December 30, 2010

၂၀၁၀ မွေးနေ့ လက်ဆောင် ကဗျာ

ဒီနှစ်မွေးနေ့ကိုတော့ ရင်ခုန်ကြည်မွေ့သွားမိပါတယ်..။
မွေးနေ့ ဆုတောင်းကို တကူးတကနံရံပေါ်အထိလာရေးထိုးပေးကြတဲ့၊ SMS တွေ ပို့ ဖုန်းတွေဆက်ပြီး ဆုတောင်း ပေးကြတဲ့ မိတ်ဆွေ မောင်နှမ ညီအစ်မ သူငယ်ချင်း တူတူမ အား.လုံး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် မိပါကြောင်း ရင်ထဲ စိတ်ထဲမှာ အနက်ရှိုင်းဆုံးမှတ်တမ်းတင်ထား လိုက်မိပါတယ်။
တကယ့်ကို ကြည်နူးစရာ နွေးထွေးနူးညံ့တဲ့ ဆက်သွယ်မှုလေးတစ်ခုပါပဲ ၊မမြင်မတွေ့နိုင် တဲ့ အရပ်က မေတ္တာတွေ စီးဆင်း ၀င်ရောက်လာပုံက ဆန်းကျယ်သလောက်သိမ်မွေ့လွန်းပါတယ်။
ချစ်ခင်ရတဲ့ မမြင်မတွေ့ဖူးသော မြင်တွေ့ဖူးသော မိတ်ဆွေ သင်္ဂဟအားလုံး နှစ်သစ်မှာ

""" စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။"""



++++++++++++++++++++++++++++++++++++++++++++++++++++++++
မမ ပေးတဲ့ လက်ဆောင်ပါ ၂၀၁၀ မှာ အဲလို ထပ်တူထပ်မျှ ခံစားမိခဲ့ရပါတယ်..။ မမရေ...အရမ်းကျေးဇူးတင်ပါတယ်.။
++++++++++++++++++++++++++++++++++++++++++++++++++++++++


၂၀၁၀



ကိုယ့်စိတ်ကိုယ်ပြန်မြင်ကြည့်လိုက်တော့ မျက်ရည်စက်လက်နဲ့ ကြည့်လို့မကောင်းဘူး

သုံးချက်ခေါက်လိုက်တဲ့ တုံးမောင်းသံက ခေတ်ဟောင်းအဖြူအမည်းကား နည်းနည်းဆန်တယ်

အဲဒီ ၂၀၁၀ တေးသွားက အဆုံးမှာတောင် မလိုအပ်ပဲ တယောသံခပ်များများနဲ့ .. အီဆွဲနေလိုက်တာ

ပြုတ်ကျအောင် ဖြုတ်မချနိုင်ခဲ့တဲ့ အဲဒီ ဂီတက ရင်နင့်မကျန်ခဲ့တာ ဆန်းသလား ………..



ဒီမှာ ..ကျွန်မက အစွန်းနည်းနည်းရောက်ပြီး .. အဲဒီအစွန်းက ချောက်ကမ်းပါး နည်းနည်း ဆန်တယ် ..

လေနည်းနည်းထန်ပြီး .. အန္တရယ်တွေကိုလည်း ဟန်ကျပန်ကျ ချစ်တတ်တယ် … ဟန်ဆောင်ပန်ဆောင်

ကိုယ့်အတွက် တိတိပပညွှန်းထားတဲ့ ဇာတ်ညွှန်းကျကာမှ စကားလုံးတွေကလာကျွမ်းနေတာ မခက်ဘူးလား

ကတ် …. ကနဲ ဖြတ်ချလိုက်ရမယ့် ဒါရိုက်တာ .. ခင်ဗျား ဘယ်ရောက်နေပြန်တာလဲ …



တစ်နေ့တစ်နေ့ ကောင်းကင်ဆန်ပြရတာ မောပန်းပြာနှမ်း လာတယ် ( မြက်ခင်းစိမ်းစိမ်းတွေမှာက လူတွေအပြည့်နဲ့ )

မြေပေါ်မှာ လဲလျောင်းခွင့်ရနေရင် ဒိထက်ပို ပြုတ်ကျစရာ ဒါဏ်ရာရစရာ ဘယ်မှာရှိတော့မလဲ …

သာသာယာယာရှိနေတဲ့ မြစ်ကမ်းအရောက်မှာမှ ကမ်းပါးထိပ်က ခုန်ချပစ်လိုက်ရတဲ့ ဇာတ်ညွှန်း ..

တဆိတ်တော့ .. လွန်လွန်းနေပြီ …ထင်တယ်



ကိုယ့်ကိုယ်ကို စိတ်ရှည်လက်ရှည် မှတ်လောက်သားလောက်အောင် ဒါဏ်ခတ်မှ ဖြစ်တော့မယ်

ကိုယ့်ကိုယ်ကို ဆုံးမရတာ ဘယ်လောက်ခက်ခဲပင်ပမ်းတယ်ဆိုတာ ခင်ဗျားလည်း သိတာပဲ ..

ကိုယ့်ခေါင်းကိုယ် ဘယ်အတိုင်းအတာထိ မာရေကြောရေ ရှိတယ် ဆိုတာလည်း ကိုယ်တိုင်ပဲသိတာ..

ကိုယ့်နားထင် ကိုယ်သေနတ်နဲ့ ထောက်ပြီးကာမှ ပစ်ရခက်နေတတ်တာကလည်း သဘာဝပဲမဟုတ်လား …



တကယ်ဆို အဲဒီလို ပြန်မြင်ကြည့်ဖို့ မရည်ရွယ်ပါဘူး … ကိုယ့်ဇာတ်ရုပ်လည်း ကိုယ်သိနေလျက်နဲ့ အပိုတွေ ..

ကျိမ်စာတွေ ဗလုံးဗထွေးနဲ့ ဝေးပြီးရင်း ဝေးနေရတဲ့ နံနက်ခင်းတွေက အဓိက ဇာတ်ကွက်လို ထပ်ထပ်လာ

ခုကျမှတော့ ဆေးစပ်လည်းမှား အရောင်လည်း မမှန်တဲ့အကြောင်း ဘာကြောင့်ချူပ်ကြောင်းထပ်ပြောနေမလဲ

အဲဒီလို လွင့်မျောရမယ်မှန်းသိရင် အစတည်းက မိုးတိမ်တစ်ခုအဖြစ်ပဲ ရွာချပစ်ဖို့ ကြိုးစားခဲ့လိုက်ပါတယ် ..


မနော်ဟရီ

December 25, 2010

စိမ်းကားစရာမလိုတော့ဘူး


ကျွန်တော်တို့ စိမ်းကားစရာ မလိုတော့ဘူး
ကံကြမ္မာဆီက တရားသဖြင့်ကိုလုယူဖို့
အဖြူရောင် သက်တံဟာ ဆက်လက်ထွန်းခဲ့ပြီ

ကျွန်မတို့ စိမ်းကားစရာ မလိုတော့ဘူး
ငိုကြွေးတယ်ဆိုတာ လူသားတွေရဲ့ အရှုံးခံအလုပ်သက်သက်မဟုတ်ကြောင်း
သက်သေပြဖို့ အဖြူရောင်သက်တံကို ကောင်းကင်မှာ ချိတ်ဆွဲခဲ့ပြီ

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
လူတို့ ကြယ်တို့ ကလေးတို့ လင်းလက်ဖို့
မေတ္တာရောင်ပြန် လိုတဲ့အကြောင်း

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
ဘ၀ဟာ ကိုယ့်အတ္တအတွက် သက်သက်
ချစ်ဖို့ မဟုတ်တဲ့ အကြောင်း

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
လူဟာ ကောင်းတယ်ဆိုတဲ့ အမြင် မှန်ကန်ကြောင်း

လွန်ခဲ့တဲ့ ရက်ပေါင်း ၄၀၀ က သက်တံဟာ ပြောခဲ့တယ်
စနစ်တကျ စီထားတဲ့ ၀ါကျတွေထက်
နွေးထွေးတဲ့ လက်ဖ၀ါးတစ်စုံ လိုအပ်တဲ့အကြောင်း

လောကမှာ ဘယ်ပုံဘယ်နည်း နေထိုင်ပါလို့
မာသာထရီ က မှာမသွားဘူး
ဘယ်လို ပေးဆပ်ရမယ် ဆိုတာပဲ ပြသသွားခဲ့တယ်

လူတွေကို ဘယ်လိုရက်ရက်စက်စက် မုန်းတီးရမယ်လို့
မဲလ်ကွန်အိတ်စ် က လှုံ့ဆော်မသွားဘူး
ဘယ်လိုချစ်ရမယ် ဆိုတာပဲ သင်ကြားခဲ့တယ်

ဒီလိုနဲ့ ခံနိုင်သမျှ ၀န်ကို သယ်ပိုးရင်း
သက်တံ တစ်စင်းရဲ့ ရေးထွင်းခြင်းခံရသူတွေဟာ
နတ်ဝင်ပူးသလို
စာနာမှုတွေနဲ့ ရူးခဲ့တယ်

ဒီလိုနဲ့ မေသက်နွယ်ကို ဒုက္ခတောထဲက ဆွဲထုတ်နိုင်ခဲ့ပြီ

ဒီလိုနဲ့ မြနဒီလည်း ရယ်စရာမောစရာတွေ ပြောနိုင်ခဲ့ပြီ

ဒါဟာ
လောကရဲ့ နှလုံးသားကို ပွင့်ဝေစေတဲ့ ဂီတတစ်ခု

ဒါဟာ
လူ့ဖြစ်အင်ကို ပြန်သတိရစေတဲ့ စေ့ဆော်မှုတစ်ခု

ဒါဟာ
လောကကို ချစ်ဖို့ အခွင့်ရေးတစ်ခု

ဒါဟာ
လူ့အဖွဲ့စည်းရဲ့ ထွန်းကားတဲ့ ယဉ်ကျေးမှုတစ်ခု

အမျိုးကောင်းသမီးတို့ ပခက်လွဲသောလက်တို့
သောကတွေ ကြောက်ရွံ့ခြင်းတွေ စွန့်ပစ်ပြီ
သက်တံ့ပေါ်မှာ လျှောက်ခဲ့ကြ
ကျွန်မတို့ စိမ်းကားစရာ မလိုတော့ဘူး

အမျိုးကောင်းသားတို့ လူကြီးလူကောင်းတို့
မာန်တွေကို ပစ်ချပြီး
သက်တံတတားပေါ် လှမ်းခဲ့ကြ
ကျွန်တော်တို့ စိမ်းကားစရာ မလိုတော့ဘူး

မေတ္တာတရားကို ရင်ဘတ်နဲ့ ထွန်ယက်စိုက်ပျိုးဖို့
လာသွားစို့

အပြစ်မဲ့ ရင်ခွင်တွေဆီ အကြင်နာ မျိုးစေ့ကြဲဖို့
လာသွားစို့

ဘ၀ဆိုတာ ဓါးတစ်လက်ရဲ့ အရောင်လို
ဖျတ်ကနဲ လက်ပြီးကွယ်ပျောက်သွားရင်တောင်
ဘယ်နေပူပူ ဘယ်မိုးရွာရွာ လာသွားစို့

ကျွန်တော်တို့ စိမ်းကားစရာမလိုတော့ဘူး

ကျွန်မတို့ စိမ်းကားစရာ မလိုတော့ဘူး


ဇော်သက်ထွေး


December 21, 2010

ငါ့မျက်ရည်နဲ့ ကျစ်တဲ့ကြိုး


မနှစ်ကတော့ HIV နဲ့ပတ်သက်တဲ့ ပညာပေးဆန်ဆန်လေးရေးဖြစ်ခဲ့တဲ့ အခိုးအငွေ့တံတားဆိုတဲ့ ၀တ္ထုတိုလေးကို အလှူခံခိုင်းခဲ့ပါတယ်..။
ဒီနှစ်တော့ ပညာပေးပုံစံမျိုး မဟုတ်ဘဲ စိတ်ကူးယဉ်ရေးဖွဲ့ထားခဲ့တဲ့ ၀တ္ထုလေးတစ်ပုဒ်ကိုတင်ပေးလိုက်ပါတယ်.။
ဒီဝတ္ထုလေးက မဟော်သဓါမဂ္ဂဇင်းမှာ စာပေစိစစ်ရေး ကပယ်ခဲ့ပြီး..

မဟေသီမဂ္ဂဇင်းမှာ၂၀၀၆လောက်က ပုံနှိပ်ဖေါ်ပြခွင့်ရခဲ့တဲ့ ၀တ္ထတိုလေးပါ..။
( တင်ဖူးပြီးသားလေးဖြစ်တဲ့ အတွက် ဖတ်ပြီးသူများကျော်သွားပေးကြပါရန်..းP )

+++++++++++++++++++++++++++++++++++++++++++++++++

( ၁ )

တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားကြတဲ့လက်ဖ၀ါးနှစ်ဖက်က တရှိန်ရှိန်အနွေးဓါတ်ဟာ မေတ္တာတွေ ပေါ့မောင်ရဲ့
ကဲ ....ဘယ်လောက်ပဲမှောင်ပစေစမ်း..၊ တို့မေတ္တာနဲ့ အလင်းညှိပြီး အရီးဆက်ကြမယ်..။
အချစ် နာကြင်ရှိုက်ငင်နေတုန်းလား..၊ မလောင်မြိုက်နဲ့တော့ကွယ်..၊ မကြွေကွဲ မနာကျည်းနဲ့တော့၊
မရွံရှာ မကြောက်ရွံ့နဲ့တော့...။Justify Full
ဇနီးမောင်နှံဆိုတာ... တစ်ယောက်မျက်ရည် တစ်ယောက်သုတ်ကြဖို့...။ တစ်ယောက်အမောကို တစ်ယောက် ချွှေး သိပ်ဖို့...။
တစ်ယောက်ဒါဏ်ရာကို တစ်ယောက် ကုစားဖို့...။ဟုတ်တယ်...၊ အမေပြောသလို တစ်ယောက် အသုဘ ကို တစ်ယောက်ချဖို့ ...၊
ဒီစကားလုံးက နည်းနည်း ရက်စက်ပေမယ့် ဘယ်လောက် နက်နည်း သိပ် သည်းသလဲ..၊ ဘယ်လောက်ကြေကွဲ ဆွတ်ပျံ့ ဖို့ ကောင်းသလဲ......။
မောင် .... ဘ၀ဆိုတာမှာ သတိပေး ဆိုင်းဘုတ်ချိတ်မထားတဲ့.. အန္တရာယ်ကွေ့တွေ အများကြီး ပါလားကွယ်..။
ငါတို့အဖြစ်က ဇာတ်မနာနာအောင် ဖြည့်စွက်အရေးခံလိုက်ရတဲ့ ပြဇာတ်တစ်ပုဒ်လိုပါဘဲ..။
ဘာပဲဖြစ်ဖြစ်....မရဏ ဇာတာခွင်နဲ့ မွေးဖွားလာတဲ့ မိန်းမတစ်ယောက်ရဲ့ ဥပဇာမှာ နင်ဟာချွင်းချက်မရှိတဲ့ရွှေထီး လေး ပဲပေါ့..။

+++++++++++++++++++++++++++++++++++++++++++++++

( ၂ )

မောင်..နင်ဒီတစ်ည နှစ်နှစ်ချိုက်ချိုက် အိပ်ပစ်လိုက်ပါတော့....။ ကိုယ့်ရင်ခွင်မှာ ခေါင်းမှီဖြေလျော့လှည့်..၊ ကိုယ့်ရင်ငွေ့နဲ့...မှေးရီနွေးထွေးလှည့်...။ ကိုယ်က အချစ်စစ်ဆိုတဲ့ ပုံပြင် တစ်ပုဒ်ပြောပြလှည့်မယ်လေ...။
မောင် နင်ဟာ ငါ့ချစ်သူ..၊ ငါ့ခင်ပွန်း..၊ ငါ့မိတ်ဆွေ..၊ငါ့အကြီးအမှူး..၊အားငယ်ရှက်ရွံ့တတ်ပြီး ကိုယ့်ထက် တစ်နှစ်စွန်းစွန်းငယ်တဲ့ မောင်က မောင်ဘွားမရှိတဲ့ ကိုယ့်အတွက် မောင်ငယ်လေးလည်း ဖြစ်လိုက်သေးရဲ့....။
ကြည့် ဘယ်လောက် နူးညံ့နက်ရှိုင်းတဲ့ ဆက်သွယ်မှုမျိုးလဲ..။

ဒီည ငါ့ဂီတတွေမချိုနိုင်စွမ်းပေမဲ့....၊ ငါ့ညည်းနွဲ့သံနဲ့ နင်အိပ်စက်စမ်းပါ့ကွယ်...။ နင်က ငါ့နှလုံးအိမ်ထဲမှာ နှစ်ရှည်လများ...အမြစ်တွယ်ရှင်သန်လာခဲ့တဲ့ သက်ရင့်ပင်လေးပါ..။ငါ့ သက်တမ်းရဲ့ခေါက်ချိုးမပြည့်တစ်ပြည့်ဟာ. နင့် စိတ်ကူးတွေနဲ့ချည်း ပြည့်နင့်ခဲ့ပါကော...။
မောင်..ပြန်လှည့်ကြည့်ပါဦး......၊ ဆယ်တန်းဆိုတာ ခုအချိန်ကပြန်ကြည့်ရင် အရမ်းငယ်နေသလို ရှိပေမယ့်....၊
အဲဒီ့အချိန်တုန်းကတော့...၊ ငါတို့ဟာသူရဲကောင်းကြီးတွေပေါ့။
ကိုယ်ဟာ အချစ်ဆိုတာတစ်ခုတည်းနဲ့ မောင့်ရဲ့မွန်ရည်သားနားတဲ့ရုပ်ရည်လေးမှာ... ပျော်ဝင်သွားလိုက် တာ....။

ဟင့်အင်း မခွဲနိုင်တော့ဘူး၊ အေးငါရောဘဲ...။ အဲဒီ့လို စိတ်တူကိုယ်တူ ။
မိဘတွေစိတ်ဆိုးလည်းခဏပေါ့ဟာ...။ အဲဒီ့လို ရဲရဲဝံ့ဝံ့။

ငါတို့ သိင်္ဂါရမြစ်ထဲ နှစ်ဦးသဘောတူ ခုန်ချလိုက်ကြတာ....၊ကူးခတ်ခဲ့ရတဲ့ဝဲဂရက်ကတော့.... လွှတ်ရက်စက်ပေါ့..။
အမေတွေဟာ သိပ်တူတာဘဲနော်မောင်...၊ စိတ်ဓါတ်ရော အသွင်အပြင်ပါ မတူတဲ့အပြင် မျက်နှာကြောပါ နည်းနည်း မတည့်ချင်တဲ့ မောင့်အမေနဲ့ ကိုယ့် အမေဟာ
ပညာတွေ တစ်ပိုင်းတစ်စနဲ့ဆိုတဲ့ မှတ်ချက်တစ်ခုနဲ့ ငါတို့အတွက် အတူတကွ မျက်ရည်ကျ ခဲ့ကြသတဲ့။
ကိုယ်တို့နှစ်ယောက်ကို လိုက်ရှာ..၊ အကျဉ်းရုံးလေးမင်္ဂလာဆောင်ပေးပြီး ၊
အိမ်လေး တစ်လုံးခြစ်ချုပ် ငှားပေးတာဟာ ကိုယ်တို့နှစ်ယောက်အတွက် အကြီးမားဆုံးမိဘမေတ္တာပါပဲ...။
ဟင့်အင်း..........။
အတူရှိနေရတယ်ဆိုတာတစ်ခုတည်းနဲ့ပျော်နိုင်ခဲ့ကြတယ် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++

( ၃ )

ကံ ကံ၏အကျိုးကို မောင်ယုံကြည်နေတာပဲမောင်ရယ်...။
အဲသလိုဆိုလိုက်တော့ အိပ်ယာက အတင်းထူမပြီးဘုရား ၀တ်ပြုခိုင်းရတဲ့ ကိုယ့်ကို မောင်ရယ်မောဦးမှာလား..။
မောင်ပြောသလိုဆို ချစ်မက်စွဲလမ်းရခြင်းဆိုတဲ့ အကုသိုလ်နဲ့ ငါတော့ သံသရာဘယ်လောက် ဆက်ရဦး မယ်မသိပါဘူးကွယ်...။
ဘ၀ဘ၀တွေက ဘယ်နှစ်ကြိမ် ရေစက်ခွက်တွေ အတူကိုင်ခဲ့ကြသလဲ..၊ ငါဟာ မောင့် အတွက်ပဲ ဖြည့်ဆည်း နေ ချင်ခဲ့တယ် ။
မောင်..နင်မေ့နေပြီလား..၊ ထီလှည်းတွန်းတုန်းက မောင်မိုးတွေမိပြီး တိုက်ဖွိုက်ဖြစ်သွား တုန်းကလေ....၊
ငါ အိပ်ယာ ထဲ ဘုန်းဘုန်းလဲတဲ့အထိ မအိပ်နိုင် မစားနိုင် မျက်နှာချင်းအပ်ပြီး စိုးရိမ်ပြုစုပေးခဲ့တာ...။
အေးအတူပူအမျှဆိုတာ.. ဖတ်လို့လှရုံလေး ရေးထားခဲ့တဲ့ စာစုလေးမှ မဟုတ်တာဘဲကွယ်..။
မောင် ဒီအလုပ်ကိုရပြီးတော့ ကိုယ့်ကို အူရားဖါးရား ပြေးပြောခဲ့တုန်းကရယ်...၊ ပထမဆုံးရတဲ့လစာကို ကိုယ့်ကို အကုန်ပေးပြီး ကိုယ့်ဘေးမှာ ကခုန်နေခဲ့တုန်းကရယ်......။
ကိုယ့်တစ်ကိုယ်လုံးကြက်သီးဖျမ်းဖျမ်းထအောင် မြတ်နိုးလိုက်ရတာ....။
မောင် .... ကိုယ်တို့ဟာ နတ်ရေးတဲ့ဖူးစာဖက်ပဲ ၊ သေချာတယ်။
အံမယ်.....ငါလည်းစက်တော်တော်ချုပ်တတ်နေပါပြီနော်....။ဟာ ဒါဆို ငါတို့ဝင်ငွေတွေမနည်းတော့ပါလား...။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အားပါးတရ ရယ်မောလို့ ။
ပန်းရလူကြမ်း ၀င်လုပ်ခဲ့ရတဲ့နေ့ရက်တွေ၊ တွန်းလှည်းနဲ့ ထီလိုက် ရောင်း ခဲ့ရတဲ့နေ့ရက်တွေ ၊
ဖရဲသီး တွေစိတ် ၊ကြံတွေဆစ်ပြီး ရောင်းခဲ့ရတဲ့နေ့ရက်တွေ ကျန်ရစ်ခဲ့ပြီ သိလား.........။
မောင် ငါတို့မှာ အမောတွေ မရှိနိုင်တော့ဘူး..........။ ကြည်နူးစရာကြီး ပါလား...ကွယ် ။
မိန်းမရေ မောင်တို့ သမီးလေးကိုခေါ်ဖို့ နီးစပ်လာပြီပေါ့နော်တဲ့..။
သမီးလေးဆို မောင့်သမီး ၊သားလေးဆို မ..သား လို့ မောင်က ခုကတည်းက ခွဲခြားနေချင်ခဲ့တာ.....။
အို ငါကတော့ သားသမီးယူနိုင်တဲ့ အင်အားရှိပြီးဆိုရင်-
သားလေးဖြစ်ဖြစ်..
သမီးလေးဖြစ်ဖြစ်
ချစ်မှာပဲ....ကွယ်..။

++++++++++++++++++++++++++++++++++++++++++++++++++++++++
( ၄ )

ဘ၀ ဘ၀ က ဒေါသမောဟတွေကို စုပြီးလိမ်းကျံတားသလိုမျိုး မောင့်သူဌေးမျက်နှာကြီးကကြောက်စရာကြီးလို့ ကိုယ်ပြောတော့ မောင်က ကိုယ့်ထိပ်ကိုပုတ်ပြီးရယ်တယ်..။
မောင့်ကိုတော့ အရေးပေးပါတယ်တဲ့ ၊
အဲဒါကိုယ်တို့နှစ်ယောက်အတွက်ငရဲတံခါးဝဆိုတာတို့ဇနီးမောင်နှံနှစ်ဦးစလုံးနည်းနည်းမှမတွေးထင်မိခဲ့ကြပါလားကွယ်..။
သိပ်ဒေါသကြီးတာပဲ ၊ ကားတွေ မောင်တို့ကားကို ကျော်သွားရင်ဖြစ်ဖြစ် ၊လမ်းကြောင်း မှားဝင်လာ ရင်ဖြစ်ဖြစ် တစ်တစ်ခွခွ ဆဲတော့တာပဲကွာ..၊မောင်တော့ ကားမောင်းတာ သတိကြီးကြီးထားမောင်းနေရတယ်..။
သူက မထင်ရင်မထင်သလို ဆွဲထိုးပစ်တာတဲ့။
အိုး.... ပြန်သာထိုးပစ်ခဲ့ ။
သူရောက်နေတဲ့အဆင့်အတန်းMDဆိုတဲ့ ဂုဏ်ထူးဝိသေသနဲ့များ။ မောင် အဲဒီကတည်း က ဒီလူကြီးရဲ့ အရူးစိတ် ကို တို့ ခန့်မှန်းခဲ့မိဖို့ကောင်းတာနော်..။ ဒါပေမယ့် သိပ်ရက်ရောတာနော် မ... သူ့မန်နေဂျာကို ကားနဲ့ ၊ ဟမ်းဖုန်းပေးထားတာဗျာ...။
အဲဒီ့လိုလေးများ ပေးထားရင်သိပ်ကောင်းမှာပဲလို့ ကိုယ်မိုက်မိုက်မဲမဲ တောင့်တခဲ့ မိသေးရဲ့..။

မောင်သိလား...ဘ၀ဆိုတာသာ ၀တ္ထုစာအုပ်တစ်အုပ်ဆို ဒီစာမျက်နှာတွေကို ငါ ဆွဲဆုတ်ပြီး မီးတင် ရှို့ပစ်လိုက်မှာ
အဲဒီ့စာရေးဆရာကို ငါ ပက်ပက်စက်စက် ကျိန်ဆဲပစ်လိုက်မှာ.....။
မောင် မန္တလေးကို တစ်ပတ်လောက်လိုက်သွားရမယ်တဲ့လေ။
အပိုကြေးပေးမယ်လို့ပြောတယ်...။
မိန်းမကလည်း ကွာ..၊ ပိုက်ဆံကို ရတုန်းယူထားမှပေါ့..။
မရေ... စက်ကြီးတောက်လျောက်ချုပ်မနေနဲ့နော်...။
နာရီဝက်တစ်ခါလောက် လမ်းထလျောက် ..။ အားဆေး လည်းသောက်ဦး ..။
ညအိပ်ရင် တံခါးတွေ သေချာစစ်ပြီးမှအိပ်၊
မီးပျက်လို့ ဖယောင်းတိုင်ထွန်းရင် ငြှိမ်းဖို့မမေ့နဲ့ဦး...။ ဘုရာမှန်မှန်ရှိခိုးနော်......။
မဆုံးနိုင်တော့တဲ့ မှာတမ်းရှည်ကြီးကို မောင်က အနမ်းနဲ့ အနားသတ်တော့ ၊ ကိုယ် ငိုချင် လိုက်တာမှ ကွယ်.။
ကိုယ့်ဆံနွယ်တွေကို တစ်ချက်ဆွဲမွှပြိး ခပ်လေးလေးထွက်သွားတဲ့ မောင့်ကျောပြင်ကို ငေးပြီး .. ပြေးလိုက် သွား ချင်လိုက်တာ..။
မောင် အဲဒီ့အချိန်ကတည်းက ငါ့ရင်ထဲမှာ လေးလံနင့်နည်းနေခဲ့တာ...။ အဲဒီ့အချိန်ကတည်းက ငါ့စိတ်တွေ ကြပ်တည်းမောဟိုက်နေခဲ့တာ ...။
ဒီလိုတော့ ဘယ်ထင်တတ်ခဲ့မလဲ....။
မောင့်လမ်းခရီး....
ဘုရား..၊ဘုရား....။
မောင် နင်မမှာလည်း ငါ ဘုရားမှန်မှန်ရှိခိုးခဲ့မှာပါကွယ်....။ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++
( ၅ )

ဒီအဖြစ်အပျက်သာ လက်ဆောင်တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်တံတွေးတောင် လှည့်မထွေးဘူးသိလား..။
ဒီအဖြစ် အပျက် သာ အိမ်မက်တစ်ခုဖြစ်ခဲ့ရင် ကိုယ်အိပ်ယာက ငုတ်တုတ်ထထိုင်မျက်နှာနာနာသစ်ပြိး တစ်သက်လုံး ပြန်မအိပ်ပဲ နေပစ်လိုက်မှာပဲ..ကွယ်..။ ကံကြမ္မာက ကိုယ်တို့နှစ်ယောက်ကို ပက်ပက်စက်စက် ကြီး စီရင်ပစ်လိုက်တယ်..။
မောင်ရယ်လေ...၊တစ်ပစ်လောက်ကြာမယ်ဆိုပြီးနှစ်ရက်လောက်အကြာမှာပဲအပြေးအလွားပြန်ရောက်လာခဲ့တယ်။
ကိုယ့်ရင်မှာခေါင်းတိုး ကျုကျုပါအောင် ငိုချပစ်လိုက်တာ...။
မောင် နင်ဘာဖြစ်လာတာလည်း.. ပြော ..ပြော ၊ မိန်းမကိုပြောစမ်း..။ နင်ဘာဖြစ်လာခဲ့တာလည်း....။
ကိုယ့်နှလုံးသားဟာ လက်ကြမ်းကြမ်းကြီးနဲ့ ဖျစ်ချေခံထားလိုက်ရသလိုမျိုး...။
သိလားမိန်းမ.၊ မောင်တို့သူဌေးက အခြောက်ကြီး..။ နှစ်ဘက်ချွန်ကြီး
ဟင်..မောင် ဒီလောက်ယောက်ကျားပီပီသသ ကြမ်းကြမ်းတမ်းတမ်းကြီးကို....။
ဟုတ်တယ်သူဟာယောက်ျားစစ်စစ်တွေထက်တောင် ယောက်ျား ပီသနေလိုက်သေးတယ်။
အရက်သောက်တယ် ၊မကောင်းတာလည်းတော်တော်လိုက်စားတယ်..။
လောင်းကစားကိုလည်း နည်းနည်းဝါသနာ ပါသေးတယ်။
အိမ်ထောင်နဲ့ ကလေးနှစ်ယောက်လည်းရှိတယ်တဲ့ ......။
မောင်..ဟုတ်ရဲ့လားဟယ်.....။
ဟာ..ကွာ...။
မောင်ရဲ့အသံဟာ အကြီးအကျယ် ဒါဏ်ရာရလာတဲ့ သားကောင်တစ်ကောင်
မာန်ဖီညည်းညူနေသံလို မာထန်လှုပ်ခတ် နေခဲ့တယ်။
ကိုယ့်ကို ကြည့်နေတဲ့မျက်လုံးတွေမှာတောင် စိမ်းစိမ်းဝင်းဝင်း လက်လို့ ။
တစ်လမ်းလုံး မင်းကတော်တော်ချောတဲ့ကောင်ပဲ..၊ မင်းသားလို့ခေါ်ရမယ်ဆိုပြီး အရောတ၀င် လက်ပွန်းတတီး နေတာကို မောင်ကတော့ အဟုတ်ကြီးမှတ်လို့..။
ရောက်တဲ့ညပဲ သူအရက်သောက်တော့ ဟေ့ကောင် မင်းသားသောက်ဆိုပြီးအတင်းတိုက်တယ် ။
မောင်က မသောက်တတ်ပါဘူးဆိုတော့ မင်းယောက်ကျားမဟုတ်ဘူးလား သောက်၊
ခုသောက် ငါ သောက်ခွက်ဆွဲထိုးပစ်လိုက်လို့နဲ့မူးမူးရူးရူးနဲ့ဆဲဆိုပြီး၊ရိုက်မောင်း၊ပုတ်မောင်းလုပ်လာတော့ မောင်လည်းသောက်လိုက်ရတယ်..။
မိန်းမမောင်သစ္စာဆိုရဲတယ်သိလား..။မောင်တော်တော်ကြီးမူးသွားခဲ့တာလား..၊
မောင်ဘာတွေဖြစ်သွားလည်း၊ သိကိုမသိတော့ဘူး..။
မောင်လည်း အရက်မူးဖူးတာပဲ ၊အဲဒီ့လိုမျိုးလည်းမဟုတ်ဘူး....။
ကိုယ်အသက်မရှုမိဘူးထင်ပါရဲ့ မောင့်လက်ကိုတင်းတင်းကြပ်ကြပ် ဆုတ်ချေထားမိတယ် ။

အဲဒါဆေးဝါးတွေဖြစ်မှာပေါ့..၊ မောင်အဲဒါ ဆန်းကြယ်ရက်စက်တဲ့ ဆေးဝါးတွေနေမှာပေါ့၊
ဆန်းကြယ် ရက်စက်တဲ့ ဆေးဝါးတွေ၊ ဆန်းကြယ်ရက်စက်တဲ့ နည်းပညာတွေ၊
ဆန်းကြယ်ရက်စက်တဲ့ ရူးနှမ်းမှုတွေ..။
ဘ၀တွေ ဘ၀တွေကို ဘယ်လောက် နင်းချေဖျက်စီး ပြီးပြီလည်း....။

မောင်မှတ်မိလိုက်တာ....၊ မောင် သူ့အခန်းထဲမှာ.....၊ သူလေ မိန်းမလျာသံကြီးနဲ့....၊
သူ... သူ လေ မိန်းမကြီးလိုနွဲ့ပြီး.....၊
မောင့်ကို ။
မောင်ကို .......
ငါ မောင့်ကို ဆောင့်တွန်းမိလိုက်တာလား....။
ကိုယ့် ခန္တာတစ်ခုလုံး ပေါက်ကွဲလွင့်စင်ထွက်သွားသလိုမျိုး... ရင်ပြင်က လပ်ခနဲဟာသွားပြီး.နေရမှာတင် ပုံရက်သားကျသွားခဲ့တယ်....။
မောင့်အသံဟာ ရှိုက်သံဝါးဝါးကြားမှာ မကြားရက်စရာ တုန်ယင်ကွဲအက်နေခဲ့တယ်..။
နုနယ်ဖြူစင်တဲ့ မောင်မျက်နှာလေးဟာ သွေးတွေဆမ်းထားသလို နီမြန်းထူအမ်းလို့။
ကြည့်စမ်း ငါသိပ်မြတ်နိုးတဲ့ ၊ သိပ်ကိုရိုးသားပျော့ပျောင်းတဲ့ ယောက်ကျားတစ်ယောက်အတွက်
ဘယ်လောက် ကြေကွဲရှက်ရွံ့လိုက်ရမဲ့ အဖြစ်အပျက်လဲ။
ဘယ်လောက် ဆိုးဝါးနာကျင်စေလိုက်မဲ့ ရက်စက်မှုမျိုးလည်း...။
ဗြုန်းဆို ကိုယ်.. မောင့်ကို ရင်ခွင်ထဲ မှာ ၀ှက်ထား ပစ်လိုက်တယ်..။
မောင်..မောင်လေ..၊ အိပ်ယာကနိုးတော့ အဲဒီ့လူကြီးကို ဆောင့်တွန်းပြီး ပြေးထွက်လာခဲ့တယ်..။
မောင် .. နင် တစ်ခါတည်းသတ်ပစ်ခဲ့ရမှာ သိလား..။
မောင်အခန်းကိုရောက်တော့ မောင်နဲ့တစ်ခန်းထဲငှားပေးထားတဲ့သူ့မန်နေဂျာကစိတ်မသက်သာတဲ့ပုံစံနဲ့မောင့်ကို စောင့်နေခဲ့တယ်..။
သူဟာအရာရာကိုသိနှင့်နေပုံပေါ်နေတယ်။ မောင်သူ့ကို ဘာတွေပြောမိမှန်းမသိအောင် အော်ဟစ်ဆဲဆိုပစ် လိုက်မိတယ်..။
သူက မောင်ပြောသမျှကို ငြိမ်ပြီးနားထောင်နေခဲ့ရှာတယ်..။
သွားမယ် ကျုပ်ရန်ကုန်ပြန်မယ်၊ ခင်ဗျားတို့ တဏှာရူးအခြောက် ကြီးပိုင်တဲ့ အလုပ်မှာ တစ်စက္ကန့်တောင် မနေဘူး..။
ဆိုတော့....။
မ မန်နေဂျာက မောင့်ကို ဘာပြောတယ်မှတ်လဲ...၊ မောင့်ကို ဘာတွေပြောလိုက်တယ်မှတ်လဲ...။
အို.. ဒီလောက်စက်ဆုတ်စရာ ရူးသွပ်မှုကို ငါဘယ်လို ဥာဏ်မှီနိုင်မှာလည်းမောင်ရယ်..။
မောင့်အတွက်တဲ့..၊ မောင့်အတွက် လမ်းစရိတ် တဲ့ ၊ ငွေတွေအထုပ်လိုက်ပဲသိလား..။
မောင် အဲဒီ့ လူမျက်နှာကို အဲဒီ့ငွေတွေနဲ့ပိတ်ပေါက်ပစ်ခဲ့မိတယ်....။
မောင်ရွံလွန်းလို့။ အဲဒီ့ငွေတွေကို ရွံလွန်းလို့...။
ဟုတ်တယ်..။ ရွံစရာကြီး မောင်၊ ယူမလာခဲ့နဲ့...။

အဲဒီ့ငွေတွေကိုတွေ့ရင် ငါတော့ အော့အန်ပစ်မိမှာပဲ..။
ကြည့်စမ်း...ငွေတွေဟာတစ်ချို့အခြေအနေမှာအော့အန်ပစ်ချင်လောက်အောင်ရွံစရာလည်းကောင်းတတ်မှန်း အခုမှသိတယ်နော်....။

သူ က ေ လ...
မောင့်ကို
မောင့်ပုခုံးလေး ကိုင်ပြီး....
ညီလေး ဆေးစစ်ကြည့်လိုက်ပါ။ ကိုယ်လည်းဆေးကုနေရတယ်....တဲ့။ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++


(၆ )

မောင် .. အိပ်ပျော်ပြီလားကွယ်...။ နှစ်နှစ်ချိုက်ချိုက် ဒီတစ်ည တော့ မောင်.....အိပ်ပစ်လိုက်ပါတော့..။
လမင်းကိုကွယ်ထားတဲ့ နက်ပြာရောင်တိမ်တိုက်ကို လရောင်က ရွေရောင်အနား ကွပ်ပေးထား တယ်ရှာတယ်။
ကောင်းကင်နဲ့တစ်ဝှမ်းတလဲ့လဲ့ထင်နေတဲ့ ကြယ်စင်တွေဟာ ကိုယ်တို့ပရိဒေ၀ကိုများ ညွှန်းဆိုလေရော့ သလား...။
မနက်ဖန်ဆိုတာ နာရီပိုင်းလေးပဲလိုတော့တယ်မောင်ရဲ့...။
တကယ်ဆို ဘ၀ဆိုတာလည်း တစ်အောင့်လေးပါပဲ..။
အဲဒီ့တစ်အောင့်လေးမှာ... ငါတို့ ချွင်းချက်မရှိချစ်ခင်မြတ်နိုးခွင့်ကို ရခဲ့ကြတယ်..။
အကန့်အသတ်မရှိတဲ့ ပေးဆပ်ဖြည့်ဆည်းခွင့် ရခဲ့ကြတယ်...။ အကြားအလပ်မရှိ ယုယ ကြင်နာခဲ့ကြတယ်....။
ဘယ်လောက်များ ကုသိုလ်ကံကောင်း ခဲ့ကြလည်းကွယ်...။
ပြုသူ အသစ် ဖြစ်သူ အဟောင်းတဲ့ ...။
ဘုရား... ဘုရား.. သူ့အတွက် ဘယ်လောက်ကြောက်ရွံ့ ထိတ်လန့်ဖို့ကောင်းလိုက်တဲ့ ၀ဋ်နာကံနာကြီးလဲနော် ...။
ကိုယ်တို့ ၀ဋ်ကျွေးတွေကို တော့ ဒီတစ်ဘ၀မှာပဲ အပြီးပေးဆပ်လိုက်ကြတာပေါ့...။
မောင်ရယ်...နင်ဘာကိုများ အားငယ်ကြေကွဲနေတာလဲ..၊ စိုးရိမ်တုန်လှုပ်နေရတာလဲ..။
လူတွေရဲ့ စွမ်းဆောင်နိုင်အားကိုကျော်သွားရင် အားကိုးစရာ သစ္စာတရားဆိုတာရှိသေးသတဲ့....
ကိုယ့်ရဲ့..သစ္စာ
မောင့်ရဲ့သစ္စာ
ကိုယ်တို့ မေတ္တာတရားရဲ့ သစ္စာ.....
အဲဒီ့ သစ္စာတရားရဲ့ဆေးဖက်ဝင်မှုနဲ့ မောင့်မှာ ဘာ..
အနာတရ...မှ.............။

အို....
မောင်ရေ.. မောင်ဘာမှမဖြစ်ဘူးသိလား.....၊အဖြေက Negative တဲ့ ၊ မောင်စိတ်ချမ်းသာတော့..၊
မောင် ပျော်ပျော်နေတော့..။
အဖြေစာရွက်ကတော့ ကိုယ် ခါးပိုက်နှိုက်ခံ ရတဲ့အထဲပါ သွားတယ်ကွယ် ..... ဆိုတာမျိုးဖြစ်ဖြစ်

.ပြောလိုက်လို့ ..ရတာ...ပဲ....လေ......။


အိန္ဒြာ

December 13, 2010

ဒီဇင်ဘာကို စောင့်နေခဲ့တဲ့ ပန်းချီ


ရွက်ကြမ်းရေကြိုလေးတောင် နှင်းမပါတော့တဲ့ ဒီဇင်ဘာ အ၀ါတွေ
စိတ်ဆန့်ရာ ခရီးအတိုင်း လိုက်လံ အုံ့ ပြာနေတတ်သော ကိုယ်ထူကိုယ်ထဒဏ်ရာများ
သိပ်မောလွန်းလို့ ဒီဇင်ဘာကို သွားလိုရာ သွားခွင့်ပြုလိုက်မိတဲ့ အထိ
အိပ်မက်တွေကို အလန့်တကြား လွှတ်ချမိခဲ့တယ်..

ကိုယ်စောင့်မနေချင်တော့ဘူး ဒီဇင်ဘာရယ်
ဒီရာသီမှာ ဘာပန်းတွေ ပွင့်တတ်သလဲတောင်မေ့လျော့
ဒီရာသီမှာ ဘာလက်ဆောင်တွေရတတ်ခဲ့ပါလိမ့်
ဒီရာသီမှာ လေပြည်တွေ စွာစွာရိုင်းရိုင်းရှိနေတတ်ခဲ့သေးသလား
ဒီရာသီမှာ အစိမ်းရောင်တွေ တဝေါဝေါ စီးဆင်းနေခဲ့တာကတော့ သေချာတယ်

ဒီဇင်ဘာ ပစ်ချလိုက်တဲ့ လက်ဆောင်ထုပ်က အနီရင့်ရောင်ပါ
ဒီလက်ဆောင်ထုပ်ထဲက မရေမတွက်နိုင်သော နောက်ထပ်လက်ဆောင်များ
အဲဒီ့လက်ဆောင်တွေကို ဖွင့်ဖေါက်နေချိန်လို
မှန်းဆရင်ခုန်ခြင်းဆိုတာ ဘ၀ကို ခပ်ဆတ်ဆတ် မောင်းနှင်နေတဲ့အရာတွေပါတဲ့..

ဘယ်တော့များ ကိုယ့်ကိုယ်ကို ပြန်မိမှာတဲ့လဲ
တကယ်ဆို ခေါင်းလောင်းသံတွေ ချိုလွင်သာယာယုံလောက်ပါ
တကယ်ဆို ကိုယ့်ကောင်းကင် ကြည်ပြာလင်းလဲ့ယုံလောက်ပါ
တကယ်ဆို ကိုယ့်ဥယျာဉ် နှင်းဆီဖူးပွင့်ယုံလောက်ပါ..

အဲဒီ့လိုနဲ့ပဲ......
ညိုမှောင်ခြောက်သွေ့ တကိုယ်ရည် စာအုပ်ထဲ
တိတ်တဆိတ် လောင်ကျွမ်းခြင်းဆေးသားရောင်စုံများ
ဒီဇင်ဘာရောက်တိုင်း...
ဒီဇင်ဘာကို စောင့်နေခဲ့တဲ့ ပန်းချီအကြောင်း
ကိုယ်တိုင် ကောက်ကြောင်း ဆွဲထားမိခဲ့ပေါ့။ ။


အိန္ဒြာ


အစ်မ မနော်ဟရီရဲ့ ဒီဇင်ဘာကို စောင့်နေခဲ့ဖူးတယ် ကဗျာလေးဆီကနေ စီးဆင်းလာခဲ့တဲ့ ခံစားချက်သက်သက် ကဗျာလေးတစ်ပုဒ်ပါ။

မမ မွေးနေ့အတွက် အမှတ်တရလေးအဖြစ်ပေါ့ ။
( ချစ်သော အစ်မ မနော်ဟရီ အတွက် အကောင်းဆုံးဆိုသော ဆုမွန်များစွာဖြင့်..)

December 11, 2010

လှူကြဦးစို့လား ( သုခရိပ်မြုံမှသည် - ၃ )

ဒီနှစ် မိတ်ဆွေ ညီအကိုမောင်နှမတွေ စုပေါင်းပြီး လှူဒါန်းကြမယ့် အလှူဒါနပွဲလေးအတွက် ဒီဇင်ဘာ(၁)ရက်နေ့ကနေ ဒီဇင်ဘာ(၁၁)ရက်နေ့ ဒီနေ့အထိ ကောက်ခံရရှိထားတဲ့ ငွေတွေကို
စာရင်းပထမအရစ်အဖြစ် တင်ပြပေးလိုက်ပါတယ်ရှင်..။

သုခရိပ်မြုံနဲ့ပါတ်သက်တဲ့ သတင်းအချက်အသေးစိတ်လေးတွေကို အောက်မှာဖေါ်ပြပေးထားတဲ့ Link လေးတွေမှတဆင့် ၀င်ရောက်ဖတ်ရှုနိုင်ကြောင်းလည်း ထပ်မံ သတင်းကောင်းပါးအပ်ပါတယ်။

အလှူငွေတွေကို နိုင်ငံအလိုက် ဖေါ်ပြပေးထားပါတယ်
ရရှိတဲ့ငွေများကို နိုင်ငံအလိုက် ငွေပေါက်ဈေးများအတိုင်း ဖေဖေါ်ဝါရီလမှာ သုခရိပ်မြုံအပြင် HIV နဲ့ပတ်သက်တဲ့
ဆေးရုံ လူမှုအဖွဲ့အစည်းတွေ ကိုပါ လှူဒါန်းသွားကြဖို့ ရည်ရွယ်ထားကြပါတယ်.။


နိုင်ငံအလိုက်ဆက်သွယ်လှူဒါန်းနိုင်တဲ့သူတွေနဲ့ ဖုန်းနံပါတ်တွေကိုလည်း ထပ်မံဖေါ်ပြပေးလိုက်ပါတယ်ရှင်..။

+++++++++++++++++++++++++++++++

ဖတ်ရှုနိုင်တဲ့ LINK လေးတွေကတော့

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၂
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၃
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၎
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၅

++++++++++++++++++++++++++

၁.၁၂.၂၀၁၀ မှ ၁၁.၁၂.၂၀၁၀ အထိလက်ခံရရှိပြီးသော အလှူငွေစာရင်း

စင်ကာပူနိုင်ငံမှရရှိထားငွေနှင့် ဆက်သွယ်လှူဒါန်းနိုင်သူများ

၁)ကိုဝင်းဇော်လှိုင် အိန္ဒြာ S$ ၁၅၀
၂)လင်းဒီပ S$၁၀၀
၃)မိုးကြယ် S$၁၀၀
၎)စင်ကာပူရောက်မြန်မာလူငယ်များ S$၁၀၀
၅)သိရိဆု S$၅၀
၆)မေမြတ်သွယ် S$၃၀
၇)ပန်ဒိုရီ ပန်ဒိုရာ S$၅၀
၈)သန့်ဇင်ဦး S$၂၀
၉)ဂျွန်မိုးအိမ် S$၂၀
၁၀)မိုးကုတ်သား S$၅၀
၁၁)ဖိုးစိန် S$၅၀
၁၂)ဖလ်နေ၀န်း S$၅၀
၁၃)ဇွန်မိုးစက် S$၃၅
၁၄)ကိုကျော်နိုင်ဆွေ+မယုယုစံS$၅၀
၁၅)မသန္တာဝင်း S$၃၀
၁၆)ကိုမျိုးမင်း+မတည်ကြည် S$၁၀၀
၁၇)မယ်ကိုး S$၅၀
၁၈)ကိုဖရက်ဒီဟိန်း S$၂၀
၁၉)ကိုဝင်းသန့်နောင်S$ ၁၂
၂၀)မလှလှဝင်း S$၂၀
၂၁)မဇာခြည်လှမောင် S$၃၀
၂၂)မစံစံဝင်း S$၁၀
၂၃)မချိုမာညွန့် S$၃၀
၂၄)ကိုထွဋ်တင်အုန်း+ မအေးစန္ဒာS$ ၅
၂၅)ကိုဇော်မင်းဦး S$၁၀
၂၆)မမို့မို့အေး S$၁၀
၂၇)မခင်သူဇာထွေး S$၁၀
၂၈)မမြတ်သက်ခိုင် S$၁၀
၂၉)မနေခြည် S$၂၀
၃၀)ဝင်းပပဖေသိန်း S$၁၀
၃၁)ကိုဇော်မင်းဦး S$
၁၀
၃၂)ကိုဘိုဘိုဝင်း(ရနံ့သစ်စားသောက်ဆိုင်)
S$၁၀၀
၃၃) ဆရာမ မနော်ဟရီ နှင့် သားများ Zephyr ၊ ခေတ်နေS$၁၀၀
၃၄)Zephyr နှင့် ရည်မွန်S$၁၀၀
အလှူရှင်(၃၄)ဦးထံမှ အလှူငွေ စင်ကာပူဒေါ်လာ ( ၁၅၄၂)ရရှိထားပါတယ်.။
++++++++++++++++++++++++++++++++++

ဂျပန်နိုင်ငံမှရရှိထားငွေနှင့် ဆက်သွယ်လှူဒါန်းနိုင်သူများ


သင်းသင်းထွဋ် (၀၈၀ ၄၁၁၃ ၁၈၇၅)
ခင်လေးငယ် (၀၈၀ ၂၀၃၂ ၇၁၄၈ )

၁)ဒေါ်မေညို ¥၈၀၀၀
၂)မခွန်သဒ္ဓါ ¥၅၀၀၀
၃)ကိုကျော်ဇေယ+မမေသဲဖြူ ¥၄၀၀၀
၎)ဖိုးခွားလေး(ခ)စောကောင်းသန့် ¥၅၀၀၀
၅)အမည်မဖော်လိုသူ စေနာရှင် ¥၅၀၀၀
၆)ကိုဇော်ဝင်းမြင့်+မသက်သက်အောင် ¥၅၀၀၀
၇)ကိုပြည့်စုံ+မတင်တင်မိုး သမီး ထက်နန္ဒာ။သား သုခပြည့်စုံ ¥၂၀၀၀
၈)ကိုအောင်မျိုးသိမ်း ¥၂၀၀၀
၉)ဦးမြသောင်း+ဒေါ်ယဉ်ယဉ်မြင့် မိသားစု ပဲခူး ¥၅၀၀၀
၁၀)ဦးမျိုးမြင့်+ဒေါ်ဘေဘီနွဲ့ မိသားစု ¥၁၀၀၀၀
၁၁)ကိုအောင်အောင်+မဖြိုးဖြိုး ¥၂၀၀၀
၁၂)ကိုမျိုးမင်းမင်းအောင်+မမေသူအောင် ¥၂၀၀၀
၁၃)သင်းသင်းထွဋ် ¥၅၀၀၀
၁၄)ဥမ္မာထွန်းဖေ ¥၁၀၀၀
၁၅)မြမြမိုး ¥၁၀၀၀
၁၆)ရဲထွဋ်စိုး ¥ ၅၀၀၀
၁၇)ပန်းယုမွန် ¥၂၀၀၀
၁၈)သွဲ့သွဲ့အောင် ¥၃၀၀၀
၁၉)ခိုင်စိုး+သဲမြတ်စု ¥၃၀၀၀
၂၀)ရဲလင်းထက် ¥၃၀၀၀
၂၁)သင်းသင်းနွယ် ¥၃၀၀၀
၂၂)ဖြူ ဖြူကြွယ် ¥၃၀၀၀
၂၃)ကိုဇော်ဇော်အောင် ¥၃၀၀၀
၂၄)နိုင်ရဲသူ ¥၂၀၀၀
၂၅)ကိုဝင်းသိန်းထွဋ်+မတင်ဌေးလှိုင် သမီး မိုမိုချန် ¥၂၀၀၀
၂၆)ဖြိုးဝေ ¥၃၀၀၀
၂၇)ကိုဟန်မျိုး ¥၅၀၀၀
၂၈)ကိုဝေလင်းအောင် ¥၃၀၀၀
အလှူရှင်(၂၈)ဦးထံမှ အလှူငွေ ဂျပန်ယန်း ( ၁၀၂၀၀၀)ရရှိထားပါတယ်.။

++++++++++++++++++++++++++++++++++


အိန္ဒိယနိုင်ငံမှရရှိထားငွေနှင့် ဆက်သွယ်လှူဒါန်းနိုင်သူများ

အရှင်ကုဏ္ဍလ
A Shin Kondala
Univerisy of Jammu
Nehru Hall Boys Hostel
Room- 144, Jammu-180006,Jammu&Kishmir,India,
Phone- No +91 9697510037

၁)အရှင်ကုဏ္ဍလRS ၁၀၀၀
၂)ဒေါ်ခင်မမ မိသားစု (ရွှေမန်းမေ အထည်ဆိုင်) RS ၅၀၀
၃)မဖြူစင် - ( ရန်ကုန်)၁၀၀၀၀Kyats.
၎ )ဆရာတော် ဦးဇောတိဿရ- (ပုသိမ်)၁၀၀၀၀ Kyats
၅ )ဆရာတော် ဦးကုဏ္ဍလ- (ကျောင်းကုန်း) ၁၀၀၀၀ Kyats.
၆)မောင်မင်းမင်းစိုး မိသားစု- ( တောင်ငူ) ၅၀၀၀Kyats

အလှူရှင်(၆)ဦးထံမှအလှူငွေအိန္ဒိယရူဘီ(၁၅၀၀)နှင့်မြန်မာငွေကျပ်(၃၅၀၀၀)ရရှိထားပါတယ်.။

++++++++++++++++++++++++++++++++++

ကိုရီးယားနိုင်ငံမှရရှိထားငွေနှင့် ဆက်သွယ်လှူဒါန်းနိုင်သူများ

စာပေချစ်မြတ်နိုးသူများ ( ၀၁၀ ၂၂၆၉၁၇၈၈)
Yမြစ်ချို (၀၁၀ ၈၇၁၄၇၀၁၉)

၁)ကိုရီးယားနိုင်ငံစာပေချစ်မြတ်နိုးသူများ မြန်မာငွေကျပ် ၂၀၀၀၀၀

++++++++++++++++++++++++++++++++++

မလေးရှားနိုင်ငံမှရရှိထားငွေနှင့် ဆက်သွယ်လှူဒါန်းနိုင်သူများ

ခရေတွန်(၆၀ ၁၆၆၀၄၀၄၀၀) craton1990@gmail.com
မိုးမမလွင်(၆၀ ၁၂၂၀ ၁၄၇၃၃)

၁) မိုးမမလွင် မလေးရင်းဂစ် RM၁၀၀
၂)ကရေတွန် US$၃၀၀

ထိုင်းနိုင်ငံမှာ ဆက်သွယ်လှူဒါန်းနိုင်သူများ
ကိုဆန်နီ (၀၈၁၅၆၇၇၃၄၀)
ထိုင်ဝမ်နိုင်ငံမှာ ဆက်သွယ်လှူဒါန်းနိုင်သူများ
မြစ်ကျိုးအင်း (၈၈ ၆၉၅၃၇၀၅၆၂၅)

++++++++++++++++++++++++++++++++++++++++++++++

ဒီအောက်က ပိုစ့်လေးကတော့ မနှစ်က သုခရိပ်မြုံ အလှူနဲ့ပတ်သက်တာလေးတွေကို မသိကြသေးသူတွေသိရအောင် ပြန်တင်ပေးချင်ပါတယ်..။

မနှစ်က လှူကြတဲ့ နိုင်ငံပေါင်း(၉)နိုင်ငံက အလှူရှင်(၁၁၁)ဦးက လှူဒါန်းခဲ့ကြတာပါ။
စာရင်းကိုတော့ သာဓု ထပ်မံခေါ်ဆိုနိုင်ကြဖို့ အောက်မှာ ဖေါ်ပြထားပေးပါတယ်..။
အလှူရှင်စာရင်းကို ဆိုဒ်ဘားမှာ ဒီနှစ်လိုပဲ UP DATE လုပ်တင်ပေးထားပြီး
ပိုစ့်အနေနဲ့လည်း မကြာခဏဖေါ်ပြခဲ့ပါတယ်..။
Email တွေနဲ့လည်း ကာယကံရှင်တွေ လက်ထဲရောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
လက်ဆင့်ကမ်း ပြီး ပို့ပေးခဲ့ပါတယ်.။

အလှူငွေလွှဲတဲ့နေ့က ဒီလိုလေးရေးပြီး ပိုစ့်တင်ခဲ့ပါသေးတယ်။

ဒီနေ့ ၂၀၁၀ခုနှစ်၊ဇန်န၀ါရီ(၃၁)ရက်နေ့မှာပဲ မြန်မာပြည်ကို ငွေလွှဲပြောင်းလိုက်ပါတယ် ။ စင်ကာပူနိုင်ငံနဲ့ နိုင်ငံအရပ်ရပ်မှ စုစုပေါင်း အလှူရှင် (၁၁၁) ဦးထံက စင်ကာပူဒေါ်လာ(၆၄၈၂.၇၅)တိတိ ရရှိထားပြီး၊ ယနေ့ စင်ကာပူငွေလွှဲနှုန်းပေါက်ဈေးအရ ငွေကျပ် လေးဆယ့်ခုနှစ်သိန်း(၄,၇၀၀,၀၀၀ိ/) တိတိရရှိပါကြောင်း ၀မ်းမြောက်ကြည်နူးဖွယ်ရာ သတင်းကောင်းပါးလိုက်ပါတယ်..။

ရသမျှပိုက်ဆံအားလုံးကိုအဲဒီ့နေ့ပေါက်ဈေးနဲ့ (၃၁.၁.၂၀၁၀)နေ့မှာ စင်ကာပူနိုင်ငံ ရွှေရတနာ ငွေလွှဲကနေတဆင့် စာရေးဆရာမ မနော်ဟရီထံကို တိုက်ရိုက်လွှဲအပ်ခဲ့တာပါဖြစ်ပါတယ်။

ဆရာမမနော်ဟရီက ( ဧည့်ခံစရိတ်အတွက် ကုန်ကျငွေပါစိုက်ထုတ်ပြီး) လျှပ်တပြက်ဂျာနယ်တိုက်မှာ အခမ်းအနားလေးတစ်ခုနဲ့ သုခရိပ်မြုံမှတာဝန်ခံ ဒေါ်အေးအေးမြင့်ထံ (၁၁-၂-၂၀၁၀)နေ့မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်.။

အခမ်းအနားလေးလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လူပေါင်း ၁၁၁ ယောက်
နိုင်ငံပေါင်း ၉ နိုင်ငံ
တစ်ဦးနဲ့တစ်ဦး မြင်ဖူးတွေ့ဖူးခြင်းမရှိဘဲ
အတူတူ ကုသိုလ်ယူ လှူဒါန်းကြရတာ ဖြစ်တဲ့ အတွက်
အားလုံး ထင်ထင်ရှားရှား ကျေကျေနပ်နပ် သာဓုခေါ်ဆိုနိုင်ဖို့
စာနယ်ဇင်းသမားများရှေ့မှာ သတင်းပေး လှူဒါန်းခဲ့တာဖြစ်ပါတယ်.

ဒီပွဲလေးမှာ ဆရာမ မနော်ဟရီက

မနှစ်က ဒီဇင်ဘာတစ်ရက်က အိန္ဒြာက သူ့ဘလော့ခ်ကနေ HIV ကူးစက်ခံ မိဘမဲ့ကလေးတွေအတွက် တစ်ခုခုလုပ်ပေးချင်တယ်ဆိုပြီး ရတီမှာပါခဲ့တဲ့ သူ့ဝတ္ထုတိုလေးနဲ့ ပို့စ်တစ်ခု တင်ပြီး
အလှူငွေ စကောက်ခဲ့ပါတယ် ။

ကျွန်မတို့လည်း အလှူငွေတွေဝိုင်းထည့်ခဲ့ကြပြီး
ဒီဇင်ဘာတစ်ရက်ကနေ ဇန္နဝါရီ ၃၁ရက်ထိ ကောက်ခံခဲ့တာမှာ အလှူငွေ ၄၇သိန်းရခဲ့ပါတယ်။ စင်ကာပူ၊ဂျပန်၊မလေး၊ဆိုက်ပရပ်စ်၊ဒူဘိုင်း၊ကာတာ၊ထိုင်း အမေရိကန် စတဲ့ နိုင်ငံတွေက စာရေးတဲ့ စာဖတ်တဲ့သူအလှူရှင်(၁၁၁)တွေက ဝိုင်းဝန်းလှူဒါန်းထားတဲ့အလှူငွေများဖြစ်ပါတယ်။
တကယ်တော့ ဒီလူတွေက တစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ ကလေးတွေအပေါ် ဂရုဏာသက်မှု
အိန္ဒြာရဲ့ စာတစ်ကြောင်း စာတစ်ပုဒ်ကြောင့် ရလာတဲ့ ဂရုဏာနဲ့ ဝိုင်းဝန်းလှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ နောက် အလှူငွေကို လွှဲအပ်ဖို့အတွက် ဗမာပြည်ပြန်လာမယ့် ကျွန်မကို အကူအညီတောင်းတာကြောင့် ကျွန်မ တာဝန်ယူပြီး ဒီအလှူငွေတွေကို အားလုံးကိုယ်စား လှူဒါန်းပေးရတာဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က အလှူရှင်ပေါင်း ၁၁၁ ဦး စုပေါင်းလှူဒါန်းတဲ့ငွေဖြစ်သည့်အတွက် အားလုံးလည်း ရှင်းလင်းသွားအောင်၊ သာဓုလည်းခေါ်နိုင်အောင် ဒီလို စာနယ်ဇင်းလူကြီးတွေရှေ့မှာ ခုလို အလှူငွေပေးအပ်ပွဲလေးလုပ်ပြီး ပေးရတာ ဖြစ်ပြီး နောက်နှစ် ဒီလိုအချိန်မှာလည်းဒီလို အလှူလေးတစ်ခုဆက်လုပ်သွားနိုင်ဖို့ ကြိုးစားကြပါ ဦးမယ်။ "

လို့အဲဒီ့ပွဲလေးမှာ အမှတ်တရစကားပြောပေးခဲ့ပါတယ်.။

၂ လတိတိ အပင်ပန်းခံပြီးနိုင်ငံပေါင်းစုံမှ မိတ်ဆွေအပေါင်းအသင်းများကို ဖုန်း Email များနဲ့ဆက်သွယ်ပြီး စိတ်ရောကိုယ်ရောနှစ်ပြီး ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ကြပါတယ်..။
အလှူလေးအထမြောက်သွားတော့လည်း စိတ်ပင်ပန်း လူပင်ပန်းသမျှတွေပျောက်သွားရပြီး ဖေါ်မပြတတ်အောင် ၀မ်းသာပိတိတွေဖြစ်ကြရပါတယ်..။

မေတ္တာ စေတနာ ကရုဏာတွေ နဲ့ စိတ်တူကိုယ်တူလှူဒါန်းခဲ့ကြတဲ့ ပွဲလေးမို့ နတ်လူသာဓု ခေါ်နိုင်ကြမယ်လို့လည်း ယုံကြည်မိပါတယ်..။

မနှစ်က အလှူနဲ့ပတ်သက်လို့ဖြစ်စေ ဒီနှစ်အလှူနဲ့ ပတ်သက်လို့ဖြစ်စေ မရှင်းလင်းတာ သိချင်တာများရှိခဲ့ရင်
အိန္ဒြာ ( PH:65 91796542 ) eaindra.mm@gmail.com ကို အချိန်မရွေး တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်လို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ် ။

မြန်မာပြည်ကို ဆက်သွယ်မေးမြန်းချင်ရင် ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းချင်ကြတယ်ဆိုရင်တော့.

အမှတ် ( ၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။
(မထသ ၃၆ ဘတ်စ် အစိမ်း၊ တံတားထိပ်မှတ်တိုင်ရှေ့)
တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ် ။ ။
တာဝန်ခံ ဒေါ်အေးအေးမြင့် ၅၈၁၉၅၅ နဲ့

(၁) ဆရာမဒေါ်သန်းမြင့်အောင် (၀၉-၉၉-၂၈၅၄၉ ,၂၀၅၄၅၁)
(၂) ဒေါက်တာ ထားထား ( စုထား ) suhtar@gmail.com တို့ဆီ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဒီစာကတော့ သုခရိပ်မြုံကို ဦးစီးခေါင်းဆောင်လုပ်ခဲ့တဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ရေးလိုက်တဲ့ စာလေးပါ..။


ဒီပုံလေးကတော့ ဆရာမ မနော်ဟရီက အလှူငွေလွှဲပြောင်းပေးအပ်နေတာဖြစ်ပါတယ်..။






ဒီပုံလေးကတော့ တာဝန်ခံဆရာမ ဒေါ်အေးအေးမြင့်မှ ၁၁၁ ယောက်သော အလှူရှင်တွေနဲ့ တာဝန်ယူလှူဒါန်းပေးသူတွေကို ကျေးဇူးတင်စကားပြောနေတဲ့ပုံလေးပါ..။


လွှဲပြောင်းပေးလိုက်တဲ့ ချက်လက်မှတ်ပါ






ကျေးဇူးတင်လွှာ

စိတ်ထက်ထက်သန်သန် မေတ္တာ ကရုဏာများနဲ့ လှူခဲ့ကြတဲ့ အလှူရှင်များရဲ့စာရင်း အသေးစိပ်ကိုတော့ ကျွန်မတင်ပေးထားတဲ့ လင့်ခ်လေးတွေက တဆင့်ဝင်ရောက် ဖတ်ရှုသာဓုခေါ်နိုင်ကြပါတယ်ရှင်။

၂၀၀၉ မှာ လှူဒါန်းခဲ့ကြသူများ အခု ၂၀၁၀ မှာ ထပ်မံလှူဒါန်းကြသူများ
ထပ်မံတိုးပွားလာတဲ့ အလှူရှင်များနဲ့ ထက်ထက်သန်သန် ၀ိုင်းဝန်းအလှူခံပေးကြတဲ့ ညီအကိုမောင်နှမ သူငယ်ချင်းမိတ်ဆွေ တွေအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း...........


အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။

ခင်မင်လေးစားစွာ

အိန္ဒြာ





















December 5, 2010

လှူကြဦးစို့လား ( သုခရိပ်မြုံ မှသည် -၂ )

မေတ္တာတွေ စေတနာတွေ စာနာမှုတွေ ကွန်ယက်တစ်ခုလို ချိတ်ဆက်လှူဒါန်းကြတဲ့ ပွဲလေးကို လှူဒါန်းကြဖို့အတွက် အချိန်(၂)လ ရသေးတော့ ခင်မင်ရသော မိတ်ဆွေ မောင်နှမများ အားလုံး အေးအေးဆေးဆေး လှူဒါန်းနိုင်ကြပါတယ်။
လောလောဆည် လှူဒါန်းကြသူတွေနဲ့ စာရင်းပေးထားတဲ့ သူတွေကို ဆိုဒ်ဘားမှာတင်ပေးထားပြီး
ယခင်နှစ်က တင်ခဲ့တဲ့ ပိုစ့်လေးတွေကိုပါ အလွယ်တကူဖတ်လို့ရအောင် အောက်မှာဖေါ်ပြပေးထားပါတယ်ရှင်..

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၂
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၃
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၎
သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ - ၅

ဆရာမြင့်မိုးအောင်ရေးစပ်ထားတဲ့ ကဗျာလေးကိုပါ ထပ်တူထပ်မျှခံစားနိုင်ကြဖို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေဦး..


**************************************

ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ


ကလေးတစ်ယောက် ငိုနေတယ်
ချိုင့်ခွက်များတဲ့ လမ်းပေါ်မှာ သူချော်လဲသွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
လွယ်အိတ်အပေါက်ထဲကနေ
သူ့ခဲတံလေးကျပျောက်သွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
ညစာချက်ကျွေးမယ့် သူ့အမေ
အိမ်ပြန်နောက်ကျလို့နေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခုတိမရပ်သေးတဲ့ မိုးသဲထဲမှာ
သူအဖျားနဲ့ချမ်းနေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခွေးတစ်ကောင်လိုက်လို့ ပြေးရင်းနဲ့
သူရောင်းနေတဲ့ ဖရဲသီးဗန်းကလေး
သဲတွေထဲကို ကျသွားတယ်

မင်းလဲကြားရတယ် ငါလဲကြးရတယ်
ကလေးတစ်ယောက် ငိုနေတယ်
အနားမှာလဲကြားရတယ် အဝေးကလဲကြားရတယ်
ကလေးတစ်ယောက် ငိုနေတယ်

မငိုပါနဲ့တော့ ကလေးရယ်
နှစ်သိမ့်စကားလေးတစ်ခွန်း
တစ်ယောက်ကပြောလိုက်တယ်
မငိုပါနဲ့တော့ ကလေးရယ်
နွေးထွေးတဲ့လက်တစ်ဖက်
တစ်ယောက်ကကမ်းလိုက်တယ်

တစ်ယောက်က တွေးမိတယ်
အလင်းရောင်တွေ မဖြန့်ကျက်ခဲ့ဘဲ
ဘယ်ကြယ်စင်လေး တစ်ပွင့်မှ
ကမ္ဘာမြေကို စွန့်ခွာမသွားသင့်ဘူး

တစ်ယောက်က တွေးမိတယ်
မွှေးရနံ့တွေ မလွှင့်ထုတ်ခဲ့ဘဲ
ဘယ်ပန်းပွင့်လေးတစ်ပွင့်မှ
ကမ္ဘာမြေကို ချန်ရစ်မထားခဲ့ဘူး

တစ်ယောက်ပြောဖူးတယ်
အလင်းဆုံးကြယ်စင်တွေတောင်မှ
တိမ်ညိုတွေနောက်မှာ အကြာကြီး
လမ်းပျောက်မသွားအောင် ခရီးဆက်ရအောင်

တစ်ယောက်ကပြောဖူတယ်
အမွှေးဆုံးပန်းပွင့်တွေတောင်မှ
မုန်တိုင်းတွေကြားမှာ အကြာကြီး
ကြွေကျမသွားအောင် အားတင်းကြရအောင်

ကလေးရေ ခြေတစ်လှမ်းလောက်
ရှေ့ကိုလှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ နည်းနည်းတော့ပြောင်းသွားမှာ
ခြေတစ်လှမ်းလောက် နောက်ထပ်လှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ ပိုပြီးတော့ပြောင်းသွားမှာ

ခြေလှမ်းတွေအများကြီးရောက်တဲ့အခါ
ကမ္ဘာအသစ်တစ်ခု မင်းရှေ့ကိုရောက်လာမှာ
ကမ်းနေတဲ့လက်ကို ဖမ်းဆုပ်ကာ
ခြေတစ်လှမ်းလောက် လှမ်းလိုက်ပါ.....

မြင့်မိုးအောင်

(ဒီကလေးငယ်လေးတွေအတွက် ရန်ပုံငွေရှာဖွေပေးခဲ့တဲ့ အဖြူရောင်သက်တံ့ ကဗျာရွတ်ဆိုပွဲမှာ
ရီဝေယံ၊ အေးဝတ်ရည်သောင်း စတဲ့အနုပညာရှင်တွေက ရွတ်ဆိုခံစားပေးထားတဲ့ကဗျာလေးတစ်ပုဒ်ပါ)

December 2, 2010

လှူကြဦးစို့လား....(သုခရိပ်မြုံ မှသည်....)

ကမ္ဘာ့ ( AIDS ) နေ့ကိုရောက်လာခဲ့ပြန်ပါပြီ..။
မနှစ်ကဒီလိုအချိန်မှာပဲသုခရိပ်မြုံHIV ကူးစက်ခံမိဘမဲ့ကလေးများ ဂေဟာအတွက်
စုပေါင်းလှူဒါန်းခဲ့ကြတာလည်း တစ်နှစ်ပြည့်မြောက်ပါတော့မယ်.။

အဲဒီ့အလှူငွေစုစုပေါင်း ၄၇ သိန်း ကို သူခရိပ်မြုံဂေဟာလေးမှာ အထွေထွေ ၀န်ဆောင်မှုတွေမှာ အသုံးပြုခဲ့နိုင်တယ်လို့ သိရပါတယ်.။

ဒီနှစ်လည်း ဒီလိုပဲ မိတ်ဆွေ ညီအကိုမောင်နှမတွေ စုပေါင်းပြီး ထိထိရောက်ရောက်
လှူဒါန်းနိုင်မယ့် အလှူမျိုးလေးနဲ့ စုပေါင်းလှူဒါန်းကုသိုလ်ယူကြပါဦးစို့လို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

အခုမနှစ်ကလှူဒါန်းခဲ့တဲ့အလှူငွေဖြတ်ပိုင်းဓါတ်ပုံလေးတွေကိုပါသာဓုခေါ်ဆိုနိုင်ဖို့ထပ်မံတင်ပြပေးလိုက်ပါတယ်..။

အလှူငွေတွေကို မြန်မာပြည်မှာ စာရေးဆရာမ မနော်ဟရီက အစစအရာရာ ကုသိုလ်ဖြစ် တာဝန်ယူလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်..။

ဒီဖြတ်ပိုင်းလေးတွေကတော့ အလှူငွေလက်ခံရရှိကြောင်းနဲ့ ကျေးဇူးတင်မှတ်တမ်းလေးတွေပါ။




ဒီသတင်းလေးကို အသေးစိတ်ပြန်သိချင် ဖတ်ချင်တယ်ဆိုရင်တော့ သုခရိပ်မြုံ ဆိုတဲ့ ကဏ္ဍလေးမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်..။
ညီအကိုမောင်နှမတွေက ထင်တာထက်ပိုပြီး အားတက်သရော လှူဒါန်းခဲ့ကြလို့ ကျေးဇူးတင်ဝမ်းသာရသလို ခုချိန်အထိတောင် ဖုန်းဆက်ပြီး မြန်မာပြည်ပြန်ရင်း လှူနိုင်ဖို့ သုခရိပ်မြုံရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ကို စုံစမ်းကြသူတွေ ရှိနေတုန်းပဲမို့ အများကြီး ကျေနပ်ပိတိဖြစ်လို့မဆုံးပေါ့..

ဒီနှစ်တော့ ကလေးဦးရေ ၆၀ အထိတိုးလာပြီး ကလေးလေး ၃ ယောက်ကိုတော့
လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ စိတ်မကောင်းဖွယ်ရာ ကြားသိရပါတယ်။

မေတ္တာတွေ စေတနာတွေ ကွန်ယက်တစ်ခုလို ချိတ်ဆက် ပေါင်းစည်းမိလိုက်ကြတဲ့ အလှူပွဲလေးတစ်ပွဲပါပဲ..။
တစ်ယောက်နဲ့တစ်ယောက် လူချင်းတွေတောင် မသိကြ မမြင်ဘူးကြတဲ့ ဒီ(၁၁၁)ယောက်ဟာ
ကုသိုလ်တွေ အတူတူရရှိခဲ့ကြပြီး သာဓုတစ်ပြိုင်တည်းခေါ်ဆိုခွင့်ရရှိခဲ့ကြပါတယ်.။

" ဘာပဲဖြစ်ဖြစ် တကယ်လိုအပ်နေတဲ့သူတွေလက်ထဲအရောက် အလှူငွေ ထည့်အပ်နိုင်ခဲ့တာအတွက် လှူဒါန်းသူတွေရော ကြားသိရတဲ့သူတွေပါ ကျွန်မနဲ့ထပ်တူ ကျေနပ်ဝမ်းမြောက် သာဓုခေါ်နိုင်မယ်လို့ ယုံကြည်နေပါတယ်.။"

ဒီနှစ်တော့ သုခရိပ်မြုံဂေဟာကိုတင်မဟုတ်ဘဲ ကောက်ခံရရှိတဲ့ငွေပေါ်ကို မူတည်ပြီး
HIV နဲ့ပတ်သက်တဲ့ ဆေးရုံတွေ ၀န်ဆောင်မှုတွေအပြင်
အလားတူ စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့တွေကိုပါ သွားရောက်လှူဒါန်းကြဖို့ စီစဉ်မျှော်လင့်ထားပါတယ်..။


တစ်ဒေါ်လာတိုင်းဟာ မြန်မာငွေ ၇၀၀ - ၈၀၀ နဲ့ညီမျှတော့ တစ်ဒေါ်လာပဲထည့်ရင်တောင် ထမင်းတစ်နပ်စာတော့ ပံ့ပိုးပေးလိုက်နိုင်မှာပါ။

ဒီလိုနဲ့ပဲ မနှစ်က နိုင်ငံအရပ်ရပ်က အွန်လိုင်းစာဖတ်သူတွေ စာရေးသူတွေ စေတနာရှင်တွေ (၁၁၁)ဦးရဲ့ နည်းနည်းချင်းဆီ စုပေါင်းကြရာကနေ ၄၇သိန်းဆိုတဲ့ ငွေပမာဏဖြစ်တည်လှူဒါန်းနိုင်ခဲ့ကြတာပါ.။

ဒီနှစ်အတွက်၂၀၁၀ဒီဇင်ဘာ(၁)ရက်နေ့ကနေ ၂၀၁၁ ဇန်န၀ါရီလကုန်အထိ
"၂လတိတိကောက်ခံပြီး "
ဖေဖေါ်ဝါရီလထဲမှာ လှူဒါန်းကြမှာဖြစ်ပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်တဲ့သူတွေကတော့

စင်ကာပူနိုင်ငံမှာ


အိန္ဒြာ ( ၉၁၇၉၆၅၄၂)
မိုးကုတ်သား( ဘိုဘိုဟန်ထွန်းနိုင်) (၈၁၁၈၉၁၆၀)
မယ်ကိုး(၈၂၃၉၂၇၆၄)
ရီနိုမာန်(၉၀၀၄၆၀၂၂)

အိန္ဒိယနိုင်ငံမှာ
အရှင်ကုဏ္ဍလ
A Shin Kondala
Univerisy of Jammu
Nehru Hall Boys Hostel
Room- 144, Jammu-180006,Jammu&Kishmir,India,
Phone- No +91 9697510037

မလေးရှားနိုင်ငံမှာ
ခရေတွန်(၆၀ ၁၆၆၀၄၀၄၀၀)

ထိုင်းနိုင်ငံမှာ
ကိုဆန်နီ (ဖုန်းနံပါတ်ကို ထပ်မံတင်ပြပေးပါမည်။)

ထိုင်ဝမ်နိုင်ငံမှာ
မြစ်ကျိုးအင်း (၈၈ ၆၉၅၃၇၀၅၆၂၅)

ကိုရီးယားနိုင်ငံမှာ
စာပေချစ်မြတ်နိုးသူများ ( ၀၁၀ ၂၂၆၉၁၇၈၈)
Yမြစ်ချို (၀၁၀ ၈၇၁၄၇၀၁၉)

ဂျပန်နိုင်ငံမှာ

သင်းသင်းထွဋ် (၀၈၀ ၄၁၁၃ ၁၈၇၅)

ခင်လေးငယ် (၀၈၀ ၂၀၃၂ ၇၁၄၈ )



တို့ကနေတဆင့် ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ကြပါကြောင်း..

ဒီနှစ်တော့ Facebook မှာပါ တင်မှာဖြစ်တဲ့ အတွက် ဖုန်းဆက်လို့ဖြစ်စေ Facebook မှာ message ပို့ပြီးတော့ဖြစ်စေ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း

အလှူငွေကောက်ခံရရှိတဲ့ အလှူငွေစာရင်းတွေကို Blog နဲ့ Facebook တွေမှာ တင်ပေးသွာမှာဖြစ်ပါကြောင်း..
မိတ်ဆွေ မောင်နှမ ညီအစ်မများကို လေးစားစွာ သတင်းကောင်းပါးအပ်ပါတယ်ရှင်.။


အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။

အိန္ဒြာ

November 26, 2010

ချစ်ခြင်းတစ်ဆယ့်ရှစ်ရာသီ

***
တငြိမ့်ငြိမ့်ရင်ခုန်သံတွေက ချစ်ခြင်းမေတ္တာကို သိမ်သိမ်မွေ့မွေ့ မောင်းနှင်သွားခဲ့တာ..
နိုဝင်ဘာတွေထဲက ၂၆ ရက်မြောက်တစ်နေ့တာဟာ..၀ါရည်ရွှေလဲ့လို့
အဲဒီ့နေ့ပွင့်တဲ့ ပန်းပွင့်တိုင်းက ပန်းနုရောင်ရနံ့တွေချည်း သင်းထုံယစ်မူးနေခဲ့တယ်..။
လတ်ဆတ်ပျိုမြစ်နေတဲ့နုလုံးအိမ်ထဲမှာ အချစ်ဟာ ချက်ချင်း ဖူးငုံသီးပွင့်သွားခဲ့ပေါ့..
ဝင်သက်ထွက်သက်တွေကတောင် ချိုမြနေခဲ့တာများလား....
တိုးတိုးဖွဖွ လေသံဖျဖျလေးအောက်မှာ..အရှက်ကလေးတစ်ရှက်က မခို့တရို့ခေါင်းငုံ့လို့

ငါ ချစ်နေတာ သိတယ်မလား ဟင့်အင်း ဟင့်အင်း မသိဘူး..သွား
နင်ငါ့ကို ပြန်ချစ်မယ် မဟုတ်လား..ဟင့်အင်း ဟင့်အင်း မသိဘူး..သွား..

******
အချစ်ဆိုတာ အသက်အရွယ်ရာသီ ရေခံမြေခံမှာ စိုးရိမ်ရေမှတ်အထိတက်တဲ့ ဒီရေ..တဲ့
အဲဒါ အိန္ဒြာ့ကဗျာတွေထဲက ၀ါကျတစ်စပေါ့မောင်ရယ်..။
ငါ့ကတော့ အချစ်ဖြစ်စဉ်တွေတိုင်းမှာ အမြဲတမ်း အရေးပေါ်အခြေနေချည်းပေါ့.
အခု သတိရခြင်းတောင်ခြေမှာ လာလာဝေနေတဲ့ မြူနှုင်းကဘယ်ဘ၀က အချစ်ကြွေးဖြစ်လိမ့်မှာပါလဲ
ကိုယ်က ကိုယ့်စိတ်ကိုယ် ကြိုးလိုကျစ်ပြီး ကိုယ့်ကိုယ်ကို တုတ်နှောင်နေခြင်းမှာ..ပျော်ရွှင်လို့
ကိုယ်က ကိုယ့်ကိုယ်ကို ဘောင်ခတ်ပြီး ကိုယ့်သက်ပြင်းနဲ့ကိုယ် ဆင်းရဲတွင်းနက်လို့
ကိုးနှစ်ကိုးမိုးနဲ့ ကိုးနှစ်ကိုးမိုးနောက်က နောက်ထပ် ကိုးနှစ်ကိုးမိုး.....
အချစ်နဲ့မြဲခဲ့တဲ့ တွဲလက်တွေထဲမှာ...အချစ်ပြီးရင် နောက်ထပ်ခေတ်အစားဆုံးက အချစ်ပဲဖြစ်နေခဲ့ကြတယ်...

အချစ်ဆိုတာ အနမ်းရှိမှ ပွင့်လို့လှတဲ့ နှင်းဆီဖူးပါကွယ်တဲ့
အဲဒါလည်း အိန္ဒြာရဲ့ ကဗျာလေးတစ်စပါပဲ..။

*********
အခုဆို
" An empty street , An empty house , A hole inside my heart , I’m all alone .
The rooms are getting smaller "
ဆိုတဲ့သီချင်းစာသားမျိုးကို ကိုယ်က မျက်မှောင်ကြုတ်နားထောင်နေမိပြီး
" Morning, just another day Happy people pass my way Looking in their eyes "
ဆိုတာမျိုး ဖြစ်နေခဲ့ရင်တော့ ကြားရာအရပ်က ပြေးထွက်ချင်နေမိတတ်တယ်.။
အခုဆို
ကိုယ် အသိမှတ်မဲ့ ညည်းနေမိတဲ့ သီချင်းစာသားတွေက
"ဟိုး..အဝေးမှာနေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင် ပြန်ဆုံနိုင်ဖို့ နေ့ရက်ကလေးတွေ မရောက်သေးခင်" ဆိုတာမျိုးတွေပဲဖြစ်နေခဲ့ပါပေါ့.

သိလားမောင်..
"ကောင်းကင်ဆီထိုးပျံလိုက်တဲ့ တောင်ပံဖျားက ဗျာပါရတွေက အစ
မြေပြင်ဆီလှမ်းမျှော်ကြည့်လိုက်တဲ့ မျက်ဝန်းအစုံက မျက်ရည်ပူတွေ အလည်
လေထုထဲပဲ့တင်ရိုက်သွားတဲ့ နှုတ်သီးဝက ရင်ကွဲနာသံအဆုံး
အားလုံးဟာ
တည်ငြိမ်ရဲရင့်နေခဲ့တယ်.."

ဆိုတဲ့ ကဗျာမျိုးကို ဘယ်သူမှမကြားအောင် တိုးတိုးလေးရွတ်ဆိုနေတတ်တဲ့ ခံစားလွယ်သလောက် ခေါင်းသိပ်မာတဲ့ အမျိုးသမီးတစ်ယောက်ဟာ...

ကိုယ့်ရွေးချယ်မှုတွေထဲက ကိုယ့်အလူးအလဲ ကျဆုံးခန်းတွေ အကြောင်းကိုလည်း သူ့ဘာသာ မသိချင်ယောင်ဆောင်နေတတ်ခဲ့တာပါလေ..။

************
အချစ်နဲ့ထွက်တဲ့ဒေါသတွေက ကြည်ပြာရောင်တွေချည်းပေါ့ ပန်ဒိုရာ..
သီးစုံကုလားဟင်းနဲ့ ငါးဖယ်အောင်းငပိကောင်ကြော်ကြိုက်တာကလွဲလို့ ဘယ်နေရာမှ မတူညီကြတဲ့ ကိုယ်တို့နှစ်ယောက်ဟာ..
တစ်ယောက်ရယ်မောသံမှာ တစ်ယောက်ဒေါမနသတွေက အငွေ့ပျံလို့
တစ်ယောက်ခြေသံနဲ့ တစ်ယောက် ခရီးဆက်ခဲ့ကြတာ ခုထိပေါ့...

***************
တိုးတိတ်ဆိတ်ငြိမ်နေတဲ့ အခန်းငယ်လေးထဲမှာ ကိုယ်က အလွမ်းဆိုတာနဲ့ လက်ပွန်းတတီးမနေရဲပါဘူးတမ်းတစိတ်တွေကို မျက်နှာသာပေး အရောမ၀င်ရဲခဲ့ဘူး...

ငါက ဒီစာကိုရေးရင်း မျက်ရည်ကျမနေပါဘူးလို့ နင့်ကို ညာပြောလိုက်တဲ့ အခါ

နင်က သက်ပြင်းတစ်ချက်ရှိုက်ပြီး ယုံချင်ယောင်ဆောင်နေပေးလိုက်ပါဦးနော်..

ပြန်မြင်ယောင်ကြည့်လိုက်စမ်းပါ့..မောင်
ဟိုးးးကျန်ခဲ့တဲ့ ၁၂ နှစ် နိုဝင်ဘာလက
ဖူးပွင့်ချယ်ရီလို ကဗျာဆရာပေါက်စ ကဏ္ဍမှာ...
သူ့ကဗျာလေးပါလာလို့ ထားစရာမရှိ ၀မ်းသာပျော်ရွှင်နေတဲ့ ကလေးမလေးကိုလေ
သူက "အချစ်၆နှစ်ပြည့် " တဲ့...ကဗျာလေးတစ်ပုဒ် ဒီလို ရေးစပ်ခဲ့ဖူးတယ်..။

******************
အချစ် ၆ နှစ်ပြည့်


တကယ်ဆို
တိုးတိုးသွေ့သွေ့မက်ခဲ့ရတဲ့အိမ်မက်ငယ်လေးပါ။
တစ်နေရာရာက....ငေးရီစောင့်မျှော်ရင်ခုန်နေတာကလွဲလို့
ဒီ့ထက်ပိုနိုင်ပါမလား တွေးရင်တောင်ကြည်နူးမကြည့်ရဲခဲ့..။

တကယ်ဆို
မျှော်လင့်လျှက်မယုံကြည်ဝံ့တဲ့ စကားတစ်ခွန်းပါ
လွင့်မြောလှုပ်ခတ်ရလွန်းစွာ မျက်ရည်လဲ့လဲ့ ပျော်ဝင်ရူးသွပ်သွားတာကလွဲလို့
လိုချင်တပ်မက်လွန်းပါလျက် လက်ခံပိုင်ဆိုင်ဖို့ အစိုးရိမ်ပိုခဲ့။

တကယ်ဆို
ဒီ့ထက်လေးမြတ်နက်ရှိုင်းစရာမရှိတော့တဲ့ စိတ်ခံစားမူပါ
အဲဒီနောက်ထပ်
ဘာကိုမှမလိုချင်တော့တဲ့ပြည့်စုံကုံလုံနေခြင်းမှာ
နှိုင်းတုယှဉ်ခိုင်းစရာ စကားစုရှာဖွေရာမဲ့မဲ့ မြတ်နိုးကိုးကွယ်ခဲ့။

ကျေးဇူးတင်မိတယ်
အာယုတစ်ကပ်လုံးနောက်တစ်ယောက် မရှိနှိုင်သူ
ကိုယ့်ဝိညာဉ်တို့ ရွှင်မြူးရာ ကောင်းကင်ဘုံဖြစ်သူ
ကိုယ်ညနက်တွေမှာ လ၀န်းရွှန်ရွှန်းသာနိုင်သူ
ကိုယ့်ဦးကင်းအထက်နားမှာ
တည်ကြည်အေးချမ်းစွာ ခံ့ထည်သူ
မြတ်နိုးကြင်နာစွာဦးဆောင်သူ
ချစ်ခင်တမ်းမက်စွာယုယသူ
ဘယ်အရာနဲ့မှ မလဲနှိုင်ပါဘူး ကျေးဇူးတင်တယ်လေ.။

မောင်ရေ
နိဗ္ဗာန်မ၀င်ခင်စပ်ကြား
အနုညက်ဆုံးအတွင်းသား စိတ်သဏ္ဍန်မှာ
တစ်ယောက်တည်းက နှစ်ယောက်စလုံးအဖြစ်
နှစ်ယောက်စလုံးက တစ်ယောက်တည်းအဖြစ်
ချွင်းချင်မရှိထပ်တူညီမှုတွေ
အစူးနစ်ဆုံးသစ္စာတရားတွေ
တစ်လုံးတစ်ဝတည်းသော မေတ္တာဓာတ်တွေနဲ့
အသေသပ်ဆုံးနှောင်ငင်သွားကြမဲ့
နတ်ရေးတဲ့ဖူးစာဖက်ပေါ့ကွယ် .။ ။

အိန္ဒြာ
( ချယ်ရီမဂ္ဂဇင်း ၁၉၉၉ခုနှစ် ၊ နိုဝင်ဘာလ)


(၂၆.၁၁.၁၉၉၂ မှ ၂၆.၁၁.၂၀၁၀) အထိ ၁၈နှစ်တာကာလ ချစ်ခြင်းများဖြင့် အမှတ်တရ..။

အိန္ဒြာ

November 19, 2010

ဘလော့နှစ်နှစ်ပြည့် ရသစာအုပ်စင်နဲ့ နိုဝင်ဘာအပျော်အရွှင်တွေ

နိုဝင်ဘာဟာ သိပ်ကိုချိုမြိန်နေပါရောလား..
နိုဝင်ဘာမှာ အမှတ်တရတွေ သိပ်များနေပါရောလား..
နိုဝင်ဘာဟာ လန်းဆန်းထက်မြက်နေပါရောလား..
နိုဝင်ဘာဆီကနေ ကျွန်မဆီကို အတိုင်းမသိတဲ့ အင်အားတွေ စီးမျော တိုးဝင်လာခဲ့ပါရောလား..

*^**^**^**^**^**^**^**^**^**^**^**^**^**^**^**^**^**^*


နိုဝင်ဘာမှာ "အိန္ဒြာ ဘလော့ဂ်စပေါ့ဒေါ့ကွန်း" လို့ ၀ါသနာပါရာမနေသာ လုပ်မိခဲ့တဲ့
ဘလော့ဂ်လေးလည်း၂ နှစ်တိတိ ပြည့်ခဲ့ပါပြီ.။
ဘလော့ဂ်၂နှစ်ပြည့်အမှတ်တရလေးရေးချင်ပေမယ့်သိကြတဲ့အတိုင်းဘာမှချှရေးလို့မရအောင်ပြည့်သိပ်နေခဲ့ရပါတယ်။
တစ်ခုခုတော့ရေးချင်တယ်...
တစ်ခုခုတော့ ရေးဦးမယ် ..
ဘာမှမရေးနိုင်တောင် မနှစ်က မမ မနော်ဟရီနဲ့ ပေါင်းရေးဖြစ်ခဲ့တဲ့
အက်ဆေးနဲ့ကဗျာအတွဲအစပ်ကလေးကို ပြန်တင်ရမယ်..စသဖြင့်တွေ တွေးမိချိန်မှာပဲ

သတင်းလေး "နှစ်ခု"ရောက်လာခဲ့ပါတယ်..။

၂၀၀၆ ခုနှစ်နိုဝင်ဘာမှာ ရတီမဂ္ဂင်းမှာပါခဲ့ပြီး အခု နိုဝင်ဘာဆို ၄ နှစ်တိတိပြည့်ခဲ့တဲ့ .အွန်လိုင်းကနေ
အလှူငွေ ၄၇ သိန်းတိတိ " HIV မိဘမဲ့ကလေးငယ်များဂေဟာ(သုခရိပ်မြုံ)"အတွက် အလှူခံပေးခဲ့တဲ့..
အခု အလင်းသစ်မဂ္ဂဇင်းမှာ ပြန်လည်ဖေါ်ပြခဲ့တဲ့
"အခိုးအငွေ့တံတား" ဆိုတဲ့ ၀တ္ထုတိုလေးနဲ့ပတ်သက်လို့ပေါ့..

အဲဒီ့ဝတ္ထုတိုလေးက အလင်းသစ်မဂ္ဂဇင်းကနေပဲ ဆုပေးပြီးအသိအမှတ်ပြုခံခဲ့ရတယ်လို့သိလိုက်ရပါတယ်..။
(၂၉.၁၀.၂၀၁၀)မှာပွဲလေးတစ်ခုလုပ်ပြီး အိန္ဒြာ့ကိုယ်စား"ကဗျာဆရာမကြီးမအိ"တက်ရောက်ဖို့
ဖိတ်ကြားခဲ့တယ်လို့ သိရလို့လည်း ၀မ်းသာရပါတယ်.။
ဆရာမ ဒေါ်မေငြိမ်းက ရသစာအုပ်စင်မှာ မိတ်ဆက်ပေးဖို့ရွေးထားတယ်ပြောတော့ ထပ်ဝမ်းသာရပြန်ပါတယ်..။

အဲသလို အပျော်တွေ စုပြုံပေါင်းစပ်ပြီး နိုဝင်ဘာ ဘလောဂ့် နှစ်နှစ်ပြည့်ကို ပြင်ဆင်ခင်းကျင်းရင်း
အမှတ်တရ လုပ်ရရင်ကောင်းမယ်လို့ တွေးမိတောမိပြီး...........

အစ်မမေငြိမ်းရဲ့ ခွင့်ပြုချက်နဲ့ 18.11.2010 နေ့ကVOAရသစာအုပ်စင်ကဏ္ဍမှာ လွှင့်ခဲ့တဲ့ အသံဖိုင်နဲ့ပါ
ပူးတွဲ ဧည့်ခံလိုက်ပါတယ်..။



ဘလော့ဂ် နှစ်နှစ်ပြည့် အမှတ်တရ အစီအစဉ်ကလေးပါ..။ ၀တ္ထုလေးကိုတော့ ဒီမှာ တင်ခဲ့ဖူးပါတယ်..။



အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။

ချစ်ခင်လေးစားစွာ

အိန္ဒြာ

November 13, 2010

ပတ္တမြား

တစ်လောကလုံး လင်းလက်သွားသလို
အမှောင်ထဲမှာ အပြုံးက ယုံကြည်ချက်နဲ့ပွင့်ပြတယ်။

အလိုလို တိုးဝင်ပူးကပ်လာတဲ့ ခွန်အားသတ္တိများ
မကြုံဖူးတဲ့ စကားလုံးတွေ သမိုင်းစာမျက်နှာပေါ်ထင်ဟတ်ခဲ့။

မျက်ရည်တွေ
မျက်ရည်တွေ.....
မျက်ရည်..တွေ...
ဒီမျက်ရည်တွေဟာ..အရင်မျက်ရည်တွေကို ဆေးကြောပေးမယ့် မျက်ရည်ပေါ့...

ခရီး....
လက်တွဲပြီးချီတက်
ဒီနေရာကနေ တစ်ဖ၀ါးချင်းပြန်စကြမယ်..ပန်းတိုင်ဆီ။ ။

အိန္ဒြာ
(၁၃.၁၁.၂၀၁၀)

November 12, 2010

သူ့ရေတွေဖေါက်ချခံနေရတဲ့ ငါး

ငါးဟာ
အပျင်းပြေ အသတ်ခံဖို့အတွက်တော့
နွံအိုင်ကို ခံတပ်လုပ်မနေဘူး....
သူ့အကြေးခွံ လှန်မပစ်နိုင်သေးသ၍...
သူ့ယုံကြည်ချက် ရွှံ့တွေ နွံတွေကြား
သူ့သစ္စာတရားက
ပတ္တမြား ထပွင့်နိုင်ကြောင်း ပြလိမ့်မယ်။

အိန္ဒြာ
(၁၃.၁၁.၂၀၁၀)

(ပိတောက်ပွင့်သစ်မှာ စိစစ်ရေးငြိခဲ့တဲ့ ကဗျာလေးပါ ။ ဘလော့ဂ်မှာတော့ တင်ဖူးပြီးသားပါ)

November 5, 2010

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
့်ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
်မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ လျှော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ ပန်း၍

တ၀မ်းတစိတ် ညီစေသတည်း။

ဇော်ဂျီ
ကြီးပွားရေးမဂ္ဂဇင်းအတွဲ(၃)၊အမှတ်(၁၀)၊သြဂုတ်လ၊၁၉၃၅

October 22, 2010

GITANJALI ဂီတဉ္ဇလီ

ဂီတဉ္ဖလီစာစုတွေထဲက ဒီကဗျာလေးက ကျွန်မ အရမ်းကြိုက်တဲ့ ကဗျာလေးပါ
မကြာခဏ ရွတ်ဆိုနေမိတတ်ပါတယ်..။

1913 ခုနှစ်မှာ စာပနိုဘယ်လ်ဆုရခဲ့တဲ့ ဘင်္ဂါလီကဗျာဆရာကြီး Rabindranath Tagore (1861-1941) ရဲ့ GITANJALI (Song Offerings) ကဗျာစုကို
1923 ခုနှစ်မှာ စာပနိုဘယ်လ်ဆုရခဲ့တဲ့ အိုင်းရစ် ပြဇာတ်ရေးဆရာ William Butler Yeats (1865-1939) ကနေ အင်္ဂလိပ်ဘာသာကို ဘာသာပြန်ပေးထားပါတယ်..။
မြန်မာဘာသာကို တဂိုးစာပဒေသာစာအုပ်မှာ ဆရာကြီး ဒေါက်တာမောင်ဖြူး ၊ ဆရာကြီး ဇော်ဂျီနဲ့ ၊ ဆရာကြီး မင်းသုဝဏ်တို့က ဘာသာပြန်ပေးထားတာဖြစ်ပါတယ်..။
ဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့ကဗျာလေးကိုလည်း Zephyr ကမျှဝေပေးတဲ့ အတွက် ထပ်မံဝေမျှပေးထားပါတယ်..။ ( ကျေးဇူးတင်ပါတယ်..ဇက် )

" တစ်ခေါက်လောက်ဖြစ်ဖြစ် ရွတ်ဆိုကြည့်လိုက်ကြပါဦး..။"

****************************************************************

GITANJALI (35)

Where the mind is without fear and the head is held high;
Where knowledge is free;
Where the world has not been broken up into fragments by narrow domestic walls;
Where words come out from the depth of truth;
Where tireless striving stretches its arms towards perfection;
Where the clear stream of reason has not lost its way into the dreary desert sand of dead habit;
Where the mind is led forward by thee into ever-widening thought and action---
Into that heaven of freedom, my Father, let my country awake.

Rabindranath Tagore
(William Butler Yeats)


****************************************************************
ဂီတဉ္ဖလီ(၃၅) (လွတ်လပ်သောနိဗ္ဗာန်)

အကြင် အရပ်၌
စိတ်သည် ကြောက်ရွံ့ခြင်း ကင်း၏
ှုဦးခေါင်းကိုလည်းမတ်မတ်ထား၏။

အကြင် အရပ်၌
အသိဥာဏ် တရားသည် လွတ်လပ်၏။

အကြင် အရပ်၌
ကိုယ့်အချင်းချင်း ကျဉ်းမြောင်းသေးသိမ်သော
နံရံတံတိုင်း အကာအရံတို့ဖြင့်
ကမ္ဘာလောကကြီးကို ပိုင်းခြားထားခြင်း ကင်း၏။

အကြင် အရပ်၌
ပြောဆိုသော စကားတို့သည်
သစ္စာအနက်မှ စီးဆင်း ယိုထွက်၏။

အကြင် အရပ်၌ မောပန်းခြင်းမရှိသော ၀ီရိယသည်
၎င်း၏လက်မောင်းတို့ကို
ပြည့်စုံခြင်းရှိရာသို့ ဆန့်တန်း၏။

အကြင် အရပ်၌
သတိသမ္မဇဉ် စမ်းရေကြည်သည်
ဓလေ့ဟောင်းတည်းဟူသော
ခြောက်သွေ့သည့် သဲကန္တာရ၌
လမ်းပျောက်ခြင်းကင်း၏။

အကြင် အရပ်၌
အတွေးအယူ၊ အပြုအမူတို့ ကျယ်ပြန့်အောင်
အဖသခင်သည်
စိတ်ဓာတ်ကို ဦးဆောင်၏။

အဖသခင်
လွတ်လပ်ခြင်း နိဗ္ဗာန်ရှိရာ ထိုအရပ်၌
ကျွန်ုပ်၏နိုင်ငံသည်
ရှင်သန် နိုးကြားစေသတည်း။

ရာဘင်ဒြာနတ်တဂိုး
(မြသန်းတင့်)

****************************************************************

ဂီတဉ္ဖလီ(၃၅) (လွတ်လပ်သောနိဗ္ဗာန်)

စိတ်က မကြောက်ဘဲနှင့် ခေါင်းကို မတ်စွာထားနိုင်သောအရပ်၌လည်းကောင်း၊
ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊
ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုနံရံများဖြင့် တောက်စိပ် ပိုင်းခြားမှု မရှိရာ၌ လည်းကောင်း၊
စကားသည် နက်ရှိုင်းသော သစ္စာတွင်းမှ လာသောအရပ်၌လည်းကောင်း၊
မနေမနားသောအားထုတ်မှုသည် နိဗ္ဗာန်သို့ လက်လှမ်းသော အရပ်၌လည်းကောင်း၊
ဆင်ခြင်မှု ချောင်းရေသန့်သည် အကျင့်ဆွေး သဲကန္တာရ တွင်ခရီးလမ်းစ မပျောက်ရာ၌ လည်းကောင်း၊
စိတ်ကို အစဉ် ပြန့်ပြူးသော တွေးဆ ပြုလုပ်မှုတို့သို့ အရှင်ရှေ့ဆောင်ရာ၌ လည်းကောင်း၊
ထိုလွပ်လပ်သောနိဗ္ဗာန်၌ ငါ တို့ ၏ တိုင်း ပြည် သည် နိုး ကြား နိုင် ပါ စေ သ တည်း..။

ရာဘင်ဒြာနတ်တဂိုး
(တဂိုးစာပဒေသာ ၊ မောင်ဖြူး၊ ဇော်ဂျီ၊ မင်းသုဝဏ်)

****************************************************************

မေတ္တာဖြင့်

အိန္ဒြာ

October 18, 2010

ခေတ်ကို အော်ခေါ်ကြည့်လိုက်မိတဲ့ ပဲ့တင်သံ

ငါတို့ ခြေထောက်က အမြစ်တွေ ထွက်ပေါ်လာတဲ့ အထိ
နဂါးငွေ့တန်းဂလက်ဆီ တစ်နံတစ်လျား မျှော်လင့်ရမ်းရော်လို့
တစ်ထစ်ခြင်း လျှော့ချပေးခဲ့ရသော ငါတို့ ရဲရင့်ရောင် အမှန်တရားများ
ဒီအနေအထား အတိုင်း နေ နေ ရတာကြာတော့လည်း
နေကြာတွေ အဖြစ် ဆက်လက်ဖူးပွင့်လိုက်ကြတာပေါ့ကွာ..။

အခြေအနေက လက်ပမ်းကျချိန်မှာ လက်မတင်လေး လက်တစ်လုံးခြားထားတာ
ဒီအဖြေထွက်ဖို့အတွက်ဆို ဒီလောက်ပေးဆပ်ဖို့လိုပါ့မလား ဟေ့ကောင်ရေ..
ချစ်ခြင်းမေတ္တာကို အီလက်ထရောနစ်နဲ့ ခလုတ်နှိပ်ရယူနိုင်တဲ့ခေတ်ကြီးထဲ
ငါတို့ တက်ညီလက်ညီညံ့ခဲ့ကြတဲ့ အကြောင်း DJ တစ်ပုဒ်လောက်ပွတ်ကြည့်လိုက်ကြစို့..။

AD ဘယ်နှစ်ကနေဘယ်နှစ်အထိ ကာလအတိုင်းအတာ ဘယ်၍ဘယ်လောက်အကြာ
စာမျက်နှာ နှစ်ရွက်သုံးရွက်ဖြုန်းတီးလိုက်တယ်ဆိုရင်ပဲ
ခေတ် ဆိုတာ ဖျတ်ကနဲဖျတ်ကနဲ ၊ မလိုအပ်ရင် ကျော်ဖတ်သွားလို့ရနိုင်သေးတယ်ပေါ့
ဗီလိန်တွေ သရုပ်ဆောင်ကောင်းလေ ဇာတ်နာလေ
ခေတ်ရဲ့နဖူးပြင်မှာ အညိုအမည်းတွေ ထင်လေဆိုယုံလောက်ပါပဲ
အောင်နိုင်ခြင်း ရှုံးနိမ့်ခြင်း အတုန့်အလှည့် ရန်ကြွေးရန်စ
တိုးတက် ဆုတ်ယုတ်မှုအနုပညာ ပဋိပက္ခ ပရိယာယ်နဲ့ နည်းနာဆိုတာတွေကလည်း
Dota Game ကစားနည်းတွေလို သည်းထိတ်ရင်ဖိုပြကွက်တွေလောက်ပေါ့..။

ငါတို့ ခေတ်ကို နောက်ဘ၀အထိသယ်မသွားနိုင်ပါဘူး
ငါတို့ တစ်ခေတ်ထဲ နှစ်ခါလူပြန်ဖြစ်တဲ့အထိ ပြသဒါးမဆန်လောက်ပါဘူး
တစိ့မ်စိမ့် ပူနွေးယိုယွင်းနေတဲ့ ကမ္ဘာကြီးကို နည်းပညာတွေနဲ့ကျားကန်လို့
နည်းပညာပင်လယ်ပြင်ထဲ ငါတို့ မြုတ်ချည်ပေါ်ချည်လူးလာဆန်ခတ်လို့
ငါတို့အိပ်မက်တွေကို ငါတို့ကိုယ်တိုင် Create လုပ်ကြည့်လိုက်တဲ့အခါ
ငါတို့အနာဂါတ်ဆိုတာဟာ ငါတို့သွေးပြန်ကြောအတိုင်း နီ ရဲ ပူ နွေး နေ တာ ပါ...။

ငါတို့ တစ်ကြိမ်တစ်ခါ မှားယွင်းခွင့်ရရှိခဲ့မယ်ဆိုခဲ့ရင်
ငါတို့ တိတိကျကျ ခြေခြေငံငံ အမှန်အတိုင်း မှားကြည့်လိုက်ကြစို့ ဟေ့ကောင်ရေ.
ဒီ့ထက်ဆန်းကျယ်လာဦးမယ့် နောက်တစ်ခေတ်ဆိုတာထဲ
ကမ္ဘာဟာ ရွာပြီးရင် ဘာဆက်ဖြစ်လိမ့်ဦးမှာလဲ..
နည်းပညာတွေ ရင်သပ်ရှုမော ဆန်းကြယ်တိုးတက်လာတဲ့ အခါ
လူသတ်နည်းတွေ ယဉ်ကျေးထက်မြက်လာမယ်ပေါ့..

သင်
မနာကျင်စေရဘူး တစ်စက္ကန့်အတွင်းပြာပုံအတိဖြစ်သွားယုံလောက်ပါ။ ။


အိန္ဒြာ(၁၈.၁၀.၂၀၁၀)

October 4, 2010

တစ္ဆေ ကြောက်တတ်တဲ့ အနာ




ခေါင်းတလားထဲမှာ
တစ္ဆေတွေ
က ခုန်.........

လမ်းကန်းနေတဲ့ ချယ်ရီသားတုတ်ကောက်ကလေးက
ခရီးတွေကို အငမ်းမရဖြစ်နေသလိုမျိုး...
သော့တူနဲ့တူတဲ့လူတွေက
နှလုံးသားတွေကို ဖွင့်ဖေါက်စစ်ဆေးသလိုမျိုး....
ကောင်းကင်ပေါ် တိမ်အတုတွေ ပစ်တင်ပြီး
တစိမ်စိမ့် ရွာသွန်းဖြိုးတဲ့ မိုးစိမ်းတွေက
နာတာရှည်အဖျားသွေးတွေကို အရသာခံသလိုမျိုး....

တစ္ဆေတွေက ခေါင်းတလားထဲမှာ...က ခုန် တယ်။

သင် ပျင်းရိတဲ့အခါ သမ်းဝေလိုက်ပါ၊
သင် အားငယ်တဲ့အခါ စစ်တုရင်ကစားပါ၊
သင် ကြောက်ရွံ့တဲ့အခါ မေတ္တာသုတ်ရွတ်ပါ၊

အထပ်ထပ် ရစ်ကျော့ခံနေရတဲ့ စီဒီဓါတ်သားမှာ
အသံတွေ ဂျမ်းဖြစ်နေသလိုမျိုး...
မျှော်လင့်ချက်တွေကော့ညွှတ်နေတဲ့ ဆင်စွယ်ရောင်မျက်စောင်းလေးက
မိုးကြိုးမုန်တိုင်းကို ထိမ်ဝှက်ထားသလိုမျိုး..
ပခြုပ်ထဲက ညောင်းညောင်းရိရိ မြွေဆိုးတစ်ကောင်ရဲ့
သတိယတိုင်း ထထတိုက်တတ်တဲ့
အလမ္မယ်ဆရာအတွက် ကျိမ်စာလိုမျိုး

ခေါင်းတလားထဲမှာ...တစ္ဆေတွေက က ခုန် တယ်။

သင် စိတ်ညစ်ညူးတဲ့အခါ တောင်တက်လေ့ကျင့်ပါ၊
သင် လွမ်းဆွတ်လာတဲ့အခါ သစ်ပင်စိုက်လိုက်ပါ၊
သင် ရယ်မောချင်တဲ့အခါ တစ္ဆေကပွဲကြည့်ပါ၊

သင့် ဒုက္ခအတိုအစတွေကိုတော့
ရေခဲရိုက်ပြီး သိမ်းထုပ်ပါ ။

ဒီကနေ့
တစ္ဆေ စွန့်ကျဲမယ့်...အိမ်မက်တစ်ဆုပ်တစ်ခဲနဲ့
အဆာပြေရဦးမယ့် နေ ၀င် ဖျိုး ဖျ မှာ
တစ္ဆေ အသစ်ဝတ်ဆင်လာမယ့်
ညနေခင်း ၀တ်စုံက ။ ဘာ ??!!!

ပြောတယ်..
၃၁ ဘုံမှာ
လူ့ပြည်က
ကတိတွေဖေါင်းပွလွန်းတဲ့ ၀ပ်ကျင်းလို့..။ ။

အိန္ဒြာ
(မုဒိတာမဂ္ဂဇင်း)

ရေးထားတာ ကြာပါပြီ ၊ မုဒိတာမှာလည်း ပါခဲ့ပါသေးတယ်
ဆားချက်တာ မဟုတ်ပါဘူး
ပြန်တင်ချင်စိတ်ပေါက်လာလို့ ပြန်တင်ပေးလိုက်တာပါ
ဖတ်ပြီးသားဆိုရင်လည်း တစ်ခေါက်လောက် ထပ်ဖတ်ကြည့်ပါဦး..။

September 27, 2010

စိတ်အဆင်တူများရဲ့...ပွဲ



ကိုယ့်စိတ်နဲ့ ခပ်ဆင်ဆင် မြင်မြင်သမျှ ခံစားပစ်လိုက်ဖို့
ရင်ဘတ်ကို အဆင်သင့်ဖွင့်ပြီး စောင်ကြိုနေခဲ့ကြရတာ
လက်ခုပ်သံတွေ ရယ်မောသံတွေ သြဘာသံတွေ
ဘယ်လောက် ကြေကွဲစရာကောင်းလိုက်တဲ့ မြင်ကွင်းလဲ...
ဒီ့အပြင် ဒါ့ထက်..
အဲသလိုမတွေးမိလိုက်နဲ့လို့ ကိုယ့်စိတ်ကို နာနာ နားချရင်း
စိတ်ရှိလက်ရှိ အော်ဟစ်ပေါက်ကွဲပစ်ခဲ့ရသလိုမျိုး...
အနည်းငယ် နေသာထိုင်သာရှိပြီးပြန်ခဲ့တယ်..။ ။



အိန္ဒြာ
(၂၆.၉.၂၀၁၀ နေ့အမှတ်တရ)

September 23, 2010

သစ္စာပြန်ကျမိုးရွာမယ့်...နေ့

အစကတည်းက ဒီအဖြေပဲမဟုတ်လား
ငါတို့ သိသိချည်းတွက်ချက်နေခဲ့ကြရတာ

တကယ်တော့သီအိုရီက အဆန်းတကျယ် မဟုတ်ပါဘူး
ညီမျှခြင်းကလည်း ထုံးစံအတိုင်းတစ်ဘက်စောင်းနင်းဆန်လို့
သက်သေပြချက်တွေကလည်း ခြေစလက်စသေသပ်လို့
စနစ်တကျတည်ဆောက်ထားတဲ့ ဟောဒီ့ပုစ္စာဟာ
ဒီအဖြေထွက်ဖို့ ပြဌာန်းထားခဲ့တာပဲပေါ့..

မောင်ရေ.....
ငါတို့ တတိတိနစ်မြုတ်နေပုံကြီးက ကြေကွဲဝမ်းနည်းစရာ
ငါတို့ သိသိချည်း စွန့်လွှတ်ဆုံးရှုံးရမယ်ဆိုတာကလည်း ရင်နာဆို့နစ်စရာ
ခုဆို ငါတို့ ချစ်ခြင်းမေတ္တာတွေတောင် အားအင်ချည့်နဲ့လို့
ခုဆို ငါတို့ ယုံကြည်ချက်ဆိုတာက ရေမျောကမ်းတင်ကိုဆန်လို့

အရင်းအနှီးက မသေးသိမ်ခဲ့ဘူးလေ
ငါတို့ မျက်ရည်တွေ တောင်ပုံယာပုံစီးဆင်းခဲ့ရတာ
ငါတို့ အိပ်မက်တွေကို သင်္ဂြိုဟ်ပြာချခဲ့ရတာ

ဆောက်တည်ရာမရနိုင်တော့ဘူး
ကောင်းကင်ဆီမော်ကြည့်ပြန်တော့လည်း
ငါတို့ဆီရွာကျမယ့် သစ္စာတိမ်တိုက်တွေကတောင်
လေနှင်ရာ တလူလူလွင့်ပါနေပါပေါ့.....

မောင်ရေ...
ဘယ်တော့မှ မအေးချမ်းတော့ဘူးလား
ငါ့တို့ပေါ်ဖြာကျနေတဲ့ အလင်းရောင်က
နေ လို မီး လို ပူ လှ ချည့်....။ ။


အိန္ဒြာ
(23.9.2010)

September 9, 2010

ညီမလေးက ချိန်းတဲ့စာ

ညီမလေးရဲ့ ဧည့်ခန်းဆောင်မှာ သက်သေပြဖို့ဆို
အလွမ်းတစ်အိုးကို မှ ထိုးစိုက်ခွင့် မရခဲ့ပါဘူး...၊
အိပ်မက်ထဲကိုတောင် ရန်မူချင်ကြတယ်။

ချစ်သူတို့နှလုံးအိမ်တွေဟာ.. အရိုးသားဆုံး နီစွေး နေတာလေ...
မနှစ်သက်ဘဲတော့... လက်မခံနိုင်ဘူးပေါ့..
ဆင်စီးမြင်းရံ ဆိုတာကြီးကိုတော့ စိတ်ညစ်တယ်။
ညီမလေး လာခဲ့မယ်...
ဘယ်လိုမှ ဖူပွင့်သင်းရီခွင့်မရခဲ့တာပါ..၊
ရာသီတစ်ခုလုံး ဖိမှောင်ထားပြီးမှ
ကိုယ် ရိတ်သိမ်းဖို့ ကိုယ် စိုက်ပျိုးရ မ တဲ့..
မစားရ ဝခမန်းကြီး မို့ စိတ်ညစ်တယ်။
လာခဲ့မယ်..
ဒီ့ထက် သေဝပ် ကျိုးနွံရ မှ ဖြင့်
ခေတ်တွေကို သွန် သာပစ်လိုက်တော့..၊
ဗိုင်းကောင်းကျောက်ဖိ ပြဇာတ်ဟောင်းကြီးအတိုင်း
ဌာန်ကရိုင်းကျကျ က ပြ ချေ ဦး .....တဲ့
ပျားရည်နဲ့ဝမ်းချ နေတာမျိုးတော့လည်း စိတ်ညစ်တယ်။

လာခဲ့မယ်။ ညီမလေးလာခဲ့မယ်။
မေတ္တာစစ်သာမှန်ခဲ့ရင်...အရာအရာ ထူထောင်နိုင်စေကြောင်း...
လက်မောင်းသွေးဖေါက်ပြီး သစ္စာပြုဖို့ရာ...
ညီမလေး..ဆက်ဆက်လာခဲ့မယ်။

ညီမလေး စိတ်ဝိဉာဉ်ထိ ထင်နေတဲ့ အရှိုးရာ အထပ်ထပ်ကိုလည်း ယူခဲ့မယ်။
ညီမလေး သိမ်းဝှက်ထားရတဲ့ ကဗျာလေးတွေလည်း ယူခဲ့မယ်။
ညီမလေး တောင်ပံဖွင့်ဖို့အတွက် ယုံကြည်ချက်တွေလည်း ယူခဲ့မယ်...။

လာခဲ့မယ်..
ညီမလေး လာခဲ့မယ်....။

ညီမလေး ဆက် ဆက် လာ ခဲ့ မယ်....။


အိန္ဒြာ

အိမ်ကို လာလာလည်ကြတဲ့သူတွေပျင်းနေမှာစိုးလို့
"ညီမလေးရဲ့ လွမ်းခြေရာ" ကဗျာစာအုပ်ကလေးမှာ ရေးဖြစ်ခဲ့တဲ့
ကဗျာလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်..
တော်တော်လေးတော့ကြာပါပြီ
ကဗျာဆရာတွေ ညီမလေး ညီမလေးရေးကြလွန်းလို့ ကိုယ်လည်းရေးချင်စိတ်တွေပေါ်လာပြီး
ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ....။

August 29, 2010

အရူးကွက်


ကျွမ်းကျင်သလို လိုအပ်သလို ပါးနပ်သလို
ဆုတ်ကြည့် တက်ကြည့် ကာကြည့် ကန်ကြည့်
ရှောင်ကြည့် တိမ်းကြည့် ၀ပ်ကြည့် ၀ိုက်ကြည့်
ချွတ်ကြည့် ၀တ်ကြည့် ဖြုတ်ကြည့် တပ်ကြည့်
ဟိန်းကြည့် ဟောက်ကြည့် ဟစ်ကြည့် ဟောင်ကြည့်
စိတ်ထင်သလို အရေးပေါ်သလို ကြုံရင်ကြုံသလို
ပေါင်းကြည့် မြှောက်ကြည့် နုတ်ကြည့် စားကြည့်
ဝါးကြည့် မျိုကြည့် အန်ကြည့် ထွေးကြည့်
ညည်းကြည့် ငြင်းကြည့် ညုကြည့် ငြူကြည့်
ရိသလို ရစ်သလို သိသလို သစ်သလို
ချိန်ကြည့် ချိတ်ကြည့် ခြောက်ကြည့် ချောင်းကြည့်
ပျောက်ကြည့် ဖျောက်ကြည့် ဖြည့်ကြည့် ဖွင့်ကြည့်
မှီးကြည့် မွှေကြည့် မှားကြည့် မှောက်ကြည့်
ရွှေ့ကြည့် ရွေ့ကြည့် လျှိုးကြည့် လျှောက်ကြည့်
ဘယ်သူ့မှဂရုမစိုက်သလို ဘယ်သူ့မဆိုဂရုစိုက်သလို
ပြိုင်ကြည့် ပြေးကြည့် ခုန်ကြည့် ခေါက်ကြည့်
ထိုင်ကြည့် ထကြည့် ထေ့ကြည့် ထစ်ကြည့်
စုန်ကြည့် ဆန်ကြည့် စမ်းကြည့် ဆန်းကြည့်
လူးကြည့် လုကြည့် လှုပ်ကြည့် လုပ်ကြည့်
ကျွမ်းကျင်သလို ပါးနပ်သလို သိသလို စိတ်ထင်သလို
လိုအပ်သလို အရေးပေါ်သလို ရိသလို ကြုံရင်ကြုံသလို
လက်ညှိုးငေါက်ငေါက်ထိုးထိုးကြည့်...။ ။



အိန္ဒြာ
(၂၉.၈.၁၀)

August 27, 2010

အရူးကဗျာများ

ငါးကဗျာတွေ ပြီးတော့ အိန္ဒြာက အရူးကဗျာတွေ စုပါမယ်..။
အခု ရှိတဲ့ ကဗျာတွေက စပြီးတင်ပေးလိုက်ပါတယ်..။

++++++++++++++++++++++++++++++++++++++++++


အရူးမှာ လိုင်စင်ရှိတယ်

ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကပ်ကြေးသံတစ်ချပ်ချပ်က နားယားတယ်
ငါ့ခေါင်းကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ရှိသေးတယ်
သံသရာဟာ ဘောလုံးပွဲမှာ သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ဘက်ခမ်း၊ဘန်ပါစီ၊မက်စီ၊ကာကာ
ငါ့ရှေ့ရောက်သလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီလုံးရှေ့က ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင် စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊စိတ္တဇဝေဒနာသည်လား
သူ့ အမူအယာတွေ၊လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ဖြစ်ပါမလား
တကယ့်တော့ဗျာ နံရံမှာချိပ်ထားတဲ့ ကျားခေါင်းနေရာမှာ ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိပ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား လူတွေစိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူအတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးကို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ပြုတ်ကျလာပုံ၊ကြောင့်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့် အတွင်း အဖြစ်အပျက် သူ့မျက်နှာဟာ သူဘာမှမလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေးတိကျ၊မြန်ဆန်လွန်းတယ်
သူမျက်နှာရှေ့ တ၀ီဝီပျံသန်းနေတဲ့ ယင်ကောင်ကိုဝိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ၀တ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ဝိုင်းဟာ
ငါ့ ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ဂုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြုတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်းကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကြော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။


ကိုရွေး



++++++++++++++++++++++++++++++++++++++++++++++++++++++++

အရူးအက်ရှင်


အရူးစိတ် ငယ်ထိပ်တက်တဲ့နေ့တွေဆို
အရူးဟာ ဆိုင်ထဲထိ စတိုင်ကျကျဝင်ထိုင်တယ် ။ ခြေထောက်တွေကို ပလ္လင်ချိတ်လိုက်တယ် ။
ဆေးလိပ်ကို ဟန်ပါပါခဲလိုက်တယ်။ မျက်မှန်ကျိုးကို ထုတ်ပြီးတပ်လိုက်တယ်။
သတင်းစာကို ဇောက်ထိုးကိုင်ဖတ်တယ်။
အရူးက အားလုံးကိုခပ်ဆတ်ဆတ်ဝှေ့ရမ်းကြည့်လိုက်ပြီး
စားပွဲထိုးကို ခုံခေါက်ခေါ်လိုက်တယ်။
ကော့တေး(လ်) အရက်စပ်ခိုင်းတယ်။ ပုဇွန်ခေါင်းပြတ်ကိုမီးကင်ခိုင်းလိုက်တယ်။
ပြောရရင် အရူးရဲ့ ကြားဖူးနားဝတွေလို့ထင်တာပဲ။
ဘာပဲပြောပြော သံတူကြောင်းကွဲအရူးတွေထဲမှာ
ဒီအရူးက အနည်းအကျင်းတော့ သေသပ်ပြီး အတော်အသင့်ကို ပါးနပ်တယ်။
အရူးက တစ်ခါလာ တစ်မျိုး ပြောနေကျအတိုင်း
သူအတင့်တယ်အခမ်းနားဆုံးထင်တဲ့ စကားလုံးတွေနဲ့ သူရဲ့နာမအသစ်ကို မပီမသကြီး အော်ဟစ်တယ်။
အရူးက သူ့ ပါးစပ်ဆိုင်းနဲ့သူ ကွေးနေအောင် ထ က လိုက်ပြန်တယ်။
တစ်ဆိုင်လုံး အသက်အောင့်ထားမိတယ် ။ ဖွင့်လက်စသီချင်းတွေ ရပ်ပေးထားရတယ် ။
ပြောလက်စ စကားတွေကို လွှတ်ချထားကြတယ်။
အားလုံးဟာ ... အရူးရဲ့အရိပ်အခြေကို မျက်ခြေမပြတ်စောင့်ကြည့်နေကြတယ်။
ခေါင်းခါတယ် ။ ခေါင်းညိတ်တယ် ။ နောက် ခေါင်းထပ်ခါတယ် ။ နောက်ထပ် ခေါင်းညိတ်တယ် ။
အရူးက အာဆင်နယ်မှာ နည်းပြလုပ်မယ့်အကြောင်းပြောတယ်။
အိုစမာကို လက်ရဖမ်းပေးမယ့် အကြောင်းပြောတယ်။
ယူရေနီယမ်သတ္တုနဲ့ သွားအတုလုပ်မယ့်အကြောင်းပြောတယ်။
လကမ္ဘာကို ရေသန့်တင်ပို့မယ့်အကြောင်းပြောတယ်။
တစ်ခါတစ်ခါ...ဆဲရေးတိုင်ထွာလိုက်သေးတယ် ။
ဆတ်ကနဲ. . . . . အရူးမတ်တတ်ထရပ်တယ်။
လက်ကောက်ဝတ်ကို မြှောက်ပြီးကြည့်လိုက်တယ်။
အရေးတကြီးကိစ္စကို သတိရလိုက်သလိုဟန်ပန်နဲ့ လက်ညှိုးတစ်ချောင်းထောင်လိုက်တယ် ။ မျက်မှောင်နက်နက်ကြုတ်ထားတယ် ။
စားပွဲကို “ဖျမ်းကနဲ“ ပုတ်လိုက်ပြီး
ဟေ့ .. ငါပြန်လာခဲ့မယ်. . . .။ ၂၆နာရီထိုးရင် ငါပြန်လာခဲ့မယ်။
(အရူးက အသံတော့ အောင်ရှာတယ်)
ပြောပြောဆိုဆို.. တဟုန်ထိုး ပြေးထွက်သွားပါရော. . . . . . . . ။ ။
အစိမ်းရောင် အတိတ်တဘောင်ဆိုပါလား….
မှတ်သား ချဲ့ကား ကျန်ရစ်ကြ ။ အငြင်းပွား အချင်းများ ကျန်ရစ်ကြ ။
အရူးရဲ့ နာမည်အသစ်အကြောင်း။ အားလုံးကိုစောင့်ခိုင်းလိုက်တဲ့အကြောင်း။
အရူး မျက်ထောင့်နီနေကြောင်း။ လက်ညှိုးတစ်ချောင်း ထောင်သွားကြောင်း။
အရူး ပြန်လာဦးမယ့်အကြောင်း ။ ယုတ်စွအဆုံး အရူးလည်ပင်းက ရောင်စုံဖိနပ်စုတ်တွေအကြာင်း။
အဲ သ လို မျိုး . . . .
အရူး တွင်ကျယ်သွားလိုက်တာ. . . တစ်ဆိုင်လုံးကို သွက်သွက်ခါ
အရူးကို
အရူးလို့ပြောရင်တောင်
မျက်စောင်းထိုးချင်ကြ ။ ။

အိန္ဒြာ
( Face (မုခ)မဂ္ဂဇင်း)
၀၄.၀၅.၀၆

August 24, 2010

ခြေဆော့ လက်ဆော့ နား



အနေအထိုင်မတတ်ဘူး အထူအပါးနားမလည်ဘူး

အလိုက်ကမ်းဆိုးမသိဘူး အမှတ်သည်းခြေမရှိဘူး

အကောင်လိုက်ပြနေတာတောင် အရိပ်ကို မဖမ်းမိနိုင်ဘူး

အသွားမတော် တစ်လှမ်းတဲ့

ငါ့နားက ကြားနေကျ သတင်းထဲ ချော်ကျတယ်..။ ။



အိန္ဒြာ
(၂၄.၈.၁၀)