အကွက်ဆင်ရင်း အကွက်ရွှေ့ရင်း ကိုယ်တိုင်ချောင်ပိတ်မိနေတဲ့ ကမ္ဘာမြေကြီးကိုထားခဲ့ဖို့
May 4, 2013
နာဆာနောက်ဆုံးတွေ့မယ့် ကမ္ဘာ
အကွက်ဆင်ရင်း အကွက်ရွှေ့ရင်း ကိုယ်တိုင်ချောင်ပိတ်မိနေတဲ့ ကမ္ဘာမြေကြီးကိုထားခဲ့ဖို့
April 7, 2013
ခဏနေ ကျွန်မ ပြန်ခဲ့မယ်…
အဲဒီ့ မျက်ဝန်းအကြည့်တွေနဲ့ ကျွန်မကို လာလာ မရှို့ပါနဲ့..။
ကျွန်မကို တစ်ယောက်တည်း ထားခဲ့ကြပါလား။
ခဏနေ ကျွန်မပြန်ခဲ့မယ်။
ကျွန်မရင်သားတွေ တောင့်တင်းလာပြီဆို…
ဆောက်တည်ရာမရခြင်းတွေထဲ ကျွန်မဘယ်လို ပျက်ကျ သွားသလဲ
ကျွန်မရဲ့ ရိုးတွင်းချဉ်ဆီတွေ ဘယ်လိုအငွ့ပျံကုန်သလဲ
ကျွန်မစိတ်တွေ ဘယ်လောက် လှိုင်းကြီးလေထန်လဲ….
အို…ရှင်မသိနိုင်ပါဘူး..
ရှင်ဟာ ယောကျာ်း တစ်ယောက်ဖြစ်တဲ့ အတွက် ကျွန်မကို အစအဆုံး မဖတ်နိုင်ပါဘူး။
ရှင်ဟာ အဖေ တစ်ယောက် ဖြစ်တဲ့အတွက် အမေတွေကို မကျေညက်နိုင်ပါဘူး။
ရှင် မစိုးရိမ်ပါနဲ့ ၊ ခဏနေ ကျွန်မပြန်ခဲ့မယ်။
ကျွန်မ၀မ်းကြာတိုက်ကနေ အနန္တစကြဝဠာအဆုံး ‘သ’ူ ရနံ့လေး မွှေးမြနေခဲ့တယ်။
သူ့ ပထမဆုံး နှလုံး ခုန်သံကနေ ကျွန်မ နောက်ဆုံးထွက်သက်အထိ ‘သူ’ဂီတလေး သာယာနေခဲ့တယ်။
ကျွန်မ အိပ်မက်ရဲ့ အစ အလည် အဆုံး ကလည်း သူပါပဲ
ကျွန်မ မျှော်လင့်ခြင်းမီးရှုးတန်ဆောင်လေးကလည်း သူပါပဲ။
ခုတော့ ကျွန်မအနာဂါတ် စိုက်ခင်းဟာကျွန်မရဲ့သားအိမ်လို ဟာလာဟင်းလင်းကြီးတဲ့..။
ကျွန်မတီးခတ်နေတဲ့ဘ၀က ဘယ်လိုအသံထွက်မျိုးပါလိမ့်..
ကျွန်မ သွေးသားတွေ လျှံကျ လျောပျက်သွားစေတဲ့ ဓါတ်သတ္တုက ဘာပါလိမ့်..
ကျွန်မအမည်ပေါက် ကံကြမ္မာက တကယ့်ကို လွင်တီးခေါင်ပြင်ပါ..
ကျွန်မ အရူးမီးဝိုင်းပါ။ ဒီအဖြေတွေအားလုံးကို ကျွန်မလိုအပ်တယ်။
ကျွန်မ ဝိညာဉ်တွေတဆုံး အသံကုန် ဟစ်အော်ချင်လာရင်
ကျွန်မ သွေးကြောမျှင်တွေက အစွမ်းကုန် ရှိုက်ငင် ချင်လာရင်
ကျွန်မ သူ့အတွက်ပုခက်ကလေးကို ငြင်ငြင်သာသာလေးလွှဲနေမယ်
ကြည်ပြာရောင် တွန်းလှည်းလေးကို တစ်ယောက်တည်း တွန်းချင်တွန်းနေမယ်
သီချင်းလေးတွေလည်း တိုးတိုးဖွဖွ ညည်းဦးမယ်
သိုးမွှေး ခြေအိပ်ပန်းရောင်လေးကို အပြီးသတ် ချည်ငင်နေလိုက်မယ်
ဟိုးမားရဲ့ နတ်ဘုရားပုံပြင်တွေ ကျွန်မ ရေရွတ်လိုက်ဦးမယ်
ကျွန်မဘယ်တုန်းကမှ ချော့မြှူခွင့်မရခဲ့တဲ့ ထွက်ပြူစ ရှေ့သွားလေးတွေကိုပုံတူရေးချင် ရေး နေမယ်..
မေမေက မင်း တစ်စင်တီမီတာချင်း ကြီးထွားလာတာကို တစိမ့်စိမ့် ကြည်နူးခဲ့သူပါ။
မမေက မင်း အရိပ် အငွေ့လေးနဲ့တင် တစ်ကမ္ဘာတည်နိုင်ခဲ့သူပါ။
မေမေက…။ …မေမေ..က …။ မေ…မေ..က…။ရှင် မစိုးရိမ်ပါနဲ့ ခဏနေ ကျွန်မပြန်ခဲ့မယ်။
အိန္ဒြာ
(15/2/2013)
စတိုင်သစ်မဂ္ဂဇင်း (April'2013)
May 16, 2012
တစ်ထောက်နားပြီး လှည့်ပြန်
January 25, 2012
CASHIER
တစိမ့်စိမ့်တွေးပြီး တဖြည်းဖြည်းရွံရှာလာ ၊ မသဒီစိတ်များ တဝေါဝေါဆန်တက်လာ
စိတ်ထဲကနေ တစ်စစ်စစ်ယားယံလာ ၊ ဘာတွေများစွဲမြဲထင်ကျန်နေရစ်မလဲ
ဘယ်အရာတွေနဲ့ ထိစပ်ပတ်သတ်ခဲ့မလဲ ဘယ်လိုပိုးမွှားတွေများ တွယ်ငြိကပ်ပါလာမလဲ
သူ့မှာစွန်းထင်းပေရေနေတာ ချွေးစက်တွေမှ ဟုတ်ရဲ့လား. သူမှာ နံစော်နေတာ သမ္မာအာဇီဝမှဟုတ်ရဲ့လား
သူဘယ်ကနေ ရောက်လာသလဲ သူဘာတွေ ဖြတ်သန်းလာခဲ့လဲ သူ့သမိုင်းကြောင်းက ဘာတွေလဲ
သမ္မတရဲ့သက်တော်စောင့်ဆီကလား၊ ၀ါးဆစ်ဗုံသံလေးရှေ့က သတ္တုရောင် ပိန်ချိုင့်ချိုင့်ခွက်တစ်လုံးထဲကလား
ပင်စင်စားဆရာအိုကြီးရဲ့ခြံစောင့်ကြော်ငြာဆီကလား၊ ကဒါဖီရဲ့ ဘဏ္ဍာတော်တိုက်ဆီကလား
သူဟာ ကံကံ၏အကျိုးဆီကလား ဘုရားသခင်ရဲ့ အလိုတော်ကျလား အလ္လာအရှင်မြတ်ရဲ့ ဂုဏ်ကျေးဇူးတော်လား
သူဘယ်ကနေလာသလဲ ၊ သူ နောက်ကြောင်းရှင်းရဲ့လား ၊ သူလိပ်ပြာလုံရဲ့လား ၊ သူ့မှာ စွဲထင်နေတာဘာနံ့လဲ
သူ စတိဖ်ရဲ့ နောက်ဆုံးပေါ်ပန်းသီးဆီကလာသလား ၊ လေဒီဂါဂါရဲ့ အတွင်းခံထဲက လာသလား
ရင်လတ်ရဲ့ရေဘေးဒုက္ခသည်တွေဆီကလား ၊ ကင်ဂျုံအီရဲ့ အနုမြူဈေးကွက်ထဲကလား၊
သူဘယ်လောက်နွမ်းနယ်နေပြီလဲ သူဘယ်လောက်မှားယွင်းခဲ့ပြီးပြီလဲ သူဘာတွေလဲလှယ်ယူခဲ့လဲ
သူ့မာကျောမှုအဆင့်က ဘယ်လောက်လဲ သူဖောင်းပွမှုနှုန်းဟာ ဘယ်လောက်မြန်ဆန်လဲ
သူဟာ လောင်းကြေးလား သူဟာဒဏ်ကြေးလား သူဟာလာဘ်လာဘလား သူဟာအလျော်အစားလား သူဟာ အတိုးနှုန်းလား
သူ့အသားအရည်က ဘာရောင်လဲ သူဘာယောင်ဆောင်လာခဲ့တာလဲ ၊ သူဟာ ဘာသာစကားဘယ်နှစ်မျိုးလောက်တတ်သလဲ
သူ ဘယ်ကနေရောက်လာသလဲ ၊ G20 ရဲ့ လျို့ဝှက်အစည်းဝေးဆီကလား ၊ အသေခံဗုံးခွဲသမားရဲ့ သေတမ်းစာဆီကလား ၊
ဆောင်ကြာမြိုင်ထဲက ရယ်သံချွဲချွှဲတွေဆီကလား ၊ အထည်ချုပ်သမလေးရဲ့ နေ့ဖို့ညစာဆီကလား ၊
မျက်ရည်ပေါက်ကြီးငယ်တွေဆီကလား ၊ အခွန်တော်တွေဆီကလား၊ သဘာဝအရင်းအမြစ်တွေဆီကလား၊
ကရုဏာကြေးတွေဆီကလား တစ်ဖက်သတ်စာချုပ်တွေဆီကလား လူမှုထောက်ပံ့ရေး အသင်းအဖွဲ့တွေဆီကလား
ဘယ်ကလာသလဲ ဘယ်ကိုသွားမှာလဲ ဘယ်အထိရောက်ခဲ့သလဲ ဘယ်လိုရှေ့ဆက်မလဲ သူ့မှာ စွဲထင်နေတာဘာတွေလဲ
တစိမ့်စိမ့်တွေးပြီး တဖြည်းဖြည်း ရွှံရှာလာ မသဒီစိတ်များဝေါဝေါဆန်တက်လာ နမ်းကြည့်ရင် ဘာနံ့ရနေလိမ့်မလဲ
စိတ်ကနေစပြီး ယားယံလာ ၊ လက်ဖ၀ါးတွေပါတစစ်စစ် ယားယံလာ ၊ တစ်ဘ၀လုံးလုံး အဆက်မပြတ် ယားယံလာ….
အိန္ဒြာ
(၁၁.၁၁.၁၁)
( 2012 ဇန်န၀ါရီထုတ် ပိတောက်ပွင့်သစ် မဂဇင်း)
December 30, 2011
အရေးပေါ်ကိစ္စ
၂၀၁၁ ကို ဒီကဗျာနဲ့ အဆုံးသတ်လိုက်ရတာ စိတ်မကောင်းစရာပါပဲ။
အရေးပေါ်ကိစ္စအားလုံးကိုလည်း ဒီကဗျာနဲ့ အဆုံးသတ်လိုက်ချင်ပါတယ်။
၂၉ ရက်နေ့မှာဖြစ်ခဲ့တဲ့ ပုဇွန်တောင်ပေါက်ကွဲမှုကိစ္စဟာ ၂၀၁၁ ကို ထွက်ခတ်ခတ်သွားခဲ့ပါတယ်။
ဒီလို အဖြစ်အပျက်မျိုးတွေ မပြီးပျောက်နိုင်သေးဘူးလား..။ ဒီလိုမျိုး သေကြေကြရတဲ့ အသက်တွေ ဘယ်လောက်များနေခဲ့ပြီလဲ..။
ဘယ်တော့မှ အဆုံးသတ်နိုင်မှာလဲ...
၂၀၁၂ ကစပြီး ဗမာပြည်ကြီး ငြိမ်းချမ်းပါစေ။ ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။
အားလုံးနှစ်သစ်မှာ သတင်းကောင်းအသစ်တွေသာကြားရမြင်ရကြပါစေ။
မင်္ဂလာရှိသော သတင်း စာမျက်နှာတွေသာဖြစ်ပါစေ။
++++++++++++++++++++++++++++++++++++++++++++++++
အရေးပေါ်ကိစ္စ
ဥသြသံ
ခေါင်းလောင်းသံ
အချက်ပြ မီးနီ ကတိုက်ကရိုက် မိုင်ကုန်ဖွင့် မောင်းနှင်သံ
ရဟတ်ယဉ်ပန်ကာဒလက်လည်သံ
ရုတ်တရက် ဘရိတ်ဆွဲလိုက်တဲ့ အသံ
ဝရုန်းသုန်းကား အပြေးအလွှားခြေသံ
မြင်ကွင်းတစ်ခု ပွက်ပွက်ဆူနေသံ
သွေးရူးသွေးတန်းဟစ်အော်မြည်ကျွေးသံ
ဘာမှ ထွက်မကျလာနိုင်တော့တဲ့ အသံ
ခနာကိုယ်အစိပ်အပိုင်းတစ်ခု ပြတ်တောက်လွင့်စင်သွားလိုက်သံ
အငမ်းမရ အသက်ရှုသံ
သွေးတပွက်ပွက်ယိုစည်းကျနေသံ
တွဲလက်တွေ ပြုတ်ထွက်သွားတဲ့ အသံ
အစွမ်းကုန် မွန်းကြပ်မှောင်မိုက်နေတဲ့ အသံ
မျှော်လင့်ချက်ကျကွဲသွားတဲ့ အသံ
အနာဂါတ်စုံးစုံးမြုတ်သွားသံ
နှလုံးအိမ်တွေ တဖျစ်ဖျစ် ကျွမ်းမြိုက်တောက်လောင်နေတဲ့ အသံ
ဖလက်မီးပွင့်သွားတဲ့ အသံ
ရီကော်ဒါ ခလုပ်နိုပ်လိုက်သံ
ဂြိုလ်တုမှ လိုက်ဖ်ရှိုး ရိုက်ကူးထုတ်လုပ်ရေး ယန္တရားသံ
အဆင့်ဆင့်သောနည်းပညာတွေ တည်းဖြတ်ကူးဆက်နေတဲ့အသံ
ကာကွယ်ရေး ပညာပေးအစီအစဉ် ဖတ်ကြား သွန်သင်သံ
အဆင့်ဆင့် အမိန့်အရ တပ်လှန့်နိုးဆော်သံ
မျက်ရည်များ ဆုတောင်းများ စိတ်ထောင်းကိုယ်ကျေများ ရောနှောစီးဆင်းပျစ်ခဲသွားတဲ့ အသံ
ရိုးရာမပျက် သ၀ဏ်လွှာစေသံ
ကုလားထိုင်ရွှေ့သံ
ပေါင်မုန့်ကြား ဒိန်ခဲ ညှပ်လိုက်သံ
ရီမုကွန်ထရိုးကိုနှိပ်လိုက်သံ
သတင်းစာ တဖျတ်ဖျတ်လှန်နေသံ၊
အင်တာနင်ကွန်ယက်ချိတ်ဆက်သံ
ရုပ်မြင်သံကြားဖွင့်လိုက်သံ
ကော်ဖီတစ်ကျိုက်ကျိုက်လိုက်သံ
ကမ္ဘာတစ်ခြမ်းက ကမ္ဘာတစ်ခြမ်းကို စုတ်သတ်လိုက်တဲ့ အသံ။ ။
အိန္ဒြာ
( မဂ္ဂဇင်းမှာပါခဲ့ ကဗျာလေးတွေရယ် အသစ်နည်းနည်းရယ် စုပြီးလုပ်မယ့် "ကဗျာရေးသလိုလို" ဆိုတဲ့ ကဗျာစာအုပ်မှာ ပါမယ့်ကဗျာလေးပါ။ မတ်ခ်ျလလောက်မှာ နှစ်ကာလများက ထွက်ပါမယ်။ ဒီကဗျာကို ဂျပန်ဆူနာမီပြီးစက ရေးဖြစ်ထားပါတယ်)

