May 4, 2013

နာဆာနောက်ဆုံးတွေ့မယ့် ကမ္ဘာ



နာဆာနောက်ဆုံးတွေ့မယ့် ကမ္ဘာ

လွန်ခဲ့သော နှစ် သန်းပေါင်း၁သောင်း၃ထောင်
မဟာပေါက်ကွဲမှုသီဝရီ စကြ၀ဠာဆင့်ကဲဖြစ်စဉ် ထဲကမှ
ဂြိုလ်ကြီး ဂြိုလ်ငယ် ဂြိုလ်သိမ် ဂြိုလ်မွှား အစိတ်အစိတ်အမွှာ ထဲကမှ
နဂါးငွေ့တန်းဂလက်ဆီ ထဲကမှ
နေအဖွဲ့အစည်း ထဲကမှ
သက်ရှိမျိုးနွယ်ကမ္ဘာ။

ဦးခေါင်းဆံစ မီးစွဲလောင်မှု ငြိမ်းသတ်ဖို့ ချက်ချင်းလိုအပ်သလို အနာဂါတ်ကမ္ဘာ အတွက် အရေးပေါ်ကိစ္စ
အလင်းနှစ် သန်းပေါင်းများစွာအထိ ပို့လွှတ် ရေဒီယိုအချက်ပြ အသံလှိုင်းများ သက်ရောက် တုန့်ပြန်မှု ရှိ မရှိ
ထောက်လှမ်းရေးဂြိုလ်တုများ လွန်းပျံယဉ်များ အာကာသသုတေသနများ အချိန်နှင့်တပြေးညီသတင်းပေးပို့ချက်များ
၏အစီအရင်ခံစာ။

စကြ၀ာထဲကို ခရီးမဆန့်ရင်လူသားမျိုးနွယ်ဟာ နောင်နှစ် ထောင်ပေါင်းများစွာ ရှင်သန်ဖို့မဖြစ်နိုင်တော့
အာကာသထဲမှာ နယ်မြေသစ်တွေ ရှာဖွေဖို့သာ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်။
(စတီဗင်ဟော့ကင်း၊ ၂၁ရာစု အာကာသစူးစမ်းလေ့လာရေးပညာရှင်)

နဂါးငွေ့တန်းဂလက်ဆီကောက်ရိုးပုံထဲ သက်ရှိတွေနေထိုင်နိုင်မယ့် ဂြိုလ်ကမ္ဘာအပ် ရှာပုံတော်စစ်ဆင်ရေး
နာဆာဟာ နေအဖွဲ့အစည်းအသစ်တွေကိုရှာ
ဟက်ဘစ်တေဘယ်လ်ဇုံတွေရှာ
 ဂြိုလ်တွေကိုရှာ
 ဂြိုလ်ရံလတွေကိုရှာ
ဥက္ကာခဲ ဥက္ကာပျံတွေကိုရှာ
ကယ်ပလာတယ်လီစကုတ်ထဲ ၀င်လာသမျှကို ရှာ။

ကပ်ရောဂါဆန်းမျိုးစုံအမြစ်တွယ်စွဲငြိနေတဲ့ နာတာရှည် ဒီကမ္ဘာကိုထားခဲ့ဖို့
စိတ္တလူသတ်သမားရဲ့ အနုမြူစက်ကွင်းထဲက ဒီကမ္ဘာကြီးကို ထားခဲ့ဖို့
အနံ့အသက် အစွန်းအထင်း အဖာအထေးတွေနဲ့ ကမ္ဘာအဟောင်းကြီးကို ထားခဲ့ဖို့..
နည်းပညာ စိတ်ကြွဆေးစွဲနေတဲ့ ဒီကမ္ဘာမြေကို ထားခဲ့ဖို့
နာဆာဟာနေအဖွဲ့အစည်းအသစ်တွေကိုရှာ

ဖေါက်လွှဲဖေါက်ပြန်ဂေဟစနစ်နဲ့ ကိုယ်ပူရှိန်တညီးညီးတက်နေတဲ့ ဒီကမ္ဘာဟောင်းကို ထားခဲ့ဖို့
သံဝေဂတွေ သံသယတွေချည်း သံသရာလည်နေတဲ့ ဒီကမ္ဘာကို ထားခဲ့ဖို့၊
အယူဝါဒ၊ ဘာသာ နဲ့ မိရိုးဖလာ ကြပ်ခိုးမှိုင်းစွဲကမ္ဘာမြေကြီးကိုထားခဲ့ဖို့
တစ်ခေတ်ပြီးတစ်ခေတ် ဆက်တိုက်နစ်နေတဲ့ ကမ္ဘာကြီးကိုထားခဲ့ဖို့
နာဆာဟာ ဟက်ဘစ်တေဘယ်လ်ဇုံတွေရှာ

ပထမကမ္ဘာ၊ ဒုတိယကမ္ဘာ၊ ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးထဲက တတိယကမ္ဘာ ကမ္ဘာမှန်သမျှကို ထားခဲ့ဖို့
အတုအယောင်ငြိမ်းချမ်းရေးနဲ့ ကမ္ဘာမြေကိုထားခဲ့ဖို့
ကိုယ့်ဇာတ်ကိုယ်မနိုင်တော့တဲ့ ကမ္ဘာအဟောင်းကြီးကိုထားခဲ့ဖို့
လောကပါလနတ် လက်မှိုင်ချနေရတဲ့ ဟောဒီ့ကမ္ဘာကိုထားခဲ့ဖို့
နာဆာဟာ ဂြိုလ်တွေကိုရှာ ဂြိုလ်ရံလတွေကိုရှာ ဥက္ကာခဲ ဥက္ကာပျံတွေကိုရှာ

အကွက်ဆင်ရင်း အကွက်ရွှေ့ရင်း ကိုယ်တိုင်ချောင်ပိတ်မိနေတဲ့ ကမ္ဘာမြေကြီးကိုထားခဲ့ဖို့
ခေတ်ပျက်သူရဲကောင်းတွေများလွန်းနေတဲ့ ကမ္ဘာကိုထားခဲ့ဖို့
သဲတရှပ်ရှပ် အဆီတ၀င်းဝင်း ဒီကမ္ဘာမြေကိုထားခဲ့ဖို့
မျက်ရည်တွေ သွေးတွေ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့ ကမ္ဘာကြီးကိုထားခဲ့ဖို့
နာဆာဟာ ကယ်ပလာတယ်လီစကုတ်ထဲ ၀င်လာသမျှကို ရှာ

(((အကုန်အစင်မော့သောက်ထားပြီးသား ဗူးခွံတစ်ခုကို ခြေမွှကန်ကျောက်ပစ်လိုက်သလို
ဟောဒီ့ ကမ္ဘာအဟောင်းအမြင်းကြီးကို ပစ်ထားရစ်ကြစို့…။)))

နောင်မျိုးဆက်များစွာ အတွက် တစ်ခုတည်းသော နောအေး
စကြ၀ာ အမှတ်တံဆိပ် အထွဋ်အထိပ်သော သရဖူ  
နာဆာ ချိန်ရွယ်ပစ်ခတ်တဲ့ အောင်မြင်မှု စက်ဝိုင်းအလည်ဗဟို၊

နယ်ပယ်သစ်ချဲ့ထွင်ရာမှာ သိပ်လက်ယဉ်တဲ့ လူသားအဟောင်းတွေ အတွက်
စစ်ပွဲအတွေ့အကြုံတွေ ရင့်ကျက်တဲ့ လူသားအဟောင်းတွေ အတွက်
လူသတ်လက်နက်တီထွင်ရာမှာ ပြောင်မြောက်တဲ့ လူသားအဟောင်းတွေ အတွက်
 ဒီ့ထက် ဆန်းကြယ်စရာမရှိတော့တဲ့ အတွေ့သစ် အကြုံသစ် စွန့်စားခြင်းအသစ် ရင်ခုန်လှုပ်ရှားမှုအသစ်

KOI172.02မှအစ Kepler-62f,e တွေမှအစ အလင်းနှစ် ၁၃နှစ်အကွာက သက်ရှိဖြစ်ထွန်းနိုင်ချေရှိ ကမ္ဘာ့ကိုယ်ခွဲအမွှာများ

အဲဒီ့ ကမ္ဘာအသစ်ကို ဟောဒီ့ကမ္ဘာအဟောင်းက  တန်းမြင့် နည်းပညာနှင့် စစ်ကြေငြာမယ့်တော့မယ်။      



အိန္ဒြာ
(၂၊၂၊၂၀၁၃ - ၁၄၊၄၊၂၀၁၃)

1 comment:

ငြိမ်းစိုးဦး said...

ကမ္ဘာအသစ်ကို ဟောဒီ့ကမ္ဘာအဟောင်းက စစ်ကြေငြာ
နာဆာခမျာ ဗူးခွံတစ်ခုကို ခြေမွှကန်ကျောက် ပစ်လိုက်သလို ...