November 26, 2009

အပြာရောင် လင့်ခ်ဝေး



++++++

စူးစူးရွာရွား တစ်တစ်ချင်ချင် အော်သံကဥသြငှက်တစ်ကောင်ရဲ့မြည်သံပါလို့ထင်မကြည့်ရက်စရာ..
ဆိုးဝါးနေလိုက်တာလေ..။
ဒီနိုင်ငံမှာ ဥသြတောင်ကဗျာဆန်ဆန်ချွဲချွဲနွဲ့နွဲ့မတွန်ကျူးနိုင်ဘူးထင်ပါရဲ့..။
ကြည့်ပါဦး..အလောတကြီးရှိနေလိုက်တာ ၀တ်ကျေတမ်းကျေဆန်လွန်းလိုက်တာ..။
မချိမဆန့် တာဝန်တစ်ခုကို မနိုင်ဝန်ထမ်းပိုးထားရသလိုပါပဲ.။
ဥသြက တစ်စုံတစ်ရာကိုမကျေနိုင်မချမ်းနိုင်တွေဖြစ်နေလို့များလား..။
ဥသြက ချစ်သူနဲ့ရောနှစ်ရှည်လများရောခွဲခွာနေရသေးလို့လား....။
အဲဒီ့ဥသြသံကြားတိုင်းကိုယ်က ဟက်ကနဲရယ်ချပစ်နေကျ ။
ဒီနေ့ရော ရယ်မိလိုက်သေးသလား..၊
ရယ်ရင်း မျက်ရည်တွေဝိုင်းတက်လာခဲ့သေးသလား..။
တစ်ခါတစ်လေ..ကိုယ့်တေးညည်းသံဟာအဲဒီ့ဥသြအော်နေသံနဲ့ထပ်တူထပ်မျှဖြစ်နေလိမ့်မယ်ထင်ပါရဲ့။
အို အဲဒီ့ဥသြသံနဲ့နိုးထလာတဲ့ မနက်ခင်းတိုင်းက နောက်ကျိထိုင်းမှိုင်းလွန်းလိုက်တာလေ..။
ဦးခေါင်းက နည်းနည်းလေးမှ နေရာရွေ့မကြည့်ချင်လောက်အောင် လေးလံမှုန်ဝေလို့
ကိုယ် ညက ဘယ်အချိန်အိပ်ခဲ့မိသလဲ ။ ဒါဟာလည်း ကိုယ်နိုးထလာတဲ့ မနက်ခင်းတိုင်းရဲ့ နိစ္စဓူဝမေးခွန်း တစ်ခုပေါ့မောင်ရယ်....။
ဗြုန်းကနဲ အပြာရောင်လင့်ခ်ဝေးလေးဆီအာရုံရောက်သွားတော့ အိပ်ရာက လူးလဲထလိုက်မိတယ်..။
ဟုတ်တယ်..ဒီနေ့ ကိုယ်စောစောသွားဖို့လိုအပ်တယ်..။

++++++

ဘတ်စ်ကားထိုင်စောင့်တိုင်းကိုယ်ကဒီနေရာကသံပန်းကနုပ်ထိုင်ခုံလေးကိုပဲစိတ်လိုလက်ရရွေးချယ်လေ့ရှိတယ်.။
ရှေ့တည့်တည့်မြေကြီးကုန်းမို့မို့လေးမှာပေါက်နေတဲ့မြက်ခင်းအရောင်ဟာကတ္တီပါလိုစိမ်းမြနေလိုက်တာ
ခရေပင်ပုပုဝိုင်းဝိုင်းလေးအောက်မှာ ကိုယ်ခရေပွင့်ကောက်နေမိရင်တော့ အမြဲဆုံနေကျ ဖိလစ်ပိုင်သူက မေးနေကျမေးခွန်းအတိုင်း "ဘာအတွက်လဲ" လို့မေးပေလိမ့်ဦးမယ်..။
ကိုယ်ကဖြေနေကျအတိုင်း "ပန်းလေးတွေကို သနားလို့ပါ" လို့ ဖြေဖို့အဆင်သင့်ပါပဲ..။
နူးညံ့ဝါလွင်နေတဲ့ နေရောင်အောက်မှာ မြက်ခင်းပြင်က စိုလက်လာသလိုလို..
ခရေရနံ့တွေလည်း သင်းသင်းရီရီ ပျံ့မွှေးလာသလိုလို
အို အဲဒီ့မြင်ခင်းပြင်ပေါ်မှာ ကလေးလေးနှစ်ယောက်က ဆော့ကစားလို့ ၊
ခွေးစုတ်ဖွားပုပုလေးတစ်ကောင်နဲ့ရောင်စုံဘောလုံးလေးတစ်လုံးကလည်းတိုးတိုးဝှေ့ဝှေ့ပြေးလွှားလို့
ဒီနေရာလေးမှာ ကိုယ်တို့က ထိုင်တော့ မောင်က ကိုယ့်ပုခုန်စွန်းကို ညင်ညင်သာသာလေး ထွေးဖက်ထားချင် ထားလိမ့်မပေါ့ ။
"အို...ချော်လဲမယ်လေ "လို့ မောင်က ကလေးတွေကို သတိပေးသလိုပြောခဲ့ရင် "နေပစေ လဲပစေ ဒါမှ သူတို့ ဒဏ်ရာဆိုတာသိမှာ"ဆိုတာဖြစ်ဖြစ် "အို လဲဖူးမှ ထူဖူးမှာ" လို့ပဲဖြစ်ဖြစ် ကိုယ်ဖြစ်အောင်ပြောမိဦးမယ်ထင်ပါရဲ့..။ ကြယ်နူးမှုအတိ ရယ်မောသံတွေကတော့ နေရောင်ခြည်နုနုထဲမှာ လှိုင်းတစ်လှိုင်းလို တစ်စုတစ်ဝေး တည်းပေါင်းစီးပဲ့တင်နေလိမ့်မှာပေါ့ကွယ်..။
"အဟက်......"
ကိုယ်က ဝေ့ကျလာတဲ့မျက်ရည်ကြည်ကို ကတိမ်းကပါးသိမ်းရင်း အသံထွက်အောင်ရယ်မိလည်း
ပတ်ဝန်းကျင် ဆိုတာကို သိပ်အလေးဂရုရှိမနေတော့ပါဘူး..။
စိတ်ကူးယဉ်တယ်ဆိုတာ ဘ၀တွေက ရိုင်းလွန်းလို့ပေါ့ကွယ်....။
ဟော...အဲဒီ့ နှစ်ထပ်ကားဟာ..ကိုယ်စီးရဦးမယ့်ကားပါပဲ..။
ဖျမ်းကနဲဆွဲပက်လိုက်တဲ့ အအေးဓါတ်တစ်ခုနဲ့ တီကနဲ လက်မှတ်ဖြတ်သံဟာ ချက်ချင်း ကိုယ်စိတ်နှလုံးကို တင်းမာအေးခဲသွားစေတယ်..။
ထိုင်ခုံဘယ်နှစ်ခုံက အဆင်သင့်ရှိနေပါတယ်ဆိုတဲ့ စာတမ်းကို တွေ့တိုင်း ဗမာပြည်ကို
ဆွေးဆွေး မြေ့မြေ့မြင်ယောင် လာပြန်တော့ ခေါင်းကို သိသိသာသာယမ်းလိုက်မိပြန်ရဲ့
မျက်ဝန်းတွေက မနက်ခင်းတီဗွီသတင်းအစီအစဉ်ဆီ အမှတ်တမဲ့ရောက်သွားပေမယ့် စိတ်က
အပြာရောင် လင်ခ့်ဝေး လေးဆီမှာ....
သူတို့ ဒီအချိန်ဆိုရောက်နေတတ်ကြပြီ..။ ဟုတ်ပါတယ်..ဒီနေ့တော့ သူတို့လာကြမှာပါ.လေ.။

++++++

ကျားခေါင်းပုံစဥ့်သားပန်းဆွဲတွေနဲ့ အ၀ါတောက်တောက် အနီရင့်ရင့် ဘုရားကျောင်းကြီးက စိတ်ခြောက်ချား ချင်စရာလိုပဲ၊ အဲဒီ့ဘုရားကျောင်းကြီးနဲ့ ကပ်ရက်မှာ အပြာရောင် လင့်ခ်ဝေးလေးကရှိနေတယ်.။
နောက် နီညိုရောင်ဘက်စကက်ဘောကွင်း အဲဒီ့နောက်မှာတော့ Community Center လို့ နာမည်တပ်ထားတဲ့ အဆောက်အဦးကြီးတစ်လုံးပေါ့..။
တကယ်ဆို ကိုယ့်ရုံးကိုသွားတဲ့ ဖြတ်လမ်းတစ်ခုရှိနေပေမယ့် ကိုယ်က ဒီလမ်းလေးကိုပဲ စိတ်ရှည် လက်ရှည်ရွေးမိခဲ့တယ်..။
အဲဒီ့အပြာရောင်လင့်ခ်ဝေးလေးဟာ ကိုယ်ရဲ့ဒီတစ်နေ့တာ ရှင်သန်ရပ်တည်နိုင်ဖို့ အင်အားတွေပေးနေခဲ့တဲ့ ကိုယ့်ရဲ့ စိတ်နှလုံးအေးခဲနာကျဉ်နေမှုကို နွေးထွေးလှိုက်လှဲလာစေတဲ့ နေရာလေးဆိုလဲ ဘယ်မှားလိမ့်မလဲ မောင်ရဲ့..။
အဲဒီ့ဘက်စကက်ဘောကွင်းထဲမှာ အမျိုးသမီးကြီးတွေက တစ်ခါတစ်လေ ယပ်တောင် တစ်ခါတစ်လေ မီးပုံး များသောအားဖြင့် ပုဝါစတွေကို ဝှေ့ရမ်းပြီး.ကခုန်လို့။
ရှေ့ကယဉ်ကျေးမှုဆရာမရဲ့စည်းချက်အချအတိုင်း..ညီညီညာညာလိုက်ကနေကြပုံဟာ သူတို့မှာဘာပူပင်သောကမှမရှိကြသလိုပါပဲ..။
မေမေတို့ အရွယ်လောက်ပေါ့လို့ ကိုယ်က ယောင်လို့မှ တွေးမကြည့်ချင်ဘူး..။
ကိုယ်က ဘယ်အလွမ်းနဲ့မှ မျက်နှာသာမပေး လက်ပွန်းတတီးမနေဖြစ်ခဲ့တာကြာပြီလေ..။
အလွမ်းဆိုတာ နှလုံးသားအရေပြားတွေ မာကျောခြောက်သွေ့လာအောင် တဖြည်းဖြည်းလောင်မြိုက်ပေးနေတဲ့ အပူအရှိန်မျိုးပဲ..။
သိပ်စောနေသေးရင် ကိုယ်က လင့်ခ်ဝေးက ထိုင်ခုံလေးမှာဝင်ထိုင်လို့
"ဟိုးးးးးးအဝေးမှာနေတဲ့ အခါ မျက်ဝန်းတွေပဲမင်းပဲမြင် ပြန်ဆုံနိုင်ဖို့ နေ့ရက်လေးတွေ မရောက်သေးခင် "ဆိုတဲ့ သီချင်းသံစဉ်တီးလုံးနဲ့ ကကြ ရင်တော့ ကိုယ်က အသံထွက်ပြီးရယ်မောပစ်လိုက်တယ်.။
ခံစားချက်အပြည့် မျက်ရည်အ၀ိုင်းသားဖွင့်နားထောင်နေတဲ့ အဲဒီ့သီချင်းလေးတွေကို တရုတ်မတွေ လိုက်ညည်းကြကတည်းက ကိုယ်မဖွင့်ခဲ့တာ ကြာပါရောလားကွယ်..။
အဲဒီ့မှာ ကိုယ်သူတို့ကို စတွေ့ခဲ့တာပါပဲ ။ အဲဒီ့ အပြာရောင်လင့်ခ်ဝေးလေးအောက်မှာပေါ့..။
ကိုယ်...ဘယ်အချိန်အ ထိ စိတ်လွတ်လက်လွတ်ငေးရီနေမိသလဲ အသိမှတ်မဲ့ ဖြစ်သွားတဲ့ အထိ ။
ကိုယ့်နှလုံးသွေးတွေဟာ..နွေးနွေးမြမြ စီးဆင်းလို့ ၊
ကိုယ့်မျက်ဝန်းအိမ်မှာ မျက်ရည်ကြည်တွေ ဝေ့လို့ဝဲလို့ပေါ့..။
ကြည်နူးမှုတွေနဲ့ စိတ်က အလိုလိုရွှင်ပြနေသာလာပုံက အဲဒီ့တစ်နေ့တာကို လှပနူးညံ့သွားစေခဲ့လိုက်တာ..။


++++++

သူတို့ဟာ ဘယ်တုန်းကမှ စိတ်ကသိကအောက်လေးနဲ့ ငြိုငြင်မိတာမျိုးလေးတောင်
မဖြစ်ခဲ့ဖူးကြသလိုပဲ..။
သူတို့ဟာ..ဘယ်လမ်းကိုသွားသွားလက်တွဲမဖြုတ်ခဲ့ကြဖူးသလိုပဲ..။
အမျိုးသမီးကြီးရဲ့ တကယ့်ကို မလိုင်ရောင်လို အသားနှစ်နှစ်က ပိုပြီးချစ်စဖွယ်ရာဖြစ်နေခဲ့တာပေါ့.။
ဆံပင်လှိုင်းတွန့်တွေက မီးခိုးနဲ့ အဖြူကို စနစ်တကျ တစ်ပင်ချင်းသေသေသပ်သပ်စိုက်ထားသလို မွမွရွရွ လေးဖြစ်နေပုံက မသိမသာလေးထိကိုင်ကြည့်ချင်စရာပါပဲ..။
သိပ်ကိုနူးညံ့ညင်သာတဲ့အပြုံးချိုချိုတစ်ခုလည်းသူမဆီမှာရှိနေခဲ့သေးတယ်..။
တီးလုံးအတိုင်းကကွက်အတိုင်းသူမကနေတဲ့အခါအနုပညာမြောက်နေတာထက်
ချစ်စရာကောင်းတာကပိုနေတယ်.။
အဲဒီ့အမျိုးသမီးကြီးက ဘယ်တုန်းကမှအယူအဆပြင်းထန်အငြင်းအခုန်သန်တဲ့ပုံမျိုးလည်းမရှိဘူးမောင်ရဲ့..။
မာရေကျောရေနဲ့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတဲ့မိန်းမမျိုးမဟုတ်ပဲ ချစ်သူလင်ယောက်ျားရဲ့ အရိပ်အောက်မှာ အေးအေးချမ်းချမ်း နူးနူးညံ့ညံ့နေတတ်မယ့်ပုံပေါ့..။
သိပ်ကို မိန်းမပီသချေငံမယ့်သူမျိုး မိခင်ကောင်းပီသမယ့်ပုံစံမျိုး ဘာသာတရားကိုင်းရှိုင်းပြီး အရာရာကို သည်းခံခွင့်လွှတ်နိုင်စွမ်းရှိတဲ့ပုံစံမျိုး...။
ကိုယ်က သူမကို နှစ်လိုအားကျစိတ်တွေနဲ့ ချစ်ခင်လွန်းစွာငေးကြည့်နေမိခဲ့တာ..
သူမနဲ့အနီးဆုံး အပြာရောင် လင့်ခ်ဝေးလေးရဲ့အောက်က ထိုင်ခုံတန်းလေးမှာတော့ သူ ရှိနေခဲ့တယ်..။
အမျိုးသမီးကြီးက က တာနားပြီးတိုင်း လင့်ခ့်ဝေးလေးဆီလျှောက်လာတော့
အမျိုးသားကြီးက အပြုံးတွေနဲ့ကြိုလို့ ..။
သူက သူမကို ယပ်တောင်လေးတဖျတ်ဖျတ်ခပ်ပေးပြီး ခုံပေါ်မှာတင်ထားတဲ့ ကော်ဖီဖေါ့ဗူးအဖြူလေးကို ကမ်းပေးလိုက်တဲ့ မြင်ကွင်း..၊
နောက်သူ့ဇနီးသည်ရဲ့ဆံစပ်က ချွေးကို တစ်ရူးဖြူဖြူနဲ့တို့သုတ်ပေးလိုက်ချိန်မှာတော့ကိုယ့်ရင်တွေ ဆတ်ကနဲ အခုန်မြန်သွားစေခဲ့တယ်.။
သေသေသပ်သပ် ဖီးထားတဲ့ ဆံပင်ကျဲကျဲနဲ့ပေမယ့် ထူထဲတဲ့ မျက်ခုံးတွေအောက်မှာ အမျိုးသားကြီး ရဲ့မျက်ဝန်းတွေက လှိုက်လှဲရွှန်းမြလို့၊အမျိုးသမီးကြီးကို ငေးစိုက်ကြည့်နေပုံကလည်း မျက်စိအောက်ကပျောက်သွားမှာစိုးရိမ်တယ်ဆိုသလိုမျိုးထင်ရဲ့
သူဟာ အနုပညာဝါသနာပါတဲ့ သူ့ဇနီးကို ချွင်းချက်မရှိ နားလည်သိရှိထားပုံပဲ..။
သူဟာ သူ့ဇနီးအတွက်ဂုဏ်ယူဝံ့ကြွားတတ်ပုံပဲ..
သူဟာဇနီးသည်ကို တစ်ခါလေးတောင်မအော်မငေါက်ခဲ့ဖူးသလို။
အမြဲတမ်းကြင်နာဖို့အဆင်သင့်စောင့်နေသလို..
သူမ ကကြိုးကကွက်တွေကို ကြည့်နေတဲ့ သူရဲ့မျက်ဝန်းအစုံဟာ မြတ်နိုးမှုတွေနဲ့ရီလဲ့နွေးထွေးလို့ရယ်လေ..။
သူမက သူမခင်ပွန်းရှိရာကို လှမ်းကြည့်လို့ အကြည့်တွေ ဆုံတိုင်း ပြိုင်တူပြုံးလိုက်ကြတာဟာ..သိပ်လှတဲ့ ပန်းပွင့်နှစ်ပွင့် တစ်ပြိုင်နက်ပွင့်ပြလိုက်သလိုပါပဲကွယ်..။
သိလားမောင် သူတို့ဟာ ဘယ်တုန်းကမှ မခွဲဖူးကြသလိုပဲ..။
သူတို့ဟာ အခုအချိန်ကလေးကိုတောင် လွမ်းဆွတ်နေကြသလိုပဲ..။
သူတို့ဟာ ဘယ်လို စိတ်အခန့်မသင့်မှုလေးမှာ မရှိခဲ့ကြသလိုပဲ..။
တစ်ခြား ဘယ်အမျိုးသားကြီးတစ်ဦးတစ်လေကို မှ မတွေ့ရတဲ့ အပြာရောင်လင့်ခ်ဝေးလေးမှာ
သူက မနက်တိုင်းပုံမှန်ထိုင်လို့ ၊
သူ့အမျိုးသမီးကြီးကို စိတ်ရှည်လက်ရှည်စောင့်ကြိုလို့
နောက်တော့တစ်ယောက်လက် တစ်ယောက်ဆုတ်ကိုင်ဖေးမပြီး ပြန်သွားကြပုံကို
ကိုယ်ဘယ်လောက်ကြာအောင် ငေးမောနေဖြစ်ခဲ့ပါလိမ့်ကွယ်.။

++++++

ကိုယ်ခံစားချက်တွေအားလုံး နူးရီညွှတ်ပျောင်းသွားလိုက်တာ...
ကိုယ့်လက်ဖ၀ါးအစုံကနွေးထွေးလာသလိုလို အို...နှလုံးသားတွေပါ နွေးထွေးသွားခဲ့တာ..။
ကိုယ် အထီးကျန်မဟုတ်တော့သလိုမျိုး ..သိလားမောင် ကိုယ့်ဘေးနားမှာ ချက်ချင်းဆိုသလို မောင်ရောက်လာသလိုမျိုး..
မောင်က ကိုယ့်လက်ကလေးကို ဆွဲကိုင်ထားလိုက်သေးတာလား.၊
လုံခြုံအေးမြသွားတဲ့ စိတ်အခြေက ငြိမ်းချမ်းလိုက်တာကွယ်..
အို...ဒီလို လှိုက်လှဲဆွတ်ပျံ့လာမှုဟာ..ဘာနဲ့ ခိုင်းနှိုင်းကြည့်လို့ရလေမလဲ..။
ကိုယ့်မျက်ဝန်းအိမ်မှာမျက်ရည်တွေဝေ့လို့ဝဲလို့ပေါ့..။
အဲဒီ့မျက်ရည်တွေဟာ..ကြည်လင်အေးမြနေလိမ့်မယ်ထင်ပါရဲ့
အထီးကျန်မူးဝေဖွယ်ရာတစ်နေ့တာကို ဖြတ်သန်းဖို့ ခွန်အားတစ်မျိုး
ကိုယ့်သွေးထဲကို ခုတ်မောင်းတိုးဝင်လာခဲ့တာ...
လေအေးစက်သံတဒီးဒီးအောက်မှာ ထမင်းဘူးလေးဖွင့်ပြီးကိုယ်တစ်ယောက်တည်း
နေ့လည်စာ စားနေချိန်မှာတောင် ၀မ်းနည်းချင်စရာမကောင်းတော့ဘူးလေ.
အို..ခုချိန်ဆို. အမျိုးသမီးကြီးက သူ့ခင်ပွန်းသည်အတွက် အသားတွေနွှင်ပေးနေရောပေါ့..
အမျိုးသားကြီးက သူ့ဇနီးသည်အတွက် ရေနွေးတစ်ခွက်လောက်ငှဲ့ပေးနေရောပေါ့...
အဲသလိုနေ့ရက်တစ်ချို့မှာတော့ ကိုယ်ဟက်ဟက်ပက်ပက်ပြုံးရယ်တတ်ခဲ့တယ်ထင်ပါရဲ့..
ကိုယ်က အချိန်ပေးပြီး လင့်ခ်ဝေးလေးမှာ ထိုင်စောင့်လို့ ၊
သူတို့ နှစ်ယောက်ပုခုံးချင်းယှဉ်ထားတဲ့ မြင်ကွင်းလေးက မျက်ဝန်းအိမ်ထဲမှာ ထုတ်ပိုးယူခဲ့ပြီး ကိုယ့်တစ်နေ့တာအတွက် အနှေးပြကွက်တစ်ခုလို မြင်ယောင်ကြည်နူးရင်း
နောက်ကျရင်တောင် ပူပန်စောင့်မျှော်သူမရှိတဲ့ ရုံးဆင်းခရီးတွေမှာ
ကိုယ်က အဲဒီ့အပြာရောင်လင့်ခ်ဝေးလေးကိုဖြတ်သန်းရင်း
ကိုယ့် တစ်ကိုယ်ရည် အခန်းငယ်လေးဆီပြန်ရောက်လာခဲ့ချိန်မှာတောင် တိတ်တဆိတ်လေး..နွေးထွေးလှိုက်လှဲနေတတ်လာ..တယ်..လေ..။

++++++

သူတို့ခရီးများသွားလား..။
ဖျားနာများနေကြလား..နဲ့ ကိုယ်ရေတွက်နေခဲ့ရတာ ဘယ်နှစ်ရက်တောင်ရှိပြီလဲ..။
ဒီနေ့တော့ သူတို့ ပြန်လာကြရောပေါ့..။
ကိုယ့်တစ်နေ့တာတိုင်းဟာ..ညိုမွဲလို့..။
ဗြုန်းကနဲ ကိုယ့်စိတ်နှလုံးတစ်ခုလုံးတိတ်ဆိတ်သွေ့ခြောက်သွားပုံက မယုံနိုင်စရာပါပဲ..။
အပြာရောင်လင့်ခ်ဝေးလေးမှာ..တစ်ယောက်တည်းတိတ်တဆိတ်ထိုင်နေခဲ့ရတာ..
သိပ်ကြေကွဲစရာကောင်းတာပဲကွယ်..။
တစ်ယောက်ယောက်ကိုမေးကြည့်ရင်ကောင်းမလားဆိုတဲ့အတွေးကတော့
အူကြောင်ကြောင် နိုင်ကောင်း နိုင်နေမယ်..။
အလိုလို ၀မ်းနည်းအားငယ်နေမိတဲ့ စိတ်ကို လှောင်ချင်ပြောင်ချင်လာပြန်တယ်..။
တကယ်ဆို ကိုယ်ဘယ်လောက်ရူးသွပ်လိုက်ခဲ့လဲ.။
ကိုယ့်ကို ဘယ်သူများနားလည်ပေးနိုင်မလဲ.။
ဒီနေ့တော့ သူတို့ ပြန်လာလောက်မှာပါလေ..၊ အဲသလိုမနေ့ကလည်းရေရွတ်ခဲ့ဖူးရဲ့..။
စိတ်လှုပ်ရှားမှုနဲ့ ကိုယ်ကယောင်ကတမ်းတွေများဖြစ်နေခဲ့တာလား..။
ဒီနေ့သူတို့ ပြန်လာမှာပါလို့ ကျိမ်းသေစိတ်တစ်ခုနဲ့ အပြာရောင်လင့်ခ်ဝေးလေးဆီကို
ခြေလှမ်း အသော့နေမိလိုက်တာ..
တရုတ်ဘုံကျောင်းကြီးကနေကွေ့ချလိုက်တာနဲ့ အပြာရောင်လင့်ခ်ဝေးလေးပါပဲ..။
ဟုတ်တယ်...
အမျိုးသားကြီး.ပဲ.။ .ကိုယ်တွေးထင်ထားတဲ့ အတိုင်း သူတို့ပြန်ရောက်လာကြပြီ..။
လှိုက်ကနဲ ပျော်ရွှင်မှုတွေနဲ့ အထိမ်းသိမ်းမဲ့ခုန်တက်လာတဲ့ရင်ပြင်က
ရယ်မောလှောင်ဟား ပစ်ချင်စရာကောင်းနေမှာပါကွယ်..။
အမျိုးသားကြီးပါပဲ..
သူပါပဲ...
အမြဲသပ်ရပ်နေတဲ့ ဆံပင်ပါးပါးတွေ..ရှုပ်ထွေးနေတာကလွဲလို့...၊
အဆင်ပြေလိုက်ဖက်နေတတ်တဲ့ ၀တ်စုံဟာ..မြင်မကောင်းအောင်...ဖရိုဖရဲဖြစ်နေတာကလွဲလို့
ကြင်နာမြတ်နိုးတတ်စိတ်နဲ့ရွှင်လန်းနုနယ်နေတဲ့မျက်နှာဟာမယုံနိုင်ချင်စရာအိုမင်းနွမ်းလျော်နေတာကလွဲလို့
ချစ်ခြင်းမေတ္တာနဲ့နူးညံ့ချိုကြည့်နေတဲ့မျက်ဝန်းတွေ မှုန်မှိုင်းကြေကွဲနေတာကလွဲလို့..၊
အမြဲတမ်း ရှိနေတဲ့ သူနဲ့အနီးဆုံး အမျိုးသမီးကြီးရဲ့နေရာမှာ..လစ်ဟာနေတာကလွဲလို့
အမျိုးသားကြီးပါပဲ..။ ကော်ဖီဖော့ဗူးအဖြူနှစ်ခွက်ရော..ယပ်တောင်လေးတစ်ချပ်ရော..တစ်ရူးစလေးရော..အရင်အတိုင်းပါပဲ။
အမျိုးသားကြီး ကိုယ့်ကိုဆတ်ကနဲလှည့်ကြည့်တော့ ကိုယ်တုန်ယင်သွားမိတယ်.
ဘုရားရေ..အမျိုးသားကြီးမျက်ဝန်းမှာ မျက်ရည် တွေ..များလား
သူဆောက်တည်ရာမရသလိုပဲ သူတစ်ခုခုကိုရေရွတ်ပြောဆိုနေသလိုပဲ..
နောက်နားမှာ အမျိုးသမီးရွယ်တစ်ယောက်ယောက်လာပြီး..သူ့ကို အတင်းခေါ်နေတော့
သူက တူးတူးခါးခါးငြင်းဆန်လို့....
သူ ကိုယ့် ကို တည့်တည့်မတ်မတ်ကြည့်လာတယ်...
သူ........
အို.....မပြောနဲ့...မပြောပါနဲ့...
ဟင့်အင်းးးးးးး
ဟင့်အင်းးးးးးးးးးးး
ကိုယ် ခဏလောက်များ ရူးနှမ်းသွားခဲ့တာလား..
နေရာကထွက်ပြေးလာခဲ့မိသေးလား...၊ကိုယ်နေရာမှာ အရုတ်ကျိုးပြတ် ရှိုက်ငင်နေခဲ့မိတာလားးးး
ဗြုန်းကနဲ ကိုယ့် နေ့ရက်တွေမည်းနက်ပိန်းပိတ်သွားသလို......
ရင်ပြင်ကမခံမရပ်နိုင်လောက်အောင် နာကျင်ပင်ပမ်းလို့..
မဟုတ်ဘူးးးးးးး
မဟုတ်ဘူးးးးးးးးးးးးးးးး
မဟုတ်ပါနဲ့
အဲသလို ကိုယ် တတွတ်တွတ်ရေရွတ်နေမိတာကတော့ သေချာတယ်..။

++++++

"သိ.လား..မောင်.."
တရုတ်ဘုံကျောင်းကြီးကိုကွေ့လိုက်တာနဲ့ အပြာရောင်လင့်ခ်ဝေးလေးရှိတယ်...
ကိုယ်ဘယ်တော့မှ မသွားတော့မယ့် မသွားရဲတော့တဲ့ သွားဖို့လည်းမလိုအပ်တော့တဲ့ လမ်းလေးပေါ့..။
ကိုယ့်အတွက်တော့
အဲဒီ့ အပြာရောင်လင့်ခ်ဝေးလေးအောက်မှာ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ........
အ... မြဲ... တမ်း ..။ ။


အိန္ဒြာ
(၂၆.၁၁.၂၀၀၉)

***၂၆.၁၁.၁၉၉၂ မှ ၂၆.၁၁.၂၀၀၉ အထိ (၁၇) နှစ်တာ ချစ်ခြင်းအမှတ်တရ ***
***အလွမ်းများဖြင့်ရေးဖွဲ့သည်.။
***

November 21, 2009

ကဗျာရေးသလိုလို

အင်အားတစ်ခုခု အရှိန်နဲ့ဆောင့်ဝင်လာသလို
ပါးပါးလျားလျား လွင့်ဝဲယှက်ဖြာနေတဲ့ ရနံ့တစ်ခုလို
သိုသိပ်ကျစ်လစ်တဲ့ ပန်း ပွင့်လာပုံကိုစောင့်ကြည့်နေရသလိုလို

(သံခင်းတမန်ခင်းဆန်ဆန် ခပ်သဲ့သဲ့ပြုံးပြလိုက်ရုံ
အသွားထက်မြနေတဲ့ဓါးသွားဆိုတာ နေရောင်မှာထောင်ကြည့်လိုက်ရုံ ခေတ်)
အဲဒီ့တစ်ခေတ်လုံးကို ကိုင်လှုပ်ပစ်လိုက်သလိုလို ခေတ်က ကိုယ့်ကို ကိုင်လှုပ်လိုက်တာလိုလို
ခေတ်နဲ့ကိုယ် ရောယိမ်းလိုက် ဘသားယိမ်းလိုက်ဆိုသလိုလို

ရင်ခုန်ယစ်မူးရူးနှမ်းဆွတ်ပျံ့ဖွယ်ရာ ခရမ်းနုရောင်အိမ်မက်ဦးလို
ဘိုဟီးမီးယမ်းဆန်ဆန် မလိမ်မိုးမလိမ်မာအတွေးလေးတစ်စလို
ဘာသာစကားနဲ့စကားလုံးတွေကိုတယုတယထိုင်မျှားနေမိသလိုလို

ဖြိုင်ဖြိုင်သည်းနေတဲ့ မိုးပြင်းလမ်းမပေါ်
မှောင်မည်းတိတ်ဆိတ်တဲ့ ညအရိုင်းထည်ပေါ်
လျှောက်သွားပျော်ဝင်နေသလို
သူရူးတစ်ယောက်တတွတ်တွတ်ရေရွတ်ပြောဆိုနေသလို
ရင်ခုန်သံအစီးအဆင်းအတိုင်း လှိုင်းဂရက်ထလူးလွန့်ပြလိုက်သလိုလို

လောကပါလတရားနဲ့အညီနေထိုင်ခြင်းကျင့်ဝတ်တစ်ခုလိုလို
တာဝေးလက်ဆင့်ကမ်းအပြေးပြိုင်ပွဲလိုလို
သတ်ကွင်းထဲ ကိုယ့်အသက်ရူသံကို သိုဝှက်သိမ်းဆည်းနေရသလိုလို
တစ်ခုခုပေးချင်သလိုလို တစ်ခုခုယူနေတာလိုလို

ပရိုင်းမိတ်ရုပ်ကြွင်းတစ်ခုသုတေသနလုပ်ကြည့်နေသလို
ကိုယ်တိုင်ပဲ ရုပ်ကြွင်းဖြစ်နေခဲ့သလိုလို
အသွေးအသားတွေထဲ ပူးဝင်ကပ်ညိနေတဲ့ မှော်ဓါတ် စုန်းဓါတ်တစ်ခုလိုလို
နောက်ဆုံးလက်ကျန်ကျည်ဆံတစ်တောင့်လိုလို

ဘာရယ်မှကြီးကြီးကျယ်ကျယ်မဟုတ်ဘူးလိုလို
စာဖွဲ့မနိုင်လောက်အောင်မြင့်မြတ်ခမ်းနားနေသလိုလို
ထမင်းစားရေသောက်လုပ်ငန်းစဉ်လိုလို
ရခဲလှတဲ့ ဒုလ္လဘဆုလာဒ်ကြီးလိုလို

ဒီနေရာမှာ ထောက်ခံသူမလိုအပ်ကြောင်း
အဆိုတင်သွင်းကြည့်လိုက်တော့

ဖေါ်ပြပါအချက်အားလုံးလိုလို တစ်ခုနဲ့မှ အကျုံးမ၀င်သလိုလို အကုန်လုံးရောပြွန်းရှုပ်ထွေးနေသလိုလို

အများအတွက်လိုလိုသူ့အတွက်လိုလိုအနုပညာအတွက်လိုလို
ကိုယ့်အတွက်ကိုယ်လိုလို ဟိုလိုလို..ဒီလိုလို..
အဲသလို ချရေးကြည့်လိုက်တာ....။ ။

အိန္ဒြာ
(၂၀.၁၁.၂၀၀၉)

November 15, 2009

နွားရိုင်းဂီတ



မီးတောင်တစ်လုံး ၀ုန်းကနဲ ပေါက်ကွဲသွားသလို
မီးကျည်းမီးခဲတွေ အရှိန်နဲ့ ပန်းထွက်လာသလို
ချော်ရည်ချော်သားတွေ တပွက်ပွက်ဆူနေသလို
အဲဒီပုဝါစလွင့်တိုင်း
သူ့ဒေါသတွေ ၀ုန်းဒိုင်းဆန်နေခဲ့..။

အမြင်အကြည့်တိုင်းမှာ
အနီတွေ တရဲရဲပွင့်လို့..။

ဒါဟာ သူ့အတွက်
စိတ်အပန်းဖြေရုံသက်သက် သည်းထိတ်ရင်ဖိုပြကွက်မဟုတ်
အလျော်အစား ငွေကြေးနဲ့ စွန့်စားခန်းသရဖူမဟုတ်..
ရိုးရာယဉ်ကျေးမှု အသက်သွင်းဆက်ခံခြင်းအနုပညာမဟုတ်
ဒါဟာ
သူ့အတွက်
အတုံ့အလှည့်
ရန်ကြွေး
ဘ၀ချင်း အလဲအထပ် စစ်မြေ စစ်တလင်းသာဖြစ်တယ်.။

သူ့မှာ
မေ့ဆေးသေနတ်မရှိ
လှည့်ဖြားသွေးဆောင်ခြင်းပရိယာယ်မရှိ
ထူးခတ်ကျုံးသွင်းခြင်းနည်းနာမရှိ
ပိတ်လှောင်ထူထဲတဲ့ ထောင်နံရံတွေမရှိ
ကြီးမားမြဲမြံတဲ့ သံခြေကျင်းတွေမရှိ
အထူးတန်းပွဲကြည့်စင်နဲ့ အသင့်အနေအထားလက်ဖြောင့်တပ်သားမရှိ
ညာသံပေးဂီတနဲ့ ယစ်မူးရှတ ရှန်ပိန်ညတွေမရှိ

မရှိ
သူ့မှာ...
ဘာဆို...ဘာ...မှ...မ..ရှိ...
သူ့လျှင်မြန်မှုတွေသာ သူ့သက်စောင့်ဒေ၀တာ
သူ့ကြွက်သားတွေသာ သူ့သစ္စာ
သူ့ရုန်းထွက်လွတ်မြောက်လိုခြင်းသာ
သူ့နှာသီးဝမှာ တ..ဟူး..ဟူး.ပြင်းပြတုန်ခါလို့..

အနိုင်အရှုံးဆိုတာ သူ့အတွက်
အသေထွက်ချည်းလဲဖြစ်နိုင်ချိန်..

အနီတွေ တ ရဲ ရဲ ပွင့် နေ ပြီ
သူ့ကျောပေါ်
သူ့စိတ်ပေါ်..
သူ့ဘ၀ပေါ်..
စီးနင်းကျူးကျော်သမျှအားလုံး..
ဒီကနေ့
ဟောဒီ့ကွင်းပြင်စိမ်းပေါ်ကို..
အပြီးသတ်ခါချပစ်လိုက်ဖို့......

အသင့်အနေအထား
သူ့သိက္ခာတရားက
သူ့ချိုဖျားမှာ တည်နေတယ်..။

အိန္ဒြာ(၁၀.၁၁.၂၀၀၉)

ခရီးထွက်ခါနီး မအားလပ်တဲ့ကြားက
အသံပါပူးတွဲခံစားလို့ရအောင် အသံထွက်တဲ့ ကဗျာအဖြစ်
နွားရိုင်း ဂီတ ကို ခံစားရွတ်ဆိုပေးခဲ့တဲ့

ကိုရင်နော်
ကို
ကျေးဇူးအထူး တင်ပါတယ်..။

November 12, 2009

အလှရှိရာသို့သွားချင်သူ

အလှရှိရာ ၊ သွားချင်ပါဟု
နှုတ်မှာရွရွ ၊ ရွတ်ရင်းကလျှင်
အလှကိုယ်ပစ် ၊ သင်မချစ်၍
အသစ်ဖွေရှာ သွားလေပါသလော ။

တောလည်းစိမ်းစို ၊ လေချိုရွန်းမြ
မိုးဝကြယ်ပွင့် ၊ ချောင်းဝတိမ်လိပ်
ပြည့်သိပ်တင်းကြမ်း ၊ အလှပန်းကို
သွေ့နွမ်းချောက်ချား ၊ ဖောက်ပြားငြိမ်သက်
ရုတ်တရက်လျှင် ၊ ပင့်သက်လှိုက်ဖို
ရှိုက်ငိုစီးကျ ၊ မျက်ရည်စနှင့်
တသ, သင့်နောက် ကျန်ကြသည် ။

ပုလဲပွင့်သို့
ရွယ်သင့်ညီညွှတ် ၊ တသမတ်ဖြင့်
ချောမွတ်မြူးပျံ ၊ သင့်ကာရန်လည်း
တောင်ပံကိုဖွင့် ၊ လည်ကိုပင့်၍
သခင့် နောက်သို့ပါယောင်တကား ။

ရော်ကြွေသက်၍
မြေထက်ပြေးလွှား ၊ ရွက်ဝါများသို့
သင့်အားတူယှဉ် ၊ မနှိုင်းချင်တည့် ။

ပမာယူသော်
ပုံတူသင့်တွက် ၊ အတွေးစက်ဝယ်
ရေးကွက်ငါ့မှာ ၊ မရှိပါခဲ့ ။

ကဗျာကြံသော်
ကာရန်သင့်တွက် ၊ အတွေးနက်နှင့်
ရေးချက်ငါ့မှာ ၊ မရှိပါခဲ့ ။

အလှပွင့်တုန်း ၊ ကြယ်တစ်ကုံးကို
လေပုန်းဝှေ့ယမ်း ၊ လေကြမ်းချိုးဖျက်
မိုးသက်ဆွတ်ချွေ ၊ ပိုင်းပိုင်းကြွေသော်
မြေ၌ပေါလော ၊ ဖုတ်သောသောသို့
လောကဓါတ်တိုက် ၊ မှောင်ကြီးမိုက်၍
ရူရှိုက်သက်ပင့် ၊ ရင်မှာနင့်မိ
တစ်ပွင့်ကြွေရက် စောလေခြင်း ။


(ငွေတာရီ သို့)

ဗန်းမော်ညိုနွဲ့
(ရှုမ၀မဂ္ဂဇင်း ၁.၅.၁၉၅၈)

ကဗျာဆရာမကြီးငွေတာရီကွယ်လွန်စဉ်အချိန်က ဆရာကြီးလွမ်းဆွတ်တသစွာရေးထားတဲ့ ကဗျာလေးကို အခုဆရာကြီးကွယ်လွန်တယ်ကြားသိရတော့ လွမ်းဆွတ်တသစွာပဲ ဝေမျှပေးလိုက်ပါတယ်..။
ဆရာကြီးမြင့်မြတ်ရာဘုံဘ၀မှာ ငြိမ်းအေးချမ်းသာနိုင်ပါစေ..

November 7, 2009

ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို


ခဏတာအတွင်းမှာ လက်ကွက်တွေ ဆင့်ကာဆင့်ကာမှားနေတဲ့ ဂီတသမားလို
ဘဝကို ခပ်မှောင်မှောင် ရေးချယ်ပစ်လိုက်တာ အဘယ်နတ်ဒေဝတာပါလဲ ..

လမ်းပြနေတဲ့ ကြယ်တွေကို ခပ်ဝေးဝေး မောင်းထုတ်ပစ်လိုက်ပြီးကာမှ

လကွယ်ညတွေချည်း တရကြမ်းဖြတ်ကျော်ချင်နေမိ လမ်းကလည်း မရှိတော့ဘူး

(လမ်းဆိုတာက ကိုယ်တိုင်ဖော်စပ်လို့ရတဲ့အရာ .. ဆေးစပ်လည်းမှားနိုင်သလို
ဆေးခပ်လည်း ခံရနိုင်သေး ….)

*************************************************


လွင့်ကနဲ..ယိုင်ချင်လာချင်ခဲ့ရင်..အဲသည့်စိတ်နဲ့ခန္ဓာနှစ်ပါးစလုံးကို.
ဘာသာတယုတယ ထူမတ်ပစ်လိုက်မယ်.။
ကိုယ့်အတ္တတွေသာ ကိုယ့်အပေါ် မြဲမြဲမြံမြံ သစ္စာရှိစေတဲ့ခွန်အားပဲ..။
လူတွေဟာ..ကိုယ့်ကိုယ်ကိုထက်ဘယ်သူ့ကိုမှ ပိုမချစ်ကြဘူး.။
ဟုတ်လား ။သေချာသွားပြီလား.။
ဒီလမ်းဟာ..ကိုင်တိုင်ရေးစပ်ဖွဲ့ဆို သီကျုးတဲ့ ပန်းချီကားပဲ..။
မြင်လား..ကောက်ကွေ့ခြင်းမှာတောင်အနုပညာတွေကမှော်ရောင်လက်လို့..။
လမ်းသစ်တစ်စင်းပေါ်ခြေစမ်းချလိုက်တဲ့နေ့ဟာဘယ်လိုဆေးစပ်မျိုးနဲ့လှိုက်လှဲစရာကောင်းနေမလဲ..
ဘယ်လောက်လှုပ်ရှားတက်ကြွချင်စရာသွေးပူမှုမျိုးလဲ.
လမ်း......တမျှော်တခေါ်ပဲ..။
ဘယ်လောက် ထူထဲခဲဆစ်နေလိမ့်မလဲ..။
ဘယ်လောက် တိတ်ဆိတ်အေးစက်နေလိမ့်မလဲ..။
ဘယ်လောက်ဆွတ်ပျံစရာရနံ့တွေ တဒီးဒီးမွှေးပျံ့နေမှာလဲ..
အဲဒီ့လမ်းကိုအနီရောင်မင်တံနဲ့ကြက်ခြေခတ်ဖို့ သူကသေသေသပ်သပ်စောင့်ဆိုင်းနေတာတဲ့ ..။
စိတ်ချင်းကျောခိုင်းနေရက်နဲ့ အချစ်ခြင်းကျစ်ကျစ်ထွေးဖက်မိမှတော့၊
ကိုယ့်အချစ်တွေ ရဲ့ခမ်နားမြင့်မြတ်မှုတွေကို အချိန်မရွေး ဆိုညှင်းဖွဲ့သီနိုင်မှတော့
အချစ်ဟာအချိန်မရွေးမှန်ကန်နေတဲ့ သက်သေပြချက်တစ်ခုဖြစ်နေခဲ့မှတော့ ဘ၀အတွက်
လောဘနည်နည်း လျှော့ကြည့်လိုက်ကြစို့ ချစ်သူရယ်..။

*************************************************

ခါးသက်နေသော မိုးစက်များကို ခေါင်းငုံ့ရှောင်လွှဲ ခဲ့မိလေသော လူမိုက်ဟာ ငါပါပဲ
ဖြစ်ချိန်တန်မဖြစ် ပျက်ချိန်တန်ပျက်များနှင့် သာဖက်လှဲတကင်းရှင်သန်ခဲ့ရ ..
ဘဝက ညင်သာနူးညံ့တဲ့ မုန်တိုင်းတစ်ပုဒ်လို အလိုလို ဦးညွတ်ချင်စရာကောင်းလာတယ်
သူ့နောက်မှာပါလာမယ့် လေပြေညင်းအတွက် မျှော်လင့်နေတာမျိုးမဟုတ်ပါပဲ
ဘဝကို ခပ်ပြင်းပြင်းတိုက်ခတ်ရယ်မောပစ်လိုက်ရ.. ဒါ .. အရသာ .. တဲ့လား …

*************************************************


ရာသီဟာ ကိုယ့်အတွက်ဆိုးဆိုးဝါးဝါးမည်းမှောင်ခြင်းဥတုမျိုး။
ကိုယ်ကခြေခင်းလက်ခင်းမသာယာတဲ့ ညနေခင်းတွေထဲကတိမ်တောက်ချိန်ကိုမှချစ်မက်ချင်တတ်သူ..။
ဟင့်အင်း..။ ဒီလိုမဟုတ်ဘူး..။
အပြင်းအထန်ငြင်းဆန်ခြင်းများ..အဖန်ဖန်ပေါက်ကွဲကြ ဖေါက်ခွဲချလိုက်ရတဲ့စိတ်တွေဟာ..
အလျော့အတင်းများလွန်းတဲ့ ရာဘာပူပေါင်းတစ်လုံးလို လျော့လျဲလျဲ..
ကဲ..ကိုယ်တို့ဘာဆက်လုပ်ကြမလဲ...။
သူ့ရင်ခွင်မှာ ခေါင်းတိုးငိုရှိုက်မိပေမယ့် ကိုယ်က ရဲရဲဝံ့ဝံ့ ပြတ်သားနှင့်ပြီးသား..
တွေ့လား..လမ်းတစ်ခု..ကိုယ့်ကိုစောင့်နေပြီ..။
အလွမ်းဆိုတာ အချစ်ရဲ့ဘေးထွက်ဆိုးကျိုးပေါ့..။
ဒါဆို အချစ်ကရောဘ၀အတွက်ဘယ်လောက်ဆေးဖက်ဝင်ခဲ့မလဲ..။
ဘ၀မှာ သတိပေးဆိုင်းဘုတ်ချိတ်မထားတဲ့ အန္တရယ်ကွေ့တွေ အများကြီး..
ကိုယ် က မုန်တိုင်းကိုမှ သွေးအေးအေးရင်ခုန်ကြည့်ချင်တတ်သူမျိုးများလား..။
ကောင်းကင်ရဲ့စနေထောင့်မှာ အနီတွေ ထောင်းထောင်းထနှင့်နေခဲ့ပြီ..။
ကိုယ်က ဆုံးရှုံးမှု ကြယ်ကြွေတွေကို
တစိမ့်စိမ့်ရေတွက်နေရလောက်အောင်ကျတော့ သတ္တိမကောင်းပြန်ဘူး..
ယုံကြည်ချက်ဆိုတာ..အချိန်ရတိုင်းသွေးထားသင့်တဲ့ဆောင်ဓါးတစ်လက်မျိုး ချစ်သူရဲ့..
ရှင့်ရယ်မောသံတွေ..က မုန်းတိုင်းအကြိုသီချင်းပဲ..
လေပြေလေညှင်းဆိုတာကတော့..ရှိမှာပါ..ရှိနေမှာပါ..။
ကဲ..အခုတော့ ငါတို့ ကြည်ကြည်ဖြူဖြူကွဲလွဲကြဦးစို့
ဘာပဲဖြစ်ဖြစ်အလွမ်းက ဘ၀ကို ကျစ်လစ်စေလိမ့်မယ်..။


*************************************************


ပြက်ရယ်ဖွဲ့ နေ့ရက်တွေက နှစ်လိုစရာအရောင်အဆင်းနဲ့ ဘဝထဲဆင်းချလာပြန်တယ်
ကျယ်ပြန့်လွင့်မျောတဲ့ သံသရာမှာ ငါက ဝဋ်ကြွေးတွေကိုမှဖမ်းဆုပ်တတ်သူတဲ့လား
တံခါးတစ်ချပ်ကို လှလှပပဖွင့်ထွက်သွားဖို့ ငါတို့အတွက် လိုအပ်တဲ့ သင်္ကေတဟာဘာလဲ
ပျောက်ဆုံးပျက်စီးနေသော ရှေးဟောင်းမြို့ပျက်များလို ကံကြမ္မာအသစ်များ
ရက်ရက်စက်စက် ကွဲပျက်အောင် ထပ်မံဖျက်ဆီးလိုသော စွန့်စားရှာဖွေသူအမည်ခံများ
သ..င်္ကေ..တ..အား..လုံး..ပျောက်..ဆုံး..လက်..စ..နဲ့..ပျောက်..ဆုံး..နေ..ပါ..စေ့..လေ ..

*************************************************

အာရုံတစ်အိမ်လုံးပြည့်နစ်နေတဲ့ချစ်သူ့ကိုယ်သင်းနံ့တွေကိုဖေါက်ချပစ်လိုက်ဖို့ သီချင်းတစ်ပုဒ်ကောက်ဆိုလိုက်တာနေရာအကျဆုံးပဲ..။
အမှားလား ၊ အမှန်လား အမှန်နဲ့အမှားဆတူရောပြွန်းမှားယွင်းနေခြင်းလား၊
အမှားဆိုတာကို ဘယ်စံနဲ့တိုင်းသလဲ ၊အမှန်ဆိုတာအတွက်သက်သေပြချက်ကဘာလဲ..။
အမှန်ဆိုတာ အနိုင်ရနေသူတွေအတွက် ပွဲတက်ဝတ်စုံတစ်စုံလား၊
ဝတ်စုံအောက်မှာ ဖုံးဖိသိမ်းဝှက်ထားရတဲ့ အညိုအမည်း ဒဏ်ရာဒဏ်ချက်တွေရှိနေမှာလား
ဒဏ်ရာတွေဟာ လိပ်ပြာလုံနိုင်လောက်အောင်သန့်စင် ပါရဲ့လား..။
လှောင်ဟားပြက်ရယ်ပြုချင်စရာ သရဖူနဲ့ သွေးပျက်ဖွယ်ရာ အိပ်မက်တွေနဲ့
တိုက်ရိုက်အချိုးကျအတိုင်းအထပ်လိုက် သိုးရိနေရတဲ့ အနာဂတ်နာရီတွေ၊
မျှော်လင့်ချက်နဲ့ တဖိတ်ဖိတ်လင်းလက်နေတဲ့ မျက်ဝန်းအစုံစုံတွေ
ဒီလိုအချင်းအရာတွေအတွက် ခြေခြေမြစ်မြစ်မိုးကောင်းကင်ကဘာအရောင်များလဲ..။
အို တိမ်တွေကမုန်းတီးစရာကောင်းလောက်အောင်ထူထပ်သိပ်သည်းနေခဲ့တယ်.။
ကိုယ်က ကိုယ်မေးရမယ့် မေးခွန်းတွေကိုမချစ်တတ်ဘဲ ကိုယ်ဖြေရမယ့်မေးခွန်းတွေကိုလည်း မုန်းတီးတတ်သူပါကွယ်..။
မေးခွန်းတွေကြားထဲမှာ ဘ၀ဟာ..၀ဋ်ကြွေးဆန်ဆန်နာကျင်မိန်းမောလို့..။
ဆန္ဒ ဆိုတာလူတိုင်းပိုင်ဆိုင်ခွင့်ရှိတဲ့ စိတ်ဖြစ်ပစ္စည်းပဲ..
ဆန္ဒကို ဆန္ဒ အတိုင်းဖြန့်ပြခြင်းဟာ အပြစ်လား ၊
မှားယွင်းမှုလား ၊ အရောင်ချယ်ပစ္စည်းလား အဆိပ်အတောက်လား
ကိုယ့်အသံထွက်ကိုကြားနာခွင့်မရှိတဲ့ အရပ်ဟာ..ဘ၀ တစပြင်ပဲ
ကျွန်မသွားတော့မယ် အဲဒီ့အတိုင်း
တံခါးတစ်ချပ်ဆွဲဖွင့်ထွက်လားသလို လွယ်ကူမြန်ဆန်ရင်သိပ်ကောင်းမှာပဲ..။
အရာရာဟာ..ပုံသဏ္ဍန်မပျက် ကမ္ဘာတည်သ၍ ကျောက်ဖြစ်ရုပ်ကြွင်းလို
တည်ရှိ တည်တံ့နေတော့မယ့် အနာတရတွေ
အနာတရတွေကို တူးဆွခြင်းနဲ့အောင်မြင်လိုသူတွေအတွက်..အနာတရတွေဟာ..
ဘယ်တော့မှ မတိတ်နိုင်တဲ့ သွေးစိမ်းရှင်ရှင်တို့နဲ့ ချင်းချင်းရဲလို့
လမ်းဟောင်းအတိုင်း အသည်းနှလုံးတစ်စုံ ကျကွဲ လိုက်သံတွေ ..။
ချစ်တယ်ဆိုတာ ချစ်သူတွေအတွက် အလှပ အမြင့်မြတ်ဆုံး အနာတရ..။
နာကျင်ခြင်းမှာ ထုံထိုင်းလို့..။
နာကျင်ခြင်းမှာ..မှောင်မိုက်လို့..နာကျင်ခြင်းမှာ ခြောက်ချားလို့၊
နာကျင်ခြင်းမှာ မွန်းကြပ်လို့
ကိုယ်တို့က ညှိမရတဲ့ ကြိုးမျှင်တွေနဲ့ ကီးကြောင်နေတဲ့ အသံထွက်ကိုမှ ပင်ပင်ပမ်းပမ်းစည်းဝါးလိုက်ချင်ခဲ့ကြတယ်.။
သေချာတာက..ကိုယ့်တို့သင်္ကေတတွေသာ အံ့သြထိတ်လန့်ဖွယ်ရာ ပျောက်ရှကုန်ရပေါ့..။
ဟင့်အင်း..လမ်းတစ်စင်း စောင့်နေခဲ့ပါပြီလို့ပြောမိတော့ ချစ်သူက ညည်းတွား.၊.နောက် ရှိုက်ငင်
နည်းနည်း..ပြင်ဆင်စဉ်းစားသင့်တယ်ဆိုရင်တော့
.ကိုယ်က သရော်ကမော် ရယ်မောပစ်လိုက်မှာပေါ့ကွယ်..။

*************************************************


တစ်ဘဝလုံး စုတ်ပြတ်သတ်သွားအောင် တီးခတ်သီကျူး ပြီးကာမှ ..
ဝေဒနာအပွင့်အခိုင်တွေကိုကျ ချွေချမသွားနိုင်တဲ့ ကြင်နာတတ်သူမုန်တိုင်း
သင့်ထံမှ ကိုင်းဖျားကိုင်းနားယဉ်ကျေးမှုများအား ငါ့ကိုသင်ကြားပေးခဲ့လှည့်ပါ။


*************************************************

အလွမ်းဟာ မုန်းတိုင်းတစ်ခုဆို ကိုယ်က လေကွယ်ရာအရပ်ကို
သွေးရူးသွေးတန်း ရူးရူးနှမ်းနှမ်းရှာဖွေနေမိသူပေါ့..။
ကိုယ့်ကိုယ်ကို ရယ်သွမ်းသွေးမိရင်း ကိုယ့်ကိုယ်ကို သနားကရုဏာသက်ရင်း..
ကိုယ့်ကိုယ်ကို ငြူစူမောင်းမဲရင်း ၊ ကိုယ့်အတ္တ ကိုယ့်ဆန္ဒတွေ ကြားထဲမှာ
ကိုယ်ဟာ တစိမ့်စိမ့် အောင်အောင်မြင်မြင် ကျဆုံးနေပြီထင်ပါရဲ့..။
ဝေဒနာတွေ ဖူးငုံသီးပွင့်ပြနေပုံက ကဗျာဆန်နေမယ်..အဲသလို ဗြောင်းဆန်အောင် တစ်ဘ၀လုံးမွှေနှောက်သွားခဲ့တဲ့ မုန်တိုင်းတီးလုံးရဲ့နောက်မှာ.
ကိုယ်က ယဉ်ကျေးနူးညံ့စွာ ချိုချိုသာသာလှိုက်လှဲပြလိုက်ဖို့
မျက်ရည်တွေကို ဖျတ်ကနဲ သိမ်းဝှက်ထားလိုက်ဖို့ ဘယ်မေ့လျော့လိမ့်မှာတဲ့လဲ.ချစ်သူရယ်...။
မင်းကြားလိုက်လား..မုန်တိုင်းသံစဉ်ရဲ့နောက်က ရင်ခုန်စရာယစ်မူးချင်စရာတေးသွားတစ်စ...

တိမ်ညိုမရှိ လင်းပကြည်စင်နေမယ့် မိုးသားကောင်းကင်အောက်က
မုန်တိုင်းကင်းလွတ်စကမ်းခြေမှာ
ကိုယ်တို့ခြေရာတွေကို..ကိုယ်တို့ကိုယ်တိုင် အတူတကွ ရေးခြစ်ဖို့ အဲသလိုရေးခြစ်နိုင်ခွင့်ဟာ
မနက်ဖန်လား...
နောက်တစ်နေ့လား...
အဲဒီ့နောက်က တစ်နေ့လား....
တစ်နေ့နေ့ပေါ့....
ကမ်းခြေကတော့စောင့်နှင့်နေခဲ့တယ်..

လောလောဆည်တော့ သ..င်္ကေ..တ..အား..လုံး.. ပျောက်..ဆုံး..လက်...စ...နဲ့ . .ပျောက်...ဆုံး...နေ...ပါ...စေ..တော့.လေ......


မနော်ဟရီ၊အိန္ဒြာ


*************************************************



Blog တစ်နှစ်ပြည့်အတွက် မမ မနော်ဟရီက ကဗျာလေးတစ်ပုဒ်လက်ဆောင်ပေးခဲ့ပါတယ်..။
ကဗျာလေးကိုဆင့်ပွားပြီး ဒီအက်ဆေးလေးကို ဒီနေ့အတွက် အမှတ်တရ ရေးချကြည့်လိုက်တာပါ..။

#####################################


အိန္ဒြာဘလော့စပေါ့ဒေါ့ကွန်းရယ်လို့ အွန်လိုင်းစာမျက်နှာပေါ်မှာ ရောက်ကတည်းက ခုချိန်အထိ အိန္ဒြာ့စာတွေကို အချိန်ပေးဖတ်ရှုအားပေးခဲ့ကြတဲ့ မိတ်ဆွေ ညီအကိုမောင်နှမအားလုံး စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ကျန်းမာကြပါစေကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်..။

ချစ်ခင်လေးစားစွာ

အိန္ဒြာ

November 2, 2009

သက်တန့် အိပ်မက်


အခုတစ်လနှစ်လအတော အတွင်း စိတ်ရော လူရောအလုပ်တွေရှုပ်နေလို့
စာအသစ်ကဗျာအသစ်တွေ မရေးနိုင်ဖြစ်နေပါတယ်..။ အဟောင်းတွေပြန်ပြန်တင်ပြီးဆားချက်နေကတည်းကသဘောပေါက်ကြမှာပါ.။
အခု ချာတိတ်တုန်းကဆိုပါတော့ ၁၉၉၈ လောက်ကရေးဖြစ်ခဲ့တဲ့
ချိုချိုပါးပါးနိုင်မယ့် အချစ်ဝတ္ထုလေးတစ်ပုဒ်တင်ပေးလိုက်ပါတယ်.
အပြောင်းအလဲလေးတော့ ဖြစ်သွားတာပေါ့နော......

+++++++++++++++++++++++++++++++++++++++++++++++
(၁)။
လရောင်အောက်တွင် နွဲ့နွဲ့ယိမ်းယိမ်းကခုန်နေကြသော ယုဇနပင်တွေ၏ အပူပင်မဲ့မှုကို ၀န်တိုနေမိသည်။ စိမ့်စိမ့်ရီရီ မွှေးပျံ့လွန်းသော ရနံ့သည်လည်း စွာရိုင်းလွန်းနေ၏..။
ညလယ်၏ သိပ်သည်းထူထပ်သော အနက်ဆင် အနက်သွေးက ပိုမိုပြီး ကြေကွဲဆွတ်ပျံ့ဖွယ်ရာ ကောင်းနေ စေသလိုပင်...။
နောက်ကျိညောင်းညာလွန်းနေပြီဖြစ်သော ဦးခေါင်းကို ဘယ်ညာယိမ်းချိုးရင်း သမ်းဝေလိုက်မိသည်။ တကယ်ဆိုအိပ်ချင်နေပါပြီ။ ဒါပေမယ့် ဒီလိုထိုင်ပြီး ဒီလို တနင့်နင့်နာကျင်နေရခြင်းဝေဒနာက ခံစားလို့ ကောင်းနေသလိုပင်ဖြစ်နေသည်။ အသက်ရှုသံက ရှိုက်သံလက်ကျန်တွေကြောင့် တလွင့်လွင့် ငင်သွားတော့ ထပ်မံ ငိုချင်လာပြန်သည်။ အို ဒီအတိုင်းဆို မနက်ဖန် မျက်လုံးတွေ မို့အစ်ယောင်ကိုင်းပြီး အရုပ်ဆိုးနေတော့မယ် ထင်ပါရဲ့..။ အို ဆိုးဆိုး မဆိုးဆိုး..၊ လှနေဦးတော့ရော ဘာလုပ်မှာလဲ..၊ ဘာများအဓိပ္ပာယ်ရှိတော့မှာ မှတ်လို့..။
ရင်ပြင်တစ်ခုလုံးလှိုက်မောနာကျင်လာပြန်သည်။ ရီကနဲ ၀ိုင်းတက်လာသော မျက်ရည်တွေက ရှက်ရွံ့နာကျဉ်းလွန်းမှုတွေရဲ့ အရိပ်အငွေ့တွေ လား၊ ကြင်နာကြေကွဲစိတ်တွေကြောင့် ဖွဲ့တည်လာခဲ့လေသလားလည်း မသေချာပါ..။ သေချာတာကအဲဒီ့နှစ်ခုပေါင်းမိလို့ ဒီလောက်အထိ ဖြေမဆည်နိုင် အောင်ဖြစ်နေရတာပေါ့လို့ တွေးတောရင်း ပါးပြင်ပေါ် လိမ့်လိမ့် နွေးနွေး စီးဆင်းသွားသည်ကို တစိမ့်စိမ့် စောင့်ကြည့်နေမိပြီး မေးရိုးနား ရောက်ခါနီးလာမှ ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက် သည်။
အို ဘာပဲဖြစ်ဖြစ် သိပ်သနားစရာကောင်းတာပဲ..။ သိပ်ရက်စက်ကြတာပဲ..။
သိပ် စိတ်ရှုပ်စရာ ကောင်းတာပဲကွယ်…..။ အမှန်အတိုင်းဝန်ခံဖွင့်ပြောရဲတဲ့ သတ္တိက သူ့အပြစ်မဟုတ်ဘူးထင်ပါရဲ့..။ သေသေချာချာ စဉ်းစား ကြည့်ပြန် တော့ သူ့မှာ အပြစ်မရှိဟုချည်းပဲ ထင်နေမိပြန်သည်။
ဟုတ်ပါတယ်လေ...။ သူ့ရင်ထဲမှာ ခံစားမျိုသိပ်ထားရတာတဲ့ ဝေဒနာအဆိုင်အခဲတွေ အတွက်............။
အိုး လိုက်ရှာမှာပဲ..။ ဆုံးဖြတ်ချက်တွေ ရဲရင့်ပြတ်သားသွားသလို အံတစ်ချက်ကြိတ်ထားလိုက်မိသည်။
ဟုတ်တယ်..။
ဒီအချိန်မှာ သူ့အတွက်အလိုအပ်ဆုံးနဲ့ သူ့ကိုပြန်လည်ဆောက်ပေးနိုင်မယ့်အရာက
ကိုယ်တိုင်ကိုယ်ကျနှစ်သိမ့်အားပေးမှုပဲဖြစ်လိမ့်မည်။
ဒီ့အတွက် ထိုက်သင့်သလောက်တော့ စွန့်စားရဲဝံ့ရမည်ပေါ့..။
ချက်ချင်းကိုယ့်ကိုယ်ကို သူရဲကောင်းတစ်ယောက်လိုလို ကယ်တင်ရှင်တစ်ယောက်လိုလို
သူသာသိရင် ဘယ်လောက်အံ့သြ၀မ်းသာသွားရှာမလဲ.ကွယ်.။

+++++++++++++++++++++++++++++++++++++++++++++++
(၂)

ဖျတ်ကနဲ လင်းပွင့်သွားသော လျှပ်စစ်မီးရောင်ကြောင့် ကျိမ်းစပ်သွားသော မျက်ဝန်းများက အလန့်တကြားပိတ်သွားကြသည်။ ခုထိ မအိပ်သေး ဘူးလား ဥမ္မာ ဆိုသောအသံကြောင့် မျက်ဝန်းကို အလန့်တကြားပဲ ပြန်ဖွင့်လိုက်မိသည်။ မညို ။ ဟုတ်ပါရဲ့ ....... မညို ။
မညိုရဲ့ မျက်ဝန်းတွေဟာ အိပ်ချင်မူး တူးမှာတောင် စူးရှတောက်ပလွန်းနေကြသည်။ အဲဒီ့မျက်ဝန်းတွေကြောင့်များလား...။
ဒီ ကတုံး ဆံပင်ပေါက်နဲ့ ထောင်ထောင် ထောင်ထောင် လမ်းလျှောက်တတ်သည့် မိန်းမကို ခပ်ရွံ့ရွံ့ရှိနေခဲ့ရတာ..။
ငိုနေပြန်တာလား ဆိုတဲ့ မညိုအသံမှာ စိတ်မရှည်သံကထင်းထင်း ထင်နေသည်။ “ဥမ္မာဖြစ်နေတာက လိုတာထက်ပိုနေသလားလို့“ ဆိုသော မညိုမှတ်ချက်ကိုတော့ နည်းနည်းလေးမှ မခံချင်ပါ..။ ဒါပေမယ့် ဘယ်လို ခိုင်လုံသေသပ်တဲ့ အကြောင်းပြချက်နဲ့ ခပ်ပြတ်ပြတ်ငြင်း ဆိုရမည်ကိုလည်း မသိပြန်ရှိနေ၏။ မဟုတ်ပါဘူးဆိုတဲ့ ခပ်ယဲ့ယဲ့ အသံအဆုံးမှာ ဖေါက်ထွက်လုမတတ် တစူးစမ်းစမ်း စိုက်ကြည့်လိုက်သော မညို၏အကြည့်များ ကြောင့် စိတ်တိုသွားမိ၏။
“ဥမ္မာ ဒီကိစ္စဟာ ဒီလောက် အိပ်ရေးပျက်ခံပြီး ရှက်ရွံ့ခံစားနေရလောက်အောင် မတန်ဘူနော်..“ ဆိုတော့ ရင်ပြင်တစ်ခုလုံး ကျဉ်ကနဲနေ အောင် အောင့်မျက်သွားပေမယ့် “ဥမ္မာက ကောင်လေးကို သနားနေတာလား “ ဟူသော မှတ်ချက်ကိုတော့ အလျင်စလိုထက်ထက်သန်သန်ကြီး ငြင်းနေမိပြန်သည်။
“မဟုတ်ပါဘူးမညို ဘာလို့သနားရမှာလဲ. “
“အေးလေ ဒါဆို ဘာများဖြစ်စရာရှိတော့လို့လဲ.. ၊အေးဆေး လမ်းမှာခလုပ်တိုက်မိသလို သဘောထားလိုက် “
လာထ အိပ်တော့ ဉာဥ့်နက်နေပြီ.. မနက်ဖန်မျက်တွင်းတွေကျပြီး အလှပျက်နေဦးမယ်ဆိုပြန်တော့ မညိုကိုတစ်ချက်ထုပြီး မျက်ရည်စီးကြောင်းနှင့်ပင် ရယ်မောလိုက်မိ၏။
မညိုက လေးနက်တည်တံ့လွန်းနေတဲ့ အသံနဲ့ တစ်ချက်ခေါ်လိုက်တော့ မညိုကို ညံ့ညံ့သက်သက်ပင် ပြန်ကြည့်နေလိုက်ပါသည်..။
“မှတ်ထား မာဥုံမိ..၊ တို့ အသက်ဆယ်နှစ်တုန်းက အပြုအမူအတွေးအခေါ်တွေဟာ ၊ အသက်နှစ်ဆယ်ကပြန်ကြည့်ရင် သိပ် ရယ်စရာ ကောင်းနေ သလိုမျိုး ၊ အခုအသက်အရွယ်က ဖီလင်တွေက အသက်သုံးဆယ်အရွယ်ရောက်ရင် ဟားချင်စရာကြီးဖြစ်နေမှာ ..။ “
မညိုကို အလန့်တကြားပြန်ကြည့်လိုက်မိပြီး ၊ အဲဒါကိုပဲ အမြန်ဆုံး ဖုံးဖိဖို့ကြိုးစားလိုက်ရသည်..။ မဖြစ်နိုင်ဘူး..။
အို မညိုက ဘာတွေများ ရိပ်မိသိရှိနေခဲ့လည်း..။ ရှက်စရာကြီးကွယ်..။
တလူးလူးတလိမ့်လိမ့် အိပ်မပျော်ပြန်ရှိနေသောအခါ ကောင်လေး၏ ညှိုးငယ်ညံ့သက်သော ပုံရိပ်က မျက်ဝန်းထဲမှာ တ၀ဲလည်လည် ထင်နေသည်။ သိပ်သနားစရာကောင်းတာပဲ..လို့ တဖွဖွရေရွတ်ရင်း အိပ်ပျော်သွားတော့ သူ့ကိုပဲအိမ်မက်မက်ပြန်သည် ။
အိမ်မက်ထဲမှာ ကောင်လေးက အိမ်ကဆင်းပြေးလာတဲ့ သူဌေးသားလေးဖြစ်နေပြီး..၊ ချစ်ခန်းကြိုက်ခန်းက ပြဇာတ်ဆန်လွန်းနေပြန်တော့ အိမ်မက်ထဲမှာပင် ရှက်စနိုးရှိရပြန်လေသည်။

+++++++++++++++++++++++++++++++++++++++++++++++

(၃)

ရုံးသွားဖို့ မညိုလာနိုးတော့ အဟုတ်ပင် ခေါင်းတွေက ထူမ မရအောင်ကိုက်ခဲ အုံဆိုင်းနေခဲ့သည်။ အို ဒါပေမယ့် နည်းနည်းနေသာတာနဲ့ ကောင်လေး ရှိရာကို မေးစမ်းသွားမှာပဲလို့ ကိုယ့်ဘာသာ ကြိမ်းဝါးနေမိ၏။
“”ဥမ္မာ ရုံးမသွားဘူးလား၊ ထတော့လေ” ဆိုသောမညိုအသံကို တုန့်ပြန်မနေချင်တော့ပါ..။ လိမ်ညာရန် အနည်းငယ်ညံ့သလို ထွင်းဖေါက်မတတ် တရားခံကြည့်ကြည့်တတ်သော မညို၏ အကြည့်တွေကိုလည်း ရင်ဆိုင်ဖို့ စိတ်ညစ်ညူးလှပြီ..။
“”အိုကေ ဒါဆို ငါလည်းဒီနေ့ မနေ့ကမှ slabလောင်းထားတော့ အလုပ်အားနေတယ် ၊ ခွင့်ယူလိုက်မယ် ၊ ဟေ့ကောင် တို့တွေ ရုပ်ရှင် သွားကြည့်ကြမယ်လေ.. ”
အသံကုန် ဟစ်အော်ပစ်ချင်စိတ်ကို ချုပ်တည်းပြီး မညိုကို စိတ်ပျက်လက်ပျက် ကြည့်နေမိတော့သည်။ အေးအေးလူလူ စာတစ်အုပ်ဖတ်ပြီး ကုတင်ပေါ်မှာ ၀မ်းလျားမှောက်နေတဲ့ မိန်းမဟာ ကင်းစောင့်နေတဲ့ ရဲသားတစ်ယောက်လိုပဲဟု ဒေါသတကြီး တွေးတောရင်း မျက်ဝန်းကို စုံလိုက် တင်းတင်း မှိတ်ထားလျက်နှင့် အိပ်ချင်ယောင် အထပ်ထပ်ဆောင်နေလိုက်မိ၏။
ဘာရယ်မှန်းမသိပဲ ၀မ်းပမ်းတနည်းကြီးဖြစ်လာပြီး ဗြုန်းကနဲရေချိုးခန်းထဲဝင်လိုက်တော့ မညိုက ခေါင်း ထောင်ကြည့်နေ၏။ အဲဒီ့မိန်းမဟာ ဖေဖေက အပ်ထားတယ်ဆိုတာနဲ့ နေရာတကာဆရာမကြီးလုပ်ချင်လွန်းတယ်။ သူ့ချစ်သူ “ကျော်“ နဲ့ဖုန်းပြောနေတဲ့ အချိန်လောက်ပဲ မျက်ဝန်းတွေက ရည်လဲ့ချိုမြနေတတ်ပြီး ကျန်တဲ့အချိန်တွေအားလုံးမှာ လိုတာထက်ပိုပြီး တင်းပြတ်မာကျောလွန်းလှတယ်၊ သိပ်အမြင်ကပ်စရာကောင်းတာပဲဟု တွေးလိုက်မိသည်။
အို ဒါပေမယ့် အစစအရာရာ အနစ်နာခံ ကူညီခဲ့တာတွေ၊ သင်ကြားဖေးမခဲ့တာ တွေကိုကျတော့လည်းမေ့ထားလို့ မရပါဘူးလေလို့ သက်ပြင်း တစ်ချက်ရှိုက်လိုက်ရင်းရေရွတ်မိပြန်၏။ ဟုတ်သားပဲ မညိုသာ ဒီဆိုဒ်မှာ မရှိခဲ့ရင်ဒုက္ခလို့ တွေးမိပြန်တော့ မညိုကို အားတွေနာနေမိ၏။
မညိုသာဆိုရင် ဘယ်သူမရှိရင်ဒုက္ခဆိုတဲ့အတွေးမျိုးတစ်ခါမှ တွေးဘူးလိမ့်မည် မထင်ပါ..။

+++++++++++++++++++++++++++++++++++++++++++++++

(၄)

ကိုယ့်ကိုကိုယ်ဂရုစိုက်လွန်းပြီး အလှအပခုံမင်လွန်းသူမို့ မညိုက တွေ့တွေ့ချင်း ကြည့်မရပါဟု ၀န်ခံတော့၊ ကတုံးဆံပင်ပေါက်နဲ့ မျက်နှာထားတင်းလွန်းလို့ အမြင်ကပ်ခဲ့ကြောင်း ပြန်လည်ချေပပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောခဲ့ကြဖူးသည်။ ဘယ်လိုမှ ခွဲလို့မရအောင် ခင်မင်သွားကြခြင်းက ဘယ်အချိန်မှာ စတင်သွားကြသလဲ သတိမထားမိကြပေမယ့် တော်တော်ကို ခင်မင်နေကြတာကတော့ဖြင့် အသေအချာပင်။
လိုင်နာဆေးနက်ချယ်သစရာမလိုပဲ မည်းနက်စိုလက်နေသော မညိုမျက်ဝန်းတွေကို သိပ်လှတာပဲလို့ အားကျမိသလို ၊ ရရှိထားတဲ့ အင်ဂျင်နီယာဘွဲ့နှင့် လိုက်လျော ညီထွေလွန်းစွာ ထက်မြက်တက်ကြွလွန်းသော ၊ ယောက်ျားများနှင့်တန်းတူ အပင်ပမ်းခံနိုင်သလို ၊ ဦးဆောင်ဦးရွက်ပြုနိုင်သော ၊ ဆုံးဖြတ်ချက်ပြတ်သားသော မညိုကို လေးစားမိပြီး အလိုလိုကို ချစ်ခင်ကြောက်ရွံ့နေခဲ့မိသည်။
ရှပ်အင်္ကျီလက်ရှည်၊ဂျင်းဘောင်းဘီခပ်နွမ်းနွမ်းနှင့် အမြဲလိုမျက်နှာပြောင်နေတတ်သော မညိုကိုကြည့်ပြီး အလှပြင်ရမှာရှက်လာ သလိုလို ပင်ဖြစ်မိသည်။ “ငါတို့က အင်ဂျင်နီယာ၊ အင်ဂျင်နီယာဆိုတာ သူများလို လှလှရွရွလေးနေလို့မရဘူး..၊ လေဘာနဲ့တမ်းတူ လုပ်သင့်လုပ်ရမှာ“ ဆိုတဲ့ မညိုခံယူချက်ကြီးကိုတော့ နှာခေါင်းရှုံ့ချင်မိသည်။ ဘာပဲဖြစ်ဖြစ် အလှကတော့ ပြင်မှာပဲလို့ ခပ်ကပ်ကပ်ပြန်ပြောမိတော့ မညိုက ငြင်းခုန်မနေတော့ဘဲ အေးပါ မင်းသမီးရယ်ဟပြင်ပါ ပြင်ပါ ဟု အငေါ်တူးခဲ့ဖူး၏။ ဒါပေမယ့်မညိုပြောလွန်းလို့ သိမ်းထားရသော ၀တ်စုံများကတော့ များလှပြီဖြစ်သည်..။
”ဥမ္မာ ရှင်က တကယ့်တကယ် Foundation ကစတဲ့ အလုံးမှာနေရမှာ ၊ ဒါအခွင့်အရေးတစ်မျိုးပဲ.၊ အင်ဂျင်နီယာပေါက်စတစ်ယောက်ဟာ အဆောက်အဦတစ်လုံးကို အစအဆုံးဆောက်ခွင့်ရလိုက်တာ သိပ်ကံကောင်းတာ..၊ ဘာလို့ Finishing ၀င်နေတဲ့ အလုံးမှာနေနေရတာလဲ ”
နေပူလွန်းလို့ အသားမည်းမှာစိုးတယ်ဆိုပြီး PM ကို မရရအောင်ပြောပေးဖို့ ဖေဖေကို အပူကပ်ဂျီကျခဲ့ရကြောင်း မညိုကို ပြောမပြာမပြရဲပါ။ တစ်နေ့တစ်နေ့ နေပူထဲမဆင်းတာတောင် အသားတွေက သိပ်ကို ခြောက်သွေ့ ညိုညစ်ချင်နေပြီ..။ ဆရာမအသစ်လေးက သိပ်ချောတာပဲဆိုသော မှတ်ချက်ကို လူတိုင်းဆီက ကြားချင်နေမိသည်လေ..။
အို….၊ ကြားရရုံတင်ဘယ်ကမလည်း..၊ မျက်ဝန်းတစ်စုံကတော့ ခိုးကြောင်ခိုးဝှက်နှင့် တစိမ့်စိမ့်ငေးရီ နေတတ်ပြီး ၊ ဆတ်ကနဲ အမိဖမ်း လိုက်တိုင်း ရှက်လန့်တကြား မျက်လွှာကို ချချ ပစ်တတ်တာ..။
ရီဝေရွှန်းလဲ့နေလွန်းသော မျက်ဝန်းအစုံကြောင့် ကောင်လေးကို စိတ်ဝင်တစားရှိသွားခဲ့တာပါလို့ တစ်ယောက်ယောက်ကိုတော့ ၀န်ခံလိုက်ချင်ပါသည်။

+++++++++++++++++++++++++++++++++++++++++++++++

(၅)။

နီရဲ ဖွာလွင်နေသောဆံပင်ပျော့ပျော့တွေကို ဘီးကုတ်တစ်ခုနှင့် အမြဲလိုလှန်တင်ထားသည့်ပုံစံလေးက ဘာရယ်မဟုတ်ပဲ သိပ်ကြည့် လို့ကောင်းတယ်ဟု ထင်နေမိခဲ့သည်။ အတော်လေး ဖြူဝင်းပုံပေါ်သည့်အသားအရည်ကနေတွေလောင်ပြီး ညိုရဲနေသော ကျောပြင်ပြန့်ပြန့်ပေါ်က ချွေးစက်တွေ အတွက် သနားနေခဲ့မိသေး၏။
ဆရာမ ကြွေပား ကော်နာချောင်းတွေထုတ်ချင်လို့ ဆိုသော ခပ်ဝဲ၀ဲနှင့်တိုးလျသောအသံကို လည်းစိတ်ဝင်စားမိပြန်သည်။
မြင့်မားဖြောင့်စင်းသော ကိုယ်နေဟန်နှင့် ဇာတ်လိုက်ဆန်သော ရုပ်ရည်ကဖြင့် သိပ်ကို ရင်ခုန်စရာကောင်းနေတာပေါ့ကွယ်..။ သူရှိရာ အရပ်ကို အစစ်အဆေးထူနေမိတိုင်း ပြာယာခတ်နေတတ်သော ပန်းရန်ခေါင်းကိုတော့ဖြင့် အမြင်ကပ်လှပါသည်လေ..။
မသိမသာလေးခိုးဝှက်ကြည့်နေတတ်မှန်း အမှတ်တမဲ့ဟန်နဲ့ ဝေ့ဝေ့သွားမိသော အကြည့်များမှတဆင့် သိရခြင်းဖြစ်ကြောင်း မညိုသိရင် အပြတ်ဟားပေလိမ့်ဦးမည်ထင်ပါသည်။
“ဟေ့ တို့ကတော့ ကိုယ့်ကို ကြိုက်တဲ့လူများမှာ ကို သိပ်ရှက်တာပဲ..။ စဉ်းစားကြည့်လေ..၊ ကြိုက်တယ်ဆိုကတည်းက ရီးစားလုပ်ချင်လို့ ၊မိန်းမတော်ချင်လို့ ၊ ပါး ပါး လေး ပဲစဉ်းစားကြည့် ၊ ကိုယ့်ကို ဟိုလူက ရီးစားလုပ်ချင်ပါတယ်..၊ဒီလူက မိန်းမတော်ချင်ပါတယ်လို့ ခဏခဏအပြောခံနေရတဲ့ကိစ္စ“
မညိုက နစ်နစ်ပျစ်ပျစ်ပြောတော့ မညို မညစ်စုပ်နဲ့နော်လို့ ကုန်းအော်ပြီး ရယ်မောခဲ့ရသေးသည်။
အဲဒီ့လိုမဟုတ်ဘူးမညိုရဲ့..။ မျက်ဝန်းချင်းစိမ့်ကနဲလေးဆုံလိုက်တာကတောင် ရင်ခုန်ဆွတ်ပျံ့ချင်စရာကောင်းနေခဲ့တာ..။ ဖျတ်ကနဲတွေ့ လိုက်ရရုံနဲ့ တောင် ပြည့်စုံနေပျော်သွားခဲ့တာလို့ မညိုမကြားအောင် တိုးတိုးလေးပြောနေရသေး၏။ အိမ်မက်ထဲမှာ ပါလာခဲ့ရင်တော့ နေရင်းထိုင်ရင်း တဟင်းဟင်းရယ်မောချင်နေခဲ့၏။ ကောင်လေးဟုသော ပညတ်ချက်က တစ်ယောက်တည်းတမြတ်တနိုးခေါ်ကြည့်နေမိတတ်သော နာမ်စား တစ်ခုဖြစ် မှန်း မသိ ဖြစ်နေခဲ့သည်လေ..။ အို သူ့ မျက်ဝန်းတွေကို အမိအရဖမ်းရတာလောက် စိတ်ဝင်စားစရာကောင်းတဲ့ကစားနည်း မရှိတော့ဘူးထင်ပါရဲ့ ကွယ်..။
အငယ်ဆုံးတစ်ဦးတည်းသောသမီးမို့ အရိပ်အကဲကို အမြဲလို စောင့်ကြည့်နေတတ်ပြီး ဘာတွေ ရေးထားသလဲ ဖွင့်ဖွင့်ကြည့်တတ်သော မေမေ မရှိသည့်အရပ်မှာ ကဗျာ တိုတိုစစလေး တွေကို အဲဒီ့ရင်ခုန်ဆွတ်ပျံ့ခြင်းတွေနဲ့ ရေးတတ်နေခဲ့ပြီ..။
မူလတန်းကျောင်းသူဘ၀လို ရန်ကုန်က ကားမှတ်တိုင်နှစ်တိုင်စာလောက်သာဝေးသည့် ကျောင်းနှင့်အိမ်ကို အပို့အကြိုတွေ လုပ်နေသည့် အကိုတွေ ရှိမနေတော့သောအရပ်ဟာ သိပ်လွပ်လပ်နေတာပဲဟု မကြာခဏ တွေးနေမိခဲ့သေးသည်။
စိတ်ပါပါ မပါပါ စာတွေကို ကုန်းရုန်းကျက်စရာမရှိတော့တဲ့ ၊ နယ်က အိမ်ကြီးရဲ့ မီးဖိုဆောင်သာသာလောက်ပဲရှိတဲ့ ဒီအဆောင်တိုက်ခန်းကျဉ်းလေးက သိပ်ကို စိတ်ကူးယဉ် ချင် စရာကောင်းပြီး ၊ချစ်စရာကောင်းတာပဲဟုပင် မကြာခဏတွေးတွေးနေမိသေး၏။
အို လေ...လရောင်အောက်မှာ မန်မယ့် ဆူမယ့် သူမရှိတွေးတောလွင့်မျောခွင့်ရနေတာ ဘယ်လောက်များ ကောင်းလိုက်လဲကွယ်..။
တကယ်တော့ ရှိန်းမြနေသော ပါးရိုးစိမ်းစိမ်းကိုဖြင့် ရဲရဲမကြည့်ရဲခဲ့ပါ..။
အလုပ်သိမ်းချိန် ရေမိုးချိုး၊ အ၀တ်အစားလဲထားသောပုံရိပ်ကို လွှတ်ကနဲငေးရီသွားမိခြင်းကို တစ်ယောက်တည်းရှက်လန့်တကြား ဒေါသထွက် နေခဲ့ရသေးသည်။ ဆရာမ သူက မင်းသား ဆရာမရဲ့ ဆိုသော ပန်းရန်ခေါင်း၏ စကားကို မကြားချင်ယောင်ဆောင်ရင်း မလုံမလဲနှင့် မျက်နှာကျောကို လိုတာ ထက်ပိုမိုတင်းမာထားခဲ့ရသေးသည်လေ..။
တစ်စ တစ်စ နှောင်ဖွဲ့ လာခြင်းပမာဏကို ဆန်းစစ်မကြည့်ချင်ခဲ့ပါ...။
အို ဆန်းစစ်ဖို့ကို မစဉ်းစားမိတာပါ..။ စဉ်းစားဖို့အသိတောင်မရှိတော့ဘူးထင်ပါရဲ့..။
ဒီလိုမျိုးရင်ခုန်နေရတာကို အရသာတစ်ခုလို စွဲလမ်းနေခဲ့တာကလွဲပြီး ဘာတစ်ခုကိုမှ မတွေးချင်ပါ၊ မတွေးဘူး ဟု တစ်ယောက်ထဲ ရောက်ယက် ခတ်လွန်းစွာ အကြိမ်ကြိမ်ရေရွတ်မိသည်များကို မညို မရိပ်မိ မသိရှိနိုင်ဟုပဲ ထင်နေမိခဲ့၏။

+++++++++++++++++++++++++++++++++++++++++++++++

(၆)။

ဖြစ်နိုင်ရင် မနေ့ကအကြောင်းကို ဘယ်လိုမှ ပြန်မစဉ်းစားချင်ပါ..။ ချက်ချင်းပင် အသည်းနှလုံးရှိရာအရပ်က စူးစူး နစ်နစ်အောင့်မျက် လာသလို ပင်ထင်မိသည်။
ထိုနေ့က မိမိတာဝန်ယူရသော အဆောက်အဦးအား အအပ်လက်ခံရန် PMမမ ၏ ပဏာမစစ်ဆေးရေးဝင်မည်မို့ ရင်ခုန်လှုပ်ရှားရလွန်း၍ ကောင်လေးကိုပင်မေ့လျော့နေမိသည်ထင်ပါသည်။ လိုအပ်ချက်၊မှာကြားချက်များကို ရေးမှတ်ရန် စာအုပ်နှင့်ဘောပင်ကို ကိုင်ထားသောလက်အစုံပင် ထုံကျဉ် အေးစက် နေသလိုထင်မိ၏။ တစ်ချက်ကလေးမှ လှည့်ကြည့်ဖေါ်မရသော မညိုကို စိတ်တိုနေလိုက်မိသေး၏။
"ဟင်ဒါကဘာတွေလဲ" ဟူသော PEမမ၏အသံကြောင့် ထိတ်ကနဲနေအောင် အလန့်တကြား ခေါင်းထောင်ကြည့်လိုက်မိ၏။ နေရာမှ အရုတ်ကြိုးပြတ်ပုံ လဲကျချင်သွားလောက်အောင် ရှက်လန့်တုန်လှုပ်သွားခဲ့မိ၏။ စူးစူးဝါးဝါးစိုက်ကြည့်လာသော PE ၏ အကြည့်ကို ဘယ်လိုမှရင်ဆိုင် မကြည်ရဲပါ..။ အို ဘယ်သူ့ကိုမှ မကြည့်ရဲခဲ့တာပါ..။
“ဆရာမ မဥမ္မာ ကို သိပ်ချစ်တယ်..။ အဆင့်အတန်ူချင်းမတူပေမယ့် ကျွန်တော်မျိုသိပ်.....၊
“ အို။နောက်ပြီး ဘာတွေရေးထားသေးလဲ...။ မသိတော့ပါ..။ ဖိုင်နယ်သုတ်ထားပြီးသား ရေဆေးနံရံပေါ်မှာ ခဲသားနက်နက်နဲ့ ရေးထားတဲ့ ခပ်ညံ့ညံ့လက်ရေးတွေလို့ပဲ အသိဝင်လိုက်မိတော့သည်။
သတိထားမိတော့ ရုံးခန်းကစားပွဲပေါ်မှာ အပ်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။ လောလောဆည် ဘာတွေ ခံစား နေရမှန်း မသိအောင် ထူပူနေတဲ့ ကျောပြင်ကို မညိုက ကြင်ကြင်နာနာသိုင်းဖက်ထားခဲ့၏။
”ကဲ ကိုလှဦး.၊ ဒီအဆောက်အဦးမှာက ရှင်တို့ ပန်းရန်အဖွဲ့ပဲ လက်စသတ်ရှိနေတာ..။ ဒါ အင်ဂျင်နီယာမိန်းကလေးတွေကို မထေမဲ့မြင် မလေး မစား လုပ်တာပဲ..။ သူတို့ဟာ ကျောင်းခုမှဆင်းပြီး အသက်အရွယ်ငယ်သေးပေမယ့် ရှင်တို့ရဲ့ အရာရှိ ၊ ရှင်တို့ရဲ့ ဆရာသမားတွေပဲ ၊ရှင်တို့လေးစားရမယ်..။ ဒါကျွန်မတို့ ကုမ္ပဏီကိုပါ စော်ကားသလိုပဲ ၊ ရှင်ဘယ်လိုလုပ်ပေးမလဲ..။”“
”ဟုတ်ကဲ့ပါ ဆရာမရယ် ၊ ကျွန်တော်တောင်းပန်ပါတယ် ဆရာမရယ်..။ ကျွန်တော်ဆရာမတို့ရှေ့တင် ဆုံးမဖို့ အကုန်လုံးကို တစ်ခါတည်း ခေါ်လာခဲ့ပါတယ် ။ဟေ့ကောင်တွေပြောစမ်း ဘယ်သူလက်ကမြင်းတာလဲကွ ၊ ငါ့ အရှက်ကိုခွဲတဲ့ကောင်ဘယ်ကောင်လဲ”
ပန်းရန်ခေါင်းကိုလှဦးရဲ့အသံကတော့ တော်တော်ကို စွာရိုင်းလွန်းနေပြီး..၊ သိပ်အမြင်ကတ်စရာကောင်းတာပဲလို့ တွေးနေမိသေး၏။ မျက်နှာကိုတော့ ဘယ်လိုမှ မဖေါ်ဝံ့အောင်အပ်ဝှက်ထားမိရင်း မညိုက မငိုနဲ့တော့လေ..၊ဒါငိုစရာမှ မဟုတ်တာဆိုသည့်ကြားက တငင်ငင်ရှိုက်နေမိ၏။
”ကျွန်တော်ပါ.. ”
အို ခပ်ဝဲ၀ဲအသံ တစ်သံ ။ ရင်ပြင်က ထိမ်းသိမ်းလို့မရအောင်ကို ပရမ်းပတာနိုင်သွား၏။ ဆတ်ကနဲခေါင်းကို ထောင်ကြည့်လိုက်မိတော့ ကျွန်တော်ဦးကွာ ဆိုသံနဲ့ ခွပ်ကနဲ အသံက တဆက်တည်းလိုပေါ်သွားပြီး တစ်စုံတစ်ရာဆုံးဖြတ်ချက်တွေနဲ့ ရဲရင့်ခိုင်မာနေသော ကောင်းလေး၏ မျက်နှာက နောက်သို့လန်သွားခဲ့၏။
အို မလုပ်ပါနဲ့လို့ လွှတ်ကနဲ ပြောမိသွားမလိုပေမယ့်၊ တပြိုင်တည်းရှက်ဒေါသတွေနှင့် နာနာ ကျဉ်းကျဉ်းကြည့်လိုက်မိ၏။
နှာခေါင်းထဲက ထွက်လာသော သွေးစီးကြောင်းတွေကို အေးအေးဆေးဆေးသုတ်နေသော ပုံသဏ္ဍန်က ခုပင်ရှေ့မှာ လာရပ်နေသလိုပင်..။
”ဟေ့ ကိုလှဦး ၊ ခင်ဗျားဒီလိုဖြေရှုင်းရမယ့်နေရာမဟုတ်ဘူး၊ ဒါရုံးခန်း..၊ သူဝန်ခံနေပြီး မဟုတ်လား..၊ နောက်နေ့သူ့ကိုမတွေ့ချင်တော့ဘူး..”
” တောင်းပန်ပါတယ်ဆရာမရယ်.. ကျွန်တော် ဒေါသထွက်လွန်းလို့ပါ.. ၊ ဟေ့ကောင်မင်းအခု ဆိုဒ်ထဲက ထွက်သွား၊ သွား မင်းမျက်နှာ ငါမကြည့်ချင်ဘူး.. ”
”ဆရာမလေး အဲလောက်ငိုမနေပါနဲ့ဆရာမလေးရယ်..။ ဆရာမလေး သိပ်ရှက်သွားမှာပါ...။ ကျွန်တော်တောင်းပန်ပါတယ် ဆရာမလေးရယ် ၊ ဆရာမလေးကို လူကြားထဲမှာအရှက်ခွဲသလိုဖြစ်သွားတာပေါ့..။ ဒီကောင်က အမဲရိုးဟင်းအိုးမှ အားမနာဆိုတာမျိုးလုပ်တာ ဆရာမလေးရဲ့... ”
တစ်စတစ်စ ဝေးသွာသောကျောပြင်ကို ဘယ်သူ့ကိုမှ ဂရုမစိုက်မိဘဲ ငေးရီကြည့်လိုက်မိသလား လည်း မသေချာပါ ။
ဒေါသတကြီးပေါက်ကွဲနာကျည်းချင်နေတာလား...သနားနေတာလား..ရှက်ရွံ့နေတာလား..။ အော်ဟစ်ရန်တွေ့ပစ်ချင်နေတာချင်လား...
အို ဖြစ်နိုင်ရင် အသံကုန်ဟစ်ပြီး အော်ခေါ်ပစ်ချင်နေတာလား..။ဘာ..မှမသေချာပါ..။
ပုခုန်းစွန်းကို ခပ်တင်းတင်းဆုတ်လိုက်သော မညိုလက်တွေကြောင့် ဆတ်ကနဲပင်တုန်ရီသွားမိပြီး.. ၊
မသိဘူး သွားကြ..၊ သွားကြ ထုံးစံအတိုင်း တအိအိ ငိုရှိုက်မိပြန်သည်လေ..။

+++++++++++++++++++++++++++++++++++++++++++++++
(၇)။

စီးကျလာပြန်သောမျက်ရည်စီးကြောင်းများကို စိတ်မရှည်ချင်တော့ ။
သူမဟာ သိပ်ကိုမုန်းချင်စရာကောင်းလော်ကအောင် အငိုသန်လွန်းပါသည်လေ..။
ဒီလိုမျိုး လုပ်ရကောင်းလား ဟုတွေး မိပြန်တော့ အစကတည်း သူက....ဆိုပြီး..... အဆုံးသတ်သွားပြန်သည်။
ဒါ သူရဲ့ မထိမ်းချုပ်နိုင်စွမ်းတော့တဲ့ခံစားချက်တွေကို ဖေါ်ပြတတ်သလို...၊ အို... တစ်ယောက်တည်းပဲဖတ်မိမယ်ထင်ပြီးလုပ်တာဖြစ်မှာပါ.။
အို သူက ငါ့ကို ချစ်သတဲ့ ။
ဘာပဲဖြစ်ဖြစ် သွေးစက်လက်နှင့် ခေါင်းငိုက်စိုက်ချ၍ပြန်သွား သောမြင်ကွင်းကဖြင့် နှလုံးအိမ်တစ်ခုလုံးကို ဖျစ်ညှစ် ဆုတ်ကိုင်ထား သလိုပဲဟုထင်မိ၏။ ဖြစ်နိုင်ရင် မနေ့က တစ်ရက်ကို စာရွက်ဆစ်ရွက်လိုဆွဲဆုပ်ပစ်လိုက်ပြီး ၊ ဖြစ်နိုင်ရင်ခပ်ဝဲ၀ဲအသံတိုးဖွဖွလေားအောက်က ပူနွေးရီဝေစရာ အကြည့်စူးစူးလေးတွေကို ဒီ့အတိုင်း ရပ်တန့်ထား လိုက်ချင်တော့တာပဲဟု တမ်းတမ်းမွတ်မွတ် ကြေကွဲနေမိပြန်လေသည်။
အမှန်တကယ်ဖြစ်သင့်တာဘာလဲ..။ မသိ ဟုချည်းပင်အဖြေကထွက်နေပြန်သည်။
အို တကယ်ဆို လိုက်သွားရမှာ မဟုတ်ဘူးလား..။၊ တစ်ယောက်ယောက်ကို သူ့လိပ်စာသာမေးလိုက်ရင်ဝမ်းသာအားရပေးလိုက်ကြမှာ..။
ဟုတ်တယ် ဘယ်သူတွေဘာပြောပြော ။
အားနည်းနွမ်းပါးလွန်းတဲ့ သူ့ ဘက်က အင်အားတစ်ခုအနေနဲ့...။
ဒါဆို...။
ဒါဆိုရင်တော့...။ သူမကို အင်အားကြီးကြီးနဲ့ဝင်ဆောင့်လာသော...တစ်စုံတစ်ရာများစွာကြောင့် သူမ တုန်လှုပ်လာသွားမိ၏။ ဟင့်အင်း....မဟုတ်ပါဘူး...ငါက ဘာလို့သွားတွေ့ရမှာလဲ.....
ဘာဆိုင်လို့ ငါကသွားတွေ့ရမှာလဲ.....
ဦးခေါင်းတစ်ခုလုံးနောက်ကျိလာပြန်သည်။ အသံကုန် အော်ဟစ်ပစ်ချင်လာမိ၏။
ဧည့်ခန်းထဲမှ အာကျယ်ကြီးနှင့်ရယ်မောနေသော မညိုအသံကြောင့်စိတ်တိုသွားမိပြန်သည်။ သူရှုပ်လို့ ၊ ညကစဉ်းစားထားတဲ့အတိုင်း လုပ်ပစ်လိုက်ချင်တာ၊ နောက်မှ ဖြစ်ချင်ရာဖြစ်အေးရော ဟု ညစ်ကပ်ကပ်တွေလျှောက်တွေးပစ်လိုက်သည်။
“ဟေး မာဥုံမိရေ.. ဒီမှာ ဘယ်သူလဲ လာကြည့်ပါဦး..။ “
စိတ်ရှုပ်ရှုပ်နှင့်ပင် ခေါင်းထွက်ကြည့်လိုက်တော့ ဖေဖေ
ဗြုန်းကနဲ အိပ်မက်ကလန့်နိုးလိုက်သလို လှုပ်ရှားသွားမိ၏။
ရင်ပြင်တစ်ခုလုံး လှိုက်တက်လာပြီး ရုတ်တရက်ကြီးကို ကြေကွဲဝမ်းနည်းလာသလိုမျိုး ၀ရုန်းသုန်းကား ဖေဖေ့ရင်ခွင်ဆီပြေးဝင်ပြီး ရှိုက်ကြီးတငင်ငို မိတော့ ဖေဖေက ကြင်ကြင်နာနာ ပွေ့ဖက်ပေးထား၏။
“သမီးငယ် ဘာလို့ငိုနေတာလည်း ၊ ကလေး မဟုတ်တော့ဘူးနော် ၊ “ ဆိုသော စကားကို
“ဖေကြီးက မလာတာကြာလှပြီ၊ သမီးက လွမ်းတာပေါ့ “ လို့ ချွဲချွဲပျစ်ပျစ် ပြန်ပြောရင်း
ဖေဖေ့အိပ်ထဲမှာ ဘာတွေပါလာသလဲ ရှာဖွေနေမိတော့ မညိုက သူမကို ရယ်စစလှမ်းကြည့်လို့နေပြန်သည်.။
မညိုကို .မျက်စောင်းဝဲရင်း ငါတို့ဆယ်နှစ်တုန်းက အပြုအမူအတွေးအခေါ်တွေဟာ..
အသက်၂၀မှာရယ်စရာကောင်းနေသလိုမျိုးဆိုသောညကပြောသည့်မညို့စကားက
ဗြုန်းကနဲနားထဲတိုးဝင်လာတော့..သူမစိတ်ပျက်ချင်ဖွယ်ရာမျက်ရည်တွေကြားက တခစ်ခစ်ရယ်မောချင်လာသည်.။

+++++++++++++++++++++++++++++++++++++++++++++++

(၈)။

သက်တံ့သည်အရောင်စုံနေသည်..။
လှပစွာကွေးညွှတ်လို့နေသည်..။
ထူးဆန်းပြီးမှော်ဆန်သော အရိပ်အငွေ့များယှက်သန်းလင်းဖြာနေပေလိမ့်ဦးမည် ။
သူမက ထိုသက်တံ့ကို အိပ်မက် မက်ခဲ့ခြင်းသည် အိပ်မက်တစ်ခုသာဖြစ်လေမည်..။
အိပ်မက်ထဲမှာ ရှိုက်ကြီးတငင်ငိုချင်ငိုနေရပေလိမ့်မည်..။
နိုးထလာချိန်တွင် မျက်ရည်များ..ပါပြင်တွင် စိုစွတ်ပူနွေးဆဲ ဖြစ်ချင်ဖြစ်နေပေလိမ့်မည်..။
အိပ်မက်ထဲကဝေဒနာများက နိုးထလာချိန်အထိ နှလုံးအိမ်ထဲနာကျဉ်နင့်နည်းဆဲဖြစ်ပေလိမ့်ဦးမည်...။
ဘ၀ဆိုတာ အိပ်မက်နှင့် ရောစပ်ချုပ်သီထားသော ၀တ်စုံတစ်စုံဖြစ်ကောင်းဖြစ်နေမလား...
အမှန်တကယ့်ကို သူမ ရယ်ရယ်မောမောငိုကြွေးခဲ့ဖူးပါသည်..။


အိန္ဒြာ
(ကလျာမဂ္ဂဇင်း)