September 23, 2010

သစ္စာပြန်ကျမိုးရွာမယ့်...နေ့

အစကတည်းက ဒီအဖြေပဲမဟုတ်လား
ငါတို့ သိသိချည်းတွက်ချက်နေခဲ့ကြရတာ

တကယ်တော့သီအိုရီက အဆန်းတကျယ် မဟုတ်ပါဘူး
ညီမျှခြင်းကလည်း ထုံးစံအတိုင်းတစ်ဘက်စောင်းနင်းဆန်လို့
သက်သေပြချက်တွေကလည်း ခြေစလက်စသေသပ်လို့
စနစ်တကျတည်ဆောက်ထားတဲ့ ဟောဒီ့ပုစ္စာဟာ
ဒီအဖြေထွက်ဖို့ ပြဌာန်းထားခဲ့တာပဲပေါ့..

မောင်ရေ.....
ငါတို့ တတိတိနစ်မြုတ်နေပုံကြီးက ကြေကွဲဝမ်းနည်းစရာ
ငါတို့ သိသိချည်း စွန့်လွှတ်ဆုံးရှုံးရမယ်ဆိုတာကလည်း ရင်နာဆို့နစ်စရာ
ခုဆို ငါတို့ ချစ်ခြင်းမေတ္တာတွေတောင် အားအင်ချည့်နဲ့လို့
ခုဆို ငါတို့ ယုံကြည်ချက်ဆိုတာက ရေမျောကမ်းတင်ကိုဆန်လို့

အရင်းအနှီးက မသေးသိမ်ခဲ့ဘူးလေ
ငါတို့ မျက်ရည်တွေ တောင်ပုံယာပုံစီးဆင်းခဲ့ရတာ
ငါတို့ အိပ်မက်တွေကို သင်္ဂြိုဟ်ပြာချခဲ့ရတာ

ဆောက်တည်ရာမရနိုင်တော့ဘူး
ကောင်းကင်ဆီမော်ကြည့်ပြန်တော့လည်း
ငါတို့ဆီရွာကျမယ့် သစ္စာတိမ်တိုက်တွေကတောင်
လေနှင်ရာ တလူလူလွင့်ပါနေပါပေါ့.....

မောင်ရေ...
ဘယ်တော့မှ မအေးချမ်းတော့ဘူးလား
ငါ့တို့ပေါ်ဖြာကျနေတဲ့ အလင်းရောင်က
နေ လို မီး လို ပူ လှ ချည့်....။ ။


အိန္ဒြာ
(23.9.2010)

8 comments:

  1. သစ္စာတိမ်တိုက်တွေကတောင်
    လေနှင်ရာ တလူလူလွင့်ပါ
    (တစ်ချိန်မှာ မိုးရွာ အုံးမှာပါ)

    ReplyDelete
  2. အလင်းရောင်က နေလိုမီးလိုပူနေတဲ့အခါ ခဏတာ အအေးခိုဖို့အတွက် အမှောင်ထုက ဖြားယောင်းလှတယ်။ ရိုးသားခြင်းတောအုပ်တွေ ပြုန်းတီးသွားကြတဲ့နောက်မှာ လွန်တွေဆွဲကြ ဗုံတွေသာတီးကြ ..
    သစ္စာတရားက ကွက်ကျားမိုးတော့ မရွာလောက်ပါဘူးလေ။

    ReplyDelete
  3. တိမ်တိုက်တွေ ဆိုတာက
    အစိုးမရသလို အတည်တကျလည်း မရှိကြဘူး
    ရွာမလိုနဲ့ မရွာတတ်သလို
    မထင်မှတ်ပဲနဲ့လည်း ရွာတတ်သေးတယ်
    ဒါနဲ့များ
    သစ္စာတရားကို ဖမ်းယူဆုပ်ကိုင်ချင်သူတဲ့
    ကိုယ့်မာနက ကိုယ့်ကို
    ခပ်ဖွဖွ လှောင်ရယ်နေသံ
    တကျော့ပြန်လာခဲ့ပေါ့ .........

    ReplyDelete
  4. ငါတို့ဆီရွာကျမယ့် သစ္စာတိမ်တိုက်တွေကတောင်
    လေနှင်ရာ တလူလူလွင့်ပါနေပါပေါ့.....

    အဲဒီလေနှင်ရာအောက် တစ်ကောက်ကောက်သာ လိုက်ပါတော့ ဗျာ။

    ReplyDelete
  5. မိုက်စ်မြဲမိုက်တဲ့ ချစ်မလေး လက်ရာတွေ။ မောင်ရေ...တဲ့ လှလိုက်တာ။

    မယ့်ကို ပြောတော့ ဂရပ်ဖ်မျဉ်းက ကွေးကျသွားပြီဆို :P

    ReplyDelete
  6. အဲဒီလို ပူနေတဲ့ အလင်းရောင်တွေမှာပဲ ယဉ်ပါးနေကြရပေါ့။
    ကိုယ့်ဝဲဂယက်နဲ့ကိုယ် တတိတိနစ်မြုပ်နေပုံတွေလေ။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  7. အလင်းရောင်တွေကလည်းခက်တယ်... သူ့အရှိန်အဝါအောက်ကကို မလွတ်မြောက်နိုင်တော့ဘူး...
    တိမ်ကွယ်ခဏ၊ မိုးရွာခဏ၊ အရိပ်ခိုခဏပေါ့...
    ဖြစ်သင့်တာက အလင်းရောင်တွေကို သန့်စင်ဆေးကြောပစ်တတ်လိုက်ဖို့ပဲ...

    ReplyDelete
  8. ညီမလေးရေ..
    မောင်တို့ မနစ်မြုပ်ဘူး.. မောင်တို့ သစ္စာတရားတွေ
    မောင်တို့ မစွန့်လွှတ်ဘူး. မောင်တို့ အိပ်မက်တွေ
    မောင်တို့မချိနဲ့ဘူး .. မောင်တို့ ယုံကြည်ချက်တွေ
    မောင်တို့ ကူးခပ်ခြင်း ဘယ်တော့မှမရပ်တန့်ဘူး
    အဲဒီစဉ်းလဲတဲ့ သမုဒ္ဒရာ.. ဘယ်လောက်ကျယ်မလဲ လို့

    ReplyDelete