May 30, 2010

လူငယ်တွေဟာ ဘယ်တော့မှ မခန်းခြောက်တဲ့ ပန်းပွင့်

လူငယ်လေးပေါက်ရောက်ရာ ရာသီဥတုက ကြမ်းတမ်းခက်တရော်လို့
လူငယ်တွေမှာ ကျားကုတ်ကျားခဲ လက်ယက်တွင်းလေးတွေ ကိုယ်စီ
လူငယ်တွေ အခုရေကြည်တူး အခုရေနောက်တွေ သောက်ချနေကြပေါ့
လူငယ်လေးက ဒီလိုနဲ့ အပြိုင်းအရိုင်းရှင်သန် ဒီလိုမျိုး အပြိုင်အဆိုင်ပေါက်ရောက်
လူငယ်တွေဟာ မြေဇာပင်မဟုတ် ပေါင်းမြက်တွေ မဟုတ်
လူငယ်လေးက ကိုယ့်ပုခုံးပေါ်ကိုယ်တံပိုးတင်ပြီးထွန်ယက်
ကိုယ့်ကိုယ်ရည်ကိုယ်သွေးတွေကို အိပ်သွန်ဖာမှောက်ပျိုးကျဲ
လူငယ်လေးက ကိုယ့်ကိုယ်ကို စိုက်ရင်းပျိုးရင်း ကိုယ့်ကိုယ်ကို
ကျီးခြောက် စာခြောက်လုပ်နေရ ကျီးကြည့် ကြောင်ကြည့် ကြည့်နေရ..
လူငယ်လေး ကိုယ့်ကိုယ်ကို ရိပ်သိမ်းတော့မယ်ဆိုရင်ပဲ
လူငယ်တွေ အစိုးမရတဲ့ ခေတ်ကြပ်နှစ်ကြပ်ထဲ.. မိုးသည်းထန် တိမ်ထူထပ် နှင်းခါးရိုက်
လူငယ်လေးရဲ့ စိုက်ကွင်းမှာမှ ပိုးဖလံကောင်တွေ ကျကျနေတတ်တော့...
လူငယ်လေးခမျာ လျာထားချက်ပြည့်မှီအောင် ဖူးခွင့်သီးခွင့်မရ..
လူငယ်တွေမှာ အဖျင်းအမှော်တွေ ကြားညှပ်ပါလာတော့တာပေါ့...

လူငယ်တွေရဲ့ ဘယ်ခေတ်ဘယ်သမိုင်းမျက်နှာစာမှာဖြစ်ဖြစ်
လူငယ်တွေ ကိုယ့်ကိုယ်ကို ဥယျဉ်မှူး လုပ်တတ် လုပ်နေကြသမျှ
လူငယ်ဆိုတာ ဘယ်တော့မှ မခန်းခြောက်တဲ့ ပန်းပွင့်တွေပါပဲ..
လူငယ်လေးက ဆုတောင်းနဲ့ အိပ်မက်တွေကို အယုံအကြည်မရှိဘူး
လူငယ်တွေမှာ လက်တွေ့ဆန်ဆန်အတွေးအမြင်သွေးတွေက တဒိတ်ဒိတ်ဆူပွက်လို့
လူငယ်တွေက ယဉ်ကျေးမှု အသစ်နဲ့ ပျိုမြစ်ဖူးပွင့်ချင်ကြတယ်
အဲဒီ့မှာ တောင်ပြိုသလို အရှိန်နဲ့ လှိမ့်ဆင်းလာကြတဲ့ ကဗျာတွေ သီချင်းတွေ ဖက်ရှင်တွေ
လူငယ်တွေဟာ တစ်စုံတစ်ရာကို တိတ်တိတ်လေး အော်အော်နေကြောင်းပြသရဲ့

လူငယ်တွေက ယှဉ်ပြိုင်မှုတွေ ကစားနည်းအသစ်တွေ ဒီဇိုင်းအဆန်းတွေကို စိတ်ဝင်စားကြသလို..
လူငယ်တွေဟာ ခေတ်ကို အလင်းနဲ့ စဖွင့်တတ်တဲ့ အရုဏ်ဦးတွေဖြစ်သလို..

လူငယ်တွေဆိုတာမျိုးက အလျော်အစားများတဲ့ ဗိုလ်လုပွဲတွေအတွက်လည်း..
သည်း ထိတ် ရင် ဖို စောင့် ကြည့် နေ သူ တွေ..။ ။


အိန္ဒြာ
(၁.၄.၂၀၁၀)


ကိုယ့်ဘာသာထွန်ယက်စိုက်ပျိုးဆွတ်ခူးနေရတဲ့
လူငယ်လေး ရီနိုမန် ဘလော့ တစ်နှစ်ပြည့်အတွက် လက်ဆောင်ပေးခဲ့တဲ့
ကဗျာကို နည်းနည်းပါးပါးပြင်ဆင် ဖြတ်တောက်ပြီး ဆားချက်လိုက်တာပါ..။

May 27, 2010

ကကြီးရေး အ


ကံ့ကော်ရနံယောင်ဆောင်ပြီး လာခဲ့ချင်တယ် အချစ်ရယ်
ခံစားချက်

ဂယက်တွေနဲ့ ရင်ခွင်တစ်ခုလုံးက လှိုင်းထ

ဃဂနဏ မသိနိုင်တဲ့ ရင်ခုန်သံစည်းချက်တွေက စလို့

ငါ့ စိတ်ဝိညာဉ်ဟာ နင့်ပင်လယ်နက်နက်ထဲမှာမှ

စုံးစုံးကျ နစ်မြုတ်ခဲ့ရပေါ့..

ဆန္ဒအတိုင်းဖေါ်ထုတ်ခွင့်ဆိုတာကလည်း

ဇဝေဇ၀ါ ၀ိုးတ၀ါး

ဈာန်ရနေတဲ့ အလွမ်းတွေသာ နင့်ဆီမှာ ပျံလို့ဝဲလို့ရယ်....

ညည ရ ထားတဲ့ အိပ်မက်ဗီဇာလေးတစ်ခုနဲ့ပဲ
တမ်းတတိမ်းမူး ငါ့မှာရူးလုမတတ်ပေါ့....

ထိတ်လန့် စိုးရွံ့မှုတွေက ဆောက်တည်ရာမရ..
ဒီသံသရာကြီးတစ်ခုလုံး မင်းပိုင်စိုးထားလေသလား
ဓမ္မဓိဋ္ဌာန်ကျကျကို
နိုင်စား မင်းမူနိုင်လွန်းခဲ့

ပြန်မရနိုင်တဲ့ အတိတ်တွေကလည်း မှုန်ဝါး
ဖမ်းစားထားတဲ့ မင်းအသံလှိုင်း အရုပ်လှိုင်းရဲ့

ဗဟိုချက်မတိုင်းက ငါ့နှလုံးသားပုံဆောင်ခဲနေရာ

ဘ၀ရှင်သန်ရာအရပ်ဟာ.

မျှော်လေတိုင်းမှိုင်းရီ ရာသီတော့ မဖြစ်သင့်ဘူးပေါ့ကွယ်


ယိမ်းနွဲ့နေတဲ့ လေညှင်းအကစားခံ သစ်နုရွက်လေးလို ငါလှုပ်ရှား

ရတနာတစ်ခုလို လည်မှာဆင်မြန်းထားချင်စိတ်တို့ရဲ့
လမ်းခရီးတစ်လျှောက် အပျံ့မွှေးဆုံးရနံ့ချိုတွေဟာ

ဝေနေအောင်သာနေတဲ့ အလွမ်းရင့်ရောင် ပန်းတွေပေါ့...

သိုသိပ်ထိမ်ဝှက်ထားရသမျှ

ဟေ့.....အချစ်ရေ....


ဟေ့............အ ချစ်..ရေ...(အင်းးးးး)


ဟေ့......အ ချ စ်ေ ရ . . .

ဠင်းတကြီးစီးပြီး.......


အရောက်လာခဲ့မှာပေါ့.....မင်းဆီ...။ ။

( ကဲ..အစ်မရေ..မတတ်နိုင်တော့ဘူးးးးး အဲနေရာမှာ သုံးလို့ရတာ ဠင်းတပဲရှိတယ်..။)


အိန္ဒြာ (27-5-2010)

++++++++++++++++++++++++++++++++++

ချစ်သော အစ်မ ဆရာမမေငြိမ်းရဲ့ TAG ကိုဖြေထားတဲ့ ကဗျာပါ..။
အဲဒါကြောင့် အစ်မကို မူပိုင်ပေးထားပါတယ်..။
လူရွှင်တော်တွေ ပျက်လုံးထဲ ထည့်သုံးချင်ရင် အစ်မဆီမှာ ဆက်သွယ်ခွင့်တောင်းနိုင်ပါကြောင်း....;P

May 24, 2010

ကဇာတ်ရုံထဲကထွက်လာခဲ့တဲ့အကြောင်း A ကနေ Z

ပြောရရင်...
ပျင်းရီငြီးငွေ့လာလို့ပါဆို မလုံလောက်ဘူးလား..
မင်းရဲ့ပုံတူကူးအပ်ကြောင်းထပ် ဖျော်ဖြေတင်ဆင်မှုတွေထဲ
ဇာတ်တိုက်မနာသလို အမှားမှားအယွင်းယွင်း စကားလုံးတင်ဆက်မှုတွေ ညံ့ဖျင်းလို့
ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် မညီမညွတ် အနုပညာတွဲရေးခွဲရေးလှိုင်းဂယက်တွေကြား
အံခဲ ဇွဲသန် မှတ်ကိုက်ခြင်ကိုက် ဒုက္ခခံခဲ့ရတဲ့ ညတွေ သိပ်များ သိပ်ကိုများ
ငါ့ခံနိုင်ရည်ကို မှတ်ကျောက်တင် ဓါးသွေးနေခဲ့ရ
မျှော်လင့်တကြီး......ဒါပြီးရင် လာတော့မှာပါလေဆိုတာမျိုး
လည်တံကို အဆုံးအထိ ငံ့လင့်တကြီးဆန့်တန်းလို့
ယုံကြည်ချက်ဆိုတာ မညှိုးသောပန်းလို့ ထပ်မံယုံကြည်ရင်း
မင်းရဲ့ ညှို့ဓါတ်ပြည့် မှော်သားပင်လယ်ထဲ
ပိုးစိုးပက်စက်မျောပါချင်လွန်းလို့ ငုတ်တုတ်ထိုင်စောင့်ကြည့်နေခဲ့ရတဲ့ ကောင်
လူတစ်ကိုယ် စိတ်တစ်ကိုယ်လုံး စုံးစုံးမြုပ် လက်ပမ်းကျသည်အထိ...

သိလား...
ပွဲလန့်တုန်းဖျာခင်းဖို့မဟုတ်ဘူး ငါ ဒီကဇာတ်ရုံထဲ ၀င်လာတာ..
ပွဲပြီးမီးသေ..ဒီလိုလား ပွဲကလည်း မပြီး....မီးတောက်လည်း ပိုပိုကြီးလာပေါ့

စိတ်ပျက်ဖွယ်ရာ ဖန်တစ်ရာတေကြော်ငြာစာသားများ
သေမထူးနေမထူး မွဲပြာပုဆိုးဝတ်စုံများ
ကိုယ့်ဟာကို ဘယ်လိုဆည်ရမှန်းမသိတဲ့ ရေမျောကမ်းတင်ဇာတ်ဝင်ခန်းများ
ပွဲသိမ်းကို ကြိုသိနိုင်တဲ့ ဇာတ်သွားဇာတ်လား ချုပ်ရိုးအဟောင်းများ
မရယ်လို့ ရယ်ရယ်နေရတဲ့ အပေါစားဟာသတွေ..ကာလာစုံနိုင်လွန်း
ဘယ်လောက်ပဲ ဘယ်လိုလုပ်လုပ် အသစ်ရုပ်မထွက်နိုင်တော့ကာ.....
ငါ့သည်းခံနိုင်စွမ်းအားတွေအားလုံးက သုညမျှခြေထိဆင်းသွားခဲ့ပြီပေါ့

ဝါးးးးးးး
ငါ့ ငြီးငွေ့မှုတွေက ငါ့ သွေးပြန်ကြောထဲအထွတ်အထိပ်
ငါ့ ငိုက်မျဉ်းခြင်းတွေ ရုပ်ပျက်ဆင်းပျက် ပြိုကျမလာခင်လေးအချိန်မီ
ငါ.....
ဟော ဒီ ကဇာတ် ရုံ ထဲက ထွက်ချလာခဲ့ပြီ ။

အိန္ဒြာ
(၂၄.၅.၂၀၁၀)

ဒီစာလုံးတွေကြောင့် ဒီကဗျာရသလား
ဒီကဗျာအတွေးရှိနေခဲ့လို့ ဒီစာလုံးတွေ ပေါ်လာသလား ဘယ်ဟာမှ မသေချာပါဘူး..။
သေချာတာက ကဗျာတစ်ပုဒ်နဲ့..
ချစ်သော မမ ရဲ့ TAG ကိုဖြေလိုက်တာပါ..

Advertise , Banal, Color , Disappointed , Doz, Entertainment,Fascination , Garble
Hope, In the disfigured condition , Joke, Knife , Lazy , Mosquito , Neck
Old , Pinnacle , Quench , Resistance , Seam , Tension ,Unbearable , Vein , Wave,
Xeranthemun , Yawn , Zero
ဒီ စာလုံး၂၆ လုံးရဲ့အဓိပ္ပာယ်တွေကို
ကဗျာထဲမှာ
သင့်သလိုရောသမမွှေထားပါကြောင်း.။

May 16, 2010

" PLAY " Art From Myanmar Today

15.5.2010 စနေနေ့
ရာသီဥတုက မိုးရွာပြီးစနေပူရှိန်နဲ့ နွေးမြကြည်လင်လို့
ရုံးပိတ်ရက်တို့ ထုံးစံအတိုင်း ၉နာရီကျော်တဲ့ အထိခြေကန် အိပ်နေရာမိရက လူးလဲထမိခဲ့တယ်.။.
ဒီနေ့ မြန်မာပြည်က ပန်းချီဆရာတွေရဲ့ ပြပွဲကိုသွားမှာ....ပဲ.။
သူများတိုင်းပြည်မှာမို့လားမသိ ကိုယ့်တိုင်းပြည်ကလာပြီးကျင်းပတဲ့
အနုပညာနဲ့ဆိုင်ရာ..ဘာပွဲလေးတွေပဲ ရှိရှိ ရင်ခုန်လှုပ်ရှားလို့
မြန်မာပြည်ရဲ့ နာမည်ကျော် ပန်းချီဆရာတွေ...တဲ့

ပန်းချီတွေ အနုပညာပြကွက်တွေ ရဲ့သိမ်မွေ့နူးညံ့စေတတ်တဲ့ ဖမ်းစားမှု အတိုင်း မျောလွင့်လိုက်ပါရင်း
ကဗျာရေးချင်စိတ်ဆီကို တစိမ့်စိမ့်ကူးပြောင်းသွားခြင်းစိတ်အလျင် အစီးအဆင်းက
ကြည်နူး ကျေနပ်စရာကောင်းလွန်းလှတယ်လေ.။

+++++++++++++++++++++++++++++++++++++++++++++++++

နေရာက Dhoby Ghaut MRT ၊ Plaza Singapura ရဲ့နောက်ဘက်
OSAGE Singapore
11B Mt Sophia, #01-12
ဒီလှေခါးအတိုင်းတက်ရခြင်း ဆင်းရခြင်းကိုက ဘယ်အရာပဲဖြစ်ဖြစ်သက်တောင့်သက်သာရှိလွန်း
အဆင်တသင့်နိုင်လွန်းသော ဒီနိုင်ငံ မှာ ခံစားမှုတစ်မျိုးကို ရရှိနေစေမှာ သေချာနေပါတာပေါ့..။


ဒီဝန်းကြီးထဲက အဆောက်အဦထဲမှာ...ပြပွဲက ငြိမ်သက်တိုးတိတ်စွာ ခန့်ငြားနေခဲ့တာ..။


ပြပွဲရဲ့နာမည်က


ပြပွဲမှာ ပါဝင်ပြသကြမယ့် အနုပညာရှင်တွေ

ပထမဆုံးဝင်မိသည်က ပန်းချီဆရာကိုစိုးနိုင်ရဲ့အခန်းလေးပါပဲ
တစ်ခန်းလုံး ကို Installation Art နဲ့ဖန်တီးတင်ဆက်ထားပြီး အခန်းထဲဝင်လိုက်တာနဲ့
ဘယ်လိုမှန်းမသိတဲ့ မွန်းကြပ်လှုပ်ရှားမှုတစ်ခုကို ဟုန်းကနဲရသွားခဲ့ပါတယ်။
ခြင်ထောင်ချထားတဲ့ အထဲက ရှေးဟောင်းရုပ်ကြွင်းလို အရာတွေ နံရံတွေ တောက်လျှောက်မှာ
တရုတ်စာတွေလို အရောင်တောက်တောက်ပန်းချီကားတွေ

နောက်..
ပန်းချီဆရာရဲ့ လက်ရေးမူနဲ့ စာသား နစ်ကနဲရင်ဝကိုစိုက်ဝင်သွားခဲ့ရသည်ပေါ့..။
အိမ်မှာတော့ လက်တွေဟာ လေယက်တောင်ဖြစ်ရ
မိုးဘယ်တော့ရွာမလဲ...
တစ်နေ့တစ်နေ့ အပူဒဏ်ကို စင်းစင်းကြီးတွေခံနေရ

နောက် The Taste Of Liquid လို့အမည်ပေးထားတဲ့ Emily Phyo ရဲ့ ပြကွက်
ကွဲနေတဲ့ အိုးထဲမှာ ကိုကာကိုလာ အချိုရည်တွေ.....
တင်ဆက်သူက

From the village to city , from plain water to Coca Cola,

လို့အစချီပြီး သူ့တင်ဆက်မှုကို မိတ်ဆက်ပေးထားခဲ့တာပါ..


ဆရာစိုးနိုင်နဲ့ကပ်ရက်အခန်းမှာက ဆရာမြတ်ကျော့ရဲ့ ပန်းချီကားတွေ ..
နောက် ဗုဒ္ဓရဲ့ဆုံးမ ဟောညွှန်ပြသ ခဲ့တဲ့ ဖြစ်မှုပျက်မှုတွေနဲ့ ကံကြမ္မာဇယ်တောက်ရာမှာ စင်းစင်းခံနေကြရတဲ့ ဘ၀တွေ


နောက်ထပ်အခန်းကျယ်ကြီးတစ်ခုထဲမှကြတော့..
ဆရာMPP Yei Myintရဲ့လက်ရာတွေ..

နောက် ဆရာဦးအောင်မြင့်ရဲ့လက်ရာ..



နောက် ဆရာသည်မော်နိုင်ရဲ့ အတွေးလက်ရာ


စာတွေကိုဖတ်နေရင်း တစ်ကိုယ်လုံးမျောပါသွားသလိုပါပဲ...ရေစုန်လား..ရေဆန်လား.....
ကျွန်မတို့ ဒီလို မဆုံးအောင် လှော်ခတ်နေခဲ့ကြရတာ...။

အဲဒီ့အခန်းလေးထဲမှာပဲဗွီဒီယို ဆလိုက်နဲ့ပြသထားတဲ့ မ၀ါနုရဲ့လက်ရာ ပြကွက်ကို
တိုက်ဆိုင်လွန်းအားကြီးနေတာမို့ တအံ့တသြကြည့်နေမိပါတယ်


၁၉၉၇ လောက်ကနေ ၂၀၀၀ ခုနှစ်အထိ ကိုယ်ကိုယ်တိုင်ဆောက်လာခဲ့တဲ့ တိုက်တွေ
၂၀၀၁ခုနှစ် တစ်နှစ်လောက်ကိုယ်တိုင်နေခဲ့ဖူးခဲ့တဲ့တိုက်တွေ...
တောင်ဒဂုံ ၂၆ ရပ်ကွက် ယဉ်ကျေးမှုတက္ကသိုလ်နားမှာရှိတဲ့.....
အောင်ဇေယျတန်ဖိုးနည်းအိမ်ရာက အခု ဒီနေရာက ပိတ်ကားလေးထဲမှာ.......

There was no electricity regular supply , whether day or night .
When the light goes out in the darkness some chat and some move about friendless .
Others eat,work,teach and learn under the candlelight.

အဲဒီ့ကာလ..ဖယောင်းတိုင်မီးထဲမှာ ရေးခဲ့တဲ့စာတွေကဗျာတွေ ဘယ်နည်းလိမ့်မလဲလေ။

နောက် အဲဒီ့အခန်းထဲမှာပဲ
ဆရာဇာမင်းထိုက်ရဲ့ ရဲရင့်ထက်မြက်သော ရေးဟန်တွေးဟန် ရေးချက် တွေးချက်တွေ


ကိုဇက်ရဲ့ ပိတ်ဖြူစတစ်စဆန့်လာခဲ့တဲ့ ခရီိး...နောက်ဓါတ်ပုံတွေ ဗွီဒီယိုပြကွက်

Since a few year ago , I have become very interested in the movement and senses of animals


လို့ အစချီပြီး...
ငါးကနေ ဒိုင်နိုဆောအထိ........ ပြကွက်ရဲ့နာမည်က Room ဖြစ်ပါတယ်
သိပ်ကောင်းလွန်းတဲ့ ပြကွက်တွေထဲက ပုံထွက်ကောင်းတဲ့ ပုံလေးတစ်ပုံပဲ တင်ပြခွင့်ရတာ နှမျောစရာပါ...


သိပ်ထူးခြားတာကတော့ ဆရာမင်းသိမ်းဆောင်ရဲ့ REST ROOM လို့ အမည်ပေးထားတဲ့ installation art ပြကွက်ပါပဲ..။
I have notice that the rest room is one place used by every one . It provide a moment of respite -even for a moment _from stress and anxiety. Rest in a rest room: in an enclose space , find a moment of respite . In this room , you can forgo all inhibition.

နေရာဒေသမျိုးစုံကို ရောက်ရှိလာခဲ့တဲ့ ဘိုထိုင်အိမ်သာ အဟောင်းတစ်လုံးနဲ
့ဆရာ့ရဲ့အာဘော်တစ်စွန်းတစ်စ ၊ သင်ဘာတွေရလိုက်မလဲ...၊ ကျွန်မရော.....
တွေးစရာတွေ သိပ်များသွားတဲ့ ပြကွက်မျိုးတွေပါပဲ..

နောက်တော့ ဆရာထွန်းဝင်းအောင်ရဲ့ရထားမှာ လိုက်ပါစီးနင်းလို့

In the train , I reconsidered the relationship between my life and myself .

ကျွန်မတို့ရော ကျွန်မတို့စီးနင်းခွင့်ရခဲ့တဲ့ရထားပေါ်မှာ..ကျွန်မတို့ဘ၀နဲ့ကျွန်မတို့စိတ်အကြား
တစ်သားတည်းပေါင်းစည်းနေနိုင်ပါရဲ့လား...။

+++++++++++++++++++++++++++++++++++++++++++++++++

နောက်ဆုံးတော့ ဒီအဆောက်အဦးကြီးရဲ့အမိုးပေါ်က လယ်ကွင်းဆီကိုရောက်လာခဲ့ပါတယ်။
စိမ်းမြနေတဲ့ စပါးပင်ပေါက်လေးတွေနဲ့


လယ်သမားတစ်ဦးလို ဘောင်းဘီအနားစမှာ မြေစမြေနတွေနဲ့ ရေစိုလက်စတွေနဲ့ ဦးထုတ်အဟောင်းတစ်လုံးနဲ့
ဒီကဏ္ဍကို ဖန်တီးတင်ဆက်သူ ပန်းချီဆရာပိုပို..

ကျန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ဒီပြကွက်အတွက် စမ်းသပ်မှုတွေ အဆင့်ဆင့်ပြုလုပ်ပြီး
အတော်လေးကို အပင်ပန်းခံပြီးမှ ပြသနိုင်ခဲ့တယ်လို့ သိရပါတယ်..။
အနုပညာသမားတိုင်း သူ့ဖန်တီးမှုတွေအတွက် ၀ါယမစိုက်ထုတ်နိုင်မှုဟာ..သိပ်ကို အံ့သြလေးစားစရာကောင်းနေမှာပါ
အခု မလေးရှားကမြေကြီးတွေ နဲ့ စင်ကာပူနေ စင်ကာပူမိုးမှာ စမ်းသပ်စိုက်ပျိုးထားတဲ့
ဖေါ့ဘူးအဖြူ၂၅၀၀ ထဲကစပါးခင်းလေး..
တစ်ချို့က ကြီးထွားအောင်မြင်လို့

တစ်ချို့က အပင်တောင်ဖြစ်မလာနိုင်အောင် အလှီလှီ အကျုံကျုံ..

ဒီစပါးပင်လေးတွေရဲ့ ဆင့်ကဲဖြစ်စဉ်....
ဒီစပါးပင်လေး..ရဲ့ အဆင့်ဆင့်ကြီးထွားရင့်သန်ခြင်းအနုပညာ..

အဖြူရောင်ဘူးထဲက အစိမ်းရောင်စပါးပင်တွေ..
ရာသီဥတု ကျေးငှက်တိရစ္ဆန် သဘာဝဘေးအန္တရယ်တွေရဲ့ဒဏ်ကို ဒီဖေါ့ဘူး၂၅၀၀ ထဲက ဘယ်နှစ်ပင် တောင့်ခံနိုင်မလဲ

ဘယ်နှစ်ပင် အရွယ်ရောက်မလဲ........
ဘယ်နှစ်ပင် အသီးတွေအောင်မလဲ........

သင်ရော စပါးမစိုက်ချင်ဘူးလား..
သင်ရော..လယ်သမားတစ်ယောက်မဖြစ်ချင်ဘူးလား....
ပန်းချီဆရာ ပိုပိုက ဖေါ့ဘူးအဖြူလေးတစ်လုံးကို (သစ်ရွက် ၃ ရွက် )နှုန်းနဲ့ရောင်းချပေးသွားမှာပါ။
စပါးပင်လေးတွေကို ၂၀.၅.၂၀၁၀ လောက်မှာ ပြပွဲအောက်ထပ်က stage မှာ လှေခါးထစ်စိုက်ခင်းတစ်ခု စိုက်ပျိုးပြဦးမှာပါ.
စပါးပင်လေးတွေ ကြီးထွားရင့်သန်လာခြင်း အဆင့်ဆင့်ကို ဗွီဒီယိုပရိုဂျက်တာတွေနဲ့ တင်ဆက်ပြသဦးမှာပါ...

ဆရာပိုပိုက စပါးပင်လေးတွေကိုနေ့စဉ် ပေါင်းသင်လို့
အတိုင်းအတာတွေ တိုင်းတာတွက်ချက်လို့
မအောင်မြင်ရှာတဲ့ စပါးပင်လေးတွေကို ကြိုးစားပမ်းစားကုသလို့
လိုအပ်ရင် နှုတ်သင်ဖယ်ရှားလို့..
အဲဒီ့ စပါးပင်တွေကနေ သူ့အနုပညာတွေ ရင့်မှည့်လာမှာကို သူမြင်ယောင်ကြည်နူးလို့....

+++++++++++++++++++++++++++++++++++++++++++++++++

ပြန်လာတော့ ကြည်နူးကျေနပ်မှုတွေနဲ့ ရင်ခုန် လှုပ်ရှားလို့ရယ်
အနုပညာဆိုတာရဲ့ ကျယ်ပြောလွပ်လပ်လွန်းလှတဲ့ အာရုံခံစားမှုအသိအမြင်လမ်းစတစ်ခု
ထင်းကနဲ လင်းပွင့်လို့
စီးထွက်ဖို့ခက်ခဲနေတဲ့ ရေမျောင်းတစ်ခုကို ဖေါက်ချခံလိုက်ရသလို...
စိတ်ကူးတွေ...အလျင်မပြတ်..စီးမျောရွေ့လျား...
သူများမြေပေါ်က..ကိုယ့်လူမျိုးတွေရဲ့အနုပညာစွမ်းအား...တွေ
နောက်အနုပညာဆိုတာ တိုင်းပြည်တစ်ပြည်နဲ့ တိုင်းသူပြည်သားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးပြယုဂ်တစ်ခု
တို့ ဗမာတွေ...
တို့မြန်မာတွေ...အဲသလို နှလုံးအိမ်ကနေ သွေးကြောမတွေအထိ ပဲ့တင်ရိုက်ခတ်နေခဲ့ပါတယ်..။

+++++++++++++++++++++++++++++++++++++++++++++++++
ကဲ မိတ်ဆွေ
ကိုယ်စိတ်ပျိုးသမျှ ကိုယ်ပြန်ရိပ်သွားဖို့ မသေချာတာသေချာနေပေမယ့်
ကျွန်မတို့ စပါးစိုက်ကြရအောင်လား..။


+++++++++++++++++++++++++++++++++++++++++++++++++
အိန္ဒြာ
(၁၅.၅.၂၀၁၀)
သိချင်တဲ့ အချက်ကလေးတွေကို ပြောပြပေးတဲ့ ဆရာပိုပို့ကို ကျေးဇူးအထူးတင်ရှိပါတယ်..။

May 15, 2010

ရေ ကုသိုလ်

မိုးရွာလိုက်နေပူလိုက်မို့ စင်္ကာပူ ဥတုရာသီက ပူနွေးစွတ်စိုနေပါတယ်.။
မြက်ခင်းတွေလည်း စိမ်းမြ သစ်ပင်ပန်းပင်တွေလည်းစိမ်းမြ...
နေသာရင် ကောင်းကင်က ကြည်စင်နေအောင်ပြာလို့..
မြင်ကွင်းတိုင်းက မနာလိုစရာကောင်းလောက်အောင်ကြည့်ပျော်ရှုပျော်နိုင်လွန်းနေပါတယ်..။
ဒီလိုမြင်ကွင်းတွေ မြင်ရတိုင်း ခုထိမိုးတစ်ပေါက်မှမရွာပဲ ပူပြင်းခြောက်သွေ့လွန်းနေတဲ့
အမိမြန်မာပြည်ကိုပဲ ပြန်မြင်ယောင်နေမိပါတယ်..။
အခုဆို သောက်သုံးရေတွေတောင်ခမ်းခြောက်ကုန်ပြီတဲ့
မကြုံစဖူးထူးကဲအောင် ရေငတ်ဘေးပြသနာတွေ ဒေသတစ်ချို့မှာကြုံတွေ့နေရတယ်တဲ့..။
ကြားရတိုင်း စိတ်မချမ်းမမြေ့ဖြစ်ရလွန်းပါတယ်..။
အခု ဒီပိုစ့်လေးကို ဒီလင့်ခ်ကနေ.. ပိုစ့်ပိုင်ရှင်ကိုခွင့်တောင်းပြီး ကူးယူဖေါ်ပြပေးလိုက်ပါတယ်..။
ကူးယူဖေါ်ပြခွင့်ပေးတဲ့ မောင်ငယ် ဂျူလိုင်ဒရင်းကို ကျေးဇူးအထူးတင်ရှိပါတယ်.။
ရေ အကျိုး(၁၀)ပါး....တဲ့..။
ကျွန်မတို့ တတ်နိုင်သမျှလှူဒါန်းနိုင်ကြအောင်လို့ မျှဝေပေးလိုက်တာဖြစ်ပါတယ်။

အားလုံး စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျ လို့ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ..။

အိန္ဒြာ

+++++++++++++++++++++++++++++++++++++++++++++++++

On the water crisis

ရေအသက် တမနက် ဆိုတော့လည်း သောက်ရေအတွက် ဒုက္ခခံ တန်းစီနေကြတာများ...



သောက်ရေရမယ်ဆိုလို့ နေပူအောက်မှာ အပြေးတပိုင်းနဲ့ ထွက်လာတဲ့ လူငယ်လေးတွေ

တတောက်တောက် ကျနေတဲ့ ရေစက်လေးတွေကို လက်နဲ့ခံသောက်နေတဲ့ ကလေးတွေ


နွေကန္တာရအလည်မှာ သောက်ရေအတွက် ရတတ်ပွေနေရတဲ့ တို့ပြည်သူပြည်သားတွေ

ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ ရလဒ်ကတော့ အပူချိန်မြင့်မားပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်ပါတယ်။ အခုတော့ ကျေးရွာအချို့မှာ သောက်ဖို့ ရေတောင် မရှိတာကတော့ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။ ရေဆိုတာ လွယ်လွယ်ရတုန်းကသာ တန်ဖိုးမထားကြပေမယ့် လိုအပ်လာတဲ့အခါမှာ အတော်လေးကို ဒုက္ခများရရှာပါတယ်။ "ရေကြည်ချမ်းမြတပေါက် သောက်ပါရစေ မေ..." ဆိုတဲ့ သီချင်းလေးက အခုချိန်မှာ ရင်ကို ထိရှလှပါတယ်။

ကဲ... ကျွန်တော်တို့ ဘာလုပ်ပေးနိုင်ကြမလဲ။ ကျွန်တော်တို့ လှူရမှာက ရေပါပဲ။ နာဂစ်တုန်းကလို တန်ဖိုးကြီး ပစ္စည်းတွေလည်း မပါ။ တိုလို့လျှိုလို့ရတဲ့ အရာမျိုးလည်း မဟုတ်တဲ့ သောက်ရေ ဝေတာမို့ ဘယ်သူတွေနဲ့ တွဲဝေေ​ဝ ရေငတ်နေသူတွေဆီ ရေရောက်ဖို့က အဓိကလို့ ယူဆပါတယ်။

လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ RAVEN BDC အနေနဲ့ကတော့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာတွေမှာ မေလ ၁၅ ရက်နေ့က စပြီး သောက်ရေ ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်။ အဲဒီဘက်ကို ကားလမ်း မရှိပါဘူး။ ရေချိုလည်း မထွက်တဲ့အတွက် ရေတွင်း တူးဖို့လည်း အဆင်မပြေပါဘူး။ ကန်ရေတွေကတော့ နေပူလွန်းလို့ ခန်းကုန်ပါပြီ။ ဒါကြောင့် သဗ္ဗာန်တွေနဲ့ ရွာတွေဆီကို သောက်ရေ သယ်ပေးဖို့ လုပ်ကြမှာပါ။ အလှူရှင်တွေရဲ့ လှူဒါန်းပံ့ပိုးမှုအပေါ် အခြေခံပြီး အဲဒီဘက်က ရွာတွေမှာ တောက်လျှောက် သောက်ရေ အကူအညီပေးဖို့ ကြိုးစားနေကြပါတယ်။

ရေအတွက် ရေ လိုပါတယ်။ လိုနေတဲ့သူတွေအတွက် ကမ်းလက်တွေ လှမ်းပေးကြရအောင်လားဗျာ။

သောက်ရေ လှူဒါန်းလိုသူများ ဆက်သွယ်ရန်...
စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 5043302

May 7, 2010

ဖေဖေ မကြည့်ချင်မယ့် ရှုမျှော်ခင်း

VOICE
ဖေဖေရေ..
ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာ.အတွက်
သမီးတို့ရွာလေးက သက်သေခံပေးလို့
ရွာဦးက ခရေပင်ကြီးလည်းဆွံ့အ
နွေဦးစံပယ်တွေလည်း မလှကြတော့ဘူးပေါ့ ဖေဖေ..

ကောင်းကင်မှာ တိမ်တွေပြာနေပုံကို...က သံသယ၀င်ချင်စရာပါ
ဖေဖေချစ်တဲ့ ဧရာဝတီရေလည်းခမ်းခြောက်
ကြယ်စင်တွေ ကျကျပျောက်ခဲ့တာလည်း..များလှပေါ့

အခုဆို ရွာလေးက
နောက်ဆုံးပေါ်ဂလိုဘယ်လ်ဖက်ရှင်နဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်လို့ပေါ့..ဖေဖေ..
ဆံပင်တွေ အရောင်ပြောင်း
လက်သည်းခြေသည်းတွေ အရောင်ပြောင်း..
စိတ်ဓါတ်တွေပါ...အရောင်ပြောင်း..
ဖေဖေ့ယာခင်းထဲက ပန်းနေကြာတွေတောင်..
ဝါပုံတွေ ပြောင်းကုန်ကြ..ပြီ..တဲ့..

ဖေဖေချန်ထားရစ်တဲ့ ၂၇ နှစ်မှာ
ဆူနာမီတွေ နာဂစ်တွေ ဟေတီငလျင်တွေ
ကြက်ငှက်တုတ်ကွေးတွေ ဆားလ်စ်တွေ H1N1 တွေ
တာလီဗန်တွေ အသေခံဗုံးခွဲတွေ နျူကလီးယားကျိန်စာတွေ ၊
ဒုံးခွင်းဒုံးတွေ..ပုံတူမျိုးပွား သန္ဓေသားတွေ..၃ ဘက်မြင်ရုပ်လုံးကြွ မူဗွီတွေ
ဆော့ဝဲလ်ပရိုဂရမ်မီးအော်တိုဒေတာကော်လက်ရှုင်းတွေ

ဆပ်ဒန်ဟူစိန်လည်း သေဒဏ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေ
ဘင်နာဇီယာဘူတို လုပ်ကြံခံခဲ့ရတာတွေ
ပိုလန်အစိုးရ ၉၇ ယောက်စလုံး
သူများမြေပေါ်မှာ အစိမ်းသေ သေကြေကြရတဲ့
ဒဏ္ဍာရီဆန်ဆန် အံ့သြထိတ်လန့်ဖွယ်ရာတွေ..
ဖေဖေရေ..
အာဖကန်စပ် လူမည်း တစ်ယောက်က
၄၄ယောက်မြောက် အမေရိကန်သမ္မတဖြစ်နိုင်ခဲ့ပြီတဲ့

ခေတ်က...
ကြောက်စရာကောင်းအောင် အစီးသန်သလို
ခေတ်ကို
ကြောက်စရာကောင်းအောင် မောင်းနှင်နေကြတယ် ဖေဖေရေ

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း
စစ်ပွဲတွေရဲ့ အကြောင်းအရင်း ရလဒ်တွေကတော့
အတူတူပဲပေါ့ ဖေဖေရယ်...
ရက်စက်မှုတွေ ပိုမိုထက်မြက်အောင်
ကျောက်ကျစ်မှုတွေ ပြောင်မြောက်သေသပ်အောင်
့နည်းပညာဆိုတာတွေက ရင်သပ်ရှုမောပံ့ပိုးပေးကြတာ

ခလုပ်တစ်ချက်နှိပ်ယုံနဲ့ ကမ္ဘာတစ်ခြမ်းပြာကျသွားနိုင်တဲ့
အိမ်မက်ထက်ဆန်းကျယ်နေတဲ့ လောကဓာတ်ခေတ်မှာ
သမီးတို့က
နည်းပညာပေါက်ဓါးနဲ့ ဆပ်ကပ်ကစားနေကြရတယ်ပေါ့

ဖေဖေရေ..
သမီးတို့ရွာလေးက ဆူးကြားက ဗူးခါးဆိုတာလို
ခေတ်စီးဆင်းရာအနောက်မှာ..
ဝရုန်းသုန်းကား...လူး.လှိမ့်..မျော..ပါ..လို့....

ဖေဖေရေ...
ပိတောက်တွေတောင်..မဖူးနိုင်လောက်အောင်
နွေရာသီတွေ မိုးခေါင်ရေရှားလို့.......

ဖေဖေရေ...
သမီးတို့ရွာလေးက
ကံကံ၏အကျိုးဆိုတာကို
ခြေလွန်လက်လွန် ယုံစားလို့

အခုဆို....
သမီးတို့ ရွာလေးမှာ
ရပ်ပ်ဂီတနဲ့ ..ဗေဒင်ယတြာနဲ့
တစ္ဆေ၀တ္ထုနဲ့.. ကွန်ပြူတာဂိမ်းနဲ့
အင်တာနက်ကဖေးနဲ့.. ရှော့ပင်းမောတွေနဲ့
ရေသန့်စက်ရုံနဲ့ ..ဘောလုံးပွဲတွေနဲ့
ဦးနှောက်ယိုစီးခြင်း ပြဿနာနဲ့
မပြည့်စုံခြင်းတွေထဲမှာ ရောင့်ရဲတင်းတိမ်စွာနေထိုင်တတ်ခြင်းမင်္ဂလာနဲ့.....
အရာရာ....ဟာ...
ဟိုး....၂၇ နှစ်ကထက် သာလွန်နေခဲ့ပြီပေါ့ ဖေဖေရယ်..။

သမိုင်းဆိုတာ
ခေတ်တွေ တစ်ရစ်ခြင်းအနယ်ကျထားတဲ့
သက်ရင့်ကျောက်ဆောင်တွေပဲ ဖေဖေရယ်
နောင်နှစ်ပေါင်းများစွာမှာ...
အဲသည့်..ကျောက်သားကျောက်ဆောင်က
မီးတဟုန်းဟုန်း ထ တောက်ပြဦး..မှာ..

နေ၀င်ချိန်တွေကို လှမ်းမျှော်ကြည့်နေမယ့်
ဖေဖေ့မျက်ဝန်းတွေထဲမှာ...
ခေတ်ဟာ....
ဘယ်လိုစီးဆင်းသွားမလဲ...

ဖေဖေချစ်တဲ့ ဧရာဝတီ့ကမ်းဦးမှာ
ဖေဖေ..ဘာတွေ..တိုင်တည်ချင်နေမလဲ.......

"ကိုယ်နင်းထားတဲ့ အရပ်တိုင်းက အောင်မြေ" တဲ့..
ဖေဖေ...ရေ
သမီးရဲ့နှလုံးအိမ်ထဲမှာ ဖေဖေ့သွေးတွေက...ပူနွေးလို့

အဖေဆိုတာ..ဟာ
အိမ်တစ်အိမ်ရဲ့ အမိုး အကာပါ..
အဖေဆိုတာ..ဟာ
တောကြီးမျက်မည်းခရီးလမ်းအတွက်
သက်စောင့် ဆောင် ဓား တစ် လက် ပါ

ဖေဖေရေ...
အမိုးအကာ မဲ့ အိမ်ကြီးကနေ ထွက်လာခဲ့တဲ့..
ဖေဖေ့ သမီး...........
အခု
ရေကြည်ရာမြက်နုရာ ခေတ်ခရီးကြီးမှာ
ဖေဖေ့ဆောင်ဓားနဲ့ အင်အားတွေကိုသစ်လို့...
ဖေဖေ့.. အလင်းတစ်ပေါက်နဲ့...
မိုး သောက် ဖို့ ကြိုး စား နေ တုန်း ပေါ့..။ ။


အိန္ဒြာ
(၅-၅-၂၀၁၀)

(၅-၅-၂၀၁၀)တွင် ကွယ်လွန်ခြင်း၂၇ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော
သက်ရှိထင်ရှားရှိနေသေးလျှင် အသက် ၇၀ ပြည့်ပြီဖြစ်သော ဖေဖေ့ ကို
လွမ်းဆွတ်ခြင်းများဖြင့် တိုင်တည်ရေးဖွဲ့ပါသည်..။

( အမေများနေ့မှာ ဖေဖေ့အတွက်ရေးတဲ့ ကဗျာ အတွက် မေမေ ကျေနပ်ဂုဏ်ယူနိုင်မယ်ထင်ပါရဲ့)

May 1, 2010

သူသွားတာသေချာပြီလား ကဗျာခံစားမှုစာစု

ခံစားမိရာဆိုတဲ့ Sub Title လေးက ကဗျာတွေကိုကိုယ်ခံစားမိသလို ချရေးမယ်ဆိုပြီး
ဖန်တီးထားဖြစ်ခဲ့တာပါ။
ဒါပေမယ့် ခုအချိန်အထိ ဘယ်ကဗျာတစ်ပုဒ်တစ်လေကိုမှ ခံစားမိရာဆောင်းပါး မရေးဖြစ်သေးပါဘူး။

ကဗျာတွေကို ခံစားရတာ ကဗျာရေးရတာထက်ကို နက်နည်းသိမ်မွေ့လွန်းပါတယ်..။
ကိုယ်ပြန်ချရေးလိုက်မှ ကဗျာရဲ့ အကြည်ဓါတ်လေးတွေ နောက်သွားမှာ ၊
ကဗျာဆရာပေးချင်တဲ့ ပမာဏ လျော့ကျသွားမှာ
ကဗျာခုတ်မောင်းနေရာ လမ်းကြောင်းလေး တိမ်းစောင်းသွားမှာ သိပ်စိုးရိမ်မိ လက်တွန့်နေခဲ့မိပါတယ်..။
ကဗျာတွေကိုတော့ မဖြစ်မနေ စားသုံးရမယ့်အဟာရတစ်ခုလိုကို ဖတ်ဖြစ်ခဲ့ပါတယ်..။

တစ်ချို့ကဗျာတွေက ရင်ဝကိုထုတ်ချင်းခတ်ဖေါက်ဝင်သွားပါတယ်..။
တစ်ချို့ကဗျာတွေကတော့ ဘယ်တော့မှမရိုးအီနိုင်တဲ့ ရနံ့တစ်ခုလို ချိုမြနေတတ်ပါတယ်
တစ်ချို့ကဗျာတွေက ညခင်းဆည်းဆာမှာ တိမ်ရောင်စုံတွေ တောက်ပြနေသလိုလို
တစ်ချို့ကဗျာတွေမှာက ခွန်အားတွေ စွေးစွေးနီလို့
တစ်ချို့ကဗျာတွေကအရှိန်အဟုန်ကြီးမားပြီးဆန်းကျယ်ခမ်းနားလွန်းတဲ့ ရေတံခွန်လိုမျိုးပေါ့
တစ်ချို့ကဗျာတွေကတော့ နွေးမြနေတဲ့ နံနက်နေခြည်ထဲမှာ..
သာသာလွင့်လွင့်တိုက်ခတ်နေတဲ့လေညှင်းပြေပြေလေးလိုပါပဲ

အခုကျွန်မ ကဗျာခံစားမှုစာစုခေါ်မလား အက်ဆေးခေါ်မလား
ဘာပဲဖြစ်ဖြစ်ချရေးချင်လာခဲ့ပါတယ်..။
ကျွန်မပြောထားခဲ့တဲ့ကဗျာတွေထဲကလိုဆို အဲဒီ့ကဗျာလေးက
ကျွန်မအတွက် ရင်ဝကိုထုတ်ချင်းခတ်ဖေါက်ဝင်သွားတဲ့ ကဗျာမျိုးလေးပါ..။
ကဗျာလေးးးးး
ကဗျာမှ ကဗျာ တိုတိုလေး....
နာဂစ်လွန်ပြီးသောအခါ...တဲ့


နာဂစ်လွန်ပြီးသောအခါ...

သူသွားပြီလား
ထပ်မေးမယ်
သူသွားတာ သေချာပြီလား
ဒါဆို . . .
ငါတို့
ငိုသံတွေ စမယ်။ ။

တည်ရ

++++++++++++++++++++++++++++++++++++++++++++++

သူသွားပြီလား...
ထပ်မေးမယ်....
သူသွားတာ သေချာပြီလား.....
အဲဒီ့မေးလိုက်တဲ့ အသံဟာ..စိတ်ထဲက..ပဲ့တင်တော်လဲနေသံမျိုးလား
နှုတ်ဖျားက တဖွဖွတရံမလပ်ရေရွတ်နေတာများလား..
ကျစ်ကျစ်ဖေးမထားမိကြသူချင်း အတည်ပြုမေးမြန်းလိုက်တာမျိုးလား
ဒါမှမဟုတ်
အရူးတစ်ယောက်လို အသံကုန်ဟစ်အော်သံနဲ့မေးခွန်းများလား
မေးနေခဲ့တယ်
သူတို့ မေးနေခဲ့ကြပါတယ်..
သူသွားတာ သေချာပြီလား.....တဲ့...။

သူဟာ.ခုလေးတင် ညီမလေးရဲ့လက်ကို လွှတ်ချလိုက်ရသူလည်းဖြစ်နိုင်တယ်..
ရင်ခွင်ထဲက သားငယ်လေး လှိုင်းအရိုက်မှာ နစ်မြုတ်ပျောက်ကွယ်သွားစလည်းဖြစ်နိုင်တယ်..
မိခင်ကြီးရဲ့ကိုယ်ပေါ်ကို သစ်ပင်တစ်ပင်လဲပြိုကျသွားတာကို
မျက်မြင်တပ်အပ်ကြုံလိုက်ရသူလည်းဖြစ်နိုင်တယ်..

ရေထဲနစ်မြုတ်ရတော့မယ့် လှေငယ်ပေါ် ချစ်သူကို ကိုယ်တိုင်ကိုယ်ကျ
တင်ပေးလိုက်တဲ့ သူလည်းဖြစ်နိုင်သေးတယ်..

သူကိုယ်တိုင်က တစ်စုံတစ်ရာကိုဖက်တွယ်မျောပါလာရတဲ့ ကမ်းခြေမဲ့လူတစ်ယောက်လည်း
ဖြစ်ကောင်းဖြစ်နေနိုင်တယ်ပေါ့..


သေချာတာက..

သူဟာ သည်းချေပျက်မတတ် ခြောက်ချား တုန်လှုပ်နေလိမ့်မယ်
သူ့နားအစုံဟာ.ဘာကိုမှမကြားနိုင်လောက်အောင် အူခဲနာကျဉ်နေလိမ့်မယ်
ငြိမ်သက်စပြုလာတဲ့ ပတ်ဝန်းကျင်ကို သူ.........
မျက်လုံးပြူးကြီးနဲ့ကြောင်စီစီ ထူအန်းအန်း ငေးကြည့်နေလိမ့်မယ်..


သူ့ကိုယ်သူ သေသွားပြီးသားလား..၊ အသက်ရှိနေတုန်းလား သူ...မသေမချာကြီးဖြစ်နေလိမ့်မယ်


သူနောက်တစ်ခေါက် ထပ်ပြီးရေရွတ်မိဦးမယ်..


သူသွားပြီလား....

သူသွားတာသေချာပြီလား...

သူရင်တွေ ဆောက်တည်ရာမရခုန်လှုပ်နေလိမ့်မယ်...

တဖြည်းဖြည်းငြိမ်သက်လာတဲ့ ပတ်ဝန်းကျင်ထဲမှာ သူ တဖြည်းဖြည်းချင်း အသက်ပြန်ဝင်လာမယ်..
တစ်ချိန်တည်း..သူ့မိသားစုကို သူအိမ်ငယ်လေးကို ကယောင်ကတမ်းရှာဖွေနေလိမ့်မယ်...
ဘယ်လို ဘယ်လောက်အတိုင်းအဆမှန်းမသိတဲ့ အပူလုံးတစ်လုံး
ရင်ဝကို ဟုန်းကနဲရိုက်ခတ်တက်လာလိမ့်မယ်.


သူ...သူ့မိသားစုတစ်ဦး ဒါမှမဟုတ် အားလုံးရဲ့ ရုပ်အလောင်းကို အတည်ပြုဖို့ ..........


သူ တစ်အောင့်လောက် သတိလစ်မူးမိုက်သွားလိမ့်မယ်..
ခဏဖြစ်ဖြစ်ရူးသွပ်သွေးပျက်သွားလိမ့်ဦးမယ်..

သူ.....ငို..ရှိုက်.ပစ်..လိုက်...ဖို့ သ တိ ရ လာ..တ.ယ်....

သူ..သွား..ပြီ..လားးးး
သူသွားတာ..သေချာ..ပြီ..လား....
သူ...သွား..တာ..သေ..ချာ..ရင်...

+++++++++++++++++++++++++++++++++++++++++++++++

သူသွားတာ သေချာမှ စရဲခဲ့ကြတဲ့ ငိုကြွေးသံတွေပါ.....
ဘယ်တော့မှ သွေးမတိတ်နိုင်တော့တဲ့ သွေးစိမ်းရှင်ရှင်ဒဏ်ရာတစ်ခုလို...
ငိုသံတွေ မစဲနိုင်တော့တာဟာ.....

+++++++++++++++++++++++++++++++++++++++++++++++

ဒါဆို . . .
ငါတို့.............

+++++++++++++++++++++++++++++++++++++++++++++++

သဘာဝဘေးအန္တရယ်.၊ စစ်ဘေးအန္တရယ်များနှင့်သေကြေခဲ့ကြရသော လူသားတိုင်း
နောင်ဘ၀ဆိုတာတွေမှာ ဒီအဖြစ်ဆိုးမျိုးနဲ့ ကင်းဝေးနိုင်ကြပါစေ.။


ကဗျာကို အသုံးပြုခွင့်ပေးသော မောင်ငယ် ကဗျာဆရာ တည်ရ အား ကျေးဇူးအထူးတင်လျက်

အိန္ဒြာ
( ၂.၅.၂၀၁၀)