September 14, 2009

အလွမ်းဆွတ်ဆွတ် ပန်းချီ


လမ်းမပေါ် စွန်းထင်းကျန်ရစ်တဲ့
ကိုယ့်အရိပ်တွေကိုယ် လှဲကျင်းဖို့..
သမီး...
နောက်တစ်ခေါက်လောက်..
ထပ်လျှောက်ကြည့်ချင်တယ် ..မေမေ

ခြေခင်းလက်ခင်းသာမယ့်ဆည်းဆာရောင်ခြည်ထဲ..
တိမ်တွေဘယ်အရောင်နဲ့ ၀င်းမှည့်နေကြမလဲဆိုတာ
သမီးမျက်ဝန်းတွေထဲ..
လာလာ ငို နေကြတဲ့ ကဗျာပါ.

ဘ၀ဆိုတာ..
နာကျင်လွမ်းမောခြင်းတွေကိုမှ..
လှလှပပ
ဖူး ငုံ သီး ပွင့် ပြ နေတဲ့..
အနုပညာတစ်ခုလောက်ပါ...မေမေရယ်..

ဟောသည့်..
အထီးကျန်ခြင်းတောင်ခြေမှာ..
လာလာဝေပြနေတဲ့...မြူနှင်းက
ဘယ်ဘ၀က အချစ်ကြွေး ဖြစ်လိမ့်မလဲ....

မေမေရေ...
သမီး...တွန်းတင်လိုက်တဲ့ကျောက်တုံးကို..
သမီး..ကိုယ်တိုင်တွန်းချပစ်ခဲ့တာ.. ။


အိန္ဒြာ

(၁၄.၉.၂၀၀၉)



18 comments:

  1. မျက်ဝန်းတွေထဲ..
    လာလာ ငို နေကြတဲ့ ကဗျာတွေကြား
    ဖူး ငုံ သီး ပွင့် ပြ နေတဲ့..
    အနုပညာတစ်ခုလောက်ပါဟာ ကဗျာနဲ့ပင့်သက်တူရင်
    အားလုံးလှနေမှာပဲနော် ..။


    နောက်နေ့မှ ထပ်လာဖတ်မယ် .. ခုတော့ အိပ်ပြီ ..။

    ချစ်ရဆုံးမကြီးရဲ့
    ချစ်ရဆုံး .. မောင်ငယ်လေး ..
    idulize (အရုပ်ကလေး)

    ReplyDelete
  2. ဝဋ်ကြွေးတွေက ပြန်တက်လာလိုက်
    ကိုယ်ကပြန်ခြေဖျက်လိုက်နဲ့
    ဘဝဟာ ဒီလိုပါပဲ...
    ဒါထက် စကားမစပ်
    ညီမလေးနာမည်က
    sisyphus တဲ့လား :))

    ReplyDelete
  3. ဒို့အစ်မ ပြောတဲ့..
    ဘ၀ဆိုတာ..
    နာကျင်လွမ်းမောခြင်းတွေကိုမှ..
    လှလှပပ
    ဖူး ငုံ သီး ပွင့် ပြ နေတဲ့..
    အနုပညာတစ်ခု
    ဆိုတာလေးကို တွေးကြည့်နေမိတယ်..

    ဘယ်ဘဝက အကြွေးဖြစ်ဖြစ် အကြွေးဆိုတာကတော့ ရှိတာ မကောင်းဘူး.. မြန်မြန်သာ ဆပ်လိုက်ပါ..

    နောက်ဆုံး အပိုဒ်လေးကလည်း တွေးချင်စရာလေးမို့ ထပ်တွေးလိုက်ပြန်တယ်..

    ချစ်ခင်စွာဖြင့်..

    ReplyDelete
  4. တွန်းချလိုက်တဲ့ ကျောက်တုံး အနော့်ဆီ ပြိုလာပြီး အိပ်မက်တွေ ပိခံရမှာ စိုးလို့ မနက်မှ တခေါက် ပြန်လာဖတ်တော့မယ်။း)

    ဟောသည့်..
    အထီးကျန်ခြင်းတောင်ခြေမှာ..
    လာလာဝေပြနေတဲ့...မြူနှင်းက
    ဘယ်ဘ၀က အချစ်ကြွေး ဖြစ်လိမ့်မလဲ....

    (အကြွေးတွေတော့ ကြေအောင် ဆပ်သွားမှပါပဲလေ)

    ချစ်ခင်လေးစားစွာဖြင့်

    ReplyDelete
  5. ဟုတ်တယ်အစ်မ eaindra sisyphus တဲ့..:P

    အဲဒီကျောက်တုံးကို တွန်းတင်လိုက် ပြန်တွန်းချလိုက်နဲ့ လက်မောင်းတွေလည်း အတော်ကြီးလာပြီ..။

    “တိမ်တွေဘယ်အရောင်နဲ့ ၀င်းမှည့်နေကြမလဲ”
    “အထီးကျန်ခြင်းတောင်ခြေ”
    “ဘယ်ဘ၀က အချစ်ကြွေး”
    စာလုံးလေးတွေ သေချာသိမ်းပြီး သယ်သွားပြီ အစ်မ...။

    ReplyDelete
  6. အဲဒါဟာ ၀ဋ်ကြွေးဆိုလည်း ဒီဘ၀တော့ ဒီတောင်ခြေမှာပဲ တရားအားထုတ်ရင်း ကျောက်တုံးလှိမ့်တမ်း ကစားရင်းပဲ ကျေအောင်ဆပ်လိုက်ပါတော့ အမိငယ်.. ခွိ... နာတွ..

    ReplyDelete
  7. တွန်းတင်ဖို့ကို အရိပ်တကြည့်ကြည့်
    တွန်းချဖြစ်လိုက်တော့ လည်း ကိုကိုယ်တိုင်
    သံသရာထဲမှာ ...။။။

    ReplyDelete
  8. မရေ... မယ်ငိုပြီး ဖတ်သွားတယ် ...
    သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်တဲ့ ဆရာတော် ဦးဗုဓ်က ပြောခဲ့တာ။
    မြန်မြန်ဆပ်လိုက်ပါနော် မ =)

    ReplyDelete
  9. မယ်တော့ ...

    သိမ်ငယ်သူကိုမှု ပြက်ရယ်ပြုတတ်လည်း
    ဝဋ့်ကြွေးတွေ ကြိုးစားဖြေမယ်။

    လို့ ရေးထားတယ်။ သံသရာကြောက်လို့ပါ မရယ် =)

    ReplyDelete
  10. ဘ၀ဆိုတာ
    နာကျင်လွမ်းမောခြင်းတွေကိုမှ
    လှပစွာဖူးပွင့်ပစ်လိုက်တာတဲ့လား...

    ဒါဟာ အနုပညာတစ်ခုဖြစ်ခဲ့ရင်
    သေချာတယ် ရင်ဘတ်နဲ့ထုဆစ်တာ...

    အထီးကျန်ခြင်းတောင်ခြေမှာ ဝေပြနေတဲ့နှင်းတွေထဲ
    တိမ်တွေကော ဘယ်အရောင်နဲ့မှည့်ကြမလဲ...
    စက္ခုကဖြာဖြာကျလာတဲ့ ကဗျာတွေထဲမှာဘဲ
    ကိုယ့်အရိပ်ကိုယ် ပြန်ပြန်ရှာနေမိတယ်...

    တကယ်တော့
    ကမ္ဘာပြိုမယ့်နေ့မှာမှ...သားက
    ထင်းခြောက်ရှာခဲ့မိတာပါ..အမေ။

    မကြီးကဗျာလေးကို ခံစားပြီး ကဗျာနဲ့ဘဲမန့်ပေးခဲ့တယ် မကြီး။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  11. ဟုတ်တယ်..ဘ၀ ဆိုတာ..တကယ်တော့..အလွမ်းဇတ်ထုပ်ပဲ။ ပျော်စရာတွေ ပါခဲ့ရင်တောင်..လိုက်ကာကြီးကျ..ကျလာတော့..လွမ်းဖို့ကောင်းလိုက်တာ။

    ReplyDelete
  12. အလွမ်းဆွတ်ဆွတ်ပန်းချီကားလေးက အသံသာလိုက်တာနော်...။ ဒီကဗျာက စက္ခုနဲ့ ဖတ်တာထက်စာရင် ကဗျာဆရာမကိုယ်တိုင် ရွတ်ပြတာကို နားထောင်ရင်း ကဗျာထဲမှာ စီးမျောသွားတာက ပိုအရသာရှိမလားပဲ...။ လမ်းမဆိုတဲ့ အသုံးလေးကိုပဲ ကာလာ ပြောင်းကြည့်ချင်တယ်...။

    ReplyDelete
  13. အရင်တင်ခဲ့တဲ့ကဗျာ(.......မြို့) ကို စပြောချင်ပါတယ်..
    စကားလုံးတွေအနေနဲ့ တစ်ကြောင်းချင်း မာန်ပါပြီးလှပါတယ်
    ဒါပေမဲ့...အရမ်းကိဲုပြစ်ခဲလွန်းတော့ ကဗျာက အိပ်သွားတယ်
    ကဗျာတပုဒ်လိုခံစားလို့မရအောင် ကျနော်ညံ့လွန်းတာပါ..
    အဲလိုဖြစ်တော့ခဏခဏပြန်ဖတ်မိတယ် ...စိတ်က ပင်လယ်ရပ်ခြားမှာ
    လက်ကျန်ဘဝကို စမ်းတဝါးဝါး အာမခံ လာလျောက်တဲ့ လူတစ်ယောက်ရဲ့
    ညဥ့်ဦးယံ အလိုမကျခြင်းမှတ်တမ်းတပုဒ်လိုပဲ မြင်နေမိတယ်...နောက်ဆုံး အနုပညာ
    အခံ သေးနုပ်လှတဲ့ ကိုယ်ကိုကိုယ်ပဲအပြစ်တင်မိတော့တယ်..။
    ကဗျာဆရာမ..အတင်းဖန်တီးထားသလိုပဲဗျာ..။
    .........
    အခု ကဗျာလေး“ အလွမ်းဆွတ်ဆွတ် ပန်းချီ” ဖတ်လိုက်ရတော့
    ပြောက်နေတဲ့ အိန္ဒြာ ကို ပြန်တွေ့လိုက်ရတယ်...
    ဘဝပဲရေးရေး အချစ်ပဲရေးရေး ကဗျာဟာကဗျာလို အသက်ဝင်မှလှတာ
    မိခင်ကို တမ်းတ ပြီး ( ဒါက အယောင်ပြ သက်သက်) ဒါမှမဟုတ်
    ပဲ့ကျသွားတဲ့ ရင်ဘတ်အပိုင်းအစတွေ နှမြောတသသဖြစ်နေတာကို
    စကားလုံးလေးတွေ ရွေးပြီးဖွဲ့သွားတာ အရမ်းအဆင်ပြေပါတယ်..။
    ပထမဆုံး အပိုဒ်က လည်ပြန်လှည့်ကြည့်ချင်စိတ်ကို
    နောက်ဆုံးအပိုဒ် မှာ မာန..ဒေါသ တွေနဲ့ အံတင်းလိုက်တဲ့ပုံက
    ဒီကဗျာကို ပိုအသက်ဝင်စေတာပါ..
    အဲလိုပဲ ပထမ အပိုဒ်က ဒဏ်ရာတွေ မေ့ပစ်ချင်စိတ်...ရခဲ့ရင် အစက
    ပြန်စချင်စိတ်ကို
    တတိယ နဲ့ စတုတ္ထ အပိုဒ်မှာ ကြေကြေနပ်နပ် လက္ခံ ခံစား နေတဲ့..
    ဆန့်ကျင်ဖက် ရသ နဲ့ ဆွဲခေါ်သွားပုံလေး လှပါ့ဗျာ...
    ရုတ်တရက်ဖတ်လိုက်ရင်တော့ ကဗျာဆရာရဲ့ အချစ်ဆိုတာအပေါ်
    အခဲမကြေဖြစ်နေတာ တွေ့ရမှာမဟုတ်ဘူး..
    ဒုတိယ အပိုဒ်ကတော့ ကဗျာဆရာရဲ့ အိပ်မက်..မျှော်လင့်ချက်တွေကို
    ပစ္စက္ခ ရပ်တည်နေထိုင်ခြင်းထဲ က ဒဏ်ရာတွေအဖြစ်ပြထားတာ
    တော်တော်လေး လှပါတယ်..
    အထူးခြားဆုံးက အပိုဒ်တွေရဲ့ အဆုံးသတ်စကားလုံးတိုင်း
    မ ဂဏန်းနဲ့ အဆုံးသတ်ထားတာ
    တန်မင်းဆက် လက်ထက်က DU MU ဆိုတဲ့ ကဗျာဆရာ လို မဂဏန်းတွေပဲ
    သုံးတတ်တာ သတိရမိတယ်..။
    တမင်းသုံးထားတာလား မတော်တဆ ဖြစ်သွားတာလား
    ရွတ်ဖတ်ဖို့ အဖြတ်အတောက်ကောင်းသွားပါတယ်...။
    ဘာတွေရေးထားမှန်းမသိဘူး လို့ ပြောတတ်တဲ့ စာဖတ်ပရိတ်သတ်များ
    အနေနဲ့..“သမီးမျက်ဝန်းတွေထဲ..
    လာလာ ငို နေကြတဲ့ ကဗျာပါ..” ဆိုတဲ့အပိုဒ်မှာ နေရာပြပုဒ် တခုခုထည့်
    ဖတ်ပါခင်ဗျာ ဥပမာ...“သမီးမျက်ဝန်းတွေထဲ..(က/ ကို/ မှာ)
    လာလာ ငို နေကြတဲ့ ကဗျာပါ...”ကဗျာဆရာက ဒန်ထားလို့ မြုပ်ထားတဲ့
    စကားလုံးတွေ အဲလိုရှာဖတ် ဘာသာဖြည့်ကြည့်ရင်းနဲ့  မော်ဒန်ကို ချစ်လာပါလိမ့်မယ်
    ကဗျာကောင်းလေးအတွက် ကျေးဇူးပါပဲ ဆရာမ ရေ...။

    ReplyDelete
  14. မရေ..ကဗျာလေးကိုယယယ
    ဆွေးမြည့်စွာနဲ့ဖတ်သွားကြောင်းပါနော်....

    ReplyDelete
  15. ဘ၀ဆိုတာ..
    နာကျင်လွမ်းမောခြင်းတွေကိုမှ..
    လှလှပပ
    ဖူး ငုံ သီး ပွင့် ပြ နေတဲ့..
    အနုပညာတစ်ခုလောက်ပါ...မေမေရယ်..



    နာကျင်ခြင်းတွေ လွမ်းမောခြင်းတွေကျတော့ အလေ့ကျ ပေါက်ပင်တွေလို နွေမိုးဆောင်း ပွင့်လန်းနေကြတယ်နော်...


    ပျော်ရွင်ခြင်း တွေကတော့ တမင်တကာ ယုယစိုက်ပျိုး ပေါင်းသင်ရေလောင်းတာတောင် အညွန့်က မရှည်ချင်သေးဘူးဖြစ်နေတယ်..


    အထီးကျန်ခြင်းတောင်ခြေမှာ..
    လာလာဝေပြနေတဲ့...မြူနှင်းက
    ဘယ်ဘ၀က အချစ်ကြွေး ဖြစ်လိမ့်မလဲ....

    ဘယ်ဘဝက ဝဋ်ကြွေးပဲဖြစ်ဖြစ် ဒီဘဝ ဒီမျှနဲ့ ကျေအောင်ဆပ်ခွင့်ရချင်တယ်... ကြေပါစေတော့လေ...


    ကဗျာလေးဖတ်ပြီး ရင်ထဲတစ်မျိုးခံစားသွားတယ်....


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  16. အစ်မရေ..ကဗျာလေးမှာ မျောသွားတယ်..
    ဒါပဲ ပြောတက်တယ်...။

    ReplyDelete
  17. အသုံးနှုန်းလေးတွေ အရမ်းလှလို့...အားကျမိတယ်ဗျာ..။

    ReplyDelete