ တွေးတာ မြင်တာခြင်းမတူရင် ရေးချင်တာအတွက် အနှောက်အယှက်ဖြစ်သွားမှာဆိုးလို့ပါ...အခုလဲ တော်တော်စိတ်မကောင်းဖြစ်မိတယ်...comment
    ရေးမယ်လဲလုပ်ရော ဘေးကပ်ရက်မှာ ဆရာ Zephyr ရဲ့(ကဗျာကို အဓိပ္ပါယ်တွေမဖွင့်ခင် ပြေးပြေးဖတ်ရတာကိုက ရင်ခုန်စရာ ...။)ဆိုတဲ့ စာကြောင်းက မျက်လုံးထဲပြေးဆောင့်ဝင်လာတယ်...
    ဆရာရေ နောက်အမည်မသိဆရာတစ်ယောက်ပါ တောင်းပန်ပါတယ်..
    ခွင့်လွတ်ပေးပါ...ကျနော်အသိတိမ်တိမ်လေးကို နားလည်ပေးပါဗျာ..
    ရည်ရွယ်တာက ဒီကဗျာအမျိုးအစားတွေက
    တိုက်ပွဲဝင်နေရဆဲပါ...နန်းသိမ်းပွဲမကျင်းပနိုင်သေးပါဘူး
    သိုက်စာတွေ..မြုပ်ကွက်တွေ တင်းကြမ်းနဲ့
    ပို့မော်ဒန်ဟာ ဘာတွေရေးထားမှန်းမသိဘူးလို့
    အခုထက်ထိပြောခံနေရတုန်းပါ..
    ခက်တာက ဘယ်ကဗျာဆရာမှ ကိုယ့်ကဗျာကို ကိုယ်စကားပြေ မပြန်ကြပါဘူး
    ဒီတော့ ငထွားတစ်ယောက်ယောက်က အမုန်းခံမှ နားမလည် မခံစားတတ်တဲ့သူတွေ
    သေးသေးလေးနားလည် သွားတယ်ဆို အဲလိုလူတွေ တဖြေးဖြေးပိုခံစားတတ်လာမယ်လို့ ယူဆလို့ပါ..
    ကဗျာဆိုတာကလဲ အများကိုယ်စားပြုဆန်ဆန်လေ တစ်ယောက်သောသူအတွက်ရည်ရွယ်ရေးရင်တောင်
    လူသန်းပေါင်းများစွာထဲမှာ တိုက်ဆိုင်သူတွေ တော်တော်များများရှိမှာပါ...
    ကျနော် သဘာပြပြီး သူများကဗျာ ဝင်ဝေဖန်တာမဟုတ်ပါဘူးဗျာ...
    ဆရာစဉ်းစားကြည့်ပါ ဖန်တီးတဲ့သူရဲ့ ဆိုလိုချက်နဲ့ နီးစပ်အောင်တွေးကြည့်ရတာ
    လွယ်ပါ့မလား...မနီးစပ်ဖို့ကများပါတယ်...ကျနော် တစ်ချက်မှားသွားရင် သွားပြီ...မကြိုက်ရင်လဲ
    လုံးဝဝင်မမန့်ပါဘူး...နောက်တစ်ခုက ခွင့်ပြုချက်ရမှ ကျနော် ရေးတာပါ
    တော်တော်များများ ကောင်းတာလေးတွေ တစ်ခြားဆရာ ဆရာမတွေ ထံမှာလဲ ဖတ်ရပါတယ် ခွင့်ပြုချက်မရလို့ မမန့်တာပါ...
    ဆရာ ရေ...ခွင့်လွတ်ပြီး ကျနော်မန့်ကိုကျော်ဖတ်ပေးပါဗျာ...
    တစ်ခြားကျနော့်မှာဘာရည်ရွယ်ချက်မှ လဲမရှိပါဘူး...ပို့မော်ဒန်ဟာ ခေတ်ရဲ့လိုအပ်ချက်မို့ ၁၀၀% နန်းသိမ်းပွဲရစေချင်တာသက်သက်ပါ...
    ......
    ဒီကဗျာလေးရဲ့အသက်ကို ကဗျာဆရာက
    "ကမ်းနားသစ်ပင်တွေဟာ ထူထောင်မှုတစ်ခု
    ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိဘူး"
    အဲဒီမှာဖွက်ခဲ့တယ်လို့မြင်ပါတယ်...
    အသေးစိတ်ခံစားဖို့...ရေးသင့်မရေးသင့်
    ကျနော်ဆုံးဖြတ်လိုက်ဦးမယ်...
    စကားဝှက်များစွာနဲ့ ခင်းကျင်းထားတဲ့ကဗျာလေး ထပ်ထပ်ဖတ်လေ အရသာရှိလေပါပဲ...။

    ReplyDelete
  12. ကို Minn ...

    ကျွန်တော့် comment ကြောင့်တော့ စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ ...။ ကျွန်တော်တို့ မောင်နှမတွေအချင်းချင်း စနောက်ပြီးရေးနေတဲ့သဘောပါ ...။
    မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ ...။
    ရေးတဲ့ ကိုရ ရော ပို့စ်တင်တဲ့ မဒါရောက မောင်နှမတွေပဲဖြစ်ပါတယ် ...
    သူတို့နဲ့ပြောနေဆိုနေကြအတိုင်းရေးလိုက်တာပါ ...။
    ...။

    ကျွန်တော်ကိုယ်တိုင်လည်း အမည်မဲ့ကဗျာတွေကို ခံစားကြည့်မိတဲ့ post တွေရေးခဲ့ပါတယ် ...။
    လွတ်လပ်စွာရေးသားခွင့်ကိုလည်းအသိအမှတ်ပြု့ပါတယ် ...။

    ခင်မင်စွာဖြင့်
    Z

    ReplyDelete
  13. ကဗျာကောင်းလေးပါ..

    ကမ်းနားသစ်ပင်တွေရဲ့ဖြစ်တည်မှုဟာ...

    တဲအိမ်လေးတစ်ခုရဲ့ ဖြစ်တည်မှုဟာ...

    အရာရာဟာ..အရာရာဟာ...

    ပိုင်ဆိုင်မှု ပြယုဂ်တစ်ခု....

    လူထဲက လူတစ်ယောက်ဆိုတာလည်း...

    ဖြောင့်ထားတဲ့ မျဉ်းတစ်ကြောင်းပါဘဲလေ...။


    ဆူးရင့်

    ReplyDelete
  14. ပြောရေးရှိက ပြောရတာပေါ့ဗျာ ... ပို့စ်မော်ဒန်အလံလေးတလွင့်လွင့်နဲ့တော့ ကဗျာတွေ မချည်းကပ်ပါနဲ့ဗျာ။ ကဗျာဆိုတာက ကဗျာပါပဲ။ ဘယ်ကဗျာဆရာမှတော့ စကားပြေပြန်မပြခဲ့ပါဘူး။ ရှေးကဗျာတွေကစပြီးတော့ အခု ပြောနေတဲ့ ပို့စ်မော်ဒန်ဆိုသောကဗျာများ အထိပါပဲ။ ချည်းကပ်မှုတော့လိုတာပေါ့ဗျာ။ ခင်ဗျားချည်းကပ်မှုက ခင်ဗျားမှာရှိရင်းစွဲ စိတ်အခံ၊ ပေတံနဲ့လိုက်တိုင်းတာတော့ ဆိုးတာပေါ့ဗျာ။ ဝေဖန်ရေးမှာ တိုင်းတဲ့ပေတံရဲ့ စကေးမှန်ဖို့တော့လိုတာပေါ့။ ဟိုဟာ ဟုတ်နိုးနိုး ဒီဟာဟုတ်နိုးနိုး နောက်ဆုံးတော့ နိုင်ငံရေးဆန်တဲ့ ဟင်းအိုးထဲ ထည့်မွှေချက်တာကတော့ မလုပ်သင့်ဘူးမြင်တာပဲ။ ဝေဖန်ရေးလုပ်ရင် ဝေဖန်ရေးဆန်ဖို့လိုတယ်။

    >>>>
    ဒီကဗျာလေးရဲ့အသက်ကို ကဗျာဆရာက
    "ကမ်းနားသစ်ပင်တွေဟာ ထူထောင်မှုတစ်ခု
    ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိဘူး"
    အဲဒီမှာဖွက်ခဲ့တယ်လို့မြင်ပါတယ်...

    ReplyDelete