January 9, 2009

ညဉ့်သိပ်ခရီး

မေမေ့အတွက်..အနာကျင်အပင်ပမ်းဆုံးရေးဖွဲ့ထားခဲ့တဲ့..၀တ္ထုလေးတစ်ပုဒ်ပါ..။
အမေများနေ့မှာ...ဒီ့ထက်သင့်လျော်တာဘာများရှိတော့မလဲနော် ...ဇာတ်နာအောင်ရေးထားထက်ပြဇာတ်တစ်ပုဒ်လို..ရက်ရက်စက်စက်.. တိုက်ခိုက်လာခဲ့တဲ့..လောကဓံမှုန်ယိုနေတဲ့အချိန်ပေါ့......
မေမေ..ဟာ..အာလုံးလေးစားအံ့သြသွားရလောက်အောင်..ကြံ့ကြံ့ခံ..ရင်ဆိုင်ခဲ့ပါတယ် ...

ညဉ့်သိပ်ခရီး...


ခရီး(၁)။

ညဟာ ဘ၀တွေရဲ့ အံဝှက်တစ်ခုလည်းဖြစ်ပြန်တယ်။
စိုစွတ် မှောင်အိ နေတဲ့ အမှောင်မှာ အနံ့တစ်ခုက စေးကပ်ပျော်ဝင်နေလိမ့်မယ်။
တစ်စုံတစ်ခုသောအဲဒီ့အနံ့ကစိတ်တွေကိုထိတ်ပျံ့လွင့်မျောစေတတ်သလား...။
မှတ် အကိုက်ခံလိုက်ရတဲ့ ခိုင်းနွားတစ်ကောင်ရဲ့ အရေပြားလို ရထားက သူ့ကိုယ်ကို လှုပ်ခါလိုက်ချိန်မှာတော့ ပလက်ဖေါင်းပေါ်ခြေစုံချမိ လိုက်ကြပြီ။
ရထာားရဲ့ ဥသြသံဟာ ညဉ့်သန်းခေါင်မှာ လိုတာထက် တော်တော်များများကြီးကိုကျယ်လောင်မြည်ဟီးလွန်းနေတယ်..။

အမှောင် ထဲကို တိုးဝင်သွားတဲ့ ရထားကို ငေးကြည့်နေရတဲ့ အချိန်ဟာ တွေဝေမွန်း ကြပ်စရာ ကောင်းသလိုရှိပြီး သိပ်လည်း လျို့ဝှက်သဲဖို ဆန်နေတယ်။

ရာဆာအာရာဖတ်ဟာ သူပိုင်မြေကြီးကို တယုတယ ဆုတ်ယူ နမ်းရှိုက်တယ်ဆိုတာ ရူးသွပ်မှုတစ်ခုလို့ ဘယ်တော့မှ ပြောဖြစ်မယ်မထင်ဘူး..။
တစိမ့်စိမ့်တိုး ၀င်လာတဲ့ အားအင်တွေနဲ့ နှလုံးသားက တဖျတ်ဖျတ်ခါလာ တယ်..။ ရင်ပြင် တစ်ခုလုံး လှိုက်လှဲ ကြေကွဲလာခဲ့တယ်။
အရှိန်ငြီးငြီးလောင်ကျွမ်းနေတဲ့မီးလုံးတစ်လုံးလိုလိမ့်လာခဲ့တာမို့ နီး စပ်ရာတွေကို ကူးစက်လောင်ကျွမ်းလိမ့်ဦးမှာလည်း သေချာနေတာပေါ့..။

ခင်ပွန်းသည်ကိုမနိုင်မနင်းတွဲပိုးပြီးဘူတာကခုံတမ်းလေးပေါ်မှာ လှဲမှီ နေလိုက်စေတယ်..။
ဇက်ကျိုးပြီး ဦးခေါင်းငိုက်စိုက်ကျနေတဲ့ ခင်ပွန်းသည်ရဲ့ မျက်နှာကို လက်ဖ၀ါးလေးနှစ်ဘက်နဲ့ အသာညှပ်အုပ်ကိုင်လိုက်ရင်း အကိုကြီး ရောက်ပြီသိလား.. ၊
တိုးတိုးဖွဖွလေး ပေမယ့် လှိုက် လှဲတုန်ခါ နေတယ်..။
အင်းလို့မပီမသ ညည်းညူသံနဲ့ ဖြူဖွေးအေးစက်ချင်နေတဲ့ နှုတ်ခမ်းတွေကို မကြည့်ဖြစ်အောင် မထိမ်းချုပ် နိုင်ခဲ့ဘူး..။
ကိုကြီးသက်ရော သက်သာရဲ့လား..၊ ကလေး တွေဆီ ရောက် တော့မှာလေ..၊
ခပ်မြန်မြန်ညိမ့်ပြလိုက်တဲ့ ခေါင်းအဆတ်ကိုကြည့်ပြီး အား တက်လာ သလိုရှိသွားမိတယ်..။
ညက ချောက်ချားစရာ ကောင်းလောက် အောင် တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်..။
ဒီနေ့မှ ခရီးအသွား အလာတွေ မရှိသလောက် နည်းပါး နေခဲ့တာလား..။ အခြေအနေက တစ်မျိုး ကျေနပ်စရာ ကောင်းနေခဲ့ပြန်တယ်..။
ဒါပေမယ့်ဆိုက်ကားက ကြိုမှာမထားရတော့ တစ်စီးမှကို မရှိဘူး…….. ကိုကြီး..။
ကျွန်မ အိမ်ကိုသွားနိုးမှရမယ်..။ အိမ်မှာ သိန်းဝင်း ဆိုက်ကား ရှိတယ်လေ..။ ကိုကြီးဒီနေရာလေးမှာပဲနေခဲ့နော် ။
ငြိမ်သွားတဲ့အဖြေကြောင့်နေရာကရွှေ့လို့မရပြန်ဘူး..။
လက်ဖ၀ါး ချင်း တင်းတင်း ဆုတ်ကိုင်ထားတဲ့ အတွေ့ဟာ နှလုံးအိမ်ချင်းကို အကျစ် လစ်ဆုံးချည်နှောင်ထားသလိုရှိနေတယ်..။
ဒီလိုအချိန်မှာ တစ်ယောက်ကို တစ်ယောက်မျက်စိအောက်က အပျောက်မခံနိုင်ကြလောက်အောင် အပြန်လှန် အားကိုးနေခဲ့မိကြတယ်။
ကြင်နာမြတ်နိုးနေမိခဲ့ကြတယ်။
အေးအတူ ပူအမျှ၊ ဆိုးတူ ကောင်းဘက် ဆိုတာတွေနဲ့ ရဲဘော်ရဲဘက်ဆိုတာက စိတ်ဝိဥာဉ်တွေကို စေးစေးပိုင်ပိုင် ခိုင်မာ သိပ်သည်းနေစေခဲ့တယ်။
သူတို့နှစ်ယောက်အတွက် သောက အပြည့်နဲ့ ဆုတောင်းပေးနေကြမယ့် မျက်ဝန်းတွေကို မြင်ယောင် သွားမိသေးရဲ့..။
ဒီလိုအခြေ အနေမျိုးနဲ့ ဒီလို ဒုက္ခအတိုင်းအတာ အထိတော့ ဘယ်သူမှ ပူပင်တွေးထင်မိကြလိမ့်မယ် မထင်ဘူး..။
လက်ဖ၀ါး ကို မသိမသာလေး ဖြေချလိုက်ပြီး.. ။
နော်...အကိုကြီး ခဏလေးပါ ၊ သိပ်မှမဝေးတာလို့ ခပ်တွဲ့တွဲ့ ပြောလိုက် ပြန်တော့မသိမသာလေးခေါင်းငြိမ့်ပြရှာတယ်..။
စိတ်မချဘူးတစ်ယောက်တည်း ဆိုတာကိုမျက်ဝန်းတွေနဲ့ပဲ့တင်ထပ်အောင်ပြောလိုက်တော့။
အို...ဒါ...ကျွန်မမြို့ပဲဟာ ကိုကြီးကိုသာစိတ်မချတာလို့ မျက်ဝန်းတွေနဲ့ပဲ
နွေလယ်တည့်တည့်ရဲ့ညသန်းခေါင်ဟာ လေပူတွေနဲ့ချွေးစေးပြန် နေခဲ့တယ်..။

ညထဲမှာ ပျော်ဝင်နေတဲ့ရနံ့တွေက ပိုပြီးသိပ်သည်း လာသလိုပဲ..။
ခုံတန်းလျားလေးကိုမှီထားတဲ့ခေါင်းငိုက်စိုက်ပုံရိပ်ကိုအကွေ့နေရာမရောက်ခင်အထိ သမင်လည်ပြန် လှည့် လှည့် ကြည့်နေမိတယ်..။
စူးစူးဝါးဝါး ထိုးဟောင်လိုက်တဲ့ ခွေးတွေကိုတော့ ဘာအရေး လဲ..။
အကွေ့ကျော်တာနဲ့သုတ်ချေတင်လိုက်တဲ့ခြေဖ၀ါးတွေမှာ ဒီလောက်လောင်မြိုက် ကြေကွဲ၊ပူပန်စိုးရွံ့တွေလိမ်းကျံထူထဲနေခဲ့လိမ့်မယ်မှန်းဘယ်တုန်းကမှ မတွေး ထင်တတ်ခဲ့ဘူး။

ဒီလမ်းတွေပေါ်မှာဆယ်ကျော်သက်မလေးတစ်ဦး နှစ်ဘက်ခွဲပြီးချ ထားတဲ့ ကျစ်ဆံမြီးလေးရဲ့ အရိပ်တွေ စွန်းထင်နေခဲ့ဖူးပြီး ၊ ကြည် စင်ချို အေးနေတဲ့ ရယ်မောသံတွေ ဖိတ်ကျနေခဲ့ဘူးတာပေါ့။
ဆယ်တန်းအောင်ဖို့ဆိုတာသိပ်ကိုခက်ခဲပြီး ပညာတတ် ရှားပါး ခက်ခဲတဲ့ခေတ်ကြီးထဲမှာ ၁၅နှစ်ကျော်ကျော်လေးနဲ့ ဆယ်တန်း ကိုနှစ်ချင်း ပေါက်အောင်မြင်သွားခဲ့တဲ့သမီးအတွက်
အဖေတစ်ယောက်ရဲ့ဂုဏ်ယူဝံ့ကြွားမှုတွေ၊ အနာဂါတ်အသစ်တွေ လိမ်းကျံနေတာပေါ့..။
ဟိုး..ခေါင်တယ်ဆိုတဲ့နယ်ကိုမှတာဝန်သွားကျတဲ့ ကျောင်းဆရာမ ပေါက်စလေး အတွက်ဆွေမျိုးညာတိတွေရဲ့ စိုးရိမ်သောက၊ပူပင်ကြောင့်ကျတွေ ထပ်ထပ်ကြမ်းခဲ့ဖူး တာပေါ့။
အခုဒီလမ်းကိုဖြတ်လျောက်ပြီး၊
သန်းခေါင်သန်းနွှဲမှာ သေကောင် ပေါင်း လဲဖြစ်နေတဲ့ခင်ပွန်းသည်ကိုတွဲပြီး၊
သောကတစ်ထုတ်တစ်ပိုးနဲ့ ရုတ် တရက်ကြီး ရောက်ချ လာတဲ့ သမီးကြီးကို ဖအေက ဘယ်လို နှလုံးသား နဲ့ဆီးကြိုမှာပါလိမ့်..။
လ၊ ရက် ရှည်ရှည်သူတို့ဘေးကရုတ်တရက်ပျောက်ရှနေတဲ့ ၊
ဖေကြီးကိုပို ချစ်ပါတယ်လို့ အတိအလင်းကြော်ငြာထားခဲ့တဲ့ သူတို့ ဖအေ လူမမာကို သူ့သားသမီးနှစ်ယောက်က ဘယ်လိုနာကျဉ်တုန်လှုပ်မှုမျိုးနဲ့ လက်ခံမှာပါ လိမ့်..။

အမှောင်ထဲကို တရွေ့ရွေ့တိုးဝင်နေပုံဟာ ဘယ်နေရာမှာ အဆုံး သတ်မယ်မှန်းမသိတဲ့ တွင်းနက်ကြီးထဲကို အရှိန်ပြင်းပြင်း ပစ်ချခံလိုက် ရတဲ့ ခဲ တစ်လုံးလိုရှိနေလိမ့်မလား။
အရှိန်ငြီးငြီး လောင်ကျွမ်းနေတဲ့မီးတောက်တွေဟာ.. ကိုယ့်ဟာ ကိုယ် ပူလောင်ဖို့ တော့ မေ့လျော့နေတတ် ကြပြန်တယ်.။

ခရီး(၂)။

ညဟာ မူးဝေ မိန်းမောစေနိုင်တဲ့ရနံ့တွေကိုသိုဝှက်ထားတဲ့ လှပ မွှေးပျံ့လွန်းတဲ့ ပန်းရိုင်းတစ်ပွင့်လည်းဖြစ်ခဲ့တယ်။
ဆတ်ဆတ်ကော့ကော့ နိုင်လွန်းလှတဲ့ လေပြည်မှာ နှလုံးသား တစ်ခုလုံးကလည်း တဆတ်ဆတ်ခါချင်နေခဲ့တဲ့ ။
ဒီကိစ္စမှာ ညရဲ့ ဖျား ယောင်းမှု က ၁၀ရာခိုင်နှုန်း ၊ ချစ်တတ်ခြင်းက ၆၀ရာခိုင်နှုန်းနဲ့ ၊ အား ကိုးလေးစားခြင်းတို့က ၃၀ရာခိုင်နှုန်းတို့ တိတိကျကျ ပါဝင်နေလိမ့်မယ်..။
ရပ်ရွာကို သိပ်ချစ်ပြီး အစစအရာရာ ဦးဆောင်ဦးရွက်နဲ့ လေးစား အားကိုးကြရတဲ့ ၊
တည်ကြည်ဖြောင့်မတ် သလောက် ၊ မတရားဘူးထင်ရင် ဘယ်သူ့အတွက်မဆို နည်းနည်းလေးမှ ခေါင်းငုံ့မခံတတ်တဲ့၊
ရင်ဆိုင်ဖြေရှင်း ပေးဖို့လည်း အမြဲတမ်းအဆင်သင့်ရှိနေတတ်တဲ့၊ ပျော်ပျော်နေတတ်သလောက် ၊သွေးအေး တည်ငြိမ်တဲ့၊
ကိုယ့်ထက် ကိုးနှစ်တိတိကြီးပြီး ကိုယ့်အပေါ်၊ကြင်နာတတ်လွန်းတဲ့ လူမျိုးကို ခင်ပွန်းအဖြစ် ရွေးချယ်မိလိုက်တာဟာ နောင်တရ စရာလို့ ဘယ်တော့မှ ထင်မိမှာမဟုတ်ဘူး..။
သူ ဦး ဆောင်ဦး ရွက်ပြုမယ့် အိမ်ထောင် ဟာ ဘယ်လောက်များ နွေးထွေး သာယာနေလိုက်မလဲပေါ့..။
ဒါပေမယ့် အဖြူရှိပြီး အမည်းရှိသလိုမျိုး ၊ ဒီက ရွာ ဟောင်း နဲ့ရွာ သစ်လို ဆန့်ကျင်ရာအရပ်ကို တစ်စတစ်စဝေးကွာနေကြ သလိုမျိုး၊
ချစ်သူတွေ ရှိတဲ့ အရပ်မှာပဲ မုန်းသူလည်း ရှိနေနိုင်သေးတဲ့အကြောင်းကိုတော့ နည်း နည်းလေး တောင် တွေးထင် မကြည့်တတ်ခဲ့ကြဘူး..။
သူတို့ရဲ့ ဂေါ်မစွံ လူပျိုကြီး နဲ့ သိပ်ကို ယဉ်ကျေးလှပတဲ့ တစ်ရွာသူ ဆရာမလေးတို့ ဇာတ်လမ်းကို ၀မ်းသာအားရပြော နေကြမယ့် ရွာသူ ရွာသား တွေရဲ့ ညချမ်းမှာ
ဖေဖေက သူ့အားအထားဆုံး သမီးကြီး အတွက် တိတ်တဆိတ် မျက်ရည်ကျ နေခဲ့ရှာသတဲ့။

ဟင့်အင်း..။

ညဥ့်လေဟာ ရင့်ရိုင်းစိုစွတ်နေပေမယ့် အရာရာကို မေ့လျော့ချင် လောက်အောင် ချိုအီနွေးထွေးနေခဲ့တယ်.။
တစ်စိတ်တည်းတစ်ဝမ်းတည်းမြဲမြဲ ဆုတ်ကိုင်လိုက်ကြတဲ့ တွဲ လက်တွေဟာ တစ်သက်လုံးအတွက်ပေါ့..။
ချစ်သူ့ရင်ခွင်သည်ကား ငြိမ်းချမ်းနယ်မြေဆိုတဲ့ သီချင်းစာသား တွေကတဖြည်းဖြည်းလှပသိပ်သည်းလာခဲ့တယ်..။
အို.....သံသရာဆွဲဆန့်လို့ ဘယ်လောက်ပဲ ရှည်ပါစေတော့ကွယ်..။
အဖေတူတဲ့ သမီးနဲ့၊ အမေတူတဲ့ သားလေးကို တယုတယ ပျိုးထောင်ကြရမယ့် လက်တွေဟာဘယ်တော့မှမကွဲကွာနိုင်ကြတော့ဘူး ပေါ့..။
တစ်ယောက်ရဲ့ ယုံကြည်ချက်ဟာ တစ်ယောက်ရဲ့ ရင်ခုန်သံ ဖြစ်လာပြီး.. ၊ တစ်ယောက်ခြေသံတွေနဲ့ တစ်ယောက်ခရီးဆက်ခဲ့ကြတယ်..။
ကြမ်းတမ်း ခက်ထန်တယ်ဆိုတဲ့ နေ့တွေ ရက်တွေကိုတောင်မှ အတူရှိနေကြတယ်ဆိုတာ တစ်ခုနဲ့တင်ချိုမြိန်နေတတ်ခဲ့ကြတာ...။


ခရီး(၃)။

ညဟာ ကျိန်စာတွေကို သံစဉ်သွင်းထာတဲ့ တေးသီချင်း တစ်ပုဒ် လည်းဖြစ်ပြန်တယ်။
ရှိုက်ထုတ်ရလွန်းနေတဲ့ သက်ပြင်းပူပူတွေနဲ့ လေထု တစ်ခုလုံးပါးကျဲသလိုရှိနေတယ်။
ညထဲမှာ စိမ့်ပျော်နေတဲ့ ရနံ့တွေဟာ စိမ်းရွှေ ရိုင်းစိုင်းပြီး တစ်စတစ်စ စိုးရိမ်လှုပ်ခတ်စရာ ကောင်းလာကြတယ်။
မဟုတ်ဘူး..။
မဖြစ်နိုင်ဘူး....ဆိုတဲ့ အထပ်ထပ်ပဲ့တင်နေတဲ့မှတ် ချက်ကို လက်လျော့ လိုက်ရချိန်မှာတော့ ဆေးရုံဝန်းထဲက သွေးရှုးသွေး တမ်းထွက်ပြေးလာခဲ့တယ်..။

တစ်ရံမလပ်အပ်ထားမိတဲ့ မျက်နှာတစ်ခုရဲ့ အရိပ်အခြေကို ဘယ်သူက ပိုသိနိုင်ဦးတော့မှာလဲ...။
ဆေးရုံတင်တာနောက်ကျသွားတယ်ဆိုတဲ့ဆရာဝန်ရဲ့မှတ်ချက်ဟာသိပ်ကို နာကျည်းကြေကွဲစရာ ကောင်းတဲ့မှတ်ချက်တစ်ခုပဲ..။
ဘယ်သူ့ကိုမှ နောက်ဆန်ငင်မနေရတော့အောင် သတိ လုံးလုံး ကင်းမဲ့ နေတာလို့အကောင်း ဘက်ကတွေးကြည့်ရမလား..။
နှုတ်ဆက်မှာကြားခြင်းကို ဖေါ်ဆောင်မယ့် အကြည့်ယဲ့ယဲ့လေးတစ်ချက်မှတောင်ရခွင့်မရှိတော့တာဟာ ဘ၀ရဲ့နောက်ထပ် ဆုံးရှုံးခြင်းများလား..။
ဆေးရုံကိုချက်ချင်းမတင်နိုင်ဘဲသင့်လျော်သလို နေထိုင် ရှောင်တိမ်း နေကြခဲ့ရတာအတွက် ဘယ်သူ့ ကို အပြစ် တင် ဆဲရေး ပစ်လိုက် ရမလဲ..။
အို.. ဒီလောက် ချွဲတဂူးဂူးနဲ့ မချိမဆန့် နာကျဉ် ပင်ပမ်း လွန်းနေတဲ့ ခင်ပွန်းကို ဘာမှ ဖြည့်ဆည်း၊ဖေးမ မပေးနိုင်တော့တဲ့ ဇနီး သည်တစ်ယောက်အဖြစ် နဲ့
စိတ်လျော့လက်လျော့ကြီး ဇိမ်ပြေ နပြေထိုင် ကြည့်နေရဦးမှာလား..။
ချစ်သူ့ရဲ့နှုတ်မဆက်နိုင်တော့တဲ့တစိမ့်စိမ့်ခွဲခွာသွားခြင်းမှာ တဖြည်း ဖြည်း ကျန်နေရစ်ရမှာလား..။
မခံနိုင်ဘူး...။

မမကြီးဆိုတဲ့ အငယ်မရဲ့ အသံကိုလည်းမကြားချင်တော့ဘူး..။
အသားကုန်ပြေးထွက်လာတဲ့ခြေလှမ်းတွေဟာ ဘူတာဘေးကဖြတ်လာ တော့ ဆောင့်အဆွဲခံလိုက်ရသလို ရပ်တန့်သွားခဲ့တယ်။
မှောင်မဲတိတ်ဆိတ် နေတဲ့ ဘူတာရဲ့ချောင်ကျကျ နေရာက ထိုင်ခုံလေးပေါ်မှာ...။
အိုဘယ်လိုမှ စိတ်မချနိုင်ပါဘူးဆိုတဲ့ မျက်ဝန်းအကြည့်တွေ..။
လက်ဖ၀ါးတွေကိုမလွတ်တမ်း တင်းကြပ်နေအောင်ဆုတ်ကိုင်ထား တဲ့ နောက်ထပ် လက်ဖ၀ါး တွေ...။
အို ဘုရား... ဘုရား.. ၊ သူ့ရဲ့ အဆမတန် တင်းမတ်ထားရတဲ့ စိတ် တွေကို သမီးနဲ့သားကို တွေ့ပြီးသွားလို့ လျော့ချလိုက်တာလား..။
ဒီလောက်ရိုးစင်းတဲ့မိသားစုထဲကို ဒီလောက်ရက်စက်ဆိုးဝါးတဲ့ကံကြမ္မာမျိုး ရောက်လာတယ်ဆိုတာကရော ဟုတ်နိုင်ပါ့မလား..၊
အခက်အခဲ၊ အကြပ် အတည်းတွေကြားထဲက အုတ်ဖိုသွားချင်တယ် ဆိုတာကရော...
သားနဲ့ သမီးကို ဘယ်လိုပြောပြရမလည်း..။
ဖေကြီးက မနိုးသေး ဘူးလားလို့ မေးတတ်တဲ့ အငယ်ကောင်လေးရဲ့ မေးခွန်းတွေ၊
မအေရဲ့ မျက်နှာရိပ်မျက်နှာခြေကြည့်နေရှာတဲ့အကြီးမကြီးရဲ့မျက်ဝန်းတွေ...
အို အဆုံးအစမရှိတဲ့ လေဟာနယ်ထဲကို စိတ်ရောကိုယ်ပါ တစ်စစီ ပေါက်ကွဲလွင့်စင် ထွက်သွားသလိုလို..။

သမီးဆိုပြီး ဆွဲပွေ့လိုက်တာဟာ ဖေဖေပဲ..။
ထုံကျဉ် အေး စက်နေတဲ့ ရုပ်ခန္တာတစ်ခုလုံးကို အားမရနိုင်တော့ဘူး..။
နာကျဉ် ပူပြင်း နေလွန်းတဲ့ စိတ်အခြေအနေကို ခံနိုင်ရည်မရှိတော့ဘူး..။
ဒိုင်းကနဲ ဆောင့်တိုက်လိုက်တဲ့အသံနဲ့ ဦးခေါင်းတစ်ခုလုံး နာကျဉ်မူးဝေသွားတော့မှ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်စီးကျလာခဲ့တယ်..။
ဟုတ်တယ် ဖေဖေ..ရဲ့ ... သူ..။

ဖေကြီးပြန်လာပြီတဲ့ ဆိုပြီး လှေခါးက တဒိုင်းဒိုင်း ဆင်းချသွား တဲ့ သမီးကြီးကို မတားမြစ်မိတော့ဘူး..။
ဗလုံးဗထွေး အော်ဟစ်သံနဲ့ အိမ်ပေါ် ပြန်ပြေးတက်လာပြီး သွေးပျက်ခမန်း လူးလှိမ့်ငိုယိုနေတဲ့ သမီးကြီးကို မချော့မြှူ၊မဖျောင့်ဖျနိုင်တော့ဘူး..။
အိပ်မှုန်စုံမွှားလေးနဲ့ထထိုင်ပြီး အားလုံးကို ကြောင်ကြောင်အအလေးငေးနေရှာတဲ့သားငယ်လေးကိုမထွေးပိုက်မိတော့ဘူး..။
သမီး ငိုလိုက်စမ်း..။
ငိုချလိုက် စမ်းဆိုပြီး တအိအိရှိုက်ငို နေတာ ဖေဖေပဲပေါ့..။

အို...။ မနက်ဖြန်ဆို ဘာတွေဖြစ်ဦးမှာပါလိမ့်..။
အခု..အတူတကွရင်ဆိုင်ဖြေရှင်းနေရသမျှတွေကို .. ဒီအတိုင်းပစ်ချ ခဲ့ပြီး တကယ်ပဲထွက်ခွာသွားပြီလား...။
ဥိးဆောင်ဦးရွက်နဲ့ ဒီမတရားသဖြင့် လီဆည်ခင်းကျင်းထားတဲ့ အမှုအခင်းကို သွေးအေးအေး ဦးဏှောက် ကြီးကြီးနဲ့ ရင်ဆိုင်ဖြေရှင်း မပေးခဲ့တော့ဘူးလား..။
ဘယ်လောက်များ...နောက်ဆန်တငင်ငင်နဲ့ထွက်ခွာသွားလိုက်ရမယ့် ခရီးကြီးလဲ..။
ဘာတွေကိုများတတွတ်တွတ်မှာကြားချင်နေလိုက်မလဲ..။
အသက်သုံးဆယ်စွန်းစွန်း မြေဖြူနဲ့ ကလေးပုခက်ကိုပဲ ကိုင်ခဲ့ဖူးတဲ့ ဇနီးသည်လေးရဲ့ လက်ဖ၀ါး အစုံအတွက် ဘယ်လောက် စိုးရိမ်ကြောင့်ကျ သွားလိုက် ရှာမလဲ..။

ညက တဖြည်းဖြည်း အေးစက်ရင့်ရော်နေခဲ့တယ်..။ညရဲ့ရနံ့ဟာ မခံမရပ်နိုင်အာင်ကို ညှီဟောက်နေခဲ့တယ်…။
ရင်ဆိုင်ရဦးမယ့်နေ့ရက်တွေအတွက် အသင့်ပြင်ထားရဦးမယ် မဟုတ်လား..။ ငိုချလိုက်ပါ မမကြီးရယ်ဆိုတဲ့ ညီမလတ်ကို အော်ငေါက် ပစ်လိုက်မိတာလား..။
လောလောဆည်မှာတော့ မျက်ဝန်းအားလုံးနဲ့ အဝေးဆုံးကို ထွက်ပြေးချင်နေခဲ့တယ်..။

နွေလည်ညရဲ့ လေပြည် ရိုင်းရိုင်းဟာ ရင်ထဲကမီးတွေကိုမြှောက်ပင့် ပေးနေခဲ့သေးလား..။
အထုံးအနှောင်မဲ့ ဖွာဝဲကျနေတဲ့ဒီဆံနွယ် အရှည်ကြီးကို ချစ်သူက သိပ်မြတ်နိုးတာပေါ့..။
လမ်းမီးရောင်အောက်မှာ ရဲမြနေအောင်ပွင့်ခဲ့တဲ့ စိန်ပန်းပွင့်ချပ် အကြွေတွေကို အသာဖွဖွ လျောက်ကောက်နေမိတော့ ဖေဖေက စိုးရိမ် တကြီး ရပ်ကြည့်နေရှာတယ်..။
အနီတွေ..။ ရဲရဲတောက်နေတဲ့ အနီတွေ ။ အို အကိုကြီး သိပ်ကိုကြိုက်တဲ့ အရောင်ပေါ့ကွယ်..။


ခရီး(၄)။

ညက အလွမ်းနဲ့ ရန်ငြိုးတွေကို ကြောင်လက်သည်းလို ၀ှက်ထား ပေးနိုင် တယ်။
နဖူးပြင်ကို နွေးညက်သွားစေတာဟာ နှုတ်ဆက်အနမ်းပေါ့..။
ကလေးတွေရဲ့ခြင်ထောင်ကိုအသာလေးပြန်ချထားလိုက်တဲ့သူ့မျက်နှာက ဆုံး ဖြတ် ချက်တွေနဲ့ ရဲရင့်ခိုင်မာနေခဲ့တယ်..။
အစစအရာရာ စိတ်ချပါရစေဆိုတာ တတွတ်တွတ်ပြောနေခဲ့တဲ့ စကားပေါ့..။ ကြေကွဲညှိုးငယ်လွန်းနေတဲ့ မျက်ဝန်း တွေကတော့ မမြင် ရက်စရာပါ ပဲ..။
ပုဂ္ဂလိကဆန်တဲ့အပြင် အတော့်ကို သိမ်းဖျင်းအောင်တန်းကျ တယ်လို့ ပြောလို့ရတဲ့ ရန်ငြိုး ရန်ကြွင်းတွေကို အခြေခံထားပြီး
အုံနဲ့ကျင်းနဲ့ လုပ်ဇာတ်ဆင်ဖွဲ့နွဲ့ထားတဲ့ ဥပဒေအခင်းအကျင်းမှာ သူမပါ ကန့်လန့်ပါ နေတာ အတွက် သူက ရင်ထုမနာ ဖြစ်နေခဲ့ရှာတယ်..။
တရားကို နတ် စောင့်တယ်..၊ ငါ တို့ သစ္စာတရားက ငါတို့ကိုကယ်တင်လိမ့်မယ် ဆိုတာကို သူက ယုံယုံကြည်ကြည်ထက်ထက်သန်သန်ကြီး ပြောဆိုနေခဲ့ရှာ သေးပေါ့..။
ဒါဟာ ကိုယ်သားသမီးတွေရဲ့ အနာဂါတ်အတွက်နဲ့ပါဆိုင်တယ် ဆိုတာက ကဗျာ တစ်ပုဒ်လိုလွှတ်လှ နေခဲ့တယ်..။

သူတို့ကိုမနိုးတော့ဘူးနော်ဆိုတာ တို့တွေ ရက်ရက် စက်စက် ကြီးကို မှားခဲ့ကြတဲ့အမှား...ပဲ။
ကလေးတွေအတွက် သူ့ဖခင်ရဲ့ ခပ်သြသြကြီး ရယ်မောလိုက်သံကို နောက်တစ်ခါ ထပ်ကြား နိုင်ကြရဦး မယ် ပေါ့..။
သူ့အဖေလက်မောင်းကို အလုအယက်ခိုစီးပြီး ဖေဖေကြီး ကိုချစ် တယ်ဆိုတဲ့ တေးသီချင်းကို အသံကုန်သီကျွေးခွင့်လည်ထပ်ရကြဦး မယ်ပဲပေါ့။

ကိုကြီး သွေးတက်စာတွေမစားနဲ့နော်..။
အအေးသိပ်မခံနဲ့နော် ဆိုတာခင်ပွန်းသည်တစ်ယောက်အတွက်ဇနီးသည်ရဲ့ကြောင့်ကျ..။
အကိုအကြီး ဆုံးအတွက် အငယ်ဆုံးညီမလေးရဲ့ စိုးရိမ်သောကတွေလို့လည်း ပြောလို့ ရနေသေးရဲ့ကွယ်.. ။
တစ်စတစ်စအမှောင်ထဲကိုတိုးဝင်ပျောက်ကွယ်သွားတဲ့ကျောပြင်ကို ကြည့်ပြီး အံကို တင်းတင်းကြိတ်ထားမိခဲ့တယ်..။

အမှန်တွေက မှားသွားသလား..၊ အမှားတွေအားလုံးမှန်သွားခဲ့တာ လား..။
အမှန်တရားဆိုတာအင်အားလား၊ငွေကြေးဓနလား၊လုပ်ပိုင်ခွင့်တွေလား..။
ဘယ်လို ဖြေရှင်းရမယ်မှန်းမသိတဲ့ ပုစ္ဆာ တစ်ပုဒ်ကို အတူတကွ ဖြေရှင်းကြ ဖို့ဖန်တီးလာခဲ့တယ်လေ..။
အငြင်းပွားမှုတွေ ၊အတ္တမာနတွေ၊ဒေါသမောဟတွေ၊စွဲချက်ပုဒ်မတွေ၊ တရား တဘောင်တွေ၊ နောက်ဆုံး စစ်ပွဲတွေ...၊
တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ တစ်ကျောင်းတည်းတက် တစ်စာထဲအံခဲ့ကြတဲ့၊ လည်ပင်းဖက် ပေါင်းဖော်လာကြသူတွေမှာတောင်
ကိုယ်ယုံကြည်ရာ ကိုယ်စွဲထင်ရာနဲ့ ပတ်သက်လာရင် ဘာကိုမှသတိမရနိုင် လောက်အောင် နာကျည်း မုန်းတီး တတ်ကြတယ်၊
ရက်စက် ကောက် ကျစ်နိုင်ကြတယ်ဆိုတာကို ဒီရွာလေးကို ရောက်မှ သေသေချာချာ သိရှိသွား ခဲ့ရတယ်..။
အို ကိုကြီးနဲ့အတူ အရာရာကို ရင်ဆိုင်တိုက်ခိုက်ဖို့ အဆင် သင့်ရှိနေပါတယ်လို့ သွေးရူးသွေးတမ်းဆန်ဆန် အထပ်ထပ်ပြော နေမိခဲ့သေး ရဲ့...။

ဘ၀ထဲက တိုက်ပွဲငယ်တစ်ခုလို၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကျော ချင်းကပ်ပြီး ရွတ်ရွတ်ချွံချွံ ရင်ဆိုင်တိုက်ခိုက်ကြဖို့ နှလုံးသွေးတွေ နဲ့ရင်းပြီး
သစ္စာပြုလိုက်ကြချိန်မှာ ကံကြမ္မာဆိုတာကြီးကိုတောင် မေ့လျော့ နေခဲ့မိကြ ပါရော....။

ဒီညမှ ချွဲချွဲ ငင်ငင် မြည်ကျွေးနေတဲ့ ဥသြငှက်ကလေးဟာ.. ဖိတ်လျှံကျနေတဲ့ အလွမ်းတွေကို မြင်တွေ့ သွားလေလို့များလား..။
ညထဲမှာ စိမ့်ပျော်နေတဲ့ ခရမ်းရောင်တွေဟာ စိတ်ညစ်ညူးစရာ သင်းထုံ နေခဲ့တယ်..။

ချစ်သူနဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဝေါဟာရတွေ…...။
အို...အဲ ဒီ အချိန်မှာ အဲဒီစကားစုတွေက ထင်သလောက် လေးပင် မနေကြသေးဘူး..။
ခြေဖျားထောက်ပြီးမွှေးကြူလိုက်တဲ့ အနမ်းမှာတော့ အလွမ်း ကျင်ကျင် တွေနဲ့ အနာတရတွေက မှိုင်းအုံလို့ရယ်...။
ချစ်သူက သူ့ပါးပြင်ပေါ်စွန်းသွားတဲ့ သူမမျက်ရည်တွေကို တယုတယ တမြတ်တနိုး သယ်ဆောင်သွားလေရဲ့..။

ခရီး(၅)။

ညဟာ မဆုံးနိုင်သေးတဲ့ ခရီးကြမ်း တစ်ခုလည်းဖြစ်သေးရဲ့..။
မှောင်မည်းတိတ်ဆိတ်နေတဲ့သန်းခေါင်ယံခရီးမှာ ငေးချင်ရာ ငေးနေ ရတာက စိတ်တွေ နေလို့သိပ်ကောင်းတာပေါ့...။
ကောင်းကင်မှာဖျောက်ဖျောက်ချားချား ထင်နေတဲ့ကြယ်တွေကို ယောင်ရမ်းပြီး ရေတွက်ကြည့်နေမိသေးရဲ့..။ဟိုးဝေးဝေးကလွင့်ကြွေသွားတဲ့ ကြယ်ဟာ သူပဲဖြစ်မှာပါ..။
အေးမြလတ်ဆတ်နေတဲ့ လေထဲမှာခပ်မြမြပါနေတာဟာ ဘာရနံ့ တွေလဲ..။
ရင်ဆိုင်ကြုံတွေ့ရဦးမယ့် အနာဂါတ်အတွက် လှုပ်ရှားစိတ် စော လွန်းနေရတဲ့ ဇောရနံ့တွေများလား…။
ဟိုး…တရွေ့ရွေ့ဝေးကျန်ရစ်တာဟာ သူ သိပ်ချစ်တဲ့ ထိန်တော ဆိုတဲ့ရွာလေးပေါ့..။
ကြီးတောင့်ကြီးမားနဲ့ ပိုးပန်းစဉ်ကရှက်ကိုးရှက်ကန်း အပြုံးကိုမြင်ယောင်မိလိုက်တော့ ရင်ကနင့်သွားအောင်နာကျဉ်လာမိပြန်တယ်..။
မျက်ရည်ဆိုတာကို ဘယ်အချိန်ရောက်မှ ကျနိုင်တော့မလဲ..။
ဘ၀မှာ မျက်ရည်ထက် လေးနက်ခန့်ထည်တဲ့ အရာရှိနေ သေးတယ်ဆိုတာကို တအံ့တသြ သင်အံသိရှိ လိုက်ရပြီလေ..။

အကိုကြီး အခုဆို ဘယ်နေရာမှာလဲဟင်..။ သင်သွားလိုရာသွား နိုင်သည်ဆိုတဲ့အတိုင်း အမှန်တကယ်ပဲ လွတ်မြောက်ချမ်းသာ ခွင့်ရရှိ သွားပြီလား..။
ဟုတ်ပါ့မလား..။
ဟုတ်မှာပါ…..။
ဟုတ်ပါစေကွယ်..။

သူမကတော့ သူနဲ့အတူသွားရမယ်ဆိုတဲ့ခရီးကြမ်းကို တစ်ယောက် တည်း ရဲရဲဝံ့ဝံ့ လှမ်းထွက်ခဲ့ပါရော..။
သူပြောဖူးတဲ့ တရားကိုနတ်စောင့် တယ်ဆိုတဲ့ စကားနဲ့ သစ္စာတရား ကို ရဲရဲရင့်ရင့်ကြီး အဖေါ်ပြုလို့ရယ်လေ..။
မနက်ဖန်ဆိုဘာတွေဖြစ်လိမ့်ဦးမလဲ..။

အမှောင်တွေကြားထဲမှာ မမြင်ရတော့လောက်အောင် မှောင်အိ ကျန်ရစ်တဲ့ရွာ လေးဆီကို လှမ်းမျှော် မနေတော့ဘူး..။
နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေရှာတဲ့ ကလေးတွေရဲ့ ပါးပြင်ကို စိတ်ကူးနဲ့ မွှေးမြ ကြည့်မနေချင်တော့ဘူး..။
ကလေးတို့ရဲ့ အနာဂါတ်မှာ မေမေက ကြက်သအုပ်မကြီးလို ဘယ်သိမ်းစွန်ငှက်ကိုမဆို ရင်ဆိုင်ဖို့ ရဲရင့် နေမယ်ဆိုတာကိုတော့ တိုးတိုးဖွဖွလေး ကတိပေးခဲ့တယ်..။
ပုံပြင်သိပ်ကြိုက်တဲ့ သားလေးအတွက် သိပ်ကို စိတ်ဝင်စား စရာကောင်းပြီး တုန်လှုပ်အံသြစရာ၊ နာကျည်းရွံရှာစရာ ပုံပြင်တွေ သယ် ဆောင် လာနိုင်ခဲ့မယ် ထင်ပါရဲ့..။
ပန်းပွင့်လေးတွေကို သိပ်ချစ်တတ်ပြီး.. နှလုံးသား နူးညံ့လွန်းတဲ့ သမီးကြီးအတွက်ဆိပ်ဖလူးပန်းခြောက်လေးတွေကိုလက်ဆောင်ပေးလိုက်ရင်တော့ပျော်ရွှင်ကျေနပ်
သွားလေမလားပဲ..။

ဘာပဲဖြစ်ဖြစ်
ဘ၀ဆိုတာမှာ ထင်မှတ်မထားပဲ ယုတ်မာ ရက် စက် လွန်းစွာ ချုံခိုတိုက်ခိုက်တတ်တဲ့ ရန်သူတွေရှိနေတတ်တဲ့အကြောင်းကိုတော့ ရေရေ လည်လည် ပြောကိုပြောထားရဦးမယ်....။

တဖြည်းဖြည်းအလင်းဖေါက်လာတဲ့ညဟာကျဲတောက်တောက်နိုင် လာတယ်..။
ညတွေရဲ့ ဟိုမှာဘက်မှာ အလင်းဆိုတာ ရှိနေနိုင်သေး တာပဲ..... ။

မနက်ဖန်မှာ ဘာဖြစ်လာလိမ့်ဦးမလဲ.။

မနက်ဖန်ဆို ဘာတွေရင်ဆိုင်ရလိမ့်ဦးမလဲ..။

အို... လောလောဆည်မှာတော့ အလင်း အနက်တွေ ချယ်သ ထားတဲ့ ညရထားကို စီးနင်းလာခဲ့တယ်.။ ။


အိန္ဒြာ(၁၆.၂.၂၀၀၇)

(မဟေသီမဂ္ဂဇင်း-၂၀၀၇ ခုနှစ်)

14 comments:

အရုပ်ကလေး said...

အနှစ်သာရပြည့်နေတဲ့ ပို့စ်ပါ..
ဒါပေမယ့် ဖတ်ရသူမှာ မျက်စိ ဆရာဝန်ပြလိုက်ရတယ်..
ဟိဟိ..ဖတ်ရင်းနဲ့ မျောနေမိတယ်
ကောင်းတယ်.. ဆက်လက် ရေးသားနိုင်ပါစေ

thynn said...

ချုံခိုပြီးတိုက်ခိုက်လာခဲ့တဲ့လောကဓံကို
ဘွားကနဲရင်ဆိုင်လိုက်ရတဲ့အချိန်မှာ
ဘယ်လောက်များသွေးပျက်ချောက်ချားလိုက်မလဲနော်
ဒါဟာ..နင့် မေမေ ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့
လောကကြီးရဲ့ထုနှက်ချက်ပေါင်းမြောက်များစွာထဲက..
ခပ်သေးသေးအမှုန်အမွှားလေးပဲဆိုတာ..
ပြောပြစရာမလိုပဲနားလည်နိုင်ပါတယ်....
အဲဒီတုန်းက နင့်မေမေ မှာ..သားနဲ့သမီးဆိုတဲ့...
မျှော်လင့်စရာအလင်းရောင်လေးသာ မရှိခဲ့ဘူးဆိုရင်....

မမသီရိ said...

ရေးတတ် လိုက်တာ ကွယ်...

ဆောင်းယွန်းလ said...

ဝတ္ထုတစ်ပုဒ်လုံးမှာမျောပါသွားမိတော့ကိုယ်တိုင်ဖြစ်နေ
သလိုခံစားသွားရတယ်.တကယ်ပြောတာညီမရေ.
ခင်မင်လျက်...

HAPPYCLOUD said...

သူလုပ်ပြန်ပြီ... ဟတ်ထိအောင်ပဲ ရေးနေတော့တာပဲ..


မိုးမောင်

အမည်မဲ့ said...

ကောင်းလွန်းတယ်ဗျာ..

အိန္ဒြာ said...

ဝတ္ထုလေးကို ရေးတုန်းကလည်း မျက်ရည်တွေနဲ့
ဘယ်အချိန်ပြန်ဖတ်ဖတ်လည်းမျက်ရည်တွေနဲ့
အကြောင်းအမျိုးမျိုးကြောင့်
ဝတ္ထုလေးကို...ပီပီပြင်ပြင်ချမပြနိုင်တာအတွက်တော့..
စိတ်မကောင်းဖြစ်မိပါတယ်..
သက်ရှိ..၀တ္ထုတစ်ပုဒ်ပါ....

ခု..၅၈နှစ်ရှိပြီဖြစ်တဲ့.မေမေ..
အနာရောဂါတွေကင်းစင်ပြီး...
စိတ်၏ကိုယ်၏ ချမ်းသာခြင်းတွေ ပြည့်ပြည့်၀၀ရရှိနိုင်ပါစေ..။
အဓိကရည်မှန်းရာအရပ်ဖြစ်တဲ့
အားလုံး..ငြိမ်းချုပ်ရာ.သန္တိသုခအရပ်ဆီကို
လွယ်လင့်တကူ..ရောက် သိ နိုင်တဲ့ကိုယ်ဖြစ်နိုင်ပါစေ..မေမေရယ်..

မေမေ့မတ္တာကို..တစ်ရံမလပ်ဦးထိပ်ပန်ဆင်လျှက်
မေမေ့သမီးကြီး

ZWE said...

ကျွန်တော် ဘာရေးရမှန်း ဘယ်လိုကောမက်စ်ပေးရမှန်းကို မသိတော့ဘူး။
ဒီဝထ္တုလေးကို ဖတ်ပြီး ကျွန်တော့်ရင်ထဲမှာ ဆို့နင့်လွန်းနေတယ်။
စကားလုံးတွေကို ဖော်ကြူးဖွဲ့သီဘို့ ကျွန်တော့်ဦးနှောက်အလုပ်မလုပ်တော့ဘူး။
ရင်ဘတ်မှာတော့ တဒိတ်ဒိတ်ခုန်နေတဲ့ ရင်ခုန်သံ အချက်တိုင်းမှာ အမေလို့ခေါ်နေမိတယ်။
ကြည်လင်မှုမရှိတော့ လောက်အောင်ေ၀၀ါးလာတဲ့ စက္ခုအာရုံတွေကို တဖျတ်ဖျတ်မျက်တောင်ပုတ်ခတ်ရင်း
ဒီကောမက်စ်ကို ကျွန်တော်ရေးနေခဲ့တာမကြီး။
အခုကျွန်တော်ကောမက်စ်ရေးနေတဲ့ အချိန်မှာ ကျွန်တော့်လက်တွေက မျက်ရည်စက်လက်နဲ့ပါ။
စွဲငင်ရစ်ပတ်နှောင်ဖွဲ့ သမျှကြိုးတွေထဲမှာ မေမေ့ရဲ့ မေတ္တာကြိုးက အခိုင်မြဲဆုံး၊အဖြူစင်ဆုံးပါဘဲ မကြီးရေ။


ဇွဲရဲရင့်

Minn said...

အမှတ်မထင်ဖြတ်လျေုာက်ခဲ့တဲ့လမ်းသွယ်လေး
ပြုပြင်ဖန်တည်းထားမှု့ကင်းမဲ့တဲ့အတွက် ခြောက်သွေ့သွေ့အစီအစဉ်တကျစည်းရိုးမြင့်မြင့်
ညိုညစ်ညစ်အုတ်ကွက်အခင်းတစ်ဖက်တချက်ဆီက စီးဆင်းမှု့မဲ့ရေနုတ်မြောင်းလေး
အရာအားလုံးက မြင်တွေ့နေကျထက်မပို......
ညိုညစ်ညစ်ကောင်းကင်အောက်က ဝေ့ကနဲကြွေကျတဲ့ စိန်ပန်းနီနီတွေ
အနင်းခံဖို့သက်သက် ဘာသာချွေချနေခြင်းလား လေညှင်းကပဲ ချွေချလိုက်ခြင်းလား
ဘာဖြစ်ဖြစ် သက်ငြိမ်ပန်းချီကားဆန်ဆန် ဒီလမ်းလေးထဲ
ဖြတ်လျောက်မိတဲ့ငါ ကန္တာရတခုဖြတ်စီဆင်းခံရသလို
တံလျပ်လိုလို...မြူလိုလို...ဝေဝါးဝါး ၊။

ပုစ္ဆာဆန်ဆန်လမ်းလေးအဆုံး
အရိပ်တစ်ခုလန့်ပြီးဖြတ်ပျံသွားတာလား..ရှိုက်သံ သဲ့သဲ့ ပဲ့တင်လာတာလား...
တစ်စုံတစ်ယောက်က ကျောဖက်ကနေ ငေးရီစိုက်ကြည့်နေသလို...
ဆို့နင့်ကြေကွဲစွာ လက်ကမ်းခေါ်နေသလို...
ဘာကြောင့် လမ်းဆုံးရောက်မှ ဒီအာရုံတွေ ထင်ဟပ်နေတာလဲ

အမှတ်တမဲ့မို့ သတိမထားခဲ့မိတာလား

အလင်းတွေကြွေကျလုလု အမှောင်အဖူးလေးတွေထွက်ချိန်
လမ်းလေးထဲ နောက်တကြိမ် ထပ်ဝင်လာမိတာ
မပီမသ ကြားလိုက်တဲ့ ရှိုက်သံသဲ့သဲ့ကြောင့်လား မသဲမကွဲ အရိပ်တွေကြောင့်လား...
သိချင်စိတ်ကပြင်း၇ိစရာလမ်းသွယ်လေးထဲ ဒုတိယအကြိမ် တိုးဝင်သွားမိတဲ့အခိုက်..။

စည်းရိုးမြင့်မြင့်တွေရဲ့နောက်ဖက်က ရှိုက်သံသဲ့သဲ့
အာရုံလေးနဲနဲစူးစိုက်နေတုန်း ပြဒါးတစ်စက်လို လမ်းလေးထဲ
ကိုယ်တိုင်ပျော်ဝင်သွားခဲ့တယ်...

*ငါ့ကို တူးဆွခဲ့တုန်းက
ဘယ်လောက်နာကျင်နေပါစေ အံကျိတ်နေခဲ့တယ် ငါ့အသားမျှင်တွေ ပုံစံထွင်ပြီး
ရိုက်ပုတ်ထုထောင်းတော့လည်း အံခဲနေခဲ့တယ် နောက်ဆုံး ငါ့အတွက် အရိပ်မိုးပေးတဲ့
ဒီသစ်ပင်ကိုခုတ် ထင်းလုပ်ပြီး ငါ့ကို မီးဖုတ်ခဲ့တာ ...
စီးဆင်းမှု့မဲ့နေတဲ့ရေမြောင်းလေး...အလှစိုက်ထားတဲ့စိန်ပန်းပင်..
ငါဆီကပဲ ယူငင်သွားခဲ့ကြတာ
ငါ့ဘဝနဲ့ ရင်းခဲ့ရတဲ့ ဒီလမ်းလေး ဘယ်လိုအုတ်ကွက်လေးချထားမှန်းတောင်
ကြည့်ခွင့်မပေးခဲ့ဘူး...

ရက်စက်လိုက်ကျတာ...
လိုချင်သမျှယူခဲ့ကျပြီးမှ ကျောက်ပေါက်မာပရပွမို့
ခပ်မြင့်မြင့် ဝင်းခတ် အထီးကျန်ဇာတ်ကွက်ထွင်း
လုပ်ကွက် အဟောင်းစာရင်းသွင်းပြီး ကြက်ခြေခတ်ဆိုင်းဘုတ်တွေ
နိုင်းချင်းစိုက်ခဲ့ ....
ဘယ်လိုစိတ်မျိုးနဲ့ ...........*

အိပ်မက်တခုလိုလို...ကမ္ဘာမြေရဲ့ငိုသံ
အဲဒီလမ်းလေးထဲကကြားလိုက်ရတဲ့ ရှိုက်သံ
စည်းရိုးတွေနောက်က ကြေကြေကွဲကွဲ တမ်းတသံ
ငါ....မနာခံရက်တော့ဘူး...၊၊

(စဖတ်ဖတ်ချင်း...ဘာကြီးလဲပေါ့...ဘာဆိုလိုချင်တာလဲပေါ့..နားမလည်ဘူး
ကျွန်တော်ကိုယ်တိုင်ကအနုပညာကို မူကြိုလောက်သာသင်အံဖူးတဲ့ အတွက်ကြောင့်လား
ဖတ်ပြီးတော့ ...လည်း တမျိုးပဲ..ယောင်ချာချာဖြစ်နေတယ်..
ထွက်လဲထွက်လိုက်ရော...တစ်ခုခုကဆွဲထားတာလိုလို...စကားလာပြောနေတာလိုလို
တစ်မျိုးပဲ..အဲဒါကြောင့် ဒုတိယအကြိမ် ထဲထဲဝင်ဝင် ဖတ်ကြည့်မှ...
ကြေကွဲစရာ ကဗျာတပုဒ်...ရင်နင့်စရာ...တေးသွားတစ်ပုဒ်...အင်းဘယ်လိုပြောရမလဲ
နိဒန်းနဲ့ နိဂုံး ဖြုတ်ခံရတဲ့ဝတ္ထုတစ်ပုဒ်လို....
ဝှက်ပြီးရေးသွားတာ ကောင်းလိုက်တာဗျာ...ရင်ထဲကိုနင့်နေတာပဲ
အဲဒါကြောင့် အဲဒီလိုရေးလိုက်တာ....မနာလိုချင်စရာကောင်းအောင်ရေးတတ်တယ်)
ပျင်းရိစရာလမ်းလေးတစ်ခု ဖြတ်လျောက်မိခဲ့တယ်....တကယ်တော့.....ငါ့ရင်ဘတ်နဲနဲပဲ့ကျန်ခဲ့တာ..

pandora said...

မအိန္ဒြာရဲ့ ညှို့ဓာတ်ပါတဲ့ အရေးအဖွဲ့နဲ့ ၀တ္ထုလေးကို ခံစားသွားပါတယ်။

Moe Cho Thinn said...

ညီမလေး အိန္ဒြာရေ
ရင်နဲ့ အမျှ ခံစားဖတ်သွားပါတယ်။ ညီမကိုလဲ ပိုလို့ နားလည်လာပြီး ဒီပို့စ် ဖတ်အပြီးမှာ ကိုယ့်ညီမ အရင်း တယောက်လို ခံစားမိရတယ်။
ညီမ မေမေကို ချီးကျူးပါတယ်။

မသက်ဇင် said...

အိန္ဒြာရေ--------
စာဆုံးသွားတော့ ရင်ထဲမှာ လှိုက်မောစွာကျန်ခဲ့တယ်---
စကားပြေအရေးကောင်းတဲ့--အိန္ဒြာ--ပါပဲ--
အစ -ကနေ--အဆုံးထိ-စာဖတ်သူကိုဆွဲခေါ်သွားတယ်--
ရသ ကောင်းတပုဒ်ပါ--

အိပ်မက်ရှင် said...

စိတ်ကို ဟိုးအမြင့်ကြီး ဆွဲငင်ခေါ်ဆောင်သွားပြီး ရုတ်ချည်းပစ်ချလိုက်သလို ခံစားမှုတွေက အရှိန်တအေးအေး အသည်းတစ်လှပ်လှပ်နဲ့ ... ။

စကားလုံးတွေရဲ့ စီးကြောင်းထဲ တွယ်ရာမဲ့ ၀ရုန်းသုန်းကား စီးမြောသွားလိုက်တာ စီးကြောင်းတစ်လျှောက်မှာ တအံအံတထွေးထွေးဝေဒနာတွေ၊ စူးရှသိပ်သည်းတဲ့အချစ်၊ အားကိုးစရာဖက်တွယ်ထားတဲ့ ရွှေတောင်ကြီးရဲ့ ယိုင်လဲမှု၊ ကြက်သားအုပ်မကြီးရဲ့ ၀ှက်ထားတဲ့ လက်သည်းတွေနဲ့ ပွတ်တိုက်သွားခဲ့တယ်... ။

အဆုံးသတ်မှာ လောကဓံမုန်တိုင်းထဲ၊ လေပြင်းကြီးထဲ မားမားရပ်နေတဲ့ သူတစ်ယောက်ကို အံသြလေးစားကြည်ညိုဖွယ် မြင်နေမိတဲ့ စာဖတ်သူနှလုံးသားက တနာနာတကျင်ကျင် တထွေးထွေး၊ ငုံရခက် ထွေးရခက် ... ။

အနီရောင်ကို သိပ်ကြိုက်တဲ့ အကိုကြီးရဲ့ ရှက်ပြုံးတွေကို မြင်ယောင်နေဆဲဆိုတာ စွဲစွဲမြဲမြဲ ကျွန်တော်ယုံကြည်နေတယ်၊ တစ်ချိန်တည်းမှာပဲ ချွဲတဂူးဂူး ကြားထဲက စိတ်မချစွာနဲ့ ရီဝေေ၀ငေးနေတဲ့ မျက်ဝန်းတစ်စုံအတွက် ရင်တွင်းမှာ အကန့်အသတ်မဲ့ ဆို့နင့်လို့လည်း နေနေတယ်၊ ကျောချင်းကပ် ရင်ချင်းအပ်လို့ တိုက်ခိုက်မဲ့ လောကဓံစစ်ပွဲမှာ စစ်ကူမရပဲ တပ်လန်သွားမဲ့စဲ၊ အားမာန်ဇွဲနပဲနဲ့ ဆက်တွန်းလှန်သွားမယ့်သူအတွက် ဘယ်လောက်ပဲ သွေးတက်စာတွေစားစား တရားကို နတ်စောင့်နေမယ်ဆိုတာ သိနေခဲ့တယ် ...။

ပြီးတော့ လွတ်ချလိုက်တဲ့အတိုင်း အတိုင်းအသိလွှင့်ကျလို့နေတာ ... ။

အိန္ဒြာ said...

ဝတ္ထုလေးကို..စိတ်ရှည်လက်ရှည်ဖတ်သွားကြတဲ့
မှတ်ချက်ကလေးတွေ ၀င်ရေးပေးသွားကြတဲ့ ညီအမ မောင်နှမတွေ အားလုံးကိုကျေးဇူးတင်ပါကြောင်း