July 17, 2009
အာဇာနည်ဆိုတာ
အာဇာနည်တွေရဲ့ သက်စောင့်ဓါတ်က သစ္စာတရားပဲ..
အာဇာနည်ဆိုတာနဲ့
ခန့်ငြားလုံခြုံတဲ့ အရိပ်က..အလိုလိုလွှမ်းခြုံပေးလိုက်တယ်..
အာဇာနည်ဆိုတာ
အောင်နိုင်ခြင်း..ဒါမှမဟုတ်...တစ်စုံတစ်ရာအတွက်
ပေးချေလိုက်ကြရတဲ့..အရင်းအနှီး
အာဇာနည်ဆိုတာ
တိုင်းပြည့်နဖူးပြင်ပေါ်က အမာရွတ်လည်းဖြစ်ခဲ့ပေါ့
အာဇာနည်ဆိုတာ..
မြောက်များလှစွာသော..နှလုံးအိမ် အစုအဝေးတွေထဲက
တညီတညွှတ်တည်း..ယိုစိမ့် ကျလာခဲ့တဲ့ ပညတ်ချက်
အာဇာနည်ဆိုတာ
မျိုးနွယ် သို့မဟုတ်..နိုင်ငံ...သို့မဟုတ်...ယုံကြည်ချက်..သို့မဟုတ်..အားလုံးရဲ့
အထွဋ်အမြတ်ဝိဥာဉ်တစ်ဆူ
အာဇာနည်ဆိုတာ ငြင်းပယ်မရနိုင်တဲ့ သမိုင်းကြောင်းပေါ်က
အနှစ်ချုပ်စာမျက်နှာလည်းဖြစ်ခဲ့တယ်.
အာဇာနည်တွေရဲ့ရာဇ၀င်ဟာ
နာကျည်းကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းတွေနဲ့...ခန့်ငြားသိပ်သည်းလို့
အာဇာနည်ဆိုတာ
ပြောင်းလဲခြင်းတစ်စုံတစ်ရာကိုရည်သန်တဲ့
မီးဟုန်းဟုန်းတောက် ပဋိပက္ခအကြား...မားမားစွင့်စွင့် ရပ်ဝံ့ သူ
အာဇာနည်ဆိုတာ ရဲဝံ့စွန့်လွှတ်နိုင်ခြင်းရဲ့ ဧကရာဇ် တစ်ဆူပဲ
အာဇာနည်ဆိုတာ ပြည်သူ့သွေးကို သူ့အသက်နဲ့မောင်းနှင်ပေးသူတွေ..
အာဇာနည်ဆိုတာ အသက်ကိုခဲယမ်းလို သဘောထားနိုင်ကြသူတွေ...
အာဇာနည်ဆိုတာ အဆုံးစွန် စွန့်လွှတ်နိုင်ခြင်းစွမ်းရည်ရှိသူတွေ...
အာဇာနည်တွေမှာ
တစ်ဘ၀လုံးဖြန့်ကြည့်တာတောင်
ဝတ်စုံကောင်းကောင်း မရှိခဲ့ကြဘူး...
အာဇာနည်ဆိုတာ...အမှန်တရားကိုကိုးကွယ်ပြီး
သူ့လည်ဂုတ်ပေါ်မိုးနေတဲ့ ဓါးသွားထက်
စိတ်တွေပေါ်က ဓါးအတွက် စိုးကြောက်တတ်ခဲ့တာ....
အာဇာနည်ဆိုတာ.
..................................
အာဇာနည်ဆိုတာ.
သေတာတောင်မျက်စိမပိတ်နိုင်ကြသူတွေ...။ ။
အိန္ဒြာ
(၁၉.၇.၂၀၀၉)
(ကျဆုံးလေသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဤကဗျာဖြင့် ဦးညွှတ်ကန်တော့လျက်....)
15 comments:
  1. ကဗျာလေးနဲ့ အတူ အာဇာနည် ခေါင်းဆောင်များကို အလေးပြု သွားပါတယ်။
    ခုလို ကဗျာကောင်းလေး တစ်ပုဒ်နဲ့ ဂုဏ်ပြု ပေးတဲ့ မအိန္ဒြာ ကိုလဲ လေးစား အားကျ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
    ချစ်ခင် လေးစားလျက်
    ReplyDelete
  2. မကြီးရေ...
    ကဗျာလေးကို နှလုံးသားထဲအထိရောက်အောင် ဖတ်ရင်း..
    အာဇာနည်ခေါင်းဆောင်ကြီးတွေကို လာရောက်ဦးညွှတ်ကန်တော့ပါတယ်..
    ReplyDelete
  3. အပုဒ် တစ်ရာပြည့် မှာ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာလေးနဲ့...
    လှပတဲ့ အမှတ်တရလေးပေါ့။
    ReplyDelete
  4. အာဇာနည်ဆိုတာ စိတ်ပြင်းထန်မှုတွေနဲ့
    အသိကိုရှေ့တန်းတင် အသက်ကိုမငဲ့တဲ့
    ပေးဆပ်သူတွေ ....
    ကြီးပြင်းခဲ့ရတဲ့ ဘ၀တစ်လျှောက် ထမင်းတစ်လုတ်
    ကျွေးခဲ့သူတွေအတွက် လေးစားဂုဏ်ယူလို့
    ရှိခိုးပါ၏ ..။။
    ပို့စ်တွေ မတင်နိုင်သေးဘူး မကြီးရေ ..
    ဘူးသီးရောင်းနေလို့ ..။
    ReplyDelete
  5. အာဇာနည်ဆိုတာ.
    သေတာတောင်မျက်စိမပိတ်နိုင်ကြသူတွေ...။ ။ တဲ့
    လှိုက်ကနဲ ဖြစ်သွားတယ်။
    သူတို့ အသေဖြောင့်ဖို့ တို့တွေ အားလုံးမှာ တာဝန်ရှိပါလား..
    ReplyDelete
  6. ရင်ဘတ်နဲ့ရေးတဲ့ကဗျာ
    ရင်ဘတ်နဲ့ ဖတ်သွားပါတယ် ..
    ReplyDelete
  7. အာဇာနည်ဆိုတာ.
    ..................................
    အာဇာနည်ဆိုတာ.
    သေတာတောင်မျက်စိမပိတ်နိုင်ကြသူတွေ...။ ။
    ကောင်းလိုက်တဲ့ကဗျာပါပဲ ညီမလေးရာ
    ဟုတ်တယ် ....
    အာဇာနည်ဆိုတာ
    အဓိပ္ပာယ်ဖွင့်ဆိုလို့ မကုန်နိုင်သေးတဲ့ အဘိဓာန်ကြီးတခု
    ReplyDelete
  8. မရဲ့  အာဇာနည်ဆိုတာ ဖွင့်ဆိုချက်တွေကို နှလုံးသားထဲစွဲနေအောင် ဖတ်သွားပါတယ်။
    မရဲ့  ကဗျာလေးကို ရော မကိုရော တကယ်လေးစားမိပါတယ်။
    ချစ်တဲ့
    မယ်ကိုး
    ReplyDelete
  9. အာဇာနည်ဆိုတာ ကို ပုံလေးနဲ့ တွဲဖတ်ပြီး စိတ်ထဲမြင်ယောင်ကြည့်တော့ .... ကြက်သီးတောင်ထမိပါရဲ့....
    မမကတော်လိုက်တာ...။
    ခင်တဲ့ မေဇင်
    ReplyDelete
  10. အာဇာနည်ဆိုတာ
    တိုင်းပြည့်နဖူးပြင်ပေါ်က အမာရွတ်လည်းဖြစ်ခဲ့ပေါ့...
    ဘယ်တော့မှ မပျောက်ပျက်ပါဘူး...
    တိုင်းပြည်ရဲ့ဝိညာဉ်မှာစွဲထင်နေတဲ့သွေးစက်တွေ...
    ReplyDelete
  11. အာဇာနည်ဆိုတာ
    တိုင်းပြည့်နဖူးပြင်ပေါ်က အမာရွတ်တဲ့လား
    ....................
    ReplyDelete
  12. ကဗျာဖတ်ပြီး အာဇာနည်များကို လေးစားစွာ အလေးပြုသွား ပါတယ် ။
    ReplyDelete
  13. အာဇာနည်တွေမှာ
    တစ်ဘ၀လုံးဖြန့်ကြည့်တာတောင်
    ကဗျာတစ်ပုဒ်လုံး ဖြန့်ကျက်တွေးလိုက်ရင် အတွေးတွေထဲ နစ်သွားရတယ်။ အလေးပြုသွားတယ် အမ။
    မိုးမောင်
    ReplyDelete
  14. အမကြီးရေ... အာဇာနည်နေ့ကို ကြိုပီး သတိရရင်း ... အမကြီးရဲ့ ကဗျာလေးလည်း ဖတ်ရင်း အာဇာနည်ပုဂ္ဂိုလ်တွေ ကို အလေးပြုသွားပါတယ်... မျက်စိမပိတ်သေးတာတွေ အတွက်... ကျနော်တို့တွေ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်...
    ဖိုးမောင်
    ReplyDelete
  15. ကဗျာလေးကို နှလုံးသားထဲကနေ တစ်လုံးစီရွတ်ရင်း
    ဝတ်စုံကောင်ကောင်း မရှိတဲ့
    တိုင်းပြည်ရဲ့ နှဖူးပြင်ပေါ်က အမာရွတ် တစ်ခုလဲဖြစ်တဲ့
    ရဲဝံ့စွန့်စား ဧကရာဇ် အာဇာနည်ခေါင်းဆောင်များကို
    ရိုသေစွာအလေးပြုသွားတယ်
    ချစ်ခင်စွာဖြင့်
    ဖိုးစိန်
    ReplyDelete