December 29, 2009

အမေကတော့ ကျွန်မကိုလက်ဆောင်အဖြစ်ပေးလိုက်ပြီ


အမေ့ရဲ့အာဝေနိက စစ်မြေပြင်မှာ
ရင်သွေးသာ လက်နက်ခဲယမ်း

ရင်သွေးသာ ကျည်ကွယ်ရာ

ရင်သွေးသာ ခံစစ်
ရင်သွေးသာ လက်ရသိမ်းပိုက်နိုင်ခဲ့တဲ့ အောင်မြေ


အမေဆိုတာ ဘာသာရေးနဲ့ယဉ်ကျေးမှုကိုမွေးဖွားသူ

အမေဆိုတာ အယူဝါဒနဲ့ ခံယူချက်တွေမွေးဖွားသူ

အမေဆိုတာ နိုင်ငံရေးနဲ့ နိသျှရကိုမွေးဖွားသူ

အမေဆိုတာ အနုပညာနဲ့ သူရဲကောင်းတွေ မွေးဖွားသူ

အမေဆိုတာ ငြိမ်းချမ်းရေး နဲ့ခေတ်စနစ်ကိုမွေးဖွားသူ


အမေတွေဟာ..လဲမှို့လေးတစ်ပွင့်လွင့်ထွက်လာသံက အစ

ကမ္ဘာမြေကြီးရဲ့တော်လဲသံ အဆုံး ဖြစ်တယ်..

အမေတွေဟာ.မတ်တပ်စမ်းခြေဖ၀ါးသေးသေးလေးက အစ

ဂရင်းနစ်စံချိန်အထိဖြစ်တယ်

အမေတွေဟာ..မိတ္ထီလာကန်တော်အောက်က အစ

နိုင်ငံတော်သီချင်းအထိဖြစ်တယ်

အမေတွေဟာ လမ်းခင်းကျောက်စရစ်ခဲက အစ
ပြည်တန်ပတ္တမြားအထိဖြစ်တယ်
အမေတွေဟာ ပရိုင်းမိတ်ရုပ်ကြွင်းကအစ
ပုံတူမျိုးပွားသန္ဓေသားအထိဖြစ်တယ်
အမေတွေဟာ
လူ့အဖွဲ့အစည်းရဲ့ အမိုးအကာဖြစ်တယ်
သမိုင်းအလင်္ကာတွေဖြစ်တယ်

နာမ၀ိသေသနတွေဖြစ်တယ်

ဖွင့်ဆိုရှုင်းပြချက်မရှိသေးတဲ့ မေတ္တာတော်ဖြစ်တယ်

အနာဂါတ်ကို ကိုယ်ဝန်ဆောင်ပေးသူဖြစ်တယ်


အမေဆိုတာ
အင်းဆက်ပိုးမွှားလေးတွေတောင်
အရေးအန္တရာယ်မှာ ကိုယ့် ဥကိုယ် ကိုက်ချီထားတဲ့ အမျိုး

အမေဆိုတာ
ကိုယ့်အရေခွံ ကိုယ်ဆွဲဆုတ်ပြီး
ဝတ်စုံသစ်ချုပ်လုပ်ပေးသူမျိုး

အမေဆိုတာ
အသက်ပေးရဲတယ်ဆိုတာကို
အလုပ်နဲ့ သက်သေပြသူမျိုး


အမေတွေရဲ့ဝမ်းကြာတိုက်မှာ

မာရီအင်တွိုင်းနက်နဲ့ မာသာထရီဇာ ခိုဝင်ဖူး

ဆတ်ဒန်ဟူစိန်နဲ့ချေဂွေဗားရား ခိုဝင်ဖူး

ဟစ်တလာနဲ့ မဟတ္တမဂန္တီတို့ ခိုဝင်ဖူး

ကင်ဂျုံအီနဲ့ အေဗရာဟမ်လင်ကွန်းလည်း ခိုဝင်ဖူး

စောလူးမင်းနဲ့ မင်းကျန်စစ်လည်း ခိုဝင်ဖူး


ဂဠုန်ဦးစောနဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း ခိုဝင်ဖူး..


အမေတွေက
သူ့ ရင်သွေးမောင်းနှင်သွားရာ သမိုင်းကြောင်းကို
ရင်တမမ စောင့်ကြည့်တတ်သူတွေ

အမေတွေက
သူ့ ရင်သွေးရဲ့စာမျက်နှာပေါ်က
မင်နီကြက်ချေခတ်တွေအတွက်..

သည်းချေပျက်မတတ် ရှက်ကြောက်တတ်သူတွေ


အဲသလိုမျိုး....


ကျွန်မ အမေက

ဒီဇင်ဘာ ၃၀ ရက်နေ့ည

နှင်းခါးနဲ့အေးမြနေတဲ့ သန်းခေါင်ယံချိန်မှာ

သူဝမ်းရည် စပ် မစပ်ဆိုတဲ့ကံစမ်းမဲလိပ်ကို

ကမ္ဘာမြေအတွက် လက်ဆောင်ပေးခဲ့တယ်...။


အိန္ဒြာ

(၃၀.၁၂.၂၀၀၉ )


++++++++++++++++++++++++++++++++++++++++

အောက်က ကဗျာလေးကတော့ မောင်ငယ်ကဗျာဆရာ တည်ရမွေးနေ့လက်ဆောင်ပေးတဲ့ ကဗျာလေးပါ။
တည်ရရေ ကျေးဇူး အထူး

+++++++++++++++++

လိုင်းအတိုအရှည်ဆိုတာ အကွာအဝေး အနီးအဝေး ဆွဲဆန့်ခြင်းတရားဖြစ်တယ် မအိန္ဒြာ


တစ်ကြောင်းချင်းဆို… တစ်ကြောင်းချင်း ဆင်းဆင်းသွား

ပြီး တက်တက်လာ တစ်(၁)နေ့ တစ်(၁)ခြား ကမ္ဘာကြီးဟာ

ဘာကြားသေးလဲ ဘာထူးသေးလဲ အသက်ရှူပုံ မမှားဘူး ပုံသဏ္ဍာန်ပျက်သွားတယ်

စကားပဲ

ဇယားပဲ

ဒီနေ့ အလုပ် များတယ် ထိုကြောင့် ခေါင်းကိုက်တယ်

ကွန်ပါချွန် ထောက်ပြီးရွှေ့လိုက်ရင်

များများမြန်မြန် မြန်မြန်များများ

မျဉ်းများ

လူများ

ရပ်ကွက်များ

ပိုးနသန်ကောင်များ

အက္ခရာအချင်းချင်း အဓိပ္ပာယ်အချင်းချင်း

တိမ်ရိပ်တွေ တစ်ရိပ်ပြီး တစ်ရိပ်

တစ်ကြောင်းပြီး ရင် တစ်ကျောင်း

သတင်း

အာရုံ

ဒီအချိန် ဖုန်းမြည်သံ မအားလပ်သေးပါ

ဒီအချိန် အိမ်မြှောင်ဟာ နံရံမှာ

ဒီအချိန် ဆောက်တည်ချက်တချို့ဟာ

ထမင်းစားပြီး အချိုတည်းပါ အိမ်သာသုံးပြီး လက်ဆေးပါ။

မီး ဂရုစိုက်ပါ စကားပြောဆင်ခြင်ပါ ဖြစ်ပေါ်လာတဲ့ ဟာသတချို့မှာ မပျက်မကွက်

ရွာရန် ရွာနှုန်း ကိုးဆယ့်ကိုးမှ

ဘောလုံးအသင်း တစ်သင်းဆိုတာ ပန်းတစ်ပွင့် ပွင့်သလို

ကန်လန်ကာဖွင့်ရုံ မိုးလင်းမသွားဘူး မနက်ခင်းကို ။ ။

တည်ရရေးသည်

++++++++++++++++++++++++++++++++++++++++

အမေများနေ့ ပြာသိုလပြည့်နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ရှိနေခဲ့တဲ့ ဒီမွေးနေ့ က အမှတ်တရရှိချင်စရာတွေသိပ်များနေပါတယ်.။
ကိုယ်တိုင်ရေးမယ် စိတ်ကူးနေမိတဲ့ ဒီကဗျာလေးကို
ကိုရင်ငြိမ်းတို့က အမေများနေ့အတွက်အွန်လိုင်းကဗျာစာအုပ်လေး လုပ်ချင်တယ်ဆိုတော့ ချရေးဖြစ်သွားပါတယ်..။

မေမေဖတ်ရရင်တော့ နားမလည်ပါဘူးအေ လို့ ပြုံးဖွဖွညည်းညူဦးမှာသေချာပေမယ့် ကြည်နူးကျေနပ်နေမှာပါ..။

စိတ်ဓါတ်တွေ တစ်နှစ်ထက်တစ်နှစ်ရင့်ကျက်လာသလား မသေချာပေမယ့် အသက်ကတော့ တစ်နှစ်ကြီးသွားခဲ့ပြန်ပါပြီ..။

ဒီကဗျာလေးကို အွန်လိုင်းကဗျာစာအုပ်မှာ ပန်ဒိုရာက သရုပ်ဖေါ်ပုံလေးဆွဲပေးခဲ့ပြီး ၊
အခုလည်းဒီပိုစ့်မှာတင်ဖို့ခွင့်ပြုခဲ့ပါတယ်.။(ကျေးဇူးပါ ဆရာမ)

အားလုံး ကိုယ်စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ချစ်ခင်လေးစားစွာ

အိန္ဒြာ


31 comments:

  1. စိတ်အက်ကြောင်းတွေထဲ
    ပန်းဖြူဖြူတွေပွင့်စေဖို့
    ပက်ကြားအက်လွင်ပြင်တွေထဲ
    ဆေးရောင်စုံတွေလင်းမြလှပနေဖို့
    ကမ္ဘာမြေကို လက်ဆောင်အဖြစ်နဲ့ ရောက်ရှိခဲ့သူ
    ကဗျာတစ်ပုဒ်အဖြစ် အားလုံးရဲ့ရင်ကို ထွင်းဖောက် ရောက်ရှိခဲ့သူ ...
    သူ..............
    မနော်ဟရီ

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ကမ္ဘာမြေပေါ် ပစ်လွှင့်လိုက်တဲ့ အမေ့ရဲ့ လက်ဆောင်ထုပ်ကလေးထဲက ပန်းပွင့်တွေ နှင်းစက်တွေနဲ့အတူ အမြဲတမ်း မွှေးပျံ့လန်းဆန်းနေပါစေ။

    ReplyDelete
  4. ချစ်မမအတွက် သားသားက အရင်ဆုံး ဖုန်းနဲ့ ဟက်ပီးဘတ်ဒေးကို ထိပ်ပြောင်ထက်ဦးအောင် ပြောလိုက်ရလို့  ဝမ်းသာမဆုံးတပြုံးပြုံး..


    HAPPY BIRTHDAY ပါ မမရေ...


    ရင်နဲ့အမျှဆုတောင်းပေးနေတာ မမတစ်ယောက်ကြားမှာပါ..

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  5. မင်္ဂလာမွေးနေ့ပါ မအိန္ဒြာ ..
    တောင်းတဲ့ဆု မတောင်းတဲ့ဆု အားလုံးပြည့်ပါစေ။

    (အမေနေ့အတွက် ကဗျာ ကျွန်တော် ရေးကြည့်သေးတယ်။ စိတ်တိုင်းမကျတာနဲ့ မပို့ဖြစ်လိုက်ဘူး။ မအိန္ဒြာ ရေးတော့လည်း ကောင်းလိုက်တာ။)

    ReplyDelete
  6. မှတ်တိုင် တတိုင် တိုးလို့.. ဘ၀ တွေ ဝေဖြိုးပါစေ..

    ReplyDelete
  7. မွေးနေ့မှာပျော်ရွှင်ပါစေ...
    ကဗျာလေးကိုတော့ကြိုက်မိတယ်..

    ReplyDelete
  8. *Happy Birthday*

    အဖြူရောင် ကဗျာမလေးရေ...

    :-P

    မွေးနေ့မှာ ပျော်ရွှင်ပါစေ....။

    ReplyDelete
  9. အသက်အသစ်နဲ့
    နှစ်သစ်မှာ
    စစ်ပွဲအသစ်တွေကြား
    ငြိမ်းချမ်းရေးအသစ်ကိုဖွဲ့ဆိုနိုင်စေသား၊၊ ။

    ReplyDelete
  10. ကိုယ့်ပစ်မှတ်ကိုကိုယ် စိတ်ကြိုက်ရွေးချယ်လို့
    ငါတို့... ကိုယ့်အသွားကိုယ်သွေးလိုက်ကြစို့ကွယ်..
    မွေးနေ့ဆိုတာ..
    အာရုံငါးပါးနဲ့ အဆက်အဆံ အခေါ်အပြောများကြောင်း
    တစ်နှစ်တစ်ခါချောင်းချောင်းကြည့်ရတဲ့ စင်တင်ပြဇာတ်လောက်ပါပဲ...


    မယ်ဘဝမှာ တစ်ခါမှ မရဖူးတဲ့ အရမ်းချစ်ရတဲ့ မွေးနေ့လက်ဆောင်ကဗျာလေး ရေးပေးခဲ့တဲ့ လူလည်းလှ နှလုံးသားလည်း လှတဲ့ ချစ်မလေးရဲ့ မွေးနေ့ကို အင်တာနက်စုပ်ကြောင့် အခုမှ ဆုတောင်းရတာ စိတ်မကောင်းဘူး။

    မမကို ဒီလောကထဲ လက်ဆောင်အဖြစ်ပေးတဲ့ မမမေမေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။

    မွေးနေ့မှစ ရာသက်ပန် မမ ပျော်ရွှင်ချမ်းမြေ့ပါစေ။

    အဆုံးမဲ့ချစ်တဲ့
    =)

    ReplyDelete
  11. ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ အစ်မရေ ..။
    အမေ ကဗျာလေးကိုလည်း
    နှစ်သက်စွာခံစားသွားကြောင်းပါ ..။

    ReplyDelete
  12. မင်္ဂလာရှိသော မွေးနေ့အခါသမယ ဖြစ်ပါစေ အမရေ...။
    ဘ၀တွေက ဘယ်လောက်ပဲမောပန်းနေပါစေ ဒီလိုရက် ဒီလိုအချိန်အခါမှမဟုတ် ဘ၀တစ်သက်တာ ပျော်ရွှင်နေစေဖို့ ဆန္ဒပြုလိုက်ပါတယ်။ ပျော်ရွှင်သော မိသားစုဘ၀တစ်ခုကို ပိုင်ဆိုင်လို့ တသက်တာလုံး ကဗျာများနဲ့ပျော်ရွှင်သူအဖြစ် မြင်ချင်မိပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေဗျာ။

    ခင်မင်လျက်..
    မိုးမောင်

    ReplyDelete
  13. A very happy birthday to Ma Eaindra!

    Love your poem as well.

    May this year be filled with many beautiful moments.

    With love & best wishes,
    Zun

    ReplyDelete
  14. HAPPY BIRTHDAY ပါအစ်မ...
    မွေးနေ့မှာ ပျော်ရွှင်ပါစေ...
    အစ်မရေးတဲ့ ကဗျာတိုင်းက အရမ်းကောင်းတယ်...

    ReplyDelete
  15. မမအိန္ဒြာ
    HaPpY bIrThDaY ပါနော်..
    ပျော်ရွှင်ပါစေ..

    ReplyDelete
  16. ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ မမ

    ReplyDelete
  17. ချစ်တဲ့ မကြီးရေ..
    အမေကို ချယ်သထားတဲ့ ကဗျာလေးက လှလိုက်တာ..

    ကိုယ့်ပစ်မှတ်ကိုကိုယ် စိတ်ကြိုက်ရွေးချယ်လို့
    ငါတို့... ကိုယ့်အသွားကိုယ်သွေးလိုက်ကြစို့ကွယ်..
    မွေးနေ့ဆိုတာ..
    အာရုံငါးပါးနဲ့ အဆက်အဆံ အခေါ်အပြောများကြောင်း
    တစ်နှစ်တစ်ခါချောင်းချောင်းကြည့်ရတဲ့ စင်တင်ပြဇာတ်လောက်ပါပဲ...
    ဆိုတဲ့ မကြီးရဲ့ မွေးနေ့ ဆုတောင်း ကဗျာလေးကို သတိရနေတယ်..

    ချစ်မကြီး မွေးနေ့မှာ ပျော်ရွှင်ပါစေနော်..
    ကဗျာဆရာမလှလှလေးကို မွေးဖွားပေးလိုက်တဲ့ မေမေလည်း ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

    ချစ်တဲ့
    ခင်လေး

    ReplyDelete
  18. happy birthday to you.. happy birthday to you...... happy birthday to you.. happy birthday to you!!!!

    မကြီးရှင့်...

    ဘိတ်ချေးဖြစ်လည်း မန့်မှာပဲနော်...အဟိ
    အမြဲ နောက်ကျမှ ရောက်လာတတ်တဲ့

    မှူးဒါရီ

    ReplyDelete
  19. မွေးနေ့မှာပျော်ရွှင်ပါစေချစ်မရေ...
    မရဲ့မေမေက သိပ်ကောင်းတဲ့
    လက်ဆောင်တခုကို..ကမ္ဘာမြေအတွက်
    ပေးခဲ့သလိုပါပဲ...



    ချစ်တဲ့
    အမရာ

    ReplyDelete
  20. မွေးနေ့မှာ ပျော်ရွှင်ပါစေ မမရေ... လှပတဲ့ ကာရံတွေနဲ့ ကဗျာတွေကို ထာဝရ ခြယ်မှုန်းနိုင်ပါစေ..

    ခင်မင်လေးစားလျှက်

    ReplyDelete
  21. သူငယ်ချင်း
    ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ
    ဒီမွေးနေ့ကနေစလို့
    ငြိမ်းချမ်းပျော်ရွှင်ခြင်းတွေအားလုံးရယူပိုင်ဆိုင်နိုင်ပြီးတော့
    မေမေ့ရဲ့မေတ္တွာရိပ်အောက်မှာ
    ချစ်သောမောင်နဲ့လက်တွဲလို့
    နင်ချစ်တဲ့ကဗျာတွေစာတွေ
    အများကြီးရေးနိုင်ပါစေ

    ReplyDelete
  22. "HAPPY BIRTHDAY"


    Always Obey Mind
    Moe Myint Tane

    ReplyDelete
  23. **~~~HAppY BiRThDaY TO Ma EainDra ~~~***

    ခင်မင်လျှက်

    ညီညီ

    ReplyDelete
  24. အကျဉ်းသား အိန္ဒြာ နာခံစေ..
    ရုံးတော်မှ သင်ဟာ သင့်ခန္တာကို
    ၃၆နှစ်တိတိ ခိုးယူ ပေါင်းသင်းထားတယ်လို့
    စွဲချက်တင်ထားတယ်
    လိုပြ သက်သေများထွက်ဆိုချက်အရ
    သင်ဟာ စကားလုံးများနှင့် ကာလရှည်
    မှုးယစ်နေခဲ့တယ်
    သင့် မျက်လုံးများအား ခွင့်ရက်ရှည်ပေးရန် ပျက်ကွက်ခဲ့တယ်
    သင့် ဦးဏှောက်တို့အား ခံစားခွင့်ပိတ်ပင်ခဲ့တယ်
    သို့သော်...
    သင်သည် အသက်ဓါတ်မပါသော စကားစုတို့အား
    လူသားတို့ အတွက် အရသာ ကိုးပါးပြည့်စုံအောင်
    ကဗျာအဖြစ် လှုတန်းခဲ့သော ကောင်းမှု့ကြောင့်
    ဤရုံးတော်မှ သက်ညှာသောအားဖြင့်
    သင့် မိခင်အလိုကျ ဇာတာဖွဲ့ခဲ့သည့်အတိုင်း
    အသက် ၁၂၀ နေခွင့်ပေးလိုက်သည်။
    နင့်အကို MTK

    ReplyDelete
  25. ညီမရေ..

    ဘလော့ဂ်လောက အ၀င်ဝမှာ ပြူတစ်ပြူတစ်လုပ်နေတဲ့ အကို့ကို ပထမဦးဆုံးလက်ကမ်းကြိုဆိုနေရာပေးခဲ့တဲ့ လက်ကလေးတဖက်ကို ဘယ်တော့မှမမေ့ပါဘူး လို့
    မွေးနေ့ အမှတ်တရ စကား ဆိုရင်း-
    မွေးနေ့ရဲ့ ဟိုဖက်မှာ ကိုယ့်ကိုယ်ကို မကြိုက်တာများများချန်ရစ်ခဲ့ပြီး
    မွေးနေ့ရဲ့ ဒီဖက်ကို ကိုယ့်ကိုယ်ကို ကြိုက်တာတွေ များနိုင်သမျှများများ သယ်ဆောင်လာနိုင်ပါစေလို့

    ဆုတောင်းပေးလိုက်ပါတယ်။

    အကို

    ခင်အောင်အေး

    ၃၀၊ ဒီဇင်ဘာ၊ ၂၀၀၉

    ၂၃း၂၇ နာရီ

    ReplyDelete
  26. အမေတွေဟာ..လဲမှို့လေးတစ်ပွင့်လွင့်ထွက်လာသံက အစ
    ကမ္ဘာမြေကြီးရဲ့တော်လဲသံ အဆုံး ဖြစ်တယ်..

    ထိခိုက်လွမ်းရှအောင်မှန်တဲ့စာသားပါ။
    သားငယ်ရဲ့ တီဒြာ ..
    နေ့တိုင်းမွေးနေ့လိုပဲပျော်ရွှင်ပါစေ၊ စိတ်ချမ်းသာပါစေ၊ အဆင်ပြေအောင်မြင်ပါစေ၊ ချစ်သောသူများနှင့် အတူနေရပါစေ။
    ..................
    ..................
    ..................

    ReplyDelete
  27. မအိန္ဒြာ မနက်ဖန် ၃၁ ရက်နေ့ဟာ မှတ်မှတ်ရရ အမေ့မွေးနေ့ပါ ကျနော်ကတော့ ရှက်စရာ အမေ့ကိုပူဇော်ဖို့ စာလေးတကြောင်းတောင် မရေးနိုင်သေး.မအိန္ဒြာမွေးနေ့ကို အမြဲသတိရနေတော့မည်.နှစ်ပေါင်းများစွာရွှင်လန်းချမ်းမြေ့ပါစေ..

    ReplyDelete
  28. မွေးနေ့လေးမှာ ကဗျာလေးကိုလာဖတ်ဆုတောင်းမေတ္တာပို့သပေးကြတဲ့ ချစ်သော မိတ်ဆွေသင်္ဂဟာအားလုံးကို ကျေးဇူးဥပကာရ တင်ရှိပါတယ်..။

    နှစ်တစ်နှစ်ကူးတော့မှာဖြစ်လို့ ဒီနှစ်သစ်ဟာ..
    အားလုံးအတွက် ဗမာပြည်သူပြည်သားတွေအတွက် အစစအရာရာ တိတိကျကျ ရှိနေမယ့် ပျော်ရွှင်ဖွယ်ရာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်..။

    ReplyDelete
  29. နောက်ကျပြီးရောက်လာပေမယ့် ပျော်ရွှင်ဖွယ် ရာနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

    အမရေ နှစ်သစ်မင်္ဂလာဖြစ်ပါစေ နော်

    ReplyDelete