June 19, 2010

မျှော်လင့်ချက်ဖလား

၂၂ ယောက်မြောက် ခြေထောက်ထဲရောက်တော့
ဘောလုံးဟာ ပင်ပမ်းနွမ်းနယ်လို့
အမှန်တရားဂိုးပေါက်က ကျဉ်းလွန်း ကြမ်းလွန်း
နည်းဗျုဟာမှာ ချို့ယွင်းအားနည်းချက်တွေလည်း ရှိခဲ့ ဖြစ်ခဲ့
အဆင့်ဆင့်အစွမ်းကုန် ထိုးဖေါက် တိုက်စစ်ဆင်
လွဲချော်မှုနဲ့အကြိမ်ကြိမ်..ရင်ဆိုင် ကြုံကြိုက်..
တိုင်ထိပြီး ပြန်ထွက်လာတဲ့ ၀ီရောဓိသက်ရောက်မှုများ
အရှိန်..အဟုန်..ပြင်းထန်မှု.. ရင်အုံတိုင်း...တုန်ဟီး
ဖလားကတော့..လက်တစ်ကမ်းမှာ..တောက်ပနေခဲ့ပြီ..

အဲဒီ့ဖလားထဲမှာက
ဂုဏ်သိက္ခာနဲ့
မျှော်လင့်ခြင်းနဲ့ ယုံကြည်ချက်သည်းသည်းထန်ထန်နဲ့
သစ္စာတရားနဲ့ ပရိယာယ် နည်းနာနဲ့
အမှားအယွင်းမကင်းတဲ့ ဆုံးဖြတ်ချက်တွေနဲ့
ခြေထိုးခံတာနဲ့ ဖြတ်ခုတ်သွားတာနဲ့
စိတ်ဓါတ်ကြံခိုင်မှုတွေနဲ့ စည်းလုံးညီညွတ်ရေးတွေနဲ့
ဒိုင်လူကြီးပိုင် ရက်စက်တတ်ခြင်းနဲ့
တိုင်းပြည်ချစ်စိတ်နဲ့ အမျိုးသားရေးကိစ္စနဲ့
ပိုင်နက်တီနဲ့ ပြစ်ဒဏ်ဘောနဲ့ ဗိုလ်လုပွဲတွေနဲ့
အောင်မြင်မှုဆိုတာ ထင်တာထက်အရင်းအနီးပိုများနေတာနဲ့
မနက်ဖန်ဆိုတာနဲ့ အဲဒီ့ မနက်ဖန်မှာ တောက်ပထွန်းလင်းမယ့်နေ့သစ်ရောင်ခြည်နဲ့

နှစ်ဝါတစ်နီနဲ့ ဘေးထွက်ထိုင်နေရတဲ့ သူရဲကောင်းတွေရေ..
ငါတို့ချွေးစက်တွေဟာ..ဘောလုံးကို မောင်းနှင်နေတဲ့ လောင်စာတွေပါကွာ...
ကွင်းထဲက လက်ကျန်အသင်းသားတွေက
တရှိန်ရှိန်လောင်မြိုက်နေတဲ့ အဲဒီ့လောင်စာဓါတ်ထဲမှာ
ကိုယ့်သွေးကိုယ် နွှေး လို့ နိုး လို့..

အခြေအနေက
ညာဘက်ထောင့်ကန်လား
လက်ကျန်အချိန်သိပ်မရှိတော့တဲ့ ပြေးလမ်းကြောင်းထဲမှာ....
ဘောလုံးဟာ...တ.. လိမ့်... လိမ့်.....
လှိမ့်.....လိမ့်........

ကဲ..
ငါတို့.....
တည်ငြိမ် တိကျ ဖို့ပဲလိုတော့တာ..။ ။


အိန္ဒြာ

(၁၈.၆.၂၀၁၀)

11 comments:

Moe Myint Tane said...

ဂယက်ဆိုတာ လှိုင်းထတတ်တဲ့ သဘောတွေ ရှိနေသရွေ့ တည်ငြိမ်တိကျဖို့ဆိုတာ.........

လက်တစ်ကမ်းမှာတော့ ဖလားက အရောင်တွေ တလက်လက်နဲ့ပေါ့......။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

နေ၀သန် said...

ကဗျာရေးတဲ့နေရာမှာတော့ ထိပ်သီးပဲဗျာ... အရင်က ခဏခဏလာဖတ်ပေမယ့် အခုမှ ပြန်လင့်ခ်မိတာနဲ့ အခုမှ ပြန်ရောက်လာတယ်..မအိန္ဒြာရေ...... အမကဗျာတွေကို အမြဲစွဲလမ်းလျက်ပါ...


ခင်မင်တဲ့
နေ၀သန်

မယ့်ကိုး said...

ရာသီစာကို စုတ်ချက်လှလှနဲ့ ခြယ်နိုင်တဲ့ ချစ်မလေးရဲ့ ပညာခန်းကို အံ့သြမှင်သက်မိ...
ဒီမျှော်လင့်ချက်ဖလားဟာ ဒဏ်ရာရည်ဝလွန်းလို့ အိပ်မက်မှာပင် ရဖို့ခက်ခဲလွန်းလိုက်တာ။

Mogok Thar said...

ဖလားးး
ဖလားးးးးးးး
ဖလားးးးးးးးးးးးးးး


.တ.. လိမ့်... လိမ့်.....
လှိမ့်.....လိမ့်........

ကိုယ့်သွေးကိုယ် နွှေး လို့ နိုး လို့..

မနက်ဖန်ဆိုတာနဲ့ အဲဒီ့ မနက်ဖန်မှာ တောက်ပထွန်းလင်းမယ့်နေ့သစ်ရောင်ခြည်နဲ့.....

ဖလားကတော့..လက်တစ်ကမ်းမှာ..တောက်ပနေခဲ့ပြီ..

Anonymous said...

ဘောကွင်းမြက်ခင်းကိုမြင်တာနဲ့ မျက်နှာက လွှဲချင်ချင်လေ... အဲ့လောက်ထိ သားငယ်က ဝါသနာကြီးတာ xD

ကဗျာလေးကောင်းလို့ စိတ်မဝင်စားတဲ့သူကိုတောင် တစ်ခါတည်းအဆုံးထိဆွဲသွားတာပဲ။

Sein Lyan Tun said...

အံ့သြနေတာက ဘာလို့ ဒီလူ ၂၂ ယောက်က ဘောလုံးတစ်လုံးထဲကို လုကန်နေကြတယ်ဆိုတာ


ကမ္ဘာ ကြီး မချမ်းသာသေးဘူး ကဗျာဆရာမ သေးသေးလေးရဲ့...


ဒီလုကန်နေတဲ့ ဘောလုံးပွဲကို အားပေးနေတာ

ကဗျာဆရာမ ကဗျာတစ်ပုဒ်တောင်ထွက်တယ်နော်။

ဇွန်မိုးစက် said...

မရေ... ဘောလုံးပွဲကြိုက်သူပီပီ.. မရဲ့ကဗျာလေးကို နှစ်ခြိုက်စွာနဲ့ ဖတ်သွားပါတယ်။း)

ဇွန့်ပို့စ်မှာ မရေးသွားတဲ့ ကဗျာလေးအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောပါရစေ။

လင်းဒီပ said...

ခက်တယ်ဗျာ ကျွန်တော်တွေ့လိုက်တဲ့ဖလားက အတုကြီး...။

emayarKhin said...

ဖတ်ရတာဘောပွဲကိုကွက်ကွက်
ကွင်းကွင်းကြည့်နေရသလိုကိုပီပြင်ပါတယ်...

Anonymous said...

မကြီးရေ ရေ့ ရေးး....
ကဗျာလေး သိပ်မိ.. သိပ်သိပ်ထိ..

ကိုယ်တိုင်တောင် ရှာမတွေ့လောက်အောင် ပျောက်ပျောက်နေလို့ပါ...
သတိရကြောင်းပါ...

နားထောင်ပြီးပြီနော်..
အလွန်ကောင်း..း)

ကျွဲရိုင်း.. နော်.. အဟေဟေ့ဟေဟေးးး

Anonymous said...

Yinnaw ဆိုတာ ဘယ်လို ကျန်သွားပါလိမ့်...
အပေါ်က မန့်က koyinnaw ဆိုတဲ့ ကျနော့် ကော်မန့်ပါ မကြီးရဲ့..း)))

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်