February 26, 2009

တစ္ဆေကြောက်တတ်တဲ့ အနာ




ခေါင်းတလားထဲမှာ
တစ္ဆေတွေ
က ခုန်.........

လမ်းကန်းနေတဲ့ ချယ်ရီသားတုတ်ကောက်ကလေးက
ခရီးတွေကို အငမ်းမရဖြစ်နေသလိုမျိုး...
သော့တူနဲ့တူတဲ့လူတွေက
နှလုံးသားတွေကို ဖွင့်ဖေါက်စစ်ဆေးသလိုမျိုး....
ကောင်းကင်ပေါ် တိမ်အတုတွေ ပစ်တင်ပြီး
တစိမ်စိမ့် ရွာသွန်းဖြိုးတဲ့ မိုးစိမ်းတွေက
နာတာရှည်အဖျားသွေးတွေကို အရသာခံသလိုမျိုး....

တစ္ဆေတွေက ခေါင်းတလားထဲမှာ...က ခုန် တယ်။

သင် ပျင်းရိတဲ့အခါ သမ်းဝေလိုက်ပါ၊
သင် အားငယ်တဲ့အခါ စစ်တုရင်ကစားပါ၊
သင် ကြောက်ရွံ့တဲ့အခါ မေတ္တာသုတ်ရွတ်ပါ၊

အထပ်ထပ် ရစ်ကျော့ခံနေရတဲ့ စီဒီဓါတ်သားမှာ
အသံတွေ ဂျမ်းဖြစ်နေသလိုမျိုး...
မျှော်လင့်ချက်တွေကော့ညွှတ်နေတဲ့ ဆင်စွယ်ရောင်မျက်စောင်းလေးက
မိုးကြိုးမုန်တိုင်းကို ထိမ်ဝှက်ထားသလိုမျိုး..
ပခြုပ်ထဲက ညောင်းညောင်းရိရိ မြွေဆိုးတစ်ကောင်ရဲ့
သတိယတိုင်း ထထတိုက်တတ်တဲ့
အလမ္မယ်ဆရာအတွက် ကျိမ်စာလိုမျိုး

ခေါင်းတလားထဲမှာ...တစ္ဆေတွေက က ခုန် တယ်။

သင် စိတ်ညစ်ညူးတဲ့အခါ တောင်တက်လေ့ကျင့်ပါ၊
သင် လွမ်းဆွတ်လာတဲ့အခါ သစ်ပင်စိုက်လိုက်ပါ၊
သင် ရယ်မောချင်တဲ့အခါ တစ္ဆေကပွဲကြည့်ပါ၊

သင့် ဒုက္ခအတိုအစတွေကိုတော့
ရေခဲရိုက်ပြီး သိမ်းထုပ်ပါ ။

ဒီကနေ့
တစ္ဆေ စွန့်ကျဲမယ့်...အိမ်မက်တစ်ဆုပ်တစ်ခဲနဲ့
အဆာပြေရဦးမယ့် နေ ၀င် ဖျိုး ဖျ မှာ
တစ္ဆေ အသစ်ဝတ်ဆင်လာမယ့်
ညနေခင်း ၀တ်စုံက ။ ဘာ ??!!!

ပြောတယ်..
၃၁ ဘုံမှာ
လူ့ပြည်က
ကတိတွေဖေါင်းပွလွန်းတဲ့ ၀ပ်ကျင်းလို့..။ ။

အိန္ဒြာ
(မုဒိတာမဂ္ဂဇင်း)

ရေးထားတာ ကြာပါပြီ ၊ မုဒီတာမှာလည်းပါခဲ့ပါသေးတယ်
ဆားချက်တာ မဟုတ်ပါဘူး
ပြန်တင်ချင်စိတ်ပေါက်လာလို့ ပြန်တင်ပေးလိုက်တာပါ
ဖတ်ပြီးသားဆိုရင်လည်း တစ်ခေါက်လောက် ထပ်ဖတ်ကြည့်ပါဦး..။


12 comments:

  1. ကဗျာကောင်းလေးကို မှီဝဲလိုက်တယ်...

    အဲဒီ တစ္ဆေ တွေ ကခုံနေတဲ့ ခေါင်းတလားထဲမှာပဲ
    ကတိတွေ ဖောင်းပွနေတဲ့ဝပ်ကျင်းလေးထဲမှာပဲ
    ပျော်နေတာ အစ်မရေ...

    ReplyDelete
  2. လ ဟာ ကြယ်တွေကို မစို့ပမပို့ ကိုယ်ယောင်ကိုယ်ထည် ပေးပြီး
    တစ်ဖက်မြင်ည တွေမှာ သူက ဘုရင်လုပ်ချင်သူလေ....
    အဲဒီ လ ဖန်တီးထားတဲ့ ညတွေမှာ
    ကုတ်ခြစ်စရာ မြေတစ်မှုန်မှမရှိတဲ့ ချောက်ကမ်းပါးတွေကို
    ခြစ်ကုတ်ပြီး တွယ်တက်နေရတဲ့ ပင်ပျိုလေးတွေ
    ကျားပုတ် ခံလိုက်ရလို့ ဒုက္ခိတ ဖြစ်နေတဲ့ သမင်တစ်ကောင်ကို
    သွေးအေးအေးနဲ့ စောင့်ကြည့်နေတဲ့ သားစားငှက်တွေရဲ့
    တောင်ပံတွေအောက် က ဘဝတွေ
    ကိုယ်ခံပညာ မတတ်တဲ့ ယုန်တစ်ကောင်အတွက်
    ဝံပုလွေ ရဲ့ မန်ဖီသံကို ဘယ်လိုမျက်လုံးမျိုးနဲ့ ရင်ဆိုင်ရဲမှာလဲ
    အာရုဏ်မလာခင်အထိတော့ ညမှာ လ ကတော့
    သူ့မျက်စောင်းနဲ့ ဒီရေတွေ တက်အောင်လုပ်ပြမယ်
    သူ့ ကကြိုးတွေနဲ့ ကမ္ဘာမြေကို အိပ်မွေ့ချမယ်
    သူညာလက်ရုံး ဓူဝံကြယ်နဲ့ လမ်းပြချင်ယောင်ဆောင်ပြီး
    အချိန်တချို့ကို အလစ်သုတ်သွားမယ်......
    ည ဆိုတာ...အရာရာကိုဖျားယောင်းဖို့.. နေဝင်ချိန် အလှနဲ့
    ဖမ်းစားလှည့်ဖျားနေကျ....
    တစ်ခါတစ်ရံ......မျက်စိမှိတ်ပြီး အတင်းအိပ်ချင်ယောင်ဆောင်တတ်သေးတယ်...
    အဲဒီလို အခါမျိုမှာ.... ကမ္ဘာမြေဆိုတာ....မှောင်အတိပေါ့...
    .......................

    ကဗျာလေးကို..အဲဒီလိုခံစားတွေးမိတယ်.....
    .................

    "....တစ္ဆေ အသစ်ဝတ်ဆင်လာမယ့်
    ညနေခင်း ဝတ်စုံက ၊၊ ဘာ ??!!!

    ၃၁ ဘုံမှာ လူ့ပြည်က
    ကတိတေါဖေါင်းပွလွန်းတဲ့ ဝပ်ကျင်းလို့..၊၊ ၊၊"
    အဲဒီ နှစ်ပိုဒ်က အလေးနက်ဆုံးပဲ
    ကြိုက်တဲ့ အယူအဆ ကပ်ပြီး ရုံဝင်လို့ရတဲ့ လက်မှတ်လေး
    ရုပ် နဲ့ နမ် အတွဲလိုက် အကွက်ဖေါ်ထားတာ တော်တယ်....

    "မျိုး" နဲ့ အဆုံးသတ်ထားတဲ့ အပိုဒ်တွေ အကုန်လုံး ရက်ရက်စက်စက် လှတယ်.....၊၊
    မနက်ခင်းကို တောင့်တတဲ့ နေရာက ငါဝင်ကြည့်တာ မဟုတ်တော့လည်း ခွင့်လွတ်ပေါ့
    အင်း....တော်တော်များများက အာရုဏ်ကို အလိုရှိကျမှာပါ....လုံလုံလောက်လောက် အလင်းရောင်ရှိမှ
    လုပ်ကိုင်ရတာ အဆင်ပြေမှာမဟုတ်လား...

    ဒီနေ့ ညအထိတော့...."........." ကခုန်နေကျဆဲပဲ...

    ReplyDelete
  3. ကတိတွေနဲ့ မွန်းကြပ်နေတဲ့ လူတယောက် တစ္ဆေကဗျာ လာဖတ်တယ်..

    ReplyDelete
  4. ခေါင်းတလားထဲမှာတော့
    အဲဒီကောင်
    ကခုန်နေဆဲပဲ အစ်မရေ ...

    ပြောတယ်
    ၃၁ဘုံမှာ လူ့ပြည်က
    ကတိတွေဖောင်းပွလွန်းတဲ့ဝပ်ကျင်းလို့ ...

    နှစ်သက်စွာခံစားရပါကြောင်း

    လေးစာခင်မင်စွာဖြင့်

    ReplyDelete
  5. ကဗျာလေးကကောင်းလိုက်တာ အိန္ဒြာရေ
    ၃၁ ဘုံမှာတော့ ရွေးရမယ်ဆိုရင်
    ကတိတွေနဲ့ဖောင်းပွနေတဲ့ ၀ပ်ကျင်းလေးကိုပဲ
    ရွေးချင်သေးတယ်........

    ReplyDelete
  6. ပြောတယ်..
    ၃၁ ဘုံမှာ
    လူ့ပြည်က
    ကတိတွေဖေါင်းပွလွန်းတဲ့ ၀ပ်ကျင်းလို့

    အဲဒီ ဝပ်ကျင်းမှာပဲ ဝပ်လို့ကောင်းတုန်းညီမရေ..
    ကဗျာကတော့ရှယ်ပဲ..

    ReplyDelete
  7. ကဗျာလေး ခံစားသွားပါတယ်အစ်မ။

    ReplyDelete
  8. “လိုက်တယ် ခဗျ.. လိုက်တယ်.... ” “မှီသလိုလို ရှိလာတယ်.. ဒါပေမယ့် မရပါဘူးဗျာ...”
    “ဟုတ်ကဲ့ ခင်ဗျာ...” အခုဆို ကဗျာအသင်းရဲ့ တိုက်စစ်မှူး မအိန္ဒြာရဲ့ ကန်ချက်ကို... “ကျနော်တို့ ဝေလေလေ.. ဘလောဂ့်ဂါအသင်းမှ ဂိုးသမား မိုးမောင်က အသက်နဲ့လဲပြီး ဖမ်းမိလိုက်ပါတယ်”

    (စကားပြေ)
    ကျနော်မိုးမောင်သည် ကဗျာတစ်ပုဒ်လုံးကို အလူးအလဲ၊ အလဲအကွဲဖတ်သွားကာ နောက်ဆုံးတွင် ကောင်းကောင်းကြီး ခံစားတတ်ခဲ့ပါကြောင်း တင်ပြထားခြင်း ဖြစ်ပါသည်။

    ရေလည်ခင်တဲ့..
    မိုးမောင်

    ReplyDelete
  9. မကြီးရေ....

    အရမ်းကောင်းတဲ့ ကဗျာကို ခဏခဏ
    လာလာဖတ်ရင်း ကွန်မန့်ရေးဖို့ကို မမှီလွန်းလို့
    ကြောက်ခဲ့မိရတာလည်း အကြိမ်ကြိမ်ပါဘဲ...

    လောလောဆယ်တော့.....

    ((( ဒုက္ခအတိုအစတွေကိုတော့
    ရေခဲရိုက်ပြီး သိမ်းထုပ်ထားလိုက်မိတယ်)))

    with love....

    ReplyDelete
  10. လောလောဆယ်တော့ တောင်တတ်ကျင့်ရင်း သစ်ပင်စိုက်နေတယ်... အမရေ.... နောက်မှပဲ တစ္ဆေကပွဲ အားပါးတရကြည့်အုန်းမယ်...
    ဖိုးမောင်

    ReplyDelete
  11. ဒါကအကြွေးဆပ်သွားတာ...
    အမရဲ့ကဗျာတွေကိုအလွတ်ခံလို့မဖြစ်ဘူး....

    ReplyDelete
  12. ၃၁ ဘုံမှာ
    လူ့ပြည်က
    ကတိတွေဖေါင်းပွလွန်းတဲ့ ၀ပ်ကျင်း...။

    တစ်ပုဒ်လုံးဆွဲခေါ်လာလိုက်တာ..။ နောက်ဆုံးက အမြင့်ဆုံးပဲ...။

    ReplyDelete