October 13, 2009

ကြယ် အ "တေး"

ငါဟာ...
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..

ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..

ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..

ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့

တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...

ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...

ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။


အိန္ဒြာ

ဆားချက်တာတော့ချက်တာပေါ့..ဒါပေမယ့် ဒီကဗျာလေးကိုပြန်တင်ပေးပါလို့ ပရိတ်သတ်တစ်ယောက်ကတောင်းဆိုလာလို့ပါ..းP

{၂၀၀၃ခုနှစ် သြဂုတ်လထုတ်.. မြားနတ်မောင်မဂ္ဂဇင်း (အမှတ်-၁၃၄)မှာ ပုံနှိပ် ဖေါ်ပြခဲ့ပြီး..၊ ဂီတမိတ်မှာပြုလုပ်ခဲ့တဲ့.. ကဗျာ..ရွတ်ပွဲလေးတစ်ခုမှာ..ရွတ်ဆိုခဲ့ဘူးပါတယ်..။}

13 comments:

  1. နင့်ဘက်က ပြိုကျသမျှ
    ငါ့ဘက်မှာသာ သောင်ထွန်းခဲ့ရင်...

    ငါ့တည်ငြိမ်မှုတွေ မိုးမလုံခဲ့တာ
    နင်မောင်းနှင်ခဲ့တဲ့ တိမ်တစ်အုပ်ကြောင့်ပါ

    သံသရာအဆက်ဆက်
    မပျက်တော့မဲ့ ဆုတောင်းတွေအတွက်
    အလင်းတွေသာ ပွင့်ဝေခွင့်ပေးလှည့်တော့ကွယ်။

    နင့်သက်ပြင်းတစ်ရှိုက်ဟာ
    ငါ့အတွက်တော့ ဘ၀ဂ်ထိညံတဲ့ တော်လဲသံကွဲ့
    ကောင်မလေးရဲ့......
    အဲ့ဒီဆေးခါးကြီးကိုမှ ငါက မက်စက်ချင်သူရယ်လေ။

    နင်ခြေချော်လက်ချော်ဖြစ်သမျှ
    ငါက ဖေးကူထူမချင်ခဲ့သူ
    နင့်အပူမှန်သမျှ
    ငါက ငြိမ်းအေးစေချင်သူ
    ငါ့ကို... ခူးခြွေပန်ဆင်ပါ
    ငါ့ကို... ရှိုက်ငင်မွှေးမြပါ
    ငါ့ကို... ကျီစယ် ရယ်မောပါ
    နင်မှားစီးခဲ့တဲ့ ခရီးအတွက်
    မှတ်တိုင်မရောက်မှီခဏတာ အနားယူဖို့ ဘူတာရုံးလေးငါ စောင့်ကြိုနေပါတယ်။

    နင့်ရာဇ၀င်ကို သိုလှောင် ဖြည့်တင်းရင်း
    နင် တရိုတသေ ထုပ်ပိုးလွယ်ခဲ့တဲ့
    ကျောပိုးအိတ်လေးထဲ
    ငါ့မှာ...တော့
    ရွာရန်ရာနှုန်းပြည့်တွေနဲ့
    အမှန်တွေ ခြစ်ခြစ်ပေးခဲ့ရတာ...

    နင် တလဲ့လဲ့ လင်းပွင့်ခဲ့သလောက်
    ငါ့ တိုင်းတစ်ခွင်လုံး ရွှန်းမြတောက်ပခွင့်မှ မရ
    နေ့ ညတွေတိုင်း မှိုင်းနေအောင် ညို့ခဲ့တာ
    တကယ်တော့... ငါဟာ
    "တေး" မသီတတ်တဲ့ ကမ္ဘာ

    (တစ်နည်းအားဖြင့်

    "သေ" နေတဲ့ ဘူတာ.....)


    ကဗျာဖျက်မိုး ရွာပီး ပြေးပြီဗျို့။ ကဗျာဆရာမ ၀ရမ်းထုတ်လို့ ကျွန်တော့်ကို အမိလာဖမ်းတဲ့သူ ရန်သူပဲဗျာ။

    ချစ်ချစ်ခင်ခင် :-P

    ReplyDelete
  2. ဒီကဗျာကို မဂ္ဂဇင်းမှာ ဖတ်ဖူးတယ်၊ မှတ်မိနေတယ်။ တပုဒ်လုံးတော့ မဟုတ်ဖူး။ နောက်ဆုံး ၂ ကြောင်းကို မှတ်မိနေတာ။

    ReplyDelete
  3. နောက်ဆုံး ၂ ကြောင်း ယူသွားတယ်း)

    ReplyDelete
  4. အဲကဗျာဖတ်ဖူးတယ်။အိန္ဒြာမှန်းမမှတ်မိတာ။
    တင်မင်းထက်လိုပဲ နောက်ဆုံးနှစ်ကြောင်းကို မှတ်မိနေခဲ့ဖူးတယ်။ အော် အိန္ဒြာလည်း တစ်ချိန်က
    ဒီလို နုနုလေးတွေနဲ့လှနေခဲ့ဖူးတာကိုး ..း))

    ReplyDelete
  5. ခုမှပဲဖတ်ဖူးတာ..အရမ်းကြိုက်တယ်..
    အဲဒီစကားလုံးတွေရဲ့အဖွဲ့အနွဲ့ကိုအရမ်းကြိုက်တာ.
    အဲဒီလိုပဲ..တစုံတယောက်အတွက်..
    အမှုန်အမွှားလေးဖြစ်နေခွင့်ကိုပဲကျေနပ်ချင်ခဲ့တာ..
    အရမ်းကောင်းတယ်..မရေ..

    ချစ်တဲ့

    ReplyDelete
  6. နှစ်ခေါက်ရှိတော့ ပိုမှတ်မိတော့ပါ့မ။
    မယ်လည်း မှတ်မိနေတယ်။
    ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
    ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
    ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..

    သိပ်ကြိုက်တာပဲ ...မ =)

    ချစ်တဲ့
    =)

    ReplyDelete
  7. မမ နော်...

    သူများက အခုကြမ်းကြမ်းတမ်းတမ်းကြီးအရုပ်ဆိုးနေတာကျလို့..းp

    ReplyDelete
  8. အစ်မအိန္ဒြာ .... အရင်က တခါမှလာမဖတ်ဖူးဘူး ... ကိုမိုးလှိုင်ညရဲ့ကွန်မန့်မှာ အစ်မရဲ့လွမ်းလို့ရေးထားတဲ့ကဗျာလေးက ဒီကိုအရောက်ခေါ်လာစေပါတယ် ... ခု ဒီကဗျာလေးဖတ်မိပြန်တော့လဲ အရမ်းသဘောကျမိတယ် ...

    ကြယ်ပြာ

    ReplyDelete
  9. ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
    (မဟုတ်ဘူး)
    ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
    ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
    ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
    ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
    ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
    ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
    ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
    ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..



    ဒါပေမယ့်....
    နင်ခြေချော်လက်ချော်ဖြစ်သမျှ
    ငါက ဖေးကူထူမချင်ခဲ့သူ
    နင့်အပူမှန်သမျှ
    ငါက ငြိမ်းအေးစေချင်သူ
    ငါ့ကို... ခူးခြွေပန်ဆင်ပါ
    ငါ့ကို... ရှိုက်ငင်မွှေးမြပါ
    ငါ့ကို... ကျီစယ် ရယ်မောပါ
    နင်မှားစီးခဲ့တဲ့ ခရီးအတွက်
    မှတ်တိုင်မရောက်မှီခဏတာ အနားယူဖို့ ဘူတာရုံးလေးငါ စောင့်ကြိုနေပါတယ်။


    အဲလိုလေးနှစ်ပိုစ်က အရမ်းကို မိုက်သွားတယ်...


    ကဗျာလေး ကိုကြိုက်တယ် မမ


    ချစ်ခင်လေးစားစွာဖြင့်

    မျောက်မျောက်

    ReplyDelete
  10. မမရေ....


    မမအစား ဟို ဘာ မသိ ဘိုဘိုက အမိဖမ်းပေးမယ်

    သိလား


    သားကိုလဲ အဲလိုပဲ မထိတထိ စတာတွေ များနေပြီး...

    လှောင်ရယ်တာတွေများနေပြီး

    ဘာမသိ ဘိုဘိုကို အမိအရ ကြိုးတုပ်ပြီး မမဆီပို့ မယ်...

    ဟဲဟဲ

    ချစ်တဲ့

    မျောက်မျောက်

    ReplyDelete
  11. ငါ့..ဘက်က..ပြိုကျသွားလေသမျှ
    နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...

    တခါကဖတ်ဖူးခဲ့တယ်...အခုနောက်တခါပြန်ဖတ်တော့လည်း လတ်ဆတ်ကောင်းမွန်ဆဲပါ ညီမလေးရေ

    ReplyDelete
  12. တကယ်ပါ...
    နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
    ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...

    ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
    ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...

    ငါ့..ဘက်က..ပြိုကျသွားလေသမျှ
    နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။

    သိပ်လှတဲ့ အရေးအသားပါပဲ...

    အားပေးလျက်

    ReplyDelete
  13. အမ ကြိုက်လို့ကူးယူသွားပါသည်

    ReplyDelete