Showing posts with label ကိုယ်ရေးမှတ်တမ်း. Show all posts
Showing posts with label ကိုယ်ရေးမှတ်တမ်း. Show all posts

November 26, 2010

ချစ်ခြင်းတစ်ဆယ့်ရှစ်ရာသီ

***
တငြိမ့်ငြိမ့်ရင်ခုန်သံတွေက ချစ်ခြင်းမေတ္တာကို သိမ်သိမ်မွေ့မွေ့ မောင်းနှင်သွားခဲ့တာ..
နိုဝင်ဘာတွေထဲက ၂၆ ရက်မြောက်တစ်နေ့တာဟာ..၀ါရည်ရွှေလဲ့လို့
အဲဒီ့နေ့ပွင့်တဲ့ ပန်းပွင့်တိုင်းက ပန်းနုရောင်ရနံ့တွေချည်း သင်းထုံယစ်မူးနေခဲ့တယ်..။
လတ်ဆတ်ပျိုမြစ်နေတဲ့နုလုံးအိမ်ထဲမှာ အချစ်ဟာ ချက်ချင်း ဖူးငုံသီးပွင့်သွားခဲ့ပေါ့..
ဝင်သက်ထွက်သက်တွေကတောင် ချိုမြနေခဲ့တာများလား....
တိုးတိုးဖွဖွ လေသံဖျဖျလေးအောက်မှာ..အရှက်ကလေးတစ်ရှက်က မခို့တရို့ခေါင်းငုံ့လို့

ငါ ချစ်နေတာ သိတယ်မလား ဟင့်အင်း ဟင့်အင်း မသိဘူး..သွား
နင်ငါ့ကို ပြန်ချစ်မယ် မဟုတ်လား..ဟင့်အင်း ဟင့်အင်း မသိဘူး..သွား..

******
အချစ်ဆိုတာ အသက်အရွယ်ရာသီ ရေခံမြေခံမှာ စိုးရိမ်ရေမှတ်အထိတက်တဲ့ ဒီရေ..တဲ့
အဲဒါ အိန္ဒြာ့ကဗျာတွေထဲက ၀ါကျတစ်စပေါ့မောင်ရယ်..။
ငါ့ကတော့ အချစ်ဖြစ်စဉ်တွေတိုင်းမှာ အမြဲတမ်း အရေးပေါ်အခြေနေချည်းပေါ့.
အခု သတိရခြင်းတောင်ခြေမှာ လာလာဝေနေတဲ့ မြူနှုင်းကဘယ်ဘ၀က အချစ်ကြွေးဖြစ်လိမ့်မှာပါလဲ
ကိုယ်က ကိုယ့်စိတ်ကိုယ် ကြိုးလိုကျစ်ပြီး ကိုယ့်ကိုယ်ကို တုတ်နှောင်နေခြင်းမှာ..ပျော်ရွှင်လို့
ကိုယ်က ကိုယ့်ကိုယ်ကို ဘောင်ခတ်ပြီး ကိုယ့်သက်ပြင်းနဲ့ကိုယ် ဆင်းရဲတွင်းနက်လို့
ကိုးနှစ်ကိုးမိုးနဲ့ ကိုးနှစ်ကိုးမိုးနောက်က နောက်ထပ် ကိုးနှစ်ကိုးမိုး.....
အချစ်နဲ့မြဲခဲ့တဲ့ တွဲလက်တွေထဲမှာ...အချစ်ပြီးရင် နောက်ထပ်ခေတ်အစားဆုံးက အချစ်ပဲဖြစ်နေခဲ့ကြတယ်...

အချစ်ဆိုတာ အနမ်းရှိမှ ပွင့်လို့လှတဲ့ နှင်းဆီဖူးပါကွယ်တဲ့
အဲဒါလည်း အိန္ဒြာရဲ့ ကဗျာလေးတစ်စပါပဲ..။

*********
အခုဆို
" An empty street , An empty house , A hole inside my heart , I’m all alone .
The rooms are getting smaller "
ဆိုတဲ့သီချင်းစာသားမျိုးကို ကိုယ်က မျက်မှောင်ကြုတ်နားထောင်နေမိပြီး
" Morning, just another day Happy people pass my way Looking in their eyes "
ဆိုတာမျိုး ဖြစ်နေခဲ့ရင်တော့ ကြားရာအရပ်က ပြေးထွက်ချင်နေမိတတ်တယ်.။
အခုဆို
ကိုယ် အသိမှတ်မဲ့ ညည်းနေမိတဲ့ သီချင်းစာသားတွေက
"ဟိုး..အဝေးမှာနေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင် ပြန်ဆုံနိုင်ဖို့ နေ့ရက်ကလေးတွေ မရောက်သေးခင်" ဆိုတာမျိုးတွေပဲဖြစ်နေခဲ့ပါပေါ့.

သိလားမောင်..
"ကောင်းကင်ဆီထိုးပျံလိုက်တဲ့ တောင်ပံဖျားက ဗျာပါရတွေက အစ
မြေပြင်ဆီလှမ်းမျှော်ကြည့်လိုက်တဲ့ မျက်ဝန်းအစုံက မျက်ရည်ပူတွေ အလည်
လေထုထဲပဲ့တင်ရိုက်သွားတဲ့ နှုတ်သီးဝက ရင်ကွဲနာသံအဆုံး
အားလုံးဟာ
တည်ငြိမ်ရဲရင့်နေခဲ့တယ်.."

ဆိုတဲ့ ကဗျာမျိုးကို ဘယ်သူမှမကြားအောင် တိုးတိုးလေးရွတ်ဆိုနေတတ်တဲ့ ခံစားလွယ်သလောက် ခေါင်းသိပ်မာတဲ့ အမျိုးသမီးတစ်ယောက်ဟာ...

ကိုယ့်ရွေးချယ်မှုတွေထဲက ကိုယ့်အလူးအလဲ ကျဆုံးခန်းတွေ အကြောင်းကိုလည်း သူ့ဘာသာ မသိချင်ယောင်ဆောင်နေတတ်ခဲ့တာပါလေ..။

************
အချစ်နဲ့ထွက်တဲ့ဒေါသတွေက ကြည်ပြာရောင်တွေချည်းပေါ့ ပန်ဒိုရာ..
သီးစုံကုလားဟင်းနဲ့ ငါးဖယ်အောင်းငပိကောင်ကြော်ကြိုက်တာကလွဲလို့ ဘယ်နေရာမှ မတူညီကြတဲ့ ကိုယ်တို့နှစ်ယောက်ဟာ..
တစ်ယောက်ရယ်မောသံမှာ တစ်ယောက်ဒေါမနသတွေက အငွေ့ပျံလို့
တစ်ယောက်ခြေသံနဲ့ တစ်ယောက် ခရီးဆက်ခဲ့ကြတာ ခုထိပေါ့...

***************
တိုးတိတ်ဆိတ်ငြိမ်နေတဲ့ အခန်းငယ်လေးထဲမှာ ကိုယ်က အလွမ်းဆိုတာနဲ့ လက်ပွန်းတတီးမနေရဲပါဘူးတမ်းတစိတ်တွေကို မျက်နှာသာပေး အရောမ၀င်ရဲခဲ့ဘူး...

ငါက ဒီစာကိုရေးရင်း မျက်ရည်ကျမနေပါဘူးလို့ နင့်ကို ညာပြောလိုက်တဲ့ အခါ

နင်က သက်ပြင်းတစ်ချက်ရှိုက်ပြီး ယုံချင်ယောင်ဆောင်နေပေးလိုက်ပါဦးနော်..

ပြန်မြင်ယောင်ကြည့်လိုက်စမ်းပါ့..မောင်
ဟိုးးးကျန်ခဲ့တဲ့ ၁၂ နှစ် နိုဝင်ဘာလက
ဖူးပွင့်ချယ်ရီလို ကဗျာဆရာပေါက်စ ကဏ္ဍမှာ...
သူ့ကဗျာလေးပါလာလို့ ထားစရာမရှိ ၀မ်းသာပျော်ရွှင်နေတဲ့ ကလေးမလေးကိုလေ
သူက "အချစ်၆နှစ်ပြည့် " တဲ့...ကဗျာလေးတစ်ပုဒ် ဒီလို ရေးစပ်ခဲ့ဖူးတယ်..။

******************
အချစ် ၆ နှစ်ပြည့်


တကယ်ဆို
တိုးတိုးသွေ့သွေ့မက်ခဲ့ရတဲ့အိမ်မက်ငယ်လေးပါ။
တစ်နေရာရာက....ငေးရီစောင့်မျှော်ရင်ခုန်နေတာကလွဲလို့
ဒီ့ထက်ပိုနိုင်ပါမလား တွေးရင်တောင်ကြည်နူးမကြည့်ရဲခဲ့..။

တကယ်ဆို
မျှော်လင့်လျှက်မယုံကြည်ဝံ့တဲ့ စကားတစ်ခွန်းပါ
လွင့်မြောလှုပ်ခတ်ရလွန်းစွာ မျက်ရည်လဲ့လဲ့ ပျော်ဝင်ရူးသွပ်သွားတာကလွဲလို့
လိုချင်တပ်မက်လွန်းပါလျက် လက်ခံပိုင်ဆိုင်ဖို့ အစိုးရိမ်ပိုခဲ့။

တကယ်ဆို
ဒီ့ထက်လေးမြတ်နက်ရှိုင်းစရာမရှိတော့တဲ့ စိတ်ခံစားမူပါ
အဲဒီနောက်ထပ်
ဘာကိုမှမလိုချင်တော့တဲ့ပြည့်စုံကုံလုံနေခြင်းမှာ
နှိုင်းတုယှဉ်ခိုင်းစရာ စကားစုရှာဖွေရာမဲ့မဲ့ မြတ်နိုးကိုးကွယ်ခဲ့။

ကျေးဇူးတင်မိတယ်
အာယုတစ်ကပ်လုံးနောက်တစ်ယောက် မရှိနှိုင်သူ
ကိုယ့်ဝိညာဉ်တို့ ရွှင်မြူးရာ ကောင်းကင်ဘုံဖြစ်သူ
ကိုယ်ညနက်တွေမှာ လ၀န်းရွှန်ရွှန်းသာနိုင်သူ
ကိုယ့်ဦးကင်းအထက်နားမှာ
တည်ကြည်အေးချမ်းစွာ ခံ့ထည်သူ
မြတ်နိုးကြင်နာစွာဦးဆောင်သူ
ချစ်ခင်တမ်းမက်စွာယုယသူ
ဘယ်အရာနဲ့မှ မလဲနှိုင်ပါဘူး ကျေးဇူးတင်တယ်လေ.။

မောင်ရေ
နိဗ္ဗာန်မ၀င်ခင်စပ်ကြား
အနုညက်ဆုံးအတွင်းသား စိတ်သဏ္ဍန်မှာ
တစ်ယောက်တည်းက နှစ်ယောက်စလုံးအဖြစ်
နှစ်ယောက်စလုံးက တစ်ယောက်တည်းအဖြစ်
ချွင်းချင်မရှိထပ်တူညီမှုတွေ
အစူးနစ်ဆုံးသစ္စာတရားတွေ
တစ်လုံးတစ်ဝတည်းသော မေတ္တာဓာတ်တွေနဲ့
အသေသပ်ဆုံးနှောင်ငင်သွားကြမဲ့
နတ်ရေးတဲ့ဖူးစာဖက်ပေါ့ကွယ် .။ ။

အိန္ဒြာ
( ချယ်ရီမဂ္ဂဇင်း ၁၉၉၉ခုနှစ် ၊ နိုဝင်ဘာလ)


(၂၆.၁၁.၁၉၉၂ မှ ၂၆.၁၁.၂၀၁၀) အထိ ၁၈နှစ်တာကာလ ချစ်ခြင်းများဖြင့် အမှတ်တရ..။

အိန္ဒြာ

May 3, 2009

ကဗျာနဲ့သွပ်တဲ့ သပိတ်

(၁)။
ဒီ မေလ ၅ ရက်နေ့မှာ နှလုံးသွေး အစအနတွေပျံ့ကျဲနေသလိုမျိုး
စိန်ပန်းတွေ ရင့်နေအောင်ကြွေကျထားလေဦးမလား..၊
ပူရဲနေတဲ့ နွေရင့်ရာသီရဲ့ လေရိုင်းမှာ..တံလျှပ်တွေ တဖျပ်ဖျပ်ခါနေဦးမှာလား..။
ဟိုး...ကျန်ခဲ့တဲ့ နှစ်အစိတ်ကလိုပေါ့..ဖေဖေ..။
ဖေဖေရေ..နှစ်ပေါင်းအစိတ်ဆိုတာ
ဖေဖေ့သမီးကြီးနဲ့ သားငယ်လေးကို
လူလတ်ပိုင်းလုံးလုံးရောက်သွားစေတဲ့အချိန်တွေပေါ့..
ဖေဖေသိပ်ချစ်တဲ့ ဖေဖေ့ ညီမလေးကတော့
အသက်၆၀နားနီးတဲ့ ပင်စင်စားဆရာမကြီးပေါ့..။

အားလုံးဟာ...ပြောင်းလဲသွားသလိုလိုပါပဲဖေဖေ..။
တစ်ချို့က တကယ့်ကိုပြောင်းလဲသွားခဲ့တယ်
တစ်ချို့ကအပြောင်းလဲခံလိုက်ရတယ်..
တစ်ချို့ကပြောင်းလဲချင်ယောင်ဆောင်ထားကြတယ်..
တစ်ချို့က...
အင်း...................................။
စိတ်တွေပြောင်းလဲသွားခဲ့တာတော့သေချာတယ်ဖေဖေ...
သနားကြင်တာတတ်တယ်၊ စိတ်သိပ်ရှည်တယ်..၊
ကိုယ်ချင်းစာ အားနာတတ်ပါတယ်ဆိုတဲ့ အဖေ့သမီးတောင်
မာရေကျောရေတွေနိုင်လာလို့..
သိပ်ကို အောင်မြင်တက်ကြွချင်တဲ့ ဖေဖေ့သားလေးတောင် မြို့ပြကို စိတ်တွေကုန်လို့..
သိပ်ကိုတိကျပြီးစည်းစနစ်သိပ်ကြီးပါတယ်ဆိုတဲ့မေမေက
ရေလိုက်ငါးလိုက်ဆိုတာမျိုးတွေရှိနေတတ်ခဲ့ပြီ..ဖေဖေ..။
နှစ်ပေါင်းအစိတ်မှာ..ဖေဖေဘယ်တွေရောက်နေခဲ့သလဲ..ဟင်.။

(၂)။
ဖေဖေရေ...ငယ်ငယ်တုန်းကမောင်နှစ်မနှစ်ယောက်တစ္ဆေအခြောက်ခံချင်ခဲ့ကြတယ်..။
ဖေဖေကနေဖြစ်မယ့်တစ္ဆေဆိုတော့ လူကြီးတွေက မန်မဲလို့.။
အမှောင်ထဲကို စိုက်ကြည့်နေခဲ့ကြတာ အလုပ်တစ်ခုပေါ့...
ဖေဖေဘယ်နေရာကများ.ကိုယ်ထင်ပြလိုက်မလဲ.ပေါ့..
ခဏ..ဖြစ်ဖြစ်..
ခဏလေးဖြစ်ဖြစ်...
ခဏလေးဖြစ်ဖြစ်ပါ..ဖေဖေ..။
မောင်လေး..ဖေဖေ့ကိုသာ..ခုနေပြန်ရခဲ့မယ်ဆိုရင်...
တစ်လလောက်အတူတူနေပြီး ငါပါလိုက်သေဆိုလည်း ငါသေမှာသိလား..လို့
ကဗျာဆရာမဖြစ်မယ့် ဖေဖေ့သမီးကပြောတော့
ငါက ငါ့မုန့်ဖိုးတွေမယူနဲ့တော့ဆိုလည်း..မယူတော့ဘူးလို့ စီးပွားရေးသမားဖြစ်မယ့် ဖေဖေ့သားလေးကပြန်ပြောခဲ့တယ်..။
ဖေဖေမောင်းခဲ့တဲ့ မော်တော်ပျက်ကြီးပေါ်မှာ...ဖေဖေ့အကြောင်းတွေကို..ပြန်ပြောနေခဲ့ကြတာ......
ဖေဖေ့ရယ်မောသံတွေမဖြစ်မနေလိုပြန်လိုချင်လာရင်တော့ ထွက်ပေါက်မရှိတော့သလို....မျိုး...
ဆောက်တည်ရာမဲ့....
ဖေဖေရေ..လို့ အာခေါင်ခြစ်အော်ပြီ...ငိုချပစ်လိုက်ရတာပေါ့..ဖေဖေ..
ဖေဖေ့သမီးက တစ်ခုခုအထိတ်တလန့်ဖြစ်လို့နှုတ်ကလွှတ်ကနဲ ယောင်မိရင်တောင်..
"" ဖေဖေရေ ..."" လို့ တ တတ် ယောင်တတ်တဲ့ သမီးပါ ဖေဖေ...ရယ်..။

(၃)။
ခုနေခါဆို...ဖေဖေက၆၈ နှစ်အရွယ်လူအိုကြီး တစ်ယောက်ဖြစ်နေပြီပေါ့....။
၄၃ နှစ်မှာတောင်ဖြူစပြုနေတဲ့ ဖေဖေ့ဆံပင်တွေဟာ...
ခုဆိုဘော်ငွေရောင်တွေလို ဆွတ်ဆွတ်ဖြူနေကြရောပေါ့..။
အကြင်နာကြီးလွန်းတဲ့ဖေဖေ့မျက်ဝန်းတွေဟာ..ခုဆို...နာကျင်စရာတွေနဲ့ပါ ၀ဲသီနေရောပေါ့..။
ပြုံးလိုက်တိုင်းခပ်ပါးပါးလေး..ရွဲ့သွားတတ်တဲ့နှုတ်ခမ်းထူထူတွေနဲ့ ဖေဖေ့အပြုံးတွေက
ဟိုး...အရင်တုန်းကလို နွေးထွေးနူးညံ့နေဦးမှာပါလေ...။
မမ ငါ မှန်ကြည့်နေတာသေသေချာချာ...
ငါ့နှုတ်ခမ်းတွေငါမြင်ဘူးပါတယ်လို့..ထင်နေတာ.
.ငါ့ နှုတ်ခမ်းတွေက ဖေဖေနဲ့တူတာပဲနော်..မမ တဲ့...
ဖေဖေ့ကို ခပ်ဝါးဝါးပဲမှတ်မိတဲ့ ဖေဖေ့သားလေးက ဖေဖေနဲ့ အရမ်းတူချင်ခဲ့တယ်..။
သမီးကြီးကအဖေတူတယ်ဆိုတာကို ဖေဖေ့သမီးက ဂုဏ်ယူမဆုံးပေါ့ဖေဖေ ၊
ဘယ်လိုမှသွယ်ပျောင်းနူးညံ့မှုမရှိတဲ့
လက်ချောင်းခြေချောင်းတွေကို ဖေဖေ့သားလေးက ကဲ့ရဲ့တိုင်း
ဟေ့ ငါက ဖေဖေနဲ့ တူလို့ မလှတာ ဘာဖြစ်လဲ လို့ အနိုင်ပိုင်းနေကြပေါ့..။

ဖေဖေရေ..ဘယ်တွေရောက်နေခဲ့သလဲ..။
ဖေဖေလူပြန်ဖြစ်နေခဲ့ပြီလား...။
ဖေဖေမြန်မာပြည်မှာပဲ..လူပြန်ဖြစ်နေခဲ့မှာလား...
ဖေဖေက စိတ်ကောင်းရှိတော့လူပြန်ဖြစ်မှာဟ.သိလားမောင်လေး..
ဖေဖေ့သားလေးမျက်လုံးတွေက ရွှန်းမြလို့.ရယ်.လေ.

ဒီလိုနဲ့ နှစ်ပေါင်းအစိတ်မှာ.....

ဖေဖေ့သားနဲ့သမီးက အမျိုးထဲကတစ်ယောက်ယောက်များ ကလေးရရင်..
ဖေဖေများဝင်စားသလား..
ဖေဖေ့လို ရင်ဘတ်မှာ မှည့်တစ်လုံးပါလာမလား..၊
ဖေဖေ့လို စက်တွေပြင်နေမလား..
ဖေဖေပြောခဲ့တဲ့ စကားတစ်ခွန်းတစ်လေလောက်များပြန်ပြောမလား...
သမီးကြီး ဒါမှမဟုတ် သားငယ်လေး လို့များလှမ်းခေါ်လိုက်မလားပေါ့......။
သူ့သား ၊ သမီးတွေရဲ့ ရူးသွပ်မှုကို မေမေကကြင်ကြင်နာနာနဲ့ရယ်မောလို့..။
များလှချည်လားဟယ်..မင်းတို့အဖေ၀င်စားတဲ့လူတွေက တဲ့....။
မေမေကြိတ်ပြီးမျက်ရည်ကျနေတာကိုတော့
သမီးတို့ မသိချင်ယောင်ဆောင်နေရတာပေါ့ ဖေဖေရယ်..။

နှစ်ပေါင်းအစိတ်ရှိပြီတဲ့

ဖေဖေ..ဖေဖေ့သားလေးက ဖေဖေခုတ်ပေးခဲ့တဲ့သစ်သားနွားရုပ်ကလေးကလေးကို
သူ့သားလေးကိုတောင်ပေးမဆော့ပဲ မှန်ဘီဒိုထဲမှာ..သေသေချာချာသိမ်းထားလို့..
ဖေဖေ့သမီးက...ဖေဖေ့ ရုပ်ပုံပန်းချီတစ်ခုကားချပ်တွေဆွဲလို့......ရင်ထဲကအနာတွေကို ၀တ္ထုတွေကဗျာတွေဖွဲ့သီလို့..
သမီးကမေမေ့အတွက် ညဥ့်သိပ်ခရီးဆိုတဲ့ ၀တ္ထုတစ်ပုဒ်လဲ ရေးဖြစ်ခဲ့သေးတယ်ဖေဖေ..။
ဖေဖေ့ချစ်ဇနီးကဖေဖေ့အကြောင်းပြောတိုင်းမျက်ရည်ကြည်တွေဝေလို့၊
မေ၅ရက်တိုင်း..ဘုန်းကြီးဆွမ်းတွေကပ် လို့...
နှစ်ပေါင်းအစိတ်.......မှာ..ဖေဖေ..ရော..ဘာတွေလုပ်နေခဲ့မှာလဲ...ဖေဖေ..ရယ်။

(၄)။
ဘ၀တွေ သိပ်ကြမ်းခဲ့ရတာပေါ့ ဖေဖေရယ်...။
ခေါင်မိုးကိုလှပ်ချပစ်လိုက်တဲ့အိမ်တစ်လုံးလို...
နားခိုစရာလုံးလုံးမရှိတော့တဲ့လွင်တီးခေါင်ပြင်လို...
အမြဲတမ်း...တမ်းမွတ်ဆာလောင်နေရတဲ့ တစ်စုံတစ်ရာတွေနဲ့....
သားအမိသုံးယောက်ကျောချင်းကပ်ပြီး..ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ လောကဒဏ်ရဲ့တိုက်ပွဲတွေ..........

အဖေနင်းဖြတ်ခဲ့တဲ့ ဘ၀ရဲ့ ဆူးတောအပြည့်နဲ့လမ်းထဲ
အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့
ရှည်လျားလွန်းတဲ့ လောက တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ
သင်ကြားသွားခဲ့တဲ့ အဖေရဲ့ စကားသင်ခန်းစာများနဲ့
အဖေမရှိတော့တဲ့နောက်မှ အထပ်ထပ်တွေးခေါ်ရင်းနဲ့
တန်ဖိုးတွေ နားလည်ခဲ့ပြီ အခွင့်ရှိသေးရင် ကြားချင်တယ် အဖေ

ဘယ်အချိန်မေးမေး အကြိုက်ဆုံးတေးတစ်ပုဒ်ဖြစ်နေခဲ့တယ်ဖေဖေ...
ဖေဖေ့ မဟုတ်ရင်မခံတတ်တဲ့သွေးတွေက ဖေဖေ့သမီးကိုထဲမှာ တဒီးဒီးစီးလို့ပေါ့ဖေဖေ..။
အဖေပြီးအောင်မလျှောက်နိုင်ခဲ့တဲ့ ခရီးကို.သမီးက ဆက်လျှောက်ဖို့ကြိုးပမ်းနေမိခဲ့တာပေါ့..။
၃တန်းနဲ့ဝတ္ထုရေးပြီးနံရံကပ်စာဆောင်ပို့တဲ့သမီးက..အခု..ကဗျာတွေရေးနေတယ်ဆိုတာရော..ဖေဖေသိရင် ဂုဏ်ယူနေမလား......
အခု ၂၅ နှစ်မြောက်ဖေဖေ့သေခြင်းတရားနေ့မှာ..ဖေဖေ့သမီးကဗျာဆရာမက ဖေဖေ့ကို ကဗျာနဲ့ဆွမ်းသွပ်ဦးမှာတဲ့..။

အဖေမရှိတဲ့နောက် . . .
လူလားမြောက်တဲ့နောက် . . .
လှိုင်းထန်လေထဲမျောတဲ့အခါ
အထီးကျန်လာတိုင်း အတွေးထဲမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဘ၀ဒဏ်ချက်များ အိပ်မက်မှာ
မျက်ရည်တွေစို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဒုက္ခတွေ ထည်လဲ တွေ့တဲ့အခါ
တခြားလူ မရှိဘူး ကျွန်တော်အတွေးမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ

အဲဒီ့သီချင်းအဆုံးမှာ..မျက်ရည်ဖြိုင်ကျခဲ့ရတာလည်း...အကြိမ်ကြိမ်အခါခါပေါ့..ဖေဖေရယ်.....။

၅။

ဒီကဗျာ မဟောသဓါ မဂ္ဂဇင်းမှာပါလာတော့ အိန္ဒြာဟာ ကိုယ့်ကလောင်ကိုယ်ငဲ့ ပြီးဒီကဗျာမျိုးကို
စာမျက်နှာပေါ်မတင်သင့်ပါဘူးလို့ဝေဖန်ခံခဲ့ရတဲ့ ကဗျာပါဖေဖေ..။
ဟင်္သာတGTI ပထမနှစ်မြို့ပြ ကျောင်းသူဘ၀က တမာလမ်းကရှိုက်သံများဆိုတဲ့ ကဗျာစာအုပ်လေးမှာ..
ငယ်နုတဲ့အတွေးအရေးတွေနဲ့ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပေါ့ .
ငြိမ်းချမ်းဧကရီမှာ ရှိုက်သံတွေဝေစည်ခဲ့တဲ့ ကဗျာလေးပေါ့..။
ဒီကဗျာဟာ မျက်ရည်ပေါက်ကြီးငယ်နဲ့ တစ်ထိုင်တည်း.ပြင်စရာမလိုအောင်
သွန်ကျလာခဲ့တဲ့...ကဗျာ..ပေါ့..

ဝေဖန်တဲ့သူတွေကို ဖေဖေ့သမီးကမျက်လုံးချင်းစေ့စေ့ဆိုင်ပြီး..ပြန်ပြောပစ်ခဲ့တယ်

ဆယ်နှစ်သမီးက နှလုံးသားကို ထုတ်ချင်းခတ်စိုက်ဝင်နေတဲ့ မြားတစ်စင်းကို
အသက်၂၀ နီးပါးမှာ ဆွဲနှုပ်လိုက်တဲ့ သွေးစသွေးနတွေလို ကဗျာပါ..လို့..
ဒီကဗျာမျိုးစာမျက်နှာပေါ်ပါရသလား..ဆိုတာအတွက် အိန္ဒြာက ဘာမှပြောစရာမရှိပါဘူးလို့လေ...။
ဖေဖေရေ...
ဖေဖေ့သမီးကဗျာဆရာမက ...
ဖေဖေ့ ၂၅နှစ်မြောက်သေခြင်းတရားနေ့မှာ..
ဒီကဗျာနဲ့မှ ဆွမ်းသွပ်ချင်နေသတဲ့..။

၆။
အနန္တ အတိုင်းအတာ

ရှစ်ဆယ့်လေးရဲ့ မေ ( ငါး)
အိမ်ရှေ့နားက စိန်ပန်းပျို
နှလုံးသွေးတွေ စိုနေတယ်။
စိန်ပန်းပင်အရိပ် တိတ်ဆိတ်စွာရပ်နား
နှစ်ဘီးတပ် ရထားတစ်စင်း
အဖြူရောင်မလင်းတလင်းနဲ့။

ဟိုနေရာက လူတစ်စု
အနိဌာရုံရဲ့အဖုံး ၊ အလှပဆုံးဖြစ်အောင်
ရွှေရောင် ငွေရောင်စက္ကူပြောင်ပြောင်တွေနဲ့
ဒြပ်မဲ့နာမ်စားပြယုဂ်အတွက်
တကုတ်ကုတ်နဲ့ပေါ့..။

ဟိုး... အိမ်အနောက်မှာ
ပျဉ်ချပ်တွေကိုခွဲဖြာ
သေချာတဲ့ အတိုင်းအတာတစ်ခုနဲ့
လူနေအိမ်တစ်လုံးဆောက်နေရဲ့။
ဒီဘက်နားမှာ ဆန်ကောတွေနဲ့ ဆန်ပြာ၊
ဟိုဘက်နားမှာ ကြက်သွန်နွှာ ငြုတ်ထောင်း
အိမ်အစွန်းမှာ ကွမ်းယာစားနေတဲ့
အိမ်နားက အဘရယ်၊
နောက်ဘက်နားမှာ
ရီဝေဆွေးဆွေး ငါတို့ကိုငေးရင်း
ပူလောင်မှုကိုပလှပ် ယပ်တောင်ငယ်တစ်ချပ်
ကွာစေ့ကိုက်သံတစ်ဖျတ်ဖျတ်။

အားလုံးရဲ့ ဗဟိုအလယ်မှာ
မုဒုံစောင်အဖြူကြား.. ဇာပုဝါပါးပါးကိုချုံရင်း
နှင်းဆီနီနံ့သင်းသင်း အမွှေးတိုင်နံ့ပြင်းပြင်းကြား
“ဖခင် “စက်နားနေပါတယ်။

ဖခင် အနားမှာ ငါဟာ
ဆိတ်ငြိမ်ကြေကွဲစွာ
ဟိုနေရာလှုပ်လာနိုး...
ဒီနေရာလှုပ်လာနိုး....
အဓိပ္ပာယ်မဲ့မျှော်ကိုးမှန်း
မျက်တောင်ကို မခတ်စတမ်း
“မဟုတ်စမ်းပါနဲ့“
“မဟုတ်စမ်းပါနဲ့“
အသည်းကွဲပဲ့တင်သံလည်း
ရင်ထဲမှာ ညံနေပြီ။

ငါတို့ ဖေဖေဟာ ငါတို့ကိုသိပ်ချစ်တာလေ..
ငါတို့ဖေဖေဟာ စက်ပြင်ကောင်းတဲ့ ဆရာလေ..
ငါတို့ဖေဖေဟာ ပုံဆွဲကောင်းတဲ့ ဆရာလေ..
တစ်စစီဖြုတ်ထားတဲ့ စက်ပစ္စည်းပုံအကြား
ဖခင် ရိုးသားစွာ ပျော်ခဲ့တာပါနော်....။
အမေ ရိုက်တော့ မကြိုက်ပါတယ်
အဲဒီ့သီချင်းကို ဖခင်ဆိုရဦးမယ်
ငါတို့မောင်နှမနှစ်ယောက်သား..
ဖခင်ကြီးရဲ့ဘေးနားမှာခုန်ပေါက်ခါပြေးလွှား..
ဖေဖေကြီးကိုချစ်တယ်တေးသွားနဲ့ ကကြရဦးမယ်..
ဖေဖေ..ထတော့လေ..
မေမေဆူရင်ကာကွယ်ရဦးမယ်
မောင်လေးကို ရှင်ပြုရဦးမယ်
သမီးအင်ဂျင်နီယာဖြစ်ရဦးမယ်.....။

ဆရာဝန်ရဲ့ဘေးနားမှာ
ငုတ်တုတ်ကအသိပျောက်စွာ
ပရက်ရှာချိန်နေရှာတဲ့..မိခင်ရယ်..
မေမေဘာဖြစ်တာလဲ
ဖေဖေ့ကိုခေါ်ပေးပါ..
ခြောက်နှစ်သာသာ ပူဆာနေရှာတဲမောင်လေးရယ်..
အားလုံးရဲ့အလည်မှာသွေးပျက်ခြောက်ချားစွာ
ငါ ရပ်နေရရှာတယ်....

ဆယ်နှစ်သမီးရဲ့ပရိဒေဝ
ဘာနဲ့မှကို နှိုင်းဆမရ
လူ့ဘ၀ဆိုတာ မှာ....
“မုဆိုးမ...“ တဲ့
“ဖတဆိုး....“ တဲ့
ရက်ရက်စက်စက် ပညတ်ချက်တွေခံရင်း
ကြီးပြင်းလာခဲ့ ပါပြီ...ဖေဖေ။

ဘ၀ကို ရုန်းကန်
လောကဓံကို အံတု
မာနထုကို အဖေါ်ဆင့်
ငါ့အသက်ရှင်ရာဟာ ဒီ သားနဲ့ သမီးပါလို့
အံကြိတ်ကာဟစ်ကျွေး မိခင်အားမာန်တေးတွေနဲ့
မေမေဟာ...
ပြုစုပျိုးထောင်လာခဲ့တယ်လေ..။

ပစ္စုပ္ပန်နေရာ..
ခဏဖြစ်ဖြစ်လာခဲ့ပါလား .. ဖေဖေ
ဖေဖေရဲ့ မျှော်လင့်ချက်
မေမေ့ရဲ့ စွမ်းဆောင်အား.....
သမီးနှလုံးသားမှာ တစ်သက်စာအတွက်
ဆပ်မကုန်မယ့် ကျေးဇူးတွေ....။
“ဖေဖေရေ....“
ရောက်တတ်ရာရာ သုဂတိရွာမှ
ရွှင်လန်းကြည်သာ
ဝမ်း မြောက် ပါ စေ တော့ ။ ။


(ကွယ်လွန်ခြဲ့ပီးသော ဖခင် နှင့် ကျေးဇူးရှင် မိခင်ကြီးအား ဦးထိပ်ပန်ဆင်လျက်)


အိန္ဒြာ
(၅ရက် ၅လတိုင်း အတွက်)