May 29, 2009

စိန်ချယ်ပန်းများဖြင့်

၁၉၄၇
အတွင်းဝန်များရုံးထဲက
သူရဲဘောင်ကြောင်လှတဲ့
တော်မီဂန်းစက်သေနတ်သံတွေအောက်မှာ
သူ အသက်ပျောက်ခဲ့ရပြီ.။
ရန်သူ့ရဲ့အဖမ်းကို ဘယ်တော့မှ မခံဘူးဆိုတဲ့
သူ့ရဲ့နည်းဗျူဟာ..
အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ချမယ်ဆိုတဲ့
သူ့ရဲ့ မဟာ ဗျုဟာ..
နယ်ချဲ့တိုက်ပွဲ
ဖက်ဆစ်တိုက်ပွဲ
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ..
တိုက်ပွဲစဉ်တစ်လျှောက်
ရဲဝံ့ပြောင်မြောက်စွာ ဖြတ်သန်းလာတဲ့ သူဟာ..
ပန်းတိုင်ရောက်ခါနီးမှ
ခွေးထက်မိုက်တဲ့
တိရစ္ဆာန်တွေလက်ချက်နဲ့
အသက်စွန့်ခဲ့ရပေပြီ..။

အသက်ငယ်ငယ်နဲ့
သူကျဆုံးခဲ့ရတာ..
တိုင်းပြည်အတွက်
ကံမကောင်းအကြောင်းမလှမှုတစ်ခုပေပဲလား..

မြင့်မြတ်တဲ့ " ဗိုလ်အောင်ဆန်း"ရယ်
ဟောသည့်မိုးကောင်းကင်အခုံးကြိးအောက်မှာ
သင့်အမည်နာမဟာ..
အမြဲစီးဆင်းနေတဲ့
"ဧရာဝတီ" ဖြစ်ပါတယ်
သင့်အမည်နာမဟာ..
အမိမြေဆီလွှာကတောင်
သရဖူဆောင်းပေးထားရတဲ့
" ရိုးမ" လည်းဖြစ်ပါတယ်..။
သင့်ရဲ့“
ကြီးမြတ်တဲ့ ၀ိညာဉ်ဟာ..
" ဧရာဝတီ " လိုထာဝရစီးဆင်းပြီး
" ရိုးမ " လို အမြဲထာဝရတည်နေမှာပဲဖြစ်ပါတယ်...။

" ဂန္ဒီကြီး "
" အန်ကယ်ဟို "
" ဒေါက်တာရီဇော် "
" မော် "
အာရှတိုက်ရဲ့ အကျော်အမော်များနည်းတူ
ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှောင်တွင်းထဲက
" အောင်ဆန်း " ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့တာမို့
ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်..။

ငါ့တိုင်းပြည် ကိုပြန်ပေး
ငါ့ သယံဇာတာကို ပြန်ပေး
ငါ့လေထုကိုပြန်ပေး
ငါ့ကလေးတွေကိုပြန်ပေး
ငါ့အိမ်မက်တွေကိုပြန်ပေး
သူ့ရဲ့ကြွေးကြော်သံဟာ..
ယူနီယံဂျက်အလံကိုဖေါက်ထွင်း
နေ၀န်းနီအလံကိုဆွဲဖြဲပြီး
နွေသီးကွင်းပြင်ထဲက ထွက်လာရဲ့။

၁၉၊ဂျူလိုင်...
အားလုံးထိုင်ပြီးငိုကြွေးခဲ့ရပြီ..

ဆောင်းမနက်ခင်းစောစောမှာ..
ဝေဆာလန်းဆန်းသော စိန်ချယ်ပန်းများဖြင့်
သင့်အမည်နာမအား
ကျွန်ုပ် ရှိခိုးပူဇော်ပါတယ်.။

အများသူငါကောင်းစားရေးအတွက်
ကိုယ်ကျိုးမငဲ့ကွက်ခဲ့သော
သင့်အမည်နာမအား
စိတ်ချယ်ပန်းများဖြင့်
ကျွန်ုပ် ရှိခိုးပူဇော်ပါတယ်.။

အမိနိုင်ငံတော်ရဲ့
သံခြေချင်းများကို ရိုက်ဖြုတ်ပေးခဲ့သော
သင့်အမည်နာမအား..
စိတ်ချယ်ပန်းများဖြင့်
ကျွန်ုပ် ရှိခိုးပူဇော်ပါတယ်.။

လင်းယုန်ငှက်တွေနေတဲ့
ဟောသည့်ဆောင်းလမ်းမှာ
" ဗိုလ်အောင်ဆန်း " တဲ့
ကျွန်ုပ် ရှိခိုးပူဇော်ပါရဲ့..။


မိုဃ်းဇော်

(ပိတောက်ပွင့်သစ်စာပေအနုပညာမဂ္ဂဇင်း ၊ အမှတ်(၂၃)၊ မတ်လ ၂၀၀၉)


May 23, 2009

ဗားတော့ဗရက်နဲ့ စကားစမြည်

အခုတလော
ရှင့်ကဗျာတွေပဲ ဖတ်ဖြစ်နေတယ် ဗရက်ရေ..
ကဗျာနဲ့ တရှိန်ရှိန်လောင်နေတဲ့ ကျွန်မစိတ်တွေမှာ..
သွေးထွက်သံယိုမှုတွေများလှပေါ့....။

ဗရက်ရေ...
ရှင်ဟာ..ရှင့်ဆာလောင်မှုတွေကို
စကြ်ာဝဠာတစ်တိုက်လုံးပဲ့တင်ရိုက်ခတ်အောင်
သောင်းသောင်းဖျဖျကြွေးကျော်ရဲသူပါ..။

ဗရက်ရေ..
ရှင်ဟာ..
ကြောက်ခမန်းလိလိ စာသားအစီးအဆင်းတွေနဲ့
ရှင့်အသွေး ရှင့်ဝိညာဉ်တွေကို ကိုယ်ထင်ပြနိုင်ခဲ့သူပါ....။

ရှင်ဟာ..
ဂျာမဏီပြည်ရဲ့..မျက်နှာစာကို
ကလောင်နဲ့ အနုစိပ်ချယ်မှုန်းပြခဲ့သူ..

ရှင်ဟာ..
ဂျာမဏီပြည်ရဲ့မိုးကောင်းကင်မှာ
ကဗျာနဲ့ မိုးကျိုး ထစ်ပြနိုင်ခဲ့သူ

ရှင်ဟာ.. ရှင့်ကဗျာတွေဟာ...
ဂျာမန်ပြည်သူတွေရဲ့လက်ဖျံရိုးပေါ်က
သွေးကြောမ လုံးလုံးဖြစ်ပေရဲ့..။

ဗရက်ရေ..
ရှင်က
ရှင့် ကလောင်ထိပ်ဖျားမှာ..
ရှင့် သစ္စာတရားကို
ရှင် သွားလေရာ..သယ်ဆောင်ခဲ့သူပေါ့...။

ချစ်သူကိုတောင် ဥပက္ခာစိတ်နဲ့တစ်ဝက်ပဲချစ်လို့ရတဲ့ခေတ်မှာ
မုန်းသူတွေ မိုးနှင်းလို မစဲတော့ဘူးပေါ့
ဗရက်ရေ..
ကျွန်မလည်း..အကုန်မရရင် တစ်ခုမှမလိုချင်ခဲ့တာပါ ..။

ရှင့် ဈာပနမှာ..လူဘယ်နှစ်ယောက်လိုက်ပါပို့ဆောင်ခဲ့သလဲ...ဆိုတာလည်း...သိချင်သေး..
အ၀တ်လေးတစ်စ နဲ့ ရှင်လုံအောင်လွှမ်းနိုင်ခဲ့သလား..
ပေါင်မုန့်လေးတစ်စနဲ့ ရှင်ဝအောင် စားနိုင်ပါရဲ့လား...သိချင်သေး...
ရှင်..ယမမင်းကို...သပိတ်မှောက်ခဲ့တဲ့ ၀ီစကီပုလင်းတွေအကြောင်းလဲသိချင်သေး...
ရှင့်ညီကို သတ်တဲ့လက်နဲ့ ရှင်ဟောဒီ့ကဗျာတွေကို ပြောင်မြောက်စေခဲ့တာလဲ..သိချင်သေး..
ဗရက်ရေ..ကျွန်မ သင်အံချင်တာတွေ..
ရှင့်ဆီမှာ..သိပ်များနေခဲ့ပြီ..။
ရှင်...တပြည်တရွာ..မှာ...ဘယ်လိုများ နေထိုင်ခဲ့သလဲ...
ရှင်ဘာတွေတွေးတော ကျင့်ကြံခဲ့မလဲ...
ဗရက်ရေ..ကျွန်မ သင်အံချင်တာတွေ..
ရှင့်ဆီမှာသိပ်များနေပြီ..ရှင့်.....

မျက်မှောင်ကျုတ်တဲ့လူတွေလည်း
သိပ်များနေခဲ့ပြီပေါ့..ဗရက်ရယ်..
လီးမားမြို့ကြီးကတော့ ရွှေရောင်အတိပြီးလို့ပေါ့..
သူတို့ဘာမှမရရင်နေ...သူတို့မျှော်နေတာ..
သူတို့လင်သားတွေပေါ့ ဘရက်...
အနက်ရောင်..၀တ်စုံမှာ..စိန်မှုန်တွေသပေးထားလည်း...
တူးတူးခါးခါး....
လည်ချောင်းကသွေးထွက်သွားအောင် ငြင်းဆိုကြလိမ့်မယ်....။

မိန်းမတွေမှာ လင်သားထက် အဖိုးတန်တာ...
ဘာရှိဦးမလဲ...
မိန်းမတွေအတွက်..လင်သားထက်တန်ကြေးကြီးတာ..
ဘာများရှိလေမှာလဲ..ဗရက်..ရယ်..

လင်သားကိုမျှော်ရသူများတဲ့ တိုင်းပြည်ဟာ...
ကျက်သရောယုတ်ရော့လာတယ်...ထင်မိရဲ့..
ဗရက်ရေ..ပျောက်ဆုံးသွားတာ ကလေး ၁၅ယောက်မှ က ပါရဲ့လားကွယ်...
ကလေးတွေ အမေပျောက်ပြီဆိုရင်တော့....
တိုင်းပြည်ဟာ...မဟာဒုက္ခ တွင်းဆုံးကျချိန်ပေါ့...။

စစ်ထက်ရသမြောက်တဲ့ အနိဌာရုံ ဘယ်ရှိမှာလဲ ဗရက်ရယ်..
မီးလောင်နေ ပြိုကျနေမယ့် အဆောက်အဦးတွေကြားမှာ
ပြန့်ကျဲနေမယ့် လူသေအလောင်းတွေကြားမှာ
အဲဒီ့ သွေးညှီနံ့တွေ ယမ်းနံ့တွေ ညှော်နံ့တွေကြားမှာ..
စိတ်ဓါတ်တွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲသွားကြတာ..။

ယမ်းအားနဲ့ ပြတ်ထွက်သွားတဲ့ ခြေထောက်တစ်ဘက်
တဆတ်ဆတ် တုန်ခါနေသလိုမျိုး...
စစ်ပွဲ တစ်ပွဲရဲ့ ဒဏ်ရာဟာ..
နှလုံးအိမ်တွေကို ဘယ်တော့မှ သွေးမတိတ်စေခဲ့တာပါ ဗရက်..။

တတိယနိုင်ငံတော်ပဲ ထူထောင်ထူထောင်
နာဇီစင်္ကြာကို ကမ္ဘာကိုချုံလွှမ်းမယ်ပဲပြောပြော
ဟစ်တလာ ဟာ စစ်ဘီလူးတစ်ကောင်ပါပဲ ဗရက်ရယ်
သူဟာ..လူသတ်ရတာမှာ
စိတ်ပါလက်ပါ လက်ယဉ်နေရှာတဲ့ သူရူးတစ်ယောက်ပါ..
သူဟာ..စကားပြောသိပ်ကောင်းတဲ့
သေနပ်ပြောင်းဝလဲဖြစ်သေး.. လေ.
သူဟာ...တည်တည်ကြည်ကြည်ခန့်ခန့်ငြားငြားကြီး
ပြောင်လိမ်ပြောင်စား လုပ်ဝံ့တဲ့သူပေါ့...

ဗရက်ရေ...
ဂျိုးဇက်ပေါလ်ဂိုလ်ဘယ်လ်စ်လို အသက်များစွာပေးပြီး
သစ္စာရှိသူတွေကြားမှာ သူဟာ မင်းမြောက်တန်ဆာငါးပါးနဲ့
သူ့တရားသူ ..စီ..ရင်..ရ..ရှာ..သူ

ဗရက်ရေ....
သူက အမှားတွေ ကြာကြာမှန်လို့မရကြောင်း..
အပြောင်မြောက်ဆုံး..သက်ရှိသက်သေပဲ...။

ဂျူးတွေ...ဂျူးဖြစ်နေကြတာလည်း
အပြစ်မှ မဟုတ်တာပဲ ဗရက်..ရယ်...
စိတ်တွေကွဲလွဲခွင့်ဆိုတာ..
ဘုရားသခင်ကိုယ်တော်တိုင်ဖန်တီးထားခဲ့တာ..

ဗာလင်နန်းတော်ရဲ့မြေအောက်ခန်းထဲ..
သူကိုယ့်သူသေကြောင်းကြံတယ်ကြားလိုက်တော့..
ရှင်ဘယ်လိုနေသလဲ ဆိုတာ..ကျွန်မသိချင်လိုက်တာဘရက်.ရယ်.
သေချာတာဟာ...
ရှင် ၀မ်းမြောက်ဝမ်းသာ..ရှိမနေနိုင်ပါဘူး....

ဗရက်...ရှင်က ကဗျာဆရာလေ..
ရှင်က.. ကဗျာဆရာလေ.. ဗရက်...

လူသားတစ်ယောက်ရဲ့သေခြင်းတရားကို..
ဘယ်လိုနားနဲ့မှ မနာပျော်နိုင်သူ...
အမှားအယွင်းနဲ့ အကြောက်တရားထဲကဘ၀တွေကို
ကလောင်နဲ့စိုက်ပြီးကယ်ချင်သူ..
ခေတ်တစ်ခေတ်နဲ့..
စနစ်ဆိုးတစ်ခုကိုပဲ..ရွံရှာမုန်းတီးခဲ့သူလေ...

ဗရက်ရေ..
ရှင့်ဆီမှာ...ကျွန်မသင်ယူချင်တာတွေ
သိပ်များနေခဲ့တယ်....

ကျွန်မက ရှင့်ကဗျာကိုဖတ်နေရက်နဲ့
ကြောင်တောင်ကန်းနေခဲ့သူ...ပေါ့
ကျွန်မက ရှင့် ကဗျာတွေ ရွတ်ဖတ်နေရင်းကို
ဆွံ့အ ပင်းပိတ်နေသူ....ပေါ့

အို.....
ဗရက်ရယ်..........
ရှင့်ဆီမှာ...ကျွန်မ
သင်ယူချင်တာတွေ...သိပ်များနေပါပေါ့...။

အိန္ဒြာ ( ၂၂.၅.၂၀၀၉)

May 20, 2009

မာန်

အပွင့်ကိုခူး
အဖူး ငါ့မှာကျန်သေးတယ် . .

အဖူးကိုဖျက်
အခက် ငါ့မှာကျန်သေးတယ် . .

အခက်ကိုချိုး
အရိုး ငါ့မှာကျန်သေးတယ် . .

အရိုးကိုနှုတ်
အငုတ် ငါ့မှာကျန်သေးတယ် . .

အငုတ်ပယ်ရွှေ့
မျိုးစေ့ ငါ့မှာကျန်သေးတယ် . .

မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျောက်နေဦးမယ် . . .။

ဒေါင်းနွယ်ဆွေ

May 14, 2009

အရူး အက်ရှင်

အရူးစိတ် ငယ်ထိပ်တက်တဲ့နေ့တွေဆို
အရူးဟာ ဆိုင်ထဲထိ စတိုင်ကျကျဝင်ထိုင်တယ် ။ ခြေထောက်တွေကို ပလ္လင်ချိတ်လိုက်တယ် ။
ဆေးလိပ်ကို ဟန်ပါပါခဲလိုက်တယ်။ မျက်မှန်ကျိုးကို ထုတ်ပြီးတပ်လိုက်တယ်။
သတင်းစာကို ဇောက်ထိုးကိုင်ဖတ်တယ်။

အရူးက အားလုံးကိုခပ်ဆတ်ဆတ်ဝှေ့ရမ်းကြည့်လိုက်ပြီး
စားပွဲထိုးကို ခုံခေါက်ခေါ်လိုက်တယ်။
ကော့တေး(လ်) အရက်စပ်ခိုင်းတယ်။ ပုဇွန်ခေါင်းပြတ်ကိုမီးကင်ခိုင်းလိုက်တယ်။
ပြောရရင် အရူးရဲ့ ကြားဖူးနားဝတွေလို့ထင်တာပဲ။
ဘာပဲပြောပြော သံတူကြောင်းကွဲအရူးတွေထဲမှာ
ဒီအရူးက အနည်းအကျင်းတော့ သေသပ်ပြီး အတော်အသင့်ကို ပါးနပ်တယ်။
အရူးက တစ်ခါလာ တစ်မျိုး ပြောနေကျအတိုင်း
သူအတင့်တယ်အခမ်းနားဆုံးထင်တဲ့ စကားလုံးတွေနဲ့ သူရဲ့နာမအသစ်ကို မပီမသကြီး အော်ဟစ်တယ်။
အရူးက သူ့ ပါးစပ်ဆိုင်းနဲ့သူ ကွေးနေအောင် ထ က လိုက်ပြန်တယ်။
တစ်ဆိုင်လုံး အသက်အောင့်ထားမိတယ် ။ ဖွင့်လက်စသီချင်းတွေ ရပ်ပေးထားရတယ် ။
ပြောလက်စ စကားတွေကို လွှတ်ချထားကြတယ်။

အားလုံးဟာ ... အရူးရဲ့အရိပ်အခြေကို မျက်ခြေမပြတ်စောင့်ကြည့်နေကြတယ်။
ခေါင်းခါတယ် ။ ခေါင်းညိတ်တယ် ။ နောက် ခေါင်းထပ်ခါတယ် ။ နောက်ထပ် ခေါင်းညိတ်တယ် ။
အရူးက အာဆင်နယ်မှာ နည်းပြလုပ်မယ့်အကြောင်းပြောတယ်။
အိုစမာကို လက်ရဖမ်းပေးမယ့် အကြောင်းပြောတယ်။

ယူရေနီယမ်သတ္တုနဲ့ သွားအတုလုပ်မယ့်အကြောင်းပြောတယ်။
လကမ္ဘာကို ရေသန့်တင်ပို့မယ့်အကြောင်းပြောတယ်။

တစ်ခါတစ်ခါ...ဆဲရေးတိုင်ထွာလိုက်သေးတယ် ။
ဆတ်ကနဲ. . . . . အရူးမတ်တတ်ထရပ်တယ်။
လက်ကောက်ဝတ်ကို မြှောက်ပြီးကြည့်လိုက်တယ်။
အရေးတကြီးကိစ္စကို သတိရလိုက်သလိုဟန်ပန်နဲ့ လက်ညှိုးတစ်ချောင်းထောင်လိုက်တယ် ။ မျက်မှောင်နက်နက်ကြုတ်ထားတယ် ။
စားပွဲကို “ဖျမ်းကနဲ“ ပုတ်လိုက်ပြီး
ဟေ့ .. ငါပြန်လာခဲ့မယ်. . . .။ ၂၆နာရီထိုးရင် ငါပြန်လာခဲ့မယ်။
(အရူးက အသံတော့ အောင်ရှာတယ်)
ပြောပြောဆိုဆို.. တဟုန်ထိုး ပြေးထွက်သွားပါရော. . . . . . . . ။ ။
အစိမ်းရောင် အတိတ်တဘောင်ဆိုပါလား….
မှတ်သား ချဲ့ကား ကျန်ရစ်ကြ ။ အငြင်းပွား အချင်းများ ကျန်ရစ်ကြ ။
အရူးရဲ့ နာမည်အသစ်အကြောင်း။ အားလုံးကိုစောင့်ခိုင်းလိုက်တဲ့အကြောင်း။
အရူး မျက်ထောင့်နီနေကြောင်း။ လက်ညှိုးတစ်ချောင်း ထောင်သွားကြောင်း။
အရူး ပြန်လာဦးမယ့်အကြောင်း ။ ယုတ်စွအဆုံး အရူးလည်ပင်းက ရောင်စုံဖိနပ်စုတ်တွေအကြာင်း။
အဲ သ လို မျိုး . . . .
အရူး တွင်ကျယ်သွားလိုက်တာ. . . တစ်ဆိုင်လုံးကို သွက်သွက်ခါ
အရူးကို
အရူးလို့ပြောရင်တောင်
မျက်စောင်းထိုးချင်ကြ ။ ။

အိန္ဒြာ


( Face (မုခ)မဂ္ဂဇင်း)
၀၄.၀၅.၀၆


May 9, 2009

ကောင်လေး တူး နေတဲ့ နေ့

ဘယ်တော့မှ မတိမ်ကောဘူး
ကျွန်တော်က.... ကျေကျေနပ်နပ်..စီးဆင်းနေတဲ့ ချောင်းကလေး...။

ကျွန်တော့်..တစ်ကိုယ်ရည်ပွဲတော်ကို ..ကျွန်တော်ပြင်ဆင်
ကျွန်တော့်..ယဉ်ကျေးမှုကို ..ကျွန်တော်ထုတ်ပိုးပြီး
ကျွန်တော့်မေမေကို ..ကျွန်တော်လက်ဆောင်ပေးချင်တယ်။

အဲဒီ့နေ့မှာ
ကျွန်တော့် ကောင်းကင် ..ဘာ .ရောင်ဆောင်..ထား..ထား..
ကျွန်တော့်မေမေကတော့... ပြာလွင်နေမှာ..သေချာပေါ့။

ကျွန်တော်က..ကျွန်တော့် အားနည်းချက်နံရံလေးထဲမှာ
သေသေ၀ပ်ဝပ်...နွေးထွေးခဲ့သူပါ
မေမေ.....!!!
ကောင်းကင်က..ကြယ်တွေ..ကြွေတာ..တွေ့တိုင်း..
တင်းတင်းဆုတ်ထားတဲ့..လက်ဖ၀ါးနှစ်ဖက်နဲ့
သား... ဘာတွေ..ဆုတောင်းတတ်ခဲ့လဲ.....သိလား..?

ကျွန်တော့် ခန္တာကိုယ်ထဲမှာ
တဒီးဒီး...လှည့်ပတ်နေကြတဲ့
သွေးမျိုးဆက်တွေအတွက် ..ကျေးဇူးတင်လိုက်တာ....
အဲဒီ့နေ့.....
မေမေ့...သားချော့တေးချင်းရဲ့
နောက်ခံတီးလုံးလေးက ..ကျွန်တော်ပဲပေါ့.....။

ကျွန်တော်..့ကိုယ်..ကျွန်တော်..တူးဆွ
ကျွန်တော့်..ကိုယ် ..ကျွန်တော်..ကျင်ယူခဲ့သမျှ
ကျွန်တော့်..အိမ်မက်တွေ ..အောင်တဲ့နေ့...

အဲဒီ့နေ့မှာ....
ကျွန်တော်ဟာ .....ကဗျာတစ်ပုဒ်ဖြစ်ကြောင်း...
အလှပဆုံး..ရွတ်သီပေးပါ...မေမေရယ်.....။ ။

အိန္ဒြာ

( ကဗျာဆရာမ မအိရဲ့သား...၊ ကဗျာဆရာညိုနွယ်ထွန်းရဲ့ မွေးနေ့အမှတ်တရ ကဗျာစာအုပ်လေးမှာ.
.လက်ဆောင်အဖြစ် ရေးဖွဲ့ပေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ.။)


May 6, 2009

စနေ အနီ

အနီတွေ ရင့်နေအောင် ရွာတယ်........

ဖျတ်ခနဲ--
မျက်တောင်တစ်ချက် ခတ်လိုက်မိတယ် ဆိုရုံလေး
ခြေလှမ်းတိုင်းရဲ့ မျက်နှာစာဟာ
သတ် ကွင်း လုံး လုံး ဖြစ် ခဲ့ ပေါ့။

ခိုဖြူတွေ လန့် ပြီးထပျံတယ်။
အမေတွေရဲ့ အသည်းနှလုံးအစုံစုံ ကျကွဲတယ်။
ကမ္ဘာမြေ က မျက်နှာလွှဲလိုက်တယ်။
ကောင်းကင်က သည်းကနဲ ငိုချတယ်။

တစ်ချက်ကလေး တို့ထိလိုက်မယ့် လက်ညှိုးသေးသေးမှာ
ဘယ်လိုအာဃာတတွေ
ပွားစီးနေခဲ့လည်း.................?????.

အနီတွေ........
အနီရောင်တွေ....၊
အဲဒီ့ စနေရဲ့ ကောင်းကင်ကို ခွစီးထားတဲ့ အနီတွေ...........

ရက်ရက်စက်စက်
တကယ့်
အဖြူသက်သက်တွေပေါ်ကိုမှ
သွန်ချတယ်။ ။

အိန္ဒြာ(၇.၅.၂၀၀၅)

ကျန်ခဲ့တဲ့ လေးနှစ် ဒီလိုနေ့ရက်က မြန်မာပြည်မှာ ကုန်တိုက် ၃ခု တစ်ပြိုင်တည်းဗုံးကွဲခဲ့
လူတွေအစုလိုက်အပြုံလိုက် သေကြေခဲ့ကြတာကို..မှတ်မိကြဦးမှာပါ..။
ဆရာ လူအိမ် ရနံ့သစ်မှာ ရေးခဲ့တဲ့ ကြက်သီးထလောက်အောင်ကောင်းတဲ့ကဗျာကိုဖတ်ပြီး..
ကိုယ့်ကဗျာလေးကိုယ် ခေါက်သိမ်းထားခဲ့တာ...။
ဘယ်သူတွေက ဘယ်သူ့ကို ဘာအာဃာတတွေနဲ့ပဲ လုပ်လုပ် ....ပြည်သူတွေကတော့ ဓားစာခံတွေပါပဲ..။
အညှိုးအတေးတွေ.၊.အမုန်းတွေ..၊မောဟတွေ..၊ စစ်ပွဲတွေ..၊ လူသတ်လက်နက်တွေ မရှိတော့တဲ့ ကမ္ဘာ...
အညှိုးအတေးတွေ.၊.အမုန်းတွေ..၊မောဟတွေ..၊ စစ်ပွဲတွေ..၊ လူသတ်လက်နက်တွေ မရှိတော့တဲ့ ကမ္ဘာ...
သိပ်စိတ်ကူးယဉ်ဆန်နေမိခဲ့တယ်.။

May 3, 2009

ကဗျာနဲ့သွပ်တဲ့ သပိတ်

(၁)။
ဒီ မေလ ၅ ရက်နေ့မှာ နှလုံးသွေး အစအနတွေပျံ့ကျဲနေသလိုမျိုး
စိန်ပန်းတွေ ရင့်နေအောင်ကြွေကျထားလေဦးမလား..၊
ပူရဲနေတဲ့ နွေရင့်ရာသီရဲ့ လေရိုင်းမှာ..တံလျှပ်တွေ တဖျပ်ဖျပ်ခါနေဦးမှာလား..။
ဟိုး...ကျန်ခဲ့တဲ့ နှစ်အစိတ်ကလိုပေါ့..ဖေဖေ..။
ဖေဖေရေ..နှစ်ပေါင်းအစိတ်ဆိုတာ
ဖေဖေ့သမီးကြီးနဲ့ သားငယ်လေးကို
လူလတ်ပိုင်းလုံးလုံးရောက်သွားစေတဲ့အချိန်တွေပေါ့..
ဖေဖေသိပ်ချစ်တဲ့ ဖေဖေ့ ညီမလေးကတော့
အသက်၆၀နားနီးတဲ့ ပင်စင်စားဆရာမကြီးပေါ့..။

အားလုံးဟာ...ပြောင်းလဲသွားသလိုလိုပါပဲဖေဖေ..။
တစ်ချို့က တကယ့်ကိုပြောင်းလဲသွားခဲ့တယ်
တစ်ချို့ကအပြောင်းလဲခံလိုက်ရတယ်..
တစ်ချို့ကပြောင်းလဲချင်ယောင်ဆောင်ထားကြတယ်..
တစ်ချို့က...
အင်း...................................။
စိတ်တွေပြောင်းလဲသွားခဲ့တာတော့သေချာတယ်ဖေဖေ...
သနားကြင်တာတတ်တယ်၊ စိတ်သိပ်ရှည်တယ်..၊
ကိုယ်ချင်းစာ အားနာတတ်ပါတယ်ဆိုတဲ့ အဖေ့သမီးတောင်
မာရေကျောရေတွေနိုင်လာလို့..
သိပ်ကို အောင်မြင်တက်ကြွချင်တဲ့ ဖေဖေ့သားလေးတောင် မြို့ပြကို စိတ်တွေကုန်လို့..
သိပ်ကိုတိကျပြီးစည်းစနစ်သိပ်ကြီးပါတယ်ဆိုတဲ့မေမေက
ရေလိုက်ငါးလိုက်ဆိုတာမျိုးတွေရှိနေတတ်ခဲ့ပြီ..ဖေဖေ..။
နှစ်ပေါင်းအစိတ်မှာ..ဖေဖေဘယ်တွေရောက်နေခဲ့သလဲ..ဟင်.။

(၂)။
ဖေဖေရေ...ငယ်ငယ်တုန်းကမောင်နှစ်မနှစ်ယောက်တစ္ဆေအခြောက်ခံချင်ခဲ့ကြတယ်..။
ဖေဖေကနေဖြစ်မယ့်တစ္ဆေဆိုတော့ လူကြီးတွေက မန်မဲလို့.။
အမှောင်ထဲကို စိုက်ကြည့်နေခဲ့ကြတာ အလုပ်တစ်ခုပေါ့...
ဖေဖေဘယ်နေရာကများ.ကိုယ်ထင်ပြလိုက်မလဲ.ပေါ့..
ခဏ..ဖြစ်ဖြစ်..
ခဏလေးဖြစ်ဖြစ်...
ခဏလေးဖြစ်ဖြစ်ပါ..ဖေဖေ..။
မောင်လေး..ဖေဖေ့ကိုသာ..ခုနေပြန်ရခဲ့မယ်ဆိုရင်...
တစ်လလောက်အတူတူနေပြီး ငါပါလိုက်သေဆိုလည်း ငါသေမှာသိလား..လို့
ကဗျာဆရာမဖြစ်မယ့် ဖေဖေ့သမီးကပြောတော့
ငါက ငါ့မုန့်ဖိုးတွေမယူနဲ့တော့ဆိုလည်း..မယူတော့ဘူးလို့ စီးပွားရေးသမားဖြစ်မယ့် ဖေဖေ့သားလေးကပြန်ပြောခဲ့တယ်..။
ဖေဖေမောင်းခဲ့တဲ့ မော်တော်ပျက်ကြီးပေါ်မှာ...ဖေဖေ့အကြောင်းတွေကို..ပြန်ပြောနေခဲ့ကြတာ......
ဖေဖေ့ရယ်မောသံတွေမဖြစ်မနေလိုပြန်လိုချင်လာရင်တော့ ထွက်ပေါက်မရှိတော့သလို....မျိုး...
ဆောက်တည်ရာမဲ့....
ဖေဖေရေ..လို့ အာခေါင်ခြစ်အော်ပြီ...ငိုချပစ်လိုက်ရတာပေါ့..ဖေဖေ..
ဖေဖေ့သမီးက တစ်ခုခုအထိတ်တလန့်ဖြစ်လို့နှုတ်ကလွှတ်ကနဲ ယောင်မိရင်တောင်..
"" ဖေဖေရေ ..."" လို့ တ တတ် ယောင်တတ်တဲ့ သမီးပါ ဖေဖေ...ရယ်..။

(၃)။
ခုနေခါဆို...ဖေဖေက၆၈ နှစ်အရွယ်လူအိုကြီး တစ်ယောက်ဖြစ်နေပြီပေါ့....။
၄၃ နှစ်မှာတောင်ဖြူစပြုနေတဲ့ ဖေဖေ့ဆံပင်တွေဟာ...
ခုဆိုဘော်ငွေရောင်တွေလို ဆွတ်ဆွတ်ဖြူနေကြရောပေါ့..။
အကြင်နာကြီးလွန်းတဲ့ဖေဖေ့မျက်ဝန်းတွေဟာ..ခုဆို...နာကျင်စရာတွေနဲ့ပါ ၀ဲသီနေရောပေါ့..။
ပြုံးလိုက်တိုင်းခပ်ပါးပါးလေး..ရွဲ့သွားတတ်တဲ့နှုတ်ခမ်းထူထူတွေနဲ့ ဖေဖေ့အပြုံးတွေက
ဟိုး...အရင်တုန်းကလို နွေးထွေးနူးညံ့နေဦးမှာပါလေ...။
မမ ငါ မှန်ကြည့်နေတာသေသေချာချာ...
ငါ့နှုတ်ခမ်းတွေငါမြင်ဘူးပါတယ်လို့..ထင်နေတာ.
.ငါ့ နှုတ်ခမ်းတွေက ဖေဖေနဲ့တူတာပဲနော်..မမ တဲ့...
ဖေဖေ့ကို ခပ်ဝါးဝါးပဲမှတ်မိတဲ့ ဖေဖေ့သားလေးက ဖေဖေနဲ့ အရမ်းတူချင်ခဲ့တယ်..။
သမီးကြီးကအဖေတူတယ်ဆိုတာကို ဖေဖေ့သမီးက ဂုဏ်ယူမဆုံးပေါ့ဖေဖေ ၊
ဘယ်လိုမှသွယ်ပျောင်းနူးညံ့မှုမရှိတဲ့
လက်ချောင်းခြေချောင်းတွေကို ဖေဖေ့သားလေးက ကဲ့ရဲ့တိုင်း
ဟေ့ ငါက ဖေဖေနဲ့ တူလို့ မလှတာ ဘာဖြစ်လဲ လို့ အနိုင်ပိုင်းနေကြပေါ့..။

ဖေဖေရေ..ဘယ်တွေရောက်နေခဲ့သလဲ..။
ဖေဖေလူပြန်ဖြစ်နေခဲ့ပြီလား...။
ဖေဖေမြန်မာပြည်မှာပဲ..လူပြန်ဖြစ်နေခဲ့မှာလား...
ဖေဖေက စိတ်ကောင်းရှိတော့လူပြန်ဖြစ်မှာဟ.သိလားမောင်လေး..
ဖေဖေ့သားလေးမျက်လုံးတွေက ရွှန်းမြလို့.ရယ်.လေ.

ဒီလိုနဲ့ နှစ်ပေါင်းအစိတ်မှာ.....

ဖေဖေ့သားနဲ့သမီးက အမျိုးထဲကတစ်ယောက်ယောက်များ ကလေးရရင်..
ဖေဖေများဝင်စားသလား..
ဖေဖေ့လို ရင်ဘတ်မှာ မှည့်တစ်လုံးပါလာမလား..၊
ဖေဖေ့လို စက်တွေပြင်နေမလား..
ဖေဖေပြောခဲ့တဲ့ စကားတစ်ခွန်းတစ်လေလောက်များပြန်ပြောမလား...
သမီးကြီး ဒါမှမဟုတ် သားငယ်လေး လို့များလှမ်းခေါ်လိုက်မလားပေါ့......။
သူ့သား ၊ သမီးတွေရဲ့ ရူးသွပ်မှုကို မေမေကကြင်ကြင်နာနာနဲ့ရယ်မောလို့..။
များလှချည်လားဟယ်..မင်းတို့အဖေ၀င်စားတဲ့လူတွေက တဲ့....။
မေမေကြိတ်ပြီးမျက်ရည်ကျနေတာကိုတော့
သမီးတို့ မသိချင်ယောင်ဆောင်နေရတာပေါ့ ဖေဖေရယ်..။

နှစ်ပေါင်းအစိတ်ရှိပြီတဲ့

ဖေဖေ..ဖေဖေ့သားလေးက ဖေဖေခုတ်ပေးခဲ့တဲ့သစ်သားနွားရုပ်ကလေးကလေးကို
သူ့သားလေးကိုတောင်ပေးမဆော့ပဲ မှန်ဘီဒိုထဲမှာ..သေသေချာချာသိမ်းထားလို့..
ဖေဖေ့သမီးက...ဖေဖေ့ ရုပ်ပုံပန်းချီတစ်ခုကားချပ်တွေဆွဲလို့......ရင်ထဲကအနာတွေကို ၀တ္ထုတွေကဗျာတွေဖွဲ့သီလို့..
သမီးကမေမေ့အတွက် ညဥ့်သိပ်ခရီးဆိုတဲ့ ၀တ္ထုတစ်ပုဒ်လဲ ရေးဖြစ်ခဲ့သေးတယ်ဖေဖေ..။
ဖေဖေ့ချစ်ဇနီးကဖေဖေ့အကြောင်းပြောတိုင်းမျက်ရည်ကြည်တွေဝေလို့၊
မေ၅ရက်တိုင်း..ဘုန်းကြီးဆွမ်းတွေကပ် လို့...
နှစ်ပေါင်းအစိတ်.......မှာ..ဖေဖေ..ရော..ဘာတွေလုပ်နေခဲ့မှာလဲ...ဖေဖေ..ရယ်။

(၄)။
ဘ၀တွေ သိပ်ကြမ်းခဲ့ရတာပေါ့ ဖေဖေရယ်...။
ခေါင်မိုးကိုလှပ်ချပစ်လိုက်တဲ့အိမ်တစ်လုံးလို...
နားခိုစရာလုံးလုံးမရှိတော့တဲ့လွင်တီးခေါင်ပြင်လို...
အမြဲတမ်း...တမ်းမွတ်ဆာလောင်နေရတဲ့ တစ်စုံတစ်ရာတွေနဲ့....
သားအမိသုံးယောက်ကျောချင်းကပ်ပြီး..ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ လောကဒဏ်ရဲ့တိုက်ပွဲတွေ..........

အဖေနင်းဖြတ်ခဲ့တဲ့ ဘ၀ရဲ့ ဆူးတောအပြည့်နဲ့လမ်းထဲ
အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့
ရှည်လျားလွန်းတဲ့ လောက တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ
သင်ကြားသွားခဲ့တဲ့ အဖေရဲ့ စကားသင်ခန်းစာများနဲ့
အဖေမရှိတော့တဲ့နောက်မှ အထပ်ထပ်တွေးခေါ်ရင်းနဲ့
တန်ဖိုးတွေ နားလည်ခဲ့ပြီ အခွင့်ရှိသေးရင် ကြားချင်တယ် အဖေ

ဘယ်အချိန်မေးမေး အကြိုက်ဆုံးတေးတစ်ပုဒ်ဖြစ်နေခဲ့တယ်ဖေဖေ...
ဖေဖေ့ မဟုတ်ရင်မခံတတ်တဲ့သွေးတွေက ဖေဖေ့သမီးကိုထဲမှာ တဒီးဒီးစီးလို့ပေါ့ဖေဖေ..။
အဖေပြီးအောင်မလျှောက်နိုင်ခဲ့တဲ့ ခရီးကို.သမီးက ဆက်လျှောက်ဖို့ကြိုးပမ်းနေမိခဲ့တာပေါ့..။
၃တန်းနဲ့ဝတ္ထုရေးပြီးနံရံကပ်စာဆောင်ပို့တဲ့သမီးက..အခု..ကဗျာတွေရေးနေတယ်ဆိုတာရော..ဖေဖေသိရင် ဂုဏ်ယူနေမလား......
အခု ၂၅ နှစ်မြောက်ဖေဖေ့သေခြင်းတရားနေ့မှာ..ဖေဖေ့သမီးကဗျာဆရာမက ဖေဖေ့ကို ကဗျာနဲ့ဆွမ်းသွပ်ဦးမှာတဲ့..။

အဖေမရှိတဲ့နောက် . . .
လူလားမြောက်တဲ့နောက် . . .
လှိုင်းထန်လေထဲမျောတဲ့အခါ
အထီးကျန်လာတိုင်း အတွေးထဲမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဘ၀ဒဏ်ချက်များ အိပ်မက်မှာ
မျက်ရည်တွေစို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဒုက္ခတွေ ထည်လဲ တွေ့တဲ့အခါ
တခြားလူ မရှိဘူး ကျွန်တော်အတွေးမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ

အဲဒီ့သီချင်းအဆုံးမှာ..မျက်ရည်ဖြိုင်ကျခဲ့ရတာလည်း...အကြိမ်ကြိမ်အခါခါပေါ့..ဖေဖေရယ်.....။

၅။

ဒီကဗျာ မဟောသဓါ မဂ္ဂဇင်းမှာပါလာတော့ အိန္ဒြာဟာ ကိုယ့်ကလောင်ကိုယ်ငဲ့ ပြီးဒီကဗျာမျိုးကို
စာမျက်နှာပေါ်မတင်သင့်ပါဘူးလို့ဝေဖန်ခံခဲ့ရတဲ့ ကဗျာပါဖေဖေ..။
ဟင်္သာတGTI ပထမနှစ်မြို့ပြ ကျောင်းသူဘ၀က တမာလမ်းကရှိုက်သံများဆိုတဲ့ ကဗျာစာအုပ်လေးမှာ..
ငယ်နုတဲ့အတွေးအရေးတွေနဲ့ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပေါ့ .
ငြိမ်းချမ်းဧကရီမှာ ရှိုက်သံတွေဝေစည်ခဲ့တဲ့ ကဗျာလေးပေါ့..။
ဒီကဗျာဟာ မျက်ရည်ပေါက်ကြီးငယ်နဲ့ တစ်ထိုင်တည်း.ပြင်စရာမလိုအောင်
သွန်ကျလာခဲ့တဲ့...ကဗျာ..ပေါ့..

ဝေဖန်တဲ့သူတွေကို ဖေဖေ့သမီးကမျက်လုံးချင်းစေ့စေ့ဆိုင်ပြီး..ပြန်ပြောပစ်ခဲ့တယ်

ဆယ်နှစ်သမီးက နှလုံးသားကို ထုတ်ချင်းခတ်စိုက်ဝင်နေတဲ့ မြားတစ်စင်းကို
အသက်၂၀ နီးပါးမှာ ဆွဲနှုပ်လိုက်တဲ့ သွေးစသွေးနတွေလို ကဗျာပါ..လို့..
ဒီကဗျာမျိုးစာမျက်နှာပေါ်ပါရသလား..ဆိုတာအတွက် အိန္ဒြာက ဘာမှပြောစရာမရှိပါဘူးလို့လေ...။
ဖေဖေရေ...
ဖေဖေ့သမီးကဗျာဆရာမက ...
ဖေဖေ့ ၂၅နှစ်မြောက်သေခြင်းတရားနေ့မှာ..
ဒီကဗျာနဲ့မှ ဆွမ်းသွပ်ချင်နေသတဲ့..။

၆။
အနန္တ အတိုင်းအတာ

ရှစ်ဆယ့်လေးရဲ့ မေ ( ငါး)
အိမ်ရှေ့နားက စိန်ပန်းပျို
နှလုံးသွေးတွေ စိုနေတယ်။
စိန်ပန်းပင်အရိပ် တိတ်ဆိတ်စွာရပ်နား
နှစ်ဘီးတပ် ရထားတစ်စင်း
အဖြူရောင်မလင်းတလင်းနဲ့။

ဟိုနေရာက လူတစ်စု
အနိဌာရုံရဲ့အဖုံး ၊ အလှပဆုံးဖြစ်အောင်
ရွှေရောင် ငွေရောင်စက္ကူပြောင်ပြောင်တွေနဲ့
ဒြပ်မဲ့နာမ်စားပြယုဂ်အတွက်
တကုတ်ကုတ်နဲ့ပေါ့..။

ဟိုး... အိမ်အနောက်မှာ
ပျဉ်ချပ်တွေကိုခွဲဖြာ
သေချာတဲ့ အတိုင်းအတာတစ်ခုနဲ့
လူနေအိမ်တစ်လုံးဆောက်နေရဲ့။
ဒီဘက်နားမှာ ဆန်ကောတွေနဲ့ ဆန်ပြာ၊
ဟိုဘက်နားမှာ ကြက်သွန်နွှာ ငြုတ်ထောင်း
အိမ်အစွန်းမှာ ကွမ်းယာစားနေတဲ့
အိမ်နားက အဘရယ်၊
နောက်ဘက်နားမှာ
ရီဝေဆွေးဆွေး ငါတို့ကိုငေးရင်း
ပူလောင်မှုကိုပလှပ် ယပ်တောင်ငယ်တစ်ချပ်
ကွာစေ့ကိုက်သံတစ်ဖျတ်ဖျတ်။

အားလုံးရဲ့ ဗဟိုအလယ်မှာ
မုဒုံစောင်အဖြူကြား.. ဇာပုဝါပါးပါးကိုချုံရင်း
နှင်းဆီနီနံ့သင်းသင်း အမွှေးတိုင်နံ့ပြင်းပြင်းကြား
“ဖခင် “စက်နားနေပါတယ်။

ဖခင် အနားမှာ ငါဟာ
ဆိတ်ငြိမ်ကြေကွဲစွာ
ဟိုနေရာလှုပ်လာနိုး...
ဒီနေရာလှုပ်လာနိုး....
အဓိပ္ပာယ်မဲ့မျှော်ကိုးမှန်း
မျက်တောင်ကို မခတ်စတမ်း
“မဟုတ်စမ်းပါနဲ့“
“မဟုတ်စမ်းပါနဲ့“
အသည်းကွဲပဲ့တင်သံလည်း
ရင်ထဲမှာ ညံနေပြီ။

ငါတို့ ဖေဖေဟာ ငါတို့ကိုသိပ်ချစ်တာလေ..
ငါတို့ဖေဖေဟာ စက်ပြင်ကောင်းတဲ့ ဆရာလေ..
ငါတို့ဖေဖေဟာ ပုံဆွဲကောင်းတဲ့ ဆရာလေ..
တစ်စစီဖြုတ်ထားတဲ့ စက်ပစ္စည်းပုံအကြား
ဖခင် ရိုးသားစွာ ပျော်ခဲ့တာပါနော်....။
အမေ ရိုက်တော့ မကြိုက်ပါတယ်
အဲဒီ့သီချင်းကို ဖခင်ဆိုရဦးမယ်
ငါတို့မောင်နှမနှစ်ယောက်သား..
ဖခင်ကြီးရဲ့ဘေးနားမှာခုန်ပေါက်ခါပြေးလွှား..
ဖေဖေကြီးကိုချစ်တယ်တေးသွားနဲ့ ကကြရဦးမယ်..
ဖေဖေ..ထတော့လေ..
မေမေဆူရင်ကာကွယ်ရဦးမယ်
မောင်လေးကို ရှင်ပြုရဦးမယ်
သမီးအင်ဂျင်နီယာဖြစ်ရဦးမယ်.....။

ဆရာဝန်ရဲ့ဘေးနားမှာ
ငုတ်တုတ်ကအသိပျောက်စွာ
ပရက်ရှာချိန်နေရှာတဲ့..မိခင်ရယ်..
မေမေဘာဖြစ်တာလဲ
ဖေဖေ့ကိုခေါ်ပေးပါ..
ခြောက်နှစ်သာသာ ပူဆာနေရှာတဲမောင်လေးရယ်..
အားလုံးရဲ့အလည်မှာသွေးပျက်ခြောက်ချားစွာ
ငါ ရပ်နေရရှာတယ်....

ဆယ်နှစ်သမီးရဲ့ပရိဒေဝ
ဘာနဲ့မှကို နှိုင်းဆမရ
လူ့ဘ၀ဆိုတာ မှာ....
“မုဆိုးမ...“ တဲ့
“ဖတဆိုး....“ တဲ့
ရက်ရက်စက်စက် ပညတ်ချက်တွေခံရင်း
ကြီးပြင်းလာခဲ့ ပါပြီ...ဖေဖေ။

ဘ၀ကို ရုန်းကန်
လောကဓံကို အံတု
မာနထုကို အဖေါ်ဆင့်
ငါ့အသက်ရှင်ရာဟာ ဒီ သားနဲ့ သမီးပါလို့
အံကြိတ်ကာဟစ်ကျွေး မိခင်အားမာန်တေးတွေနဲ့
မေမေဟာ...
ပြုစုပျိုးထောင်လာခဲ့တယ်လေ..။

ပစ္စုပ္ပန်နေရာ..
ခဏဖြစ်ဖြစ်လာခဲ့ပါလား .. ဖေဖေ
ဖေဖေရဲ့ မျှော်လင့်ချက်
မေမေ့ရဲ့ စွမ်းဆောင်အား.....
သမီးနှလုံးသားမှာ တစ်သက်စာအတွက်
ဆပ်မကုန်မယ့် ကျေးဇူးတွေ....။
“ဖေဖေရေ....“
ရောက်တတ်ရာရာ သုဂတိရွာမှ
ရွှင်လန်းကြည်သာ
ဝမ်း မြောက် ပါ စေ တော့ ။ ။


(ကွယ်လွန်ခြဲ့ပီးသော ဖခင် နှင့် ကျေးဇူးရှင် မိခင်ကြီးအား ဦးထိပ်ပန်ဆင်လျက်)


အိန္ဒြာ
(၅ရက် ၅လတိုင်း အတွက်)

May 1, 2009

ချစ်သော အနက်ရောင်

လိုအပ်လာရင်
ချစ်သူကိုလည်း
သွားတစ်ချောင်းလိုနှုတ်ပစ်ရတယ်
ငါ့အနက်ရောင်ကိုလည်း..
လိုအပ်လာရင်
သစ်ပင်လိုနှုတ်ပစ်ရမယ်
ဆံပင်တွေ
မဖီးသင်သလိုမျိုး စိတ်ရှုပ်ထွေးရဲ့
မင်းအခန်းထဲ
တောင်တန်းအတုဖြစ်နေရတာ..
ငါ့စိတ်တစ်ခုတည်းနဲ့ဆို
ဘာမဆိုဖြစ်နိုင်တယ်။
အခု သွေးထိုးနေတဲ့ ဆာလောင်မှုဟာ..
အနက်ရောင်ဖြစ်တယ်
လိုအပ်လာရင်
ငါ့အခန်းကို ရွှေ့ပစ်ရမယ်
ငါ့ကဏ္ဍကိုရွှေ့ပစ်ရမယ်
မင်းအသံဆီငါမကြားအောင်
ခုတော့ မင်းက ငါ့ဘေးနား
ငါ့လက်လိုပဲဖြစ်ရဲ့
ခုတော့ ငါ့လက်က ငါပစ်ရမယ့်ပစ်မှတ်
အဲဒီပစ်မှတ်ပေါ်လောင်ကျနေတဲ့ လရောင်က
ငါ့အမှောင်
ငါချစ်တဲ့ အနက်ရောင်အတိုင်း အော်လိုက်မယ်
ရှိရှိသမျှ ကြွက်သားနဲ့...။ ။

( ချစ်သောကဗျာဆရာမ ဆီလ်ဗီယာပလာသ့် ၁၉၃၂-၁၉၆၃ သို့)

ဝင်းမြင့်
(လူစီရဲ့ အမှုန်အမွှားကင်းတဲ့လက်ဆောင် ကဗျာစာအုပ်မှ)

(ကြောက်စရာကောင်းလောက်အောင် လှပစူးရှတဲ့ ကဗျာမျိုးတွေရေးပြသွားတဲ့ ကဗျာဆရာမက
သူ့မရဲ့နောက်ဆုံးအချိန်မှာ
ဘာတွေစဉ်းစားသွားမလဲဆိုတဲ့ အတွေးမျိုးဝင်လာတဲ့အခါ..
ဆရာဝင်းမြင့်ရဲ့ဒီကဗျာကို သတိတရ ဖွင့်ဖတ်ဖြစ်ပါတယ်..။)