October 22, 2010

GITANJALI ဂီတဉ္ဇလီ

ဂီတဉ္ဖလီစာစုတွေထဲက ဒီကဗျာလေးက ကျွန်မ အရမ်းကြိုက်တဲ့ ကဗျာလေးပါ
မကြာခဏ ရွတ်ဆိုနေမိတတ်ပါတယ်..။

1913 ခုနှစ်မှာ စာပနိုဘယ်လ်ဆုရခဲ့တဲ့ ဘင်္ဂါလီကဗျာဆရာကြီး Rabindranath Tagore (1861-1941) ရဲ့ GITANJALI (Song Offerings) ကဗျာစုကို
1923 ခုနှစ်မှာ စာပနိုဘယ်လ်ဆုရခဲ့တဲ့ အိုင်းရစ် ပြဇာတ်ရေးဆရာ William Butler Yeats (1865-1939) ကနေ အင်္ဂလိပ်ဘာသာကို ဘာသာပြန်ပေးထားပါတယ်..။
မြန်မာဘာသာကို တဂိုးစာပဒေသာစာအုပ်မှာ ဆရာကြီး ဒေါက်တာမောင်ဖြူး ၊ ဆရာကြီး ဇော်ဂျီနဲ့ ၊ ဆရာကြီး မင်းသုဝဏ်တို့က ဘာသာပြန်ပေးထားတာဖြစ်ပါတယ်..။
ဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့ကဗျာလေးကိုလည်း Zephyr ကမျှဝေပေးတဲ့ အတွက် ထပ်မံဝေမျှပေးထားပါတယ်..။ ( ကျေးဇူးတင်ပါတယ်..ဇက် )

" တစ်ခေါက်လောက်ဖြစ်ဖြစ် ရွတ်ဆိုကြည့်လိုက်ကြပါဦး..။"

****************************************************************

GITANJALI (35)

Where the mind is without fear and the head is held high;
Where knowledge is free;
Where the world has not been broken up into fragments by narrow domestic walls;
Where words come out from the depth of truth;
Where tireless striving stretches its arms towards perfection;
Where the clear stream of reason has not lost its way into the dreary desert sand of dead habit;
Where the mind is led forward by thee into ever-widening thought and action---
Into that heaven of freedom, my Father, let my country awake.

Rabindranath Tagore
(William Butler Yeats)


****************************************************************
ဂီတဉ္ဖလီ(၃၅) (လွတ်လပ်သောနိဗ္ဗာန်)

အကြင် အရပ်၌
စိတ်သည် ကြောက်ရွံ့ခြင်း ကင်း၏
ှုဦးခေါင်းကိုလည်းမတ်မတ်ထား၏။

အကြင် အရပ်၌
အသိဥာဏ် တရားသည် လွတ်လပ်၏။

အကြင် အရပ်၌
ကိုယ့်အချင်းချင်း ကျဉ်းမြောင်းသေးသိမ်သော
နံရံတံတိုင်း အကာအရံတို့ဖြင့်
ကမ္ဘာလောကကြီးကို ပိုင်းခြားထားခြင်း ကင်း၏။

အကြင် အရပ်၌
ပြောဆိုသော စကားတို့သည်
သစ္စာအနက်မှ စီးဆင်း ယိုထွက်၏။

အကြင် အရပ်၌ မောပန်းခြင်းမရှိသော ၀ီရိယသည်
၎င်း၏လက်မောင်းတို့ကို
ပြည့်စုံခြင်းရှိရာသို့ ဆန့်တန်း၏။

အကြင် အရပ်၌
သတိသမ္မဇဉ် စမ်းရေကြည်သည်
ဓလေ့ဟောင်းတည်းဟူသော
ခြောက်သွေ့သည့် သဲကန္တာရ၌
လမ်းပျောက်ခြင်းကင်း၏။

အကြင် အရပ်၌
အတွေးအယူ၊ အပြုအမူတို့ ကျယ်ပြန့်အောင်
အဖသခင်သည်
စိတ်ဓာတ်ကို ဦးဆောင်၏။

အဖသခင်
လွတ်လပ်ခြင်း နိဗ္ဗာန်ရှိရာ ထိုအရပ်၌
ကျွန်ုပ်၏နိုင်ငံသည်
ရှင်သန် နိုးကြားစေသတည်း။

ရာဘင်ဒြာနတ်တဂိုး
(မြသန်းတင့်)

****************************************************************

ဂီတဉ္ဖလီ(၃၅) (လွတ်လပ်သောနိဗ္ဗာန်)

စိတ်က မကြောက်ဘဲနှင့် ခေါင်းကို မတ်စွာထားနိုင်သောအရပ်၌လည်းကောင်း၊
ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊
ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုနံရံများဖြင့် တောက်စိပ် ပိုင်းခြားမှု မရှိရာ၌ လည်းကောင်း၊
စကားသည် နက်ရှိုင်းသော သစ္စာတွင်းမှ လာသောအရပ်၌လည်းကောင်း၊
မနေမနားသောအားထုတ်မှုသည် နိဗ္ဗာန်သို့ လက်လှမ်းသော အရပ်၌လည်းကောင်း၊
ဆင်ခြင်မှု ချောင်းရေသန့်သည် အကျင့်ဆွေး သဲကန္တာရ တွင်ခရီးလမ်းစ မပျောက်ရာ၌ လည်းကောင်း၊
စိတ်ကို အစဉ် ပြန့်ပြူးသော တွေးဆ ပြုလုပ်မှုတို့သို့ အရှင်ရှေ့ဆောင်ရာ၌ လည်းကောင်း၊
ထိုလွပ်လပ်သောနိဗ္ဗာန်၌ ငါ တို့ ၏ တိုင်း ပြည် သည် နိုး ကြား နိုင် ပါ စေ သ တည်း..။

ရာဘင်ဒြာနတ်တဂိုး
(တဂိုးစာပဒေသာ ၊ မောင်ဖြူး၊ ဇော်ဂျီ၊ မင်းသုဝဏ်)

****************************************************************

မေတ္တာဖြင့်

အိန္ဒြာ

October 18, 2010

ခေတ်ကို အော်ခေါ်ကြည့်လိုက်မိတဲ့ ပဲ့တင်သံ

ငါတို့ ခြေထောက်က အမြစ်တွေ ထွက်ပေါ်လာတဲ့ အထိ
နဂါးငွေ့တန်းဂလက်ဆီ တစ်နံတစ်လျား မျှော်လင့်ရမ်းရော်လို့
တစ်ထစ်ခြင်း လျှော့ချပေးခဲ့ရသော ငါတို့ ရဲရင့်ရောင် အမှန်တရားများ
ဒီအနေအထား အတိုင်း နေ နေ ရတာကြာတော့လည်း
နေကြာတွေ အဖြစ် ဆက်လက်ဖူးပွင့်လိုက်ကြတာပေါ့ကွာ..။

အခြေအနေက လက်ပမ်းကျချိန်မှာ လက်မတင်လေး လက်တစ်လုံးခြားထားတာ
ဒီအဖြေထွက်ဖို့အတွက်ဆို ဒီလောက်ပေးဆပ်ဖို့လိုပါ့မလား ဟေ့ကောင်ရေ..
ချစ်ခြင်းမေတ္တာကို အီလက်ထရောနစ်နဲ့ ခလုတ်နှိပ်ရယူနိုင်တဲ့ခေတ်ကြီးထဲ
ငါတို့ တက်ညီလက်ညီညံ့ခဲ့ကြတဲ့ အကြောင်း DJ တစ်ပုဒ်လောက်ပွတ်ကြည့်လိုက်ကြစို့..။

AD ဘယ်နှစ်ကနေဘယ်နှစ်အထိ ကာလအတိုင်းအတာ ဘယ်၍ဘယ်လောက်အကြာ
စာမျက်နှာ နှစ်ရွက်သုံးရွက်ဖြုန်းတီးလိုက်တယ်ဆိုရင်ပဲ
ခေတ် ဆိုတာ ဖျတ်ကနဲဖျတ်ကနဲ ၊ မလိုအပ်ရင် ကျော်ဖတ်သွားလို့ရနိုင်သေးတယ်ပေါ့
ဗီလိန်တွေ သရုပ်ဆောင်ကောင်းလေ ဇာတ်နာလေ
ခေတ်ရဲ့နဖူးပြင်မှာ အညိုအမည်းတွေ ထင်လေဆိုယုံလောက်ပါပဲ
အောင်နိုင်ခြင်း ရှုံးနိမ့်ခြင်း အတုန့်အလှည့် ရန်ကြွေးရန်စ
တိုးတက် ဆုတ်ယုတ်မှုအနုပညာ ပဋိပက္ခ ပရိယာယ်နဲ့ နည်းနာဆိုတာတွေကလည်း
Dota Game ကစားနည်းတွေလို သည်းထိတ်ရင်ဖိုပြကွက်တွေလောက်ပေါ့..။

ငါတို့ ခေတ်ကို နောက်ဘ၀အထိသယ်မသွားနိုင်ပါဘူး
ငါတို့ တစ်ခေတ်ထဲ နှစ်ခါလူပြန်ဖြစ်တဲ့အထိ ပြသဒါးမဆန်လောက်ပါဘူး
တစိ့မ်စိမ့် ပူနွေးယိုယွင်းနေတဲ့ ကမ္ဘာကြီးကို နည်းပညာတွေနဲ့ကျားကန်လို့
နည်းပညာပင်လယ်ပြင်ထဲ ငါတို့ မြုတ်ချည်ပေါ်ချည်လူးလာဆန်ခတ်လို့
ငါတို့အိပ်မက်တွေကို ငါတို့ကိုယ်တိုင် Create လုပ်ကြည့်လိုက်တဲ့အခါ
ငါတို့အနာဂါတ်ဆိုတာဟာ ငါတို့သွေးပြန်ကြောအတိုင်း နီ ရဲ ပူ နွေး နေ တာ ပါ...။

ငါတို့ တစ်ကြိမ်တစ်ခါ မှားယွင်းခွင့်ရရှိခဲ့မယ်ဆိုခဲ့ရင်
ငါတို့ တိတိကျကျ ခြေခြေငံငံ အမှန်အတိုင်း မှားကြည့်လိုက်ကြစို့ ဟေ့ကောင်ရေ.
ဒီ့ထက်ဆန်းကျယ်လာဦးမယ့် နောက်တစ်ခေတ်ဆိုတာထဲ
ကမ္ဘာဟာ ရွာပြီးရင် ဘာဆက်ဖြစ်လိမ့်ဦးမှာလဲ..
နည်းပညာတွေ ရင်သပ်ရှုမော ဆန်းကြယ်တိုးတက်လာတဲ့ အခါ
လူသတ်နည်းတွေ ယဉ်ကျေးထက်မြက်လာမယ်ပေါ့..

သင်
မနာကျင်စေရဘူး တစ်စက္ကန့်အတွင်းပြာပုံအတိဖြစ်သွားယုံလောက်ပါ။ ။


အိန္ဒြာ(၁၈.၁၀.၂၀၁၀)

October 4, 2010

တစ္ဆေ ကြောက်တတ်တဲ့ အနာ




ခေါင်းတလားထဲမှာ
တစ္ဆေတွေ
က ခုန်.........

လမ်းကန်းနေတဲ့ ချယ်ရီသားတုတ်ကောက်ကလေးက
ခရီးတွေကို အငမ်းမရဖြစ်နေသလိုမျိုး...
သော့တူနဲ့တူတဲ့လူတွေက
နှလုံးသားတွေကို ဖွင့်ဖေါက်စစ်ဆေးသလိုမျိုး....
ကောင်းကင်ပေါ် တိမ်အတုတွေ ပစ်တင်ပြီး
တစိမ်စိမ့် ရွာသွန်းဖြိုးတဲ့ မိုးစိမ်းတွေက
နာတာရှည်အဖျားသွေးတွေကို အရသာခံသလိုမျိုး....

တစ္ဆေတွေက ခေါင်းတလားထဲမှာ...က ခုန် တယ်။

သင် ပျင်းရိတဲ့အခါ သမ်းဝေလိုက်ပါ၊
သင် အားငယ်တဲ့အခါ စစ်တုရင်ကစားပါ၊
သင် ကြောက်ရွံ့တဲ့အခါ မေတ္တာသုတ်ရွတ်ပါ၊

အထပ်ထပ် ရစ်ကျော့ခံနေရတဲ့ စီဒီဓါတ်သားမှာ
အသံတွေ ဂျမ်းဖြစ်နေသလိုမျိုး...
မျှော်လင့်ချက်တွေကော့ညွှတ်နေတဲ့ ဆင်စွယ်ရောင်မျက်စောင်းလေးက
မိုးကြိုးမုန်တိုင်းကို ထိမ်ဝှက်ထားသလိုမျိုး..
ပခြုပ်ထဲက ညောင်းညောင်းရိရိ မြွေဆိုးတစ်ကောင်ရဲ့
သတိယတိုင်း ထထတိုက်တတ်တဲ့
အလမ္မယ်ဆရာအတွက် ကျိမ်စာလိုမျိုး

ခေါင်းတလားထဲမှာ...တစ္ဆေတွေက က ခုန် တယ်။

သင် စိတ်ညစ်ညူးတဲ့အခါ တောင်တက်လေ့ကျင့်ပါ၊
သင် လွမ်းဆွတ်လာတဲ့အခါ သစ်ပင်စိုက်လိုက်ပါ၊
သင် ရယ်မောချင်တဲ့အခါ တစ္ဆေကပွဲကြည့်ပါ၊

သင့် ဒုက္ခအတိုအစတွေကိုတော့
ရေခဲရိုက်ပြီး သိမ်းထုပ်ပါ ။

ဒီကနေ့
တစ္ဆေ စွန့်ကျဲမယ့်...အိမ်မက်တစ်ဆုပ်တစ်ခဲနဲ့
အဆာပြေရဦးမယ့် နေ ၀င် ဖျိုး ဖျ မှာ
တစ္ဆေ အသစ်ဝတ်ဆင်လာမယ့်
ညနေခင်း ၀တ်စုံက ။ ဘာ ??!!!

ပြောတယ်..
၃၁ ဘုံမှာ
လူ့ပြည်က
ကတိတွေဖေါင်းပွလွန်းတဲ့ ၀ပ်ကျင်းလို့..။ ။

အိန္ဒြာ
(မုဒိတာမဂ္ဂဇင်း)

ရေးထားတာ ကြာပါပြီ ၊ မုဒိတာမှာလည်း ပါခဲ့ပါသေးတယ်
ဆားချက်တာ မဟုတ်ပါဘူး
ပြန်တင်ချင်စိတ်ပေါက်လာလို့ ပြန်တင်ပေးလိုက်တာပါ
ဖတ်ပြီးသားဆိုရင်လည်း တစ်ခေါက်လောက် ထပ်ဖတ်ကြည့်ပါဦး..။