September 19, 2009

တကယ်တော့ အဲဒီ့ပြကွက်ဟာ အတု

(၁)။
ညထဲမှာ နောက်ည တစ်ခုက ထပ်ပြီး မှောင်မိုက်လို့
တဒီးဒီး လေအေးစက်သံဟာ..
ကျောထဲစိမ့်အေးလာချင်စရာ
အားလုံး အသက်ရူအောင့်ထားမိကြသလား..
ဆက်တင်မှာ အခိုးအငွေ့တစ်ချို့ အူနေတယ်..။
(၂)။
တီးလုံးကအသံပြောင်းသွားပြီ
အနီရောင်
အခင်းအကျင်းအားလုံးကအနီရောင်
မသိရင် သွေးတွေ ဆမ်းချလိုက်သလိုမျိုး အနီရောင်
ဟိုဟိုဒီဒီလင်းနို့တွေ တဖျတ်ဖျတ်ပျံသလို အထူးပြုလုပ်ချက်တွေနဲ့
ဟိုး...ဝေးဝေး က
သင်္ချိင်္ိုင်းလား တစ္ဆေလား....
လှိမ့်လှိမ့်တက်လာတဲ့ အခိုးအငွေ့တွေကြားမှာ..
ဆက်တင်ဟာ..ချောက်ချားဖွယ်ရာ...မာခဲညိုမည်းနေခဲ့တယ်..။
(၃)။
ကြောက်လန့်ဖို့ အဓိကရည်ရွယ်တယ်..
အားလုံး.အာစေးထည့်ထားမိကြသလို
စိတ်တွေချွေးစေးနဲ့ ချွဲပစ်လာကြလို့
ကလေးတွေ အမေ့ရင်ခွင်ထဲ အတင်းကွယ်လျိုး
ချစ်သူတွေ ပုခုံးချင်းကျစ်ကျစ်ပါအောင် ပိုက်ထွေးဖေးမကြ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ချေထားမိကြ
အားလုံးဆီမှာ
အကြောက်တရားက အပင်းထည့်ထားလိုက်သလို...
ဘာဖြစ်ဦးမလဲ
ဘာလုပ်မလဲ..
ဘာ တွေ လုပ် ပြ ဦး မှာ လဲ....
တထိတ်ထိတ်...
အား..လုံးးးးးး
အစွမ်းကုန်...
ဒိတ် ဒိတ် ဒိတ်ဒိတ် ရင်တုန်မောဟိုက်တယ်..။
(၄)။
သူ..
မှော်ဆရာ....
သူရွတ်နေတာ
ကျမ်းစာလား..ကမ္မ၀ါလား..
သူ သစ္စာဆိုတာလား..
မေတ္တာပို့တာလား..
ကျိန်စာတိုက်နေတာများလား..
သူ့မန္တရားက ဘာအစီအစဉ်လဲ...
တတွတ်တွတ်..
တွတ်တွတ်..တွတ်..တွတ်..
သူ့ဝတ်ရုံဖါးဖါးကြီးတလွင့်လွင့်
သူ့အရိပ်အမည်းကြီး တလွင့်လွင့်
သူ့မှာ သိန်းငှက်တစ်ကောင်ရဲ့မျက်လုံးမျိုးလည်းရှိသေးရဲ့
သူက....
ဘယ်အချိန်သုတ်သုတ်ရနိုင်တဲ့ အသားတစ်ကို လှမ်းကြည့်လိုက်သလို...
သူ့ပရိတ်သတ်တွေကို
အထက်စီးကနေ...အူ မ ချေး ခါး ကြည့်လိုက်ပြီ..။
(၅)။
ရုတ်ချည်းမှောင်မိုက်သွားခဲ့တယ်..
ရုတ်ချည်းလင်းလက်လာပြန်တယ်...
ငြိမ့်ငြိမ့်ညောင်းညောင်း..
တီးလုံးမှာ ကကွက်ဆန်းတစ်ခုပါလာတယ်..
ကောင်းကင်က..ကျလာခဲ့တာလား..
မြေပြင်ကို ထိုးခွဲတက်လာသလား...
မသိဘူး..
အားလုံးမှင်တက်ငေးမောသွားကြ..
ငွေပြာရောင်ပိုးသားစလေး..လွင့်မျောနေသလို..
သူမရဲ့လှုပ်ရှားမှုတိုင်းက ညက်ညောလှပ..
သူမရဲ့ကချိုးတွေက သေသပ်တိကျလို့...
အားလုံးရဲ့နှလုံးအိမ်ညွှတ်နူးမှုတိုင်းဟာ..
သူမအပေါ်ပုံကျသွားခဲ့တယ်...။
(၆)။
ဝေါကနဲ..
အသံတွေထိုးစိုက်ကျလာတယ်..
တောမြေခွေးတွေအူသံလို...
တောချောက်သံလို..၊ တော်လဲသံလို...
တဖျတ်ဖျတ်ပြောင်းလဲနေတဲ့ စလိုက်ရောင်စုံတွေကိုက
စိတ်ထွေပြားချင်စရာဖြစ်နေခဲ့..
မှော်ဆရာ ဟာ..သရဲသဘက်ဆန်လာတယ်..
မှော်ဆရာဟာ..သားကောင်အနံ့မှာ စမန်ထနေတဲ့
အညံ့စားမုဆိုးဆန်လာတယ်..
တီးလုံးက ဗိန်းဗေါင်းဆိုတာလား
အပြေးအလွှား..အကွေ့အ၀ှိုက်...
ဆက်တင်ဟာ..သိမ့်သိမ့် ရမ်းခါလို့...
နောက်ဆုံး...
ဇာတ်လမ်းဇာတ်ကွက်သာမန်စဉ်အတိုင်း
ငွေပြာရောင်လေးကို လက်ရ ဖမ်းဆီးနိုင်လိုက်တယ်.။
(၇)။
မှော်ဆရာက
လှုပ်လို့မရပေမယ့် ကြိုးနဲ့အထပ်ထပ်တုတ်နှောင်တယ်...
မှော်ဆရာက
မပြေးနိုင်မှန်းသိရက်နဲ့ စည်းသုံးတန်ကိုတားပစ်တယ်..
မှော်ဆရာက..
နောက်ဆုံးအဆင့်
အသင့်ချထားခဲ့တဲ့ ခေါင်းတလားထဲကို...
ကျွမ်းကျွမ်းကျင်ကျင် လဲလျောင်း ပိတ်လှောင်စေခဲ့ပြီ..
(ဂ)။
ဓါးစက်လား..
လွှစက်လား...
အဲဒီ့ လူသတ်လက်နက်ဟာ..
မှော့်ဆရာလက်ထဲမှာ တဒီးဒီးရမ်းခါလို့...
သွေးဆာနေတဲ့ မိစ္ဆာ တစ်ကောင်
မှုန်ယိုရမ်းကားနေသလို...
မီးရောင် အောက်မှာ...
စုန်းမီးတောက်လို တလက်လက်ဖြာနေတယ်
ပရိတ်သတ်ဟာ..လိပ်ပြာအနှုတ်ခံလိုက်ရသူလိုမျိုး..
ဝင်သက်ထွက်သက်တွေ အထားအသိုမမှန်ကန်တော့
ချောက်ကပ်နေတဲ့ လည်ချောင်းမှာ...အသံတွေ အတုန်းအရုန်းသေဆုံးကုန်ကြတယ်..
(၉)။
ပိုင်းချလိုက်ပြီ....
ပန်းထွက်လာတာ..သွေးတွေမဟုတ်လား...
ဝူး ၀ူး ၀ုန်း ၀ုန်း......
ဒီ့ထက်သွေးပျက်စရာမရှိတဲ့ မြင်ကွင်းထဲက
ထက်ပိုင်းပြတ်သွားတဲ့ ခေါင်းတလားထဲမှာ...
သူမရှိနေတယ်.....
ခါးလည်တည့်တည့်ကနေ...တစ်ဝက်တိတိပြတ်ကျသွားတဲ့
အဲဒီ့ခေါင်းတလားထဲမှာ...
သွေးစေးတွေ အထွေးလိုက်ကပ်နေတဲ့ တစ်ဝက်ပြတ်ခေါင်းတလားထဲမှာ
သူမ......
ရှိနေခဲ့ပါတယ်...။
(၁၀)။
ဆက်တင်က ကြယ်ကြွေတွေကို ဆလိုက်ထိုးပြီးပြနေတယ်..
လူတွေဟာ..ကြေကွဲစရာတွေနဲ့
စိတ်အယားတွေဖြေကြတယ်..
တစ္ဆေထက်ကြောက်လန့်စရာတစ္ဆေတွေကြားမှာ...
လူသတ်ပြကွက်တွေထက်ရက်စက်တဲ့ .လူသတ်ပြကွက်တွေထဲမှာ...
အညစ်အကြေးတွေထက်ညစ်ညမ်းတဲ့ အညစ်အကြေးတွေကြားထဲမှာ..
အဲသလို ရုံသွင်းအပြခံနေရတဲ့ အတုအယောင်တွေကြားထဲမှာ..
အဲသလို စိတ်တွေကို အထပ်လိုက်မီးတင်နေတဲ့ပြကွက်မှာ
တဖြည်းဖြည်းအသားကျနေပျော်နေခြင်းသီချင်းက
ရက်ရက်စက်စက်ပျံလွင့်လာ...
(၁၂)။
အဲဒီ့ပြကွက်ဟာ..အတုပဲ
တကယ်တော့ အဲဒီ့ပြကွက်ဟာ..အတု.
အနုပညာဟာ.သွေးဆာခြင်းတစ်မျိုးလား..
ကြောက်ရွံ့ထိပ်လန့်စရာတွေက ရသမြောက်စေတတ်သလား..
လိမ်ညာဆန်းပြားခြင်းအတတ်က စိတ်အဆာတွေပြေစေသလား...
မှော်ဆရာဟာ..သူ့အောင်မြင်မှုကို..
သွားရည်တမြားမြားယစ်မူးလို့.....
မှော်ဆရာဟာ..သူ့အတတ်ပညာကို
အာသားငမ်းငမ်းမူးယစ်လို့
ဒီပြကွက်ရဲ့ ကြောက်လန့်ခြင်းစိုးရိမ်ရေမှတ်ဒီဂရီဟာ..
မှော်ဆရာကဗ္ဗည်းတင်ချင်နေတဲ့ မှတ်ကျောက်တဲ့...
မှော်ဆရာဟာ..သူ့အတတ်ပညာကို
အာသားငမ်းငမ်းမူးယစ်လို့
မှော်ဆရာဟာ..သူ့အောင်မြင်မှုကို..
သွားရည်တမြားမြားယစ်မူးလို့.....
(၁၃)။
အားလုံး
စိတ်တွေ ကိုယ်တွေ မတ်တပ်ထရပ်လိုက်ကြပြီ...
ပွဲက အခုမှစတင်လာခဲ့တာ...
ပွဲက အခုမှအဆုံးသတ်တော့မှာ
ခေါင်းတလားထဲက ရှင်ပြန်ထမြောက်လာရမယ့်
ငွေပြာရောင်လေးကို သူတို့ မင်းသမီးလေးကို...
သောင်းသောင်းဖျဖျ...
လက်ခုတ်တီးပြီးကြိုကြဖို့..
ပွဲက
အခုမှစတင်လာခဲ့တာ...
ပွဲက
အခုမှအဆုံးသတ်တော့မှာ...

အိန္ဒြာ
(၂၆.၇.၂၀၀၉)

16 comments:

  1. မှော်ဆရာက မှော်ဆရာလို....
    ငွေပြာရောင်လေးက မင်းသမီးလို
    ပရိသတ်ကြီးခင်ဗျား....
    ဒီ တီးလုံးသံတိတ်ရင်....
    ကျွန်တော်တို့ ဆေးရောင်းကြမှာ ဖြစ်ပါတယ်....
    အားပေးကြပါဦးခင်ဗျား။ ။

    ReplyDelete
  2. အမရေ ကောင်းတယ်ဆိုတဲ့ စကားနဲ့ မလုံလောက်ဘူး... ကျနော်တကယ်သဘောကျတယ် ဒီကဗျာကို... ငွေပြာရောင် မင်းသမီးလေး တကယ်ပဲ... ပြန်ထနိုင်ပါအုန်းမလား... ကျနော်တို့တွေ ပွဲမပီးခင်ပြန်ရမဲ့သူတွေ ဖြစ်နေရင်ရော... အတုလို့ ထင်ထားတာ မှာ တကယ်လို့ အမှားအယွင်းတစုံတရာ ရှိခဲ့ရင်ရော... ပြကွက်များအတွက် ဓါးစက်မှာ ကားခနဲ့သွားမဲ့...
    အခြေအနေ...
    ဘာရယ်သေချာမသိပေမဲ့ ထင်တာလေးတွေ တွေးမိပါရဲ့...
    ဖိုးမောင်

    ReplyDelete
  3. ပဉ္စလက် တစ်ရပ်ရဲ့ အသက်ဟာ
    ပြသသူနဲ့ ကြည့်ရှုသူ စပ်ကြားက
    ပေါင်းကူးခြင်းလေးတစ်ခုတာ ဆိုရင်
    ကင်းလွတ်ရာ ကင်းလွတ်ကြောင်းဆိုတာကတော့
    ငယ် ဘဝ မှာကျန်ခဲ့ပြီ အစ်မရေ ...
    အခုတော့ ပျော်ဝင်နစ်မြုပ်လို့ ...
    အားအင် ကြီးအောင်ကြိုးစားရင်း
    အားအင်တွေ ကုန်လို့ ......။။

    ReplyDelete
  4. လောကထဲက ပြကွက်အမျိုးမျိုး ဆက်တင်အမျိုးမျိုးမှာ မှော်ဆရာတွေအများကြီး မင်းသမီးလေးတွေအများကြီး..
    မောကြီး ပန်းကြီး စလိုက် ဆုံးလိုက် မှောင်မဲမဲ ဇာတ်ရုံကြီးထဲက ပြန်မထွက်နိုင်သရွေ့ပေါ့..။

    ReplyDelete
  5. မရေ..ကဗျာလေးက ရင်ထဲစွဲသွားပြီး မယ့်စိတ်ထဲတော့ အဲဒီပြကွက်က အစစ် ။ အဲဒီပြကွက်က အစစ်လို့ အော်နေမိတယ်။
    ငိုချင်တယ် =( .

    ReplyDelete
  6. ဒီပြကွက်ရဲ့ ကြောက်လန့်ခြင်းစိုးရိမ်ရေမှတ်ဒီဂရီဟာ..
    မှော်ဆရာကဗ္ဗည်းတင်ချင်နေတဲ့ မှတ်ကျောက်တဲ့...
    မှော်ဆရာဟာ..သူ့အတတ်ပညာကို
    အာသားငမ်းငမ်းမူးယစ်လို့
    မှော်ဆရာဟာ..သူ့အောင်မြင်မှုကို..
    သွားရည်တမြားမြားယစ်မူးလို့.....

    ဖတ်လို့ကောင်းလိုက်တာ...တကယ်ပဲညီမလေး
    အမျိုးအမည်မသိတဲ့ ဝေဒနာပေါင်းများစွာကို ခံစားလိုက်ရသလိုပါပဲ...ပြကွက်ကတကယ်အတုပဲလား
    အစစ်လားတော့မသိဘူး...ပြကွက်အပြီးမှာ ပရိဿတ်တွေမောလျကျန်ခဲ့မှာတော့သေချာတယ်.
    လောကထဲကပြကွက်ပေါင်းများစွာထဲမှာ...ပွဲကအခုမှစလိုက် အခုပဲဆုံးသွားလိုက်နဲ့...

    ReplyDelete
  7. ကိုယ့်ကိုယ်ကိုအတုလုပ်ထားတဲ့ဘဝတွေ
    ရှင်သန်နေထိုင်မှုအတုတွေထဲအသားကျလာခဲ့။

    ကိုယ်ကျင့်တရားအတု သီလသမာဓိအတု
    အရာရာအတုတွေနဲ့ရင်ဆိုင်နေရတဲ့ထဲ
    ဆေးရိုးသည်အတုကလည်းပါလာခဲ့သေးတယ်..

    သေချာတာက သံသရာက အတုမဟုတ်ဘူး
    ဝဋ်ကြွေးတွေက အတုမဟုတ်ဘူး
    အဲဒီအခါကျမှ..
    သွေးရူးသွေးတမ်းအော်ဟစ်လို့ မရဘူးဆိုတာ...

    ReplyDelete
  8. ကောင်းလိုက်တဲ့..ကဗျာ.. ၀တ္တုတို တပုဒ်လို ဖတ်သွားတယ်။
    ကဗျာထဲက..လောဂျစ်အရတော့.. တခါ ဆရာဦးဝင်းဖေ ပြောဖူးတဲ့..စကားထဲမှာ..တခါတလေ..လူတွေက.. ဆိုးချင် ၇မ်းချင်စိတ်.. သတ်ချင်ဖြတ်ချင်စိတ်.. ကြေက်ချင် ရွံ့ချင်..အော့နှလုံးပျက် စိတ် တွေကို.. ဖွင့်ချ ဖောက်ထုတ်ဖို့..အဲဒလို..အထူးပြုလုပ်ချက် ( ရုပ်ရှင် ပြဇာတ်) တွေ လိုသတဲ့.. တွေးစရာပဲလေ..း)

    ReplyDelete
  9. စိတ်ထဲအထိ လွှမ်းသွားတယ် ..။

    ReplyDelete
  10. မှော်ဆရာက
    လှုပ်လို့မရပေမယ့် ကြိုးနဲ့အထပ်ထပ်တုတ်နှောင်တယ်...
    မှော်ဆရာက
    မပြေးနိုင်မှန်းသိရက်နဲ့ စည်းသုံးတန်ကိုတားပစ်တယ်..
    မှော်ဆရာက..
    နောက်ဆုံးအဆင့်
    အသင့်ချထားခဲ့တဲ့ ခေါင်းတလားထဲကို...
    ကျွမ်းကျွမ်းကျင်ကျင် လဲလျောင်း ပိတ်လှောင်စေခဲ့ပြီ..

    ကောင်းလိုက်တဲ့ ရေးချက်လေး . . . .
    ဒီအပိုဒ်လေးကို အနှစ်သက်ဆုံးပါပဲ

    ReplyDelete
  11. အစမသိတဲ့ အဆုံးမရှိတိုက်ပွဲ
ီပွဲတိုင်းမှာ အကြိမ်ကြိမ်လဲပြို
    အကြိမ်ကြိမ် ကုန်းရုန်းပြန်ထပေါ့...

    သွေးကွက်တွေ စွန်းထင်နေတဲ့လောဘတွေ
    ကြေကွဲစရာ အတ္တတွေ
    တဒင်္ဂ အတွက်မာနတွေ နဲ့
    ဥပေက္ခာနဲ့ မေတ္တာ ကြားမှာ ထိုးကြနှက်ကြပေါ့...

    ဒါတွေက မှော်ဆရာရဲ့ ပြကွက်တွေလား...
    ဘဝရဲ့လှည့်ကွက်တွေလား..
    အဲဒီပြကွက်တွေ လှည့်ကွက်တွေက အတုဆိုပေမယ့်..

    ပင်ပန်းလှပြီး...

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  12. ငွေပြာရောင်မင်းသမီးလေးက ကျွန်တော်တို့ရဲ့ ကြယ်မြင်လမြင် လောကဓံထက်မှာ
    ပွင့်ဖူးဝေဆာလို့
    တစ်သက်စာ ထာဝရ...။
    မှော်ဆရာရဲ့
    ပြကွက်အတု သမိုင်းအတုတွေကတော့
    သူတို့ အတုဖြစ်ကြောင်း
    သူတို့ကိုယ်တိုင် ထပ်လောင်း ပြောနေကြလေရဲ့။

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  13. ဖိုင်နယ်ရီးယားက မမရယ်
    ရှုမ၀အောင်ယဉ်ပါတယ်
    ကားပြာလေးကိုစီးကာရယ်
    ကျောင်းကို သူလာတယ်
    အတန်းပြီးရင်ကွယ်...
    ( ကဗျာလေး ဖတ်ပီး အဲဒီသီချင်းနဲ့ မမတစ်ယောက်ကို မြင်မိတယ်.. ;-P )
    ပြောရင်း ကျောင်းတောင် လွမ်းသွားဘီ။

    ဘ၀ဇာတ်ခုံဟာ တစ်ခါတစ်ခါတော့
    ပစ္စလက် ပြကွက်တွေနဲ့ တူပြီး
    ဇာတ်ဆရာက အဲ့ဒီ မှော်ဆရာ ဖြစ်နေတတ်ပြန်တယ်။
    ဇာတ်ဆ၇ာ ခြေတစ်လှမ်း အမှားမှာ အပြာရောင်မင်းသမီးလေး ထက်ပိုင်းဖြတ်ပြကွက်ဟာ အတုလေလား၊ အစစ်လေလားး
    တွေးမြင်ရင်း အသည်းတယားယား.. ရင်တဖိုဖို ဖြစ်ဖြစ်လာတယ်။

    ချစ်ခင်လေးစားစွာဖြင့်

    ReplyDelete
  14. ရင်ထဲထည့်၍ အကြိမ်ကြိမ် ရွတ်ဖတ်နေမိသည်။

    ReplyDelete
  15. တတိယ ပုဂ္ဂိုလ်အနေနဲ့ ချခင်းထားတဲ့ ဒီကဗျာမှာ
    အစတခုရဲ့ အဆုံးသတ်၊ အဆုံးတခုရဲ့ အစအဖြစ်
    “ပွဲက
    အခုမှစတင်လာခဲ့တာ...
    ပွဲက
    အခုမှအဆုံးသတ်တော့မှာ...” ပြထားတယ်..
    ထူးခြားတာက အချိန်ပြစကားလုံးတွေက တချိန်ထဲကိုပြနေတာ...ဒါဟာ ဘဝတခုရဲ့ အဆုံးသတ်နဲ့ နောက်ဘဝတခုရဲ့ ဖြစ်တည်မှု
    ကာလတခုပဲ....ပြောရရင် ပစ္စက္ခပေါ့..။
    ပြောပြနေတဲ့ တတိယလူရဲ့ စိုးရွံ့စိတ်၊ မချင့်မရဲစိတ်၊ ဖြစ်စေချင်တဲ့စိတ်တွေက....?????????
    ဘယ်လိုရေးရမှန်းကို မသိတော့ပါ...
    တခြားအမြင်ကနေ တွေးကြည့် ခံစားကြည့်ပါတယ် ..ရကိုမရဘူး...
    ခံစားရသလို ချရေးလိုက်ရင်လဲ...ကဗျာဆရာကို ဒုက္ခပေးသလိုဖြစ်နေမှာမို့...မရေးတော့ပါဘူးဗျာ....အားလုံးလဲ ဒီအတိုင်းပဲ ပြောဇတ်လေးတပုဒ်လို မြင်ကျမှာပါ..၊။

    ReplyDelete
  16. အဲဒီလိုပြဇာတ်တခုကိုပဲ...
    ကဗျာအဖြစ်တင်ပြထားပုံကို
    ကြိုက်တယ်....

    ReplyDelete