November 26, 2010

ချစ်ခြင်းတစ်ဆယ့်ရှစ်ရာသီ

***
တငြိမ့်ငြိမ့်ရင်ခုန်သံတွေက ချစ်ခြင်းမေတ္တာကို သိမ်သိမ်မွေ့မွေ့ မောင်းနှင်သွားခဲ့တာ..
နိုဝင်ဘာတွေထဲက ၂၆ ရက်မြောက်တစ်နေ့တာဟာ..၀ါရည်ရွှေလဲ့လို့
အဲဒီ့နေ့ပွင့်တဲ့ ပန်းပွင့်တိုင်းက ပန်းနုရောင်ရနံ့တွေချည်း သင်းထုံယစ်မူးနေခဲ့တယ်..။
လတ်ဆတ်ပျိုမြစ်နေတဲ့နုလုံးအိမ်ထဲမှာ အချစ်ဟာ ချက်ချင်း ဖူးငုံသီးပွင့်သွားခဲ့ပေါ့..
ဝင်သက်ထွက်သက်တွေကတောင် ချိုမြနေခဲ့တာများလား....
တိုးတိုးဖွဖွ လေသံဖျဖျလေးအောက်မှာ..အရှက်ကလေးတစ်ရှက်က မခို့တရို့ခေါင်းငုံ့လို့

ငါ ချစ်နေတာ သိတယ်မလား ဟင့်အင်း ဟင့်အင်း မသိဘူး..သွား
နင်ငါ့ကို ပြန်ချစ်မယ် မဟုတ်လား..ဟင့်အင်း ဟင့်အင်း မသိဘူး..သွား..

******
အချစ်ဆိုတာ အသက်အရွယ်ရာသီ ရေခံမြေခံမှာ စိုးရိမ်ရေမှတ်အထိတက်တဲ့ ဒီရေ..တဲ့
အဲဒါ အိန္ဒြာ့ကဗျာတွေထဲက ၀ါကျတစ်စပေါ့မောင်ရယ်..။
ငါ့ကတော့ အချစ်ဖြစ်စဉ်တွေတိုင်းမှာ အမြဲတမ်း အရေးပေါ်အခြေနေချည်းပေါ့.
အခု သတိရခြင်းတောင်ခြေမှာ လာလာဝေနေတဲ့ မြူနှုင်းကဘယ်ဘ၀က အချစ်ကြွေးဖြစ်လိမ့်မှာပါလဲ
ကိုယ်က ကိုယ့်စိတ်ကိုယ် ကြိုးလိုကျစ်ပြီး ကိုယ့်ကိုယ်ကို တုတ်နှောင်နေခြင်းမှာ..ပျော်ရွှင်လို့
ကိုယ်က ကိုယ့်ကိုယ်ကို ဘောင်ခတ်ပြီး ကိုယ့်သက်ပြင်းနဲ့ကိုယ် ဆင်းရဲတွင်းနက်လို့
ကိုးနှစ်ကိုးမိုးနဲ့ ကိုးနှစ်ကိုးမိုးနောက်က နောက်ထပ် ကိုးနှစ်ကိုးမိုး.....
အချစ်နဲ့မြဲခဲ့တဲ့ တွဲလက်တွေထဲမှာ...အချစ်ပြီးရင် နောက်ထပ်ခေတ်အစားဆုံးက အချစ်ပဲဖြစ်နေခဲ့ကြတယ်...

အချစ်ဆိုတာ အနမ်းရှိမှ ပွင့်လို့လှတဲ့ နှင်းဆီဖူးပါကွယ်တဲ့
အဲဒါလည်း အိန္ဒြာရဲ့ ကဗျာလေးတစ်စပါပဲ..။

*********
အခုဆို
" An empty street , An empty house , A hole inside my heart , I’m all alone .
The rooms are getting smaller "
ဆိုတဲ့သီချင်းစာသားမျိုးကို ကိုယ်က မျက်မှောင်ကြုတ်နားထောင်နေမိပြီး
" Morning, just another day Happy people pass my way Looking in their eyes "
ဆိုတာမျိုး ဖြစ်နေခဲ့ရင်တော့ ကြားရာအရပ်က ပြေးထွက်ချင်နေမိတတ်တယ်.။
အခုဆို
ကိုယ် အသိမှတ်မဲ့ ညည်းနေမိတဲ့ သီချင်းစာသားတွေက
"ဟိုး..အဝေးမှာနေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင် ပြန်ဆုံနိုင်ဖို့ နေ့ရက်ကလေးတွေ မရောက်သေးခင်" ဆိုတာမျိုးတွေပဲဖြစ်နေခဲ့ပါပေါ့.

သိလားမောင်..
"ကောင်းကင်ဆီထိုးပျံလိုက်တဲ့ တောင်ပံဖျားက ဗျာပါရတွေက အစ
မြေပြင်ဆီလှမ်းမျှော်ကြည့်လိုက်တဲ့ မျက်ဝန်းအစုံက မျက်ရည်ပူတွေ အလည်
လေထုထဲပဲ့တင်ရိုက်သွားတဲ့ နှုတ်သီးဝက ရင်ကွဲနာသံအဆုံး
အားလုံးဟာ
တည်ငြိမ်ရဲရင့်နေခဲ့တယ်.."

ဆိုတဲ့ ကဗျာမျိုးကို ဘယ်သူမှမကြားအောင် တိုးတိုးလေးရွတ်ဆိုနေတတ်တဲ့ ခံစားလွယ်သလောက် ခေါင်းသိပ်မာတဲ့ အမျိုးသမီးတစ်ယောက်ဟာ...

ကိုယ့်ရွေးချယ်မှုတွေထဲက ကိုယ့်အလူးအလဲ ကျဆုံးခန်းတွေ အကြောင်းကိုလည်း သူ့ဘာသာ မသိချင်ယောင်ဆောင်နေတတ်ခဲ့တာပါလေ..။

************
အချစ်နဲ့ထွက်တဲ့ဒေါသတွေက ကြည်ပြာရောင်တွေချည်းပေါ့ ပန်ဒိုရာ..
သီးစုံကုလားဟင်းနဲ့ ငါးဖယ်အောင်းငပိကောင်ကြော်ကြိုက်တာကလွဲလို့ ဘယ်နေရာမှ မတူညီကြတဲ့ ကိုယ်တို့နှစ်ယောက်ဟာ..
တစ်ယောက်ရယ်မောသံမှာ တစ်ယောက်ဒေါမနသတွေက အငွေ့ပျံလို့
တစ်ယောက်ခြေသံနဲ့ တစ်ယောက် ခရီးဆက်ခဲ့ကြတာ ခုထိပေါ့...

***************
တိုးတိတ်ဆိတ်ငြိမ်နေတဲ့ အခန်းငယ်လေးထဲမှာ ကိုယ်က အလွမ်းဆိုတာနဲ့ လက်ပွန်းတတီးမနေရဲပါဘူးတမ်းတစိတ်တွေကို မျက်နှာသာပေး အရောမ၀င်ရဲခဲ့ဘူး...

ငါက ဒီစာကိုရေးရင်း မျက်ရည်ကျမနေပါဘူးလို့ နင့်ကို ညာပြောလိုက်တဲ့ အခါ

နင်က သက်ပြင်းတစ်ချက်ရှိုက်ပြီး ယုံချင်ယောင်ဆောင်နေပေးလိုက်ပါဦးနော်..

ပြန်မြင်ယောင်ကြည့်လိုက်စမ်းပါ့..မောင်
ဟိုးးးကျန်ခဲ့တဲ့ ၁၂ နှစ် နိုဝင်ဘာလက
ဖူးပွင့်ချယ်ရီလို ကဗျာဆရာပေါက်စ ကဏ္ဍမှာ...
သူ့ကဗျာလေးပါလာလို့ ထားစရာမရှိ ၀မ်းသာပျော်ရွှင်နေတဲ့ ကလေးမလေးကိုလေ
သူက "အချစ်၆နှစ်ပြည့် " တဲ့...ကဗျာလေးတစ်ပုဒ် ဒီလို ရေးစပ်ခဲ့ဖူးတယ်..။

******************
အချစ် ၆ နှစ်ပြည့်


တကယ်ဆို
တိုးတိုးသွေ့သွေ့မက်ခဲ့ရတဲ့အိမ်မက်ငယ်လေးပါ။
တစ်နေရာရာက....ငေးရီစောင့်မျှော်ရင်ခုန်နေတာကလွဲလို့
ဒီ့ထက်ပိုနိုင်ပါမလား တွေးရင်တောင်ကြည်နူးမကြည့်ရဲခဲ့..။

တကယ်ဆို
မျှော်လင့်လျှက်မယုံကြည်ဝံ့တဲ့ စကားတစ်ခွန်းပါ
လွင့်မြောလှုပ်ခတ်ရလွန်းစွာ မျက်ရည်လဲ့လဲ့ ပျော်ဝင်ရူးသွပ်သွားတာကလွဲလို့
လိုချင်တပ်မက်လွန်းပါလျက် လက်ခံပိုင်ဆိုင်ဖို့ အစိုးရိမ်ပိုခဲ့။

တကယ်ဆို
ဒီ့ထက်လေးမြတ်နက်ရှိုင်းစရာမရှိတော့တဲ့ စိတ်ခံစားမူပါ
အဲဒီနောက်ထပ်
ဘာကိုမှမလိုချင်တော့တဲ့ပြည့်စုံကုံလုံနေခြင်းမှာ
နှိုင်းတုယှဉ်ခိုင်းစရာ စကားစုရှာဖွေရာမဲ့မဲ့ မြတ်နိုးကိုးကွယ်ခဲ့။

ကျေးဇူးတင်မိတယ်
အာယုတစ်ကပ်လုံးနောက်တစ်ယောက် မရှိနှိုင်သူ
ကိုယ့်ဝိညာဉ်တို့ ရွှင်မြူးရာ ကောင်းကင်ဘုံဖြစ်သူ
ကိုယ်ညနက်တွေမှာ လ၀န်းရွှန်ရွှန်းသာနိုင်သူ
ကိုယ့်ဦးကင်းအထက်နားမှာ
တည်ကြည်အေးချမ်းစွာ ခံ့ထည်သူ
မြတ်နိုးကြင်နာစွာဦးဆောင်သူ
ချစ်ခင်တမ်းမက်စွာယုယသူ
ဘယ်အရာနဲ့မှ မလဲနှိုင်ပါဘူး ကျေးဇူးတင်တယ်လေ.။

မောင်ရေ
နိဗ္ဗာန်မ၀င်ခင်စပ်ကြား
အနုညက်ဆုံးအတွင်းသား စိတ်သဏ္ဍန်မှာ
တစ်ယောက်တည်းက နှစ်ယောက်စလုံးအဖြစ်
နှစ်ယောက်စလုံးက တစ်ယောက်တည်းအဖြစ်
ချွင်းချင်မရှိထပ်တူညီမှုတွေ
အစူးနစ်ဆုံးသစ္စာတရားတွေ
တစ်လုံးတစ်ဝတည်းသော မေတ္တာဓာတ်တွေနဲ့
အသေသပ်ဆုံးနှောင်ငင်သွားကြမဲ့
နတ်ရေးတဲ့ဖူးစာဖက်ပေါ့ကွယ် .။ ။

အိန္ဒြာ
( ချယ်ရီမဂ္ဂဇင်း ၁၉၉၉ခုနှစ် ၊ နိုဝင်ဘာလ)


(၂၆.၁၁.၁၉၉၂ မှ ၂၆.၁၁.၂၀၁၀) အထိ ၁၈နှစ်တာကာလ ချစ်ခြင်းများဖြင့် အမှတ်တရ..။

အိန္ဒြာ

November 19, 2010

ဘလော့နှစ်နှစ်ပြည့် ရသစာအုပ်စင်နဲ့ နိုဝင်ဘာအပျော်အရွှင်တွေ

နိုဝင်ဘာဟာ သိပ်ကိုချိုမြိန်နေပါရောလား..
နိုဝင်ဘာမှာ အမှတ်တရတွေ သိပ်များနေပါရောလား..
နိုဝင်ဘာဟာ လန်းဆန်းထက်မြက်နေပါရောလား..
နိုဝင်ဘာဆီကနေ ကျွန်မဆီကို အတိုင်းမသိတဲ့ အင်အားတွေ စီးမျော တိုးဝင်လာခဲ့ပါရောလား..

*^**^**^**^**^**^**^**^**^**^**^**^**^**^**^**^**^**^*


နိုဝင်ဘာမှာ "အိန္ဒြာ ဘလော့ဂ်စပေါ့ဒေါ့ကွန်း" လို့ ၀ါသနာပါရာမနေသာ လုပ်မိခဲ့တဲ့
ဘလော့ဂ်လေးလည်း၂ နှစ်တိတိ ပြည့်ခဲ့ပါပြီ.။
ဘလော့ဂ်၂နှစ်ပြည့်အမှတ်တရလေးရေးချင်ပေမယ့်သိကြတဲ့အတိုင်းဘာမှချှရေးလို့မရအောင်ပြည့်သိပ်နေခဲ့ရပါတယ်။
တစ်ခုခုတော့ရေးချင်တယ်...
တစ်ခုခုတော့ ရေးဦးမယ် ..
ဘာမှမရေးနိုင်တောင် မနှစ်က မမ မနော်ဟရီနဲ့ ပေါင်းရေးဖြစ်ခဲ့တဲ့
အက်ဆေးနဲ့ကဗျာအတွဲအစပ်ကလေးကို ပြန်တင်ရမယ်..စသဖြင့်တွေ တွေးမိချိန်မှာပဲ

သတင်းလေး "နှစ်ခု"ရောက်လာခဲ့ပါတယ်..။

၂၀၀၆ ခုနှစ်နိုဝင်ဘာမှာ ရတီမဂ္ဂင်းမှာပါခဲ့ပြီး အခု နိုဝင်ဘာဆို ၄ နှစ်တိတိပြည့်ခဲ့တဲ့ .အွန်လိုင်းကနေ
အလှူငွေ ၄၇ သိန်းတိတိ " HIV မိဘမဲ့ကလေးငယ်များဂေဟာ(သုခရိပ်မြုံ)"အတွက် အလှူခံပေးခဲ့တဲ့..
အခု အလင်းသစ်မဂ္ဂဇင်းမှာ ပြန်လည်ဖေါ်ပြခဲ့တဲ့
"အခိုးအငွေ့တံတား" ဆိုတဲ့ ၀တ္ထုတိုလေးနဲ့ပတ်သက်လို့ပေါ့..

အဲဒီ့ဝတ္ထုတိုလေးက အလင်းသစ်မဂ္ဂဇင်းကနေပဲ ဆုပေးပြီးအသိအမှတ်ပြုခံခဲ့ရတယ်လို့သိလိုက်ရပါတယ်..။
(၂၉.၁၀.၂၀၁၀)မှာပွဲလေးတစ်ခုလုပ်ပြီး အိန္ဒြာ့ကိုယ်စား"ကဗျာဆရာမကြီးမအိ"တက်ရောက်ဖို့
ဖိတ်ကြားခဲ့တယ်လို့ သိရလို့လည်း ၀မ်းသာရပါတယ်.။
ဆရာမ ဒေါ်မေငြိမ်းက ရသစာအုပ်စင်မှာ မိတ်ဆက်ပေးဖို့ရွေးထားတယ်ပြောတော့ ထပ်ဝမ်းသာရပြန်ပါတယ်..။

အဲသလို အပျော်တွေ စုပြုံပေါင်းစပ်ပြီး နိုဝင်ဘာ ဘလောဂ့် နှစ်နှစ်ပြည့်ကို ပြင်ဆင်ခင်းကျင်းရင်း
အမှတ်တရ လုပ်ရရင်ကောင်းမယ်လို့ တွေးမိတောမိပြီး...........

အစ်မမေငြိမ်းရဲ့ ခွင့်ပြုချက်နဲ့ 18.11.2010 နေ့ကVOAရသစာအုပ်စင်ကဏ္ဍမှာ လွှင့်ခဲ့တဲ့ အသံဖိုင်နဲ့ပါ
ပူးတွဲ ဧည့်ခံလိုက်ပါတယ်..။



ဘလော့ဂ် နှစ်နှစ်ပြည့် အမှတ်တရ အစီအစဉ်ကလေးပါ..။ ၀တ္ထုလေးကိုတော့ ဒီမှာ တင်ခဲ့ဖူးပါတယ်..။



အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။

ချစ်ခင်လေးစားစွာ

အိန္ဒြာ

November 13, 2010

ပတ္တမြား

တစ်လောကလုံး လင်းလက်သွားသလို
အမှောင်ထဲမှာ အပြုံးက ယုံကြည်ချက်နဲ့ပွင့်ပြတယ်။

အလိုလို တိုးဝင်ပူးကပ်လာတဲ့ ခွန်အားသတ္တိများ
မကြုံဖူးတဲ့ စကားလုံးတွေ သမိုင်းစာမျက်နှာပေါ်ထင်ဟတ်ခဲ့။

မျက်ရည်တွေ
မျက်ရည်တွေ.....
မျက်ရည်..တွေ...
ဒီမျက်ရည်တွေဟာ..အရင်မျက်ရည်တွေကို ဆေးကြောပေးမယ့် မျက်ရည်ပေါ့...

ခရီး....
လက်တွဲပြီးချီတက်
ဒီနေရာကနေ တစ်ဖ၀ါးချင်းပြန်စကြမယ်..ပန်းတိုင်ဆီ။ ။

အိန္ဒြာ
(၁၃.၁၁.၂၀၁၀)

November 12, 2010

သူ့ရေတွေဖေါက်ချခံနေရတဲ့ ငါး

ငါးဟာ
အပျင်းပြေ အသတ်ခံဖို့အတွက်တော့
နွံအိုင်ကို ခံတပ်လုပ်မနေဘူး....
သူ့အကြေးခွံ လှန်မပစ်နိုင်သေးသ၍...
သူ့ယုံကြည်ချက် ရွှံ့တွေ နွံတွေကြား
သူ့သစ္စာတရားက
ပတ္တမြား ထပွင့်နိုင်ကြောင်း ပြလိမ့်မယ်။

အိန္ဒြာ
(၁၃.၁၁.၂၀၁၀)

(ပိတောက်ပွင့်သစ်မှာ စိစစ်ရေးငြိခဲ့တဲ့ ကဗျာလေးပါ ။ ဘလော့ဂ်မှာတော့ တင်ဖူးပြီးသားပါ)

November 5, 2010

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
့်ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
်မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ လျှော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ ပန်း၍

တ၀မ်းတစိတ် ညီစေသတည်း။

ဇော်ဂျီ
ကြီးပွားရေးမဂ္ဂဇင်းအတွဲ(၃)၊အမှတ်(၁၀)၊သြဂုတ်လ၊၁၉၃၅