June 25, 2010

ဖက်ရှင်ကဗျာ

အဆင်မပြေဘူးဆိုတာ ဖက်ရှင်ဖြစ်လာတဲ့အခါ
ဒီကဗျာကလည်း...ဖက်ရှင်ကဗျာ။

မနေ့ ကညစ်ခဲ့တဲ့ စိတ်အဟောင်းထည်လေးကောက်ဝတ်ပြီး
ဒီနေ့ နဲ့ လေးလေးကန်ကန်ကြီး ပျော်ရည်စီးဆင်းဖို့
မာနကို အသာလေး ကျောသပ်ရပြန်ပြီ။

တစ်ပတ်မှာ ခြောက်ရက်တိတိ ခံတွင်းပျက်ခဲ့သမျှ
ဘယ် တနင်္ဂနွေကို..မှ ချိုလို့ မရတော့ဘူး..၊
ဆန် ပေးလို့ ဆေး ရပါတယ်ဆိုရင်
အရပ်စကား သိပ်ဆန်နေမလား..။ တွေးမိတယ် ။

ကြံရည်စက်ထဲက ထွက်လာခဲ့တဲ့ကြိတ်ဖတ်လို
ကိုယ်ရည်ကိုယ်သွေးအားလုံးကို
ညှစ်ညှစ် ပေး နေ ရလွန်းတော့
ကဗျာရေးတာတောင် စုတ် တီး စုတ် ဖွာ ဖြစ် ဖြစ် လာ..။

ဒီလိုပါပဲ..
အခြေအနေအရပ်ရပ်ဟာ ညည်းတွားရုံထက်ပိုလို့မရဘူး...၊
ခုလို ၊ ကဗျာကို ခုတုံးလုပ်ရတာများတော့လည်း....၊
အား နာ တယ် ။

သင့် မှာ ရော...။ ကျွန်မ မှာ လို
ဖက်ရှင်ကဗျာ တစ်ပုဒ်တစ်လေ ရှိ နေ ဦးမလား..။

တကယ်ပါ။
နောက်တစ်ခါ.....
ပေါ်လီယာနာလုပ်တမ်း ကစားကြည့်မယ်။

အိန္ဒြာ

ချာတိတ်တုန်းကရေးဖြစ်ခဲ့ တဲ့ ကဗျာလေးတစ်ပုဒ်ပါ..။ လုံမလေး မဂ္ဂဇင်းမှာပါဝင်ခဲ့ပါတယ်။
အတွေးက ကလေးဆန်ပြီး ရေးတာနည်းနည်းညံ့နေလို့ မတင်ဘဲသိမ်းထားဖြစ်ခဲ့ပါတယ်..။
ဗမာပြည်ကုမ္ပဏီတွေမှာလုပ်တုန်းက သူဌေးကို အစာမကြေဖြစ်ပြီးရေးဖြစ်ခဲ့တာလေးပေါ့..။
အခုအချိန်မှာတော့ ဒီစကားလုံးထက် ထိရောက်တဲ့ စကားလုံးရွေးကြည့်နေမိပါတယ်.။

ဘာပဲဖြစ်ဖြစ် ပေါ်လီယာနာလို ခြေထောက်တစ်ဘက်ကျိုးသွားတာကို နှစ်ဘက်မကျိုးတာ တော်ပါသေးရဲ့လို့

ကြံဖန်ဝမ်းသာတတ်အောင် ကြိုးစားစမ်းလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးချင်လို့ ပြန်ရှာကြည့်မိခဲ့ပါတယ်..။

ခံစားချက်တူနေသူတွေရှိနေမလား မျှဝေပေးလိုက်ပါတယ်နော်..။



June 22, 2010

ကမ္ဘာမြေသို့အော်ငိုနေသော မေတ္တာတရား

မင်းကိုလွမ်းတဲ့စိတ်နဲ့
ကိုယ့်အခန်းကို မီးဖွင့်မိ မဖွင့်မိ
ကိုယ့်ကွန်ပျူတာခလုတ်ကို ပိတ်မိ မပိတ်မိ
ကိုယ်မသိ
မင်းကို လွမ်းတဲ့စိတ်နဲ့
ကိုယ်အခုချွေးတွေပြန်နေတယ်
အိပ်ယာပေါ်မှာ လူးလိမ့်နေတယ်
ကိုယ်စိမ်းစိုခဲ့ဖူးသော ကမ္ဘာ
ခုမင်းဘယ်မှာလဲ

“မီးလောင်နေတဲနှလုံးသားပေါ် အနမ်းနဲ့
တက်မှရတယ်”တဲ့
မာယာကော့ဗ်စကီး” ကပြောတယ်
“နှုတ်ခမ်းပေါ် အနမ်းနဲကတက်မှရတယ်” တဲ့
မီးသတ်သမားတို့ရဲ့ ဘွတ်ဖိနပ်ကြမ်းကြမ်းတွေ
အဲဒီဘွတ်ဖိနပ်ကြမ်းကြမ်းတွေစီးပြီး
ကိုယ်မင့်နှုတ်ခမ်းပေါ်မတက်ခဲ့ရပါဘူး

ဖြည်းဖြည်းလေး
တကယ့်ကိုမှ ညင်ညင်သာသာ ဖြည်းဖြည်းလေး
မျှော်စင်ပေါ်တက်ခဲ့တာ
မင့်နှုတ်ခမ်းထက်က မျှော်စင်ထက်ကိုတက်ခဲ့တာ

မီးလောင်နေတယ်
မြို့ရဲ့ ဘယ်နေရာမှာ မီးလောင်နေတာလဲ?
မီးကလောင်နေတာတဲ့လဲ?
မီးသတ်ကားတွေလွှတ်ပေးရမလား
(တစ်ယောက်ကလှမ်းပြောတယ်)
မီးသတ်ဌာန ဖုန်းနံပါတ် ဘယ်လောက်လဲ?
(တစ်ဦးကလှမ်းမေးတယ်)
ကိုယ့်ရင်ထဲမီးလောင်နေပြီ
မျှော်စင်ပေါ်တက် မြို့ကိုကြည့်ခဲ့မိသူ
ကိုယ့်ရင်ထဲမှာ မီးလောင်နေပြီ
ဟုတ်တယ်
မင်းကိုလွမ်းတဲ့စိတ်ကြောင့် ကိုယ့်ရင်ထဲမှာ
မီးလောင်နေပြီ

လူနာမည် - ကျော်ဇေယျ
နတ်နာမည်- နွယ်စိမ်းဝေ
နွားအကြောင်း ကောင်း ကောင်းမသိတဲ့
ကဗျာဆရာ
သွားမပါတဲ့နွားလား
မြက်နုကြိုက်တဲ့နွားလား
နွားရှေ့ထွန်ကျူးမိသလား
နွားကို ဂျေဒိုးနတ် ကျွေးမိသလား
ကိုယ်မသိ

မင်းကိုချစ်တာ တစ်ခုတည်း
မင်းကို သတိရတာ တစ်ခုတည်း
မင်းကို တွေ့မြင်ချင်တာ တစ်ခုတည်း
မင့်ရင်ညွန့်ထက်က အင်းကြင်းပွင့်လေးကို ဖွဲ့ဆို
ဖို့ရာတစ်ခုပဲကိုယ်သိ

ကိုယ်ဟာ သိပ်ရိုးရှင်းတဲ့အရေးအသား
ကိုယ်ဟာ မဖုံးကွယ်တတ်သော တောင်ပေါ်မြေသားစကားပြေ

ကိုယ်အခု
မင်းကိုလွမ်းတဲ့စိတ်နဲ့ ဒီကဗျာကို ရေးနေတယ်
မင်းကိုလွမ်းတဲ့စိတ်နဲ့ ဒီစကားကိုပြောနေတယ်
မင်းကိုလွမ်းတဲ့စိတ်နဲ့ အိမ့်ရှေ့လမ်းကလေးမှာ
လမ်းလျှောက်နေတယ်

ကိုယ့်ခြံတံခါးကို နေ့နေ့ညည ဖွင့်ထားဆဲ့ . . .
ခြံထဲက မြက်ရိုင်းတွေနဲ့အတူ
ကိုယ့်မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးများ
ရှည်လျားဆဲ. . .

မင်းကိုလွမ်းတဲ့စိတ်မှာ
တိမ်တွေဟာ နိမ့်လိုက်မြင့်လိုက်
လေယာဉ်ပျံဟာ တက်လိုက်ဆင်းလိုက်
မင်းကိုလွမ်းတဲ့စိတ်နဲက
စာတိုက်ပုံးလေးကို ဖွင့်လိုက် ပိတ်လိုက်
အင်္ကျီကြယ်သီးတွေကို ဖြုတ်လိုက်တပ်လိုက်

မင်းကိုလွမ်းတဲ့စိတ်မှာ
လေဟာ တိုက်သလိုလို မတိုက်သလိုလို
နေဟာပူသလိုလို မပူသလိုလို
မိုးဟာ ရွမလိုလို မရွာမလိုလို
ဘယ်လိုဥတုရာသီ မျိုးကြီးလဲ
တစ်နေ့ တစ်နေ့
ငါ့မှာ လုပ်စရာက ဒါပဲ

မင်းကိုလွမ်းတဲ့စိတ်နဲ့ ဒိုင်ယာရီအဟောင်းတွေ
ပြန်ရှာ
မင်းကိုလွမ်းတဲ့စိတ်နဲ့ ကဗျာအဟောင်းတွေ
ပြန်ဖတ်
မင်းကိုလွမ်းတဲ့စိတ်နဲ့ အပြီးမသတ်သေးတဲ့
သီချင်းတွေဆက်ရေး

တစ်နေ့ တစ်နေ့
မင့်ကိုလွမ်းတဲ့စိတ်နဲ့ အိပ်ယာထ
မင့်ကိုလွမ်းတဲ့စိတ်နဲ့ မျက်နှာသစ်
မင့်ကိုလွမ်းတဲ့စိတ်နဲ့ သွားတိုက်
မင့်ကိုလွမ်းတဲ့စိတ်နဲ့ အာလုပ်ကျင်း
မင်းကိုလွမ်းတဲ့စိတ်နဲ့ ဘုရားမီးပူဇော်
မင်းကိုလွမ်းတဲ့စိတ်နဲ့ သောက်တော်ရေချမ်းကပ်
မင်းကိုလွမ်းတဲ့စိတ်နဲ့ အမွှေးတိုင်မီးထွန်း
……………………………………………..
…………………………………………….
တစ်နေ့ တစ်နေ့ ဒါပဲ
ငါ့မှာ လုပ်စရာက ဒါပဲ

ည ည ဆို
မင်းကိုလွမ်းတဲ့စိတ်နဲ့လမင်းကြီးကို ထွက်ထွက်ကြည့်
ငွေကြယ်လေးကိုထွက် ထွက်ကြည့်
ငှက်ဆိုးထိုးသံကို ကျိန်ဆဲ ကျိန်ဆဲ
ဒါပဲ
ငါ့မှာ လုပ်စရာက ဒါပဲ
ခဏကတင်မင်းကိုသတိရတဲ့အကြောင်း
နံရံမှာ စာတစ်ကြောင်းရေးသေးတယ်
ကိုယ့်ဘောလ်ပင်
အခုဘယ်မှာ
ဘယ်သူနေရာ ရွှေ့ထားလိုက်တာလဲ?
မဆီ မဆိုင်
ပင့်ကူတွေကို ဘာကြောင့် မုန်းတာလဲ?

မင်းအိမ်သုံးမီးဖိုချောင်သုံးပစ္စည်းတွေထဲက
ကိုယ့်ဟာ ဘယ်လိုခြင်ဆေးခွေမျိုး
ဘယ်လို ပရုပ်လုံးမျိုး
ဘယ်လို ပေါင်းတင်းဝါးမျိုး
ဘယ်လို အမှိုက်တောင်းမျိုးလဲ?

“မျောက်ကိုမြင်ရင် ခဲနဲ့ထုချင်တယ်”လို့
မောင့်ကိုမပြောပါနဲ့ . . .

တစ်ခုလုံး မယူရဆိုရင်
တစ်ဝက်တော့ယူမယ်
တစ်ဝက်မယူရ ဆိုရင်
တစ်စိတ်တော့ယူမယ်
တစ်စိတ်မယူရဆိုရင်
တစ်စိတ်ရဲ့တစ်ခြမ်းတော့ယူမယ်
တစ်ခြမ်းမယူရဆိုရင်
တစ်ခြမ်းရဲ့တစ်ဝက်တော့ယူချင်တယ်

တကယ်တော့
စွန့်ပစ်မယ့် အမှိုက်တစ်စကို
အမှိုက်တောင်းထဲ မရောက်ခင် ကြည့်တဲ့အကြည့်နဲ့တောင်
ခေတ်ကြီးကမောင့်ကိုလှည့်ကြည့်မသွားပါဘူးကွာ
အနာဂတ်ဆိုတာ
ငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်သွားရမယ့်
အိမ်ရာပဲ

“အချစ်တွေရမယ်
အချစ်တွေယူပါဦး”လို့
နှလုံးသားကို လမ်းဘေးဈေးရောင်းသလို
ဘယ်တုန်းကအော်ရောင်းခဲဖူးလဲ?

မင်းမကြိုက်တဲ့ အ၀တ်အစား
တစ်ချိန်က ၀တ်ခဲ့တယ်
မင်းမနှစ်သက်တဲ့ ဆံပင်ပုံစံ
တစ်ချိန်ကထားခဲ့တယ်
မင်းကြည့်မရတဲ့ ဟိုတစ်ယောက်နဲ့
တစ်ချိန်က တွဲခဲ့တယ်

သံသရာဟာ လည်တတ်သလား
ပန်ကာဟာ လည်တတ်သလား

မင်းကိုလွမ်းတဲ့စိတ်နဲ့
ဒီဆေးလိပ် အခုဖြတ်ပြီ
ဒီအရက် လုံးဝ မသောက်တော့ဘူး
ဒီကွမ်း လုံးဝ မ၀ါးတော့ဘူး
အိပ်၍မပျော်သောညများနဲ့ ညတွေရဲ့အလယ်
မင်းကိုလွမ်းတဲ့စိတ်နဲ့
“လွမ်းစိတ်”ကို သတ်ချင်တယ်
သတ်မရဘူး။

အဝေးသစ်ပင်
ဆီးရွှင်နေသောကဗျာ
ညီမလေး မဖတ်ရ
စာသားက
“နှင်းဆီရနံ့သင်းတဲ့ အဝေးကလမင်းရေ
မင်းမျက်လုံးတွေ သိပ်လှတယ်”
လှတယ် သိပ်လှတယ်

ထက်မြက်တဲ့ ပန်းကလေး
မောင်သိပ်ချစ်ရတဲ့ ဂြိုဟ်ပြာလေး
မင်းကို လွမ်းတဲ့စိတ်နဲ့
ဖျော်ထားတဲ့ ကော်ဖီတွေလည်း အေးခဲကုန်ပြီ
မီးကင်ထားတဲ့ ပေါင်မုန့်တွေလည်းမီးကျွမ်းကုန်ပြီ

စိတ်ခံစားချက်သမားပါ
သံမဏိစည်းကမ်းပါ
တောင်ကုန်းပေါ်ကို ပြေးတက်ခဲ့တယ်
တောင်းကုန်းပေါ်က ပြေးဆင်းခဲ့တယ်

အခုတော့ မောင်ဟာ
မျောက် ရှားမီးခဲ ကိုင်မိသလိုလို
ငပိအိုးပေါ် တက်ထိုက်မသိလိုလို
အော်ငိုနေရပါသော မေတ္တာတရား စစ်စစ်ကြီး။ ။

နွယ်စိမ်းဝေ
(Heart)

လွမ်းလွမ်းရှိတာနဲ့ ဒီ့ထက်လွမ်းစရာမရှိနိုင်လောက်တဲ့ ကဗျာမျိုးပြန်ရှာဖတ်ဖို့
ဒီကဗျာကို ထိပ်ဆုံးကနေ သတိရ..
လွမ်းလွမ်းရှိတာနဲ့ ဘလော့မှာပါတင်ပေးလိုက်ပါတယ်..။

June 19, 2010

မျှော်လင့်ချက်ဖလား

၂၂ ယောက်မြောက် ခြေထောက်ထဲရောက်တော့
ဘောလုံးဟာ ပင်ပမ်းနွမ်းနယ်လို့
အမှန်တရားဂိုးပေါက်က ကျဉ်းလွန်း ကြမ်းလွန်း
နည်းဗျုဟာမှာ ချို့ယွင်းအားနည်းချက်တွေလည်း ရှိခဲ့ ဖြစ်ခဲ့
အဆင့်ဆင့်အစွမ်းကုန် ထိုးဖေါက် တိုက်စစ်ဆင်
လွဲချော်မှုနဲ့အကြိမ်ကြိမ်..ရင်ဆိုင် ကြုံကြိုက်..
တိုင်ထိပြီး ပြန်ထွက်လာတဲ့ ၀ီရောဓိသက်ရောက်မှုများ
အရှိန်..အဟုန်..ပြင်းထန်မှု.. ရင်အုံတိုင်း...တုန်ဟီး
ဖလားကတော့..လက်တစ်ကမ်းမှာ..တောက်ပနေခဲ့ပြီ..

အဲဒီ့ဖလားထဲမှာက
ဂုဏ်သိက္ခာနဲ့
မျှော်လင့်ခြင်းနဲ့ ယုံကြည်ချက်သည်းသည်းထန်ထန်နဲ့
သစ္စာတရားနဲ့ ပရိယာယ် နည်းနာနဲ့
အမှားအယွင်းမကင်းတဲ့ ဆုံးဖြတ်ချက်တွေနဲ့
ခြေထိုးခံတာနဲ့ ဖြတ်ခုတ်သွားတာနဲ့
စိတ်ဓါတ်ကြံခိုင်မှုတွေနဲ့ စည်းလုံးညီညွတ်ရေးတွေနဲ့
ဒိုင်လူကြီးပိုင် ရက်စက်တတ်ခြင်းနဲ့
တိုင်းပြည်ချစ်စိတ်နဲ့ အမျိုးသားရေးကိစ္စနဲ့
ပိုင်နက်တီနဲ့ ပြစ်ဒဏ်ဘောနဲ့ ဗိုလ်လုပွဲတွေနဲ့
အောင်မြင်မှုဆိုတာ ထင်တာထက်အရင်းအနီးပိုများနေတာနဲ့
မနက်ဖန်ဆိုတာနဲ့ အဲဒီ့ မနက်ဖန်မှာ တောက်ပထွန်းလင်းမယ့်နေ့သစ်ရောင်ခြည်နဲ့

နှစ်ဝါတစ်နီနဲ့ ဘေးထွက်ထိုင်နေရတဲ့ သူရဲကောင်းတွေရေ..
ငါတို့ချွေးစက်တွေဟာ..ဘောလုံးကို မောင်းနှင်နေတဲ့ လောင်စာတွေပါကွာ...
ကွင်းထဲက လက်ကျန်အသင်းသားတွေက
တရှိန်ရှိန်လောင်မြိုက်နေတဲ့ အဲဒီ့လောင်စာဓါတ်ထဲမှာ
ကိုယ့်သွေးကိုယ် နွှေး လို့ နိုး လို့..

အခြေအနေက
ညာဘက်ထောင့်ကန်လား
လက်ကျန်အချိန်သိပ်မရှိတော့တဲ့ ပြေးလမ်းကြောင်းထဲမှာ....
ဘောလုံးဟာ...တ.. လိမ့်... လိမ့်.....
လှိမ့်.....လိမ့်........

ကဲ..
ငါတို့.....
တည်ငြိမ် တိကျ ဖို့ပဲလိုတော့တာ..။ ။


အိန္ဒြာ

(၁၈.၆.၂၀၁၀)

June 12, 2010

" PLAY " Art From Myanmar Today-2

ဒီကနေ့ " PLAY " Art From Myanmar Today လို့အမည်ပေးထားတဲ့
အနုပညာပြပွဲလေးဆီကို တစ်ခေါက်ထပ်ရောက်ဖြစ်ခဲ့ပါတယ်.
တကယ်ဆို အပတ်စဉ်သွားပြီး စပါးပင်လေးတွေက ပေးတဲ့အနုပညာကို
တစိမ့်စိမ့်ရယူချင်ခဲ့တာပါ..

ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် စင်ကာပူနိုင်ငံရဲ့ မူလတန်းကျောင်းက ကလေးလေးတွေ ပြပွဲကို လေ့လာကြတာနဲ့သွားတိုးတော့ သွားရတာ ပိုပြီးစိုစိုပြေပြေ ကြည်ကြည်နူးနူးရှိခဲ့ရတာပေါ့..

(ဒီလို သီးခြားဧည့်သည်တော်တွေလည်းရှိပါတယ်.။)

(ဆရာစိုးနိုင်ရဲ့ ပြခန်းထဲမှာ စိတ်ဝင်တစား)

ကလေးတွေရော ကလေးမိဘတွေရောကို ဦးဆောင်လာတဲ့ ဆရာမက
ပန်းချီကားတွေ အနုပညာတင်ဆက်မှုတွေအကြောင်းတစ်ခန်းချင်း
အနုပညာရှင်တစ်ဦးရဲ့ ပြကွက်တစ်ကွက်ချင်း သေသေချာချာရှုင်းပြကြပါတယ်.။
ကလေးတွေရော မိဘတွေရော က သိချင်တာတွေ ထပ်မေးကြလို့
အစအဆုံး အင်္ဂလိပ်လိုပဲပြောတာပါ မူလတန်းကြို မူလတန်းအရွယ်ကလေးလေးတွေက အင်္ဂလိပ်လိုမွှတ်နေအောင်မေးနေဖြေနေတာကြားရတော့ ကိုယ့်တိုင်းပြည်က
ကလေးလေးတွေကိုယ်စားကိုယ်က အားတွေကျလို့ပေါ့


ဒါမြန်မာပြည်က အနုပညာတင်ဆက်မှုတွေဖြစ်တယ်
ဒါ မြန်မာပြည်က အနုပညာသမားပိုပိုဖြစ်တယ်ဆိုတဲ့နှုတ်ဆက်ပေးနေကြတော့..
ဒါမြန်မာပြည်က ဆိုတဲ့ အသံတွေက ကျွန်မနားထဲမှာနားယံပီယံရှိလွန်းနေလွန်းလိုက်တာ..
အဲဒီ့အချိန်မှာ
"ကျွန်မလား ဗမာတစ်ယောက်ပါလို့ "
ကိုယ့်ကိုယ်ကိုနှုတ်ဆက်လိုက်ရတာ သိပ်ကို ချိုမြန်နေခဲ့တာပေါ့..

ကလေးလေးတွေက အသင့်ပါလာတဲ့ ကထ္တုစက္ကူချပ်တွေပေါ်မှာ ပန်းချီတွေကူးဆွဲကြပါတယ်.



ပါလာတဲ့ လူကြီးမိဘတွေက ချီးမွန်းအားပေးလို့ အနုပညာဆိုတာကို ချစ်တဲ့ စိတ်အလေးကို အမြစ်တွယ်ရှင်သန်အောင် ဒီအရွယ်ကတည်းက ပံ့ပိုးဖြည့်ဆည်းပေးနေကြတာပါပဲ ..

လိုက်လာတဲ့ လူကြီးတွေအာလုံးကလည်း အနပြညာပြကွက်အားလုံးကို
စိတ်ဝင်တစား အားတက်သရော ဓါတ်ပုံတွေ ဗွီဒီယိုတွေ တဖျတ်ဖျတ်ရိုက်ယူကြပါတယ်..
ပြကွက်တစ်ကွက်ချင်းအကြောင်းကို အသေးစိတ်ပြန်ဖတ်ချင်ရင်တော့ ကျွန်မရေးခဲ့တဲ့
" PLAY " Art From Myanmar Today မှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်..

ပြတိုက်တာဝန်ခံရှယ်ရီဆိုတဲ့ တရုတ်မလေးက ကိုယ့်ကို မှတ်မိလို့
"ရှင်ပိုပို့ကိုရှာနေတာလား သူ အပေါ်ထပ်မှာရှိတယ်" တဲ့

ကျွန်မအပေါ်ထပ်ကို မော်ကြည့်လိုက်တဲ့ အခါ


အို စိမ်းမြနေတဲ့ လှေခါးထစ်စိုက်ခင်းတစ်ခုရယ်..
လယ်သမားကြီးပိုပိုက သူ့လယ်အကြောင်းရှုင်းလင်းပြောဆိုနေလို့
"ကျေးဇူးပဲရှယ်ရှီ" ကိုယ်အပြေးအလွှားတက်လာခဲ့ပါတယ်.

ဒီလယ်ကွင်းလေးဆီဝင်ရဖို့ရုံဝင်ခက
"ကိုယ့်နာမည်လေးတွေရေးပေးထားရမယ့် သစ်ရွက်(၃)ရွက်ပါ"




ကိုပိုပိုကတော့ ဒီသစ်ရွက်ကလေးတွေ ကို တမြတ်တနိုးကိုင်ကြည့်နေခဲ့ပါတယ်..

ဘာလို့ ဘယ်ရည်ရွယ်ချက်နဲ့ သစ်ရွက်ကလေးတွေကို ရုံဝင်ခလုပ်ခိုင်းရတာလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မသတိရပေမယ့် ကိုပိုပို့ကို မေးကြည့်မနေတော့ပါဘူး..

သစ်ရွက် အမျိုးအစားပေါင်းစုံကို ကျွန်မငေးရင်းတွေးမိလာပါတယ်..
စပါးပင်လေးတွေကို ကြည့်ဖို့ သစ်ရွက်ကလေးတွေနဲ့ လာကြည့်ရပါတယ်တဲ့
သိပ်ကို စိမ်းမြနူးညံ့တဲ့ အတွေးလေးပါပဲ...
ချစ်ခြင်းမေတ္တာဆီကို ချစ်ခြင်းမေတ္တာနဲ့ပဲလာလို့ရမှာဖြစ်သလို
အမုန်းတရားတွေဆီကို အမုန်းတရားကပဲတံခါးခေါက်ခွင့်ရှိမှာပေါ့...
ရန်ငြိုးတွေ အာဃာတတွေ စစ်လက်နက်တွေဆီကိုရော...
ဘယ်အရာတွေရုံဝင်ခပေးပြီးဝင်ရောက်လာနိုင်မလဲ.....
ငွေကြေးရုပ်ဝတ္ထုနဲ့ လဲလှယ်ချိန်စက်စရာမလိုတဲ့ သဘာဝဖြစ်တည်မှု အလှတရား...
တစ်စုံတစ်ရာမကတဲ့ ခံစားချက်က လှိုင်းတစ်ခုလို ရိုက်ခတ်လာပါတယ်.

ကိုပိုပိုက စပါးစေ့ကိုမမြင်ဘူးတဲ့ စင်ကာပူနိုင်ငံသားသေးသေးလေးတွေကိုရော
ကြီးကြီးကြီးတွေ ကိုရော စပါးစေ့လေးတွေပြတော့.

လူကြီးတစ်ချို့နဲ့ကလေးအများစုက နည်းနည်းစီတောင်းပြီးကိုင်ကြည့်ကြပါတယ်.

ကြည့်စမ်း..သမန်းညက်နေတဲ့ မြေကြီးပေါ်က ပျိုးပင်ပေါက်ကလေးတွေက အစ
ရိုးပြတ်ဝါ၀ါတွေ ကစဥ့်ကယဲကျန်ရစ်ခဲ့ချိန်အထိ
ရွှေတွေတောင်လိုပုံထားသလို စပါးပုံကြီးတွေ ကြားမှာကြီးပြင်းခွင့်ရခဲ့ရတဲ့ ကျွန်မတို့ ဘယ်လောက်များကံကောင်းလိုက်သလဲ ဘယ်လောက်ဂုဏ်ယူစရာများလဲ..
အဲသလိုတွေးပြီး ကျွန်မက ရယ်ဝါးဝါးပြုံးမိလို့..

စပါးပင်လေးတွေ အညှောက်ထွက်လာတာကအစ

ဘယ်အချိန်မှာရိပ်သိမ်းရမယ်ဆိုတာအထိ

ကိုပိုပိုကရှုင်းပြတော့ အားလုံးကစိတ်ဝင်တစားနားထောင်နေကြပါတယ်..။
အဲဒီ့မှာ သူတို့နိုင်ငံမှာ စပါးစိုက်မရဘူးဆိုတာကို မကျေနိုင်မချမ်းနိုင်ဖြစ်နေတဲ့
ကလေးက မေးခွန်းတွေ တစ်ခုပြီးတစ်ခုမေးပြီး
သူ စပါးစိုက်ချင်တယ်အကြောင်း ကိုပိုပိုကိုပြောလာပါတယ်..။
ကိုပိုပိုက အသင့်လုပ်ထားပြီးဖြစ်တဲ့ စပါးမျိုးစေ့နဲ့ မြေသြဇာထည့်ပြီးသား Lunch Box လေးတစ်ဘူးကို
သစ်ရွက်စိမ်း(၃)ရွက်နဲ့ရောင်းလိုက်တော့
" ဟက် "ဆိုတဲ့ ချာတိတ်လေးက သဘောတွေကျလို့ပေါ့...


ကျွန်မကသူ့ကို မြေလွတ်မြေရိုင်းတွေ လယ်ကွင်းအကျယ်ကြီးတွေ
စိမ်းမြနေတဲ့ဆီခေါ်သွားချင်လာခဲ့ပါတယ်.

နောက်ဆုံးလူတွေရှုင်းတဲ့ အထိစောင့်နေတဲ့ ကိုရီးယားကျောင်းသားလေးကတော့
ဆရာဦးအောင်မြင့်ရဲ့ အနုပညာပြကွက်ကို စိတ်ဝင်တစားမေးမြန်းပါတော့တယ်..

သူညွှန်ပြတာက ဆန်တွေကိုအနားသတ်ထားတဲ့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့မြေပုံ


နောက် မြေပုံထဲမှာ ချထားတဲ့ ဆွဲဆောင်မှုရှိရှိ နိုင်ငံခြားမင်းသမီးပုံတေ
ွ စီးကရက်ဘူးတွေ အရက်ပုလင်းတွေ မော်တော်ဆိုင်ကယ်တွေ ကားတွေ နောက်သဘာဝတွင်းထွက်ဆန်ဆန်ကျောက်သံပတ္တမြားလို ပြောင်ပြောင်လက်လက်အရာတွေ...အိမ်နီးနားချင်းနိုင်ငံတွေ......



အဲဒီ့မြေပုံထဲကအတိုင်းဆို ကျွန်မတို့က ဟိုးနောက်ဘက်နားက
ကျွန်းသေးသေးလေးပေါ်မှာပေါ့...
ကိုပိုပို ကျောင်းသားလေးကို ရှုင်းပြနေတော့ ကျွန်မအတွေးတွေက ၀ဲလို့ပျံ့လို့.....

၂၀ရက်နေ့မှပြပွဲပြီးမှာဖြစ်တဲ့ အတွက်သွားကြည့်နိုင်ပါသေးတယ်..

ကိုပိုပိုကတော့ (၁၄)ရက်နေ့မှာ မြန်မာပြည်ပြန်တော့မယ်လို့သိရပြီး
၁၄ရက်နေ့နောက်ပိုင်းတွေမှာပရိုဂျက်တာနဲ့ဒီစပါးပင်လေးတွေ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခြင်းအနုပညာကို တင်ဆက်ပြသထားပေးမယ်လို့သိခဲ့ရပြီး
နောက်တော့..
ကျွန်မပြန်လာခဲ့ပါတယ်...

ကျွန်မပြန်လာတော့ စိတ်ထဲမှာ
ကြည်နူးဝမ်းသာစိတ်တွေ ဂုဏ်ယူဝံ့ကြွားစိတ်တွေ နောက်မုဒိတာစိတ်တွေနဲ့
အတူတူ......

အိန္ဒြာ
(၁၂.၆.၂၀၁၀)

June 9, 2010

ဒုံးခွင်း ကဗျာ



တာသုံးတာနဲ့....ပြေးထွက်ဖို့

အဆင်သင့် စောင့်နေတဲ့..
ဒုံးကျည်.....

စိုးရိမ်ပူပန်မှုတွေနဲ့..
တဆတ်ဆတ်ခါနေတဲ့..
နှလုံးသားတွေပေါ်က..
ရွှီးကနဲ ဖြတ်ပြေးသွားမယ့်
ဒုံးကျည်....

နည်းပညာ...တွေရဲ့...
သွေးဆာလောင်မှုလား...
ကမ္ဘာ့ဂရက်ကို...
ခပ်သွက်သွက်..လှုပ်ခါလိုက်တာလား...
ဒုံးကျည်ဟာ...
သူ့ပြေးလမ်းကြောင်းအတွက်...
ခွာရှပ်သံတွေပေးနေပြီ....။

တေပိုဒေါင်ရဲ့ခန်းငြားထည်ဝါမှုအတွက်....
ကင်ဂျုံအီ...ရဲ့ရင်ခုန်သံတွေဟာ..
နေရောင်အောက်က ဓါးသွားလို..
တ ဖျတ် ဖျတ် လက် ဖြာ နေ ခဲ့ တယ်.....။

ပြုံယမ်းရဲ့ ဥပဇာမှာ....
စစ်ခရာတွေ..တွန်လို့...။ ။


အိန္ဒြာ(၄.၄.၂၀၀၉)

၂၀၀၉ခုနှစ် ၄ လပိုင်းတုန်းက မြောက်ကိုရီးယားနိုင်ငံက ဂျပန်နိုင်ငံရဲ့ခေါင်မိုးပေါ်ကနေဖြတ်ပြီး
တေပိုဒေါင်အမည်ရှိတဲ့ ဒုံးကျည်ပစ်လွှတ်ချိန်က ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ..။

ခုတလော တောင်ကိုရီးယားစစ်သဘောင်္ာတစ်စီးနစ်မြုတ်ပြီး
အပြစ်မဲ့ ၀န်ထမ်း ၄၀ ကျော် သေဆုံးရတယ်ဆိုတဲ့ သတင်းတွေ ၊
ဂါဇာကမ်းမြှောင်ကို အကူအညီပေးဖို့သွားတဲ့ သဘောင်္ကို အစ္စရေးက စီးနင်းခဲ့တာတွေ
အဲဒီ့လို စိတ်မကောင်းစရာသတင်းတွေပဲ
ကြားနေ ဖတ်နေရပါတယ်.

အဲဒါနဲ့ နည်းနည်းတိုက်ဆိုင်တဲ့ ဒီကဗျာလေးကို
အသစ်ရေးထားတာလည်းမရှိတဲ့ အတွက် ပြန်ရှာပြီးတင်ပေးလိုက်တာပါ..။

June 2, 2010

ရွှေအမြုတေစာပေဆုရ ဆရာမောင်လင်းရိပ်၏ ကဗျာရှည်

နွေဦးကို ...
နွေဦးနဲ့ ...
နွေဦးမှာ ..
နွေဦးသာ ...



နွေဦးက နိုးလာတော့
ကျွန်တော် မခေါ်မချင်း ထမလာဘူးဆိုတဲ့သန္နိဋ္ဌာန်နဲ့
ဝဲဘက်နံတောင်း၊ ညာဘက်နံတောင်း လေးငါးခါ ပြောင်းပြီး
စောင်းစောင်းလေး ပြန်အိပ်တယ်
နွေဦးက နိုးလာတော့
တေးသွားတစ်ခုနဲ့ ဖုန်းခေါ်သံကြားပေမယ့်
နေထွက်ရာ မတူတဲ့ အရပ်က ရွှေ့ပြောင်းအလုပ်သမားလေးဆီက ဖုန်းကို ကျွန်တော်ပဲ
တော်သလို ပြန်ဖြေလိုက်ရတယ်
နွေဦးက နိုးလာတော့
ကျက်သရေရှိပုံမရ ဒုက္ခန္တဇာတ်ကနေရာ သစ်ရွက်ကြွေတွေကို
တံမြက်စည်းအဟောင်းတစ်ချောင်းနဲ့ ကျွန်တော် တဗြောင်းဗြောင်း လှည်းပြီးစပေါ့
နွေဦးက နိုးလာတော့
ကျွန်တော်အိမ်ရှေ့လမ်းမလေးကို ဖုန်သိပ်အောင် ရေဖျန်းပြီးပြီ
ဗာဒံပင်ရိပ်က ရေချမ်းအိုးလေးထဲ ရေဖြည့်ပြီးပြီ
နွေဦးက နွေဦးကျက်သရေကို ကျွန်တော်ထမ်းဖို့ အမြဲတမ်းနှိုးဆော်ဖူးတယ်
ရေသန့်ကားကြီးတွေ ဘယ်နှစင်းဖြတ်သွားသွား
စိမ့်ရေတွေရွှဲနေတဲ့ မြေနီအိုး ရဲရဲလေးက နွေဦးရဲ့ အမှတ်အသားတဲ့
နွေဦးက နိုးလာတော့
ပိတောက်ရွက်စိမ်းစိမ်းတွေကြားက နေရောင်ခြည် လျှောဆင်းလာသလို
ကျွန်တော့်လက်မောင်းနှစ်ဖက်ကြားကို လျှောဆင်းလာတယ်
နွေဦးက နိုးလာတော့
မနက်ခင်း စားပွဲလေးမှာ အသာဝင်ထိုင်
ကော်ဖီခွက်အဖုံးလေးကို ဖွင့်ပြီး ကော်ဖီနံ့လေးကို အရင်သောက်တယ်
အဲဒီ နှာခေါင်းလေးက အလှဆုံးလို့ ကျွန်တော်ထင်မိတုန်း
သူ့ မျက်လုံးလေးတွေက နံရံက စာတမ်းကို အခုမှ မြင်ဖူးသလို ဖတ်တယ်
အမှန်က ကျွန်တော်တို့ အတူနေကြတဲ့ လွန်ခဲ့တဲ့ ခုနစ်နှစ်ကတည်းက ရှိခဲ့တဲ့ စာတမ်းပါ
ဗိုလ်အောင်ဆန်းရဲ့ တိုင်းသိပြည်သိကဗျာတစ်ပုဒ်
ကြည်
ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်။


မိုးမလင်းခင်နဲ့ မိုးလင်းစမှာ
ပဲပြုတ်ဆိုတဲ့ အော်သံ ခုနစ်မျိုးလောက်ကို မြို့တော်ကြီးမှာ တို့ကြားနေကျပဲ နွေဦး
အမှိုက် အမှိုက် တဲ့ အနံ့လည်းမလုံ အမြင်လည်း မလုံတဲ့
လက်တွန်း အမှိုက်လှည်းကလည်း ခဏနေ အော်ဝင်လာမယ် နွေဦး
အသားကပ်ဘောင်းဘီကျပ်ကျပ်ကို ဆပ်ကပ်ထဲကလို ဇာတ်ထဲကလို
အရသာရှိရှိလျှိုအ၀တ်ကောင်းတဲ့ အမျိုးကောင်းသမီးလေး တစ်သိုက်လည်း
သင်တန်းကို လိုလို အလုပ်ခွင်ကို လိုလို ကျောက်ပေါက်မာလွှမ်းတဲ့ လမ်းတစ်လျှောက်
ဒေါက်မြင့်ဖိနပ်လေးတွေနဲ့ ဒေါက်ဒေါက်ဆို ကျွမ်းကျွမ်းကျင်ကျင် လျှောက်သွားဦးမှာ နွေဦး
ကိုယ်ပြောမယ်၊ အဖြူအစိမ်းနဲ့ ဆူဆူညံညံလျှောက်သွားတဲ့ ကျောင်းသားလေးတွေက
ဘယ်ခါမဆို ကျက်သရေအရှိဆုံးပဲပေါ့ နွေဦး
သူတို့ရဲ့ ကျောပိုးအိတ်လေးတွေက အနာဂတ်နဲ့ ပညာနဲ့ ပြည့်လို့ ဖောင်းလို့ပေါ့ နွေဦး
ကျစ်ဆံမြီး အရှည်ကြီးချပြီး ကချင်လွယ်အိတ်နီလေးနဲ့ အိနြေ္ဒရရ မင်းလှမ်းကြွခဲ့သလိုပေါ့ နွေဦး
ခုတော့ နွေဦးရဲ့ နွေဦးကို လေရူးဘယ်နှခါတိုက်ခဲ့သလဲ
ကြွေဖူးတဲ့နွေဦးလည်းရှိ ဝေဖူးတဲ့ နွေဦးလည်းရှိ
အကြိမ်ကြိမ်အဖန်ဖန် ဖူးရ ခူးရပေမယ့် မြစ်တစ်မြစ်ကို ဘယ်နှခါကူးဖြတ်ရဦးမှာလည်း နွေဦး
ဘယ်သူတွေ ဘယ်တော့များမှ စိတ်ချလက်ချ ရိတ်သိမ်းကြရမှာလဲနွေဦး
ချစ်သူနှစ်ဦး မနက်ခင်း ကော်ဖီတစ်ခွက် အတူသောက်ကြသလို
ကြည်နူးပျော်ရွှင်မှုတွေကို ရုပ်သံလွှင့်လိုင်းတွေမှာ အတူဖူးကြရဦးမှာတဲ့လား နွေဦး
ကမ္ဘာမြေတ၀န်းသို့ သတင်းကောင်းများ ပျံသန်းသွားကြစေချင်ပါ၏
ယင်းတို့၏ တောင်ပံများကိုလည်း ခဲမမှန် မြားမခ ဖြစ်စေချင်ပါ၏။


ခဲမှန်ဖူးစာသူငယ်လို နွေဦးက သံသယအစွဲ သန်လှတယ်
'ယုံပါခင်ရယ်'ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ဖုတ်ခနဲပြုတ်အကျ
လင်္ကာချောတဲ့ ကမ္ဘာပါလို့ နွေဦးက ပြတ်ပြတ်သားသား မှတ်ချက်ချတယ်
အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားကို
ကိုယ်တို့ မသေမချင်း မျိုးပွားကြရမှာပဲ မဟုတ်လား နွေဦး
ကမ္ဘာပေါ်မှာ လူသားတွေ မျက်ရည်စဲတဲ့ နေ့ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးပေမယ့်
ဘ၀ဆိုတာ ငိုဖို့ရယ် ရယ်ဖို့ရယ် နှစ်မျိုးတည်းမှ မဟုတ်တာ နွေဦး၊ ဒါပေမဲ့
မငိုနိုင်လို့သာရယ်ကြချင်သူတွေအဖို့ ...
ကလိထိုး အမျိုးညံ့ရုပ်ရှင်တွေပဲ သူတို့ ရိုက်နေကြတော့မှာတဲ့ နွေဦး
နွေဦးကနွေဦးသာဘလောဂ်(nwaioothar.blogspot.com)မှာ..
ရိုးရှင်းကြည်လင်တဲ့အမြင်တွေနေ့စဉ်တင်ပါ
နွေဦးက ပညာဒါနသင်တန်းလေးတစ်ခုမှာ ကွန်ပျူတာဆရာမလေး ၀င်လုပ်ပါ
နွေဦးက စာအုပ်ကလပ်များဖွံ့ဖြိုးရေး ပရောဂျက်မှာ တစ်ပတ်ကို နှစ်ရက် အချိန်ပေးပါ
နွေဦးက လူ့အသိုက်အ၀န်းဆိုတဲ့ စက်ဝန်းကို ကိုယ်တိုင် တာဝန်ပေး ပါဝင် ဆွဲသားပါ
နွေဦးက မူကြိုတန်းမှာ ၀လုံးတွေ အများဆုံး ရေးခဲ့ဖူးတဲ့သူ မဟုတ်လား
နွေဦးက သင်္ကြန်ယိမ်းအကထဲ အလယ်တန်းကျောင်းသူဘ၀ကတည်းက ၀င်ကခဲ့တဲ့သူ မဟုတ်လား
နွေဦးက ဆယ်တန်းအောင်တာနဲ့ ထမင်းရှာအလုပ်ခွင်ထဲ
နေ့လည်စာဘူးလေးပုံမှန်ဆွဲပြီး ဘတ်စကားအတန်တန်စီး တိုးဝင်ခဲ့ရတဲ့သူ မဟုတ်လား
နွေဦးက အလုပ်တစ်ဖက်၊ တက္ကသိုလ်ပညာတစ်ဖက်၊ သင်တန်းတစ်ဖက် ကျူရှင်တစ်ဖက် အဲဒီလို မျိုးဆက်မဟုတ်လား
နွေဦးက အမျိုးကောင်းသမီးလေးတွေ မယဉ်ပါးအပ်တဲ့ မကြားဝံ့ မနာသာတွေ
မလွှဲမရှောင်သာ မြင်ရကြားရတတ်တဲ့ ယဉ်ကျေးမှုခေတ်ကြီးထဲ ကြီးပြင်းခဲ့ရသူမဟုတ်လား
နွေဦးက ဖြတ်သွားဖြတ်လာလမ်းတွေမှာ တစ်နေ့တစ်နေ့ ဘီယာဆိုင် ၃၅၇ ဆိုင် ခလုတ်တိုက်နေရတဲ့ သူ မဟုတ်လား
ညွံပျောင်းတို့ စိုးစဉ်းမျှ ပေကျန်ကပ်ညိခြင်းမရှိဘဲ လန်းဆန်းစွာ ကြာတို့ပွင့်၏
ပွင့်ပါ နွေဦးရယ်၊ နွေဦးတို့ ပွင့်ပါ၊ နွေဦးတို့ ပွင့်ချိန်တန်ပါ။



နွေဦးတစ်ထောင် ပွင့်ချိန်တန်ပြီလို့ ပြောတဲ့သူဟာပဲ ဆန္ဒစွဲသူလို့ ဖြစ်ရပြန်ပြီတဲ့
ဆန္ဒာဓိပတိတပ်ထားသူသာ ဖြစ်ခဲ့ပါတယ် နွေဦး
ဆန္ဒာဓိပတိ မတပ်တတ်သူတွေဟာ ပရဂ္ဂမာကွေ့မှာ ပရဂ္ဂမာလှော်တက်သံတွေပေးလို့
လှေဦးမှာ လေရူးတို့ပျော် 'လောင်း ကနက်ပေါ် ... လောင်းကနက် ကနက်ပေါ် ...'
နွေဦးလည်း မသိ၊ ရေစူးလည်း မသိ၊ ဟို ဧရောတိက မြူသံ
လှေငြိမ်အောင် ရေတိမ်ပဲ့ပါဖျာ့လို့ ပွေရှိန်နဲ့ ပြောတဲ့ လေသံ
အမှန်ပဲ အသံကွဲတို့ မြူးတဲ့ ဆည်းဆာချိန်ပါ နွေဦးရယ်
လိပ်ပြာတောင်ပံကြိုးတို့ ရိုက်ဆော်မနှိုးမီ အခိုက်အတန့်လေးပါ နွေဦးရယ်
နွားရိုင်းကို သူ့ခြံသူသွင်းဖို့ အပြင်းအထန်ကြိုးစားကြရတဲ့..
နောက်ထပ် ညီအစ်ကိုမသိတသိအချိန်လေးပါ နွေဦးရယ် ...


ညီရင်းအစ်ကိုဆိုတာ ဘယ်ခါမဆို အသေချာ သိကြရမယ် နွေဦးရဲ့
အမေ့အမွေ မုံရွာဂွမ်းဖွစောင်အောက်မှာ နွေးထွေးစွာအိပ်စက်ရင်း
အမေတွေရဲ့ သဘောရင်းကို မင်းအလိုလို သိခဲ့နိုင်မှာ
နှင်းတို့ ကြွင်းရစ်ဆဲ နွေဦးတစ်ညမှာ နွေဦးအိပ်မက်တွေ ကိုယ်တို့ မက်ကြရဦးမှာ
နွေဦးကို ချစ်ရတာ ဘယ်ခါမှ မနစ်နာခဲ့ပါဘူး နွေဦး
မိန်းကလေးတစ်ယောက်ကိုချစ်ခဲ့သလို တိုင်းပြည်ကြီး တစ်ပြည်ကို ချစ်ခဲ့ရတာဟာ
ကျက်သရေအပြည့်ရှိတဲ့ ဘ၀တစ်ခုကို ရခဲ့တာပါပဲ နွေဦး
ရေကြည်တွေလို မပြတ်သားနိုင်လည်း ရေနောက်လို စီးသွားလိုက်ရုံပါ နွေဦး
ရေဆိုတာ စီးဆင်း ရှင်သန်နေသမျှ တန်ဖိုးရှိရဲ့
ယောက်ျားတစ်ယောက်ရဲ့ ချစ်ခြင်းတွေ သူချစ်ရာမိန်းမဆီ စီးဆင်းသွားသလို
လူသားတစ်ယောက်ရဲ့ ချစ်ခြင်းတွေ သူ့တိုင်းပြည်ကြီးဆီ၊ သူ့ကမ္ဘာကြီးဆီ စီးဆင်းရမှာပါ နွေဦး
နီညိုရောင် ညောင်းရွက်ကြင်တို့ စင်တဲ့အခါ ကျက်သရေရှိတဲ့ အစိမ်းရောင်ဆိုတာ ဖူးပွင့်လာမှာပါ နွေဦး
ကိုယ့်ရဲ့ ဆန္ဒာဓိပတိဟာ နွေဦးပါ
ချစ်ခြင်းမေတ္တာတို့ရှိရာ အရပ်မှာ နွေဦးရှိနေပါ
သံသယအစွဲတွေထဲက ခုန်ထွက်ရှင်သန်ပါ
နွေဦးရဲ့ ခွင့်လွှတ်ကြင်နာစိတ်တွေအောက်မှာ
အမည်းစက် အမှောင်မှတ်တွေဟာ
အဖြူစက် အလင်းမှတ်တွေ ဖြစ်သွားမှာပါ
နွေဦးနဲ့အတူ နိုးလာတဲ့ မနက်ခင်းမှာ
ကော်ဖီတစ်ခွက် တစ်ယောက်တစ်ဝက်သောက်ကြမယ်
ဗိုလ်ချုပ်ကို ကြည်ညိုစွာ သတိရ ပဲပြုတ်နဲ့ နံပြားရရင်စားကြမယ်
ငှက်ပျောရွက် စိမ်းမှောင်မှောင်ကြား ပြေးလွှားရင်း စုတ်ထိုးနေတဲ့ ရှဥ့်ကလေးကို ငေးကြမယ်
နိုင်ငံကို ဘယ်လို ရေးကြမလဲ နှစ်ယောက်သား အခြေအတင်ဆွေးနွေးကြမယ်
ပြည်ရွာကို ပညာနဲ့ ချစ်အပ်ကြောင်း စကားကောင်း စကားမြတ် နည်းနည်း ပြောကြမယ်
တကယ်မှာ ပညာဆိုတာ ချစ်ခြင်းမေတ္တာရဲ့ နောက်ထပ် နာမည်ပါ
ကိုယ်က
နွေဦးလို့ပဲ ခေါ်လိုက်မှာပါ
နွေဦးမှာပဲ ခေါ်လိုက်မှာပါ
နွေဦးလိုပဲ ခေါ်လိုက်မှာပါ
နွေဦးကိုပဲ ခေါ်လိုက်မှာပါ။

မောင်လင်းရိပ်

(စက်တင်ဘာ ၅၊ ၂၀၀၉)

၂၀၁၀ခုနှစ် ၊ဖေဖေါ်ဝါရီလထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်း
ပဉ္စမ အကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲဆုရ ကဗျာရှည်