May 1, 2010

သူသွားတာသေချာပြီလား ကဗျာခံစားမှုစာစု

ခံစားမိရာဆိုတဲ့ Sub Title လေးက ကဗျာတွေကိုကိုယ်ခံစားမိသလို ချရေးမယ်ဆိုပြီး
ဖန်တီးထားဖြစ်ခဲ့တာပါ။
ဒါပေမယ့် ခုအချိန်အထိ ဘယ်ကဗျာတစ်ပုဒ်တစ်လေကိုမှ ခံစားမိရာဆောင်းပါး မရေးဖြစ်သေးပါဘူး။

ကဗျာတွေကို ခံစားရတာ ကဗျာရေးရတာထက်ကို နက်နည်းသိမ်မွေ့လွန်းပါတယ်..။
ကိုယ်ပြန်ချရေးလိုက်မှ ကဗျာရဲ့ အကြည်ဓါတ်လေးတွေ နောက်သွားမှာ ၊
ကဗျာဆရာပေးချင်တဲ့ ပမာဏ လျော့ကျသွားမှာ
ကဗျာခုတ်မောင်းနေရာ လမ်းကြောင်းလေး တိမ်းစောင်းသွားမှာ သိပ်စိုးရိမ်မိ လက်တွန့်နေခဲ့မိပါတယ်..။
ကဗျာတွေကိုတော့ မဖြစ်မနေ စားသုံးရမယ့်အဟာရတစ်ခုလိုကို ဖတ်ဖြစ်ခဲ့ပါတယ်..။

တစ်ချို့ကဗျာတွေက ရင်ဝကိုထုတ်ချင်းခတ်ဖေါက်ဝင်သွားပါတယ်..။
တစ်ချို့ကဗျာတွေကတော့ ဘယ်တော့မှမရိုးအီနိုင်တဲ့ ရနံ့တစ်ခုလို ချိုမြနေတတ်ပါတယ်
တစ်ချို့ကဗျာတွေက ညခင်းဆည်းဆာမှာ တိမ်ရောင်စုံတွေ တောက်ပြနေသလိုလို
တစ်ချို့ကဗျာတွေမှာက ခွန်အားတွေ စွေးစွေးနီလို့
တစ်ချို့ကဗျာတွေကအရှိန်အဟုန်ကြီးမားပြီးဆန်းကျယ်ခမ်းနားလွန်းတဲ့ ရေတံခွန်လိုမျိုးပေါ့
တစ်ချို့ကဗျာတွေကတော့ နွေးမြနေတဲ့ နံနက်နေခြည်ထဲမှာ..
သာသာလွင့်လွင့်တိုက်ခတ်နေတဲ့လေညှင်းပြေပြေလေးလိုပါပဲ

အခုကျွန်မ ကဗျာခံစားမှုစာစုခေါ်မလား အက်ဆေးခေါ်မလား
ဘာပဲဖြစ်ဖြစ်ချရေးချင်လာခဲ့ပါတယ်..။
ကျွန်မပြောထားခဲ့တဲ့ကဗျာတွေထဲကလိုဆို အဲဒီ့ကဗျာလေးက
ကျွန်မအတွက် ရင်ဝကိုထုတ်ချင်းခတ်ဖေါက်ဝင်သွားတဲ့ ကဗျာမျိုးလေးပါ..။
ကဗျာလေးးးးး
ကဗျာမှ ကဗျာ တိုတိုလေး....
နာဂစ်လွန်ပြီးသောအခါ...တဲ့


နာဂစ်လွန်ပြီးသောအခါ...

သူသွားပြီလား
ထပ်မေးမယ်
သူသွားတာ သေချာပြီလား
ဒါဆို . . .
ငါတို့
ငိုသံတွေ စမယ်။ ။

တည်ရ

++++++++++++++++++++++++++++++++++++++++++++++

သူသွားပြီလား...
ထပ်မေးမယ်....
သူသွားတာ သေချာပြီလား.....
အဲဒီ့မေးလိုက်တဲ့ အသံဟာ..စိတ်ထဲက..ပဲ့တင်တော်လဲနေသံမျိုးလား
နှုတ်ဖျားက တဖွဖွတရံမလပ်ရေရွတ်နေတာများလား..
ကျစ်ကျစ်ဖေးမထားမိကြသူချင်း အတည်ပြုမေးမြန်းလိုက်တာမျိုးလား
ဒါမှမဟုတ်
အရူးတစ်ယောက်လို အသံကုန်ဟစ်အော်သံနဲ့မေးခွန်းများလား
မေးနေခဲ့တယ်
သူတို့ မေးနေခဲ့ကြပါတယ်..
သူသွားတာ သေချာပြီလား.....တဲ့...။

သူဟာ.ခုလေးတင် ညီမလေးရဲ့လက်ကို လွှတ်ချလိုက်ရသူလည်းဖြစ်နိုင်တယ်..
ရင်ခွင်ထဲက သားငယ်လေး လှိုင်းအရိုက်မှာ နစ်မြုတ်ပျောက်ကွယ်သွားစလည်းဖြစ်နိုင်တယ်..
မိခင်ကြီးရဲ့ကိုယ်ပေါ်ကို သစ်ပင်တစ်ပင်လဲပြိုကျသွားတာကို
မျက်မြင်တပ်အပ်ကြုံလိုက်ရသူလည်းဖြစ်နိုင်တယ်..

ရေထဲနစ်မြုတ်ရတော့မယ့် လှေငယ်ပေါ် ချစ်သူကို ကိုယ်တိုင်ကိုယ်ကျ
တင်ပေးလိုက်တဲ့ သူလည်းဖြစ်နိုင်သေးတယ်..

သူကိုယ်တိုင်က တစ်စုံတစ်ရာကိုဖက်တွယ်မျောပါလာရတဲ့ ကမ်းခြေမဲ့လူတစ်ယောက်လည်း
ဖြစ်ကောင်းဖြစ်နေနိုင်တယ်ပေါ့..


သေချာတာက..

သူဟာ သည်းချေပျက်မတတ် ခြောက်ချား တုန်လှုပ်နေလိမ့်မယ်
သူ့နားအစုံဟာ.ဘာကိုမှမကြားနိုင်လောက်အောင် အူခဲနာကျဉ်နေလိမ့်မယ်
ငြိမ်သက်စပြုလာတဲ့ ပတ်ဝန်းကျင်ကို သူ.........
မျက်လုံးပြူးကြီးနဲ့ကြောင်စီစီ ထူအန်းအန်း ငေးကြည့်နေလိမ့်မယ်..


သူ့ကိုယ်သူ သေသွားပြီးသားလား..၊ အသက်ရှိနေတုန်းလား သူ...မသေမချာကြီးဖြစ်နေလိမ့်မယ်


သူနောက်တစ်ခေါက် ထပ်ပြီးရေရွတ်မိဦးမယ်..


သူသွားပြီလား....

သူသွားတာသေချာပြီလား...

သူရင်တွေ ဆောက်တည်ရာမရခုန်လှုပ်နေလိမ့်မယ်...

တဖြည်းဖြည်းငြိမ်သက်လာတဲ့ ပတ်ဝန်းကျင်ထဲမှာ သူ တဖြည်းဖြည်းချင်း အသက်ပြန်ဝင်လာမယ်..
တစ်ချိန်တည်း..သူ့မိသားစုကို သူအိမ်ငယ်လေးကို ကယောင်ကတမ်းရှာဖွေနေလိမ့်မယ်...
ဘယ်လို ဘယ်လောက်အတိုင်းအဆမှန်းမသိတဲ့ အပူလုံးတစ်လုံး
ရင်ဝကို ဟုန်းကနဲရိုက်ခတ်တက်လာလိမ့်မယ်.


သူ...သူ့မိသားစုတစ်ဦး ဒါမှမဟုတ် အားလုံးရဲ့ ရုပ်အလောင်းကို အတည်ပြုဖို့ ..........


သူ တစ်အောင့်လောက် သတိလစ်မူးမိုက်သွားလိမ့်မယ်..
ခဏဖြစ်ဖြစ်ရူးသွပ်သွေးပျက်သွားလိမ့်ဦးမယ်..

သူ.....ငို..ရှိုက်.ပစ်..လိုက်...ဖို့ သ တိ ရ လာ..တ.ယ်....

သူ..သွား..ပြီ..လားးးး
သူသွားတာ..သေချာ..ပြီ..လား....
သူ...သွား..တာ..သေ..ချာ..ရင်...

+++++++++++++++++++++++++++++++++++++++++++++++

သူသွားတာ သေချာမှ စရဲခဲ့ကြတဲ့ ငိုကြွေးသံတွေပါ.....
ဘယ်တော့မှ သွေးမတိတ်နိုင်တော့တဲ့ သွေးစိမ်းရှင်ရှင်ဒဏ်ရာတစ်ခုလို...
ငိုသံတွေ မစဲနိုင်တော့တာဟာ.....

+++++++++++++++++++++++++++++++++++++++++++++++

ဒါဆို . . .
ငါတို့.............

+++++++++++++++++++++++++++++++++++++++++++++++

သဘာဝဘေးအန္တရယ်.၊ စစ်ဘေးအန္တရယ်များနှင့်သေကြေခဲ့ကြရသော လူသားတိုင်း
နောင်ဘ၀ဆိုတာတွေမှာ ဒီအဖြစ်ဆိုးမျိုးနဲ့ ကင်းဝေးနိုင်ကြပါစေ.။


ကဗျာကို အသုံးပြုခွင့်ပေးသော မောင်ငယ် ကဗျာဆရာ တည်ရ အား ကျေးဇူးအထူးတင်လျက်

အိန္ဒြာ
( ၂.၅.၂၀၁၀)

11 comments:

လင်းဒီပ said...

အားလုံးပဲ ရန်သူငါးပါး အန္တရာယ်က ဝေးနိုင်ကြပါစေသော်...။

pandora said...

ရန်သူငါးပါးက ဆက်စပ်နေတဲ့အခါ ခက်တယ်လေ... ။ ၀မ်းနည်းစရာ အဖြစ်ဆိုးတွေ ကင်းကြပါစေ။

★Craton said...

ကင်းဝေးနိုင်ကြပါစေ... (ပဲ့တင်ထပ်လျက်)

မယ်ကိုး said...

မမေ့သေးဘူး။မမေ့နိုင်ဘူး။ မေ့လို့ မဖြစ်ဘူး။

ဇွန်မိုးစက် said...

မ..ပြောသလို...တိုတိုလေးနဲ့ အတွေးတွေအများကြီးပါအောင် ဆွဲခေါ်သွားနိုင်တဲ့ ကဗျာလေးတစ်ပုဒ်ပါ။

အသစ်အသစ်သော ငိုသံတွေ ထပ်ပြီး မကြားပါရစေနဲ့တော့လို့...ဆုတောင်းမိပါတယ်။

ညလင်းအိမ် said...

တိုတိုလေးနဲ့ တကယ်ထိရောက်တဲ့ ကဗျာပါဗျာ ...

ချစ်ကြည်အေး said...

အရမ်းခံစားရစေတဲ့ ကဗျာလေးပါ....ကဗျာခံစားမှုလေးလည်း ကောင်းတာပါပဲ အိန္ဒြာ....ရင်ထဲ ကူးစက်လွယ်သွားတယ်....

Moe Cho Thinn said...

ငိုသံတွေ ခုထိ ကြားနေတုန်းပဲ။ မစဲသေးဘူး..

Ree Noe Mann said...

ကဗျာ ဆရာ ကိုတည်ရ ရဲ့ ကဗျာက တိုပေမဲ့
ထိရောက်တယ်။
ကဗျာကို အဓိပ္ပါယ်ပေါ်အောင် ရေးသားတဲ့
ဆရာမ အိန္ဒြာရဲ့ လက်စွမ်းကြောင့်လည်း
ပိုပြီး ပေါ်လွင်စေပါတယ်။

အဲဒီအကြောင်း စဉ်းစားမိတိုင်း စိတ်မကောင်းခြင်းနှင့်
အတူ အကြောင်းအရာ တစ်ခုခုကို သွားသတိရတယ်။
ဒီလိုဘေးဒုက္ခကြီးကို ဒီလိုမျိုး ခံစားရတာဟာ
ရှေ့ဘဝက ပြုခဲ့တဲ့ အကုသိုလ်ကြောင့်ပဲလို့ စဉ်းချင်မိတယ်။
ရှေ့တုန်းက ဘာများလုပ်ခဲ့မိလို့ ရွာလုံးကျွတ် ရေထဲပါသွားရတာလဲလို့
ကျွန်တော်တော့ စဉ်းစားမိတယ်။

ဝဋ်ရှိရင်လည်း ဒီဘဝ ဒီမျှနှင့် ကျေပါစေလို့ ဆုတောင်းပေးနေမိပါတယ်ဗျာ။

အမရာ said...

ရင်နှင့်အမျှခံစားရတယ်....

MANORHARY said...

စခဲ့တဲ့မျက်ရည်တွေ ခုထိ မခြောက်သေးးးးးး