March 1, 2009

တစိမ့်စိမ့်ခါးသက်နေခဲ့တယ်

စိတ်ကို လက်တစ်လုံးခြား
လှည့်စားထားခဲ့ရတာလည်းကြာပြီ..၊
မျှော်လင့်ချက်ကို
သင့်လျှော်သလို နေရာချထားလိုက်ကြတော့၊
အနာဂါတ်ဟာ
ချုပ်ရိုးအသစ်ဖိ အပ်ကြောင်းထပ်ကုတ်အင်္ကျီပါပဲ၊
ဒီနေ့အထိ
အောင်မြင်ခန့်ငြားတဲ့ သီတင်းတစ်ပုဒ်ဆာလောင်တယ်.။

အချိန်အခါက
ကြိုးတန်းလမ်းလျှောက်ရာသီဥတုပေါ့.၊
ကမ္ဘာကိုတောချောက်ခံရတော့ အကမ်းအလှမ်းမှာ
သူတို့လည်း..သူတို့အပူနဲ့ သူတို့မီးနဲ့..၊
ဘာဆက်လုပ်ကြမလဲဆိုတဲ့
အကျောပေးခံနှစ်ချို့မေးခွန်းများ..၊
ကိုယ့်နောက်ကျောကို
ဓါးနဲ့ထိုးရမယ့်အဖြစ်သနစ်တစ်ချို့ရှိလာမယ်.။

တွက်ဆမကြည့်ရဲတဲ့ အရင်းအနှီးများစွာနဲ့
အလျော် အစား...၊
အိမ်မက်မဟုတ် ၊ ဒဏ္ဍာရီမဟုတ်
ကစားနည်းမဟုတ် ၊ လုပ်ဇာတ်မဟုတ် ၊
နှလုံးသားဟာ..
ခံစားချက်တွေအပေါ် ထုံထိုင်းမူးမော်လို့ ၊
နာတာရှည်ရောဂါတွေအတွက်
ဆေးမီးတိုဆိုတာတွေပဲရှိခဲ့ဖြစ်ခဲ့ ၊
အားလုံးဟာ..
အမှန်တရားရဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ့.......ဟုတ်စ။

အကျအပေါက်များလွန်းတဲ့
သင်ခန်းစာတွေလေ့ကျက်သင်အံ၊
တဖြည်းဖြည်း..တဖြည်းဖြည်းချင်း
ကိုယ်ရည်သွေးတီးလုံးများကို နားယဉ်စေသော ပညာရပ်၊
ခေတ်ပေါ်ရွာချနေတဲ့မိုးကိုက
တစိမ့်စိမ့်ခါးသက်နေခဲ့တယ်...၊
စနစ်တကျကြီး...
သေသေသပ်သပ်ယိုယွင်းပျက်စီး...၊
ဒီလိုပဲ..ဆောက်တည်ရာမရလည်း.
တည်ဆောက်ဖို့နေရာရှာကြပေါ့...၊
အမြီးကျက်လို့ အမြီးကိုဖဲ့ချင်နေသူတွေလည်း
ဆန္ဒအတိုင်းရှိပါစေ။

ငါတို့နာကျဉ်ကြေကွဲခြင်းနဲ့
တိုက်ရိုက်အချိုးကျ မေတ္တာရောင်ပြန်တွေ..၊
ခင်ဗျားထပ်တိုးလိုက်တဲ့ခြေတစ်လှမ်းတိုင်းမှာကို
ကျိမ်စာသင့်နေတာ...!၊
ခင်ဗျားအိပ်မက်တွေနဲ့ ခင်ဗျား
သွေးလေချောက်ချားရဦးမှာ..၊
ဒါတွေဟာ..
စိတ်ဗဟိုမှာ.အနယ်ကျနေတဲ့ သစ္စာစကား..သစ္စာတရား.။

ကဗျာတွေဟာ..အတိတ်တဘောင်ဆန်လွန်းလို့
မနက်ဖန်အကြောင်းဒီနေရာမှာ ရပ်ထားလိုက်ဦးစို့..၊

ဘာပဲဖြစ်ဖြစ်
အခုငြင်းဆိုလိုက်တဲ့နွားနို့ဟာ..
အချဉ်ဖေါက်နှင့်ပြီးသားလို့ ယုံကြည်တယ်....။ ။

အိန္ဒြာ (၂၈.၂.၂၀၀၉)

16 comments:

  1. သိပ်ကောမန့် မရေးတတ်ဘူး။ စိတ်ထဲ ဖြစ်လာတဲ့ အတိုင်း ပြောရရင်.. ရိုးလွန်းလို့ ကဗျာနဲ့ တန်ပါ့မလား စိုးရိမ်မိတယ်။ အလေးထား ဖတ်သွားပါကြောင်းး..။

    ReplyDelete
  2. မကြီး....

    ဘာပြောရမှာလဲ...!!
    ဘာရေးရမှာလဲ....!!
    ပြောမမှီ...ရေးမမှီ.!!

    မကြီးပေးတဲ့ ရသတွေဟာ တစ်ခါတစ်လေ
    ကြက်သီးထ.. တစ်ခါတစ်လေ မျက်ရည်ကျ..
    တစ်ခါတစ်လေ အားမာန်ရ... တစ်ခါတစ်လေတော့ အသက်ရှုတောင် ရပ်ရပ်သွားသလိုဘဲ...

    မရိုးနိုင်စွာ ပြောချင်တဲ့ စကားလေးဘဲ ထားခဲ့တော့မယ်....

    ရင်မှ လှိုက်လှိုက်လှဲလှဲ
    လေးစားလျှက်.....

    ချစ်တဲ့...
    ခင်လေး

    ReplyDelete
  3. ညီမရဲ့ကဗျာကို နက်နက်ရှိုင်းရှိုင်းဖတ်ပြီး လေးလေးနက်နက်ခံစားသွားပါတယ်...
    ကောင်းတယ်ဆိုတာထက်ကို အများကြီးလွန်ထွက်နေတဲ့
    ကဗျာတစ်ပုဒ်ပါ

    ReplyDelete
  4. ကောင်တယ်ဆိုရင်တောင်
    အဲလောက်ပဲပြောတတ်တဲ့ ကျွန်တော့်ပါးစပ်အတွက်
    အားနာမိတယ်အစ်မရေ ......

    ကဗျာတွေဟာ အတိတ်တဘောင်ဆန်လွန်းလို့
    မနက်ဖြန်အကြောင်း ဒီနေရာမှာရပ်ထားလိုက်ဦးစို့ ...

    လေးစားခင်မင်စွာ
    အိုင်လွယ်ပန်

    ReplyDelete
  5. ခေတ်ပေါ်ရွာချနေတဲ့မိုးက စိမ့်စိမ့်ခါးသက်နေခဲ့တာချင်း တူသွားပြီ ညီမရေ..

    ReplyDelete
  6. တစိမ့်စိမ့်ခါးသက်နေခဲ့တယ်........
    ................

    ReplyDelete
  7. နေဟာ အရှေ့ဖက်ကထွက်ပြီး အနောက်ဖက် ဝင်သွားတာ မဟုတ်ဘူး
    ကမ္ဘာကြီးကိုက အဲဒီလိုဖြစ်အောင်လည်နေတာ...
    အားနည်းချက်တွေက..
    ဖြစ်နိုင်သလောက် လုပ်နေတာလား..?
    ဖြစ်သလိုလုပ်နေတာလား...?
    မျိုးစေ့ မှမရှိပဲ ငါတို့ မြေသြဇာရဲ့ တန်ဖိုးတွေ ဘယ်လို ထုတ်ပြရမှာလဲ
    မောင်သာရ လိုပြောရရင် "တို့ဖက်ကကြည့်တော့သူပုန်
    သူတို့ဖက်ကကြည့်တော့ သူရဲကောင်း"
    ဘုရားသခင်က ကြွေအံ မကစားခဲ့ပေမယ့်
    ဘဝတွေက အလျော်အစား တင်းကြမ်း
    နက္ခတ်ဘာကြောင့် ပြောင်းတာလဲလို့ ဗေဒင်ဆရာကိုမေးရင်
    သူ့မှာဖြေစရာ လမ်းဆုံးနေပြီ ဘယ်လိုဖြေမလဲ
    စိတ်ကတောင့်တတဲ့ အာရုံနဲ့ ဖြစ်ပေါ်လာတဲ့ အာရုံ အချိုးမညီသရွှေ့တော့
    သုခချမ်းသာဆိုတာ ကောနေတဲ့မြစ်တစ်စင်းလိုပဲ
    အမှန်တရားဆိုတာကလည်း ဘုရင်ကိုသတ်နိုင်တဲ့သူ ဘုရင်ဖြစ် ဆိုတဲ့
    ခေတ်ဟောင်းက ပြဒါန်းချက်သာသာ
    ခြေထောက်ပေမှာ စိုးရုံလောက်နဲ့ သားကောင်ချနင်းတာ
    ကမ္ဘာက မီးမှမလောင်သေးဘူး..
    ......ဘာပဲဖြစ်ဖြစ်
    ......အခုငြင်းဆိုလိုက်တဲ့ သစ္စာတရားဟာ
    ......မုသာဝါဒ အပြည့်နဲ့ ကြက်တူရွေးဘာသာဗေဒ
    ............
    ကျွန်တော် တန်ခိုးရှိလို့ ဓူဝင်ကြယ်ကို အလင်းကွယ်စေရင်တောင်
    တစ်ခြားသူတွေ...မြင်နေရကြဦးမှာပဲ...နောက်နှစ်ပေါင်း ၃၀၀၀ ကျော်မှ ဓူဝင်ကြယ်
    ပျောက်သွားမှာလေ...အမှန်တော့ ကျွန်တော် ကြောင့်ဓူဝင်ကြယ် မရှိတော့ပေမယ့်
    အလင်းရဲ့သွားနုန်းက ကမ္ဘာမြေရောက်ဖို့ အချိန်ကာလ အဲလောက်ကြာမှာဆိုတော့
    မြင်နေကြရမှာပဲ...
    အဲဒါ ကာလတစ်ခုနဲ့လှည့်စားခံရတဲ့ အမှန်တရား....
    ......Thereare those who do not realize
    that one day we all must die.But those who do realize this
    settle their quarrels.
    ပြီးခဲ့တဲ့ ရာစုက ဘဝပြောင်းသွားတဲ့ သူတွေအတွက် ဂရေဟန်ဘဲလ် က
    တယ်လီဖုန်းတီထွင်သူ သူရဲကောင်းလေ...
    နည်းပညာသူခိုးဆိုတာ သိမသွားကျဘူး....ငါတို့မှာ ဘဝတွေ အလေးခိုးခံနေရတာသိသိနဲ့
    ချိန်ခွင်ပေါ်တက်နေရတာ....
    .............
    ကျေးဇူးပြုရ်ျ..ကဗျာလေးကို ပြူတင်းပေါက်ဖွင့်ပြီး ကောင်းကင်မှာကပ် မတ်တတ်ရပ်
    ဖတ်ကြည့်ပါ....ခင်ဗျားတို့လဲ အချဉ်ဖေါက်ထားတဲ့ နွားနို့ခွက်တွေ တွေ့ရမှာပါ....၊၊

    ReplyDelete
  8. ဆရာတစ်ဦးပြောသလို ဘာဘဲအစ်မရေ
    (သူတို့ရယ်ဖို. ကိုယ်တွေငိုပေးနေကြသလိုပါလား)

    ReplyDelete
  9. အဟိ.. ဂွတ်တယ်.. လန်းတယ်.. ကြိုက်တယ်..

    ReplyDelete
  10. ကိုမင်းသုခပြောသလိုဖတ်သွားတယ်အစ်မရေ..
    ကဗျာအရမ်းကောင်းတယ်..

    နှလုံးသားဟာ..
    ခံစားချက်တွေအပေါ် ထုံထိုင်းမူးမော်လို့ ၊
    နာတာရှည်ရောဂါတွေအတွက်
    ဆေးမီးတိုဆိုတာတွေပဲရှိခဲ့ဖြစ်ခဲ့ ၊
    အားလုံးဟာ..
    အမှန်တရားရဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ့.......ဟုတ်စ။

    လတ်တစ်လောအခြေအနေနှင့်ကွက်တိပဲ..

    ခင်မင်လေးစားလျက်
    မိုးကြယ်

    ReplyDelete
  11. တကယ်လည်း ပတ်ဝန်းကျင် တခုလုံးက အချဉ်ဖောက်နှင့်ပြီးသားပါလား..။
    ဒီလိုနဲ့ အဲဒါကိုပဲ သကြားနဲ့ဖျော်သောက်လို့ မက်စက်ကုန်ကြရင်....
    မတွေးရဲပါ..။

    ReplyDelete
  12. ကဗျာလေး ကောင်းလိုက်တာဗျ။ တစိမ့်စိမ့်တွေးရင်းဖတ်သွားတယ်။

    နောက်ဆုံး အပိုဒ်လေးလည်း အရမ်းလှတယ်ဗျာ။

    ReplyDelete
  13. ရက်ရက်စက်စက် စကားလုံးတွေ တလုံးချင်းက ဓားလိုဖောက်သွားတဲ့ ကဗျာ..။
    တစိမ့်စိမ့်ခါးသက်နေတာ အမှန်တရား။

    ReplyDelete
  14. "တစိမ့်စိမ့်ခါးသက်နေခဲ့တယ်"

    ကဗျာလေးခံစားသွားပါတယ်--
    အတွေးကောင်းအရေးကောင်းသလို--
    စကားလုံးရွေးချယ်တာ လှပတယ်--
    သိမ်မွှေ့တယ်--နက်တယ်--

    ReplyDelete
  15. ဘ၀တစ်ခုနဲ့ ရင်းပြီး ရေးထားတဲ့ ကဗျာကို ဖတ်ဖို့ ဘ၀တစ်ခုနဲ့တော့ ရင်းရမယ်မို့လား...။ အစ်မ ကဗျာကို ကြိုးစား ဖတ်နေပါတယ်...။ ဒါပေမယ့် နောက်ထပ် ပို့စ်တွေ မတင်နိုင်မှာ စိုးရိမ်မိတယ်...။ ပို့စ်တွေ တင်နိုင်အောင် လုံးပမ်းနေရတာနဲ့ လက်ကျသွားမှာလည်း စိုးရိမ်တယ်...။ လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့...။

    ReplyDelete
  16. အမရဲ့ကဗျာတွေတော်တော်ကောင်းတယ်
    စကားလုံးတိုင်းမှာအားအပြည့်ပဲ........

    ReplyDelete