April 28, 2010

ပျော်ရွှင်ဖွယ် ဇာတ်လမ်း

ရန်ကုန်က "နှစ်ဆယ်လောက်တော့ လုပ်ခဲ့"ဆိုတာနဲ့ ခရီးဦးကြိုဆိုခဲ့ပြီး
ဗုံး(၃)လုံးဆက်တိုက်ကွဲတာနဲ့ဧည့်ခံခဲ့ပါတယ်..

တံလျပ်တွေတလူလူနဲ့ ပိုးစိုးပက်စက်ပူရဲနေတဲ့..နွေ
အဲသည့် ..နွေလည်နေရဲ့အောက်မှာ
ရန်ကုန်ဟာ မယုံနိုင်လောက်အောင်ကို အိုစာသွားခဲ့ပါပြီ..။

ဘာပဲဖြစ်ဖြစ် စာအုပ်ဆိုင်မှန်သမျှလျှောက်သွား
အဟောင်းတန်းပါမကျန်ဝင်မွှေပြီး
လက်ဆောင်ရတာရော ၀ယ်လာတာတွေရော
စာအုပ်တွေချည်း ၁၄ ကီလို တန်ဆာခ အပိုပေးပြီး အရသယ်လာခဲ့ပါတယ်..။

အဲတော့
ကဗျာမရေးနိုင်တောင် ကဗျာရိုက်နိုင်အောင်ကြိုးစားပါ့မယ်..။
အလျင်းသင့်သမျှ ကဗျာဆရာတွေကိုလည်းblog မှာတင်မယ်နော်လို့ကြိုတင်ခွင့်တောင်းထားခဲ့ပါတယ်.။

အခု ဖတ်မိပြီး အလွတ်ပါရသွားတဲ့ လွှတ်ကြိုက်မိသွားတဲ့
ဆရာဦးစိမ်းနီရဲ့ ကဗျာလေးတစ်ပုဒ်လက်ဆောင်ပေးချင်ပါတယ်..။


++++++++++++++++++++++++++++++++++++++++++


ပျော်ရွှင်ဖွယ် ဇာတ်လမ်း


တအုံးအုံး
တဖုံးဖုံးနဲ့
ခေါင်းအုံးရိုက်ပွဲကတော့
လာဦးမှာ သေချာတယ်..

ဒီမှာ

လုလင်

သူလက်အလွှဲမှာ ခေါင်းငုံ့ရှောင်လိုက်

သေချာတယ်
သူစရိတ်နဲ့သူ လေကိုခွဲ......၀ဲ..သွားလိမ့်မယ်..။


မောင်စိမ်းနီ

( အမှတ်(၃) ပန်းအလင်္ကာမဂ္ဂဇင်း)

April 22, 2010

အမရာရဲ့ အိုင်လွယ်

အမရာရဲ့ အိုင်လွယ်

အချစ်ဆိုတာရဲ့နောက်မှာ
အချစ်ပဲ ကပ်ပါလာခဲ့တယ်။

အခု ဆုပ်ကိုင်လိုက်ကြတဲ့
လက်ဖဝါး နှစ်စုံက အနွေးဓာတ်တွေဟာ

တော်ဝင်မြင့်မြတ်ခြင်း မင်္ဂလာဖြစ်တယ်
ရှင်သန်နိုးကြားခြင်း အသက်ဓာတ်ဖြစ်တယ်
ချစ်ခြင်းမေတ္တာဖွဲ့ အနုပညာမြောက်မှု ဖြစ်တယ်
မခမ်းမခြောက် စီးဆင်းတော့မယ့် မြစ်ဖျား ရေကြည် ဖြစ်တယ်
စိမ်းလန်းနူးညံ့ရာ နေမှုထိုင်ခင်း ဖြစ်တယ်
မြတ်နိုးမှု အထွဋ်အထိပ် နှလုံးသား တေးသွားဖြစ်တယ်
တစ်ယောက်စိတ်ဝိညာဉ်ထဲက တစ်ယောက်ရဲ့ အိမ် ဖြစ်တယ်
အဲဒီအနွေးဓာတ်ကလေးဟာ
ဘဝမှာ နောက်ထပ် ဘာမှ မလိုတော့တဲ့
ပြည့်စုံကုံလုံခြင်းလည်း ဖြစ်တယ်ပေါ့။

အမရာရေ .. အချစ်ထက် အရေးကြီးတာဘာများရှိမလဲကွဲ့
အဆက်ဆက်နီစွေးနေတဲ့
နှလုံးသွေး စီးဆင်းရာတိုင်းမှာ
အချစ်တွေ အနွေးထွေးဆုံး စီးမျော ပျော်ဝင်နေမှတော့ ..

လောကဓံဆိုတာ
အချစ်ရဲ့ ထားရာနေ စေရာသွားပေါ့ကွယ်။

အိန္ဒြာ
(၂၂၊၄၊၂၀၁၀)

ချစ်ခင်ရသော မောင်လေး အိုင်လွယ်ပန်နှင့် ညီမလေး အမရာ တို့ ယနေ့မှ စ နှစ်တစ်ရာတိုင်ပါစေ။