May 30, 2010

လူငယ်တွေဟာ ဘယ်တော့မှ မခန်းခြောက်တဲ့ ပန်းပွင့်

လူငယ်လေးပေါက်ရောက်ရာ ရာသီဥတုက ကြမ်းတမ်းခက်တရော်လို့
လူငယ်တွေမှာ ကျားကုတ်ကျားခဲ လက်ယက်တွင်းလေးတွေ ကိုယ်စီ
လူငယ်တွေ အခုရေကြည်တူး အခုရေနောက်တွေ သောက်ချနေကြပေါ့
လူငယ်လေးက ဒီလိုနဲ့ အပြိုင်းအရိုင်းရှင်သန် ဒီလိုမျိုး အပြိုင်အဆိုင်ပေါက်ရောက်
လူငယ်တွေဟာ မြေဇာပင်မဟုတ် ပေါင်းမြက်တွေ မဟုတ်
လူငယ်လေးက ကိုယ့်ပုခုံးပေါ်ကိုယ်တံပိုးတင်ပြီးထွန်ယက်
ကိုယ့်ကိုယ်ရည်ကိုယ်သွေးတွေကို အိပ်သွန်ဖာမှောက်ပျိုးကျဲ
လူငယ်လေးက ကိုယ့်ကိုယ်ကို စိုက်ရင်းပျိုးရင်း ကိုယ့်ကိုယ်ကို
ကျီးခြောက် စာခြောက်လုပ်နေရ ကျီးကြည့် ကြောင်ကြည့် ကြည့်နေရ..
လူငယ်လေး ကိုယ့်ကိုယ်ကို ရိပ်သိမ်းတော့မယ်ဆိုရင်ပဲ
လူငယ်တွေ အစိုးမရတဲ့ ခေတ်ကြပ်နှစ်ကြပ်ထဲ.. မိုးသည်းထန် တိမ်ထူထပ် နှင်းခါးရိုက်
လူငယ်လေးရဲ့ စိုက်ကွင်းမှာမှ ပိုးဖလံကောင်တွေ ကျကျနေတတ်တော့...
လူငယ်လေးခမျာ လျာထားချက်ပြည့်မှီအောင် ဖူးခွင့်သီးခွင့်မရ..
လူငယ်တွေမှာ အဖျင်းအမှော်တွေ ကြားညှပ်ပါလာတော့တာပေါ့...

လူငယ်တွေရဲ့ ဘယ်ခေတ်ဘယ်သမိုင်းမျက်နှာစာမှာဖြစ်ဖြစ်
လူငယ်တွေ ကိုယ့်ကိုယ်ကို ဥယျဉ်မှူး လုပ်တတ် လုပ်နေကြသမျှ
လူငယ်ဆိုတာ ဘယ်တော့မှ မခန်းခြောက်တဲ့ ပန်းပွင့်တွေပါပဲ..
လူငယ်လေးက ဆုတောင်းနဲ့ အိပ်မက်တွေကို အယုံအကြည်မရှိဘူး
လူငယ်တွေမှာ လက်တွေ့ဆန်ဆန်အတွေးအမြင်သွေးတွေက တဒိတ်ဒိတ်ဆူပွက်လို့
လူငယ်တွေက ယဉ်ကျေးမှု အသစ်နဲ့ ပျိုမြစ်ဖူးပွင့်ချင်ကြတယ်
အဲဒီ့မှာ တောင်ပြိုသလို အရှိန်နဲ့ လှိမ့်ဆင်းလာကြတဲ့ ကဗျာတွေ သီချင်းတွေ ဖက်ရှင်တွေ
လူငယ်တွေဟာ တစ်စုံတစ်ရာကို တိတ်တိတ်လေး အော်အော်နေကြောင်းပြသရဲ့

လူငယ်တွေက ယှဉ်ပြိုင်မှုတွေ ကစားနည်းအသစ်တွေ ဒီဇိုင်းအဆန်းတွေကို စိတ်ဝင်စားကြသလို..
လူငယ်တွေဟာ ခေတ်ကို အလင်းနဲ့ စဖွင့်တတ်တဲ့ အရုဏ်ဦးတွေဖြစ်သလို..

လူငယ်တွေဆိုတာမျိုးက အလျော်အစားများတဲ့ ဗိုလ်လုပွဲတွေအတွက်လည်း..
သည်း ထိတ် ရင် ဖို စောင့် ကြည့် နေ သူ တွေ..။ ။


အိန္ဒြာ
(၁.၄.၂၀၁၀)


ကိုယ့်ဘာသာထွန်ယက်စိုက်ပျိုးဆွတ်ခူးနေရတဲ့
လူငယ်လေး ရီနိုမန် ဘလော့ တစ်နှစ်ပြည့်အတွက် လက်ဆောင်ပေးခဲ့တဲ့
ကဗျာကို နည်းနည်းပါးပါးပြင်ဆင် ဖြတ်တောက်ပြီး ဆားချက်လိုက်တာပါ..။

10 comments:

လင်းဦး(စိတ်ပညာ) said...

ကဗျာလာဖတ်ပါတယ်.... အခြား မှတ်ချက်ပေးစရာတော့ မရှိပါဘူး....

ဆား ဆက်လက် ချက်နိုင်ပါစေ.. :D

လင်းဦး(စိတ်ပညာ)

Maung Myo said...

တစ်ခါခါ လူငယ်တွေဆိုတာ သမိုင်းစာမျက်နှာတွေကို အမှန်တိုင်းသိခွင့်မရပဲ ပြဌာန်းစာအုပ်တွေကို အလွတ်ကျက်ခဲ့ရ ....ဒီလိုနဲ့ပဲ လူငယ်ကနေ လူလတ် အင်းး ဘာမှလည်းမဆိုင်ဘူးထင်ပါ့။ ဒီကဗျာကိုဖတ်ပြီး တွေးမိတာလေးပါ ။

emayarKhin said...

ကဗျာကရှယ်ပဲ..

မယ့်ကိုး said...

ကောင်းလိုက်တာ။ ချစ်မလေးလို စိတ်ကူးတည်ရာ ကဗျာရေးတတ်ချင်တယ် =)

MANORHARY said...

ဖတ်ပြီးသားကိုပြန်လာထပ်ဖတ်သွားတယ်။

thitkaungeain said...

ုအရူးမ
နင်ရဲ့အကောင်းဆုံးလက်ရာမွန်ပဲ
ဒီကဗျာက

Angel Shaper said...

ကောင်းလိုက်တဲ့ကဗျာ.....
ဖတ်ရင်း အားတွေ တက်လာတယ်....
လူငယ်တွေဟာ... ဘယ်တော့မှ မခန်းခြောက်တဲ့ ပန်းပွင့်... မိုက်စ်တယ်...

Ree Noe Mann said...

ဖတ်နေရင်းနဲ့ စာက လိုနေပါတယ်လို့ ထင်နေတာ
ကဗျာကို နည်းနည်းပါးပါးပြင်ဆင် ဖြတ်တောက်ပြီး ဆားချက်လိုက်တာပါ..။ဆိုမှ နားလည်သွားတော့တယ်။

ပိုင်ရှင် ခွင့်မပြုပဲ ပြင်ဆင်တဲ့ အတွက် ဘူးဖေးတော့ လိုက်ကျွေးမှ ရမယ်ဗျ
ဟီးဟီး

မောင်ငယ် ရီနိုမာန်

အမ်တီအန် said...

မအိန္ဒာရဲ့ ဒီကဗျာလေးကို teen Magazine ရဲ့ Blog Digest ကဏ္ဍအတွက် ဖော်ပြပေးချင်ပါတယ်။ ခွင့်ပြုနိုင်မယ်ဆိုရင် myathwayyni@gmail.comကို ဆက်သွယ်ပေးပါရှင်..။

ခင်မင်လေးစားစွာ..
မြသွေးနီ

KKN said...

Dear My friend,

Proud for you.

Lovely,

KKN