May 23, 2009

ဗားတော့ဗရက်နဲ့ စကားစမြည်

အခုတလော
ရှင့်ကဗျာတွေပဲ ဖတ်ဖြစ်နေတယ် ဗရက်ရေ..
ကဗျာနဲ့ တရှိန်ရှိန်လောင်နေတဲ့ ကျွန်မစိတ်တွေမှာ..
သွေးထွက်သံယိုမှုတွေများလှပေါ့....။

ဗရက်ရေ...
ရှင်ဟာ..ရှင့်ဆာလောင်မှုတွေကို
စကြ်ာဝဠာတစ်တိုက်လုံးပဲ့တင်ရိုက်ခတ်အောင်
သောင်းသောင်းဖျဖျကြွေးကျော်ရဲသူပါ..။

ဗရက်ရေ..
ရှင်ဟာ..
ကြောက်ခမန်းလိလိ စာသားအစီးအဆင်းတွေနဲ့
ရှင့်အသွေး ရှင့်ဝိညာဉ်တွေကို ကိုယ်ထင်ပြနိုင်ခဲ့သူပါ....။

ရှင်ဟာ..
ဂျာမဏီပြည်ရဲ့..မျက်နှာစာကို
ကလောင်နဲ့ အနုစိပ်ချယ်မှုန်းပြခဲ့သူ..

ရှင်ဟာ..
ဂျာမဏီပြည်ရဲ့မိုးကောင်းကင်မှာ
ကဗျာနဲ့ မိုးကျိုး ထစ်ပြနိုင်ခဲ့သူ

ရှင်ဟာ.. ရှင့်ကဗျာတွေဟာ...
ဂျာမန်ပြည်သူတွေရဲ့လက်ဖျံရိုးပေါ်က
သွေးကြောမ လုံးလုံးဖြစ်ပေရဲ့..။

ဗရက်ရေ..
ရှင်က
ရှင့် ကလောင်ထိပ်ဖျားမှာ..
ရှင့် သစ္စာတရားကို
ရှင် သွားလေရာ..သယ်ဆောင်ခဲ့သူပေါ့...။

ချစ်သူကိုတောင် ဥပက္ခာစိတ်နဲ့တစ်ဝက်ပဲချစ်လို့ရတဲ့ခေတ်မှာ
မုန်းသူတွေ မိုးနှင်းလို မစဲတော့ဘူးပေါ့
ဗရက်ရေ..
ကျွန်မလည်း..အကုန်မရရင် တစ်ခုမှမလိုချင်ခဲ့တာပါ ..။

ရှင့် ဈာပနမှာ..လူဘယ်နှစ်ယောက်လိုက်ပါပို့ဆောင်ခဲ့သလဲ...ဆိုတာလည်း...သိချင်သေး..
အ၀တ်လေးတစ်စ နဲ့ ရှင်လုံအောင်လွှမ်းနိုင်ခဲ့သလား..
ပေါင်မုန့်လေးတစ်စနဲ့ ရှင်ဝအောင် စားနိုင်ပါရဲ့လား...သိချင်သေး...
ရှင်..ယမမင်းကို...သပိတ်မှောက်ခဲ့တဲ့ ၀ီစကီပုလင်းတွေအကြောင်းလဲသိချင်သေး...
ရှင့်ညီကို သတ်တဲ့လက်နဲ့ ရှင်ဟောဒီ့ကဗျာတွေကို ပြောင်မြောက်စေခဲ့တာလဲ..သိချင်သေး..
ဗရက်ရေ..ကျွန်မ သင်အံချင်တာတွေ..
ရှင့်ဆီမှာ..သိပ်များနေခဲ့ပြီ..။
ရှင်...တပြည်တရွာ..မှာ...ဘယ်လိုများ နေထိုင်ခဲ့သလဲ...
ရှင်ဘာတွေတွေးတော ကျင့်ကြံခဲ့မလဲ...
ဗရက်ရေ..ကျွန်မ သင်အံချင်တာတွေ..
ရှင့်ဆီမှာသိပ်များနေပြီ..ရှင့်.....

မျက်မှောင်ကျုတ်တဲ့လူတွေလည်း
သိပ်များနေခဲ့ပြီပေါ့..ဗရက်ရယ်..
လီးမားမြို့ကြီးကတော့ ရွှေရောင်အတိပြီးလို့ပေါ့..
သူတို့ဘာမှမရရင်နေ...သူတို့မျှော်နေတာ..
သူတို့လင်သားတွေပေါ့ ဘရက်...
အနက်ရောင်..၀တ်စုံမှာ..စိန်မှုန်တွေသပေးထားလည်း...
တူးတူးခါးခါး....
လည်ချောင်းကသွေးထွက်သွားအောင် ငြင်းဆိုကြလိမ့်မယ်....။

မိန်းမတွေမှာ လင်သားထက် အဖိုးတန်တာ...
ဘာရှိဦးမလဲ...
မိန်းမတွေအတွက်..လင်သားထက်တန်ကြေးကြီးတာ..
ဘာများရှိလေမှာလဲ..ဗရက်..ရယ်..

လင်သားကိုမျှော်ရသူများတဲ့ တိုင်းပြည်ဟာ...
ကျက်သရောယုတ်ရော့လာတယ်...ထင်မိရဲ့..
ဗရက်ရေ..ပျောက်ဆုံးသွားတာ ကလေး ၁၅ယောက်မှ က ပါရဲ့လားကွယ်...
ကလေးတွေ အမေပျောက်ပြီဆိုရင်တော့....
တိုင်းပြည်ဟာ...မဟာဒုက္ခ တွင်းဆုံးကျချိန်ပေါ့...။

စစ်ထက်ရသမြောက်တဲ့ အနိဌာရုံ ဘယ်ရှိမှာလဲ ဗရက်ရယ်..
မီးလောင်နေ ပြိုကျနေမယ့် အဆောက်အဦးတွေကြားမှာ
ပြန့်ကျဲနေမယ့် လူသေအလောင်းတွေကြားမှာ
အဲဒီ့ သွေးညှီနံ့တွေ ယမ်းနံ့တွေ ညှော်နံ့တွေကြားမှာ..
စိတ်ဓါတ်တွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲသွားကြတာ..။

ယမ်းအားနဲ့ ပြတ်ထွက်သွားတဲ့ ခြေထောက်တစ်ဘက်
တဆတ်ဆတ် တုန်ခါနေသလိုမျိုး...
စစ်ပွဲ တစ်ပွဲရဲ့ ဒဏ်ရာဟာ..
နှလုံးအိမ်တွေကို ဘယ်တော့မှ သွေးမတိတ်စေခဲ့တာပါ ဗရက်..။

တတိယနိုင်ငံတော်ပဲ ထူထောင်ထူထောင်
နာဇီစင်္ကြာကို ကမ္ဘာကိုချုံလွှမ်းမယ်ပဲပြောပြော
ဟစ်တလာ ဟာ စစ်ဘီလူးတစ်ကောင်ပါပဲ ဗရက်ရယ်
သူဟာ..လူသတ်ရတာမှာ
စိတ်ပါလက်ပါ လက်ယဉ်နေရှာတဲ့ သူရူးတစ်ယောက်ပါ..
သူဟာ..စကားပြောသိပ်ကောင်းတဲ့
သေနပ်ပြောင်းဝလဲဖြစ်သေး.. လေ.
သူဟာ...တည်တည်ကြည်ကြည်ခန့်ခန့်ငြားငြားကြီး
ပြောင်လိမ်ပြောင်စား လုပ်ဝံ့တဲ့သူပေါ့...

ဗရက်ရေ...
ဂျိုးဇက်ပေါလ်ဂိုလ်ဘယ်လ်စ်လို အသက်များစွာပေးပြီး
သစ္စာရှိသူတွေကြားမှာ သူဟာ မင်းမြောက်တန်ဆာငါးပါးနဲ့
သူ့တရားသူ ..စီ..ရင်..ရ..ရှာ..သူ

ဗရက်ရေ....
သူက အမှားတွေ ကြာကြာမှန်လို့မရကြောင်း..
အပြောင်မြောက်ဆုံး..သက်ရှိသက်သေပဲ...။

ဂျူးတွေ...ဂျူးဖြစ်နေကြတာလည်း
အပြစ်မှ မဟုတ်တာပဲ ဗရက်..ရယ်...
စိတ်တွေကွဲလွဲခွင့်ဆိုတာ..
ဘုရားသခင်ကိုယ်တော်တိုင်ဖန်တီးထားခဲ့တာ..

ဗာလင်နန်းတော်ရဲ့မြေအောက်ခန်းထဲ..
သူကိုယ့်သူသေကြောင်းကြံတယ်ကြားလိုက်တော့..
ရှင်ဘယ်လိုနေသလဲ ဆိုတာ..ကျွန်မသိချင်လိုက်တာဘရက်.ရယ်.
သေချာတာဟာ...
ရှင် ၀မ်းမြောက်ဝမ်းသာ..ရှိမနေနိုင်ပါဘူး....

ဗရက်...ရှင်က ကဗျာဆရာလေ..
ရှင်က.. ကဗျာဆရာလေ.. ဗရက်...

လူသားတစ်ယောက်ရဲ့သေခြင်းတရားကို..
ဘယ်လိုနားနဲ့မှ မနာပျော်နိုင်သူ...
အမှားအယွင်းနဲ့ အကြောက်တရားထဲကဘ၀တွေကို
ကလောင်နဲ့စိုက်ပြီးကယ်ချင်သူ..
ခေတ်တစ်ခေတ်နဲ့..
စနစ်ဆိုးတစ်ခုကိုပဲ..ရွံရှာမုန်းတီးခဲ့သူလေ...

ဗရက်ရေ..
ရှင့်ဆီမှာ...ကျွန်မသင်ယူချင်တာတွေ
သိပ်များနေခဲ့တယ်....

ကျွန်မက ရှင့်ကဗျာကိုဖတ်နေရက်နဲ့
ကြောင်တောင်ကန်းနေခဲ့သူ...ပေါ့
ကျွန်မက ရှင့် ကဗျာတွေ ရွတ်ဖတ်နေရင်းကို
ဆွံ့အ ပင်းပိတ်နေသူ....ပေါ့

အို.....
ဗရက်ရယ်..........
ရှင့်ဆီမှာ...ကျွန်မ
သင်ယူချင်တာတွေ...သိပ်များနေပါပေါ့...။

အိန္ဒြာ ( ၂၂.၅.၂၀၀၉)

11 comments:

Komyo said...

အမရေ အားပါးတရဖတ်သွားတယ်ဗျာ...
အများကြီးပဲ သင်ယူချင်တာတွေ...
ဖိုးမောင်

Moe Myint Tane said...

ဒါဟာ..
ကဗျာဆရာမတစ်ယောက်ရဲ့
ရိုးတွင်းချဉ်ဆီကယိုစိမ့်ကျလာတဲ့
မျှော်လင့်ခြင်းကြွေးကြော်သံတွေလား..

ဒါဟာ..
ကဗျာဆရာမတစ်ယောက်ရဲ့
အနာဂတ်အတွက်ခြောက်ခြောက်ခြားခြား
ညဉ်းတွားသံတွေလား..

ဟစ်တလာအတွက်နစ်နာကြေးမပေးချင်ဘူး
ဗားတော့ဗရတ်နဲ့တော့စကားလက်ဆုံကျချင်သေးတယ်

သူသာရှိနေဦးမယ်ဆိုရင်ပေါ့
သင်ယူစရာတွေတကယ်ဘဲသိပ်များနေခဲ့တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

MANORHARY said...

သင်ယူစရာသိပ်များတဲ့လောက
ပေးဆပ်စရာလည်းသိပ်များတဲ့ကမ္ဘာ
ကဗျာဆရာကတော့လက်ဗလာခြေဗလာနဲ့မို့
နှလုံးသွေးတွေပွက်ပွက်ထပြန်လည်ပေးဆပ်နေဆဲ.
..............

မယ်ကိုး said...

ကျွန်မက ရှင့်ကဗျာကိုဖတ်နေရက်နဲ့
ကြောင်တောင်ကန်းနေခဲ့သူ...ပေါ့
ကျွန်မက ရှင့် ကဗျာတွေ ရွတ်ဖတ်နေရင်းကို
ဆွံ့အ ပင်းပိတ်နေသူ....ပေါ့

အားလုံးရဲ့ ကိုယ်စား ဆိုလိုက်သလို...
ကဗျာက ရှည်ပေမယ့် အင်အားပါလွန်းတော့ နည်းနည်းမှ မငြီးငွေ့ မိဘူး။...

ဟစ်တလာ ဟာ စစ်ဘီလူးတစ်ကောင်ပါပဲ ဗရက်ရယ်
သူဟာ..လူသတ်ရတာမှာ
စိတ်ပါလက်ပါ လက်ယဉ်နေရှာတဲ့ သူရူးတစ်ယောက်ပါ..
သူဟာ..စကားပြောသိပ်ကောင်းတဲ့
သေနပ်ပြောင်းဝလဲဖြစ်သေး.. လေ.
သူဟာ...တည်တည်ကြည်ကြည်ခန့်ခန့်ငြားငြားကြီး
ပြောင်လိမ်ပြောင်စား လုပ်ဝံ့တဲ့သူပေါ့...

တဲ့လား။ ထိချက်ပြင်းတယ်...မ။

အောင်သာငယ် said...

အိန္ဒြာနှင့်စကားပြောခြင်း

အချိန်ကာလဆိုတဲ့ အခိုက်အတန့်ကိုက
စက္ကန့်မရွေး ပေါက်ကွဲသွားဖို့ အားယူနေတဲ့
လူမသိသူမသိ တချက်ချက်မြည်နေတဲ့
နာရီပျက်တလုံးကို သယ်ပိုးရင်းနဲ့
ကိုယ့်ကိုယ်ကို ဘာကောင်မှန်း မသိတဲ့
ချိန်ကိုက်ဗုံးတလုံးလည်း ဖြစ်နေခဲ့တာ
ကြာပါပေါ့... ငါ့ ညီမ...

သည်ဗုံး မပေါက်ကွဲခင်မှာကို
ဟောသည်လို ရက်ရက်စက်စက်
ကောက်ကျစ် ပက်စက်နေတဲ့ လောကကြီးမှာ
သင်ယူစရာတွေဆိုတာကလည်း
များကို များလွန်လွန်းနေတယ်...

ပေါက်ကွဲသွားမယ့် အချိန်တွေကို
အမှုမဲ့ အမှတ်မဲ့ ခြောက်ခြားနေရင်းက
ချစ်ခြင်းမေတ္တာတွေ ၀ံ့စားထားတဲ့
ကဗျာတပုဒ်ပုဒ်ကို
ရင်တွေ တဒုတ်ဒုတ်ခုန်ရင်း
နှလုံးသားနဲ့နှိုက်ထုတ်နေခဲ့ရတာကိုကလည်း
သင်ယူနေကြရတာပါပဲလေ...

ဆရာဇော်ဂျီ့ဆီက သင်ယူမယ်...
ဆရာတာရာ့ ဆီက သင်ယူမယ်...
ဆရာဂျမ်း ဆီက သင်ယူမယ်...

ပတ်ဗလိုနီရူဒါ ဆီက သင်ယူမယ်...
အိုမာခိုင်ယမ် ဆီက သင်ယူမယ်...
ယက်ဖ်တူရှင်ကို ဆီက သင်ယူမယ်...

ပျဉ်းမငုတ်တို ရှေ့မှာ သင်ယူမယ်...
ဗေဒါလမ်းမှာ သင်ယူမယ်...
ထင်းရူးပင်ရိပ်အောက်မှာ သင်ယူမယ်...

လူသားတွေအားလုံး
ချစ်ခြင်းမေတ္တာကို သင်ယူခြင်း ပြီးဆုံးတဲ့အခါ
ကမ္ဘာမြေ လှပါလာပါလိမ့်မယ်....

အဲသည်နေ့မှာ
ဗားတော့ဗရက်အကြောင်း
ကောင်းကောင်းကြီးပြောကြသေးတာပေါ့...

(အောင်သာငယ်)

ညီအကိုများ said...

ထိချက်တွေက ပြင်းရှနေပါလား..
ကဗျာက ဒန်လွန်းလို့ လူတောင်ပျောက်ဆုံးသွားသလိုပဲ..

ခင်မင်လေးစားလျက်
မိုးကြယ်

Minn said...

အဲဗျာ.. ရည်ညွန်းထားတာက “ဗားတော့ဗရက်”
ကဗျာလဲဆုံးတော့ ဗရက်ဝိဥာဉ်ကပ်ပြီး
ဒီကဗျာနဲ့ လက်ထပ်ထားတာပါလား။
ဒီကဗျာအတွက် လက်ဖွဲ့ကို ၃၂ ၇က်နေ့မှာ
မှပေးနိုင်လိမ့်မယ်ထင်တယ်
“ရှင့် ဈာပနမှာ..
လူဘယ်နှစ်ယောက်လိုက်ပါပို့ဆောင်ခဲ့သလဲ”
အဲဒီတစ်ကြောင်းနဲ့တင် ကဗျာရဲ့ ရိုးမြေကျသစ္စာ
တရား ကိုမြင်နေရတယ်
ဒုက္ခနဲ့ အမှန်တရားဆိုတာ ကဗျာဆရာတွေရဲ့
ရှေ့ဆက်ရမဲ့လောင်စာဆီတွေပဲလေ..
ဒီကဗျာက မှန်တစ်ချပ်ထောင်ပြီး နောက်ကျောကနေဖတ်သင့်တဲ့ အနက်ဖွက်ထားတဲ့ကဗျာလေးထင်ပါတယ်
ပြဒါးနောင်က ကျနော်မြင်ရတဲ့ စာသားတွေက
အနီရောင်တွေဗျ။

အိုင်လွယ်ပန် said...

မမှီ တစ်မှီပဲ အစ်မရေ ......

ဆောင်းယွန်းလ said...

ဒီနေ့
အိနြေ္ဒရှိတဲ့ နေရာကို
ကျနော်ရောက်လာတယ်
အိနြေ္ဒရရရောက်လာမှုမျိုးနဲ့ပေါ့
အဲဒီမှာ
ကျနော် ဗားတော့ဗရက်နဲ့တွေ့ခဲ့တယ်
စကားတွေဖောင်ဖွဲ့ခဲ့တယ်
ပြောစရာတွေတော့ကုန်မသွားခဲ့ဘူး
စကားတွေပြောလို့မဝခဲ့ဘူး

မသက်ဇင် said...

အိန္ဒြာ
ကဗျာလေးကိုထပ်ခါထပ်ခါဖတ်နေတယ်
သိပ်ကြိုက်တဲ့ကဗျာဆရာကို သိပ်ကြိုက်တဲ့
မြန်မာကဗျာဆရာမလေးကဖွဲ့ထားတာ
ကောင်းလွန်းတယ်
ခင်မင်လျက်

ကိုလူထွေး said...

မယ်ကိုးပြောသလိုပဲ
ကဗျာတပုဒ်လုံးမှာ "အား" တွေအများကြီးပါတယ်...

ရေးထားလိုက်တာများ သူ့ငယ်သူငယ်ချင်းလား ကျလို့...

စဖတ်ကာစတုန်းကတော့ "သင်ချင်ရင် သူရှိတဲ့နေရာလိုက်သွားလေ" လို့ နောက်ဦးမလို့ပဲ...
တကယ်တမ်းကျတော့ နောက်စရာမဟုတ်လို့ မနောက်တော့ပါဘူး...

လက်ဆောင်ဆိုတော့ အပိုင်သိမ်းထားလိုက်မယ်နော်...

းဝ)