October 17, 2009

ကမ်းခြေနဲ့ အခေါ်အပြောဝေးနေရတဲ့ ပင်လယ်


ပင်လယ်ဆိုတာမှာ
သွေးဆူတတ်သူမိစ္ဆာဆိုးတွေ ပုန်းခို
လှိုင်းပါးပျဉ်းတွေကို
ကြောင်လက်သည်းလို ၀ှက်ဝှက်ထားတတ်ပေါ့

ပင်လယ်ရဲ့ အလှမ်းအကမ်းမမြင်နိုင်ခြင်း..အနုပညာက
တစ်ဘက်မှာ ဘာရှိမလဲမျှော်လင့်ချက်တွေကို ဖူးစေခဲ့..။

ဘယ်တော့ ပွင့်မယ့်ပန်းလဲမသိတဲ့ ပင်လယ်..ပါ
ဆည်းဆာချိန်တွေမှာမှ..တိမ်တောက်ပြ
နေ၀င်ချိန်တွေကို ရွေးရွေးလှပတတ်ခဲ့တာ..

အဆုံးအစမဲ့..စီမျောခြင်းသစ္စာတစ်ခုသာ
ထီးထီးကြီး…လှိုင်းထကျန်ရစ်တဲ့ ပင်လယ်…
သူ့ အလွမ်းသူ မှိုင်းမလို့
စုန်းမီးတောက်တောက်ပြတဲ့ ပင်လယ်..
သူ့ အနားသတ်နဲ့သူ...ဝေးလံလွမ်းဆွတ်နေရသမျှ..
သူ့မျက်ရည်သူ မျိုမျို ချထားရတဲ့ ပင်လယ်လေ....

အဲဒီ့ပင်လယ်က ရွက်ကြမ်းရေကြို လှိုင်းကြက်ခွပ်လေးနဲ့..လဲ့ပြာ..
လရိပ်မှာ ဒီရေဆန်ဆန်ကျူးကျော်ရမ်းကားလို့..
သန္တာကျောက်ဆောင်တွေကို အခွင့်ရတိုင်းခတ်ထုတ်ဖို့..
ရာဟုမှာ အနီရောင်သမ်းတိုင်းလက်ခမောင်းခတ်ပြတတ်ခဲ့ပေါ့..

ကြမ်းကြားလေကြား
လျှို့ဝှက်အပ်သောစကားတွေ ဘောင်ဗင်ဆန်နေတဲ့ ပင်လယ်
ဇီဝဇိုးတွေကို လက်ထိုးအန်ခိုင်းခဲ့တဲ့ ပင်လယ်
ငါးပွက်ရာ ငါးစာချသူတွေ..တက်စုံဖွင့် ရွက်ကုန်လွှင့်ထွက်လာတဲ့ ပင်လယ်..
ကောင်းကင်ကို မှန်တစ်ချပ်လို..အရိပ်ကြည့်နေခဲ့ပြီး..
တိမ်တွေကို ဖက်ရှင်ဆန်ဆန် ချုပ်လုပ်ဝတ်ဆင်ချင်တဲ့ ပင်လယ်လေ

အဲဒီ့ပင်လယ်မှာ မကျက်နိုင်တဲ့ အနာတရတွေမြှုတ်သတ်ခံခဲ့ရ..
အဲဒီ့ပင်လယ်ဟာ မဆန့်ရင်ကာ မျိုချထားရတဲ့
တစ်စုံတစ်ရာတွေနဲ့ ကျွက်ကျွက်ငံခဲ့ရ
ပင်လယ်က…သူ့အယောင်ဆောင် တေးသီချင်းတွေနဲ့…
သူ့သတင်းသူဆိုညည်းပြနေရဲ့

ချောင်းတွေ မြစ်တွေက
သူတို့ အညစ်အကြေးမှန်သမျှကို
အာမနာပ လှဲကျင်းအချ ခံနေရတဲ့ ပင်လယ်ပါ......

နောက်ဆုံးတော့
အဲဒီ့ပင်လယ်ရဲ့ ကမ်းခြေမှာ.
ရေနာကျနေတဲ့ စိတ်အသေတွေသာ.......
အတုံး...အရုံး....
ကျဆုံး...
ကျန်ရစ်ခဲ့...


အိန္ဒြာ(၂၃.၈.၂၀၀၉)

(အစ်ကိုကဗျာဆရာကိုသစ်ကောင်းအိမ်ရဲ့ ပင်လယ်ကဗျာကိုနှစ်သက်မိပါသဖြင့် အတုခိုးရေးသားပါသည်..။)

14 comments:

  1. တစ်

    မကြီးအိမ်မှာက မကြီးသားပဲ ဦးနေတာ...

    မောင်က ဒုတိယဖြစ်နေတယ်


    မမအိမ်မှာကြာတော့

    ပထမပေါ့

    ချစ်တဲ့

    မျောက်မျောက်

    ReplyDelete
  2. အသက်ရှူကြပ်နေတဲ့ပင်လယ်ပမာ
    ဆားငန်ရေတွေကို အလိုလိုထွေးထုတ်နေမိ
    သူတော်စင်ဖြစ်ချင်စိတ်တိတ်တိတ်ဖြစ်နေရှာတဲ့ပင်လယ်
    ကိုယ့်ရွေးချယ်ခွင့်ကိုယ်မသိတဲ့ပင်လယ်
    နောက်ဆုံးကျတော့ ပင်လယ်က ပြန်စွန့်ပစ်လိုက်တဲ့ အမှိုက်တစ်စပမာ
    ငါ……………………..

    ပေါင်းဆုံခွင့်မရသောပင်လယ်သေများသို့ ရည်ညွှန်းလျက် ...


    (အပေါ်က ဖိုးစိန်တော့ မပြောချင်ဘူး )း((
    နေရာလာယူသွားတယ်

    ReplyDelete
  3. စိတ်ကူးမှန်သမျှ စိတ်နဲ့သာ ဖြည့်စွမ်းလို့
    စိတ်အသေတွေသာ ကျန်တဲ့ ပင်လယ်ကမ်းခြေမှာ
    ကျေနပ်နေရသူ လူငယ်တစ်ယောက်
    အမှတ်တမဲ့ ကောက်ရတဲ့
    အုန်းသီးရဲ့ စီးမျောလာရာ ကို
    ပင်လယ် အနှံ့ ခြေဆန့်ရှာနေလေရဲ့။
    ပင်လယ်ထဲမှာပဲ တဝဲလည်လည်...


    ချစ်တဲ့

    မျောက်မျောက်

    ReplyDelete
  4. နေ၀င်ချိန်နှင့်အတူ...
    ရေလှိုင်းတွေ တ၀ုန်းဝုန်း..
    ကမ်းကပ်နိုင်ဖို့ ပုတ်ခတ်နေပေမယ့်လည်း
    မမြင်နိုင်တဲ့ င့ါအနာဂတ်တွေ
    ရေအတက်အကျ သတိလက်လွှတ်မိတဲ့အချိန်
    အောက်ဆွဲခေါ် ရေအလျင်က ကမ်းကိုကပ်ဖို့ထင်ရသော်လည်း
    မသိမသာလေး ဆွဲငင်နေတာ ..
    မင်းအလှမှာနစ်မြောလို့ မဖြစ်တော့ဘူး ..
    င့ါကိုယ်ငါပဲ အားသွန်မှုတစ်ခုပြုရတော့မှာပေါ့ ..

    ..
    idulize (အရုပ်ကလေး)

    ReplyDelete
  5. ပင်လယ်ကိုမှ တုပ
    လှပပြနေတဲ့ ကမ်းခြေအတုတွေထဲ
    ညစ်ထေးနေတဲ့ စိတ်တွေကို ရေဆေးဆေးချရင်း
    ပင်လယ်အတုဟာလဲ စိတ်တွေ ပေပွလာတော့တယ်။
    နောက်ဆုံးတော့
    အဲဒီ့ပင်လယ်အတုရဲ့ ကမ်းခြေမှာ.
    မျက်နှာချေတွေ ဖိတို့ ချွေးသိပ်လို့.......
    အနာတရတွေ မြှုပ်နှံခံခဲ့ရ...
    လက်ခမောင်းခတ်ပြဖို့ကလဲ
    ချောင်းတွေ မြစ်တွေက
    သူ့ရင်ခွင်ထဲ စီးဆင်းမလာ
    လှိုင်းကြမ်းမလာတဲ့ အဲ့ဒီပင်လယ်အတုဟာ
    အသက်... ပြင်းး.. ပြင်းး
    ရှိုက်ငင်ရင်းး..
    မုန်တိုင်းတွေကိုသာ ဆာလောင်နေတော့တယ်...

    (အယ်.. ပင်လယ်ထဲ ၀င်ကြည့်ပါတယ်။ကော်မန့်မယ်ဆို ပင်လယ်နဲ့စလိုက်တာ ရင်ဘတ်ထဲက ပင်လယ်အတုအော်သံကြီး ထွက်လာတယ်ဗျာ။ ရှိတဲ့ အော်သံပဲ ချန်ထားခဲ့လိုက်ပြီ ကဗျာဆရာမ လှလှကြီးရေ၊ အဲလေ မွှားတွားရို့။ ကဗျာဆရာမ လှလှလေးရေ)

    ReplyDelete
  6. ပင်လယ်က အရိုင်းဆန်ပြီး မျှော်လင့်စိတ် စွန့်စားလိုစိတ်ကို ပြင်းထန်လာစေတယ်...။
    နောက် အပေါ်ယံကို ခွာပစ်လိုက်တယ်...။

    ဆက်စဉ်းစားလိုက်ရင် ပင်လယ်ရဲ့ဝိသေသတွေ များလာတော့မယ်...အတွေးနဲ့ပဲ လှိုင်းသံတွေ ဆက်နားထောင်လိုက်တော့မယ်...။

    ReplyDelete
  7. ကမ်းခြေနဲ့ အခေါ်အပြောဝေးရုံ မဟုတ်ဘူး
    ပင်လယ်က စိတ်ကြီးတယ်
    ကမ်းခြေကို စိတ်နာနာနဲ့ ကမ်းခြေမှာထားခဲ့တာ ကမ်းခြေဘက် ပြန်လှည့်မကြည့်တော့တာ ကြာပေါ့ .. တဲ့

    ReplyDelete
  8. ပင်လယ်ကိုဖွဲ့ထားတဲ့ စကားလုံးတွေရယ် ဒဿနတွေရယ်က သိပ်ကိုလှပအသက်ဝင်နေကြပါတယ် ညီမလေးရေ..

    ပင်လယ်နဲ့ဝေးနေရသူတွေမှာတော့ ပင်လယ်ဆိုတာ အသက်မဲ့နေတဲ့ ပန်းချီကားတချပ်မျှသာ.
    အသက်ရှုတွေကျပ်နေတယ် ညီမလေးရေ...

    ReplyDelete
  9. ရေနာကျနေတဲ့ စိတ်အသေတွေသာ.......
    အတုံး...အရုံး....
    ကျဆုံး...
    မကျန်ရစ်ခင် ပင်လယ်ဟာ
    ဘာမဆိုဖြစ်လာနိုင်တဲ့ အာလာဒင် မီးခွက်ကို
    မပွတ်သပ် ရ သေးခင်လေး လိုမျိုး ....။။

    ReplyDelete
  10. အဲဒီ့ပင်လယ်မှာ မကျက်နိုင်တဲ့ အနာတရတွေမြှုတ်သတ်ခံခဲ့ရ..
    အဲဒီ့ပင်လယ်ဟာ မဆန့်ရင်ကာ မျိုချထားရတဲ့
    တစ်စုံတစ်ရာတွေနဲ့ ကျွက်ကျွက်ငံခဲ့ရ
    ပင်လယ်က…သူ့အယောင်ဆောင် တေးသီချင်းတွေနဲ့…
    သူ့သတင်းသူဆိုညည်းပြနေရဲ့

    ပင်လယ်ရဲ့ ဒဿနတွေ ကိုတွေ့လိုက်ရတယ်
    ပင်လယ်မှာ ဒဏ်ရာအနာတရတွေရှိတာ မတွေးမိလိုက်ဘူး . . . . ကောင်းလိုက်တဲ့ ကဗျာ

    ReplyDelete
  11. အခေါ်အပြောမဲ့ လူမိုက်ဆန်ဆန် ကြေကွဲနေတဲ့ပင်လယ်။
    လောကဓံရှစ်ပါးနဲ့ ဓါတ်သင့်နာမ်သင့် ပေါင်းဖော်နေရတဲ့ ပင်လယ်။
    တကိုယ်တည်းနေ တစ်စိတ်တည်းထား အထီးကျန်မှုကိုသာ ဝတ်ဆင်ထားတဲ့ပင်လယ်။
    အိပ်မက်ရာသီဥတုဖောက်ပြန်လို့ ငိုကြွေးရတဲ့အခါ သွေးဆူသူဖြစ်လာတဲ့ ပင်လယ်။
    ကမ်းခြေနဲ့ အဝေးက ပင်လယ်ရေ...
    ငါလည်း မင်းလို...


    ချစ်မလေးရဲ့ ကဗျာကို ဖျက်လိုဖျက်ဆီးမလုပ်ရပါဘူးနော်။ အပေါ်ကလူတွေကို အားကျလို့ တုပရေးမိပါတယ်။ မရယ်နဲ့နော် ချစ်မလေး။

    အဆုံးမဲ့ချစ်တဲ့
    =)

    ReplyDelete
  12. အသေအချာ တည်ရေးထားတာဆိုတော့ နောက်ချင်ပေမယ့် မနောက်တော့ပါဘူး...

    ပင်လယ်အလှ ပင်လယ်ဘဝနဲ့ ပင်လယ်ခံစားချက်တွေက တော်တော်ပြည့်စုံပါရဲ့...

းဝ)

    ReplyDelete
  13. ရသမြောက်တဲ့ပင်လယ်............

    ReplyDelete
  14. ပင်လယ်ရဲ့ အလှမ်းအကမ်းမမြင်နိုင်ခြင်း..အနုပညာက
    တစ်ဘက်မှာ ဘာရှိမလဲမျှော်လင့်ချက်တွေကို ဖူးစေခဲ့..။

    ဘယ်တော့ ပွင့်မယ့်ပန်းလဲမသိတဲ့ ပင်လယ်..ပါ
    ဆည်းဆာချိန်တွေမှာမှ..တိမ်တောက်ပြ
    နေ၀င်ချိန်တွေကို ရွေးရွေးလှပတတ်ခဲ့တာ..

    အဆုံးအစမဲ့..စီမျောခြင်းသစ္စာတစ်ခုသာ
    ထီးထီးကြီး…လှိုင်းထကျန်ရစ်တဲ့ ပင်လယ်…

    ပင်လယ်ရဲ့အလှနဲ့...ပင်လယ်ရဲ့..အနုပညာကို...လှလှပပရေးဖွဲ့တက်ပါပေတယ်..အစ်မရေ...သိပ်ကောင်းတဲ့ကဗျာလေးပါပဲ...အားပေးသွားတယ်နော်...။

    ReplyDelete