July 29, 2009

အိပ်မက်ဋီကာ

ညဟာ ကံကြမ္မာအိမ်ရဲ့ အံဝှက်တစ်ခုဖြစ်ပြီး..
အဲဒီ့ အံဝှက်ထဲက အိပ်မက်တွေ သိုး ရိ ကြောင်း ဖြစ် တယ်..။

အိပ်မက်ဟာ တောဘုရားပွဲရဲ့ ညဈေးခင်းဖြစ်တယ်..
ညဈေးခင်းမှာ တစ်နှစ်စာ ဆာလောင်မှုတွေက ပေါပေါလောလော မြှူဆွယ်တယ်...
အဲဒီ့ညှော်နံ့တွေက အာရုံကို ယားယံလာစေတယ်..။

အိပ်မက်ဟာ စိတ်အငုံတွေ ဖူးပွင့်လိုက်တဲ့ ပန်းဖြစ်တယ်..
ရေသောက်မြစ်ကနေ အညွန့်အဖျားလေးအထိ အလိုမပြည့်ခြင်းတွေနဲ့ စိမ်းမြတယ်..
ပွင့်ဖတ်လွှာတွေအားလုံးမှာ အနာတရတွေရင့်ဝါနေခဲ့တယ်..။

အိပ်မက်က ရေခဲငွေ့လွှတ်ထားတဲ့ ည ကပွဲသဘင်ဖြစ်တယ်..
ကပွဲသဘင်က အိပ်မက်ဆန်လွန်းတယ်..
အိပ်မက်ဆန်သမျှကို အိပ်မက်ထဲ ထည့်မက်ပစ်လိုက်တယ်..။

အိပ်မက်က အရောင်လွင့်နေပြီဖြစ်တဲ့ ကုတ်အင်္ကျီတစ်ထည်ဖြစ်တယ်
အိတ်ထောင်ထဲမှာ ခပ်ညံ့ညံ့ အာခံမာနတွေ ထည့်လာတယ်..
အဲဒီ့ မာနက ညဥ့်ဦးယံကတည်းက ကျပျောက်သွားခဲ့တယ်..။

အိပ်မက်ဟာ ကိုယ့်ဘ၀ကိုယ် ဘယ်အခြေရောက်မှန်းမသိတဲ့ နှစ်ချို့မြွေဖြစ်တယ်..
အထပ်ထပ် လဲလှယ်ဝတ်ဆင်နိုင်တဲ့ အရေခွံတွေလည်းရှိတယ်
ကိုယ့်အမြီးကို ပြန်ပြန်မျိုရင်းလည်း ဘ၀သစ်ကို ထုံကူးတယ်...။

အိပ်မက်ဟာ ချက်တင် ၀င်နေတဲ့ ဂလိုဘယ်ဖက်ရှင်မလေးရဲ့ ချက်ပြုတ်ဘောင်းဘီဖြစ်တယ်
သူမ လက်ကိုင်ဖုန်းထဲကို ရယ်ဒီမိတ်အနာဂတ်တွေ ပေါပေါလောလော လိုင်းဝင်တယ်
အိပ်မက်ကို ဆော့ဖ်ဝဲတစ်ခုလို ကီးဘုတ်နှိပ်ပြီးတော့လည်း ၀ရမ်း နိုင် တယ်..။

အိပ်မက်ဟာ စနစ်တကျ ချခွဲပစ်လိုက်တဲ့ ကြည့်မှန်တစ်ချပ်ဖြစ်တယ်
ဘယ်လိုမှ ဆက်စပ်မရနိုင်တော့တဲ့ စိတ်ကွဲစတွေ လွင့်ဝေတယ်
သွေးစက် ချင်းချင်းရဲအောင်ကို ဆက်စပ်ပုံဖေါ်နေရတယ်..။

အိပ်မက်က ဒိန်ခဲပျောက်ကိုရှာနေတဲ့ တက်ခေတ်ကြွက်ရဲ့ အနာရင့်ဖြစ်တယ်..
အနာဖေးတွေကို ကြွက်က ဒိန်ခဲထင်သွားတယ်..

အိပ်မက်က မျှော်လင့်ချက်ကို ထီးလုပ်ဆောင်းထားတဲ့ လ ၀ါဝါဖြစ်တယ်..
လ က ထီးရိပ်မှာ အရောင် အ နေ ခဲ့ တယ်..။

အိပ်မက်ဟာ ကြက်ခြေခတ်ဖို့အတွက် အသင့်ပြင်ထားရတဲ့ အနီရောင်မင်တံဖြစ်တယ်..
အဲဒီ့မင်တံက အမှားနဲ့ ရည်ငံသွားခဲ့တယ်..။

ပြောရရင်..
အိပ်မက်ဟာ တစ်စောင်ထိုးထားပြီးတစ်လလုံးစိတ်ကြီးဝင်နိုင်တဲ့ အောင်ဘာလေထီ၊

နတ်ဆိုးစုတ်နေတဲ့ မန္တန်

အတိတ်မေ့(ချင်/နေ)သူတစ်ယောက်ရဲ့ ဆဋ္ဌမအာရုံ၊

အိပ်မက်ဟာ သူပိုင်အကုသိုလ်တွေက
သူ့အိပ်စက်ခြင်းကို သူ မီးတိုက်နေချိန်လည်း ဖြစ်တယ်ပေါ့ .....။

တကယ်တော့
အိပ်မက်ဟာ ခြေကုန်လက်ပမ်းကျနေတဲ့ ရ ထား အို တစ် စင်း ပါ ကွာ...
ရထားက ဘူတာပျောက်ကိုရှာနေတယ်..
ဘူတာက အိပ်မက်ထဲမှာ တည်ဆောက်ဆဲ..။

အိန္ဒြာ (၁၈.၅.၂၀၀၇)

(ပိတောက်ပွင့်သစ်မဂ္ဂဇင်း အမှတ်(၂၂)ဇန်န၀ါရီလ၊၂၀၀၉ )

မြန်မာပြည်က မဂ္ဂဇင်းတွေရောက်လာတော့မှ ဒီကဗျာ မဂ္ဂဇင်းပါပါလားဆိုပြီး ၀မ်းသာအားရဖြစ်ရတဲ့ ကဗျာလေးပါ..။
ပိုပြီးပျော်မိတာက ချစ်သော မမမနော်ဟရီ ရယ်..၊
ချစ်ချင်ပါသော်လည်းအမြင်ကပ်စရာကောင်းသော ကဗျာဆရာတည်ရ ရယ်..
တစ်အုပ်ထဲမှာ တိုက်တိုက်ဆိုင်ဆိုင်ပါဝင်ခဲ့တာပါ..။
(ကာလီဖိုးနီးယားကိုလံဘတ်ကြီးကျန်နေတာကို စိတ်မကောင်းပါ.. ;P)
တည်ရရဲ့ ဖြောင့်ထားသော မျဉ်းများက အတူတူပါကြမှန်းမသိခင်ကတည်းတင်ပေးပြီးပါပြီ..။
ဘလော့မှာပါ အမှတ်တရဖြစ်အောင် အစ်မ မနော်ဟရီ့ကဗျာ(ပင်လယ်ရေသောက်သုံးသူ)ကိုလဲ တင်ချင်ပါသေးတယ်..။
မမ တင်မယ်..နော်..း)

July 24, 2009

ရပ်ထားချင်တဲ့…….အတွေး

တမြည့်မြည့်….
ကျွမ်းမြိုက်ပူလောင်ဖို့…
တရွေ့…ရွေ့…။….ငါ့..ဆီ…။

အဓိပ္ပာယ်တွေ..အကန့်အသတ်မရှိတော့တဲ့..
နေခြင်းထိုင်ခြင်းမှာ..
အလန့်တကြား…..
ငါ့ကိုယ်ငါ….သိမ်းဝှက်ထားလိုက်တယ်…။

မှိုင်းမှုံ..ရီဝေဖွယ်ရာ..အငွေ့..အသက်တွေနဲ့..
ရင်ခုန်ယစ်မူးဖွယ်ရာ..နမိတ်ဆိုးတစ်ချို့နဲ့…..
ကြေကွဲရောင်..လှပနေတဲ့..ငါ့..တကိုယ်ရည်..ဆက်တင်..
အို…..!!
အဲဒီ့တံခါးကို..ဖွင့်လို့ရနိုင်မယ့်…
င့ါ..အတွေးပုံတူ..သော့တစ်ချောင်း….
နတ်ဝှက်ခြင်းခံလိုက်ရသတဲ့….။

ရုတ်ချည်း….မည်းပျို့…..
ဟော့ဒိတိမ်ညိုတစ်အုပ်ဟာ….
နတ်ဆိုး…မန်းစုတ်လိုက်တဲ့…မန္တန်တစ်ပုဒ်..ပေါ့ကွယ်…

ဘ၀ဟာ….
ရှင်သန်မှုတွေ..သေဆုံးသွားခြင်းနဲ့
သေခြင်းတရားတို့….ရှင်ပြန်ထမြောက်ရာကြိုးဝိုင်းပေါ့…..
ဘ၀ဟာ…
အသက်ရှိတဲ့ဝတ္ထုပေါ့….
ဘ၀ဟာ….
ဘာမှမဟုတ်ခြင်း..အထူးပြုလုပ်ချက်ပေါ့..
ဘ၀ဟာ…
ပေးဆပ်မှုတွေနဲ့လက်ပမ်းကျနေတဲ့…
အချစ်ပြိုင်ပွဲပေါ့…….
ဘ၀ဟာ..အချိန်မရွေးပေါက်ကွဲနိုင်တဲ့…တိုင်းဗုံး….
ဘ၀ဟာ.အလိုမကျခြင်း..တွေနဲ့ချည်းစည်ကားနေတဲ့..ပွဲတော်ည
ဘ၀ဟာ…ချိတ်ပိတ်ထားတဲ့ပေးစာတစ်စောင.်…..
ဘ၀ဟာ..အလွမ်းလောင်စာနဲ့….
ခုတ်မောင်းနေရတဲ့..ခရီးရှည်….

ဘ၀ဆိုတာ…..
ဘယ်အချိန်အထိ….တိုက်စားခံနေရမယ်မှန်းမသိတဲ့
ချောက်ကမ်းပါးတစ်ခု…ပါ…ကွာ.…။

အချစ်ဆိုတာကတော့..
သတိပေးဆိုင်းဘုတ်ချိတ်ဆွဲမထားတဲ့…
အန္တရယ်ကွေ့ ..တစ်ခုဖြစ်……ခဲ့တယ်.…..

ဘာပဲဖြစ်ဖြစ်…..
အခု..
သူလျို့ဝှက်ထားတဲ့..ငါ့လက်ဖ၀ါးထဲမှာ…
အရာရာကို…အပ်နှံထားခဲ့ပြီ..။

ဘယ်လောက်…..၊
ငါတွက်ဆမရနိုင်တဲ့..စိတ်ဒါဏ်ရာတွေနဲ့…
ဘယ်လို…၊
ကျွတ်ဆတ်နေမှန်းမသိတဲ့…ဒီပစ္စက္ခကိုတော့
ဟော့…ဒီ့…….သီချင်းတွေနဲ့……
ချော့ မြှူ နှစ် သိမ့် ကြည့် ယုံ လေး……..

ဒီလိုပါပဲ…………
လျောက်လှမ်းလာခဲ့တဲ့….
နေ့….နေ့…။…..ည…..ည
စိတ်ကို..စိတ်….အတိုင်းပစ်ချကြည့်တဲ့…..အခါ….
စိတ်ဆိုတာ…ကို…..က
အ..စိပ်….စိပ်…..
အ..မွှာ….မွှာ…..။


အိန္ဒြာ


ဖိုင်တွေထဲ ဟိုလိုက်ကလစ် ဒီလိုက်ကလစ် လုပ်ရင်းထွက်လာတဲ့ကဗျာတစ်ပုဒ်ပါ..။
အလှည့်အပြောင်းလေးအနေနဲ့ တင်ပေးလိုက်ပါတယ်..။
ပုံလေးရဲ့နေရာ

July 21, 2009

လူနှစ်ယောက်နဲ့ ကဗျာ

ဆရာခင်အောင်အေးနဲ့ ဆရာမောင်ပြည့်မင်းတို့ရဲ့
၂၀၀၀ ပြည့်အလွန်နှစ်တွေတုန်းကထုတ်ဝေခဲ့တဲ့

ကဗျာစာအုပ်ကလေးကို မျှဝေချင်တာပါ..။
ကဗျာချစ်တဲ့သူတွေ နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်..။
လူနှစ်ယောက်နဲ့ ကဗျာ
မောင်ပြည့်မင်း
၊ခင်အောင်အေး



အိန္ဒြာ

July 20, 2009

ဘာရယ်မဟုတ် နောက်ထပ်မလွဲမသွေရေးမှဖြစ်မယ့် ကဗျာတပုဒ်

ဒီလို ခေါင်းစဉ်တပ်မိမှတော့

အချဉ်ကမိနေပြီလေ..မိတာတွေရော မမိတာတွေရော

ရောကောသောကောချရေးဖို့သာပြင်ပေတော့

ထွေးပြီးသားတံတွေး ပြန်မြိုရမှာ ရွံတတ် ရှက်တတ်သူဆိုရင်ပေါ့။

ခပ်ပေါ့ပေါ့ပါပဲ..

ဘယ်သူဘာထင်ထင် ဘာဂရုစိုက်စရာလိုက်လို့

စိုက်နေတော့ကော စိုက်လိုက်မတ်တတ် ဘယ်သူကအရေးတယူ

ပန်းပင်လေးတပင်စိုက်သလို အရေးတယူရှိတာလိုက်လို့။

ကြာခဲ့ပြီ..

တော်တော့ကို ကြာခဲ့ပြီ

အိုင်းစတိုင်းရဲ့ နှိုင်းရ ဓမ္မ တရားကို အားနာမိလို့သာ

အဲလောက် ကြာပြီလို့ အလွန်အကျူး မဖွဲ့လိုက်တာ

မဖွဲ့နွဲ့မိအောင် ဆီး ၀မ်းအောင့် သလို အောင့်လိုက်ရတာ

တကယ် တော့ ကြာတောင်းကြာခဲ့ပြီ။

ကြာတိုင်းကော… ကဗျာကကောင်းပြီတဲ့လား

‘ဖွတ်’……

ဖွတ်ကမှ သာဦးမယ် ဆိုသလိုပေါ့။

ညီမရေ…

ကဗျာဆိုတာ (အနုပညာမှော်ရုံ) တောနက်ထဲက

အခူးရအခက်ဆုံး ပန်းတပွင့်ပါပဲ၊

အားလုံးဟာ..

ကဗျာရေးသူ (ကဗျာဆရာလို့ဆိုချင်ဆိုလေတော့) အပေါ်မှာပဲတည်မှီလေတယ်၊

ချီးမွန်း/ကဲ့ရဲ့ ခွန်နစ်ရက်ကိုတော့

အရေထူထူဖြတ်သန်းနိုင်သူ ဖြစ်ကောင်းတယ်။ ။

ခင်အောင်အေး

(မြန်မာစာရိုက်လေ့ကျင့်ခန်းတခုမျှသာ၊ ညီမအိန္ဒြာ ကိုအမှတ်တရ ရည်ညွှန်းလိုက်ပါတယ်)

ကဗျာဆရာရဲ့ လေ့ကျင့်ခန်းစာမျက်နှာကို အမှတ်တရ တင်ပေးလိုက်ပါတယ်..

July 17, 2009

အာဇာနည်ဆိုတာ

အာဇာနည်တွေရဲ့ သက်စောင့်ဓါတ်က သစ္စာတရားပဲ..
အာဇာနည်ဆိုတာနဲ့
ခန့်ငြားလုံခြုံတဲ့ အရိပ်က..အလိုလိုလွှမ်းခြုံပေးလိုက်တယ်..

အာဇာနည်ဆိုတာ
အောင်နိုင်ခြင်း..ဒါမှမဟုတ်...တစ်စုံတစ်ရာအတွက်
ပေးချေလိုက်ကြရတဲ့..အရင်းအနှီး

အာဇာနည်ဆိုတာ
တိုင်းပြည့်နဖူးပြင်ပေါ်က အမာရွတ်လည်းဖြစ်ခဲ့ပေါ့

အာဇာနည်ဆိုတာ..
မြောက်များလှစွာသော..နှလုံးအိမ် အစုအဝေးတွေထဲက
တညီတညွှတ်တည်း..ယိုစိမ့် ကျလာခဲ့တဲ့ ပညတ်ချက်

အာဇာနည်ဆိုတာ
မျိုးနွယ် သို့မဟုတ်..နိုင်ငံ...သို့မဟုတ်...ယုံကြည်ချက်..သို့မဟုတ်..အားလုံးရဲ့
အထွဋ်အမြတ်ဝိဥာဉ်တစ်ဆူ

အာဇာနည်ဆိုတာ ငြင်းပယ်မရနိုင်တဲ့ သမိုင်းကြောင်းပေါ်က
အနှစ်ချုပ်စာမျက်နှာလည်းဖြစ်ခဲ့တယ်.

အာဇာနည်တွေရဲ့ရာဇ၀င်ဟာ
နာကျည်းကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းတွေနဲ့...ခန့်ငြားသိပ်သည်းလို့

အာဇာနည်ဆိုတာ
ပြောင်းလဲခြင်းတစ်စုံတစ်ရာကိုရည်သန်တဲ့
မီးဟုန်းဟုန်းတောက် ပဋိပက္ခအကြား...မားမားစွင့်စွင့် ရပ်ဝံ့ သူ
အာဇာနည်ဆိုတာ ရဲဝံ့စွန့်လွှတ်နိုင်ခြင်းရဲ့ ဧကရာဇ် တစ်ဆူပဲ

အာဇာနည်ဆိုတာ ပြည်သူ့သွေးကို သူ့အသက်နဲ့မောင်းနှင်ပေးသူတွေ..

အာဇာနည်ဆိုတာ အသက်ကိုခဲယမ်းလို သဘောထားနိုင်ကြသူတွေ...

အာဇာနည်ဆိုတာ အဆုံးစွန် စွန့်လွှတ်နိုင်ခြင်းစွမ်းရည်ရှိသူတွေ...

အာဇာနည်တွေမှာ
တစ်ဘ၀လုံးဖြန့်ကြည့်တာတောင်
ဝတ်စုံကောင်းကောင်း မရှိခဲ့ကြဘူး...

အာဇာနည်ဆိုတာ...အမှန်တရားကိုကိုးကွယ်ပြီး
သူ့လည်ဂုတ်ပေါ်မိုးနေတဲ့ ဓါးသွားထက်
စိတ်တွေပေါ်က ဓါးအတွက် စိုးကြောက်တတ်ခဲ့တာ....


အာဇာနည်ဆိုတာ.
..................................

အာဇာနည်ဆိုတာ.
သေတာတောင်မျက်စိမပိတ်နိုင်ကြသူတွေ...။ ။

အိန္ဒြာ
(၁၉.၇.၂၀၀၉)

(ကျဆုံးလေသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဤကဗျာဖြင့် ဦးညွှတ်ကန်တော့လျက်....)

July 13, 2009

ပဟေဠိ ရဲ့ အဖြေမှန်

အဖြေကိုမပြောခင်အဖြေမှန်တဲ့သူတွေစာရင်းကို အရင်ထုတ်ပြန်ချင်ပါတယ်..

(၁)။ မယ်ကိုး
တကယ်ဆိုသူက ဒုတိယရရမှာပါ..။ ဒါပေမယ့် သူ့ခမျာ မယ်ကိုး၏စာစုများကနေ အိန္ဒြာဘလော့စပေါ့ဒေါ့ကွန်းကို လှေတောင်လှော်လာနေရတော့
ပထမနေရာကပေးလိုက်ပါတယ်..။ခေါင်းတွေလဲတော်တော်စားနေရှာပြီး..နောက်ဆုံးမှအဖြေမှန်ကို ချရေးသွားတာပါ.။
( မယ်ရေ..အသံရှင်က ရှင့်ကို " မယ်ကိုးကို ကျွန်တော်စိတ်ဆိုးတယ်လို့ ပြောလိုက်ပါမကြီးရယ်..
လူ၃၀လောက်ချရေးတာ ကျွန်တော့နာမည်ကျန်နေခဲ့တယ်...
ကျွန်တော့မှာတော့ သူအသစ်တင်တိုင်းပြေးပြေးဖတ်လိုက်ရတာ "" လို့ စကားကြုံပါးထားပါကြောင်း..)

(၂)။လင်းဒီပ
ဒက်ထိကွက်တိကြိးပြောလာတော့ မျက်လုံးတောင်ပြူးသွားပါတယ်..အကြားအမြင်များရသလားပေါ့..။
နောက်အဖြေမမှန်ရင်ခဲနဲ့ပေါက်မယ်လာအော်တော့ အော်..မဟုတ်လောက်ဘူး..ရွှီးနေတာလားလို့တွေးရပြန်ပါတယ်..။
(လင်းဒီပကို သတိထားကြပါ စိတ်မထင်ရင်ခဲနဲ့ပေါက်တတ်ပုံရပါတယ်..။)

(၃)။အချစ်ဆုံးသူငယ်ချင်းမကြီးသင်းသင်းထွဋ်
သူက ရှားလော့ဟုန်းတူမလိုလို ဦးစံရှားမြေးလိုလိုနဲ့ စုံထောက်တွေးတွေးပြီးဖြေထားတာပါ..။
သူကGtalk ကနေခန့်မှန်းချက်ပေးတာ..ဆရာဦးအောင်ဝေးကစလို့ မောင်ကာတွန်းလေးအထိ.
စာရင်းကျွန်အကုန်ပါပြီးPrintထုတ်ကြည့်ရင်၃မီတာလောက်ရှည်မယ်..။ နောက်ဆုံးမဟုတ်သေးဘူးဆိုတာတွေကိုခြစ်ချပြီး..တစ်ယောက်ပဲကျန်ပါသတဲ့..။

(၄)။မောင်ဖိုးစိန်
အတင်းကာရော ညတွင်းချင်း Gtalk ကို add ပြီး သူဖြေတာမှန်မမှန် ဂျီကျနေတဲ့ ကလေးပါ..။
ခုလဲနံပါတ် ၁ရအောင် ကွန်မန့်box ကို လက်ဝါးနဲ့အုပ်ပြီးစောင့်နေပါတယ်.။.
သူက ဒီ ထူးအိမ်သင်တမလွန်ကထပြောသလိုထင်ရတဲ့ အသံကို မှတ်မိနေပါသတဲ့..။
ညကလည်းမောင်ကာတွန်းနဲ့ ထရိုက်ကြတော့မလို့ တော်တော်ဆွဲလိုက်ရပါတယ်..။
သူ့" ဦး " ငါ့ " ဦး " လုနေကြတာလေ...။

အဖြေမှန်ကတော့

လေးဂွရှင်ပါ (မှတ်ချက် ။ ။ လေးညှို့ရှင်မဟုတ် )
ဆံပင်စုတ်ဖွားဖွာ ဂျစ်တီးဂျစ်ကန်စတိုင်နဲ့ ဂွ ခါးကြားထိုးထားတဲ့ ခပ်မိုက်မိုက် Blogger ပါ..။
တစ်လုံးကဗျာတွေကို နားထဲ သဲတရှပ်ရှပ်ဖြစ်လာအောင် ပြောင်ပြောင်မြောက်မြောက်ရေးဖွဲ့နိုင်စွမ်းတဲ့..
ကမ္ဘာ့ ပထမဆုံးစာဆိုတော်ကြီးပါ..။
အဲ..သိပ်တော့ သွားမပြောကြပါနဲ့နော်..။ သူအရမ်းရှက်တတ်ပါတယ်..။
ငါ ဘလော့မှာတင်လိုက်မှာနော်ဆိုတော့ သူရှက်ကြောင်း အကြိမ်၁၂၅၀ တိတိပြောခဲ့တာပါ..။
ကိုယ် ကတယ့်ကို ရင်သပ်ရုမောတအံ့တသြဖြစ်ရတာကတော့ လူနဲ့.(အဲ..)စာနဲ့(အဲ) ဘာမှမဟုတ်ပါဘူး.....
တည်ငြိမ်ပြီး ကာလာတအားလှတဲ့ ကရုဏာရိပ်တွေလွှမ်းနေတဲ့ နောက် mood အပြည့်နဲ့ရွတ်ပြလိုက်တဲ့ သူ့အသံကိုပါ..။
(ဒီလိုပဲ ပြောရတာပေါလေ..။)
အရေးထဲ ခင်လေးငယ်ကမကောင်းဘူးပြောလို့ သတ်မယ်ဖြတ်မယ်ဖြစ်ကြပါသေးတယ်..။

တစ်ကြိုစာရင်းထဲနာမည်ကြီးသွားသူကတော့..

ဝိတ်သား မိုးမောင်ပါ..။
သူတကယ့်ကို အလွန်အမင်း မဟားတရား အလုပ်များနေတာပါ..။
အဲဒီ့ကြားက အူယားဖါးယားဖုန်းဆက်ရှာပါတယ်..။
ဒါလား ကျွန်တော့်အသံ ကျွန်တော့် အသံ က ဒီ့ထက်ကောင်းတာကိုများ..တဲ့.။
(သိလား ကိုရင် ..ဒင်း အဲလိုပြောသွားတာ..)

ဆုလက်ဆောင်အနေနဲ့

မယ်ကိုးနဲ့လင်းဒီပ city hall ကမန္တလာဖြစ်ဖြစ်၊ရနံ့သစ်ဖြစ်ဖြစ် ကြိုက်တဲ့ဆိုင်တစ်ဆိုင်ဆိုင်မှာ..အ၀စား... (သုံးဒေါ်လာအောက်)
သင်းသင်းမ နင်မင်္ဂလာဆောင်ရင် လက်ဖွဲ့ပိုဖွဲ့မယ်..။
မောင်ဖိုးစိန်လေးက ဒီစနေမှာ ကြာဆန်ချက်ရှယ်ချက်view မျိုးစုံကနေ..ဓါတ်ပုံရိုက်ပြီး Mail ထဲကို sent ပေးမယ်နော်..။
လေးဂွရှင်နဲ့ အကြံပေးခင်လေး တို့အတွက်ကတော့ သေသေချာချာစဉ်းစားနေပါတယ်..
(သူတို့က VIP ဖြစ်သွားပြီလေ..။)

လေးလေးနက်နက်ပြောချင်တာလေးက

မထင်မှတ်ပဲ ပျော်စရာကြည်နူးစရာ အမှတ်တရလေးတစ်ခုဖြစ်သွားခဲ့တာပါ..
အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်မဆုံဘူးမတွေ့ဘူးကြပဲ စိတ်ချည်းသက်သက်နဲ့ ဒီလောက် ချစ်ခင်ရင်းနှီးသွားနိုင်ကြသလားလည်းတွေးမိပါတယ်..။
ဒီလို အထီးကျန်နေနေကြရတဲ့ အချိန်ကာလတွေမှာ..
စိတ်ပင်ပမ်းလူပင်ပမ်း ဖြစ်လာရသမျှတွေဟာ ကွန်ပြူတာပါဝါခလုပ်ပေါ်ကို
လက်ညှိုးတင်လိုက်တာနဲ့ပြေပျောက်သွားရသလိုပါပဲ..
ကွန်းမန့် ထဲကစာတွေ..၊ gtalk ကမီးစိမ်းစိမ်း လေးတွေဟာ..ကိုယ့်အိမ်သားတွေလို ပါပဲ..။
(ဒီနေရာမှာ ပုန်းပုန်းနေပြီး သရဲခြောက်သလိုထထပြောတတ်တဲ့လူတွေလည်းပါပါတယ်..။)
ဟိုး..နောင်ရောက်လာမယ့်အချိန်တွေအတွက်ကတော့ ဒီအချိန်တွေဟာ..ဆွေးဆွေးမြည့်မြည့်တမ်းတလွမ်းဆွတ်စရာအချိန်တွေပါပဲ..
ဒီလူတွေဟာ..ဘယ်လိုမှမေ့ရတော့မှာမဟုတ်တဲ့ သံယောဇဉ်တွေပါပဲ..။

အခုလို ပျော်ပျော်ပါးပါးလာရောက်ဖတ်ရူထင်မြင်ချက်ပေးသွားတဲ့
ညီအမ မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်.။
အထူးသဖြင့်တော့ ကိုရင့်ကိုပါ..။
ကိုရင်ရေ...နင်ပေးတဲ့ လက်ဆောင်တစ်ခုပေါ့ဟာ..

"" အမှတ်တရဆိုတာ ကွာဟနေတဲ့ တစ်စုံတစ်ရာတွေအတွက် ထာဝရကဗျာ"" ပါပဲ..။

အိန္ဒြာ
(13.7.2009)

July 11, 2009

အသံကြောင့်သေသွားရတဲ့ သီချင်း(အသံထွက်တဲ့ကဗျာ/ကဗျာပဟေဠိ)

အခု ဒီ အသံကြောင့်သေသွားရတဲ့ သီချင်း ဆိုတဲ့ ဒီကဗျာလေးနဲ့ ပတ်သက်ပြီး.. ပဟေဠိ တစ်ခုဖွက်ရင်း.. အံ့သြကြည်နူးစရာလေးတစ်ခု ကို မျှဝေလိုက်ပါတယ်..။

ဒီနေ့ကဗျာတင်ပြီး.. ညနေလောက်ရောက်တော့ မေးလ်ထဲကို အသံဖိုင်လေးတစ်ဖိုင် ရောက်လာပါတယ်..။ ဖွင့်လိုက်တော့ ကိုယ့်ကဗျာကို သေသေချာချာလေး ရွတ်ထားတာ.. အသံကလဲ ကြည်လင်ပြီး ဆွဲဆောင်မှုရှိလိုက်တာ..
နားထောင်ကြည့်ကြပါလား..
နောက်တော့ ဘယ်သူဖြစ်မယ်ထင်လဲ မှတ်ချက်လေးလည်းပေးကြပါဦး...
Blogger ထဲကနော်..
စာရေးကောင်းတဲ့ ဘလော့ဂါ တစ်ယောက်ပေါ့.. :P



အိန္ဒြာ

အသံကြောင့် သေသွားရတဲ့ သီချင်း

ဓာတုဗေဒလွန် သစ်သီးဝလံလို
ကြီး ထွား ရင့် သန် သလောက် အရသာမရှိဘူး
အကွက်ချ စိုက်ပျိုးထားတဲ့ဥယျာဉ်မှာ
နှစ်ရှည်စီမံကိန်းနဲ့ ဖူး ကြ ပွင့် ကြ ပေါ့....။
ဒီလိုပါပဲ....
အခု ငါ ချမ်းသာသမျှ စည်းစိမ်ဥစ္စာအားလုံးဟာ
သူ့ ကားဘီးတစ်လုံးစာ မရှိသလိုမျိုး
အခု သူ စီးထားတဲ့ ဖိနပ်က
တစ်ချို့ တစ်ဘ၀လုံးစာနဲ့ ညီ မျှ နေ တယ် ပေါ့.......။
ဒီလိုပါပဲ....
ရှိတာလေးနဲ့ ၀အောင်ဖတ်ပြီး
ရတာလေးနဲ့ လှအောင်ရေးတယ်ပေါ့..
ကာလပေါ် ဒဏ်ရာဒဏ်ချက်တွေနဲ့
ချွေးစက်စက်ကျတယ်ပေါ့....။
ဒီလိုပါပဲ....
မျက်ဝန်းတွေကိုသင့်တော်ရာမှာ ထူးခတ်ပြီး
နားတွေကို မိုင်ထောင်ချီခရီးဝေးထိ ရွက်လွှင့်ထားတယ်ပေါ့..
နှလုံးသားကို အဆာပြေသလို နေရာချထားပြီး
ဦးနှောက်ကို ခြေပစ်လက်ပစ် အိပ်စက်ခိုင်းတယ်ပေါ့..။
ဒီလိုပါပဲ....
အပေါစား ဖျော်ဖြေမှုတွေကို
အတင့်ရဲရဲ ငြင်းဆိုနိုင်တယ်ပေါ့...
ကိုယ့်လိပ်ပြာကိုယ် လေးစားပြီး
ကိုယ့် အရိပ်ကိုကိုယ် ဂါရ၀ပြုတယ်ပေါ့.....။
ဒီလိုပါပဲ....
အနုပညာဆိုတာ..
နှလုံးသွေးတွေ အနယ်ကျထားတဲ့ ကျစ်စာခဲပါပေါ့..။
အနုပညာသမားဆိုတာ...
နွံထဲမှာ နစ်မြုတ်နေဆဲ ပတ္တမြားတစ်ခဲပါပေါ့..။
ဒီလိုပါပဲ....
သူရဲကောင်း ပုံပြင်တွေကို
ခေါင်း အုံး အိပ်တတ်လာတယ်ပေါ့..
ခေတ်ပေါ်သီချင်းသံစဉ်ကို
စည်း ၀ါး လိုက်ချင်လာတယ်ပေါ့..။

ဒီလိုပါပဲ....
(နောက်တော့လည်း..)
မျှော်လင့်ချက်ဆိုတာက
ဆိုက်ဗေးရီးယား ရထားကို စောင့်ကြိုနေတဲ့ ဘူတာရုံလေး ပါ ကွာ..။

တဖြည်းဖြည်းအသားကျလာတဲ့ နေရာထိုင်ခင်းမှာ
ရယ်မောသံတွေ အရည်အသွေးပြည့်မပြည့် ဆိုတာအထိ
စဉ်း စား မ ကြည့် ကြ ပါ နဲ့...။ ။

အိန္ဒြာ

(ရေးဖြစ်ထားတာကြာပါပြီ..။ သိပ်စိတ်တိုင်းမကျသေးလို့ သိမ်းထားဖြစ်ပါတယ်..။
ခုတော့ အဲဒီ့စိတ်တိုင်းမကျခြင်းတွေကိုပဲ သေသေချာချာတင်ပေးလိုက်တာပါ..။ )

July 8, 2009

အရူးမှာလိုင်စင်ရှိတယ်

ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကပ်ကြေးသံတစ်ချပ်ချပ်က နားယားတယ်
ငါ့ခေါင်းကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ရှိသေးတယ်
သံသရာဟာ ဘောလုံးပွဲမှာ သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ဘက်ခမ်း၊ဘန်ပါစီ၊မက်စီ၊ကာကာ
ငါ့ရှေ့ရောက်သလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီလုံးရှေ့က ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင် စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊စိတ္တဇဝေဒနာသည်လား
သူ့ အမူအယာတွေ၊လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ဖြစ်ပါမလား
တကယ့်တော့ဗျာ နံရံမှာချိပ်ထားတဲ့ ကျားခေါင်းနေရာမှာ ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိပ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား လူတွေစိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူအတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးကို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ပြုတ်ကျလာပုံ၊ကြောင့်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့် အတွင်း အဖြစ်အပျက် သူ့မျက်နှာဟာ သူဘာမှမလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေးတိကျ၊မြန်ဆန်လွန်းတယ်
သူမျက်နှာရှေ့ တ၀ီဝီပျံသန်းနေတဲ့ ယင်ကောင်ကိုဝိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ၀တ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ဝိုင်းဟာ
ငါ့ ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ဂုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြုတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်းကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကြော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။

ကိုရွေး

အရူးအက်ရှင်ကိုရေးခဲ့သူဆိုတော့ အရူးကဗျာတွေ့ရင်မနေနိုင်ပါဘူး..။
အခုလဲ တော်တော့ကိုကြိုက်မိသွားတဲ့
ဆရာကိုရွေးရဲ့ ကဗျာကိုဝေငှလိုက်ပါတယ်..။
ကဗျာဖတ်ပြီးတွေးမိတာက ကိုယ်တို့တွေ ဆံသဆိုင်ကခုံမှာ ထိုင်နေမိကြသလား..ပေါ့..။

July 4, 2009

စိတ် ကစားတဲ့ကွင်း


တကယ်ဆို
ဖိုသတ္တ၀ါရဲ့ နံရိုးလောက်ပါပဲ..

ဒီ ဘ၀မှာတော့..
နေ့စဉ်လှုံလှုံနေရတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့
တဖြည်းဖြည်း ကျွတ်ဆတ်လာတဲ့ မိန်းမ တစ်ယောက်အဖြစ် တည်နေခဲ့..။

သင်ရော..
ကံကံ၏ အကျိုးဆိုတာကိုယုံကြည်လား..
သင့်ကိုယ်သင်
တစ်ထစ်ချင်းနင်းပြီး
ဆင်းကြည့်ဖူးသလား..
သင်လွန်ကျူးမိသမျှ
အမှားယွင်း အကျအပေါက်တွေကို..
စနစ်တကျ စာရင်းပြုစုကြည့်ဖူးလား...

ကိုယ့်ကိုယ်ကို
ကာကွယ် ထုချေ ဖြေရှုင်းနိုင်သေးသ

သိပ်မဆိုးသေးဘူးလို့
ကျွန်မတို့
ယုံ ကြည် ပေါ့ ပါး လိုက်ရအောင်...

အဲဒီလိုမျိုး...
တစ်ဘ၀လုံးလုံး...
စိတ်က ကိုယ့် ကို
စိတ်ရှိသလို ကစားပစ်ခဲ့တာ..။ ။

အိန္ဒြာ
(၅.၇.၂၀၀၉)

(ပုံလေးကို ချစ်သော မမ မနော်ဟရီက ရှာပေးထားတာပါ..။)

July 2, 2009

လွတ်လမ်း

၁။
တိတ်ဆိတ်ခြင်းဟာ..တရွရွ ကုတ်ဖဲ့နေတဲ့ လက်သည်းရှည်တစ်မျိုးပဲ..။
တိတ်ဆိတ်ခြင်းတို့..အော်အော်အုပ်အုပ်ရှိလွန်းလာတဲ့ အခါ
နားစည်ကမခံရပ်နိုင်အောင်နာကျင်လာခဲ့တယ်..။

ကိုယ့်အသက်ရူသံဟာ..ကိုယ်တိုင်အတွက် သွေးလေချောက်ချားဖွယ်ရာ ဂီတတစ်မျိုးပေါ့...။
ကြာရင်.....ဖြစ်ပါတော့မလား....။
ကြာရင်....
ကြာရင်....
ကြာရင်တွေ ဘယ်လောက်ကြာခဲ့ပါလိမ့်....။
ကြည့်စမ်း..ဒီအခန်းကျဥ်းထဲမှာ...အလူးလူးအလဲလဲ အောင်မြင်နေတယ်ဆိုတဲ့
မိန်းမတစ်ယောက်တည်း
သွေးလေချောက်ချားဖွယ်ရာ ဂီတတစ်မျိုးကို နားထောင်နေခဲ့ရတာ....
ဘယ်လောက်ကြာပြီတဲ့...လဲ.........ကွယ်.။
----------------------------------------------------------
၂။
မခံမရပ်နိုင်တော့တဲ့အဆုံး..တံခါးမကြီးကို ဆွဲဖွင့်ပစ်လိုက်မိတော့..
ဗြုန်းကနဲ လမ်းမတစ်ခုတွေ့လိုက်ရတယ်..။

အိုး..လမ်းမ တစ်ခုပါပဲ....
ဟိုးအဝေးကြီးကို မျှော်ကြည့်လိုက်နိုင်တဲ့..
လမ်းဆုံးမှာ ဘာတွေရှိနေမလဲ ဆိုတဲ့ မျှော်လင့်ချက်အသစ်တစ်ချို့ကို ပေးချင်ပေးနိုင်ဦးမှာဖြစ်တဲ့..
ရင်ခုန်ယစ်မူးဖွယ်ရာ မှော်ဆန်ဆန်ရနံ့တစ်မျိုးမျိုးတသိပ်သိပ် ပျံ့လွင်နေတဲ့...
အို သူမကို လျှာတစ်ချောင်းလို လိပ်ယူမျိုချသွားနိုင်တဲ့....
သက်တောင့်သက်သာကြီးကို လဲလျောင်းနေတဲ့ လမ်းမ တစ်ခုပါပဲ....
သူမကို..စောင့်နေခဲ့တာလား...
ဘယ်အချိန်ထွက်လာထွက်လာ...အင်မတန်ဧည့်ဝတ်ကျေပွန်တဲ့ ရွှေကြိုတစ်ယောက်လို လမ်းမက
သူမကို လှိုက်လှဲပျုငှာလို့ပါလား.....။

ဟင့်အင်း......
ဝုန်းကနဲ...
သူမ..
တံခါးကိုပိတ်ချပစ်လိုက်တယ်..။
---------------------------------------------------------------
၃။
ဘုရား...ဘုရား.....
သူမရင်တွေက တဆတ်ဆတ်တုန်ယင်လို့..အို...တိမ်းမူးဖွယ်ရာ ရနံ့တွေက လမ်းမတစ်ဖက်တစ်ချက် ဆန်းကြယ်လှပနေတဲ့ ပန်းပွင့်တွေဆီကများလား..
အေးညှင်းတဲ့လေပြည်ကတစ်ဘ၀လုံးကိုတစ်ထိုင်တည်းငြိမ်းအေးသက်သာစေတော့မလိုပါလားကွယ်..။
အို..လမ်းရဲ့ အဆုံးမှာ ဘာရှိမယ်မှန်းမသိဘဲ...
လမ်းဟာ...အဆုံးသတ်ရှိမရှိ ဆိုတာမသိဘဲနဲ့...
လမ်းဟာ..ဘယ်လောက်ကောက်ကွေ့ဦးမှာလဲ..ဆိုတာကို မသိသေးဘဲ..
အနည်းဆုံး...သူမအတွက် လမ်းပြမြေပုံလေး..တစ်ချပ်တစ်လေမှ မရှိဘဲ..
သူမက လမ်းရဲ့ ဆွဲဆောင်ရာနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားလောက်အောင်.
.ညံ့ဖျင်းတဲ့ မိန်းမမှမဟုတ်တာပဲ...။

ဒါဆို..သူမကလမ်းမတစ်လျှောက်ကိုစိတ်ကူးနဲ့ မှန်းဆပြီး...ပန်းချီကားတစ်ချပ်လောက်ဆွဲထားရင်ကောင်းမလား...
ဒါဆို သူမကဘယ်အရောင်ကို ကဲပြီးရေးဆွဲလိုက်ရမှာလဲ...။
ဟုတ်တယ်...သူမကအရောင်တွေရဲ့ခွန်အားနဲ့သက်ရောက်နိုင်မှုကို..
သူများထက်စေ့စေ့စပ်စပ်သိနေတဲ့..မိန်းမတစ်ယောက်လေ......

ဒါဆို...လမ်းဟာ....
လမ်းမဟာ....
သူမအာရုံတွေ ဖြုန်းကနဲ မည်းနက်သွားခဲ့တယ်..။
------------------------------------------------------------------
၎။
ဒီအခန်းလေးကို သူမက ထားရစ်ပြီးထွက်ခွာသွားရမှာတဲ့လား..
ဟက်ကနဲ.....
ရယ်ရယ်မောမောမျက်ရည်ကျခဲ့ရတာတွေက များပြီပဲကွယ်..။
သူမအခန်းတံခါးကိုဆွဲဖွင့်လိုက်မိတယ်...။
အို...ဝေါကနဲ ထွက်ကျလာတဲ့ အနံ့တွေ..သူမကို မီးလိုဆီးဟတ်လိုက်ပါရော..
ကိုယ်သင်းနံ့ လိုလို ၊ ချွေးနံ့လိုလို ၊ မှိုစွဲကပ်နေသလိုလို ပရုတ်လုံးနံ့လိုလိုသူမသိပ်ကြိုက်တဲ့ ယုဇနပင်ရဲ့ သစ်ရွက်စိမ်းနံ့မျိုးရေမွှေးနံ့ရောပါမှာပါပဲ..။
အားလုံးရောပြွန်းပြီး အော်ဂလီဆန်စရာကောင်းလွန်းနေလိုက်တာ.။
သူမ မေ့ကိုမေ့ထားရမယ့် ခပ်စူးစူးပေမယ့် ချိုနေတဲ့ရနံ့တစ်မျိုးရော ပါနေသေးသလား...။
ဟင့်အင်း..ဒါကတိတိကျကျကို မေ့ကိုမေ့ထားရမယ့်အရာ..လေ.။
ဒီအနံ့တွေက အ၀တ်တွေ ၀တ်စုံတွေ...အရောင်စုံအမျိုးစုံတွေဆီကလွင့်ပျံ့လာခဲ့တာ..ပေါ့.
သူမဒီဝတ်စုံတွေကို ၀တ်ဆင်ခဲ့တယ်တဲ့လား...
အရောင်လေးကိုကြိုက်နှစ်သက်လို့..၊ အဆင်ဒီဇိုင်းလေးကိုကြိုက်နှစ်သက်လို့.။
ရာသီဥတု ပွဲလမ်းသဘင်တွေနဲ့ သင့်လျှော်လို့...

အို...တစ်ဘ၀လုံးသူမ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံတွေ....။ နည်းမှ မနည်းခဲ့ပဲ......။

မဟုတ်ပါဘူး......တကယ်တော့...
အရှက်တရားတွေ အရောင်တွေ အဆင်ဒီဇိုင်းတွေ ရာသီဥတုနဲ့ ပွဲလမ်းသဘင်တွေက သူမကို စနစ်တကျ၊လှလှပပနဲ့ ကြေးကြီးကြီးကို ၀တ်ဆင်ခဲ့တာပါ...
ဟုတ်တယ် သူမဟာ..တစ်ဘ၀လုံးဝတ်ဆင်ခံနေခဲ့ရတာ...။

သူမဟာ..တစ်ဘ၀လုံး တစ်စုံတစ်ရာတွေရဲ့ ၀တ်ဆင်မှုအောက်မှာ သေ၀ပ်ကျိုးနွံနေခဲ့ရတာပါ..။
---------------------------------------------------------------------------
၅။
ဟိုး..အခန်းသူမခေါက်မသိမ်းပဲ ချိတ်ရက်ထားခဲ့တဲ့ အဖြူနှစ်နှစ်ပိုးသားဂါဝန်ရှည်ကတော့
သူမလက်ထပ်ပွဲနဲ့ ကွာရှုင်းတဲ့အချိန်မှာ ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံပေါ့..။

ဒီဝတ်စုံတစ်စုံတည်းပေမယ့် သူမမျက်လုံးထဲက တဖျတ်ဖျတ်လဲ့ဖြာနေတဲ့ အလင်းရိပ်အလင်းငွေ့တွေက ကွာခြားနေခဲ့လိုက်တာ...
ဟိုတုန်းကတော့ အဲဒီ့ဝတ်စုံ၊ မင်းပရိတ်သတ် နဲ့ အချစ် ဆိုတာရဲ့ ၀တ်ဆင်မှုအောက်မှာ သူမက ခိုးခိုးခစ်ခစ်ရယ်မောလို့..။
နောက်တော့ ဟောဒီ့ဧည့်ခန်းရဲ့ ဆိုဖာဆက်တီပေါ်မှာ ပုံ့ပုံ့လေးထိုင်ပြီး..ရှေ့နေနဲ့ သူမနဲ့ အတူမနေတာကြာပြီဖြစ်တဲ့ သူမရဲ့ ခင်ပွန်းသည်လို့ အမည်သညှာရှိနေသေးတဲ့
ယောကျာ်းတစ်ယောက်ကို စောင့်နေခဲ့ရသတဲ့...........။
ချက်ချင်းကို တရိပ်ရိပ်မူးဝေလာသလိုပါလားကွယ်...။
ကွာရှုင်းတဲ့နေ့မှာ လက်ထပ်ဝတ်စုံကို.ခမ်းခမ်းနားနား.၀တ်ဆင်ထားတဲ့ အမျိုးသမီးကို ကြည့်နေကြတဲ့ မျက်ဝန်းတွေက..သူကကို ကဲ့ရဲ့အံသြလိုမှုတွေနဲ့
ကွာရှုင်းခွင့်တောင်းတဲ့ ယောက်ျားကို သိပ်မှန်တာပဲလို့ ထောက်ခံနေသလိုပေါ့...
တစ်သက်လုံးစိတ်အတိုင်းလုပ်လာခဲ့တဲ့မိန်းမဟာ...
ပိုးသားအိအိဂါဝန်ရှည်အောက်က အတော်အတန်လျော့လျဲစပြုနေပြီဖြစ်တဲ့ ခန္ဓာကိုယ်ကို

ဘယ်လိုခွန်အားတွေနဲ့ ထိမ်းမတ်ဆောက်တည်ထားရသလဲ..ဘယ်သူမှမရိပ်မိနိုင်ကြပါဘူးကွယ်..။
ဒါပေမယ့် သူမက ဘယ်လိုမှထိမ်းချူပ်နိုင်မစွမ်းတော့ပဲ သူမရင်ခွင်ကိုခေါင်းအပ်ငိုကြွေးလာတဲ့ သူ့ရဲ့ ဆံပင်ကြမ်းရှရှတွေကို နုနုဖွဖွပွတ်သပ်ပေးလိုက်နိုင်သေးရဲ့..
မောင့် ကိုခွင့်မလွှတ်ပါနဲ့... မောင်..လေ....ဘယ်လိုမှ....
နိုး...မင်း မှ မမှား..ပဲ..ဟန်နီ..။
အားလုံးပြန်သွားပြီးတဲ့နောက် သူမက ဒီဂါဝန်နဲ့..သူမရဲ့မျက်ရည်တွေကို စနစ်တကျ သိမ်းထုတ်လို့...
သိလား..
ဒီဝတ်စုံဟာ...ကိုယ့်ဘ၀မှာ..နောက်ဘယ်ဝတ်စုံတစ်စုံကိုမှ ရှာဖွေနေစရာမလိုလောက်အောင်..
ကိုယ့်ဒဏ်ရာဒဏ်ချက်တွေနဲ့ ကိုယ့်အကြောင်းပြချက်တွေအတွက် ပြီးပြည့်စုံနေခဲ့တဲ့ အရာ..။
--------------------------------------------------------------------------------------------------
၆။
ဒီအခန်းကတော့ သူမရဲ့ငိုကြွေးသံတွေနဲ့ သူမရဲ့ရယ်မောသံတွေကို စနစ်တကျသိမ်းဆည်းထားတဲ့ အခန်းလေးတစ်ခုပေါ့..။
သူမက စိတ်ရှည်လက်ရှည် နဲ့ သူမရဲ့ ငိုကြွေးခြင်းတွေ ရယ်မောခြင်းတွေကို
ဒီဂရီခွဲကြည့်ချင်သေးသတဲ့...

ကဲ..သူမမှာ ရယ်မောသံ စစ်စစ် ဘယ်လောက်ရာခိုင်နှုန်း..ရှိနေခဲ့ပါသလဲ...။
သေသေချာချာရွေးကြည့်လေ သူမရယ်မောသံတွေက အရည်အသွေးမမှီလေပါလား..ကွယ်..။
ခံစားချက် ပြင်းထန်လေ..မျက်ရည်တွေမှာ..အငံဓါတ်ပိုပြီးများပြားလေ..ဆိုတာမျိုးလား...
သူမအခန်းလေးဟာ.စိုစွတ်မာခဲလို့.
အို..သူရယ်မောလိုက်သံဟာ..သိပ်နားထောင်ကောင်းတာပဲဆိုတာမျိုးမတွေးမိစေနဲ့ ။ မတွေးမိစေနဲ့..။
မေ မင်းတကယ် မျက်ရည်မကျပဲနေနိုင်တယ်..လား....တဲ့
မင်းသိပ်လောဘမကြီးနဲ့လေ..ဟန်နီ
ကိုယ်က မင်းကို သဘောထားကြီးကြီးစွန့်လွှတ်ပေးလိုက်တဲ့ မိန်းမပေါ့
ကိုယ်က မင်းကို စွန့်လွှတ်လိုက်ရလို့ကြေကွဲတကြီးငိုကြွေးနေရတဲ့ မိန်းမပေါ့
ကိုယ်က မင်း ကို တမ်းမွတ် တသစိတ်တွေနဲ့ ရူးနှမ်းလွင့်မျောကျန်နေခဲ့တဲ့..မိန်းမပေါ့
အဲဒီ့လိုလား....
အဲသလောက်အထိမင်းလောဘမကြီးနဲ့လေကွယ်...။
ကိုယ့်မျက်ရည်တွေကို မင်းဘယ်တော့မှမမြင်စေရတဲ့ ပြစ်ဒဏ်မျိုးလောက်တော့ မင်းရသင့်တာပေါ့...။
------------------------------------------------------------------------------------------
၇။
ဘယ်သူမှမသိအောင်...
အနှစ်ချုပ်ထားရတဲ့မျက်ရည်တွေနဲ့ သူမပါးတွေ ဆားပွင့်နေတာ...
ဟင်းဟင်း....
သူမရယ်လည်းရယ်မောခဲ့သေးရဲ့...
တစ်ခန်းလုံး....သူမရဲ့ ငိုသံရယ်သံတွေနဲ့ ပွက်ပွက်ထဆူညံလာသလိုလို..
အိုး...
ငိုခြင်း ရယ်ခြင်း မရှိတဲ့ အရပ်....
ဆတ်ကနဲ...
လမ်းမရှိရာဆီသူမ မျက်နှာမူမိသွားပြန်တယ်..။
------------------------------------------------------------------------------------------------------
၈။
ဒီအခန်းဟာ...သူမရဲ့ ဒုတိယ၀ိညာဉ်တစ်ခု တသီးတသန့်နန်းစိုက်ရာပေါ့..
သူ့မရဲ့ စိတ်နှလုံးစစ်စစ်တစ်ခု အလှပဆုံးတောက်စားရာပေါ့...
သူမရဲ့ အတိတ်..သူမရဲ့ ပစပ္ပုန်...နောက် သူမရဲ့...အနာဂတ်...နဲ့...သူမရဲ့ အရာရာ.
ဒါမှမဟုတ်..သူမရဲ့ အတိတ်..ပစပ္ပုန်....အနာဂတ်...နဲ့...
သူမရဲ့ အရာရာတွေ မဟုတ်တဲ့ (အားလုံးရဲ့အပြင်ဘက်က) တစ်စုံတစ်ရာ

နံရံမှာချိတ်ဆွဲထားတာတွေ...၊ ဒေါက်တိုင်မှာ ဒီ့အတိုင်းတင်ရက် ကင်းဘတ်စတွေ..
ရေဆေး၊ဆီဆေး..ပန်းချီဆွဲဆေးအနံ့တွေနဲ့..သင့်ပျံ့ယစ်မူးဖွယ်ရာ...
သူမရဲ့နိဗန်ဘုံသေးသေးလေးတစ်ခုပါကွယ်...
ကြည့်စမ်း...သူမခုထိလက်စမသတ်နိုင်သေးတဲ့ ပန်းချီကားတွေဘယ်နှစ်ချပ်တောင်မှလဲ...
သူမ နောက်ဆုံး..ရေးလက်စပန်းချီကားချပ်ပေါ်မှာ..ပိတ်ဖြူတစ်စ က ကပိုကရိုဖုံးအုပ်လို့ .(ဘုရားရေ နောက်ဆုံးလို့ သူမက ဘာကြောင့်သုံးလိုက်မိပါလိမ့်..)
အဲဒါ...ကိုယ်ဝန်ဆောင်သည်မိန်းမတစ်ယောက်ရဲ့ပုံလေ....
အဲဒါ..ဘေးနားက သူ့ခင်ပွန်းရဲ့လက်မောင်းကိုအားကိုးတကြီး မှီနွဲ့တွယ်တာထားတဲ့ ကိုယ်ဝန်ဆောင်သည်မိန်းမတစ်ယောက်ရဲ့ပုံ...
အဲဒါ အခုထိ အမျိုးသမီးရဲ့မျက်နှာကို အပြီးမသတ်နိုင်သေးတဲ့ ပန်းချီကားချပ်ပေါ့
အို ဘေးက ကြင်နာကြည်နူးရိပ်တွေ ဂုဏ်ယူဝံ့ကြွားစိတ်တွေနဲ့သူ့အမျိုးသမီးလေးကိုငုံ့ကြည့်နေတဲ့ အမျိုးသားကတော့ သူပဲပေါ့..
အိပ်မွေ့ အချခံထားရသူလို
အိမ်မက်ကနေကယောင်ကရမ်းတွေ ထလုပ်နေသူလို...
အဲဒီ့ပန်းချီကားချပ်ကိုသွေးပျက်ချောက်ခြားရလွန်းစွာနဲ့ သူမရေးဆွဲခဲ့တာဘယ်နှစ်ညပါလိမ့်...

သေချာတာ ကွာရှုင်းစာချုပ်မှာ လက်မှတ်ထိုးပေးလိုက်တဲ့ နေ့မတိုင်ခင်ညကအထိ....
ဟုတ်တယ်..။
ကဲ..ဘယ်သူက အဲဒီ့လက်စမသတ်နိုင်သေးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့မျက်နှာဟာ...
သူမ မဟုတ်ပါဘူးလို့ ငြင်းဆိုချင်ကြမလဲ..။

အဲဒါ သူမ ပုံလေ..။ သူမကိုယ်တိုင်ရေးဆွဲထားခဲ့တာ...သူ့ရဲ့ မျက်ဝန်းအိမ်က အဲသလိုမျိုး နူးညံ့နွေးမြနေအောင်ဖြာထွက်နေတဲ့ အရိပ်အငွေ့တွေဟာ..
သူမ အတွက်ပဲ သီးသန့်ရှိနေခဲ့ရမှာ....
ဟုတ်တယ်...ရှင်တို့ မလှောင်ကြပါနဲ့..။
ဟန်နီ မင်းကရောကိုယ့်ကိုလှောင်ချင်နေဦးမလား......
အဲဒီ့ကိုယ်ဝန်ဆောင်သည်မိန်းမဟာ..ကိုယ်ကိုယ်တိုင်ဆွဲထားခဲ့တဲ့ ကိုယ့်ရဲ့ပုံတူပါ..
အဲဒီ့ကိုယ်ဝန်ကိုလွယ်ထားခဲ့ရတာ...ကိုယ်ပါ.....။
ကိုယ်ပဲဖြစ်ရမှာပေါ့ ဟန်နီရယ်....
-------------------------------------------------------------------
၉။
ငိုသံတွေဟာ.ချုပ်တည်းပါများလာရင် မီးကျည်မီးခဲလို နှလုံးသားမှာ အနည်ကျတတ်ကျသလား...
သူမ နှလုံးသားအရေပြားတွေလောင်ကျွမ်းတဲ့ ညှော်နံ့တွေကများ..
.အခန်းလေးထဲမှာ မွန်းပိတ်စေပြီလား...

အသက်ရူကြပ်လိုက်တာကွယ်....
အို...လမ်းမဆီက အေးမြသန့်ရှုင်းနေတဲ့ လေပြည်တွေ...ဆီ...
သူမ ဆာဆာလောင်လောင် တမ်းတလိုက်မိရဲ့...။

-----------------------------------------------------------------------------------------------------------
၁၀။
အခန်းဝဆီကတည်းက သွေးတွေကိုဖျမ်းကနဲပူနွေးသွားစေခဲ့တယ်..။
လှပတဲ့ ပန်းခက်ကျဲကျဲအဆင်ဒီဇိုင်းနဲ့မွေ့ယာဖုံးကလည်း
သူနောက်ဆုံးအိပ်စက်သွားတဲ့ ညက အတိုင်း...

သူ့ဦးခေါင်းရာလေးခွက်ကျန်ခဲ့တဲ့ ခေါင်းအုံးကိုသူမ
မမှိတ်မသုံ ထိုင်ငေးနေခဲ့တာရော..ဘယ်နှစ်ညပါလိမ့်..

သူနောက်ဆုံးရေသုတ်ခဲ့တဲ့ မွှေးပွတစ်ဘက်လေးမှာ
သူ့ ကိုယ်နဲ့ထိစပ်ထားတဲ့ ရေပွင့်တွေရှိနေဦးမလားပေါ့

နှစ်ယောက်အိပ်ကုတင်ဆိုတာ..တစ်ယောက်တည်းရှိနေတဲ့သူအတွက် သိပ်ကိုမာကျောရက်စက်တဲ့ကျောက်ဖျာတစ်ချပ်ဆိုတာ..
သူမ ဘာလို့ ခုမှသတိထားမိခဲ့ရတာလဲကွယ်...။
---------------------------------------------------------------------
၁၁။
အနုပညာဆိုတာကို ကိုယ့်လက်ကောက်ဝတ်ကသွေးပြန်ကြော ဆိုတဲ့ ကြွေးကျော်သံမျိုးနဲ့...
သူမ ရူးလို့ရတဲ့ အစွမ်းကုန် စိတ်တွေ ပျော်ဝင်တောက်စားနေခဲ့ တာ....သူမ ဘ၀ ဆိုတာမျိုး...။ သေချာရဲ့လားကွယ်...။
ပန်းချီပြပွဲတွေ အတွက်၊နိုင်ငံခြား ပို့ဖို့တွေအရေးကြီးတဲ့အတွက်၊နောက်ခံစားချက်တွေ သိပ်ဖြစ်ထွန်းနေလို့...
စသဖြင့်တွေနဲ့ ဒီမွေ့ရာဟာ...သူ့အတွက် ဘယ်လောက်မာကျောခဲ့မလည်း....။
အိပ်နေရက်နဲ့တောင်မလိုမကျသလိုမျက်မှောင်ကျုတ်ထားတဲ့သူ့ကို သူမ ကကျောပေးပြီး ပန်းချီကားတွေရေးဆွဲနေခဲ့သတဲ့..
သူမက မိဘတွေလဲရှိနေတဲ့ နိုင်ငံရပ်ခြားမှာ..အချိန်သွားသွားကုန်နေတတ်တဲ့...
မေရေ...မောင် အခု အသစ်ဖွင့်တဲ့ဆိုင်က ဆိုတဲ့စကားကိုဖြတ်ပြီး သူမခုထိဆေးစပ်လို့မရသေးတဲ့ ခရန်းနုရောင်အကြောင်း..။
စီးရီးလိုက်ထွက်ပြီးသုံးစွဲရ သိပ်အဆင်ပြေတဲ့ Winsor & Newton ဆိုတဲ့ ပန်းချီဆွဲဆေးအကြောင်း
နောက်Surreslism နဲ့ Expressionism ပန်းချီရေးဆွဲနည်းတွေရဲ့ ကိုယ်နှစ်သက်မိရာ အားသာတွေ..။
ဟန်နီရေ..မင်းနဲ့ကိုယ့်ရဲ့ကြားက အက်ကြောင်းဟာ.ဒီလိုနဲ့ စတင်ခဲ့တယ်ထင်ပါရဲ့...။
သူရဲ့အလိုမကျမှုတွေဟာ..မြုံနေတဲ့မီးတောင်တစ်ခုရဲ့ အတွင်းသားတွေလိုရှိနေခဲ့လိမ့်မလား..။
အနုပညာရှင်မကြီးရဲ့ မင်း ယောက်ျားယူခဲ့ဖို့မကောင်းဘူး ဆိုတာမျိုး နဲ့ နင့်နင့်သည်းသည်းတွေပြောထွက်လာတဲ့အခါ
ရှင်က ရှင်ရှာပေးတဲ့ ပိုက်ဆံကို လက်ဖြန့်တောင်း..ရှင်ပြောသမျှဆိုသမျှ ပါးစပ်အဟောင်းသားနဲ့
ကလေးတွေ တပြွတ်ပြွတ်ပဲထိုင်မွေးတတ်တဲ့ ခပ်ညံ့ညံ့မိန်းမမျိုးနဲ့ညားရမှာ ဆိုတာမျိုး သူမကပြန်ပက်ဖို့ အသင့်ရှိနေတတ်ခဲ့တယ်..။
နိုင်ငံခြားမှာအပြီးတိုင်နေကြစို့ဆိုတဲ့ကိစ္စကို ဘယ်လိုမှညှိမရတဲ့အဆုံးသွားချည်လာလှည့်ဆိုတာမျိုးနဲ့
သူမက သူ့ကို အလျော့ပေးထားခဲ့တယ်ပေါ့..

ဟေ့..ယူ့အမျိုးသား အသံတွေကြားနေရတယ်ဆိုတာကို ကိုယ်ပြန်သွားလို့ ကိုယ့်အမျိုးသားဖြစ်နေပြီရောလို့...ပေါ့ပေါ့ပါးပါး သူမက သဘောထားကြီးနိုင်တယ်ပေါ့...
ကဲ..ဘယ်လောက်များရယ်စရာကောင်းလိုက်ပါသလဲ..။
အတော်အသင့်လည်း သနားစရာ ကောင်းနေခဲ့ပါလိမ့်ဦးမယ်..။
------------------------------------------------------------------------------------------------
၁၂။
သူမဆွဲထားတဲ့ သူက သူမကို နမ်းရှိုက်နေတဲ့ပုံပန်းချီကားကို ဖြုတ်ပစ်လိုက်တော့လေ...
ဒီအချိန်ဆို....
အို မတွေးလိုက်နဲ့...မတွေးနဲ့......
ချက်ချင်းပဲ သူ့ကိုယ်သင်းနံ့တွေ ချုံလွှမ်းရစ်ပတ်လာသလိုလို..
သူမသွေးတွေ အရှိန်ရှိန်တောက်လောင်လာသလိုလို...
အို...
ကိုယ်ထွက်ပြေးမှဖြစ်မယ် ထင်ပါရဲ့ ဟန်နီရယ်...
ဟုတ်တယ်...ဟိုး....အရှေ့မှာ..လမ်းမတစ်စင်းက ကိုယ့်ကိုစောင့်နေခဲ့ပြီလေ...။
--------------------------------------------------------------------------------------------------------
၁၃။
ဧည့်ခန်းထဲဝင်လာတော့ သူမရဲ့ မဖြစ်ညစ်ကျယ်စန္တရား.လက်သံမှာ
ခပ်ဖွဖွလိုက်ညည်းနေခဲ့တဲ့ သူရဲ့တေးသံ မပီမသကိုကြားလိုက်ရတယ်..။

သူမဆံနွယ်တွေကို စိတ်ရှည်လက်ရှည်ဖီးသင်ပေးနေတဲ့ ပန်းချီတစ်ချပ်ကိုမြင်ယောင်လာတယ်..။
သေးကွေးပေါ့ပါးလွန်းတဲ့ သူမကို ဆတ်ကနဲ ဘယ်သူမြင်မြင်ကွာဆို
ပွေ့ချီသွားတတ်တာမျိုးလေးတွေရော....

အို...မတွေးနဲ့လေ....။
ဟုတ်တယ်.သူမအခုအချိန်မှာပြန်တွေးသင့်တာကဒီတစ်ခေါက်ကြာသွားတယ်ဆိုတဲ့ အားတုံးအားနာစိတ်နဲ့ ချွဲနွဲ့ချော့မော့ချင်နေတဲ့..သူမမျက်နှာရိပ်အခြေကိုတောင် သတိမပြုအားပဲ...
မေ ရောက်မလာရင်လည်း မောင်ဖုန်းဆက်တော့မလို့ဆိုတာကိုချည်းတတွတ်တွတ်ရေရွတ်နေတဲ့
တစ်စုံတစ်ရာနဲ့ ဆောက်တည်ရာမရ လှုပ်ခတ်နေမှန်းသိသာလွန်းနေတဲ့သူ့ကို
သူမက ခရီးဆောင်အိပ်ကိုတောင်နေရာချမနေတော့ပဲ..
မောင် ဘာတွေဖြစ်နေတာလဲ..လို့
စမေးလိုက်တဲ့အချိန်ကနေ အဲဒီ့အချိန်ရဲ့နောက်ပိုင်းတွေကိုပဲ..ပြန်စဉ်းစားသင့်တာပါ.လေ.။

ဒီနေရာမှာလဲ သူမက လူကဲခတ်ကျွမ်းသလောက်သူ့မျက်ခုံးသီသီလေးတွန့်သွားတာကိုတောင်
အဓိပ္ပါယ်ဖေါ်နိုင်သလောက်..

သူက သနားစရာကောင်းလောက်အောက် ဟန်မဆောင်တတ်မသွယ်ဝိုက်တတ် သူပေါ့..။
မေ...ကောင်မလေးမှာ ကိုယ်ဝန်ရှိနေပြီ...တဲ့
ဘုရားရေ....
ဘယ်လို.. မောင် ဘယ်လို....ဘယ်ကကောင်မလေးလဲ....
မောင့် အတွင်းရေးမှူးမလေးပါ မေ..မောင် တို့.. မောင် တို့..လေ....
မင်း..ဘာတွေပြောလိုက်တာလဲ ဟန်နီ..။
ကိုယ်ဝန် တဲ့ အို သူမသိပ်ချစ်တဲ့ သူမမြတ်နိုးတဲ့ သူမအမျိုးသားက တစ်ခြားအမျိုးသမီးတစ်ယောက်နဲ့ ဒီလောက်အထိယဉ်ပါးဖေါက်ပြန်ခဲ့တာလား
အဲဒီ့အကြောင်းကို သူမကိုသိပ်ချစ်ပါတယ်ဆိုတဲ့ သူက သူမကိုပြောပြနေတာပါလား......
သူမ တကိုယ်လုံးဆတ်ဆတ်ခါနေခဲ့မှာပါ..။ သူမတစ်ကိုယ်လုံး တငြီးငြီးလောင်တောက်နေခဲ့မှာပါ။
အဲဒီ့တစ်ခဏ သူမ စိတ်နဲ့ကိုယ်တကွဲတပြား အရုတ်ကြိုးပြတ်လွင့်စင်သွားတယ်ဆိုတာကတော့သေချာတယ်.။
နင်..သိပ်ရှက်စရာကောင်းတဲ့ ဘာတန်ဖိုးမှမရှိတော့တဲ့ မိန်းမပါလား...မေ..။
သူမက သူ့ရဲ့ နီထွေးလုံးဝန်းတဲ့အောက်နှုတ်ခမ်းတွေကို ကယောင်ကတမ်းငေးရင်း...
အဲ..တော့....အဲ..ဒီ့တော့....
အဲတော့ ကိုယ်ဘာလုပ်ရမှာလဲ..ဟင်...ကိုယ်က ဘာလုပ်ရမှာလဲ...ကိုယ် ဘာလုပ်ပေးရမှာလဲ....
မောင့်ကို ကွာရှုင်းပေးပါလား..မိန်းမရယ်...
မင်းသတိပြုမိလိုက်လား ဟန်နီ..၊ မေ ဆိုတဲ့နိုင်ငံကျော်ပန်းချီဆရာမတစ်ယောက်ဟာ...
၂၀၀၇ခုနှစ် အောက်တိုဘာ ၁၂ရက်နေ့ နေ့လည် ၁၂နာ၇ီဝန်းကျင်လောက်မှာ..ပွဲချင်းပြီးသေဆုံးသွားခဲ့တာ..။
---------------------------------------------------------------------
၁၄။
တကယ်ဆို သူမကောင်းကင်ယံထဲက အလင်းတွေ ရုတ်ချည်း စုံးစုံးချုပ်သွားတာ..
တကယ်ဆို ဘယ်လောက်နက်တယ်မှန်းမသိတဲ့ ချောက်ကမ်းပါးကြီးထဲမှာ သူမ ဦးစိုက်နောက်ပြန် ကျဆုံးသွားခဲ့တာ.....။
------------------------------------------------------------------------------------
၁၅။
ကိုယ်တို့ကလေးလေးရဲ့ရှေ့ရေး....
ကိုယ်တို့ကလေးလေးရဲ့ရှေ့ရေး....
ကိုယ်တို့ကလေးလေးရဲ့ရှေ့ရေး.... တဲ့
ကိုယ့်ပါးကို လွှဲရိုက်လိုက်ပါလား ဟန်နီရယ်....။ ဒါမှမဟုတ် ဓါးသွားမြမြတစ်လက်နဲ့ ကိုယ့်ရင်အုံပေါ်ထိုးစိုက်ချလှည့် ။
ကိုယ်က မင်းနဲ့ တစ်သက်လုံး.............။
ကိုယ် က မင်းကို ထာဝရ........။
ကိုယ်က မင်းနဲ့ အဝေးဆုံး.....ဟုတ်လား....ဟန်နီ...

ကိုယ်တို့ကလေးလေး...တဲ့...။
အဲဒါ ကိုယ်နဲ့ မင်းချိန်စက်ပစ်လိုက်တဲ့ အရာလေးပေါ့..ဟုတ်လား...

ဒီအသက်အရွယ် ၄၀နားနီးမှ ကိုယ့်ကလေးလို့ ပြောရေးဆိုခွင့်ရတာဟာ..သူ့အတွက်ဘာနဲ့မှလဲမရနိုင်တဲ့ဆုလဘ်ပေါ့..။
ကြည့်စမ်း....
သူမဟာ.....ဘယ်လောက်များ ညံ့ဖျင်းခဲ့တဲ့မိန်းမလဲ.....။
ဘယ်လောက်များမသိသားဆိုးဝါးခဲ့သလဲ...။

အိုး...သူမက...ဘာ...မှမဟုတ်တဲ့ မိန်းမပဲ...။
အဲဒီ့ညကနေစပြီးသူမက အဲဒီ့ပန်းချီကားချပ်ကို သွေးရူးသွေးတမ်းရေးဆွဲနေမိခဲ့တာ......
ပန်းချီကားချပ်ထဲမှာ ကိုယ်ဝန်ဆောင်သည်က သူမပဲ....။
ဟုတ်တယ်..။ ဘယ်သူမှမဟုတ်တဲ့ သူမပဲ...။

သေဆုံးသွားပြီဖြစ်တဲ့ သူမက ရက်ရက်စက်စက်ကြီး
ဆက်လက်လောင်ကျွမ်းနေခဲ့တာပါကွယ်..။

-----------------------------------------------------------------------------
၁၆။
အိုကေလေ..ဟန်နီ..ရက်တစ်ရက်ရွေးလိုက်ပေါ့..။ မြန်လေကောင်းလေထင်တယ်...ကောင်မလေးကကိုယ်ဝန်နဲ့ဆိုတော့လေ...
မေ...
မေ..မောင့်ကို တစ်ခုခုပြောပါလား...။ ဆဲ ရင်ဆဲ လိုက်..ရိုက်ရင်ရိုက်ကွာ....
နိုး...။ လိုမှမလိုတာ..ဟန်နီရယ်..။
ဒါဟာ သိပ်ကိုသာမန်ရိုးကျဆန်တဲ့ နည်းနည်းတောင်ပျင်းရိငြီးငွေ့ဖွယ်ရာကောင်းနေတဲ့
ပုံသေနည်းဆန်ဆန် ဇာတ်ဝင်ခန်းပါပဲ...။
ကိုယ်က သာမန်ရိုးကျအတိုင်းပဲ
နာကျည်း..နာကျဉ်..။ငိုကြွေး..ပေါက်ကွဲ စတဲ့ ဖြစ်စဉ်တွေကို စနစ်တကျဖြစ်ပြလိုက်ယုံနဲ့
ပြီးလွယ်ပြေပျောက်သွားနိုင်မယ့် ခပ်တိမ်တိမ်ကိစ္စမျိုးလေမှ မဟုတ်ပဲ...။
ဟန်နီ မင်းမေ့များနေလားကွယ့်..
ကိုယ်က ပန်းပွင့်လေးရဲ့ ပွက့်ဖတ်နုနုပေါ်က အရောင်ချယ်ဂရင်းလေး.မှိုန်ဖျော့တဲ့ အချက်အလက်ကိုတောင် ရင်ထဲ တယုတယထည့်ထားတတ်တဲ့သူလေကွယ်..။
နှစ်ခုတည်းပါပဲ..
ကိုယ်သိပ်ချစ် ကိုယ်သိပ်မြတ်နိုးမိတဲ့ ကိုယ်ခင်ပွန်းသည်ယော်ကျား ဟာ..ဒီလောက်အထိ ညံ့ဖျင်းရက်စက်တတ်လိမ့်မယ်လို့
တွေးတောင်မကြည့်ခဲ့မိတာရယ်...
ကိုယ့်မိတ်ဆွေတွေ အတန်တန်သတိပေးနေတဲ့ကြားက
ကိုယ်တို့နှစ်ယောက်ရဲ့ကြားက ချစ်ခြင်းနဲ့ သစ္စာတရားဆိုတာကြီးကို ကိုယ်က စုံလုံးမှိတ် ပစ်ပစ်ခတ်ခတ် ယုံစားနေလိုက်မိတာရယ်..
မဟုတ်ပါဘူး....
ဒီနှစ်ခုတည်းတင်မကပါဘူး.......ကိုယ် က
အနုပညာကလွဲလို့ အရာရာမှာ ရှက်ရွံ့သိမ်ငယ်စရာ ကောင်းလောက်အောင် ညံ့ဖျင်းနုံချာခဲ့သူပါ ဟန်နီရယ်..။
----------------------------------------------------------------------------------------------------
၁၇။
အိုး..လမ်းမ တစ်ခုပါပဲ....
ဟိုးအဝေးကြီးကို မျှော်ကြည့်လိုက်နိုင်တဲ့..
လမ်းဆုံးမှာ ဘာတွေရှိနေမလဲ ဆိုတဲ့ မျှော်လင့်ချက်အသစ်တစ်ချို့ကို ပေးချင်ပေးနိုင်ဦးမှာဖြစ်တဲ့..
ရင်ခုန်ယစ်မူးဖွယ်ရာ မှော်ဆန်ဆန်ရနံ့တစ်မျိုးမျိုးတသိပ်သိပ် ပျံ့လွင်နေတဲ့...
အို သူမကို လျှာတစ်ချောင်းလို လိပ်ယူမျိုချသွားနိုင်တဲ့....
သက်တောင့်သက်သာကြီးကို လဲလျောင်းနေတဲ့ လမ်းမ တစ်စင်း...
ကိုယ့်အိမ်ရှေ့တွခါးဝလေးမှာတင် ရှိနေခဲ့တယ်ကွယ့်..။
----------------------------------------------------------------------------------------------
၁၈။
ဟင့်အင်း..
မဟုတ်ဘူးမေ...
မင်းတစ်ခုခုတော့ ဖြစ်လိုက်..
မင်းတစ်ခုခု ဖြစ်မှဖြစ်မယ်...
ဒါပုံမှန်မဟုတ်ဘူး...
မင်းတစ်ခုခုဖြစ်လိုက်စမ်းပါမေ...။
သူမက အိမ်မက်ထဲမှာလွင့်နေတဲ့ သူလို သူ့ဆီလျှောက်သွားလိုက်ခဲ့တယ်..။
ခေါင်းငိုက်စိုက်ကျနေတဲ့..သူ့မျက်နှာကို..ဆွဲမော်ယူလိုက်တယ်...။
နောက်..ဖြည်းဖြည်းငြင်ငြင်သာသာ...
သူ့ပါးပြင်ကို နက်နက်ရှိုင်းရှိုင်းနမ်းရှိုက်လိုက်ပါတယ်..
လုံလောက်ပြီ..ဟန်နီ...။
ကိုယ်သိပ်မြန်နိုးခဲ့တဲ့ ကိုယ်ပိုင်ဆိုင်ခွင့်ရခဲ့ဖူးတဲ့ ယောက်ျားတစ်ယောက်ဆီမှာ...
ကိုယ်ဒီလောက်တော့ ရပိုင်ခွင့်ရှိနေမှာပါနော်.....
ဗြုန်းကနဲ သူမကိုတင်းကြပ်နေအောင်ပွေ့ဖက်လိုက်တဲ့ သူ့လက်ထဲက ရုန်းမထွက်မိလိုက်ဘူး...။
အံ့သြစရာကောင်းလောက်အောင်..
သူမကမျက်ရည်တစ်စက်မှမထွက်နိုင်ပဲ သူကတော့ တအိအိရှိုက်ငင်လို့....

မောင် မေ့ကို သိပ်ချစ်တာပါ..၊မောင် မေ့ကို အချစ်ဆုံးပါ...။ မောင် ဘယ်လို..မှ...
ကဲ..ရှင် လဲသာသေလိုက်တော့ .ဟန်နီရေ..။..
----------------------------------------------------------------------------------
၁၉။
ကြည့်စမ်း..ဒီအခန်းကျဥ်းထဲမှာ...အလူးလူးအလဲလဲ အောင်မြင်နေတယ်ဆိုတဲ့ မိန်းမတစ်ယောက်တည်း
သွေးလေချောက်ချားဖွယ်ရာ ဂီတတစ်မျိုးကို နားထောင်နေခဲ့ရတာ....
ဘယ်လောက်ကြာပြီတဲ့...လဲ.........ကွယ်.။
-----------------------------------------------------------------------------------------------
၂၀။
ဒီဂဏန်းရှစ်လုံးရဲ့နောက်မှာ သူရှိနေတာပေါ့..။
မေလား ကျွန်တော်ပါ နေကောင်းရဲ့လား..ဆိုတာမျိုး ရယ်စရာကောင်းချင်လောက်စရာတမင်လုပ်ထားတဲ့အသံမှန်းသိပ်သိသာနေတဲ့
သူ့အသံ လေးငါးဆယ်ခွန်းကို...မအိပ်မနေလို မျှော်နေမိတာကတော့
ကိုယ်ကတယ်ရူးနေတာပဲဖြစ်လိမ့်မယ်..။

သူ့ က ကိုယ့်ကို သတိတရရှိနေတုန်း..ပူပန်နေတုန်းဆိုတာမျိုး..သူမက ဇကာနဲ့စစ်သလို စစ်ယူနေချင်သေးသတဲ့..။
ကိုယ်နေမကောင်းဘူး..ဟန်နီရယ်...
ကိုယ်အိပ်မိသေးလား...စားမိသလား...မသေချာသလောက်တော့သလိုပဲ...
မင်းဖုန်းသံကို...လွတ်သွားမှာ...ကိုယ်သိပ်ကြောက်နေခဲ့မိတာ...
ဟင်း..ဟင်း..ကိုယ်က နည်းနည်းများသနားစရာကောင်းနေခဲ့လေမလား..ဟင်...။
အို...
ဒါ သူ့ဖုန်းသံ....။ သေချာတာပေါ့....
ကိုယ်ပြောလိုက်တော့မယ်..ကိုယ် ဟန်ဆောင်တင်းမတ်မနေနိုင်တော့ဘူး...
နေလို့လည်းမဖြစ်တော့ဘူးထင်ရဲ့...
ကိုယ်...ငိုချင်နေတဲ့ အကြောင်းနဲ့....
ကိုယ့် မင်းကို ခဏလေး ဖြစ်ဖြစ် တွေ့ချင်မြင်ချင်လိုက်တာလို့ မပြောဖြစ်အောက်ကြိုးစားထိမ်းချုပ်မနေချင်တော့ဘူး..ကွယ်...
မေလား..၊ မိန်းမလား ဟင်.
အို သူ က သူမကို မိန်းမ လို့ခေါ်လိုက် တာလား...
မောင့်အမျိုးသမီး မွေးပြီးသိလား...။ မိန်းကလေး..မောင် နဲ့သိပ်တူပဲ...ထွားလည်းထွား.............
သူ ဟန်ဆောင်ဖို့ ထိမ်းသိမ်းဖို့ ထိမ်းချုပ်ဖို့၊ စာနာဖို့တောင် သတိမရနိုင်လောက်အောင် စိတ်လှုပ်ရှားပျော်ရွင်နေတာပါလား..
သူမက Congratulation ဆိုတာတော့ပြောလိုက်မိတယ်..ထင်ပါရဲ့..။
အို...
ခုချိန်မှာ သူ့ဇနီးဟောင်း သတိလစ်လဲကျသွားတာထက် သူ့ သမီးဦးလေးနား..ခြင်တစ်ကောင် ၀င်လာတာကပိုမိုကြီးမားတဲ့ ပြသနာကြီးပေါ့...
ခုချိန်မှာ သူ့ဇနီးဟောင်း သေဆုံးသွားမယ်ဆိုရင်တောင်
သူ့ဇနီးအသစ်လေး စိတ်လက်ကြည်သာဖို့က အရေးကြီးတဲ့ ကိစ္စပေါ့......

သူဘာတွေဆက်ပြောနေဦးမလဲ.....ဆိုတာကို..သူမ အမှန်တကယ်..ကြားချင်ခဲ့တာပါကွယ်.....။
-----------------------------------------------------------------------------------
သူမ အိမ်တံခါးမကို..ဆွဲဖွင့်ပစ်လိုက်တယ်..
အို...တိမ်းမူးဖွယ်ရာ ရနံ့တွေက လမ်းမတစ်ဖက်တစ်ချက်
ဆန်းကြယ်လှပနေတဲ့ ပန်းပွင့်တွေဆီကများလား..

အေးညှင်းတဲ့ လေပြည်က တစ်ဘ၀လုံးကို
တစ်ထိုင်တည်းငြိမ်းအေးသက်သာစေတော့မလိုပါလား..။


အိန္ဒြာ(၃၀.၆.၂၀၀၉)

စိတ်ရှည်လက်ရှည်ဆုံးအောင်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီဇိုင်းလေးက မိုးကြယ်(ယိမ်းနွဲ့ပါး)ရဲ့လက်ရာပါ။