October 24, 2009
ကမ္ဘာကြီး..လိုနေတဲ့.. ဓာတ်စာ
ကမ္ဘာရဲ့ရာသီဥတုအခြေအနေတွေက တစ်နေ့တစ်ခြားဆိုးဆိုးရွားရွားဖေါက်ပြန်ပြောင်းလဲနေလေတော့
၂၀၁၂ မှာ မိုးပြိုစရာမလိုပဲ ဂြိုလ်ဝင်တိုက်စရာမလိုပဲ..
ဂီလာနဆန်နေတဲ့ကမ္ဘာကြီးရဲ့ကျန်းမာရေးက အဆိုးဝါးဆုံးတစ်ခုခုနဲ့ကြုံကြိုက်လာနိုင်တယ်ဆိုတာ ခန့်မှန်းကြည့်လို့ရနေသလိုပါပဲ..။
အယင်ကလည်းဖြစ်ခဲ့တဲ့ အခုဖြစ်နေတာလဲပျက်ဦးမယ်ဆိုလို့
ဘုရားရှင်ကိုယ်တော်တိုင်ဟောကြားထားခဲ့တဲ့ကိစ္စကြီးတစ်ခုမို့
၂၀၁၂ သို့မဟုတ် တစ်နေ့နေ့ကတော့ သေချာနေပါတယ်..။
အဲသလောက်မြန်မြန်လို့မသိပေမယ့် ကဗျာတွေက နမိတ်ဖတ်တယ်ပြောမလား.....
အဲလိုဆန်ဆန်ကဗျာမျိုးတွေ ရေးဖြစ်ခဲ့တာတွေရှိနေပါတယ်..။
ရေကြီးလွှမ်းလွှမ်းမီးကြီးလောင်လောင်
ကမ္ဘာတစ်ခုပျက်လို့ နောက်ကမ္ဘာတစ်ခုစကြရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်...တို့..
ကဗျာဆိုတာ ကဗျာဆရာရဲ့သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံဖြစ်လိမ့်မယ်..တို့ ဘာတို့တွေ
ကြီးကြီးကျယ်ကျယ်တွေရေးခဲ့ဖူးပါတယ်..။
အခု သဘာဝဘေးအန္တရယ်တွေနဲ့ပတ်သက်ပြီး ဆူနာမီပြီးခါစ ရေးဖြစ်တဲ့ကဗျာလေးတင်ပေးချင်လို့ပါ..။
ကိုယ့်ကိုစင်ယုံတင်လာစင်တဲ့ မီးပွားဆိုတော့ ကဗျာတွေဘာတွေရေးနိုင်ခဲ့ပါသေးတယ်..။
နာဂစ်ကတော့ ကိုယ့်ကို ပြာကျသည်အထိဝါးမျိုလောင်ကျွမ်းလိုက်တဲ့ မီးတောက်ဆိုတော့..
ဘယ်လိုကဗျာတစ်ပုဒ်တစ်လေ..မှချရေးမရအောင် နင့်ခဲ နာကျင်နေခဲ့ရပါတယ်..။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကမ္ဘာကြီး..လိုနေတဲ့.. ဓာတ်စာ
ခေတ်က သေနတ်ပစ်ကားတွေ ကြိုက်တယ်
အငုံစိတ်တွေ မှာသွေးဆာတယ်
သွေးရဲရဲ သံရဲရဲ အနုပညာ ပြကွက်တွေနဲ့
စိတ်အပန်းတွေ ဖြေကြတယ် ............... ။
အခု ကမ္ဘာကြီး ရှူရှိုက်နေတဲ့ လေထဲမှာ
အသားတွေ မီးလောင်ထားတဲ့ ညှော်နံ့တွေ ။
ယင်မ မဲယောင်းတွေ ပါတယ် ........ ။
ယမ်းမှိုင်းမိနေတဲ့ တိမ်တိုက်တွေ
အနုမြူရောင်ခြည်သင့် သစ်ပင် ပန်းမန်တွေ
အထိတ်တလန့် လွှင့်စင်သွားတဲ့ ၀ိညာဉ်တွေ
သွေးပျက်ချောက်ချားနေရှာတဲ့ မျက်ဝန်းတွေ ပါတယ် ........ ။
ကပ်ကြီးသုံးပါး တစ်ပြိုင်တည်း ကျတဲ့ ....... အထုံတွေ
ဖင်လိမ်ကွင်း အကနဲ့ စကားပြော ဂီတတွေ
ကျောက်ခေတ်ဆန်လာတဲ့ ဖက်ရှင်တွေ
အပွင့်လင်းလွန် လိင်ယဉ်ကျေးမှုတွေ
ပုံတူမျိုးပွား သန္ဓေသားတွေ ပါလာတယ် ................. ။
အတိုင်းမသိ တိုးတက် ထက်မြက်လာတဲ့ အသိပညာတွေနဲ့
တဖြည်းဖြည်း ခမ်းခြောက်တိမ်ကောသွားတဲ့ မေတ္တာဓာတ်တွေ ..........ပါလာတယ် ။
ထိပ်ဆုံးတန်းဝင် ချမ်းသာကြွယ်ဝ မှုတွေနဲ့
အပြီးတိုင် အငွေ့ပျံသွားတဲ့ သစ္စာတရားတွေ ........ ပါလာတယ်
ခလုတ်နှိပ်နည်းပညာတွေနဲ့ သံမဏိရောင် စာနာမှုတွေ.......... ပါလာတယ်
ရွာဖြစ်အောင် သံခိပ်လုပ်ထားတဲ့ လေလှိုင်းဆက်ဆံရေးတွေနဲ့
အတွင်းထဲလှိုက်လောင်နေတဲ့ အာဃာတဖွဲမီးတွေ ပါလာတယ် ..........
ကမ္ဘာမြေကြီးက သူ့အနံ့သူ သည်းမခံနိုင်လောက်အောင် အော့နှလုံးနာနေခဲ့ရှာတယ် ....... ။
သူ့ မျက်ရည်တွေ မိုးသည်းထန်စေတယ် ............
သူ့ နှလုံးသားတွေ အတိုင်း မိုးခေါင်ရေရှားတယ်
သူ့ အရေပြားကို ဆောက်တည်ရာမရလှုပ်ခါတယ် ........
သူ့ သက်ပြင်းချလိုက်တိုင်း သမုဒ္ဒရာတွေ လှိုင်းကြွတယ် ..........
သူ့ သောကတွေက ရေခဲတောင်တွေကိုတောင် အရည်ပျော်ကျစေတယ် ........ ။
ကမ္ဘာမြေကြီးဟာ ........
သူ့မှာပေနေတဲ့ အညစ်အကြေးတွေကို ဆေးကြောဖို့
သူ့ အပေါက်အပြဲတွေကို သူ ပြန်ဖာထေးဖို့
သူ့ အနာတရတွေသူ အလျင်အမြန်ကုစားဖို့
သူ့ဘက်မှာ ဘယ်သူ ရှိလေမလဲ .............
မရဲတရဲလေးတောင် လှပ်မကြည့်ဝံ့ရှာဘူး ...........။
အိန္ဒြာ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း(၂၀၀၈)
++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကဗျာလေး ဖတ်တာကတော့ အပိုင်း(၁) လို့သဘောထားပြီး..အပိုင်း (၂)ဆက်ချင်ပါသေးတယ်...:P ။
တကယ်လို့ကမ္ဘာပျက်မယ်ဆိုရင်ပေါ့...ဆိုပါဆို့
"ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုပါတော့...
ဘယ်လိုတွေ ခံစားတွေးတောမိမလဲ...ဘယ်လိုတွေနေထိုင်ကြမလဲ...
ရယ်ရင်းမောရင်းစဉ်းစားမိရာက ဗြုန်းကနဲ တည်တည်တံ့တံ့ ကြီးစဉ်းစားမိလာပါတယ်...။
နောက် သိလည်းသိချင်လာပါတယ်..။
ဆိုလိုတာက Tag အနေနဲ့ စပ်စုချင်လာပါတယ်..။
ကိုယ့်ချည်းအမေးခံနေရတာကြာနေပြီ..း(
(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
မိသားစုလို့ ဖြေလိုက်ရပေမယ့် မသေချာပါဘူး..။
ကိုယ့်ရှေ့မှာ ဘယ်လိုတွေခံစားသွားရမလဲဆိုတာမျိုး..ဘယ်လိုမှ ကြည့်ရက် တွေ့ရက်မယ်မထင်ပါဘူးးး။
ဖြစ်နိုင်ရင် ညာလက်နဲ့မေမေ့လက်ကို ဖေးမပေးထားပြီး
ဘယ်လက်နဲ့ မောင့်လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားချင်ပါတယ်..။
အဖြစ်ချင်ဆုံးက ဘယ်သူတွေ ဘာမှမဖြစ်ချင် ကိုယ်အရင်ဆုံးသေသွားတာမျိုးပေါ့။
(၂)။ဘာတွေခံစားနေရမလဲ..
သေရမှာ ကိုကြောက်ရမှာထက် ဘယ်လိုတွေဖြစ်မလဲ ဘာတွေဖြစ်မှာလဲဆိုတဲ့ စပ်စုလိုစိတ်တွေနဲ့
ယောက်ရက်ခတ်နေ လှုပ်ရှားတက်ကြွနေမှာပါ..။
(အထူးသဖြင့် ငါသေပြီးလို့မှ ရက်မလည်ခင်နောက်တစ်ယောက်ရှာနေမလားတို့..
မေမေအဆင်ပြေပါ့မလားတို့ စသဖြင့်နောက်ကြောင်းတွေမရှိ ရှုင်းရှုင်းလင်းလင်းသေရမှာဆိုတော့
သေရတာ ၅၀ရာခိုင်နှုန်းလောက်သက်သောက်သက်သာရှိမယ်ထင်ပါတယ်..။)
(၃).ဘာတွေပြင်ဆင်ထားမလဲ
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတော့ အပါယ်တံခါးပိတ်အောင် သောတပန်ဖြစ်ချင်ဇောနဲ့တရားစခန်းတွေ ၀င်မိဦးမယ်ထင်ပါတယ်..
သေချာတာ ဒီလိုစိတ်နဲ့မို့ ဘာမှဖြစ်မှာမဟုတ်ပါဘူးးးး။
(၄)၀မ်းနည်းမိမှာက
အခုထိဘာမှ မသိသေးတာကိုပါ..။
ဘာမှမသိသေးပဲသေသွားရမှာကိုပါ
ကိုယ့်နောက်ပါလာမယ့်အရာတွေကို ကိုယ်တိုင်ချရေးမရတာကိုပါ...။
(၅)။ကြောက်လန့်မိတာက..
ဘယ်ကိုရောက်လိမ့်ဦးမလဲနဲ့
မကျေနိုင်သေးတဲ့ အကြွေးတွေ..
(၆)။ဆောင်ထားချင်တာ..
စိတ်ပါ..။
ဘယ်ကိုယ်မှ ပျံ့လွင့်မနေပဲ မြင်သိ ကြားသိ ခံစားသိ စိတ်တစ်ခု။
(၇)။ဘာတွေရေးမိမလဲ..
စိတ်ကူးပေါက်ရာတွေ ရူးစပ်စပ်ကဗျာတွေရေးမိမှာသေချာပါတယ်..။
ကယောင်ခြောက်ချားနိုင်ကောင်းနိုင်ပါလိမ့်မယ်...
(တစ်နေ့တစ်နေ့ ရာသီဥတုနဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားတွေရဲ့သတင်းတွေကိုတော့ အလုအယက်ဖတ်ရှုနားထောင်ဖြစ်မှာပါ..။)
(ဂ)။တွေးမိတွေးရာ အတွေး
တကယ်တော့ ဘာမှမဟုတ်ပါလား...
ငါတို့ရရှိခဲ့တာလား.......
ငါတို့ ဆုံးရှုံးခဲ့တာလား........
ငါ တို့ ဘယ်သွားရဦးမလဲ..
ငါတို့ ဘယ်လောက်ကြာဦးမလဲ..
(နောက်ကမ္ဘာပြန်စရင် ဒါဝင်ပြောတဲ့မျောက်တွေလိုကပဲပြန်စမှာလား...
ဗြဟ္မာ တွေမြေသင်းဆင်းစားအောင်စောင့်ရမှာလား..
အာဒံနဲ့ဧ၀ပဲ ပန်းသီးစားတဲ့ ဇာတ်လမ်းမျိုးလာဦးမှာလား...
စစ်ပွဲတွေဖြစ်ကြဦးမှာလား...
Zပြောသလို ငရဲမှာနေစရာမရှိ နတ်ပြည်မှာနေစရာမရှိ ကောင်းကင်ဘုံတစ်ခုလုံး ကြပ်ညပ်သပ်နေမှာလား ) စသဖြင့်ပေါ့လေ...တော်တော်များမှာပါ
(၉)။ဂုဏ်ယူချင်တာက
အနိစ္စ၊ဒုက္ခ၊အနတ္တ ကိုကြားနာယုံကြည်ခွင့်ရခဲ့တယ်..
ဒီဘ၀မှာ ကဗျာတွေးရေးဖြစ်ခဲ့တယ်..
(၁၀)။ရှာကြံဖြေသိမ့်မိတာက
ဘယ်လောက်ကဖြစ်တည်ခဲ့မှန်းမသိတဲ့
လူသားတွေ အံ့နဘန်းစွမ်းဆောင်နိုင်နေ..ပါတယ်ဆိုတဲ့
ဘာသာ.အတွက် ၊ အာဏာအတွက် သွေးတွေမြေမှာစွန်းပေခဲ့ရတဲ့
ဟောဒီ့ နှစ်သိန်းလေးသောင်းအထုရှိတဲ့ မဟာပထ၀ီမြေကြီးတစ်ခုလုံး..
အပြီးတိုင်ပျက်စီးသွားတာကို မျက်မြင်ဒိဌ တွေ့ခွင့်ရလိုက်တယ်ပေါ့လေ..
(၁၁)။ကျူးရင့်ချင်တဲ့ ဥဒါန်း
((((( ဟေ့!!!!!!၂၁ရာစု ဘဒ္ဒကမ္ဘာရဲ့နောက်ဆုံးလူသားမျိုးနွယ်ကွ...))))
++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဆယ့်တစ်မီးငြိမ်းအောင် ၁၁မှာပဲ ရပ်ထားလိုက်ပါတယ်....။
ကိုယ့်ဘာသာကိုယ် တွေးမိတာတွေရှိရင်လည်းဖြည်းစွက်ပြီး လူကျန်မရှိအောင်ဆက် tag ပေးကြပါ..။
အိန္ဒြာ လက်တို့မေးချင်သူတွေကတော့..
ဆရာမမေငြိမ်း
ကိုအောင်သာငယ်
ကိုဆောင်းယွန်းလ
ကိုသစ်ကောင်းအိမ်
ကိုတင်မင်းထက်
ကိုလင်းဦး
မမ နော်ဟရီ
မမမိုးချိုသင်း
မကေသွယ်
အမည်မဲ့
ပန်ဒိုရာ
မ၀ါဝါခိုင်မင်း
အောင်ပိုင်စိုး
မိုးလှိုင်ည
မိုးကုတ်သား
ဇက်
ကိုရင်နော် ခင်လေးငယ်
ဟက်ပီးကလောက်
မိုးမြင့်တိမ်
မိုးကြယ်
အိမ်မက်ရှင်
ကိုလူထွေး
ဖိုးစိန်
ရွာသားလေး
အိုင်လွယ်ပန်
လင်းဒီပ
မယ်ကိုး
အမရာ
ကောင်းကင်ပြာ
အရုပ်ကလေး
ခရေတွန်
အားနာပါးနာ လူ ၃၀ ပဲ tag လိုက်ပါတယ်..။
ကျန်တဲ့သူတွေအတွက် အသီးသီးအသကာအသကာ တာဝန်ယူပေးကြပါဦး..။
ချစ်ခင်လေးစားစွာ
အိန္ဒြာ
22 comments:
  1. ချစ်မလေးရေ...
    ကြောက်လန့်မိတာက..
    ဆောင်ထားချင်တာ..
    ချစ်မလေးရေ...၂၀၁၂ ခံစားမှုလေးတွေက မယ့်စိတ်နဲ့ ထပ်တူထပ်မျှအလား။
    မယ်ကတော့ gtalk မှာ
    ၂၀၁၂ မှာ ဇာတ်သိမ်းပြီတဲ့လား
    ဘာလို့ အဲဒီလောက် ကြာရတာလဲ
    ခုချက်ချင်းဆိုလည်း ဖြစ်တယ်
    လို့ ဒီစာလေး တင်ထားပေမယ့်
    မဖြစ်သေးပါဘူး မ ရယ်နော်။ တရားစခန်းအတူတူဝင်ကြမယ်နော် မ။ =)
    ReplyDelete
  2. ဟဲဟဲ..အသစ်လာအော်ရင်းနဲ့
    အသစ်ပေါ်လာတယ်..တယ်ဟုတ်ပါလား..
    မယ်ကအဖော်ညှိသွားတယ်..တရားစခန်းတူတူ
    ဝင်မယ်တဲ့..တခါမှမလုပ်ဖူးတဲ့အလုပ်တခု
    လုပ်ကြည့်ဖို့အချိန်တန်ပြီလား..
    ဒါဆို..မယ်နဲ့ မမအိန္ဒြာနဲ့တူတူလိုက်မယ်..
    ချစ်တဲ့
    ReplyDelete
  3. အင်းးးးးးးးးးး
    ကံကောင်းသူများ ကမ္ဘာမပျက်ခင်
    ရှေ့က သွားနှင့်ကြသည်။
    ကိုယ်လည်း ဒီကြားထဲ
    မကြာမတင်
    လိုက်မသွားရဘူးလို့
    ဘယ်သူမှမပြောနိုင်ပါကြောင်းးးးးးးးးးးးးးး
    ReplyDelete
  4. ရေကြီး လွှမ်းလွှမ်း မီးကြီး လောင်လောင်
    ကမ္ဘာတစ်ခုပျက်လို့ နောက်ကမ္ဘာတစ်ခုစကြရင်
    အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ် ... တို့ ...
    မမရေ အဲဒီအပိုဒ်လေးကို အရမ်း နှစ်သက်မိပါတယ်။
    မမရဲ့ ကဗျာလေးတွေကို အမြဲတမ်း အားပေးနေပါတယ်။
    ခင်မင်လေးစားလျှက်
    ReplyDelete
  5. ရေးမယ်နော်..
    ရေးပြီးပီး
    ဖတ်ကြည့်နော်...
    ဒါပဲ မမ
    ချစ်ခင်လေးစားတဲ့
    မျောက်မျောက်
    ReplyDelete
  6. ကမ္ဘာပျက်တာနဲ့ ကြုံခွင့်ရမယ်ဆိုရင် တကယ့် အတွေ့အကြုံ ကောင်းကြီးပဲနော်။ စောစောသေသွားတဲ့ သူတွေဆို သေရတာချင်းအတူတူ ကျနော်တို့လို့ အခွင့်အရေး မရလိုက်ကြရဘူး။ :D
    မယ်ကိုးပြောသလို အခုချက်ချင်းဆိုလဲ ဖြစ်တယ်လေ။ :D
    မိုးမောင်
    ReplyDelete
  7. ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ
    ဖြေကြား ဆင့်ပွား သွားမည် ဖြစ်ပါကြောင်း..:P
    ReplyDelete
  8. ကမ္ဘာကြီးပျက်တော့မယ်တဲ့...
    ဝေးးးးးးးးး... ပျော်ထာ..
    ReplyDelete
  9. ပျက်ချင် ပျက်လို့ ပြောမိနေပေမဲ့ ခု ဒီကဗျာလေးဖတ်၊ စာလေးတွေ တွေ့မှ စတွေးရမှာ ..း)
    ဖြေးဖြေး ရေးမယ်နော်
    ReplyDelete
  10. ကမ္ဘာပျက်မယ်ဆို . .....
    မောင်နှမတွေအလည် ကဗျာတွေ သွန်မှောက်..
    င့ါအတွက် ဘ၀ပေးတဲ့ ကံစီမံကြားမှာ
    င့ါလုပ်ရပ်တွေ ပြန်လည်ဆန်းစစ်
    အကြိမ်ကြိမ် နိုးကြွနေမဲ့ ဘာသာတရားအောက်
    ငါ .. အဆိပ်အတောက် ကင်းစွာနဲ့
    အမေ့ကို အကြိမ်ကြိမ် ကန်တော့ရင်းပဲ
    သေသွားချင်ပါတယ်...။
    အမေချစ်တဲ့သား အမေကို ဘယ်နှစ်ကြိမ်မြောက် ကန်တော့ခန်းမှာ သေမယ်ဆိုတာ စောင့်စားရင်းပေါ့ ..။
    idulize (အရုပ်ကလေး)
    ReplyDelete
  11. အမ အိန္ဒြာ
    တခုတ်တရ Tag တဲ့အတွက် ကျေးဇူးခင်ဗျ
    ရေးပေးမယ်နော့ အမ အခုရေးလက်စ Tag ပြီးတော့ နောက်ထပ် Tag နှစ်ခု ရှိနေသေးလို့။ အေးအေးဆေးဆေးပေါ့နော့
    ခင်လျက်
    ရွာသားလေး
    ReplyDelete
  12. ဟုတ်ပါပြီ.. ရေးပါမယ်
    ခုတလော စဉ်းစားနေမိတယ်
    ၂၀၁၂ မတိုင်ခင်တော့ သီချင်းတွေ ညည်းဆိုပါရစေဦးနော်
    ReplyDelete
  13. ကိုရင်နော်ကြီးပျော်နေပြီ...
    ဒီလူတော်တော်အကြွေးထူပုံရတယ်...
    အဖိုးအဖွားတွေပြောတဲ့စကားရှိတယ် အိန္ဒြာရေ့...
    ငါတို့တွေ ခဏသေပြီး နင်တို့ကို သေရွာကနေ လာကြည့်ချင်တယ် တဲ့...
    အခုတော့ အဲဒီခဏက တော်တော်ကြာသွားပြီလေ...
    ReplyDelete
  14. ဘာတွေပြင်ဆင်ထားမလဲ
    ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတော့ အပါယ်တံခါးပိတ်အောင် သောတပန်ဖြစ်ချင်ဇောနဲ့တရားစခန်းတွေ ၀င်မိဦးမယ်ထင်ပါတယ်..
    သေချာတာ ဒီလိုစိတ်နဲ့မို့ ဘာမှဖြစ်မှာမဟုတ်ပါဘူးးးး။
    ဒီလိုဆို အသေမဖြောင့်ရဖြစ်နေမှာပေါ့ ညီမလေးရေ
    ကဗျာတွေသာထိုင်ရေးနေလိုက်ကြရအောင် ကိလေသာအမှောင်ကင်းပါတယ်ကွာ...
    ဦးနှောက်တော့စားပြန်ပါပြီတခါ...ရေးရမှာပေါ့ အချိန်တွေအများကြီးယူရမယ်.၂၀၁၂မတိုင်ခင်တော့ ပြီးအောင်ရေးမှာပါ..ဖြစ်နိုင်ရင်တော့ ဒီပို့စ်နဲ့ပတ်သတ်တဲ့ ကဗျာတွေကို ကဗျာစာအုပ်တအုပ်အဖြစ် အမှတ်တရထုတ်ခဲ့ချင်လို့ပါညီမလေးရေ..သဘောတူလား...
    ဒါနဲ့...တဂ်စာရင်းမှာ အမှတ်စဉ်သုံးလောက်မှာ နေရာရလောက်အောင် ကိုယ်ကအသက်ကြီးနေပြီလားညီမလေး...
    မဖြစ်ချေဘူး...အသက်ကြီးတဲ့လူခပ်များများကို ဘလော့ရေးခိုင်းရအောင် Marketing ကွင်းဆင်းမှဖြစ်တော့မှာပါ...
    ReplyDelete
  15. ဟိုနေ့ ကမှ အဲဒီသတင်း သေသေချာချာ
    ဖတ်မိတာ ..
    ပြီးတော့ကာ မေးစမ်းကြည့်တော့
    အတူနေတဲ့ ကောင်တွေကတောင် မင်းက အခုမှသိလား
    တဲ့ ...
    အဲသလို ကျွန်တော်က တော်တာ .. :)
    ReplyDelete
  16. ကမ္ဘာပျက်ခါနီး တစ်လလောက်အလို
    ၁) တစ်ယောက်တည်း
    ၂) ဒီလိုပါပဲ၊အထွေအထူးခံစားမိမယ်မထင်ဘူး
    ၃) တစ်နေ့အလွယ်တကူသေဆုံးဖို့
    ၄) လူအဖြစ်ကလျော့ကျသွားမှာ
    ၅) ပြောချင်တာပြောခွင့်မရမှာ
    ၆) ရတနာ သုံးပါး၊ ဖြစ်နိုင်ရင် ကဗျာစာအုပ်
    ၇) စာမျက်နှာပေါ်ရေးခွင့်မရတဲ့ ကဗျာတွေ
    ၈) နောက်ဘ၀ လူပြန်ဖြစ်ရင်ကောင်းမယ်
    ၉) ကဗျာဆရာစင်စစ် ဖြစ်ခဲ့ရတာ
    ၁၀) အမှန်အမှား ခွဲခြားသိမြင်နိုင်သေလူအဖြစ်ရှင်သန်
    ခွင့်ရခဲ့တာ
    ၁၁) အထွေအထူးမရှိပါ
    အစ်မရေ
    အစ်မမေးတာတွေ ဖြေတက်သလောက်ဖြေလိုက်ပါတယ်။အစ်မ ကျန်းမာပျော်ရွှင်လွတ်လပ်ပါစေ။
    အောင်ပိုင်စိုး
    ReplyDelete
  17. ရေးမယ် မအိန္ဒြာ ...
    ကမ္ဘာပျက်မယ် ကြားလဲ ကိုယ်နဲ့ မဆိုင်သလို နေနေတာ။ ခုတော့ စဉ်းစားရတော့မယ်။ တကယ်တန်း ဘာတွေလုပ်ချင်သလဲ ဆိုတာ ...
    ReplyDelete
  18. ကမ္ဘာကြီး ပျက်တော့လည်း ဘယ်တတ်နိုင်မှာလဲနော်.
    ကံကြုံရင်တော့ ဆုံရဦးမှာပေါ့လို့ပဲ တွေးမိပါတယ် ညီမ
    ရေ.
    သတိတရ တက်ဂ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
    ရေးပါမယ်နော်. ခဏလောက်စောင့်ပေးပါဦး။း)
    ReplyDelete
  19. ဖော်မပြနိုင်လောက်အောင်ကြောက်တယ်။
    စာမရေးဖြစ်သူကို ရေးဖြစ်အောင်လုပ်တော့လည်း ရေးပါ့မယ်။ မရေးခင် အရင် အများကြီးကိုတွေးရဦးမယ်..
    ဟူးးး မောလိုက်တာ တီဒြာ။
    ReplyDelete
  20. အယ်.. ဦးဆောင်းယွန်းကြီးပြောမှ သတိထားမိတယ်။
    အသက်ကြီးစဉ်ငယ်လိုက်များ တက်ဂ်ထားလေရော့သလားလို့.. ခွိ.. ဘာပဲဖြစ်ဖြစ်
    ဒီတစ်ခါ အောက်ဆုံးမှာ အတက်ဂ်ခံရတာ အရင်လို စိတ်မကောက်တော့ဘူး အဟေးဟေး..
    ReplyDelete
  21. ၁၊၊ ဗျာ...
    ၂။ဟင်..ဟင်...
    ၃။ ခင်ဗျာ ကျွှန်တော် ဟိုဒင်း
    ၄။ သဲ..သဲလေး အဲမဟုတ် အမေ အဲ
    ၅၊၊ ဘာဘာကြီးလဲ..
    ၆။ ပုတီး အဲ သာညမ အင်း ဆ၇ာတော်၊ဆ၇ာတော်
    ရ။ ဗျာ ..ကျွှန်တော် က..အင်း.........သိဘူး။
    ၈။ ဟိုဒင်း အဲ ဘာလဲဟင်
    ၉။ ဘယ်ဘယ်ဘယ်သူ့ကိုလဲ
    ၁၀။ ဟိုဟို...ဟိုကောင်တွေေ၇ာ...
    ၁၁။ ဘာတွေလာမေးမှန်းမသိဘူးဗျာ၊၊သွားးးးးးးးးးး
    ReplyDelete
  22. ရေးပြီးမှပဲ လာမန့်ဖြစ်တော့တယ်။
    ကဗျာလေးလဲ ပြန်လာဖတ်တယ်။
    ကမ္ဘာမြေကြီးဟာ ........
    သူ့မှာပေနေတဲ့ အညစ်အကြေးတွေကို ဆေးကြောဖို့
    သူ့ အပေါက်အပြဲတွေကို သူ ပြန်ဖာထေးဖို့
    သူ့ အနာတရတွေသူ အလျင်အမြန်ကုစားဖို့
    သူ့ဘက်မှာ ဘယ်သူ ရှိလေမလဲ .............
    မရဲတရဲလေးတောင် လှပ်မကြည့်ဝံ့ရှာဘူး ...........။
    ReplyDelete