January 13, 2010

စင်္ကာပူရ

စတုရန်းမိုင်၂၇၃တိတိကျယ်ဝန်းကျဉ်းမြောင်းလို့
ို့
မြို့ကြီးကနိုင်ငံတစ်ခုယောင်ဆောင်
နိုင်ငံကအာရှကျားယောင်ဆောင်

အိုရမ်လော့တို့တံငါရွာလေး ဖွံ့ထွားကြီးပွားလာတယ်ဆိုတာမျိုး
ဒဏ္ဍာရီဆန်နေတယ်..။

စင်ဂပူရဟာ နေမ၀င်အင်ပါယာကြီးရဲ့ညာလက်ရုံးတစ်ဆူဖြစ်ခဲ့သလို

ဂျပန်နေ၀န်းနီရဲ့ ရှိုးနန်းတိုး တိုင်းပြည်ဖြစ်ဖူးခဲ့

ဒီမြို့မှာ ၀င်စတန်ချာချီရှုံးနိမ့်ဖူး
ယာမာရှီတာအောင်မြင်ဖူး
စစ် ဆိုတဲ့ ကြိမ်ဒဏ်တွေ ကျောတစ်ရာရင်တစ်ရာမကခံခဲ့ဖူး

တွဲရေးခွဲရေးလှိုင်းဂရက်တွေထဲ အလူးလူးအလိမ့်လိမ့်မျောပါဖူး

ခုတော့
မြို့ကြီးက ခြင်္သေ့တစ်ကောင်လိုရဲဝံ့သန်မာပြီး
ငါးတစ်ကောင်လိုသွေးအေးလျှို့ဝှက်လို့ ..။


စိမ်းလန်းနက်ရှိုင်းတဲ့ အမြဲစိမ်းတောအုပ်ကြီးထဲမှာ

ကွန်ကရစ်တွေထိုးထိုးထောင်ထောင်အိမ်ရာဖွဲ့

အဲဒီ့မြို့ကြီးမှာ အရွက်ချွေတိုင်းအငြူစူခံနေရတဲ့

ဂန္တ၀င်မြောက်သစ်ပင်ကြီးတွေရှိနေတယ်..။


မြို့ကြီးရဲ့ထင်ရှားတဲ့ အမှတ်အသားက
ဒွေးရောယှက်တင်ဘာသာစကား
ယူရိုပီယမ်ဆန်ဆန် ပေါင်တံဝါ၀ါတွေ အပြိုင်းအရိုင်းကျက်စားလို့

အနောက်မကျ အရှေ့မက ယဉ်ကျေးမှုထဲမှာ

အပွင့်လင်းလွန် အနမ်းတွေ ပလူလိုပျံနေခဲ့..။


မြို့ကြီးက ဦးနှောက်တွေကို မြောင်းဖေါက်သွယ်ယူခြင်း အလုပ်တစ်ခုနဲ့အောင်မြင်

မြို့ကြီးက လုပ်အားတွေခြစ်ချုပ်ယူတတ်တဲ့နေရာမှာပြောင်မြောက်
မြို့ကြီးရဲ့ဒေါ်လာရနံ့ဟာ ရူးနှမ်းပစ်မှားချင်လောက်စရာ ညှို့ယူဖမ်းစားလို့

မြို့ကြီးက ဆည်ဝက ဗျိုင်းလိုစောင့်နေသမျှ

အာရှရဲ့ ပထမနိုင်ငံသားတွေက
ဗျိုင်း နှုတ်သီးမှာ အချီခံရဖို့
သည်းထိတ်ရင်ဖိုတိုးဝှေ့နေရပေါ့.. ။


ဝက်မင်တာအုပ်ချုပ်ပုံစနစ်ယန္တရားကို
ခန့်ခန့်ငြားငြားလည်ပတ်ထားနိုင်ရင်း
မြို့ကြီးက သူ့အတွင်းရေးကိုသူ လှလှပပဖုံးဖိထားနိုင်ခဲ့ပါတယ
်..။
မြို့ကြီးက သူ့မြို့သားတွေကို မိုးမခ နေမခ အောင်ကြင်နာပြလို့
မြို့ကြီးမှာ ဥသြသံမရှိ မီးခိုးငွေ့မရှိတဲ့ ရထားတွေက ဘာသာစကားမျိုးစုံနဲ့ပြေးဆွဲလို့
စကားတစ်ခွန်းမှ ဟ စရာမလိုတဲ့ ဘတ်စ်ကားတွေက လိုရာကို ပို့ဆောင်ပေးကြလို့
ကြိုက်သလောက်သုံးကျသလောက်ရှင်း စာရင်းဇယားမှာ ငွေကြေးက အေးစက်တင်းမာလို့
ရင်သပ်ရှုမော ရှော့ပင်းစင်တာတွေကြားမှာ
လူမောစိတ်မောမြှင့်တင်ရေးတွေ တင်းကြမ်းပြည့်နှက်လို့

မြို့ကြီးက အတုကိုတောင် အတုမှန်းမေ့လျော့သွားလောက်အောင်
ဆွဲဆောင်မှုအပြည့်နဲ့ တောက်ပတယ် ။


စနစ်တကျတန်းစီခြင်းက ကိုယ်ကျင့်တရားတစ်ခုလိုလို

သန့်ရှုင်းသပ်ရပ်ခြင်းက ဂုဏ်သိက္ခာတစ်ခုလိုလို

တကယ်တော့ မြို့ကြီးက အဲဒီ့နှစ်ရပ်စလုံးနဲ့ ၀ံ့ကြွားဦးမော်နိုင်ခဲ့တာ
မြို့ကြီးမှာ ရာသီဥတုနဲ့ မြေဆီမြေနှစ်တွေ ဆင်းရဲ
သယံဇာတနဲ့ မြေလွတ်မြေရိုင်းတွေ ဆင်းရဲ

သီးပင်စားပင်နဲ့ သောက်သုံးရေချိုလေးတောင်ဆင်းရဲ

အဲသလိုမျိုး
မြို့ကြီးက တင့်တောင်းတင့်တယ်ဆင်းရဲနေခဲ့တယ်။

ချွေးစက်တွေ သက်ပြင်းတွေ မျက်ရည်တစ်ချို့တစ်လေနဲ့အလွမ်းတွေ

စိတ်ဓါတ်တွေ မာနတွေ သိက္ခာတစ်ချို့တစ်လေနဲ့ သင်ခန်းစာတွေ

ဟောဒီ့ မြို့ကြီးမှာ လိုသလောက် လက်ကားရနေခဲ့

ဒါပေမယ့်
မြို့ကြီးဟာ ကိန်းကြီးခန်းကြီးနိုင်လွန်းစွာ
ကျေးဇူးရှင်မျက်နှာပေးမျိုးနဲ့ မိန့်မိန့်ကြီး ပြုံးပြုံးကြည့်တတ်ပေါ့


ဘာပဲဖြစ်ဖြစ်
မြို့ကြီးရဲ့ ၂၀၁၀ ဆောင်ပုဒ်က
သန့်ရှုင်းရမယ် စိမ်းလန်းရမယ်တဲ့


ဘာပဲဖြစ်ဖြစ်မြို့ကြီးဟာ
သန့်ရှုင်းလို့ စိမ်းလန်းလို့


ဘာပဲဖြစ်ဖြစ်
မြို့ကြီးဟာ ၂၀၁၀ မှာ
သန့်ရှုင်းစိမ်းလန်းတော့မလို့


ဘာပဲဖြစ်ဖြစ်
မြို့ကြီးဟာ..
၂၀၁၀ မတိုင်ခင်ကတည်းက သန့်ရှုင်းစိမ်းလန်းနိုင်ခဲ့တာ..။


အိန္ဒြာ

(၂၇.၁၂.၁၂၀၀၉)
(သရုပ်ဖေါ်ပုံလေးကို မိုးကြယ်(ယိမ်းနွဲ့ပါး) က ရေးဆွဲပေးထားတာပါ)

11 comments:

  1. အဲဒီမြို့ကြီးထဲ ထွက်ပြေးရင်းနဲ့ မလွတ်ဘူး ။

    ReplyDelete
  2. အားလုံးတွေ့နေကြ အရာတွေကိုပဲ နက်နက်ပိုမြင်ပြီး၊ မြင်တာကို အပိုအလို မရှိ ရေးထားတာပဲ။

    ReplyDelete
  3. စင်္ကာပူရ ဟာ ထွက်ရပ်မပေါက်နိုင်သူတွေအတွက် လမ်းတစ်ခုလား။
    ပြေးစရာမြေမရှိသူအတွက် ပျော်လည်းနေ မပျော်လည်းနေလား။
    ဒီလိုနဲ့ တစ်ကျွန်းစံနေရ။

    ReplyDelete
  4. စကားလုံးတိုင်းက သူ့ဟာနဲ့သူ လှပသက်ဝင်နေတာပဲ။
    သားငယ်ရဲ့ တီဒြာကြီးတော်လိုက်တာ...။

    ReplyDelete
  5. ဒီကျွန်းလေးမှာ cyber သံတွေက ဆူညံလွန်းနေရဲ့...
    ဒါပေမယ့် အနာဂါတ်ကို download ဆွဲဖို့က
    ဘယ်ခါမှ မသေချာဖူး...။

    ရောင်စုံ ယဉ်ကျေးမှု
    ဒွေးရောယှက်တင် ဘာသာစကားနဲ့
    အသွေးအသား ကာလာ မခွဲခြားထားဖူးဆိုပေမယ့်...
    တကယ်တမ်းတော့...။

    တစ်ကျွန်းစံမဟုတ်ပေမယ့်လည်း
    ဘယ်လိုမှ ရုန်းမထွက်နိုင်ခဲ့ဖူး...။

    ReplyDelete
  6. မမရဲ့ကဗျာလေးက ဒီကျွန်းရဲ့ဇာတ်ရုပ်ကို ပုံဖော်ထားတာ ပီပြင်လိုက်တာ။ အင်း..ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့ ဘဝတွေကို ကျင်လည်နေရသ၍ ....

    ReplyDelete
  7. တင့်တောင်းတင့်တယ် ဆင်းရဲ နေပေမဲ့.. လျှို့ဝှက်စွာ မိန့်မိန့် ကြီး ပြုံးနေ နိုင် တုန်း ပေါ့လေ..

    တလုံးခြင်း လှပ တိကျ ပေါ်လွင်နေတယ်..

    ReplyDelete
  8. နောက်ထပ်နေရာလေးတစ်ခုတွက်
    နောက်ထပ်ကဗျာလေးတစ်ပုဒ် ထွက်လာနိုင်သေးတယ်လို့
    ထင်နေတယ်း)

    ReplyDelete
  9. မြို့ကြီးက ဦးနှောက်တွေကို မြောင်းဖေါက်သွယ်ယူခြင်း အလုပ်တစ်ခုနဲ့အောင်မြင်
    မြို့ကြီးက လုပ်အားတွေခြစ်ချုပ်ယူတတ်တဲ့နေရာမှာပြောင်မြောက်
    မြို့ကြီးရဲ့ဒေါ်လာရနံ့ဟာ ရူးနှမ်းပစ်မှားချင်လောက်စရာ ညှို့ယူဖမ်းစားလို့
    မြို့ကြီးက ဆည်ဝက ဗျိုင်းလိုစောင့်နေသမျှ
    အာရှရဲ့ ပထမနိုင်ငံသားတွေက ဗျိုင်း နှုတ်သီးမှာ အချီခံရဖို့
    သည်းထိတ်ရင်ဖိုတိုးဝှေ့နေရပေါ့.. ။


    အဲ့ဒီ့နေရာလေး ပိုသဘောကျတယ်..

    ReplyDelete
  10. ကဗျာက
    သက်ဝင်လှပ.. တိကျတဲ့ ..
    ကျွန်းကလေး ပုံရိပ်ကို တစ်စချင်းဆီ.. ဖော်သွားတာ....

    လေးစားပါတယ်
    ကဗျာဆရာမမ ရေ.......

    ReplyDelete
  11. မြို့ကြီးက ဦးနှောက်တွေကို မြောင်းဖေါက်သွယ်ယူခြင်း အလုပ်တစ်ခုနဲ့အောင်မြင်
    မြို့ကြီးက လုပ်အားတွေခြစ်ချုပ်ယူတတ်တဲ့နေရာမှာပြောင်မြောက်....

    ဒါတောင် မြို့ကြီးက သူ့ကိုယ်သူကျေးဇူးရှင်ဆိုပြီး ပေါချောင်ကောင်း လုပ်အားတွေကို အောက်ဈေးပေး မ၀ယ်ချင်သလိုလို အင်တင်တင်လုပ်နေသေးတာ...။

    ReplyDelete