June 27, 2009

မြစ်များစီးဆင်းတဲ့ အကြောင်း

“စိန်လောရင့်မြစ်ဟာ ရေပဲ
ပြီးတော့
မစ္စစ္စပီမြစ်ဟာ ရွှံ့နောက်ရည်တွေ
ဒါပေမယ့်
သိမ်းမြစ်မှာတော့ သမိုင်းအရည်တွေဗျို့”။
၁၉ရာစု နိုင်ငံရေးပညာရှင် ဂျွန်ဘန်း
သူ့မြစ်ဝှမ်းကနေ ကြွားဝင့်လိုက်တာ
ငါ သဘောတူတယ်
ကိုယ့်ပြည် ကိုယ့်မြစ်ကို ကိုယ်ချစ်လို့
ပျစ်ပျစ်နှစ်နှစ် ပြောထည့်ဝံ့တာ
ငါ သဘောတူတယ်
ဂျွန်ဘန်း ပြောခွင့်ရှိတာ
ငါ သဘောတူတယ်
ငါဟာ
ဒို့တွေချစ်တဲ့ ဧရာဝတီမြစ်ဝှမ်းက
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ယောင်ထုံးမှာ
ဂင်္ဂါမြစ်ဝှမ်းသား မဟတ္တမဂန္ဒီဂျီးရဲ့
နံရိုးပြိုင်းပြိုင်းတွေကြားမှာ
ယုတ်စွဆုံး
မယ်နံချောင်းဖရား မြစ်ဝှမ်းသား
ဘုရင် ဘူမိဘောရဲ့ နှာခေါင်းဖျားက
ကျလုဆဲ ချွေးတစ်စက်မှာ
သူတို့ရဲ့
တိုင်းပြည်နဲ့ လူမျိုးအပေါ် အချစ်စိတ်တွေ
တဖိတ်ဖိတ် ပြိုးပြက်လင်းလက်နေတာ
ငါ အခါခါ ပူဇော်မိပါရဲ့
ဂျွန်ဘန်းခင်ဗျား
မြစ်တိုင်းဟာ သမိုင်း အရည်တွေပါဗျ။

ဂျွန်ဘန်းခင်ဗျား
ကစ်ပလင် ကဗျာထဲက
“ခေါင်းတစ်ရာ သင်္ချိုင်း”ကံဆိုးရွာရှိခဲ့ရာ
ကျုပ်တို့မြစ်ဝကျွန်းပေါ်က
ပေပင်မော်ချောင်းကလေးဟာလည်း
သမိုင်းအရည်တွေနဲ့ စီးဆင်းနေဆဲပါ။
“တကယ်လို့သာ
ကိုယ်ခန္ဓာအတ္တဘောကြီးကို
တဖြည်းဖြည်းနဲ့ အခွှံနွှာသလို နွှာကြည့်လို့
နောက်ဆုံးနွှာလို့ မရတော့တဲ့
အစိတ်အပိုင်းကို ရောက်ရင်
ဝိညာဉ်ဆိုတာကို တွေ့ရလိမ့်မယ်ထင်တယ်”။
ညီတော်အာနန္ဒာ(လာခြင်းကောင်းသောအရှင်)
ဘ၀ကူးပြောင်းမှု အယူအဆ
ဂင်္ဂါမြစ်ဝှမ်း ဟိန္ဒူတွေက စခဲ့
ဗုဒ္ဓပွင့်တော်မူတော့ ခေတ်စားနှင့်လှပြီ
ဗုဒ္ဓကိုယ်တော်တိုင်
“အနေက ဇာတိ သံသာရံ” အစချီ
ကနဦး ကျူးရင့်ပြီး
“ယေဓမ္မာ ဟေတုပ္ပ ဘာဝါ” ချီ
အကြောင်းအကျိုးတရားကို ဖွင့်ဆိုတော်မူ
“အတ္တမှ အနတ္တသို့” တရားဟောကြားနေချိန်
ယေရုရှလင်ကို
“နဲဘူချဲနဲဇာ”က သိမ်းပိုက်ချိန်
(ဆုံးရှုံးသထက် ဆုံးရှုံးရလွန်းလို့ နောက်ဆုံးမှာ
အလုံးစုံ ပျက်သုဉ်းကိန်းဆိုက်
သဲကန္တရကြီး ဖြစ်သွားရတဲ့)
နိနဲဗဲဟာ မဲဒဲ လက်ထဲကျသွားချိန်
မာဆေးလိကို
ဖော်ကာယန်တို့တည်ထောင်ချိန်
လူ့သမိုင်းစဉ်နဲ့ နှိုင်းဆတော့
ဟိန္ဒူဒီအယူအဆနဲ့ ခေတ်သစ်သိပ္ပံပညာ
ကဏ္ဍကောဇ ဖြစ်ကြတာ
သိပ်မှ မကြာသေးဘဲ
ဒီအရင့်အရင်
ကမ္ဘေကမ္ဘာက စီးဆင်းလာခဲ့တဲ့
ဒီမြစ်ကြီးတွေ
ဆက်လက်စီးဆင်းနေဆဲ စီးဆင်းမြဲလေ။
“ဣတ္တိဝင်္က နဒီဝင်္က” သံကြားရတိုင်း
ငါအော့ချင် အံချင်ဖြစ်ရ
မြစ်တို့ဟာ
သဘာဝအလျောက် ကွေ့ကောက်နေလို့သာ
ရေတံအလျောက် တဖြောင့်တည်းဆိုရင်
ရေစီး ညင်သာပါတော့မလား
ရေစီးကြမ်းရင်
မြစ်ကမ်းပါးတွေ ခံနိုင်ပါမလား
ယဉ်ကျေးမှု အနုပညာတွေ တာရှည်ပါမလား
တူးမြောင်းနဲ့မြစ် အတူတူ မချစ်နိုင်ဘူး
အို မြစ်တို့ ……
ကွေ့ကောက်ညင်သာ စီးဆင်းမြဲစီးဆင်းပါ
အိုမြစ်တို့……..
မာယာ လှပ ပြမြဲပြပါ။
ရောဟီနီမြစ်မှာ
ရေလုပွဲစစ်ကြီး ဖြစ်မယ့်ဆဲဆဲ
ဗုဒ္ဓတားတော်မူနိုင်ခဲ့ရဲ့
ရေနံကြောင့်တဲ့လား
အကြမ်းဖက်ဆန့်ကျင်တာတဲ့လား
ဘာကြောင့်ပဲ ဖြစ်ဖြစ်
အခု ၂၁ ရာစု အ၀င်
တီဂရစ်မြစ်မှာ စစ်ဖြစ်ခဲ့ပြီ
တောရိုင်းကောင်ရဲ့ သွားစွယ်
ခြေသည်းလက်သည်း အားကိုး အမူအကျင့်ပေပဲ
ဒါကို မရှောင်လွဲနိုင်ကြတာ
ကမ္ဘာကြီး အဖြစ်ဆိုးပ
ဒီတီဂရစ်မြစ်မှာပဲ
၁၃ ရာစု မွန်ဂိုဘုရင် ‘ဟူလာလူ’
မင်းမူ ထင်တိုင်းကျဲတုန်းက
မင်လက်ရေး စာပေအမွေတွေကို
မြစ်ထဲချ ဖျက်ဆီးပစ်လိုက်တာ
မြစ်ရေတွေ ပြာနှမ်းကုန်ရောတဲ့လေ
ဂျွန်ဘန်းခင်ဗျား…..
မြစ်တိုင်းမှာ သမိုင်းအရည်တွေပါဗျ။

မင်းကွန်းမြစ်ကမ်းစပ်က
ပန်ချီဆရာတွေရဲ့ ဂယ်လာရီမှာ
တစ်ည အိပ်တုန်း
သန်းခေါင်းသန်းလွဲ အချိန်မတော်ကြီး
မြစ်ရေစီးထဲ
မျောပါသွားတဲ့ မိန်းမသံတွေ
ကယ်ပါယူပါ တစာစာ ငရဲပွက်ညံ
ပန်းချီဆရာ ‘ညမင်းကျော်’ ပြောပြမှ
မိန်းမတွေ
ဖောင်စီးကြရတဲ့ အဖြစ်ပါလား
ငါ
အတွေးတွေနဲ့ အိပ်မရတော့ဘူး
မန့်ခ်ျရဲ့ ‘အော်သံ’ ထဲက
ကြောက်လွန်းလို့
လူပုံပျက်သွားတဲ့လူနဲ့
သူမတို့ ပေါင်းအော်ဟစ်သံ
ငါ့ရင်ထဲပွက်ဆူ
ခြေလှမ်းမှာ လှေထမ်းပြန်ရတဲ့
ရှေးဟောင်း
ဗေါ်လဂါ မြစ်ရိုးက ပန်းချီကားထက်
ခုခေတ်
ဧရာဝတီ အဖြစ်ဆိုးလှချည့်။

မင်းကွန်းအောက်နား ရွာတစ်ရွာကနေ
ရေစုန်လေဆန်ခရီး
မန္တလေးကို
လှေစီးပြန်တဲ့ ညနေဆည်းဆာ
တိမ်တွေ လှချင်တိုင်းလှနေ
ကမ်းပါးတွေ ပြိုချင်တိုင်းပြို
လှေဝမ်းကို
လှိုင်းတွေ တဗျန်းဗျန်းပုတ်
ဒီခဏ ငါ စိတ်ကူး ကွန့်မြူး
လှေဦးကို မျက်နှာမူ ထရပ်
စောင်းသမဆီက စောင်းကိုယူ
ငါ့ဦးထိပ်ပေါ် ကန့်လန့်တင်
စောင်းကြိုးရှိသမျှ အကုန်
တပြိုင်တည်း တရစပ် ဒီလိုတီးခတ်သံ
လေနတ်သားပဲ စွမ်းနိုင်တော့မပေါ့
သဘာဝအလှ သံစဉ်ကို
ငါခံစားမူးယစ် နေတုန်း
မိန်းမသားတွေ ကျွက်ကျွက်ဆူကုန်ကြ
ဦးရှင်ကြီးကို ကြောက်ရသတဲ့
‘အဘိုး’ ကိုကြောက်ရသတဲ့
လှေမှောက်မှာ ကြောက်ကြသတဲ့လေ
ခုနက ငါ့ ခံစားမူးယစ်တာလေး
ကြောက်တတ်တာကို ကြောက်ပြီး
ထွက်ပြေးသွားပေါ့
လူတွေကြောက်နေဖို့က
ပိုအရေးကြီးသလား မက္ခရာဗီလီ
ဖလောရင့်မြို့သားတွေကတော့
ခင်ဗျာ့ကိုယ်မှာ
မာနတ်ကိုယ်နံ့ နံဟောင်တယ်တဲ့ဗျ။

“အန္တရာယ် အပေါင်းတို့အနက်
အကြီးဆုံး အန္တရာယ်ဟာ
ကြောက်ခြင်း ဖြစ်တယ် ”
အရှင်သိဒ္ဓိတ္ထ (လာခြင်းကောင်းသောအရှင်)
မောင်တင့်တယ် မောင်နှမ
ဖိုကျင်ထိုးသတ်ခံရတဲ့စကားပင်ကို
တကောင်းဘုရင်က
ဧရာဝတီမြစ်ထဲ
ကြောက်ဆေးအဖြစ် မျှောချလိုက်လေရဲ့၊
ပုဂံရောက်တော့
သေလည်ကြောင်ဘုရင် ဆယ်တင်
သူ့သရပါတံခါးဝမှာ
ပန်းပုထု ပြထားပြန်ရော
ဟော အခု
မြစ်ဝှမ်းသားတွေရဲ့
အိမ့်ဥရည်တိုင်မှာ
ရှတ်ပန်းနီ အုန်းဆွဲ
ကိုးကွယ်ရာ ဖြစ်နေပေါ့
လူတွေ ကြောက်နေဖို့က
ပိုအရေးကြီးသလား မက္ခရာဗီလီ
ဘယ်သူ့အတွက် ဒါလောက်
အကြောက်ခိုင်းနေရတာလဲ မက္ခရာဗီလီ။

ဒို့မြစ်ဝှမ်းသားတွေ
တောစောင့်နတ် တောင်စောင့်နတ် အိမ်စောင့်နတ်
မကောင်းတစ်ကျိပ် နှစ်ပါး
ကောင်းတစ်ကျိပ် နှစ်ပါး
ကိုယ်စောင့်နတ်နဲ့
ရိုးရာ နတ်အပေါင်းကို
ကျောချမ်းအောင် ကြောက်ကြ ၊
သူတို့ကြောက်ကြမှာပဲ
ကြောက်ဆေးကို
မြစ်ကြီးထဲ ဖျော်တိုက်တယ်
မကြောက်ဆေး ဆိုလို့
လက်ဖက်ရည်ဇွန်း တစ်ဝက်စီလောက်
ဘယ်သူ ဘယ်တုန်းက
တိုက်ကျွေးဖူးလို့လဲဗျာ။

မက္ခရာဗီလီရဲ့ အဆိုကို
အခုပဲ ငါ ပြောင်းပြန်လှန်ပစ်မယ်
ကြောက်နေဖို့ထက် ချစ်ဖို့က ပိုအရေးကြီးတယ်
ကြောက်နေဖို့ထက်
ချစ်ဖို့က ပိုအရေးကြီးတယ်
ကြောက်နေဖို့ထက်
ချစ်ဖို့က ပိုအရေးကြီးတယ်
မြစ်တွေချောင်းတွေကိုတောင် ငါချစ်တယ်
သူ့တို့အမည်တွေ တန်းစီရွတ်လိုက်ရင်ကို
ငါ့ရင်ထဲ ကဗျာ ဖြစ်သွားရော
ဧရာဝတီ ၊ သံလွင်၊ ချင်းတွင်း ၊ စစ်တောင်း ၊ လှိုင် ၊
ပန်းလှိုင် ၊ တိုး ၊ပြန်မလော့ ၊င၀န်း ၊ မူး ၊မန်း ၊
ပင်း ၊ မိုးမခ စတဲ့ဒီအမည်တွေကို
ဘယ်သူ စတင်ပေးခဲ့လဲ
ဒီမြစ်ဝှမ်း ဒီချောင်းတွေက
ပြည်သူတွေပဲ ပေးခဲ့မှာပေါ့
အိုမြစ်ဝှမ်းသားတို့
အိုပြည်သူတို့
မက္ခရာဗီလီကို ဆန့်ကျင်ကြ
မက္ခရာဗီလီကို ဆန့်ကျင်ကြ။

ယူနန်နယ်
‘ကိုကိုးနော’ ရေအိုင်ကြီးပတ်လည်ဟာ
ဒို့လူမျိုးတွေရဲ့ နေရင်းဒေသတဲ့လေ
စစ်ရဲ့ အကြိမ်ကြိမ် ဖိစီးမှုဒဏ်က
ကင်းဝေးရာ တပြေးတည်း ပြေးကြရ
ဒါကြောင့်
အနှစ်နှစ်ထောင် ယဉ်ကျေးမှု နောက်ကျရ
သမိုင်းက အခိုင်အမာ ဆိုတယ်
နတ်ထိပ်တောင်ကြား သိတယ်
ကျောက်ဆည် လွင်ပြင်သိတယ်
ဟုတ်ပါရဲ့ ၊ အခုထိ ဒို့လူမျိုးတွေ
လက်နဲ့ပယ်ပယ်နယ်နယ်ကိုင်
ထမင်းစားနေကြရတုန်း
လက်ချောင်းလေးတွေ
တစ်ချိန်လုံး အအေးမိနေရ
…………………………………………။

ယန်းပေါဆတ်ကို
ပြင်သစ်ပြည်သူ့ မြစ်ဝှမ်းမှာမွေး
နောင်တော့
သူကိုယ်တိုင်ပဲ မြစ်ကြီးတစ်စင်းဖြစ်
သူ့“အတ္တအမှန်ဝါဒ”ပင်လျှင်
မြစ်ကြီးတစ်စင်းဖြစ်
သူ့တရားစီးကြောင်းတွေ
“နံရံ”ကို ဖောက်ထွက်
အတ္တလန်တစ် ကမ်းနှစ်ဖက်သာမက
တစ်ကမ္ဘာလုံးကို ကွန်ယက်ဖြာစီးသွား
ဗာတိကန် တားမြစ် မာတိကာစာရင်း
ဘာ တတ်နိုင်သေးလဲ
လူကို ထာဝရဘုရားက ဖန်ဆင်းတာလား
ထာဝရဘုရားကို လူက ဖန်ဆင်းတာလား
မြစ်တွေက မေးဝံ့တတ်ပလေ။

အီတလီမြောက်ပိုင်းနဲ့
ရိုင်းမြစ်အရှေ့ဘက်ကမ်းက
မြို့တွေကို သိမ်းယူနိုင်တုန်းကတော့
“ဒါဟာ မြေမှာကျနေတဲ့
ပြင်သစ် သရဖူကြီးကို
ငါ့လက်သုံးတော်ဓားနဲ့ ကောက်ယူခဲ့တယ်”လို့
ကြုံးဝါး ဟိန်းဟောက်နိုင်မပေါ့
ဥရောပ မြေပုံကိုလိပ်
သူ့ကုတ်အင်္ကျီအိတ်ထဲ
ထည့်ပစ်နိုင်တဲ့ နပိုလီယံ ဘိုနာပတ်ပေါ့
……………………………………………
အီတလီ အာနိုမြစ်ပေါ်က ဖလောရင့်မြို့သား
မိုက်ကယ် အိန်ဂျလိုရဲ့ အနုပညာ
ကမ္ဘာတည်သရွေ့ မြဲတယ်
အနုပညာလက်ရာတွေနဲ့
ထုံမွှမ်းနေတဲ့ ဖလော့ရင့်မြေ
တစ်လက်မလောက်ကိုမှ
ဗုံးဒဏ် မခံရစေလို့
ကမ္ဘာစစ်တုန်းက ကြေညာခဲ့ရ
ဒါ အနုပညာရဲ့ အရိပ်အာဝါသပဲ
အနုပညာဟာ မေတ္တာ
မေတ္တာဟာ အနုပညာ
အိုအနုပညာ
မေတ္တာတန်ခိုးတွေ
ကမ္ဘာကို ဖြန့်အုပ်မိုးပါ။

စပိန် သူ့မြစ်ဝှမ်းမှာ ပီကာဆိုကို မွေး
ပီကာဆိုက ငြိမ်းချမ်းရေး ချိုးဖြူကိုမွေး
အပြာရောင်ခေတ်
ပန်းရောင်ခေတ်နဲ့
ဂွာယာနီကာတို့ကိုမွေး
မြစ်ဟာ မွေးဖွားရှင်သန်ခြင်းပဲလေ။

အဲဒီမြစ်တွေမှာ
ပွင့်မျောရိပ် ရှိတယ် အလှတရားရှိတယ်
ယဉ်ကျေးမှု အနုပညာတွေ ရှိတယ်
“ဗေါ်လဂါမှ ဂင်္ဂါသို့”
လူသားရဲ့ သမိုင်းရေစီး ခရီးရှည်ကြီး။

မြစ်မှာ ဗေဒါပန်း ရေကြင်ဆွေရှိတယ်
တေးသံချိုလွင်ရှိတယ်
မိုးလေထန်တုန်း အားမာန်ရှိတယ်
ဝဲပျံ ၀ဲကတော့
ဝဲမှာ အမျိုးမျိုးရှိတယ်
အဲဒီကမှ “၀ဲသြဂသံသရာ” စကားလုံး ရတယ်
အဲဒီကမှ
အဘိဓမ္မာတရား အငြင်းပွားစရာတွေ ရတယ်
ဒီတော့
မြစ်တွေ ကောက်ကွေ့တာ လှပပြီး
လူတွေ ကောက်ကွေ့တာ မလှပေဘူး။

တစ်ခါတော့
မုန်းချောင်းအတိုင်း
ကျောင်းတော်ရာကို ရောက်သွား
“ဘူးသီး”ရွာထိပ်မှာ
သိပ်နာမည်ကြီးနေတဲ့ ငါးကြီးတွေလေ
ပေါက်ပေါက်ဆုပ်တွေ ပစ်ချရင်
သူ့တို့ပါးစပ်ပေါက် ၀လုံးကြီးတွေ
(အစာမက်လေ ပိုကျယ် ပိုဝိုင်းစက်လေ
ဒီလို ဘ၀ကို ခုံမင်တပ်မက်တာ
ကြည့်လို့တယ်ကောင်း)
ဒီငါးကြီးတွေဟာ
ဝါပင် ၀ါထွက်ကို အတိအကျ သိကြသတဲ့လေ
ငါးစာကျွေးလို့ ငါးတွေ ရောက်လာတာလား
ငါးတွေလာလို့ ငါးစာကျွေးကြတာလား
ဒီနေရာဟာ
ဆရာတာရာ့ ဘိုးဘေးဘီဘင်တို့ ဒေသ
“မုန်းမှ ကာလီဖိုးနီးယားသို့” ကဗျာ
အခု ပြန်ဖတ်ချင်မိ
ဆရာခင်ဗျား
မုန်းလူ့အဖွဲ့အစည်းနဲ့
ကာလီဖိုးနီးယား လူ့အဖွဲ့အစည်း
ယဉ်ကျေးမှုချင်း
ဝေးသင့်တာထက် ပိုဝေးလွန်းနေသလားလို့။

သုံးဆယ်တစ်ဘုံ မယုံဘူးလားတဲ့
တမလွန်ဘ၀ မယုံဘူးလားတဲ့
“ဒီမဟာ စကြာဝဠာထဲမှာ
နေက ကောင်းကင်ဘုံမှာ
သိမ်းမြစ်က ဒီမြေကမ္ဘာမှာ
ဒါ သေချာတဲ့တရားပါဗျာ”လို့
ဆာဝေါလ်တာစကော့ရဲ့ စကား
ခဏ ငှားသုံလိုက်ဖူးရဲ့
ငါသေချာတာကို ယုံချင်တယ်
ယုံကြည်တာကို သေချာချင်တယ်။

နွေဦးသန့်မှ မြစ်သန့်တယ်
နွေဦး သန့်ပါသလား
မိုးဦး ဆောင်းဦးကော သန့်ပါသလား
မြစ်ဝှမ်းသားတွေက
သောက်ရေကို
မြစ်လယ်ထွက် ခပ်ရင် တော်သေးရဲ့ သိကြတယ်။

ငါဟာ မြစ်တစ်စင်း ဖြစ်တယ်
ငါ့ကမ်း ၀ဲယာတစ်လျှောက်
ဥယျာဉ်တွေ ဖြစ်တယ်
စိုက်ပျိုးမြေတွေ ဖြစ်တယ်
ကဗျာတွေ ပွင့်တယ် သီးတယ်
ထပ် ပြောတယ်
ငါဟာ မြစ်တစ်စင်း ဖြစ်တယ်။ ။

မောင်အောင်ပွင့်
(ပိတောက်ပွင့်သစ်၊ မတ်လ၊ ၂၀၀၇)

တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ရေးဖြစ်တဲ့ မြစ်တွေစီးထွက်လာတဲ့အကြောင်း ဆိုတဲ့ကဗျာနဲ့ ခေါင်းစဉ်ခြင်းတူနေခဲ့တဲ့
ဆရာမောင်အောင်ပွင့်ရဲ့ အနှစ်သက်ဆုံးတွေထဲက တစ်ပုဒ်ပါ..။
ပြင်ဦးလွင်ခေတ်ပေါ်ကဗျာဆုရ ကဗျာရှည်တစ်ပုဒ်ဖြစ်ပါတယ်.။

June 25, 2009

ဖြောင့်ထားသောမျဉ်းများ

မြို့က မြို့မပီသတော့
အသံဟောင်းက လေတိုက်ပြီး လွင့်
ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိတော့ဘူး
လှမ်းဆုတ်ဖို့ လက်တစ်ကမ်းအလို
ပြုတ်ကျသွားတဲ့ အတ္တကိုလည်း
နှမြောဖို့ကောင်းတယ်။
ဝမ်းစာ ရှာစားရတာချင်းအတူတူ
ရန်ဖြစ်မနေကြနဲ့ လူအချင်းချင်း
ထမင်းတစ်လုပ်က အလုပ်ရှုပ်တယ်
ဆိုတာ ပြည့်စုံပါတယ်
အနာဂတ်ဟာ ကြွေသွားတဲ့ ကြယ်
ဖျာမခင်းခင် လန့်သွားတဲ့ ပွဲဟာ
လူသားဆန်မှု
တဒိုင်းဒိုင်း ပစ်ချလိုက်တဲ့ ပါးစပ်သေနတ်ထဲ
လမ်းဘေးဓာတ်တိုင်တွေ လဲ လဲ ကျသွားတယ်
ဘယ်မှာလဲ
စွန့်ပစ်ထားတဲ့ ရာသီမျိုးမှာ
ဖြစ်နိုင်ရင်
ပရဟိတတွေ
ဈေးတင်ပြီး ရောင်းသာပစ်လိုက်ချင်တယ်
ကမ်းနားသစ်ပင်တွေဟာ ထူထောင်မှုတစ်ခု
ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိဘူး
အရိပ်နေပြီး အခက်ချိုးသလို
ငါတို့ကိုယ် ငါတို့လည်း မျိုကြရမယ်။
ရှောင်လွှဲမရတဲ့ ကမ္ဘာပျက်မိုး
ငါတို့ဆီ
ဆိုက်ရောက်လာတဲ့ အခါ
ငါ့ကို တဲအိမ်တစ်ခုသာပေးပါ
လူဆိုတာ ကိုယ့်အတ္တနဲ့ ကိုယ်
သူ့အတ္တနဲ့ သူ
နေထိုင်မှုကို ခြံခတ်ထားဖို့မလိုဘူး
သိပ်သည်းဆပဲ လိုပါတယ်။ ။

တည်ရ
(ပိတောက်ပွင့်သစ်မဂ္ဂဇင်း ဇန်န၀ါရီ ၂၀၀၉)


(မောင်အရင်းတစ်ယောက်လို ချစ်ခင်ရပြီး.အမြဲတမ်းစကားနိုင်လုရန်ဖြစ်နေရတဲ့..၊ ကဗျာဆရာတည်ရစ်ကို လွမ်းခြင်းအားဖြင့်..)

June 21, 2009

မြက်တွေ စိမ်းရွှေရွှေ ရနံ့တစ်ခုနဲ့ နုလို့



အအေးခန်းထဲ
ဦးနှောက်တွေ ဇောချွေးပျံနေခဲ့..
ခံစားချက် အပေါ်ယံကြောတွေ တင်းမာအေးခဲလာ...
အတွေးအခေါ်တွေက ငွေနံ့ကြေးနံ့နဲ့ ညှီဟောင်လို့
ငါကီးဘုတ်ရိုက်သံက ဇုလုတွေရဲ့ ဗုံသံလို..
ကိန်းဂဏန်းတွေ အမဲလိုက်အက ကခုန်နေကြတယ်..။

အေးစက်စက်ဘာသာစကားနဲ့
ငါ့ လည်ချောင်းတွေက ကျဉ်းမျောင်း
အေးစက်စက်ဥတုရာသီမှာ
ငါ့ နှလုံးသားလည်း တဖြည်းဖြည်းကျုံလှီလာခဲ့ပေါ့
အဲ့ဒီ့နှလုံးသား..အရေပြားပေါ်မှာ
ငါ့အတ္တတွေစိမ်းမြနေအောင် အညှိတက်ကြ
အဲဒီ့ အစိမ်းရောင်အဆိပ်ငွေ့တွေက..
ငါ့သွေးကြောတွေထဲ ကြောက်မက်ဖွယ်ရာ ပျံ့နှံ့နေခဲ့ပြီ..။

ငါ့ကိုယ်ငါသိပ်မကြိုက်ချင်တော့ဘူး...
အမြင်အကြည့်တွေကစက်ရုပ်ဆန်
အခေါ်အပြောတွေက ၀တ္တရားကျေဆန်
နူးညံ့ပူနွေးမှု ခမ်းခြောက်လာတဲ့နေရာထိုင်ခင်းမှာ....
ဘာသိဘာသာတွေက အသက်ရူသံဖြစ်လာခဲ့..။

ငါ ဟာ
အချိန်ကာလ ဥာဏ်ပညာ..ခံစားချက်
အလွမ်းနဲ့ အရာအရာကို..
ပုတ်ပြတ်စနစ်နဲ့ ရောင်းချထားသူပါ
ငါက အိမ်ကြီး တံစက်မြိတ်ကလေ..
အိမ်ကြီးရဲ့ ခန့်ငြားထည်ဝါမှုတွေကို
ငေးမောအားကျနေရတဲ့ ရွှေရောင်ရင့်ရင့် တစိမ်းတရံစာ...

ငါဟာ..ကိုယ့်ခံစားချက်အပေါ် အဆိုးရွားဆုံးသစ္စာ ဖေါက်ခဲ့သူ
အိမ်အပြန်ချင်ဆုံးနဲ့ အိမ်ပြန်ဖို့ အကြောက်တတ်ဆုံးသူ..
တစ်ကိုယ်ရည်..တစ်ကိုယ်ကောင်းဆန်ခဲ့သူ....
ငါဟာ..ယူကျုံးမရစိတ်နဲ့ပဲ မျက်ရည်သိပ်လွယ်ခဲ့တဲ့..သူ
ငါက ရရှိနေသလား..ဆုံးရူံးနေသလားတောင်
မဝေခွဲတတ်အောင်.... ထူပိန်းဆွံ့အ ခဲ့သူပေါ့...

နီရူဒါရေ..
သင်ချစ်မက်တတ်တာထက်
နည်းနည်းလေးမှ မလျော့တဲ့ ချစ်ခြင်းတရားတွေနဲ့
ကျွန်ုပ်လည်း အမိမြေကို ချစ်မက်ခဲ့ပါတယ်..။

အိန္ဒြာ
Idea မဂ္ဂဇင်း ခုလထုတ် ( ဂျူလိုင်၊၂၀၀၉)မှာပါတဲ့ကဗျာလေးပါ..။ မဂ္ဂဇင်းမှာဖေါ်ပြထားတဲ့ ပန်းချီဆရာ ကိုသိုးထိန်းဆွဲတဲ့ သရုပ်ဖေါ်ပုံလေးကို လည်းတင်ပေးလိုက်ပါတယ်။ သရုပ်ဖေါ်ပုံလေးလှမ်းပို့ပေးတဲ့ သတိတရစာမူတောင်းတဲ့ ချစ်မမ မနော်ဟရီ ကိုကျေးဇူးဥပကာရတင်ရှိပါကြောင်း..ဒီနေရာကမှတ်တမ်းတင်ပါတယ်..။ မဂ္ဂဇင်းကို..http://ideamagazine.blogspot.com/ ကနေဖတ်လို့ရပြီဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်..။

June 19, 2009

သူမကို အသစ်ပြန်စိုက်လိုက်တဲ့ သစ်ပင်

(သရုပ်ဖေါ်ပုံလေးကတော့ သဇင်မဂ္ဂဇင်းမှာဒီလပါမယ့် ဒီဝတ္ထုလေးအတွက် ကိုမိုးကြယ်(ယိမ်းနွဲ့ပါးကခံစားရေးဆွဲပေးထားပါတယ်..။)

(၁)
မနက်တစ်ခင်း လူးလွန့်နိုးထလာပုံက ပန်းတစ်ပွင့်တစ်လွှာချင်း ပွင့်နေပုံနှင့် ခပ်ဆင်ဆင် တူနေပါလိမ့်မည်။ အဲဒီနေ့မှာ ကောင်းကင်က ကြည်ပြာယောင်ဆောင်ထားခဲ့ပြီး သူမက မိုးပြာရောင် ဂျင်းဘောင်းဘီတစ်ထည်ကို ၀တ်ဆင်ထားခဲ့သည်။ ကော်ဖီတွေ အေးစက်လာတာကို ချစ်သူနဲ့ စိတ်ကောက်နေရသလို ပျင်းပျင်းတွဲတွဲနိုင် လွန်းလာခဲ့လျင် သူမထပြန်လာခဲ့မည်။ သူမရဲ့ပန်းပွင့်တွေ လတ်ဆတ်ဖို့ကတော့ လေပြည်လေညှင်းတစ်စုံ အပူ တပြင်းလိုအပ်နေခဲ့ပြီ။
နွားတွေ စမြုံ့ပြန်သလိုမျိုး အဆုတ်အိမ်ထဲက ချစ်သူ့ကိုယ်သင်းနံ့တွေကို ချွေတာရူရိုက် လာခဲ့တာ လက်ကျန်နည်း ပါးလွန်းနေပြီ။ တကယ်တော့ ငလျင်တွေ၊ မုန်တိုင်းတွေလို နှလုံးသားရဲ့ သဘာဝဘေးအန္တရာယ် ကတော့ အချစ်နဲ့ အလွမ်းပေါ့ ကိုကို..။ ကျွန်မရင်ဘတ်ထဲက ဒါဏ်ရာဒါဏ်ချက်တွေကို ကုစားဖို့ ကိုကို့အနမ်း တွေကမှ ဆေးဖက်ဝင်မှာပေါ့လို့ ရှက်စနိုးပြောလိုက်ဖို့ ကိုကို့ကို သူမစောင့်နေခဲ့ပါသည်။

(၂)

နွေဥသြရဲ့ အတောင်ပံအစုံနဲ့ သူမစီးမျောလိုက်ချင်သည်။ ကိုကိုက လိပ်ပြာယောင်ဆောင်လာခဲ့ရင် နွေဦးမှာ ပထမဆုံး ပွင့်တဲ့ပန်းပွင့်ဟာ သူမပဲဖြစ်ရမှာပေါ့။ ထိုနေ့ ကောင်းကင်က မည်းပြာယောင် ဆောင်ထားလိုက် တော့ သူမကခရမ်းရင့်ရောင် မျက်ရည်များ ဖြိုင်ဖြိုင်ကျနေခဲ့ရ၏။ သူမက ကိုကို့အကြောင်း ၀တ္ထုရှည် ဖွဲ့ရဦးမှာမို့ ဆိုလက်စ တေးချင်းတွေအားလုံးကို ခဏလွှတ်ချထားလိုက်ပြီး ရွတ်လက်စကဗျာတွေကို ခဏလေး ခေါက်သိမ်းထားလိုက်မည်။ အဲသလို ဆန်တက်လာတဲ့ လေပြည်နွေးနွေးမှာ ကိုကို့ထွက်သက် မျှင်းမျှင်းများ ပါလာခဲ့မလား။ နားရွက်ဖျားရဲ့ အရိပ်ကလေးကိုတောင် မှတ်မိနေခဲ့သော မှတ်ဥာဏ်အာရုံကို သူမမုန်းလိုက် တာ။ အို…ကိုကိုလားလို့ ထင်ယောင်ထင်မှားလေးမှ ရှိမနေတော့အောင် ပါလားကွယ်။ ညို့နေအောင် မှောင်နေတဲ့ ကောင်းကင်ကြီးကို ဆွဲဆုတ်ပစ် လိုက်ချင်သည်။ ကျွန်မရင်ထဲက အပူငွေ့တွေကြောင့် ကမ္ဘာကြီး ပိုမို ပူနွေးနေတာ သိလားကိုကို။ သက်ပြင်းတွေ လှိုင်းထလာတဲ့ ကျွန်မရဲ့ ပင်လယ်မှာ မုန်တိုင်းတွေ ဆင်နေခဲ့ပါ ရောကွယ်။ ဆိုးဝါးတဲ့ ရာသီဥတုတွေရဲ့ ဂျိုသွေးနေသံကို ကိုကို နားမခံနိုင်အောင် ရှိနေခဲ့လိမ့်မည်။ ဂစ်တာရဲ့ နံပတ်-၆ ကြိုးသံနဲ့ ကိုကိုရယ်မောလိုက်တာကို သူမက ရှေးဟောင်းပစ္စည်းတစ်ခုလို တူးဖေါ်ရမည် ဆိုသော ကိစ္စမှာ ရင်နာကြေကွဲစရာ ကောင်းလွန်းလှပါသည်။

(၃)

ကိုကို့လက်ဝဲဘက် ရင်အုံအောက်က ဂီတသံကို နားထောင်ဖို့ သူမကြယ်ကြွေတိုင်း ဆုတောင်းနေရပုံက အိပ်မက်ဆန်လွန်း နေခဲ့မလား။ ကိုကို… ဟောဒီ့လရောင်ကို ရီးလေးခိုပြီး ကျွန်မအိမ်မက်ထဲမှာ အိပ်စက် လှည့်။ ဒီလောက်များပြားနေတဲ့ လူယောက်ျားတွေထဲမှာ ကိုကို့နားရွက်ဖျားလေးနဲ့ ဆင်ဆင်တူနေတာလေးမျှ ရှိမနေခဲ့ပါ။ အလွမ်းဆိုတာ မြွေဆိုးတစ်ကောင်ရဲ့အဆိပ်လို ဖြေလို့ရတဲ့အရာ မဟုတ်မှန်း သူမအလန့်တကြား သင်အံလိုက်ရသည်။ သူမ၏ အငုံစိတ် ၅၀ရာခိုင်နှုန်းမှာ အာခံစိတ်တွေ ထောင်းလမောင်း ထနေပြီး၊ ကျန်တဲ့၅၀ရာခိုင်နှုန်းမှာ ကိုကို့ကို ချစ်ခင် စိတ်တွေနဲ့ မူးယစ်ရီဝေ နေခဲ့သည်။ အဆင်မပြေဘူးဆိုတာ ဖက်ရှင်ဖြစ်လာတဲ့ ခေတ်မှာ သူမကရဲရဲရင့်ရင့် ချစ်မက်အာခံနေခဲ့ကြောင်း အချိန်မရွေး သက်သေပြနိုင်ဖို့ ကိုကို့ကို သူမစောင့် နေခဲ့ပါသည်။

(၄)

အဲဒီ့နေ့က နေရောင်မှုန်မှုန်လက်နေသည်။ မိုးစက်ဖွဲဖွဲရွာချ၏။ ကောင်းကင်မှာ ကွေးညွှတ်နေတဲ့သက်တန့်ကို ခူးယူပေးခိုင်းဖို့ ကိုကို့ကို သူမစောင့်နေခဲ့သည်။ ကိုကို နောက်ကျတာကို စိတ်ကောက်ပစ်လိုက်ဖို့ သူမစောင့်နေ ခဲ့ပါသည်။ ကိုကိုပျက်ကွက်တာကို စိတ်ကောက်ပစ်လိုက်ဖို့ သူမစောင့်နေခဲ့ပါသည်။ အမှောင်တွေ ပြေးဝင်လာပုံ ကိုက အလန့်တကြား နိုင်လွန်းလှသည်။ လမ်းတွေမီးလင်းချိန် ညအစကိုကြိုမယ်တဲ့။ ထူးအိမ်သင်၏ သီချင်းကို သူမ သတိရလိုက်မိသော်လည်း မဆိုဖြစ်ခဲ့တော့ပါ…..။ မည်းနက်နေတဲ့ ကောင်းကင်မှာ လျှပ်စီးတစ်ချက် ပျက်ချလိုက်သလိုမျိုး၊ ကိုကို့မျက်နှာပေါ်က ဒေါသအရေး အကြောင်းက လျင်မြန်သော်လည်း စူးရှလင်းပလို့ နေခဲ့သည်။ အလိုမကျခြင်းတွေနဲ့ မှုန်မှိုင်းအုံ့ဆိုင်း နေခဲ့တဲ့ ကိုကို့ကောင်းကင်ပေါ်က တိမ်တိုက်ကို သူမဖယ်ရှား ပေးလိုက်ချင်သည်။ အံတင်းတင်းကြိတ်ပြီး ထောင်ထနေတဲ့ မေးရိုးမာမာပေါ်က ကြမ်းရှမှုကို သူမက ရင်ခုန် လိုက်ချင် သေးသတဲ့။

(၅)

အဲဒီ့နေ့ မတိုင်ခင်ညက သူမခေါင်းကို မီးစွဲလောင်သည်လို့ အိမ်မက်မက်ခဲ့ သေးလို့လား…။ အဆောက်အအုံ တွေကို အကြီးစားပြင်ဆင်ခွင့် တင်ရသလိုမျိုး ဘ၀ကို စိတ်ကြိုက်ပြုပြင်ခွင့်ရအောင် ဘုရားသခင်ထံ၌ ဆုတောင်း ညည်းညူမနေချင်တော့ပါ။ ကျွန်မဟာ မြစ်တစ်စင်းမို့ ဘယ်တော့မှ နောက်ပြန်စီးမှာ မဟုတ်ဘူးနော် ကိုကို..။ သူမရဲ့စီးဆင်းမှုကို ဘယ်လိုဝမ်းနည်း စိုးရိမ်စိတ်ကမှ ဟန့်တားပူပင် မနေမှန်းလည်း သူမသိထားနှင့် တာကြာပြီ..။ ကိုကိုဟာ သူမသောင်ထွန်း ခဲ့တဲ့ကျွန်းပေါ်က တစ်ခုတည်းသော ရေချိုပါကွယ်..။ သူမက သူမကိုယ်သူမ လေးလေးကန်ကန် ထုပ်ပိုးရင်း၊ သူမက သူမကိုသူမ ဆောင်းဦးပေါက် လေတံခွန်လို လွှတ်တင်ရင်း….။ သူမဦးတည်ရာမှာ မြက်ပင်ကြမ်းတွေ ပိန်းပိတ်နေတဲ့ ကွင်းရိုင်းတစ်ခုပဲ ဖြစ်ဖြစ် သူမခြေလှမ်း တိုင်းဟာ အမှားအယွင်း အလေ့ကျပေါက်ပင် တွေပဲဖြစ်ဖြစ်… သူမတစ်ခုခုတွေ ဖြစ်နေခဲ့ရကြောင်း ကိုကို့ကို ပြောပြဖို့ သူမစောင့်နေခဲ့ပါသည်။

(၆)

သူမ၏ ဆံမြကေသာဟာ ကိုကိုဖြစ်ခဲ့ပြီး၊ ကိုကိုရဲ့ မျက်နက်အိမ်လေးဟာ သူမဖြစ်ခဲ့ဖူးပါသည်။ အချစ်နှင့် အချစ်၏ပဉ္စငါးပါး စလုံးနှင့် ပူးနှောင်တွယ်ယှက်ခဲ့ဖူးသော ဘ၀နှစ်ခုမှာ အိမ်မက်မဟုတ်ပါ။ ခပ်ညံ့ညံ့ဗွီဒီယို ဇာတ်လမ်း မဟုတ်ခဲ့ပါ။ စိတ်လေလွင့်နေတဲ့ ဆယ်ကျော်သက်တစ်ယောက်၏ ရင်ခုန်စိတ်ကူး မဟုတ်ခဲ့ပါ။ စိုးရိမ်သံသယ မဟုတ်သလို နာကျည်းမာန မဟုတ်ခဲ့၍ ကိုကို့ကို သူမစောင့်နေခဲ့ပါသည်။
အရောင်တွေ အနံ့တွေသည် အာရုံတစ်ခုလုံး ကြိမ်းစပ်သွားလောက်အောင် တောက်စားလွန်းလှသည်။ သင်းကွဲငှက် တစ်ကောင်ရဲ့ အမိုးအကာတွေဟာ မရေရာပါလားကိုကို။ သူမပိုင်ဆိုင်တဲ့ လူ့အဖြစ်ဆိုတာ ကတော့ ဇာတ်မနာနာအောင် ဖြည့်စွက်အရေးခံထားရတဲ့ ဇာတ်ညွှန်းတစ်ခုပါပဲလား။ ဘ၀ထဲကို နောက်ဘ၀တစ်ခု တိုးဝင်လာပုံက လွှတ်ကဗျာဆန်နေပါလိမ့်မည်။ အဲဒီ့ကဗျာကို ရွတ်သီဖို့ တုန်လှုပ်ချောက်ချား နေရပုံက တုန်လှုပ်ချောက်ချားစရာ ကောင်းလွန်းလှပါသည်။ သူမရင်မှာ ပွင့်မယ့်ပန်းက ဘယ်လောက်အထိ မွှေးမြမှာပါလိမ့်..။ ဘ၀တွေ သိပ်လေးလံတဲ့ အကြောင်း မည်သည့်ချိန်ခွင်နှင့်မှ သက်သေတည်ရန် မလိုအပ် တော့ပါ။

(၇)

သူမ၏ မာကြမ်းအက်ကွဲနေသော ခြေဖနောင့်သားများကို ချစ်သူက သနားကြင်နာ နေတတ်သလိုမျိုး ချစ်သူ၏ ပြောင်ချော ပျော့ပြောင်းသော ပန်းနုရောင် လက်သည်းခွံလေးများကို သူမအတိုင်းမသိ မြတ်နိုးမိပါသည်။ အခုတော့ သူမကမ္ဘာတစ်ခြမ်းတွင် နေအပြည့်ကြတ်နေခဲ့ပါရော။ ရာသီဥတုက ဆိုးဝါးရက်စက်လွန်းတယ် ကိုကို။ သူမသွားလေရာ လိုက်ပါနေသည့် တိမ်မဲညိုတစ်အုပ်ကို သူမမငြူစူ အားတော့ပါ။
တဟူးဟူး တိုက်သရမ်းနေသော လေနီကြမ်း၏ဒါဏ်မှာ ဆောက်တည်ရာမဲ့ ဖျတ်ဖျတ်ခါနေသမျှ လွင့်စင်မသွား အောင် အားကိုးတကြီး ဆုတ်ကိုင်တွယ်ဖက်ထားရသော သူမလက်ဖ၀ါးနှစ်ဖက်ထဲမှ အရာသည် သူမသာ ဖြစ်နေခဲ့ရပြီ။ ကဲ့ရဲ့ ဆိုတင်းလှိုင်းတွေက သိပ်ကိုပြင်းထန်နေပါရော..။ သူမရဲ့ရာဇ၀င် အားလုံးက အမေ တွေရဲ့ ပြဌာန်းစာအုပ်မှာထပ်မံ ဖြည့်စွက်လိုက်သော သမီးတွေအတွက် အသစ်စက်စက် သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့တာကတော့ ရယ်မောရင်နာစရာ ကောင်းလှသည်။ အနောက်တောင်ဆီမှာ အလွမ်းတွေ ညို့ တက်လာလေတိုင်း သူမမျက်ဝန်းထဲက ရွာမယ်လို့ ဟန်ပြင်မှုတွေကို ဘယ်လိုတောင့်ခံနေရတဲ့ အကြောင်း…ပြောပြချင်လှပါပြီလေ..။

(၈)

ပန်းချီဆရာ လက်စသတ်ခွင့် မရလိုက်သည့် ပန်းချီကားတစ်ချပ်လို စုပ်ချက်မသေမသပ်နှင့် ကင်းဘတ်စသည် သူမပေါ့။ အချစ်ဆိုတာ သောကြာနေ့တိုင်း ကားပြောင်းပြတတ်တဲ့ ရုပ်ရှင်ရုံတစ်ရုံ မဟုတ်ဘူးဆိုတာ ကိုကိုချော့ မြူခဲ့ဖူးတဲ့ တေးချင်းနော်…။ သူမ ကောက်ခွေထားရသော စိတ်တွေသည်လည်း နာကြင်ညောင်းညာလွန်းလှပြီ။ ကျွန်မ ရေရောသောက်နေရတဲ့ သောကရဲ့ ဒီဂရီကို ကိုကို ရိပ်မိရဲ့လားကွယ်။ လေပြင်းပြင်းထဲမှာ ချထွန်းထား တဲ့ ဖရောင်းတိုင်လို မျှော်လင့်ချက်တွေ တိုဝင်သွားသမျှ ဟုတ်….ကနဲ ငြိမ်းသေသွားတဲ့ အထိ သူမရင်ကွဲ လိုက်ရမလား..။
တကယ့် တကယ် အချစ်နဲ့အချစ် ပြေပြေလည်လည် ဆုံဆည်းနိုင်ခွင့်ဆိုတာလည်း ဒုလ္လဘ တစ်ခုပဲလေ..။ သူမ ခြေလှမ်းတိုင်းရဲ့ ဥပဇာသည် ကိုကိုရှိမယ်ထင်ရာ အရပ်တွေချည်း ဖြစ်ပါသည်။ ကျွန်မ ဘယ်ဘူတာမှာ ဆိုက် ကပ်လိုက်ရမှာလဲ ကိုကိုရယ်…။ ပိုးကိုက်ရာတွေနဲ့ ပန်းတစ်ပွင့်အတွက် ရေခံမြေခံကို ယိုးမယ်ဖွဲ့ကြရမည်လား..။ ကျွန်မဟာ တာထွက်ကတည်းက ညံ့ခဲ့တာဖြင့် သေချာပြီ။ တင်းကြပ်လွန်းသော စိတ်များ ဘောင်းကနဲ ပေါက်ကွဲ လွင့်စင်ထွက်သွားသော အစအနများသည် မျက်ရည်ဖြစ်သည်။ အထပ်ထပ် ပစ်ခွင်းခံလိုက်ရသော စကားမိုးကြိုး တွေကြားမှာ သူမသေဆုံးခဲ့ရသည်ကိုတော့ ဘယ်တော့မှ ပြန်မတွေးတောပါ။

(၉)

ဖွာလန် ရိုင်းစိုင်းနေသော ဂျစ်ပစီဆံပင်ရှည်များသည် သူမ မဟုတ်တော့။ အဆိပ်လူးမြှား စိုက်ဝင်နေသည့် အနာတရ သားကောင်တစ်ကောင်သည် သူမ မဟုတ်တော့။ အသည်းနှလုံးတစ်စုံ ကျကွဲလိုက်သံနှင့် ချင်းချင်းရဲ နေသော လမ်းမထက်က ဂစ်တာသံဖျဖျသည် သူမ မဟုတ်တော့။ သူမသည် သူမကိုယ်တိုင် မြားဦးချွန်ချွန်ပေါ်မှ အဆိပ်ဖြစ်ခဲ့ပြီ..။ သူမသည် သံချပ်ကာအင်္ကျီ ထပ်ဝတ်ထားရမည့် နှင်းဆီတစ်ပွင့် ဖြစ်သည်။ သူမသည် ဟိုဘ၀နှင့် ဒီဘ၀ကို ပေါင်းကူးပေးနိုင်သော တံတားတစ်စင်းဖြစ်ခဲ့ပြီး သူမရဲ့ လူ့အဖြစ် ဖြစ်တည်မှုတွေက မွန်မြတ် ရဲရင့်လာခဲ့ပြီ။ သူမ တင်းတင်းကြိတ်ထားသော အံသွားမှတစ်ဆင့် သူမမသိနိုင်ဘဲ တစိမ့်စိမ့်တိုးဝင်နေသော အရာများမှာ မေတ္တာဖြစ်သည်။ အချစ်ချင်းခတ်မိပြီး တဖွားဖွားပွင့်လာသော မီးစမီးနတို့သည် ပူလောင်ပေမယ့် လှပနေပါရော..။
သေခြင်းတရားဆိုတာကို သူမက မဖတ်ရသေးသော ၀တ္ထုစာမျက်နှာလို ခပ်ပါးပါး စဉ်းစားခဲ့လိုက်သမျှကို ပြန်လည်ရုတ် သိမ်းလိုက်သည်။ သူမကိုယ်သူမ ရိုရိုသေသေ သိမ်းဆည်းရန် လိုအပ်နေပြီလေ..။ အရုဏ်ဦး တိုင်းကို သူမ ရင်ခုန်ချစ်မက်နိုင်ခဲ့ပြီ..။ သူမကိုမှ ရွေးချယ်လိုက်သော လူသားအသစ်စက်စက် ကလေးအတွက် သူမ ရဲရင့်ရန် လိုအပ်နေပြီလေ..။ သူမ တွဲကူရဦးမည့် ဘ၀သေးသေးလေးအတွက် သူမမားမားရှိရမည်..။ ကိုကို့ကို မျှော်မောရခြင်းထဲမှာတောင် ရင်ခုန်သံအသစ်၏ ငြိတွယ်စိမ်းလမ်းမှုတွေနှင့် လှပသွားခဲ့၏။

ကိုကို………။ နို့ရည်တွေအပြင် သောကတွေကိုပါ တပြွတ်ပြွတ် စို့ယူရဦးမယ့် ကျွန်မတို့ ကိုယ်ပိုင် လူသားလေးတစ်ယောက် ရောက်လာတော့မှာသိလား..။ သားလေးမွေးရင် ကိုယ့်နာမည်ပေးလိုက်ပါ ဆိုတဲ့ အဆိုတော်ဘိုဘို့ ပလေးဘက်နဲ့ ဇာတ်ဝင်ခန်းကတော့ သိပ်ကို ညံ့ဖျင်းရက်စက် လွန်းပါတယ် ကိုကို..။

(၁၀)

ဟေ့…ကလေးမ မင်းက ဘယ်သူလဲ။ သီဟဆိုတာ ဒီအိမ်က သင်းကွဲငှက်ပဲ…။ သူ့အညွန့် သူ ကိုက်ဖြတ်ဖို့ ဒီအိမ်က ထွက်သွားတာ ကြာပေါ့။ ငါတို့ တစ်မိသားစုလုံး သူ့သတင်းကို တံခါးပိတ်ထားတာကြာပြီ..။ မင်းသိချင် ရင်တော့ ဂျစ်ပစီဆံပင်နဲ့ အာခံစိတ်တွေ ဖိတ်ဖိတ်ထနေတဲ့ မိန်းမဆီမှာရှာဖွေချည်..။ အဲဒါ သီဟရဲ့ပဒိုင်း သီးပဲ…..။ သတ္တုကြိုးကို ခိုစီးလိုက်လာသော အသံက သူမနားစည်ကို စုတ်ပြဲသွားအောင် ကုတ်ခြစ်ပစ် လိုက်သည်။
မဟုတ်ဘူး…...
မဟုတ်သေးပါဘူးတွေ………….. အလုံးအရင်းနှင့် သူမကိုဝင်ဆောင့် သွားကြ၏။ ကျွန်မ ကိုကို့ကို စောင့်နေခဲ့တာလေ..။ ကျွန်မ ကိုကိုမလာလို့ စိတ်ကောက်နေခဲ့တာ..။ အခု ကျွန်မ ကိုကိုမလာလို့ စိတ်ကောက် နေတဲ့ အကြောင်းနဲ့ ကျွန်မ ကိုကို့ကို စိတ်ကောက်နေလို့ မဖြစ်တော့တဲ့ အကြောင်းတွေ ပြောပြဖို့…။ မဟုတ်သေးပါဘူး…။
(-----)
ခရီးတစ်ခုကိုစီးပြီး တဖျတ်ဖျတ် အသော့နှင်လာသော ပုံရိပ်သည် အိမ်မက်တိုင်းအတွက် ဖြစ်သည်။ သူမ ပြောပြဖြစ်မယ့် ပုံပြင်တွေတိုင်းမှာ နာကျည်း ရှိုက်ငင်သံတွေ မပါဝင်နိုင်တော့ပါ..။ သစ္စာတရားကို အသက်နဲ့ ဆောက်တည်သည့် ဇာတ်ကွက်ကတော့ ကြေကွဲစရာပေမယ့် ကြည်းနူးစရာလည်း ကောင်းနေပါလိမ့်မည်။

စိုးရိမ်ပူလောင်မှုတွေနှင့် ဖွဲ့သီထားမိသော သားချော့တေးကို သူမ မသီကျူးပါ။
သူမ ဘယ်…တော့…မှ။
ဟုတ်တယ်….
ဘယ်တော့မှ သူမ မသီကျူးပါ…..။
ဒီလိုဆိုတော့လည်း………မျှော်လင့်ခြင်း လမ်းမတစ်လျောက် သူမမျက်ဝန်းတွေကို ချခင်းထားလိုက်ရုံသာပေါ့..။ သူမက ချစ်သူလာနေပြီဆိုသော အသိဖြင့် ဘ၀တွေကို ကျစ်ကျစ်လစ်လစ် ပျိုးထောင်ထားရမည်။
သေချာတာက ကိုကိုလာလိမ့်မည်။
နောက် သေချာတာက ကိုကို ရောက်မလာပါ..။
နောက်ထပ် သေချာတာက ကိုကို သူမဆီလာခဲ့ပါသည်။
နောက်ထပ်ပြီး သေချာတာက ကိုကို ရောက်မလာခဲ့ပါ..။
အသေချာဆုံးကတော့ ကိုကို ရောက်မလာသေးတာပါ..။
သူမ၏ စောင့်ဆိုင်းမှု သီအိုရီသည် အချစ်နှင့်အလွမ်း သီးသန့်ဖြင့်သာ ချိုမြိန်၏။
ဘာပဲဖြစ်ဖြစ် ကိုကိုလာမှာပါ..။
ဘာပဲဖြစ်ဖြစ်
ဘာ…ပဲ…ဖြစ်…ဖြစ်………..။ ။

အိန္ဒြာ


(၂၀၀၈ခုနှစ်၊မေလ၊ ရတီမဂ္ဂဇင်း)

Blog စရေးဖြစ်တဲ့ Happy Cloud မှာဒုတိယမြောက်
ဝတ္ထုတိုအဖြစ်တင်ဖြစ်ခဲ့ပါတယ်..။
ဖတ်ပြီးတဲ့ မိတ်ဟောင်းဆွေဟာင်းတွေကတော့ကျော်သွားကြပါတော့..။
မဖတ်ရသေးတဲ့ မိတ်သစ်ဆွေသစ်တွေအတွက်..တော့..အင်း.........စိတ်ညစ်ကြဦးပေါ့........။

June 18, 2009

နိုင်ငံရေးသမားဝတ္ထု

(၁)
ကျွန်ခေတ် (၁၈၂၄ ခုနှစ်မှ ၁၉၄၈ခုနှစ်အတွင်း)

ချစ်ခဲ့ကြသည်....
တစ်ယောက်လည်ဖက်၊ လည်ချင်းယှက်၍
အသက်ပေးအပ်၊ မွဲတေငတ်လည်း
သတ်မှတ်ရန်သူ၊ ရှေ့တူရူသို့
သွေးဆူဓါးချွတ်၊ မာန်ဟုန်လွှတ်၍
လွပ်လပ်ရေးအတွက် ချီတက်စဉ် ။

(၂)
လွပ်လပ်ရေးခေတ် (၁၉၄၈ခုနှစ်မှ ယနေ့အထိ)

မုန်းကြပြန်သည်.....
တစ်ယောက်လည်ပင်း၊ တစ်ယောက်နင်း၍
ချင်းချင်းခုန်အုပ်၊ ဓါးဖြင့်ခုတ်လျက်
မင်းလုပ်ရကြောင်း၊ မာန်ခြောင်းခြောင်းဖြင့်
သွေးချောင်းစီးဖြာ၊ ရက်စက်လာသည်
အာဏာရေးတွက် လုယက်စဉ် ။ ။

ဒေါက်တာ ထီလာစစ်သူ
မဲခေါင်မြစ်မှ အိုရွက်ဝါနှင့် အခြား ကဗျာများ
(၁၉၆၁၊ဇူလိုင်လ၊ကျူံပျော်စာပေ)၁၉၆၁ခုနှစ်စာပေဗိမ္မာန်ဆုရကဗျာစာအုပ်


June 14, 2009

ဝါသနာပါလွန်းလို့

ဆရာလင်းဦး(စိတ်ပညာ)က ကျွန်မ၀ါသနာပါသည်ဟု စာစီစာကုံး (အဲ)tag ထားတော့
စိတ်ထဲနည်းနည်းတော့ပေါ့ပါးသွားခဲ့ပါတယ်..။ Tag ဆိုရင်အိန္ဒြာတို့က သိပ်ညံ့တတ်လေတော့
ဒီခေါင်းစဉ်ကိုတော့ ဖြောင့်ဖြောင့်တန်းတန်းရေးနိုင်လောက်မှာပါလို့ ကိုယ့်ကိုကိုယ်အားပေးရတာပေါ့...

(၁)။

ဝါသနာဆိုတာ..နှလုံးသွေးတွေပူနွေးစီးဆင်းနိုင်အောင်
လှည့်ပတ်တောက်လောင်ပေးနေတဲ့ တေဇောဓါတ်တစ်မျိုးပါ..
ဝါသနာဆိုတာ..မြတ်နိုးနှစ်သက်ဖွယ်ရာ အထုံအလေ့တစ်ခုအဖြစ် ကိုယ့်ရဲ့လူ့ဖြစ်ခြင်းအတွက် ကံ က ဖန်ဆင်းပေးလိုက်တဲ့အရာတစ်ခုပါ
ဝါသနာဆိုတာ..ဘ၀ကိုမျှော်လင့်ချက်တွေနဲ့ ခုတ်မောင်းပေးနိုင်တဲ့ စွမ်းအားတစ်မျိုးလည်းဖြစ်သေးရဲ့
ဝါသနာဆိုတာကို..စိတ်နဲ့ကိုယ်နဲ့အကောင်အထည်ဖေါ်စွမ်းဆောင်နိုင်ခွင့်ဆိုတာကလည်းရခဲလှတဲ့ လူ့ဘ၀ထဲက ဒုလ္လဘတစ်ခုပါပဲ..။

အိန္ဒြာဘာကိုဝါသနာပါသလဲဆိုတာတော့ ထူးထူးထွေထွေရေးပြနေစရာလိုလိမ့်မယ်မထင်တော့ပါဘူး..
စာတွေကဗျာတွေရေးခြင်း၊ဖတ်ခြင်းဆိုတဲ့ ၀ါသနာဟာ ခန္ဓာကိုယ်ရဲ့ အစိပ်အပိုင်းတစ်ခုလို..
ထမင်းစားသလို ရေသောက်သလို ဘ၀ရှင်သန်ရပ်တည်ဖို့ မရှိမဖြစ်လုပ်ငန်းဆောင်တာတစ်ခုလို
ထွက်ပေါက်လို ၊ ဖျော်ဖြေရေးအစီအစဉ်လို၊ တိုးတိုးဖေါ်မိတ်ဆွေကောင်းတစ်ဦးလို
နောက် ချစ်တဲ့ အမမနော်ဟရီကိုပြောမိတဲ့ ၀ဋ်နာကံနာတစ်ခုလို(သိပ်လှတဲ့ ၀ဋ်နာကံနာမျိုးပေါ့..)

ဂစ်တာတီး၊သီချင်းဆို၊ပန်းချီဆွဲ ဒါတွေကိုလည်းဝါသနာပါတယ်ပဲပြောရမှာပါပဲ..
ဒါပေမယ့် ထူးထူးလည်လည် ကြိုးစားအားယူနေစရာမလိုပဲ စာရေးခြင်းစာဖတ်ခြင်းကိုပဲ တစိုက်မတ်မတ်ဝင်စားဆောင်ရွက်နေမိတော့
အချိန်ကြာလာလေ..ကိုယ်ရဲ့တကယ့်ဝါသနာအစစ်က စာရေးတာကဗျာရေးတာလို့
သတိထားမိလာပါတယ်..
တကယ့်ကိုပါပဲ..
သတိထားမိလိုက်ချိန်မှာတော့ ကဗျာဆရာမဆိုတဲ့ အပေါ်မှာ ကိုယ်က သွက်သွက်ခါနေခဲ့ပါပြီ..။

ဟိုးငယ်ငယ်တုန်းက ကဗျာဆိုတာ ရှင်သန်ခြင်းရဲ့ အဟာရ ၊
နှလုံးသားရဲ့ မန္တန် ရင်ခုန်သံရဲ့စည်းချက်ဆိုတာမျိုးတွေတောင်ရေးမိခဲ့သေးရဲ့
နောက်..ကဗျာဆိုတာ ကဗျာဆရာရဲ့သစ္စာဓိဌာန်..၊
အဲဒီ့သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံဖြစ်လိမ့်မယ်ဆိုတာမျိုးတွေ..
နောက်.. ငါတို့ယဉ်ကျေးမှုတစ်ခေတ်ကို အသစ်အတိုင်းရုပ်ကြွင်းဖြစ်စေဖို့..
ကိုယ့်နှလုံးသွေးကိုယ်မင်ရည်လုပ် ကိုယ့်အရေခွံကိုယ်ဆုတ်ပြီးစာစီကြဆိုတာမျိုးတွေ
နောက် ရေကြီးလွှမ်းလွှမ်းမီးကြီးလောင်လောင်ကမ္ဘာတစ်ခုပျက်လို့ နောက်ကမ္ဘာတစ်ခုပြန်စရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ပြန်စမယ်ဆိုတာမျိုးတွေ
နောက်...အနုပညာဆိုတာ ကျွန်တော်မမွေးခင်ကတည်းက
ကျွန်တော့်သန္ဓေစိတ်မှာစွဲထင်နေတာဖြစ်ပြီး
ကျွန်တော်သေရင်တောင်ချန်ထားရစ်မယ့်အရာ ဖေဖေရဲ့ ဆိုတာမျိုးတွေ.....
တော်တော်များများတွေ..ရေးဖြစ်ခဲ့ပါတယ်..။

ဝတ္ထုတစ်ပုဒ်ထဲရေးခဲ့ဖူးသလို

ကျွန်တော်လား..ကဗျာဆရာပေါ့
ကျွန်တော်က ကဗျာဆရာလေ..
ကျွန်တော်ဟာ ကဗျာဆရာပါ
အဲသလိုပြောလိုက်ရတာကိုက တော်တော်ချိုနေခဲ့တယ်ဆိုတာလိုမျိုးပါပဲ..
ဒီနေရာမှာတင် အိန္ဒြာ့ရဲ့ ဒီဂရီကို နည်းနည်းတော့ တီးမိခေါက်မိရှိသွားမိကြမှာပါ..။

(၂)။

Tag ကို အခန်းတွေဘာတွေခွဲတင်နေတော့ မျက်မှောင်ကျုတ်သွားကြမလားပါပဲ..။
ဒီအပိုင်းက ၀ါသနာပါလွန်းလို့ လို့ ကိုယ့်ဘာသာကိုယ်ခေါင်းစဉ်တပ်ပါတယ်...။
အပေါ်မှာက ကြီးကြီးကျယ်ကျယ်တွေလျှောက်ပြောထားပြီးတော့ အခုက
အိန္ဒြာ့ရဲ့ တာဆီးလို့မရနိုင်တဲ့ ၀ါသနာပါခြင်းရဲ့ရလဒ်လေးတွေကို
ဘယ်သူ့မှမပြောပါဘူး..လူစုံတုန်းလေး..blog မှာတင်လိုက်တာ.။
စာရေးတာဘယ်လောက်ဝါသနာပါလဲဆိုရင်..ဘာမှမရေးဖြစ်ရင် ရီးစားစာရေးပေးပါတယ်..။
ကိုယ်ရေးပေးလို့စွံသွားတဲ့ အတွဲတွေအကြောင်းတော့မကြွားတော့ပါဘူး..။
နှစ်ခုထဲပဲပြောပြချင်တာပါ..။
ဆယ်တန်းနှစ်တုန်းက ခုံချင်းရှေ့ဆင့်နောက်ဆင့်ထိုင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်..။
စေတနာ့ဝန်ထမ်းရီးစားစာရေးပေးမှန်းသိလေတော့
ကောင်မလေးအတွက်သူဘယ်လိုတွေ ခံစားနေရတဲ့အကြောင်းတွေပြောပြပါတယ်..။
စိတ်ချ ကြွေစေရမယ်..။ရေးပေးမယ်..။
အမယ်..ငါ တိတ်တိတ်ကြိတ်ပြီးလမင်းလေးလို့ခေါ်နေတာတို့ဘာတို့လဲပါပါတယ်..။
အိုကေပါ..နင်ငါ့အကြာင်းသိတယ်မလား..။ သေသေချာချာ့ကို လက်စွမ်းပြပေးလိုက်ပါတယ်..။
နောက်နေ့ပေးမယ်ဆိုတဲ့နေ့ကျသူ့ကိုအခြေအနေမေးဖို့ရှာပေမယ့်မတွေ့ပဲ ကိုယ့်ခုံထဲမှာစာအိပ်အပြာရောင်လှလှလေးတစ်လုံးပဲတွေ့ပါတယ်..
လမင်းလေး အစချီထားတဲ့ ကိုယ့်ရေးထားတာအတိုင်းတသွေမတိမ်းကူးထားတဲ့ လက်ရေးလှလှ စာတစ်စောင်ပါ..။
(မလှလှအောင်တော်တော်လေးအားထုတ်ထားရမှန်းကို သိသာနေတာပါ)
ဟမ်...။ပထမတော့နားမလည်သေးပါဘူး..နောက်မှ...နောက်နေ့ ကွန်ပါဘူးပျံတွေ စာအုပ်ပျံတွေ ဖြစ်သွားတဲ့အထိတိုက်ပွဲပြင်းထန်သွားပါတယ်..
ငါ မှမရေးတတ်တာ...။
ငါ ခံစားနေရတာ...
((((((((((တော်..)))))))))))))။ @#$#%$#%^$^&%&^&$%#^& ပေါ့.။
အမယ်..သူ့ကြည့်ရတာ..လုပ်ကောင်းတဲ့အရာတစ်ခုကိုပဲလုပ်ရိုးလုပ်စဉ်လုပ်နေသလိုလို
တော်တော့်ကို ကသိကအောက်နိုင်တဲ့ ဒေါသထွက်ရခြင်းပါပဲ...။
ခုပြန်တွေးမိရင်တော့ ကျိတ်ရယ်နေမိပါတယ်..။
အော်..၀ါသနာကိုး.....
အမှတ်မရှိပါဘူး....၀ါသနာက ဘယ်နေလိမ့်မလဲ...
နောက် ဟင်္သာတမှာGTI (၃)နှစ် တက်ဖြစ်ပါတယ်..။
ဝါသနာ..အရှိန်ငြီးငြီးတောက်လောင်ခဲ့တဲ့ ကာလတွေပေါ့လေ..။
ဖောရှောပါ ။ သက်နိုင်ဦးလို့ခေါ်ပါတယ်..။ နေရပ်ဇာတိတော့မပြောတော့ပါဘူး..။
ကိုယ်တွေနောက်ဆုံးနှစ်မှာ..ပထမနှစ်ကကောင်မလေးကိုမရရင်သေပါတော့မယ်ဖြစ်ပါလေရော..။
ကိုယ့်၇ှိပြီးသားနာမည်လေးလုံးကို "မ"တစ်လုံးထပ်တပ်ပြီးမမောနိုင်မပမ်းနိုင်ခေါ်ပြီး..
ရီးစားစာရေးပေးဖို့ပူဆာပါတော့တယ်..။
ရှိသည့်ဝါသနာမနေသာမို့ သေသေချာချာရေးပေးလိုက်ပါတယ်.။
သူကအလျင်စလိုမို့ drawing paper အကြမ်းကိုဖြဲပြီး B2 ခဲသားနက်နက်နဲ့ကိုရေးပေးလိုက်ပါတယ်..။
(အင်း..ပြောရရင်ကိုယ်အဖို့ကရီးစားစာလောက်က လက်တမ်းလေ..)
သူကတော့ သွားပေးပါတယ် သေသေချာချာကိုပေးတာပါ..။
၏ သည်တောင်လွဲမှာစိုးလို့ စာရွက်အကောင်းနဲ့တောင်မကူးပဲ ဒီ့အတိုင်း..ကြီးကို သွားပေးလိုက်တာပါ..။(မူးနေတယ်လေ..သိတယ်မလား..နာမည်ကိုက ဖောရှောပါဆို..)
ဖြစ်ချင်တော့ကောင်မလေးက ကိုယ်နဲ့အဆောင်မှာတစ်ခန်းထဲ ကိုယ့်လက်ရေးလဲသိနေသူ..။
စိတ်တွေဆိုးပါရောလား..၊ မခေါ်နိုင်မပြောနိုင်တွေကိုဖြစ်ရော....ကဲ..
ကိုယ့်မလည်း တောင်းပန်ရလဲ ခက်..။ အတင်းနှုတ်တွေလိုက်ဆက်ပေါ့..။ .ပြုံးရမလိုမဲ့ရမလို လူကြီးလုပ်နေပြီး..အဆောင်မှာတော့ခန့်ခန့်ငြားငြားကြီး..။
ဒင်းကိုပဲ အမှုန့်ကြိတ်ချင်နေတော့တာပါ..။
ဒီလို ဒီလိုတွေပါ.၀ါသနာက...။

နောက်တော့ ၀ါသနာအရ ဘယ်လိုမှနေလို့မရတော့
Civil တစ်ခန်းလုံးရှိသမျှ အမျိုးသားများအားလုံးအတွက်
ဂန္တ၀င်မြောက်ကဗျာတွေရေးဖွဲ့ပေးလိုက်ပါတယ်..။
ရေးပေးတာက လက်ရေးသိပ်လှတဲ့ စုစုလွင်ပါ..။
ကပ်ပေးတာက အဲဒီ့တုန်းက ပထမနှစ်ကျောင်းသူ မျိုးစန္ဒာထွန်းပါ..။
A1 Drawing Paper ကြီးနဲ့ကို လှလှပပရေးပြီး...
အင်မတန်ခံ့ငြားလှတဲ့ကျောင်းနံရံမှာကပ်ပေးလိုက်တာပါ..။

အသက်အကြီးဆုံး ဖြစ်တဲ့ ကိုကျော်အောင်ဌေး(ကိုဖိုးညောင်)အတွက်က
လေးလေးစားစားနဲ့
လူကြီးသလောက်
ပေါက်တောက်တောက်နဲ့
ဖိုးညောင်မည်ပေး ကျော်အောင်ဌေး ဆိုတာမျိုး
အမြဲတမ်းစာရှုင်းပြခိုင်းရပြီးဂစ်တာတီးရင်ကြွက်လျောက်သလိုတီးတတ်တဲ့ စိုးမိုးအောင်အတွက်ကကျေးဇူးတင်တဲ့အနေနဲ့
ကောင်မလေးဆို
စာရှင်းလိုတယ်
ကြွက်ဘိ ဖွန်ကြောင် စိုးမိုးအောင် ဆိုတာမျိုး
နောက်
နဖူးပြောင်ပြောင်ရူးကြောင်ကြောင်နဲ့
သောက်တော့ကြွက်တွင်း ထွန်းထွန်းလင်းတို့
နောက်
လူမြင်ငွေချေး မပေးဂျစ်ကန်
ဖဲရိုက်ရန်တော် ဇော်လတ်နော်တို့..
နောက်
လမ်းလျှောက်ရင်တွန့်
အလွန့်ရစ်သူ
မိုးဆန်း ဟူဘိ...မြုံစိစိ တို့
စသဖြင့်..စဖြင့် တစ်ခန်းလုံးရှိသမျှ အကုန်အကြားအလပ်မရှိစေရအောင် မျှမျှတတချယ်မှုန်းရေးဖွဲ့ပေးလိုက်ပါတယ်..။
သူတို့ကလည်းသူတို့နာမည်ခေါင်းစဉ်အောက်က
သူတို့အတွက်ရေးဖွဲ့ပေးထားတဲ့
ကဗျာတွေကို အလုအယက်ရင်ခုန်ဖတ်ရှုကြဆိုပဲ..။

အဲ အဲ..
နောက်နေ့ကစပြီး..
၎ပေ ဂ လက်မလောက်ပဲရှိတဲ့ မော်ရည်ကျော်ကို
လူကပုပု ထိုင်ခုံခုလည်း
သုံးပေ မကျော် မော်ရည်ကျော် တို့
မျက်လုံးပြူးပြူးနဲ့လမ်းသလားနေတတ်တဲ့ တင်မိုးခိုင်အတွက်
လက်ကားခြေကား ဟိုဒီသွားသည်
မျက်လုံးပြူးပြူး မျက်နှာရူးတို့
နောက် အခု PHD ဘွဲ့ယူဖို့ဂျပန်မှာကျောင်းတက်နေတဲ့ သင်းသင်းထွဋ်အတွက်
်(သူက မီးရထားရုံပိုင်ကြီးရဲ့သမီးပါ)
ရုံပိုင်သမီးခေါင်းတွဲစီးလည်း
ဒီနှစ်ဂါတ်ဗိုလ် လူလိုနေတယ်
အလံပြပေး ၂ကျပ်ပေးမယ်..ဆိုတာမျိုး....
စသဖြင့်တွေ..ပလူပျံအောင်ထွက်လာပါတော့တယ်..။
အဲ...ဦးဆောင်သူကတော့ ကိုဖိုးညောင်ကြီးပါ..။
ညောင်ကျိုးသား ဂေါ်မစွံကြီး..ပေါ့
သူက ကာလီဖိုးနီးယားရောက် ကဗျာဆရာကိုလံဘတ်နဲ့ တစ်ခန်းထဲနေခဲ့သူဆိုတော့
ဘယ်ခေလိမ့်မလည်း...
အိန္ဒြာကို ဦးတည်ပြီးရေးလိုက်ဖွဲ့လိုက်တဲ့ ကဗျာတွေ......ကဗျာတွေ...
ပြောင်မြောက်ပေ့ဆိုတဲ့ စကားလုံးတွေနဲ့...လေ
ဘာတွေရေးလဲ ဆိုတာတော့ကာ....
ဟင်း..ဟင်း.......
ပြောမပြဘူး...။ ။

အိန္ဒြာ(၁၄.၆.၂၀၀၉)

###########################################################

မှတ်ချက်..။ ။ တော်တော်များများက ရေးပြီးနေကြပြီဆိုတော့
မတွေ့ချင်သူ ငါးဦးစလုံးနှင့် တွေ့ချင်သူထဲက ကိုမင်းသုခ ကို ဆက် Tag ပါတယ်.။

(ဒီပိုစ့်ကိုရေးဖြစ်အောင် သတိတရ Tag စာရင်းထဲထည့်ပေးတဲ့ဆရာလင်းဦး(စိတ်ပညာ)ကို ကျေးဇူးတင်ပါတယ်..။
ရေးရင်းရပ်မရပဲ စိတ်ကူးပေါက်လာလို့ နည်းနည်းရှည်သွားပါတယ်..။
ဖတ်ပြီးပြုံးပြန်သွားရင်ပဲ ရေးရကျိုးနပ်ပါပြီ..။)

(ပြာဖို့တစ်ခုကျန်သွားပါတယ်..အိန္ဒြာက အမြင်မတော်ရင် ကဗျာကောက်ရေးပစ်တတ်တယ်ဆိုတာပါ..။)

June 11, 2009

သူမ ကောင်းကင်ယံထဲက ကျွန်တော့်ဆွံ့အ ကြယ်(၃)

(၇)

တကယ်ပါ
နင့် သံသရာအထိ အနှောက်အယှက်ဖြစ်နေမလား..
ငါ့ ဆုတောင်းကိုယ် ငါ ရွေးချယ်မှောင်မိုက်ပေါ့...၊
--------------------------------------------------

အမေ့ရင်ခွင်ထဲကို အပြေးအလွှားသွေးရူးသွေးတမ်း တိုးဝင်ပုန်းကွယ်နေမိတော့
အမေက အသံမထွက်အောင်ကြိတ်ရှိုက်ရင်း ကျွန်တော့်ဆံပင်တွေကို တဖွဖွ ပွတ်သပ်ပေးနေခဲ့တယ်..။
ဖြစ်ရလေ..၊ ဖြစ်မှဖြစ်ရလေ..သားလေးရယ်တဲ့..။
အမေက ကျွန်တော့် မျက်ဝန်းတွေကို မကြည့်ရဲသလို မျက်နှာလွဲနေခဲ့ရှာတယ်..။
လှဖုန်း အမေက နင့်အတွက် သူ ဘယ်လောက် ၀မ်းနည်းကြေကွဲနေရကြောင်း ငါ့ကို ပြောမပြဘူးသိလား..။
နင့်အတွက် ငါ ဘယ်လိုဝမ်းနည်းကြေကွဲနေမလည်းဆိုတာလည်း ငါ့ကို မမေးဘူး သိလား..။
အမေ က ဘာမှ မပြောနိုင်လောက်အောင်ကို ကြောင်အ တိတ်ဆိတ်နေခဲ့တာ..ပါ။
အမေ က ငါ့ကို ကျောခိုင်းပြီး ငါ နင့်ဆီလာဖို့ အတွက် ငြိမ်ငြိမ်လေး ထုတ်ပိုးပေးနေခဲ့တယ်..။
အမေ ကျွန်တော်လေ.....
အမေ့ ကျွန်တော်လေ....။
ဒါဟာ တကယ်မဟုတ်ဘူးမဟုတ်လား..။ ဒါမှ မဟုတ် ဒါဟာ အိမ်မက်တစ်ခုဆိုရင် ။
ဒါဟာ အိမ်မက်တစ်ခုဆိုရင်တောင် ငါဟ ချင်ချင်း မျက်နှာထ သစ်ပြီး
တစ်ဘ၀လုံးပြန်မအိပ်တော့ပဲ ငုတ်တုတ်ထိုင်နေပစ်လိုက်မှာပါ လှဖုန်းရယ်..။
ညက ဆိုးဆိုးဝါးဝါးကို မိုက်မှောင်နေခဲ့ပြီ..။ ငါဘယ်လိုမိုးသောက်လိုက်ရပါ့ ..။
နင်ဟာ ဇာတ်မနာနာ နာအောင်ဖွဲ့နွဲ့ထားတဲ့ ပြဇာတ်တစ်ပုဒ် လို အားလုံးကို မျက်ရည်နဲ့ အနိုင်ပိုင်းထားခဲ့တာလား..။
အနက်ရောင်မျက်မျန်တစ်လက်ကို အမေက ကျွန်တော့်လက်ထဲ ထည့်လိုက်တော့
ကျွန်တော် ဆောက်တည်ရာမဲ့အောင် ရူးသွပ်သွားတော့တယ်..။
ကျွန်တော့်မှာ ပင်ပမ်းဆင်းရဲလိုက်ရတာ…။ ကျွန်တော့်မှာ ဟန်ဆောင်ထိမ်းချုပ်လိုက်ရတာ..။
တကယ်တော့ ကျွန်တော်ဟာ ဘယ်လောက်များ ရယ်မော လှောင်ပြောင်ချင်စရာ ကောင်းနေခဲ့ပါလိမ့်..။
ဘယ်လောက်များ ကရုဏာသက် စရာကောင်းနေတာပါလိမ့်..။
သိလား..လှဖုန်း..။
ငါဘယ်လိုမှ ဟန်ဆောင်ထိမ်းချုပ်နိုင်စွမ်းမရှိတော့ဘူး..။
ငါ အစူးရှဆုံး အော်ဟစ်မြည်တမ်းချင်လာတယ်..။
ငါ အပူလောင်ဆုံး ပေါက်ကွဲလွင့်စင်ထွက်သွားတယ်..။
ငါ အလှိုက်လှဲဆုံး နာကျင် ငိုကြွေးနေမိတယ်..။ အမေက ငါ့ကို တုန်တုန်ယင်ယင်နဲ့ ဖေးမပြီး ငါနဲ့အတူ ငိုကြွေးလို့..။
ကျွန်တော်လေ..။
အမေပေးလိုက်တဲ့ မျက်မှန်အနက်တစ်လက်ရယ်..။
လှဖုန်းကို တစ်ခါမှ ပေးမဖတ်ခဲ့တဲ့ လှဖုန်းအတွက်လို့ရည်ရွယ်ထားတဲ့ ကဗျာတစ်ပုဒ်ရယ်၊ ..
တစ်စစီစုတ်ပြတ်သွားတဲ့ အပိုင်းအစတွေကို ကောက်ဆက်ထားလိုက်ရတဲ့ နှလုံးသားတစ်ခုရယ်နဲ့
ကျွန်တော်လိုက်သွားချင်ပေမယ့် မျိုသိပ် ချုပ်တည်းထားခဲ့ရတဲ့ တို့ မြို့ကလေးဆီကို ….
ငါ အပူတပြင်းလှော်ခတ်လာခဲ့ပြီ လှဖုန်းကြွ.ယ်...............................။



(၈)
ငါ့ရူးသွပ်မှုတွေ နင်မောင်းနှင်ခဲ့တာ
ငါ့နက်ရှိုင်းမှုတွေ မိုးလိုရွာမပြနိုင်ပေမယ့်..........
-----------------------------------------------------

နည်းနည်း မဲ့ယောင်ယောင်လေးရှိတဲ့ လှဖုန်းညာဖက်ပါးပြင်က ပါးခွက်လေးရှိမယ့်နေရာကို
မှန်းပြီးလက်ညှိုးနဲ့ ထောက်ကြည့်လိုက်ချင်တယ်..။
ဆေးဆွဲမထားတော့တဲ့ မျက်ခုံးပါးပါးပေါ်က ဆံယဉ်ညိုနုနုလေးတွေကို သပ်တင်ပေးလိုက်ချင်တယ်..။
အိပ်စက်နေသလို ဖွဖွလေးမှိတ်ထားတဲ့ မျက်ဝန်းလေးကို ခဏလေး ဖြစ်ဖြစ် ဖွင့်ခိုင်းလိုက်ချင်တယ်..။
နှာခေါင်းဝမှာရှိတဲ့ ဂွမ်းစဖြူဖြူလေးနှစ်စကို ဆွဲထုတ်ပေး လိုက်ချင်တယ်..။
အမြဲမပြတ်လှုပ်ရှားနေခဲ့တဲ့ လှဖုန်းရဲ့ လက်ချောင်း ရှည်နွဲ့နွဲ့လေး တွေကို ရော ကျွန်တော်တွေ့ခွင့်မရတော့ဘူးလားဟင်..။
ပိန်သွားလိုက်တာ လှဖုန်းရယ်..။ နင်ဘယ်လောက်တောင်များ ဝေဒနာတွေကို ခံစားအံတုခဲ့ရလဲ..။
ပရုတ်လုံးမလေးရယ်..။
ဒါနောက်ဆုံးအချိန်တဲ့..။ ဒီဘ၀မှာ နင့်မျက်နှာလေးကိုတွေ့နိုင်ခွင့်ဟာ ဒါနောက်ဆုံးတဲ့..။
သိလားလှဖုန်း..၊ ငါ အခုနင့်ဘေးနားမှာရောက်နေတယ်..၊
ငါ့မှာလေ.. နင့်ကို တစ်ခါမှ ပေးမဖတ်ဖြစ်ခဲ့တဲ့ ကဗျာရှည်ကြီးတစ်ပုဒ်လည်းပါလာခဲ့တယ်..။
ငါရင်ထဲက ငါ နှစ်ရှည်များ ကြိတ်မှိတ်မျိုသိပ်ထားခဲ့ရတဲ့..၊ ငါနင့်ကို အရမ်းပြောပြချင်ခဲ့တဲ့ စကားလုံးတွေလေ..။
ငါ အခုဘယ်လောက်အထိ မချိမဆန့်ခံစားနေရမှန်းနင်သိလား..။
ငါလေ..။ငါ..။ နင့်ရှေ့မှာ ဒီကဗျာလေးကို ရွတ်ပြချင်လိုက်တာ..။
ငါ့ကိုယ်ခွင့်ပေးပါလားလှဖုန်းရယ်..။ ငါ့ ကိုယ် ဒီအခွင့်အရေးလေးတစ်ခုတော့ ပေးပါနော်..။
ငါ့.. အတွက်..
ငါ့ တစ်သက်လုံးအတွက်...
ကြေကွဲခြင်းတွေနဲ့ အသက်ဝင်နေပြီး..၊ ကြေကွဲခြင်းကိုပဲ အသက်သွင်းပေးနေတဲ့ အလောင်မြိုက်ဆုံးအချိန်ကာလပါ..။
ဆောင်းဦးပေါက်က သူ့သဘ၀ကိုသူ ချုပ်တည်းငြိမ်သက်နေခြင်းနဲ့ကြေကွဲတယ်..။
မဟော်ဂနီပင်ကြီးက သူ့အရွက်တွေကို တသဲ့သဲ့ ဖဲ့ချွေပြရင်းနဲ့ကြေကွဲတယ်..။
လေပြည်ရူးရူးက ဆောက်တည်ရာမဲ့ ယောက်ရက်ခတ်ပြရင်းနဲ့ ကြေကွဲတယ်..။
မေးကြေီးထောင်ထ ၊ မျက်လုံတွေနီရဲပြီး တက်တစ်ခေါက်ခေါက် အံတကြိတ်ကြိတ်နဲ လှဖုန်းရဲ့ဖေဖေက ကြေကွဲတယ်..။
မကြာခဏသတိလစ် လူးလှိမ့်အော်ဟစ်ရှိုက်ငင်နေခြင်းနဲ့ လှဖုန်းမေမေက ကြွေကွဲတယ်..။
လှဖုန်းကြီးကြီးကရော..၊ လှဖုန်းမောင်လေးတွေ..၊ လှဖုန်းသူငယ်ချင်းတွေ..
အို အားလုံး နင့်အတွက် ကြေကွဲဝမ်းနည်းနေကြတယ် လှဖုန်းရယ်..။
စုတ်ဖွားနွမ်းရော်နေတဲ့ ကိုယ်နေဟန်ထားနဲ့ ကျွန်တော့်လိုပဲ မျက်မှန်အနက်တစ်လက်ကို တပ်ပြီး..၊
သူနဲ့လှဖုန်းနှစ်ယောက်တည်းရှိနေကြသလို လှဖုန်း ရဲ့မျက်နှာကို တစ်ရံမလပ်ငေးကြည့်နေတဲ့ ..၊
တစ်ခါတစ်လေ တစ်စုံတစ်ရာတွေတဖွဖွပြောနေတယ်လို့ထင်ရတဲ့.. အမျိုးသားလေးဟာ.. ။
အို သူဟာ လှဖုန်းရဲ့ချစ်သူ ကောင်လေး ပဲဖြစ်မှာပါ..။
သူ ဆောက်တည်ရာမဲ့ ကြေကွဲနေလိုက်တာ လှဖုန်းရယ်..။
သူ့ရဲ့ ညှိုးလျအုံးဆိုင်းလွန်းနေတဲ့ မျက်နှာဟာ သူဘယ်လောက်အထိဆုံးရှုံးကြေကွဲခံစားနေရသလဲဆိုတာ မြင်သာနေလိုက်တာ..။
အားလုံးက သူ့ကို စာနာ နားလည်နေကြလို့..။ဒီပွဲမှာလည်းသူကဇာတ်လိုက်ပဲ လှဖုန်းရဲ့..။
ဒါပေမယ့်ဒီပြကွက်က ငါတောင်လုံးလုံးမကြည့်ရက်လောက်အောင်ရက်စက်ခါးသီးလွန်းနေတယ်..။
ကျွန်တော် လှဖုန်းဘေးနားမှာရပ်လိုက်တော့ သူနဲ့ ကျွန်တော်ရဲ့ ကြားမှာ လှဖုန်းတစ်ကိုယ်စာခြားလိုက်လို့..။
ကျွန်တော့်ကို စေ့စေ့ စပ်စပ် မော့်ကြည့်လိုက်တယ်.. ခင်ဗျား အုတ်ဖိုက လှဖုန်းတို့ ငှားနေတဲ့အိမ်ကလူမဟုတ်လား..။
ခင်ဗျားလှဖုန်းကို တစ်ဖက်သတ်ချစ်နေတဲ့ ကဗျာဆရာ မဟုတ်လား..။
အခု ခင်ဗျား ကျွန်တော့်လှဖုန်းကို ဘာတွေလာပြောမလို့လဲ..။
လှဖုန်းလေးနားယောင်သွားအောင်ဘာတွေဖျောင်းဖျသိမ်းသွင်းမလို့လဲ..။
သွားပါဗျာ ခင်ဗျားသွား ပါတော့ ကျွန်တော့် ချစ်သူနဲ့ကျွန်တော် နှစ်ယောက်တည်းနေပါရစေ။
ကျွန်တော်လှဖုန်းကို မှာချင်တာတွေမှာနေပါရစေ..။
မဟုတ်ပါဘူး ငါ့ညီရယ်..။ ကိုယ့်ကိုလေ.. ကိုယ့်ကို ဒီတစ်ခုလေးပဲ..၊ ကိုယ်အဝေးကြီးက လာခဲ့ရတာပါ..၊
ကိုယ်လည်း မင်းနဲ့ထပ်တူ မကျတောင် မင်း လောက်နီးနီးခံစာနေရတဲ့ကောင်ပါ..။
ကိုယ်လေ.. ကိုယ် လှဖုန်းကို ကဗျာလေးတစ်ပုဒ်ရွတ်ပြချင်နေတာ..။
မျက်ဝန်းနှစ်စုံဟာ မှန်အနက်တွေနဲ့အလုံပိတ်ထားတဲ့အခန်းကျဉ်းလေးထဲမှာ ရင်ဆိုင်ပိတ်လှောင်မိလိုက်သလိုပဲ..။
မျက်လုံးနှစ်စုံရင်ဆိုင်မိလိုက်ကြတဲ့ အချိန်မှာ..
စကားလုံးတွေ .၀ရုန်းသုန်းကားထွက်ကျလာလိုက်သလိုပါပဲ....။
စူးစူးရိုင်းရိုင်းစေ့စေ့ဆိုင်လိုက်ကြတဲ့ အကြည့်ခဏဟာ ကြောက်မက်ကြေကွဲစရာပေါ့..။
မျက်လွှာကို အရင်ချလိုက်ရအောင်ကျွန်တော့်မှာ အပြစ်ရှိနေလို့လား..။
ကျွန်တော်ရော မကြေကွဲရဘူးလား..။ ကျွန်တော့်မှာရော ရင်နာကြေကွဲခွင့် ၊
ပူဆွေးလောင်မြိုက်ခွင့်တွေ မရှိရတော့ဘူးတဲ့လား..။
လှဖုန်း ငါ့မှာ နင့်အတွက်ဘာမှမရှိရတော့ဘူးလား..ဟင် ။
ကျွန်တော် လှဖုန်းနဘေးက ပြေးထွက်လာခဲ့မိတယ်..။
ကျွန်တော့်တစ်ကိုယ်လုံးပျော့ဖတ်နွမ်းနယ်နေလိုက်တာ..။
တဖျောက်ဖျောက်ကျလာတဲ့ မိုးကြွင်း တွေအောက်မှာ ဒူးထောက်ထိုင်ချလိုက်မိတယ်..။
လှဖုန်း .....
နင်ကတော့ ငါ့ကို နားလည်ပေးနိုင်မယ်မဟုတ်လား..
နင်ငါ့ကို ဒီအခွင့်အရေးလေးတော့ ပေးနိုင်တယ် မဟုတ်လား..
နင်အသိအမှတ်ပြုပေးပါနော်...
ဒီတစ်ခါ လေးတော့လေ......................။

(၉)
ငါ့ဘက်က ပြိုကျသွားလေသမျှ...
နင့် ဘက်မှာ သောင်ထွန်းပါစေသား...။ ။
-------------------------------------------------------

ဒီလောက်နာကျင်ပင်ပမ်းစရာ၊ အဆုတ်လိုက်အခဲလိုက်ငိုညည်းသံတွေဟာ..
နှစ်ဆယ့်လေးနှစ်အရွယ် မိန်းမငယ်လေးအတွက် သိပ်ကိုရိုင်း စိုင်းစူး ရှလွန်းနေမယ်..။
ဒီလို ငိုညည်းတမ်းတသံတွေကြားမျာ လှဖုန်းလေး ပူပြင်းလောက်မြုက်နေရှာမလား..။
ရပ်လိုက်ကြပါတော့..။ လှဖုန်းကို အေးချမ်း ဆိတ်ငြိမ်မှုတွေ ပေး လိုက်ကြပါတော့..။
တဖျပ်ဖျပ်ပြန်သွားကြတဲ့ခြေသံတွေ..
လူတွေအားလုံးပြန်သွားကြရင်..
လှဖုန်းအုတ်ဂူလေးပိတ်လို့ မပြီးခင်
ကျွန်တော် လှဖုန်းကို ကဗျာရွတ်ပြရမှာလေ.။
နင် သက်ရှိထင်ရှားရှိစဉ်တုန်းက နင့် အရိပ်အငွေ့မှန်သမျှကို စုထုတ်သိမ်းဆည်းပြီး
တလေးတပြည့်ခံစားဖွဲ့တည်နေတဲ့ လူတစ်ယောက် ရှိနေသေး တယ်ဆိုတာကိုပြောပြမယ်..။
နင့်ပျော်ရွှင်မှုတွေကိုစောင့်ကြည့်ပြီး နင့်အတွက်အနှောက်အယှက်ဖြစ်မယ်ထင်တာတွေအားလုံးကို
သိမ်းဝှက်ကြေကွဲနေခဲ့ရတဲ့ လူတစ်ယောက် အကြောင်း ပြောပြမယ်။
ကျွန်တော့် တစ်ဘ၀လုံးသိုသိပ်ပိတ်လှောင်ထားခဲ့ရတဲ့ စကားစုတွေ..........။
ကျွန်တော့်နှလုံးသားရဲ့ အနာတရညည်းညူသံတွေ...။
ကျွန်တော့်ရင်နဲ့ရင်းလိုက်ရတဲ့ကျွန်တော့်အရက်စက်ဆုံးအတွေ့အကြုံအတွက်
ကျွန်တော် ဒီအခွင့်အရေးလောက်လေးတော့ရချင်လိုက်တာ..။
ကြည့်ပါဦး ၊ ချစ်သူကောင်မလေးရဲ့ အုတ်ဂူကို သူပါဝင်ပြီးအချောသပ်ပေးနေတဲ့ ချစ်သူကောင်လေးရဲ့
နှုတ်ဖျားမှာ ဘာတွေများ တတွတ်တွတ် ရွတ်ဆို နေမှာလဲ..၊
ဘယ်သူမှခေါ်လို့မရတဲ့အဆုံး..၊ နင့်ချစ်သူကောင်လေးက နင့်ဘေးနားမှာကျန်ရစ်ခဲ့တယ် လှဖုန်း..။
ငါကတော့ မလှမ်းမကမ်းက သစ်ပင်ကြီး တစ်ပင်ရဲ့ အကွယ်မှာပေါ့..။
ပတ်ဝန်းကျင်က တိုးဆိတ်ငြိမ်သက်သွားတယ်..
ကျွန်တော် ပိုပြီးကြေကွဲချောက်ခြားလာတယ်..
ကျွန်တော် ပိုပြီးတုန်လှုပ်ဝမ်းနည်းလာတယ်..
ညို့ရီလာတဲ့ဆည်းဆာဆန်ဆန်နေရောင် ဟာဆောက်တည်ရာမဲ့သွားစေသလိုပဲ..၊
အို...အိပ်တန်းပြန်လာကြတဲ့ ငှက်တွေတောင်ကျွန်တော့်ကို အထိပ်တလန့် မြည်တမ်း ပျံသန်းလို့..
အုတ်ဂူလေးပိတ်လို့ပြီးတော့မယ်..
လှဖုန်းကို အပြီးတိုင် ပိတ်လှောင်သိမ်းဆည်းကြတော့မယ်..
လှဖုန်း..
လှဖုန်း..၊ လှဖုန်းရေ...
နင့်ကောင်လေး မပြန်သေးပါလား...လှဖုန်းရယ်..
ငါ ........... ငါ ........
နင့်ကို ကဗျာရွတ်ပြချင်လို့ပါ..
ကျွန်တော့်ရင်ပြင်တစ်ခုလုံး အပြင်းပြဆုံး ပူ လောင် တင်း ကြပ် လာ လိုက် တာ..
ကျွန်တော်နေရာကနေ တ ဟုန် ထိုး ထွက် ပြေး ချင် လိုက် တာ.....
ကျွန်တော် အသံကုန်ခြစ်ပြီး အော်ဟစ်ငိုကြွေးပစ် ချင် လိုက် တာ........
ကျွန်တော်........၊ ကျွန်တော်လေ….....
ဖျတ်ကနဲပုခုန်းပေါ်ကျလာတဲ့ လက်တစ်ဘက်ကြောင့် ကျွန်တော်ဆတ်ကနဲတုန်ယင်သွားခဲ့တယ်..
ကမ်းပေးလာတဲ့ညလက်ကို ငါ အယောင်ယောင်အကမ်းကမ်းဆွဲရမ်းနှုတ်ဆက်နေမိတယ်..
ပါးပြင်ပေါ်မှာစီးကျနေတဲ့ မျက်ရည်တွေကို သုတ်ပစ်ဖို့မလိုတော့သလို...
ယောက်ျားနှစ်ယောက်ရဲ့ကြေကွဲတကြီးပင့်သက်တွေနဲ့ ပတ်ဝန်းကျင်က အသက်ပြန်ဝင်လာသလို..
ဗြုန်းကနဲ တစ်ယောက်စိတ်ထဲတစ်ယောက်..နီးနီးကပ်ကပ်ကြီး..ရောက်ရှိသွားကြသလို....
နင့်ကောင်လေး..မျက်မှန်အနက်ကို ဆွဲချွတ်ပစ်လိုက်တဲ့ အချိန်မှာ..
ငါလည်း...ငါ့မျက်မှန်ရှိရာကို လက်လှမ်းလိုက်မိတယ်.....လှဖုန်းကြွယ်..။


(ပြီးပါပြီ။)

စိတ်ရှည်လက်ရှည်စောင့်ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်လျှက်
အိန္ဒြာ
( ၂၅.၆.၁၉၉၈)

June 10, 2009

သူမ ကောင်းကင်ယံထဲက ကျွန်တော့်ဆွံ့အ ကြယ်(၂)

ဆားချက်တယ်ပဲပြောကြပါတော့..။
အိန္ဒြာ့blogကပျင်းရိစရာကောင်းလောက်တဲ့ လေးလေးကန်ကန်ကဗျာတွေနဲ့ချည်းစီးဆင်းနေခဲ့တာကြာလာတော့

၁၉၉၈ ခုနှစ်လောက်ကရေးဖြစ်တဲ့
အချစ်ဝတ္ထုလေးတစ်ပုဒ်ကို ရှာဖွေပြီးတင်ပေးလိုက်ပါတယ်..။

ကဗျာကတော့မှတ်မိကြမလား.. " ကြယ်အတေး" ပါ..။
ဝတ္ထုကိုအရင်ရေးထားတာဖြစ်ပြီး..
ကဗျာနဲ့က နောက်မှရောသမမွှေထားတာပါ..။ ၀တ္ထုကနည်းနည်းလေးရှည်တော့ သုံးပိုင်ခွဲပြီးတင်လိုက်ပါတယ်..။
ဒီဟာက အပိုင်း(၂)ပေါ့..။
စိတ်ရှည်လက်ရှည် ဖတ်ပေးကြမယ်ဆိုရင်တော့ ကျေးဇူးဥပကာရတင်ရှိရမှာပါပဲ..

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သူမ ကောင်းကင်ယံထဲက ကျွန်တော့်ဆွံ့အ ကြယ်


(၄)
ငါ့ကို ချိုးဖဲ့ဖူးပွင့်ပါ
ငါ့ကို ဆုတ်ဖြဲသစ်လွင်ပါ

ငါ့ကို ခပ်ယူချမ်းမြေ့ပါ...
-----------------------------------------------------------
လှဖုန်းလေးက ကျွန်တော်တို့အိမ်ဘေးခန်းကို သုံးနှစ်နီးပါး အငှားရောက်လာပြီး၊
ပြန်ပြောင်းသွားတဲ့ ကောင်မလေး တစ်ယောက်ပေါ့...။
ကျွန်တော့်ရှင်သန်နေထိုင်ခြင်းရဲ့ အဓိပ္ပယ်အတော်များများကို
ပေါ့ပေါ့ပါးပါးလေး ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ ကလေးမလေးလည်းဖြစ်သေးရဲ့လေ.....။
ကဗျာဆရာဆိုတာ ဖန်ဆင်းရှင်တစ်ပါးက စွမ်းအင်သစ်နဲ့
သီးသန့် ဖန်တီးထားတဲ့ လူအဆင်ကွဲတစ်မျိုးလို တအံ့တသြ နှစ်လို ငေးမောနေတတ်သလို ၊
အရူးတစ်ယောက်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေသလိုမျိုးလည်း စိတ်ဝင်တစားရှိနေတတ်တယ်..။
ကျွန်တော့် ကဗျာမှန်သမျှကို ယူယူဖတ် ယောင်နနလေးပြန်ပြန်ပေးတတ်ပြီး..၊
ကျွန်တော် ဂစ်တာတီးရင်တော့ ပြာညက်ညက်လေး လိုက်လိုက် ညည်း တတ်တယ်...။
ကျွန်တော်မြင်သာအောင်ကဗျာ တိုတိုစစလေးတွေရေးတတ်ပြီး ကျွန်တော် တောင်းဖတ်ရင် ရှက်ရှက်နေတတ်တယ်....။
သူ့ လက်ချောင်းပိန်သွယ်သွယ်လေးတွေဟာ ကျွန်တော်က သိပ်အနုပညာဆန်တာပဲလို့ စွဲစွဲလမ်းလမ်း ငေးကြည့်ရပေမယ့်
သူ့အနေကတော့ ကျွမ်းကျင် ပိုင်နိုင်ပြီးသားအလုပ်တစ်ခုကို လုပ်ရိုးလုပ်စဉ် အသိမှတ်မဲ့ လုပ်နေသလိုမျိုး
ကော့လိုက် ညွှတ်လိုက် ကွေးလိုက် ၀ိုက်လိုက်နဲ့ သိုးမွှေးထိုး ဆီလွန်ထိုး တက်တင်း ဆိုတာထိုးရင်း အမြဲလို သက်ဝင်လှုပ်ရှားနေတတ်တယ်..။
သူလေးက က ဗေဒင်ခဏခဏမေးပြီး ၊ ယတြာမကြာမကြာလည်းချေတတ်သေးတယ်...။
သူ့ ညာဖက် ပါးပြင်ပေါ်မှာ နက်ရှိုင်းပြီးရှည်မျောတဲ့ ပါးခွက် ချိုချိုလေးတစ်ခုနဲ့ ၊
သူပြုံးလိုက်ရင် မျက်နှာတစ်ခြမ်းရွဲ့ သွားသလိုလေးရှိပေမယ့် ချစ်ဖို့ အရမ်းကောင်းတယ်...။
ဖြူဖျော့သွယ်နွဲ့လွန်းပြီး ဘာမှ မလူးထားရင်တောင်မျက်ခုံးမွှေးကတော့ ကောက်ဆွဲထားတတ်တယ်။
မိုးဖျောက်ဖျောက်ရွာတာနဲ့ အနွေးထည်ကောက်ဝတ်ထားတတ်ပြီး...၊
ညနေပိုင်းရေချိုးတာနဲ့ ဖျားတတ်တယ်...။ ပရုပ်လုံးလေး ၊ ပရုပ်လုံးမလေးလို့ ကျွန်တော်ကခေါ်ရင်
နင်က ငါ့ ကို လုံးပါးပါးမယ်လို့ ပြောတာပေါ့လေ.လို့ မျက်လုံးလေးပြူးပြီး ရန်ထောင်တော့
ကျွန်တော် ..၊
ကျွန်တော် လေ..။
မဟုတ်ဘူး လှဖုန်းရဲ့ ငါ က အဲဒီ့လိုလေးခေါ်ချင်နေခဲ့တာ.....။
သက်တူရွယ်တူတွေမို့ ချက်ချင်းလိုလို ငယ်ပေါင်းကြီးဖော်တွေလို ခင်မင်ရင်းနှီးသွားခဲ့ကြတာ၊
ထမင်းစားရင်တောင် အခန်းကူးပြီး အတူတူစားခဲ့ကြပြီး
တစ်ယောက်ကြိုက်တတ်တာကို တစ်ယောက်ကကြုံရာအရပ်က သတိတရ ၀ယ်ဝယ် လာတတ်တာ..။
ကျွန်တော့် စက်ဘီးကယ်ရီယာမှာ သူကိုပေါ့ပေါ့လေးက ပါပါလာတတ်ပြီး
ကျွန်တော်ဖတ်သမျှစာအုပ်တွေ လိုက်လိုက်ဖတ်ချင်နေခဲ့တာ..။
အားလုံးက ဘာလိုလို စတတ်နောက်တတ်ကြပြီး
ကျွန်တော်က ၊
ဟုတ်ပါတယ်လေ...၊ ကျွန်တော်ကပါပဲ........။ ယောရောင်ကြည်နူးပျော်ရွှင်နေခဲ့တာ..။
တီဗီကြည့်ရင်း ၊ ဗွီဒီယိုကြည့်ရင်းမဟုတ်ဘဲ၊ ကက်ဆက်ရေဒီယိုနားထောင်နေရင်း..၊
စကားစမြည်ပြောရင်း ရယ်ရင်းမောရင်း ဒေါသထွက်ရင်းက မဟုတ်ဘဲ၊
ယုတ်စွအဆုံး...ကျွန်တော်ဂစ်တာတီးရင်တောင် သီချင်းလိုက်ညည်းရင်းမဟုတ်ဘဲ.............၊
သူမရဲ့ ကိုယ်စိတ်နှစ်ပါးစလုံးတိတိပပ ပျော်ဝင်တောက်စားလို့နေမယ့်...၊
သူ့လက်ချောင်းလေးတွေကို အနုပညာအဆန်ဆုံး ညွှတ်ပျောင်းကခုန် နေကြမယ့်၊
ကျွန်တော့အတွက်ရယ်လို့ လှဖုန်းလေးက ရည်ရွယ်လိုက်မယ့်
နူးညံ့နွေးထွေးနေမယ့်ဆွယ်တာအင်္ကျီလေးတစ်ထည်လောက် ရှိခဲ့ရင်ဆိုတဲ့
ခံစားချက်ကစတင်ခဲ့လိမ့်မယ်...။
အဲဒီ့ ဆောင်းဦးပေါက်ဟာ ရင်ခုန်တိမ်းပွေချင်စရာကောင်းလောက်အောင် အေးမြဆွတ်ပျံ့နေခဲ့တယ်...။
ဖုံဖုံဖွဲဖွဲ အုံလင်းနေတဲ့ နှင်းမှုန်လဲ့လဲ့အောက် မှာ လှဖုန်းက ပိုလှနေလိုက်တာ…။
ကျွန်တော်ကတော့ ကျွန်တော့်ရင်ခုန်သံရဲ့ ဆန်းပြားလော်လည်လာမှုကို
လှဖုန်း ကြားသွားလေမှာ ရှက်ရွံ့စိုးထိတ်လို့…။

(၅)
ငါ့ကိုယ်ငါ ကျစ်ခဲထားလေသမျှ
ဘယ်သူ့ကို ဝေမျှကြေကွဲရမလဲ

ပွဲမစခင်ကတည်းက ခြေခေါက်ချော်လဲနှင့်ပြီးသား

ဘယ်လောက်ဆိုးဝါးထားသလဲကွယ်.....။
------------------------------------------------------------------

အဲဒီ့နေ့က လှဖုန်းကို လှလိုက်တာလို့ ကျွန်တော် လွှတ်ကနဲပြောထွက်သွားတဲ့နေ့ပေါ့...။
အေး ငါမုန့်ဝယ်ကျွေးမယ်..၊ အထိမ်း အမှတ်တစ်ခု လည်းရှိတယ် ဈေးကြီးထဲလိုက်ပို့တဲ့ ။
စက်ဘီးကယ်ရီယာပေါ်မှာ လှဖုန်းနဲ့ အတူတူပါလာတဲ့ လှဖုန်းကိုယ်သင်းနံ့လေးက
အဲဒီ့နေ့ကျမှ ကျွန်တော့်ရင်ခုန်သံတွေကို ကတိမ်းကပါးတွေ ပိုဖြစ်နေစေခဲ့တာ..။
တစ်ကိုယ်လုံးလည်း ရီဝေလွင့်မျောနေသလိုလို ၊တုန်လှုပ်တင်းကြပ်နေသလိုလို..။
လှဖုန်းရယ် ငါ ဖွင့်ပြောပြမှ ဖြစ်တော့မယ်ထင်ရဲ့...။ နင်စိတ်တော့ မဆိုးနဲ့ပေါ့ နော်..ဟာ...။
ငါ့ကို မခေါ်ဘဲတော့ မနေပါနဲ့နော်...။
ငါလေ..။
ငါ ..။
ကျွန်တော်မှာ အတွေးထဲတောင် ရှေ့ဆက်တက်လို့မရအောင် ထုံအ ရှက်ရွံ့ နေလိုက်ရတာ..။
သိလားမောင်မောင် ၊ ငါနင့်ကိုပြောပြစရာရှိတယ်..။ နင့်ကိုပဲ အခင်ဆုံးမလို့ပြောတာနော်..။
ဘယ်သူ့မှ လျောက်မပြောရဘူး ဒါပဲ.....ကတိ ၊ မေကြီး တို့ သိရင်သတ်မှာဟ.. လုံးဝသဘောမတူဘူးတဲ့...။
လှဖုန်းက အသံနွဲ့နွဲ့လေးနဲ့ ကျွန်တော့်ကို ပြောပြနေခဲ့တာ..။
ငါ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့က သူ့ကို အဖြေပေးခဲ့တာ..။
အမယ် သူက သိပ်ချောတာပဲသိလား..၊ နင့်လိုကြီးမဟုတ်ဘူး..။
ဒီနေ့ဆို သူနဲ့ငါချစ်သူဖြစ်တာ တစ်နှစ်ပြည့်လေ..။ အထိမ်းအမှတ်ဆိုတာ အဲဒါပြောတာဟဲ့ ...။
မောင်မောင်ရယ် ငါ တို့မြို့ကို အရမ်း ပြန်ပြောင်းချင်တာပဲသိလား..။
အခု ငါလေ သူ့ကို အထိမ်းအမှတ်လက်ဆောင် ဆွယ်တာချိုင်းပြတ်ကလေးထိုးပေးမလို့..။
ဟဲ့ မိုးပြာရောင်လေးနဲ့ အဖြူလေးနဲ့ တွဲပေးလိုက်ရင်လှမှာနော်..။ သူက အသားဖြူတယ်ဟ..။
မောင်မောင် သူက ဒီကိုလိုက်လာချင်တယ်တဲ့…....။စာကတော့ တစ်ပတ်နှစ်စောင်မှန်မှန်ရေးတာပေါ့..။
အမယ် နင်တို့မသိအောင် ငါ့မှာဖွက်ဖွက်ဖတ်လိုက်ရတာ..။ငါက မေကြီးတို့သိသွားမှာစိုးနေတာ ..၊
စိုးကြည်တို့အိမ်ဖြစ်ဖြစ်သူ့ကို တည်းခိုင်းရင်ရောဟေ...။
အဲသလိုမျိုးတွေ လှဖုန်းက ကျွန်တော့်ကို ပြောပြနေခဲ့...တာ။
အဲဒီ့နေ့ကစပြီး၊ လှဖုန်းကြွယ်က ကျွန်တော့်ကို ပြောပြလာခဲ့တယ်..။
သူတို့ ပျော်ရွှင်ကြတဲ့အခါ..။ သူတို့ ၀မ်းနည်းကြတဲ့အခါ..၊
သူတို့ စိတ်ကောက်ကြတဲ့အခါ..၊ သူတို့ပြန်ပြေလည်ကြတဲ့အခါ..။
သူက သ၀န်တိုတဲ့အခါ...၊ သူ့ကိုသ၀န်တိုတဲ့အခါ..။
ကျွန်တော်ပဲ သိပ်ဟန်ဆောင်ကောင်းနေခဲ့သလား...။ လှဖုန်းဘဲ သိပ်ညံ့နေခဲ့လား..။
ကျွန်တော် က သူတို့ ကိစ္စတွေအတွက်
အတိုင်ပင်ခံ အကျိုးတော်ဆောင်ဖြစ်မှန်းမသိဖြစ်လာခဲ့တာကရော
တော်တော်လေး ၀မ်းနည်းစရာကောင်းနေခဲ့မလား..။
လှဖုန်းရဲ့ ကြည်ကြည်နူးနူးရယ်မောသံဟာ ကျွန်တော့် အတွက်သိပ်ကို
အရေးတကြီးလိုအပ်တဲ့ အရာဖြစ်ကြောင်းတော့ ကျွန်တော် အလန့်တကြားသိလိုက်ရပြီလေ..။
လှဖုန်း ကောင်လေး လိုက်လာတယ်ဆိုတဲ့နေမှာ ကျွန်တော်ဟာ ...
လှဖုန်းရယ် ငါ အဲဒီ့လောက်တော့ သတ္တိဘယ်ရှိနိုင်ပါ့မလည်း...၊
အဲဒီ့လောက်အထိ ငါ့ကိုယ်ငါ ဘယ်ရက်စက်နိုင်ပါ့မလည်း..။
အဲဒီ့နေ့မျိုးမှာတော့ ကျွန်တော်ဟာ အသိုက်ပျောက်နေတဲ့ငှက်တစ်ကောင်လို
ဆောက်တည်ရာမဲ့ လွင့်ချင်ရာလွင့် ပျံသန်းနေခဲ့မိတယ်လေ..။
ဟုတ်တယ်…
ကျွန်တော့် အမေကအစ..၊ အားလုံးရဲ့ မျက်လုံးတွေအောက်မှာ ကျွန်တော်ဟာ တစိမ့်စိမ့် ကျုံလှီသေးငယ်နေရဦးမှာလာ.း.။
လှဖုန်းကြွယ် ငါ...
အဲဒီ့ကတည်းက ခပ်ရိုင်းရိုင်း ရယ်မောတတ်ခဲ့တာ ..။
လှဖုန်းက သူ့ကောင်လေး လိုက်လာတယ်ဆိုတဲ့နေ့ရက်တွေမှာ
ကျွန်တော့် အရှိတရားတွေကိုတောင်မေ့လျော့လောက်အောင် ပျော်ရွှင်မြူးကြွလို့..။
မြို့ဦးစေတီကို အိမ်ကမသိအောင် သွားပြီးတွေ့ရတာဟာ လှဖုန်းအတွက်
ရင်ခုန်လှုပ်ခတ်စရာ အတွေ့ကြုံသစ်တစ်မျိုးလည်းဖြစ်နေဦးမှာဆိုတော့လေ..။
မောင်မောင် တစိမ်းယောက်ျားတွေထဲမှာ နင့်ကို အခင်ဆုံး သူ့ကိုအချစ်ဆုံးတဲ့…။
ဒါ ငါ့ကို နင်ပေးခဲ့တဲ့ ဖြေဆေးပေါ့ဟုတ်လား လှဖုန်းကြွယ်..။
ဗေဒင်မေးလိုက် ယတြာချေလိုက်နဲ့ လှဖုန်းက သူ့ကောင်လေးရှိရာသူတို့မြို့ကိုပြန်ပြောင်းဖို့ ကြိုးစားသမျှကို
ကျွန်တော်က အဖေါ်လိုက်ပေး ရတာက ရယ်စရာများ ကောင်းနေမလား...။
စာမှန်မှန်ရေးနော်..၊ ငါ့ဆီကဗျာတွေလည်းပို့ပေးဦး..။
ငါလည်းစာရေးမှာပေါ့ ဆိုတာ..ကျွန်တော့် လူကြုံကတဆင့်ဖတ်ခွင့်ရလိုက်တဲ့ လှဖုန်းကြွယ်ရဲ့ နှုတ်ဆက် စာလွှာပေါ့..။
ငါက နင် တရွေ့ရွေ့ဝေး သွားမှာကို စိတ်ကူးနဲ့ ပဲ ပုံဖေါ်ကြေကွဲရဲတဲ့ကောင်ပါ ...
ဒီနေ့နဲ့ဆို….....
အို ငါရေတွက်မကြည့်မိပါဘူး...
ဟုတ်တယ်..။
ငါ က ကိုယ့် အနာတရကို ကိုယ် သွေးအေးအေးနဲ့ အကြေးလှန်နေရလောက်အောင်
မမိုက်မဲ မရူးသွပ်ဘူး လှဖုန်းကြွယ်..။

(၆)
ငါ့ဆေးဘက်ဝင်အလွမ်းခါးခါးကြီးတွေနဲ့

နင့်ဘ၀ကို မလေးလံစေဖို့

ငါ့ စဉ်းမျဉ်းနဲ့ ငါ ဘောင်ခတ်ကြပ်ကျဉ်း

ငါ့ သက်ပြင်းနဲ့ငါ ဆင်းရဲတွင်းနက်ခဲ့..။
---------------------------------------------------------------------------
ကျွန်တော့် ကြယ်စင်လေးဟာ ရုတ်တရက် ဦးစိုက်နောက်ပြန်ကြွေကျသွားသလို...။
ကျွန်တော် ခန္တာကိုယ် တစ်ခုလုံးဟာ အဆမတန် တင်းကြပ် ပူလောင်လွန်းတဲ့ ရာဘာပူပေါင်းတစ်လုံး
ဘောင်းကနဲလွင့်စင်ပေါက်ကွဲ ထွက်သွားသလို.လို.။
ကျွန်တော့်အပိုင်းအစတွေကို သွေးရူးသွေးတမ်းနဲ့ ကျွန်တော်ပြန်လည် ဆက်စပ်နေရသလိုလို..။
စိုးကြည်ရဲ့ မျက်နှာဟာ ကြောက်စရာကောင်းလောက်အောင် ဆိုးဝါးရက်စက်နေခဲ့တယ်..။
ဘာကွ..။ ဘာပြောလိုက်တာ မင်း ထပ်ပြောကြည့်လိုက်စမ်း ဟေ့ကောင်..။
အရေးမပါတာ..၊ မဖြစ်နိုင်တာ...။
ဟုတ်တယ်မောင်မောင် ခုလေးတင် ဖုန်းဝင်လာတာ..။
ငါတို့ချက်ချင်းပဲ မင်းကိုလိုက်ရှာနေကြတာ..။
တော်တော့ ဟေ့ကောင် တော်ပါတော့.။ မဟုတ်ဘူး..။ မဟုတ်ရဘူ..။ မဟုတ်ဘူး မလား..။ မဟုတ်ဘူးကွာ..ဘာဖြစ်လဲ..။
လှဖုန်း.. .။ မဟုတ်ပါဘူးနော်။ မဟုတ်ပါနဲ့နော်..။
ခုလေးတင် ငါ့အလွမ်းတွေထဲမှာနင်ရှိနေတာ ထင်ထင်ရှားရှား...
ခုလေးတင် နင့်ကို ငါ ကဗျာရွတ်ပြနေတာ ကြေကြေကွဲကွဲ..
ခုလေးတင် နင် ငါ့ ကိုယ်စိတ်နှစ်ပါးစလုံးကို ပစ်ကျဲဆော့စကားနေခဲ့သေးတာ ရယ်ရယ်မောမော
ခုလေးတင်
ခုလေးတင်ပါ..။
လှဖုန်းပြောပြလိုက်စမ်းပါဟာ..။ခုလေးတင်ပဲလို့..။
ကျွန်တော် ကျွန်တော်များ သိပ်မူးနေခဲ့လား..။
ဝုန်းကနဲ နေရာမတ်တပ်ထရပ်ပြီး..၊
စားပွဲစွန်းကို အားပြုဆုတ်ကိုင်ထားရတဲ့ ၊
တဆတ်ဆတ်တုန်ခါနေတဲ့ ကျွန်တော့် ပုခုန်းစွန်းပေါ်ကို စိုးကြည် လက်ဖ၀ါးတစ်ဖက် ရောက်လာတယ်..။
ငမောင်.......
ငမောင်....... တဲ့
တိုးတိုးလျလျ ဒီတစ်ခွန်းလေးပဲ..။
ဘာဖြစ်လို့ကျွန်တော့်ပုခုန်းစွန်းကို တင်းတင်းကြပ်ကြပ်ဆုတ်ချေလိုက်တာလည်း..။
ဘာလို့ ကျွန်တော်မျက်ဝန်းတွေကို တစူးစိုက်စိုက် စုံစမ်းချင်နေ ကြရတာလဲ..။
ဘာလို့...၊ ဘာဖြစ်လို့ ဘာမှကိုမပြောနိုင်လောက်အောင် ငြိမ်သက်ဆွံ့အနေကြရတာလဲ..။
အို ကျွန်တော် ကိုယ်တိုင်မှ အခွင့်ပေးမထားခဲ့တာပဲ..။
သူတို့ ကျွန်တော့်ကို စကားတွေအများကြီးပြောချင်နေကြမှာ...။
သူတို့ ကျွန်တော်သက်သာစေနိုင်မယ်ထင်တဲ့ စကားလုံးတွေနဲ့ နှစ်သိမ့် ဖျောင်းဖျပေးချင်နေကြမှာ..။
ဟုတ်တယ် လှဖုန်း၊ .ငါကိုယ်တိုင်မှ ခွင့်ပေးမထားခဲ့တာ..။ ငါက ဟန်တွေဆောင်နေခဲ့တဲ့ ကောင်လေ..။
ဘာမှ မဖြစ်လို ထိမ်းချုပ်ကာကွယ် နေခဲ့တဲ့ ကောင် လေ..။
ငါ ဟန်ဆောင်နေတာကို အားလုံးသိမှန်းသိသိကြီးနဲ့ ဆက်ပြီိးအရှက်ပြေ ဟန်ဆောင်နေခဲ့တဲ့ကောင်လေ…။
ဒါဆိုရင် သာမန်သူငယ်ချင်းတစ်ယောက်အတွက် ၀မ်းနည်းကြေကွမှုမျိုးပဲရှိရမှာပေါ့..။
ဖြစ်မှဖြစ်ရလေကွာ..။ မင်းတို့နောက်နေတာတော့မဟုတ်ပါဘူးနော်..။
ဒါဆိုသေချာသွားပြီပေါ့..။ မင်းတို့ကို အမေလွှတ်လိုက်တာမဟုတ်လား..။
အေး ဒီနေရာကို ငါလာတတ်တာ အမေနဲ့လှဖုန်းပဲသိတာ..။
ဟာ သွားမှာပေါ့..။ ငါ ညကားနဲ့ ပဲသွားမယ်..။
ဘာ.. မနက်ဖန်ချမှာ...၊

မ န က် ဖ န် ချ မှာ တဲ့..။


(ဆက်ပါဦးမည်။)
အိန္ဒြာ

June 9, 2009

သူမ ကောင်းကင်ယံထဲက ကျွန်တော့်ဆွံ့အ ကြယ် (၁)

(၁)
ငါဟာ.....
နင့်ကောင်းကင်အစွန်အဖျားက အမှုန်အမွှားကြယ်စင်တစ်စင်းပါ..
ငါ တလဲ့လဲ့ ထွန်းလင်းရွန်းပချင်သလောက်
နင်တဖွဖွ အုံ့ဆိုင်းမှိုင်းရီခဲ့.....။
----------------------------------------

မာယာကော့စကီးက အချစ်ဆိုတာ တိုက်ပွဲအပြီးမှာ ကျန်ရစ်တဲ့
ပိုင်ရှင်မဲ့ ပိုင်ချင်သူမဲ့စစ်သားတစ်ယောက်ရဲ့
သူ့လက်ကျန် နောက်ခြေတစ်ဖက်ကို စောင့်ရှောက်သလိုမျိုး တဲ့ ၊
ဆရာဇော်ဇော်အောင်က အချစ်ဆိုတာ ၀ိုင်းစက်ဆူဖြိုးသော သုည တစ်လုံးသာ တဲ့..။
ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတာ ...........
ကျွန်တော့် အတွက်က အချစ်ဆိုတာ......
တိမ်ဆိုင်တိမ်လိပ်တွေ မည်းအုံ့နေတဲ့ ကောင်းကင်ကိုမှ သီချင်းဆိုပြချင်နေတဲ့ ကြယ်ပွင့်လေးရဲ့ ရှိုက်သံပေါ့...။


(၂)
ငါက ဖြေဆိုခွင့်မရတဲ့ စာပြန်ပွဲမှာမှ
အမှတ်ရာပြည့်ရချင်နေသူလေ..။
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့ကွဲချင်နေတဲ့ အိုးတစ်လုံးလိုမျိုး
ငါ့ ရင်ဘတ်ကို ငါ ရိုသေသိမ်းဆည်းခဲ့......။
------------------------------------------

ကျောက်စိမ်းရောင်ကတ္တီပါစလေးတွေ ကွက်တိကွက်ကြားကပ်ချုပ်ထားသလို နီညိုရောင်၊ရွှံ့ရောင်၊ နီညိုနဲ့ရွှံ့ရောထားထားတဲ့အရောင် လွှသွားပုံ အုတ် စည်းရိုး တစ်ဖက်တစ်ချက်အနားသတ်ထားတဲ့ သဲလမ်းလေးတောင် ကြပ်ခဲဖုံတင်းနေခဲ့ပြီ..။
လမ်းတွေမီးလင်းချိန်ညအစကိုကြိုမယ်တဲ့ ၊ ထူးအိမ်သင်ရဲ့သီချင်းကိုတောင် ငါညည်းညူလိုက်မိသေးရဲ့ လှဖုန်းကြွယ်....။
ဒီအချိန်ဆို ကမ်းနားကြီးမှာ ပုဇွန်ဆီရောင်တွေ တံလျှပ်ထနေရောပေါ့...။
ကမ္ဘာ့မြေသားကနေ လက်ခုပ်တစ်ဖေါင်လောက်အထိ အမှောင်တွေ တအိအိ တွဲကျလာပြီလေ...။
အခန်းလေးရဲ့ တံစက်မြိတ်အစွန်းမှာ အမှောင်တွေ တွဲသီးလာပြီး
အခန်းလေးထဲကို ပေါက်ကနဲ ပြန့်နှံ့သွားတဲ့ အချိန်မှာ
အဲဒီ့အခန်းထဲက ကျွန်တော့် တစ်ကိုယ်ရည် အခင်းအကျင်းကို ကျွန်တော်ပြင်ဆင်နေခဲ့တယ်..။
ပြိုင်လုရမယ့် စကားဖက်ရှိနေဘူး..။ ၀ါဒဖြန့်ဝါဒီတွေရှိမနေဘူး..။ ပုဆိုးခြုံထဲက လက်သီးပုန်းတွေရှိမနေဘူး...။
ကဗျာတစ်ပုဒ်စစကို အလွတ်ထရွတ် ပြီးခေတ်ကြီးတစ်ခုလုံးကို ကိုင်လှုပ်ပစ်ချင်သူတွေရှိမနေဘူး...။
လျှပ်စစ်မီးရောင်တွေ၊ ပန်ကာဒလက်တွေ ရှိမနေဘူး...။
ပျားပန်းခတ်နေတဲ့ စားပွဲထိုးလေးတွေရဲ့အသံစာစာ တွေရှိမနေဘူး…။
မူးလာရင်အချစ်ကြီး ပိုပိုချစ် တတ်တဲ့ ကျွန်တော့် သွေးသောက် စိုးကြည်ဆိုတဲ့ကောင် တောင်ရှိမနေခဲ့ဘူး။
ဝါရီရီ တိတ်ဆိတ်နေတဲ့ အခန်းကျဉ်းလေးထဲက ဖယောင်းတိုင်မီး မှုန်လဲ့လဲ့ဟာ အမြည်းကောင်းတစ်ပွဲဖြစ်တယ်လို့...၊
ဘာတစ်ခုကိုမှ ဟန်ဆောင် ထိမ်းချုပ်နေစရာ မလိုပဲ သူ့အတိုင်းလွှတ်ချထားတဲ့ စိတ်ဟာ အမြည်းကောင်းတစ်ပွဲဖြစ်တယ်လို့
ကျွန်တော့် တစ်ကိုယ်ရည်နဲ့ ကျွန်တော် အဆိုတင်သွင်း ချင်နေမိတယ်..။
အနက်ရောင်နုနု ကောင်းကင်မွဲမွဲမှာ လမင်းဟာ ကော့ကော့လေးပြုံးချင်ပြုံးနေမယ် ..။ ကွေးကွေးလေးမဲ့ချင် မဲ့နေမယ်...။
ဘာပဲဖြစ်ဖြစ် လဟာ ငါ့ရဲ့ညကို ဘယ်လိုမှ အထူးပြုနိုင်မယ်မထင်ပါဘူး.. လှဖုန်းကြွယ်

(၃)

ငါက

နင့်စောင်းကြိုးမျှင်ကိုမှ တလွင်လွင် ချိုမြချင်သူလေ...
မှတ်တိုင်ပျောက်နေတဲ့ခရီးကို တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲမှားယွင်းသွားတာလား..
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက ငါ့ ကို မှားယွင်းသွားခဲ့တာ..။
---------------------------------------------------

ကျွန်တော်က စားပွဲမှာ ထိုင်ရက် ရောက်ချင်ရာရောက်နေရာကို ၀ါးလက်စကွမ်းကို ရေနဲ့ရောပြီးထွေးထုတ်ပစ်လိုက်တယ်..။
လန်ဒန်စီးကရက် တစ်လိပ် ကို မီးညှိ တစ်ဖွာနှစ်ဖွာရှိုက်၊ မီးခိုးငွေ့တွေကို လေထဲကို
တစိမ့်စိမ့်မှုတ်ထည့်လိုက်ပြီး ဆေးလိပ်ကို စားပွဲစွန်းပေါ်မှာမှေးတင်ထားလိုက်တယ်...။
ပုလင်းထဲကနေ ဖန်ခွက်ထဲကို အနည်းငယ်သာသာလောက်နေရာပြောင်းပေးလိုက်ရင်ပဲ ကျွန်တော့် တစ်ကိုယ်ပွဲတော်ကို စတင်လို့ရပြီ..။
လက်သည်းချွန်မြမြလေးတွေနဲ့ မထိတထိ ခြစ်ဆွဲသွားသလို လည်ချောင်းတလျောက် ခပ်ရှရှလေး စိမ့်ရီသွားတော့ ဆေးလိပ်တိုကို လေးငါးဖွာလောက် ဆက်တိုက်ကောက်ဖွာလိုက်ပြန်တယ်…..။
ပြာပေမဲ့ ညက်နေတဲ့ အသံနွဲ့နွဲ့.လေးလေ.....။
တကယ်ပါဟယ် ပါးစပ်ဖြစ်ရတဲ့ အထဲမှာ နင်တို့ လိုလူမျိုးရဲ့ ပါးစပ်လာဖြစ်ရတာ တော်တော် ကံဆိုး ပါတယ်..။
ဘာမှ အရသာမရှိတဲ့ မကောင်းမကန်းတွေကို သောက် ရှု ၀ါး မျို ပေးနေရတာတဲ့...။
လှဖုန်းရယ် နင်ပဲပြောတတ်တယ်…..။
ကျွန်တော့်ရင်ထဲမှာ နင့်နည်းဆွတ်ကျင် နေခဲ့တယ်...။ တကယ့်ကို မထွေးနိုင် မအံနိုင်ကြီး ဖြစ်လာရင်
ကျွန်တော့်တစ်ယောက်တည်းတိုးတိုးဆိတ်ဆိတ် ဒီနေရာလေးကိုလာပါတယ်.....။
အိမ်မက်တွေမကောင်းလိုက်တာ လှဖုန်းရယ် နင် နေထိုင်ကောင်းရဲ့လား...။
ဒီနေရာလေးဟာ အားလုံးအားလုံးဆီက ကျွန်တော့်ကို ဖုန်းကွယ်ပေးထားပြီး..၊ ကျွန်တော့် ကိုယ် ကျွန်တော် မြင်သာ ထင်သာကြီး ချပြထားတဲ့ နေရာပေါ့...။
အရှုင်းဆုံးနဲ့ အရိုးသားဆုံးပြောကြည့်ရရင် ဒီနေ့မှ ...ကျွန်တော်......၊
ဟုတ်တယ်..။
ဒီနေ့မှ ၊ ကျွန်တော်က လှဖုန်းကို ပိုပြီးလွမ်းနေခဲ့မိတာ...။
ကျွန်တော်က ကျွန်တော် လွမ်းလာရင် လူသိမခံရဲပဲ နည်းနည်းလေးဖြစ်ဖြစ် မူးနေချင်ပါတယ်…...။
ဒီလိုနဲ့ ဒီ့ထက်နည်းနည်းလေးပိုမူးလာရင် ကျွန်တော့် မျက်နှာဟာ သွေးတွေဆမ်းထားသလို နီတွတ်လာလိမ့်မယ်...။
ကျွန်တော့်မျက်ဝန်းတွေဟာ ပူစပ်ရီဝေကြေကွဲနေလိမ့်မယ်....။
အဲဒီ့အချိန်မှာ ကျွန်တော် ဘယ်သူကိုမှ ပေးဖတ်ရဲလို့မဖြစ်တဲ့ ခုထက်ထိလည်းလက်စသတ်လို့ မရနိုင်သေးတဲ့ ကဗျာတစ်ပုဒ်ကို တတွတ်တွတ်ရွတ်ဆိုနေလိမ့်မယ်..။
နောက်တစ်ပိုဒ်နှစ်ပိုဒ်စစထပ်တိုးလာလိမ့်ဦးမယ် ။ စာရွက်တစ်ရွက်နဲ့ချရေးချင်ရေးလိမ့်ဦးမယ်...။
သေချာတာ ကျွန်တော်ဘယ်သူရှေ့မှာမှ ဟန်ဆောင်ပန်ဆောင်တွေနဲ့ ရှိမနေချင်တော့ဘူး...။
အဲဒီ့အချိန်မျိုးမှာ ....... ကျွန်တော်လေ…...။
လှဖုန်း.............
ငါ လေ..........။

(ဆက်ပါဦးမည်။)

အိန္ဒြာ

June 1, 2009

အချိန်တွေ...နည်းလွန်းလို့

(၁)။
အချိန်တွေနည်းလွန်းတယ်
အိပ်စက်ခြင်းဆီကခိုးဝှက်ယူထားခဲ့ရ...
အချိန်တွေနည်းလွန်းတယ်..
လူတွေက နေ့မှာအိပ်စက်ခွင့်မရှိတဲ့ ဇီးကွက်တွေလိုပေါ့
(၂)။
အချိန်တွေနည်းလွန်းတယ်
ညဟာ ပွဲသိမ်းတိုက်ပွဲတွေ တိုက်ခိုက်နိုင်တတ်တော့
အချိန်တွေနည်းလွန်းတယ်
တမြမြသွေးဆနေရတဲ့ ဆောင်ဓါးတစ်လက်ကိုထုတ်ကြည့်လိုက်.
အချိန်တွေနည်းလွန်းတယ်
မေတ္တာသုတ်ရွတ်သံတွေ...ဘ၀ဂ်အထိလွင့်တင်လိုက်
အချိန်တွေနည်းလွန်းတယ်.
ဇုလုတွေရဲ့ ဗုံရိုင်းသံတွေညံလာလေမလား..
အချိန်တွေနည်းလွန်းတယ်
သူတို့လည်းအိပ်မပျော်နိုင်ပါဘူး..သေချာတယ်..။
(၃)။
အချိန်တွေနည်းလွန်းတယ်
လက်ကျန်ဟာ..ဘယ်လောက်မှမရှိတော့ပါလား..
အချိန်တွေနည်းလွန်းတယ်
ကိုင်းဘာဆက်လုပ်ကြမလဲ ဓါတ်ပြားသီချင်းဖွင့်နေကြတုန်းလား..
အချိန်တွေနည်းလွန်းတယ်
လျို့ဝှက်စိတ်နေစိတ်ထားတွေကို..ကျော့ကွင်းထောင်ဖမ်းဖို့
အချိန်တွေနည်းလွန်းတယ်..
တရားကိုနတ်စောင့်ကြောင်းမှာ အတည်ပြုချက်တွေမလို
(၄)။
အချိန်တွေနည်းလွန်းတယ်
ငါတို့က ဘယ်အိပ်မက်ကိုမှ ၀င်ခွင့်ဗီဇာမကျခဲ့ကြဘူး..
အချိန်တွေနည်းလွန်းတယ်
ငါတို့ရယ်မောသံကို ပြန်လည်မတွေ့ရှိသရွေ့
အချိန်တွေနည်းလွန်းတယ်
ဒီလိုနဲ့...တတိတိပွန်းစားသွားပုံက မယုံကြည်နိုင်စရာ
အချိန်တွေနည်းလွန်းတယ်..
တွက်ကြည့်လိုက် ဘယ်လောက်မှမကျန်တော့ဘူး...ကွယ်ရို့..
(၅)။
အချိန်တွေ နည်းလွန်းတယ်...
ကြိုးဝိုင်းမှာ ဗိန်းဗောင်းသံကညံနေပြီ
အချိန်တွေနည်းလွန်းတယ်...
လက်ခမောင်းမခတ်ရသေးဘူး...ဒိုင်ပွဲရပ်ရှုံးနိမ့်သွားပြီတဲ့
အချိန်တွေနည်းလွန်းတယ်...
ငါ့သွေးလည်း နီပါကြောင်း..ပြောရေးဆိုခွင့်
အချိန်တွေနည်းလွန်းတယ်
မျက်စေ့ပိတ်ပြီးပေါက်ဓါးနဲ့ဆော့ကစားသလို
ကြောက်ကြောက်လန့်လန့်သြဘာပေးနေရတဲ့ ပြကွက်ပဲ..
(၆)။
အချိန်တွေနည်းလွန်းတယ်
အခြေအနေက တော်ဝင်တဲ့ အနက်ထည်ရင့်ရင့်ပေါ့..
အချိန်တွေနည်းလွန်းတယ်..
ကမ္ဘာက သူ့ပြေးလမ်းကြောင်းထဲမှာသူပြေးနေမြဲ..
အချိန်တွေနည်းလွန်းတယ်
၂၃ နှစ်ပိုင်းတစ်ပိုင်းကိုလဲ ဘယ်သူ့အတွက်မှ ပိုမို မတိမ်းစောင်းခဲ့..။
အချိန်တွေနည်းလွန်းတယ်..
ဗန်ဂိုးရဲ့ Ploughed field ပန်းချီကားချပ်လို
ငါတို့ထွန်ယက်ဖို့မြေယာတွေကျန်သေးသကွယ့်
အချိန်တွေနည်းလွန်းတယ်
ငါတို့ ညံ့ခဲ့ကြောင်းဖြင့်သေချာပြီ..။
(၇)
အချိန်တွေနည်းလွန်းတယ်..
အိပ်စက်ခြင်းကို..အတိုးနဲ့ပြန်ဆပ်ရမယ့် နေ့.တစ်နေ့..ကတော့
အချိန်တွေနည်းလွန်းတယ်..
ငါ.တို့.မမြင်ရသေးပေမယ့်..
ငါ့တို့ ဆီဆက်ဆက်လာနေပြီ....။ ။

အိန္ဒြာ(၂၂.၄.၂၀၀၉)