Showing posts with label ကဗျာရှည်. Show all posts
Showing posts with label ကဗျာရှည်. Show all posts

September 1, 2014

ကန္တာရ ပန်းပွင့်




ကန္တာရ ပန်းပွင့်  (၁)။

ယက်လုပ်ပြီးခါစ ပိုးကတ္တီပါ အနက်စလို 
ချောမွတ်နက်ပြောင်နေတဲ့ အရေပြားတွေအောက်ကနေ
ကမ္ဘာကြီးကို ချောင်းမျောင်းကြည့်လိုက်တယ်။
ဝါရစ်(စ်)ဒီရီရဲ့ပထမဆုံးမြင်ကွင်းထဲမှာ
အဖေက အာဖရိကန်ခြင်္သေ့တစ်ကောင် ဟိန်းသလို ရယ်မောလို့
လူမသေသေးပေမယ့် ခံစားချက်တွေ အကုန်သေနှင့်သွားတဲ့အမေက
 ရွှံ့စေးတွေ လိမ်းကျံထားတဲ့ ကြွက်တွင်းတစ်တွင်းလို အိမ်ခေါင်းထဲကနေ
အဖေ့ဆီကို မျက်ဝန်းအသေတွေနဲ့ ငေးမျှော်လို့ ၊
ဝါရစ်(စ်)ကို ထွေးပိုက်ထားတဲ့ အမေ့လက်တွေကတော့
အက္ကာစီရာဆူးပန်းရွက်တွေလို ကြမ်းရှနေခဲ့တယ် ။
ခရီးဝေးနှင်လာပုံပေါ်တဲ့ ကုလားအုပ်ခြေသံတွေရယ်..
တံလျှပ်တွေတလက်လက်ထနေတဲ့ အပူရောင်လွင်ပြင်ရယ်..
အရောင်အသွေးစုံခြုံပုဝါတလွင့်လွင့်တွေနဲ့ အရွယ်အစားစုံကလေးသူငယ်တွေရယ်
အချက်ကျကျတီးခတ်နေတဲ့ သားကောက် ဗုံသံတေးချင်းရယ်..
အမေက သူမကို အမွှေးနံသာတွေနဲ့ လိမ်းကျံတော့
ဝါရစ်(စ်)က ခိုးခိုးခစ်ခစ်ရယ်မောလို့
အသက်ရှင်ခြင်း ဆိုတာ ရိုးရာအစွဲအလမ်းရဲ့ ကျိန်စာ
ဘဝဆိုတာ အယူသည်းခြင်းတွေရဲ့ အဆိပ်တစ်ခွက်
လူမိန်းမဆိုတဲ့ဖြစ်တည်မှုဟာ တွင်းဆုံးအထိ ကျတဲ့ငရဲ လို့
မသိနားမလည် တတ်သေးတော့
ဝါရစ်(စ်) ရယ်မောသံတွေမှာ ဘယ်လို အနာတရမှ စွန်းထင်း မနေသေးဘူးပေါ့။

ကန္တာရ ပန်းပွင့်  (၂)။

ဝါရစ်(စ်)ရဲ့ ဒုတိယမြောက်မြင်ကွင်းဟာ ကိုရမ်ကျမ်းစာအုပ်မှာပါမလာခဲ့ဘူး
စုန်းအိုမကြီး မန္တန်စုပ် နေသလို တတွတ်တွတ်ရွတ်သီနေသံနဲ့
အဖွားအိုရဲ့မျက်ဝန်းမွဲမွဲသီသီတွေဟာ စိတ္တဇရောင်တောက်ပလို့
အဖွားအိုရဲ့ လက်တွေကိုတော့ နတ်ဆိုးမိစ္ဆာတွေ ပူးဝင်နေခဲ့တယ်
ပန်းလေးတစ်ပွင့်ရဲ့ ဝတ်ဆံကို ဖဲ့ချလိုက်သလို
နူးညံ့လွန်းတဲ့ အသားကို လှီးဖြတ်ချုပ်သီလိုက်ချိန်မှာ
လိင်အင်္ဂါကို နှလုံးသားကို စိတ်ကို ဘဝကို လူမိန်းမရဲ့ဖြစ်တည်မှုတွေကို
အစိမ်းလိုက် ဖြတ်ထုတ်နေချိန်မှာ
ကောင်းကင်ထဲ လင်းတငှက်တွေ တရုန်းရုန်း ဝဲပျံလို့
ဝါရစ်(စ်) အသံကုန်အော်ဟစ်လိုက်သံက ဆိုမာလီကို ပဲ့တင်ရိုက်ခတ်လို့
သွေးစိမ်းရှင်ရှင်တွေ မျက်ရည်ပူပူတွေနဲ့ ဆိုမာလီယာတစ်ခုလုံး ပူလောင်ရွှဲနစ်လို့
အမေကတော့ ငရဲမီးနဲ့ တစ်ဘဝလုံးအစားခံထားရသူလို
သမီးရေ…
ဒါ အမျိုးသမီးတိုင်းအတွက် ဂုဏ်သိက္ခာ
ဒါ အပျိုစင် စစ်စစ်အဖြစ်ကို ချိတ်ပိတ်ထားတဲ့ သော့တံခါး
ဒါဟာ သန့်ရှင်းစင်ကြယ်ခြင်းရဲ့ ပြယုဂ်
ဒါဟာ အနာဂါတ်သတို့သားအတွက် အမွန်မြတ်ဆုံးပေးဆပ်မှု
အမေ့ပွတ်သတ်ချော့မြူနေခြင်းမှာ အဲဒီ့လို အဓိပ္ပာယ်ဆောင်နေမလား
ဟင့်အင်း
ဟင့်အင်း သမီး မိန်းမ မဖြစ်ချင်တော့ဘူး..
အဲဒီ့နေ့ကစ..
ဝါရစ်(စ်) နှလုံးအိမ်ကို နာကျည်းကြောက်လန့်ခြင်းတွေနဲ့ သံပူကပ်ခံခဲ့ရပေါ့

ကန္တာရ ပန်းပွင့်  (၃)။

အပူရောင် လွင်ပြင်နဲ့ ဆိတ်အုပ်တစ်အုပ်ဟာ ဝါရစ်(စ်)ရဲ့ တတိယမြင်ကွင်းတွေပါပဲ
မွေးကာစ ဆိတ်ကလေးတွေကတော့ ဝါရစ်(စ်) ကို ပျော်ရွှင်စေခဲ့တယ်
ဒီလိုပဲ ဘဝဆိုတာ ကန္တာရထဲ ပွင့်တဲ့ ပန်းတစ်ပွင့်လို့
စိတ်နဲ့ကိုယ် အသားတကျနေတတ်အောင် အရာရာက သွန်သင်သွားခဲ့ပေါ့။

ဝါရစ်(စ်) ရဲ့ ရွှေရည်သိမ်းသစ်အရွယ်ဟာ ချောက်ချားဖွယ်ရာ အိပ်မက်ပဲ
၁၃နှစ်ဆိုတာ မောင်အငယ်တွေနဲ့ ကစားလို့ ကောင်းတုန်းအရွယ်ပါ အဖေရယ်
အနာတရပေါင်းများစွာနဲ့ ထိမ်းသိမ်းလာခဲ့တဲ့ အပျိုရည်တည်စကလေးကို ဒီလူအိုကြီးကို တည်ခင်းဖို့ ၊
ပဉ္စမြောက် ဇနီးမယားအဖြစ် ဒီအမဲရောင်သစ်ကိုင်းခြောက်တွေလို လူကြီးရဲ့ခြေရင်းမှာ စတေးပစ်လိုက်ဖို့
ဘယ်လိုနှလုံးသားနဲ့ ဘယ်လိုအသိစိတ်နဲ့ အဖေရွေးချယ်ခဲ့သလဲ
လူသေတစ်ကောင် ဖုတ်သက်ဝင်နေသလိုမျက်နှာထားနဲ့ လှုပ်ရှားသက်ဝင်နေရှာတဲ့ အဖေ့အငယ်ဆုံးဇနီးလေးလို
သမီးကို တစ်ဘဝလုံးရှင်သန်ဖို့
ဘယ်လို စာနာမှုနဲ့ ဘယ်လို အယူသီးမှုနဲ့ အဖေဆုံးဖြတ်ခဲ့သလဲ။

အမေ့ ငိုရှိုက်သံကြောင့် ဝါရစ်(စ်) နိုးထခဲ့လေသလား
ဝါရစ်(စ်) ငိုကြွေးနေသံကြောင့် အမေ မအိပ်နိုင်တာလား..
သားအမိနှစ်ယောက် အပြန်အလှန် ထွေးပိုက်ထားမိချိန်က
သန်းကောင်ယံအချိန်လွန်ခဲ့ပြီ…
ပြေးတော့…
အာဝေနိက ဒုက္ခတွေဆီကနေ ငါ့ သမီးပြေးတော့
အယူသည်းခြင်းတွေဆီက
လူသားမဆန်ခြင်းတွေဆီက
တစ်ဖက်သတ်ဖိနှိပ်မှုတွေဆီကနေ….ငါ့သမီး ထွက်ပြေးသွားပါတော့…
ကန္တာရထဲမှာ သေသွားခဲ့ရင်တောင်
ဒီငရဲထက်တော့ သာလွန်နေပေးဦးမပေါ့…
နောက်တစ်ကြိမ် တွေ့ဖို့ မသေချာတော့တဲ့ အမေ့ကို ဝါရစ်(စ်) အနမ်းနဲ့နှုတ်ဆက်တော့
အမေက အလ္လာကို မျက်ရည်လည်ရွဲတိုင်တည်နေခဲ့တယ်။
နောက်ကို ပြန်လှည့်မကြည့်စတမ်း ထွက်ပြေးလာခဲ့တဲ့ သန်းကောင်ယံမှာ
ဆိုမာလီယာဟာ အမေ့ငိုရှိုက်သံနဲ့ တသိမ့်သိမ့် တုန်ခါလို့။


ကန္တာရ ပန်းပွင့်  (၄)။

ဝါရစ်(စ်) အတွက် အနာတရတိုင်းက ခွန်အားပဲ
ရုန်းထွက်လွတ်မြောက်လိုခြင်းက လက်နက်ပဲ
မိရိုးဖလာဆိုတာကတော့ ဆိုးရွားရက်စက်လွန်းတဲ့ ကျိန်စာ
မြင်ကွင်းတွေက အမေကို လွမ်းတဲ့အလွမ်းနဲ့ ဝေဝေဝါးဝါးရှိပေမယ့်
ကလေးအိမ်ဖေါ်အလုပ်ဟာ ဆိတ်ကျောင်းရတာလောက် မပင်ပမ်းသလို
ဆိုင်သန့်ရှင်းရေးဝန်ထမ်းမှာ လူအိုကြီးတစ်ယောက်ရဲ့ ရမ္မက်နံ့တွေရှိနေဘူး..၊
မာရီလင်လို ချစ်စရာသူငယ်ချင်းကောင်းရှိပြီး
ရေပိုက်ခေါင်းခလုပ်နိုပ်လိုက်ရင် ရေတွေ အလိုလိုထွက်ကျလာတတ်တဲ့ လန်ဒန်ဟာ
အစိမ်းရောင် ဖိနပ်တစ်ဘက်တည်းနဲ့ ခြေချခဲ့ရပေမယ့် နေပျော်စရာ.၊

ကမ္ဘာပေါ်မှာရှိသမျှလူတွေ အသားအရောင်နက်မှောင်နေမယ်လို့
ကမ္ဘာပေါ်မှာရှိသမျှမိန်းမတွေမှာ သူ့လို ချုပ်သီလှီးဖြတ်ထားမယ်လို့
လူမိန်းမဆိုတာ လူယောကျာ်းတွေပိုင်ဆိုင်မှု နံပါတ်စဉ်ထဲက တစ်စုံတစ်ရာလို့
ဘဝဆိုတာ ငရဲခန်းဆန်ဆန်ပြဇာတ်လောက်သာလို့
ဝါရစ်(စ်) ထင် မြင်ထားသမျှ မယုံကြည်နိုင်အောင်လွဲချော်နေခဲ့ရ..၊
ခြုံပုဝါတွေအောက်က ရုန်းထွက်လာတဲ့အခါ
ဘဝမှာ သာယာနာပျော်ဖွယ်ရာတွေရှိမှန်းလည်း ဝါရစ်(စ်)သိလာခဲ့ရပေါ့။

အနက်ရောင် ပုလဲတစ်လုံးလို ချောမွတ် ထွန်းပြောင်နေမှုက
ဝါရစ်(စ်) ဘယ်နေရာမှာထားထား မမှေးမှိန်နိုင်ဘူး..
ပိုက်ဆံအနည်းငယ်ရဖို့ ဓါတ်ပုံအရိုက်ခံခဲ့တဲ့ ဝါရစ်(စ်)ဟာ
စူပါမော်ဒယ်ဆိုတာ ဘာမှန်းမသိတတ်ခဲ့
ပင်ဆယ်လ်ဟီးကို ဘယ်လိုစီးရမယ် မသိခဲ့
အင်္ဂလိပ်စကားကို အာဖရိကန်လေသံပျောက်အောင်မပြောတတ်ခဲ့
ဒါပေမယ့်
အစွမ်းကုန်ပွင့်လန်းနေတဲ့ အလှပဆုံး တောရိုင်းပန်းတစ်ပွင့်လို
ကင်မရာမီးရောင် တဖျတ်ဖျတ်အောက်မှာ
Cat Walk စင်မြင့်တွေထက်မှာ ၊ မဂဇင်းစာမျက်နှာတွေမှာ..
နှစ်လိုငေးမောနေကြတဲ့ မျက်ဝန်း အသိန်းအသန်းတွေရှေ့မှာ..

ရှည်လျားသွယ်ဖြောင့်တဲ့ ပေါင်တံရှည်တွေနဲ့ ဆံနွယ်အခွေအလိပ်တွေက
ဝါရစ်(စ်)ဒီရီကို ကမ္ဘာ့အမြင့်ဆုံးကို ပို့ပေးဆောင်ပေးခဲ့ပြီ.။


ကန္တာရ ပန်းပွင့်  (၅)။

ခမ်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လို့
မိုက်ကရိုဖုန်းကနေထွက်နေတဲ့ ဝါရစ်(စ်) အသက်ရှုသံကလွဲရင်
စိတ်ဝင်စားမှု ကရုဏာတွေနဲ့ တဖိတ်ဖိတ်လဲ့နေတဲ့ မျက်ဝန်းအစုံစုံကလွဲရင်
သူမကိုယ်တိုင်ပြန်ကြားနေရတဲ့ နှလုံးခုန်သံတွေကလွဲရင်
ခမ်းမတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လို့..
ငါ အဆင်ပြေပါတယ် မာရီလင်ရယ်..
ဝါရစ်(စ်)မျက်ဝန်းတွေကတော့ ကြယ်စင်နှစ်စင်းလို တဖျပ်ဖျပ်ထွန်းလင်းနေခဲ့တယ်။


ကျွန်မအမေကို ကျွန်မချစ်တယ်
ကျွန်မ မိသားစုကို ကျွန်မချစ်တယ်
အာဖရိကကိုလည်း ကျွန်မချစ်တယ်
ကိုရမ်ကျမ်းစာထဲမှာမပါဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ကျော်ကတည်းက
ဒီအယူသည်းမှု အစွဲအလန်းကို ကျွန်မတို့ ဖျောက်ဖျက်ပစ်ရမယ်..
သတို့သားက ဓား ဒါမှမဟုတ် လှီးဖြတ်စရာတစ်ခုခုနဲ့
ကျွန်မတို့ ချုပ်သီထားတာကို လှီးဖြတ်ပြီး ကာမအရသာခံနေတဲ့
မင်္ဂလာဦးညတွေကို ကျွန်မတို့ ပုန်ကန်ကြရမယ်။
ရုပ်ရော စိတ်ရော နာကြင်ကြေမွနေတဲ့ အမျိုးသမီးဘဝတွေကို ကယ်တင်ရမယ်
ကျွန်မတစ်ယောက်တည်း စွန့်စားရုန်းထွက်နိုင်ခဲ့ပေမယ့်
ဆိုဖီယာက မင်္ဂလာဦးညမှာတင်သွေးလွန်လို့
အမီနာက သားအိမ်ပြင်ပမှာ သနေ တည်လို့
ဒီ ရိုးရာ အဆိပ်အတောက်ကြီးကြောင့် ကျွန်မ အစ်မတွေ အသက်ပေးသွားခဲ့ရ..
ဒီလို သွေးပျက်စရာအဖြစ်ဆိုးမျိုးနဲ့ ပန်းကောင်းတွေ အညွန့်ကျိုးခဲ့ရသလဲ
အနာဂါတ်တွေ ဘယ်လောက် တိမ်းမှောက်ခဲ့ရသလဲ…
ဘဝတွေ ဘယ်လောက် စတေးပြီးခဲ့ပြီလဲ
ကျွန်မတို့ ပထမခြေဖဝါးက စကြမယ်..
နောက်ဆုံးရောက်နေတဲ့ ကုလားအုတ်လည်း
ရှေ့ဆုံးကုလားအုတ်လောက် လမ်းလျှောက်မြန်သလိုမျိုး
အခု ကျွန်မဖြစ်တည်မှုကိုယ်ကျွန်မ ဂုဏ်ယူနေရသလိုမျိုး
ကျွန်မနိုင်ငံသူတွေကို တကယ့် အမျိုးသမီးဖြစ်စေဖို့ ……..

ဝါရစ်(စ်)အသံဟာ တုန်ခိုက်ပေမယ့် ပြတ်သားလို့
ဝါရစ်(စ်)တစ်ကိုယ်လုံးကတော့ နာကြင်မှုနဲ့ တဆတ်ဆတ်ခါလို့
ဝါရစ်(စ်) စိတ်မှာပေါ့ အစွမ်းကုန် ပေါ့ပါးသွားခဲ့တယ်..
မြင်ကွင်းက အိမ်မက်တစ်ခုလိုလို..
ခမ်းမတစ်ခုလုံး  ကြေကွဲမှုတွေနဲ့ တိုးတိတ်ငြိမ်သက်
နောက်တော့ မဆုံးနိုင်တော့တဲ့ လက်ခုပ်သြဘာသံတွေ
ဝါရစ်(စ်) မျက်ရည်ပူတွေ ကမ္ဘာအရပ်ရပ်အထိ ကူးလူးသွားခဲ့ကြ..
ချောက်ချား တုန်လှုပ်မှုတွေနဲ့ တစ်ကမ္ဘာလုံး မင်သက်သွားခဲ့ကြ
လူသာချင်းစာနာမှု နဲ့ ကရုဏာတရားတွေချင်း ယှက်သွယ်ပေါင်းစည်းသွားခဲ့ကြ..
တညီတညွတ်တည်း တွဲဆက်လိုက်ကြတဲ့ ယုံကြည်မျှော်လင့်ချက် လက်တွေ..ညီညွတ်မြဲမြံသွားခဲ့ကြ..

+++

ဆိုမာလီယာမှာတော့ သစ္စာဖေါက် မိန်းတစ်ယောက်ကို ပေါက်သတ်ဖို့
ကျောက်တုံးတွေ စုဆောင်းနေကြပေါ့။


အိန္ဒြာ
3/4/2014

အမျိုးသမီးများစောင့်ရှောက်ရေးအတွက် Desert Flower Foundation , Desert Dawn Foundation နှင့် PPR Foundation for Women’s Dignity and Rights’ တို့ကို တည်ထောင်ခဲ့သော ဆိုမာလီယာ မော်ဒယ် Waris Dirie ကို ဂုဏ်ပြုရေးဖွဲ့သည်။
ကိုးကား : Desert Flower ရုပ်ရှင်နှင့် အွန်လိုင်း Wikipedia မှ သတင်းအချက်အလက်များ



January 13, 2010

စင်္ကာပူရ

စတုရန်းမိုင်၂၇၃တိတိကျယ်ဝန်းကျဉ်းမြောင်းလို့
ို့
မြို့ကြီးကနိုင်ငံတစ်ခုယောင်ဆောင်
နိုင်ငံကအာရှကျားယောင်ဆောင်

အိုရမ်လော့တို့တံငါရွာလေး ဖွံ့ထွားကြီးပွားလာတယ်ဆိုတာမျိုး
ဒဏ္ဍာရီဆန်နေတယ်..။

စင်ဂပူရဟာ နေမ၀င်အင်ပါယာကြီးရဲ့ညာလက်ရုံးတစ်ဆူဖြစ်ခဲ့သလို

ဂျပန်နေ၀န်းနီရဲ့ ရှိုးနန်းတိုး တိုင်းပြည်ဖြစ်ဖူးခဲ့

ဒီမြို့မှာ ၀င်စတန်ချာချီရှုံးနိမ့်ဖူး
ယာမာရှီတာအောင်မြင်ဖူး
စစ် ဆိုတဲ့ ကြိမ်ဒဏ်တွေ ကျောတစ်ရာရင်တစ်ရာမကခံခဲ့ဖူး

တွဲရေးခွဲရေးလှိုင်းဂရက်တွေထဲ အလူးလူးအလိမ့်လိမ့်မျောပါဖူး

ခုတော့
မြို့ကြီးက ခြင်္သေ့တစ်ကောင်လိုရဲဝံ့သန်မာပြီး
ငါးတစ်ကောင်လိုသွေးအေးလျှို့ဝှက်လို့ ..။


စိမ်းလန်းနက်ရှိုင်းတဲ့ အမြဲစိမ်းတောအုပ်ကြီးထဲမှာ

ကွန်ကရစ်တွေထိုးထိုးထောင်ထောင်အိမ်ရာဖွဲ့

အဲဒီ့မြို့ကြီးမှာ အရွက်ချွေတိုင်းအငြူစူခံနေရတဲ့

ဂန္တ၀င်မြောက်သစ်ပင်ကြီးတွေရှိနေတယ်..။


မြို့ကြီးရဲ့ထင်ရှားတဲ့ အမှတ်အသားက
ဒွေးရောယှက်တင်ဘာသာစကား
ယူရိုပီယမ်ဆန်ဆန် ပေါင်တံဝါ၀ါတွေ အပြိုင်းအရိုင်းကျက်စားလို့

အနောက်မကျ အရှေ့မက ယဉ်ကျေးမှုထဲမှာ

အပွင့်လင်းလွန် အနမ်းတွေ ပလူလိုပျံနေခဲ့..။


မြို့ကြီးက ဦးနှောက်တွေကို မြောင်းဖေါက်သွယ်ယူခြင်း အလုပ်တစ်ခုနဲ့အောင်မြင်

မြို့ကြီးက လုပ်အားတွေခြစ်ချုပ်ယူတတ်တဲ့နေရာမှာပြောင်မြောက်
မြို့ကြီးရဲ့ဒေါ်လာရနံ့ဟာ ရူးနှမ်းပစ်မှားချင်လောက်စရာ ညှို့ယူဖမ်းစားလို့

မြို့ကြီးက ဆည်ဝက ဗျိုင်းလိုစောင့်နေသမျှ

အာရှရဲ့ ပထမနိုင်ငံသားတွေက
ဗျိုင်း နှုတ်သီးမှာ အချီခံရဖို့
သည်းထိတ်ရင်ဖိုတိုးဝှေ့နေရပေါ့.. ။


ဝက်မင်တာအုပ်ချုပ်ပုံစနစ်ယန္တရားကို
ခန့်ခန့်ငြားငြားလည်ပတ်ထားနိုင်ရင်း
မြို့ကြီးက သူ့အတွင်းရေးကိုသူ လှလှပပဖုံးဖိထားနိုင်ခဲ့ပါတယ
်..။
မြို့ကြီးက သူ့မြို့သားတွေကို မိုးမခ နေမခ အောင်ကြင်နာပြလို့
မြို့ကြီးမှာ ဥသြသံမရှိ မီးခိုးငွေ့မရှိတဲ့ ရထားတွေက ဘာသာစကားမျိုးစုံနဲ့ပြေးဆွဲလို့
စကားတစ်ခွန်းမှ ဟ စရာမလိုတဲ့ ဘတ်စ်ကားတွေက လိုရာကို ပို့ဆောင်ပေးကြလို့
ကြိုက်သလောက်သုံးကျသလောက်ရှင်း စာရင်းဇယားမှာ ငွေကြေးက အေးစက်တင်းမာလို့
ရင်သပ်ရှုမော ရှော့ပင်းစင်တာတွေကြားမှာ
လူမောစိတ်မောမြှင့်တင်ရေးတွေ တင်းကြမ်းပြည့်နှက်လို့

မြို့ကြီးက အတုကိုတောင် အတုမှန်းမေ့လျော့သွားလောက်အောင်
ဆွဲဆောင်မှုအပြည့်နဲ့ တောက်ပတယ် ။


စနစ်တကျတန်းစီခြင်းက ကိုယ်ကျင့်တရားတစ်ခုလိုလို

သန့်ရှုင်းသပ်ရပ်ခြင်းက ဂုဏ်သိက္ခာတစ်ခုလိုလို

တကယ်တော့ မြို့ကြီးက အဲဒီ့နှစ်ရပ်စလုံးနဲ့ ၀ံ့ကြွားဦးမော်နိုင်ခဲ့တာ
မြို့ကြီးမှာ ရာသီဥတုနဲ့ မြေဆီမြေနှစ်တွေ ဆင်းရဲ
သယံဇာတနဲ့ မြေလွတ်မြေရိုင်းတွေ ဆင်းရဲ

သီးပင်စားပင်နဲ့ သောက်သုံးရေချိုလေးတောင်ဆင်းရဲ

အဲသလိုမျိုး
မြို့ကြီးက တင့်တောင်းတင့်တယ်ဆင်းရဲနေခဲ့တယ်။

ချွေးစက်တွေ သက်ပြင်းတွေ မျက်ရည်တစ်ချို့တစ်လေနဲ့အလွမ်းတွေ

စိတ်ဓါတ်တွေ မာနတွေ သိက္ခာတစ်ချို့တစ်လေနဲ့ သင်ခန်းစာတွေ

ဟောဒီ့ မြို့ကြီးမှာ လိုသလောက် လက်ကားရနေခဲ့

ဒါပေမယ့်
မြို့ကြီးဟာ ကိန်းကြီးခန်းကြီးနိုင်လွန်းစွာ
ကျေးဇူးရှင်မျက်နှာပေးမျိုးနဲ့ မိန့်မိန့်ကြီး ပြုံးပြုံးကြည့်တတ်ပေါ့


ဘာပဲဖြစ်ဖြစ်
မြို့ကြီးရဲ့ ၂၀၁၀ ဆောင်ပုဒ်က
သန့်ရှုင်းရမယ် စိမ်းလန်းရမယ်တဲ့


ဘာပဲဖြစ်ဖြစ်မြို့ကြီးဟာ
သန့်ရှုင်းလို့ စိမ်းလန်းလို့


ဘာပဲဖြစ်ဖြစ်
မြို့ကြီးဟာ ၂၀၁၀ မှာ
သန့်ရှုင်းစိမ်းလန်းတော့မလို့


ဘာပဲဖြစ်ဖြစ်
မြို့ကြီးဟာ..
၂၀၁၀ မတိုင်ခင်ကတည်းက သန့်ရှုင်းစိမ်းလန်းနိုင်ခဲ့တာ..။


အိန္ဒြာ

(၂၇.၁၂.၁၂၀၀၉)
(သရုပ်ဖေါ်ပုံလေးကို မိုးကြယ်(ယိမ်းနွဲ့ပါး) က ရေးဆွဲပေးထားတာပါ)

December 29, 2009

အမေကတော့ ကျွန်မကိုလက်ဆောင်အဖြစ်ပေးလိုက်ပြီ


အမေ့ရဲ့အာဝေနိက စစ်မြေပြင်မှာ
ရင်သွေးသာ လက်နက်ခဲယမ်း

ရင်သွေးသာ ကျည်ကွယ်ရာ

ရင်သွေးသာ ခံစစ်
ရင်သွေးသာ လက်ရသိမ်းပိုက်နိုင်ခဲ့တဲ့ အောင်မြေ


အမေဆိုတာ ဘာသာရေးနဲ့ယဉ်ကျေးမှုကိုမွေးဖွားသူ

အမေဆိုတာ အယူဝါဒနဲ့ ခံယူချက်တွေမွေးဖွားသူ

အမေဆိုတာ နိုင်ငံရေးနဲ့ နိသျှရကိုမွေးဖွားသူ

အမေဆိုတာ အနုပညာနဲ့ သူရဲကောင်းတွေ မွေးဖွားသူ

အမေဆိုတာ ငြိမ်းချမ်းရေး နဲ့ခေတ်စနစ်ကိုမွေးဖွားသူ


အမေတွေဟာ..လဲမှို့လေးတစ်ပွင့်လွင့်ထွက်လာသံက အစ

ကမ္ဘာမြေကြီးရဲ့တော်လဲသံ အဆုံး ဖြစ်တယ်..

အမေတွေဟာ.မတ်တပ်စမ်းခြေဖ၀ါးသေးသေးလေးက အစ

ဂရင်းနစ်စံချိန်အထိဖြစ်တယ်

အမေတွေဟာ..မိတ္ထီလာကန်တော်အောက်က အစ

နိုင်ငံတော်သီချင်းအထိဖြစ်တယ်

အမေတွေဟာ လမ်းခင်းကျောက်စရစ်ခဲက အစ
ပြည်တန်ပတ္တမြားအထိဖြစ်တယ်
အမေတွေဟာ ပရိုင်းမိတ်ရုပ်ကြွင်းကအစ
ပုံတူမျိုးပွားသန္ဓေသားအထိဖြစ်တယ်
အမေတွေဟာ
လူ့အဖွဲ့အစည်းရဲ့ အမိုးအကာဖြစ်တယ်
သမိုင်းအလင်္ကာတွေဖြစ်တယ်

နာမ၀ိသေသနတွေဖြစ်တယ်

ဖွင့်ဆိုရှုင်းပြချက်မရှိသေးတဲ့ မေတ္တာတော်ဖြစ်တယ်

အနာဂါတ်ကို ကိုယ်ဝန်ဆောင်ပေးသူဖြစ်တယ်


အမေဆိုတာ
အင်းဆက်ပိုးမွှားလေးတွေတောင်
အရေးအန္တရာယ်မှာ ကိုယ့် ဥကိုယ် ကိုက်ချီထားတဲ့ အမျိုး

အမေဆိုတာ
ကိုယ့်အရေခွံ ကိုယ်ဆွဲဆုတ်ပြီး
ဝတ်စုံသစ်ချုပ်လုပ်ပေးသူမျိုး

အမေဆိုတာ
အသက်ပေးရဲတယ်ဆိုတာကို
အလုပ်နဲ့ သက်သေပြသူမျိုး


အမေတွေရဲ့ဝမ်းကြာတိုက်မှာ

မာရီအင်တွိုင်းနက်နဲ့ မာသာထရီဇာ ခိုဝင်ဖူး

ဆတ်ဒန်ဟူစိန်နဲ့ချေဂွေဗားရား ခိုဝင်ဖူး

ဟစ်တလာနဲ့ မဟတ္တမဂန္တီတို့ ခိုဝင်ဖူး

ကင်ဂျုံအီနဲ့ အေဗရာဟမ်လင်ကွန်းလည်း ခိုဝင်ဖူး

စောလူးမင်းနဲ့ မင်းကျန်စစ်လည်း ခိုဝင်ဖူး


ဂဠုန်ဦးစောနဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း ခိုဝင်ဖူး..


အမေတွေက
သူ့ ရင်သွေးမောင်းနှင်သွားရာ သမိုင်းကြောင်းကို
ရင်တမမ စောင့်ကြည့်တတ်သူတွေ

အမေတွေက
သူ့ ရင်သွေးရဲ့စာမျက်နှာပေါ်က
မင်နီကြက်ချေခတ်တွေအတွက်..

သည်းချေပျက်မတတ် ရှက်ကြောက်တတ်သူတွေ


အဲသလိုမျိုး....


ကျွန်မ အမေက

ဒီဇင်ဘာ ၃၀ ရက်နေ့ည

နှင်းခါးနဲ့အေးမြနေတဲ့ သန်းခေါင်ယံချိန်မှာ

သူဝမ်းရည် စပ် မစပ်ဆိုတဲ့ကံစမ်းမဲလိပ်ကို

ကမ္ဘာမြေအတွက် လက်ဆောင်ပေးခဲ့တယ်...။


အိန္ဒြာ

(၃၀.၁၂.၂၀၀၉ )


++++++++++++++++++++++++++++++++++++++++

အောက်က ကဗျာလေးကတော့ မောင်ငယ်ကဗျာဆရာ တည်ရမွေးနေ့လက်ဆောင်ပေးတဲ့ ကဗျာလေးပါ။
တည်ရရေ ကျေးဇူး အထူး

+++++++++++++++++

လိုင်းအတိုအရှည်ဆိုတာ အကွာအဝေး အနီးအဝေး ဆွဲဆန့်ခြင်းတရားဖြစ်တယ် မအိန္ဒြာ


တစ်ကြောင်းချင်းဆို… တစ်ကြောင်းချင်း ဆင်းဆင်းသွား

ပြီး တက်တက်လာ တစ်(၁)နေ့ တစ်(၁)ခြား ကမ္ဘာကြီးဟာ

ဘာကြားသေးလဲ ဘာထူးသေးလဲ အသက်ရှူပုံ မမှားဘူး ပုံသဏ္ဍာန်ပျက်သွားတယ်

စကားပဲ

ဇယားပဲ

ဒီနေ့ အလုပ် များတယ် ထိုကြောင့် ခေါင်းကိုက်တယ်

ကွန်ပါချွန် ထောက်ပြီးရွှေ့လိုက်ရင်

များများမြန်မြန် မြန်မြန်များများ

မျဉ်းများ

လူများ

ရပ်ကွက်များ

ပိုးနသန်ကောင်များ

အက္ခရာအချင်းချင်း အဓိပ္ပာယ်အချင်းချင်း

တိမ်ရိပ်တွေ တစ်ရိပ်ပြီး တစ်ရိပ်

တစ်ကြောင်းပြီး ရင် တစ်ကျောင်း

သတင်း

အာရုံ

ဒီအချိန် ဖုန်းမြည်သံ မအားလပ်သေးပါ

ဒီအချိန် အိမ်မြှောင်ဟာ နံရံမှာ

ဒီအချိန် ဆောက်တည်ချက်တချို့ဟာ

ထမင်းစားပြီး အချိုတည်းပါ အိမ်သာသုံးပြီး လက်ဆေးပါ။

မီး ဂရုစိုက်ပါ စကားပြောဆင်ခြင်ပါ ဖြစ်ပေါ်လာတဲ့ ဟာသတချို့မှာ မပျက်မကွက်

ရွာရန် ရွာနှုန်း ကိုးဆယ့်ကိုးမှ

ဘောလုံးအသင်း တစ်သင်းဆိုတာ ပန်းတစ်ပွင့် ပွင့်သလို

ကန်လန်ကာဖွင့်ရုံ မိုးလင်းမသွားဘူး မနက်ခင်းကို ။ ။

တည်ရရေးသည်

++++++++++++++++++++++++++++++++++++++++

အမေများနေ့ ပြာသိုလပြည့်နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ရှိနေခဲ့တဲ့ ဒီမွေးနေ့ က အမှတ်တရရှိချင်စရာတွေသိပ်များနေပါတယ်.။
ကိုယ်တိုင်ရေးမယ် စိတ်ကူးနေမိတဲ့ ဒီကဗျာလေးကို
ကိုရင်ငြိမ်းတို့က အမေများနေ့အတွက်အွန်လိုင်းကဗျာစာအုပ်လေး လုပ်ချင်တယ်ဆိုတော့ ချရေးဖြစ်သွားပါတယ်..။

မေမေဖတ်ရရင်တော့ နားမလည်ပါဘူးအေ လို့ ပြုံးဖွဖွညည်းညူဦးမှာသေချာပေမယ့် ကြည်နူးကျေနပ်နေမှာပါ..။

စိတ်ဓါတ်တွေ တစ်နှစ်ထက်တစ်နှစ်ရင့်ကျက်လာသလား မသေချာပေမယ့် အသက်ကတော့ တစ်နှစ်ကြီးသွားခဲ့ပြန်ပါပြီ..။

ဒီကဗျာလေးကို အွန်လိုင်းကဗျာစာအုပ်မှာ ပန်ဒိုရာက သရုပ်ဖေါ်ပုံလေးဆွဲပေးခဲ့ပြီး ၊
အခုလည်းဒီပိုစ့်မှာတင်ဖို့ခွင့်ပြုခဲ့ပါတယ်.။(ကျေးဇူးပါ ဆရာမ)

အားလုံး ကိုယ်စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ချစ်ခင်လေးစားစွာ

အိန္ဒြာ


September 19, 2009

တကယ်တော့ အဲဒီ့ပြကွက်ဟာ အတု

(၁)။
ညထဲမှာ နောက်ည တစ်ခုက ထပ်ပြီး မှောင်မိုက်လို့
တဒီးဒီး လေအေးစက်သံဟာ..
ကျောထဲစိမ့်အေးလာချင်စရာ
အားလုံး အသက်ရူအောင့်ထားမိကြသလား..
ဆက်တင်မှာ အခိုးအငွေ့တစ်ချို့ အူနေတယ်..။
(၂)။
တီးလုံးကအသံပြောင်းသွားပြီ
အနီရောင်
အခင်းအကျင်းအားလုံးကအနီရောင်
မသိရင် သွေးတွေ ဆမ်းချလိုက်သလိုမျိုး အနီရောင်
ဟိုဟိုဒီဒီလင်းနို့တွေ တဖျတ်ဖျတ်ပျံသလို အထူးပြုလုပ်ချက်တွေနဲ့
ဟိုး...ဝေးဝေး က
သင်္ချိင်္ိုင်းလား တစ္ဆေလား....
လှိမ့်လှိမ့်တက်လာတဲ့ အခိုးအငွေ့တွေကြားမှာ..
ဆက်တင်ဟာ..ချောက်ချားဖွယ်ရာ...မာခဲညိုမည်းနေခဲ့တယ်..။
(၃)။
ကြောက်လန့်ဖို့ အဓိကရည်ရွယ်တယ်..
အားလုံး.အာစေးထည့်ထားမိကြသလို
စိတ်တွေချွေးစေးနဲ့ ချွဲပစ်လာကြလို့
ကလေးတွေ အမေ့ရင်ခွင်ထဲ အတင်းကွယ်လျိုး
ချစ်သူတွေ ပုခုံးချင်းကျစ်ကျစ်ပါအောင် ပိုက်ထွေးဖေးမကြ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ချေထားမိကြ
အားလုံးဆီမှာ
အကြောက်တရားက အပင်းထည့်ထားလိုက်သလို...
ဘာဖြစ်ဦးမလဲ
ဘာလုပ်မလဲ..
ဘာ တွေ လုပ် ပြ ဦး မှာ လဲ....
တထိတ်ထိတ်...
အား..လုံးးးးးး
အစွမ်းကုန်...
ဒိတ် ဒိတ် ဒိတ်ဒိတ် ရင်တုန်မောဟိုက်တယ်..။
(၄)။
သူ..
မှော်ဆရာ....
သူရွတ်နေတာ
ကျမ်းစာလား..ကမ္မ၀ါလား..
သူ သစ္စာဆိုတာလား..
မေတ္တာပို့တာလား..
ကျိန်စာတိုက်နေတာများလား..
သူ့မန္တရားက ဘာအစီအစဉ်လဲ...
တတွတ်တွတ်..
တွတ်တွတ်..တွတ်..တွတ်..
သူ့ဝတ်ရုံဖါးဖါးကြီးတလွင့်လွင့်
သူ့အရိပ်အမည်းကြီး တလွင့်လွင့်
သူ့မှာ သိန်းငှက်တစ်ကောင်ရဲ့မျက်လုံးမျိုးလည်းရှိသေးရဲ့
သူက....
ဘယ်အချိန်သုတ်သုတ်ရနိုင်တဲ့ အသားတစ်ကို လှမ်းကြည့်လိုက်သလို...
သူ့ပရိတ်သတ်တွေကို
အထက်စီးကနေ...အူ မ ချေး ခါး ကြည့်လိုက်ပြီ..။
(၅)။
ရုတ်ချည်းမှောင်မိုက်သွားခဲ့တယ်..
ရုတ်ချည်းလင်းလက်လာပြန်တယ်...
ငြိမ့်ငြိမ့်ညောင်းညောင်း..
တီးလုံးမှာ ကကွက်ဆန်းတစ်ခုပါလာတယ်..
ကောင်းကင်က..ကျလာခဲ့တာလား..
မြေပြင်ကို ထိုးခွဲတက်လာသလား...
မသိဘူး..
အားလုံးမှင်တက်ငေးမောသွားကြ..
ငွေပြာရောင်ပိုးသားစလေး..လွင့်မျောနေသလို..
သူမရဲ့လှုပ်ရှားမှုတိုင်းက ညက်ညောလှပ..
သူမရဲ့ကချိုးတွေက သေသပ်တိကျလို့...
အားလုံးရဲ့နှလုံးအိမ်ညွှတ်နူးမှုတိုင်းဟာ..
သူမအပေါ်ပုံကျသွားခဲ့တယ်...။
(၆)။
ဝေါကနဲ..
အသံတွေထိုးစိုက်ကျလာတယ်..
တောမြေခွေးတွေအူသံလို...
တောချောက်သံလို..၊ တော်လဲသံလို...
တဖျတ်ဖျတ်ပြောင်းလဲနေတဲ့ စလိုက်ရောင်စုံတွေကိုက
စိတ်ထွေပြားချင်စရာဖြစ်နေခဲ့..
မှော်ဆရာ ဟာ..သရဲသဘက်ဆန်လာတယ်..
မှော်ဆရာဟာ..သားကောင်အနံ့မှာ စမန်ထနေတဲ့
အညံ့စားမုဆိုးဆန်လာတယ်..
တီးလုံးက ဗိန်းဗေါင်းဆိုတာလား
အပြေးအလွှား..အကွေ့အ၀ှိုက်...
ဆက်တင်ဟာ..သိမ့်သိမ့် ရမ်းခါလို့...
နောက်ဆုံး...
ဇာတ်လမ်းဇာတ်ကွက်သာမန်စဉ်အတိုင်း
ငွေပြာရောင်လေးကို လက်ရ ဖမ်းဆီးနိုင်လိုက်တယ်.။
(၇)။
မှော်ဆရာက
လှုပ်လို့မရပေမယ့် ကြိုးနဲ့အထပ်ထပ်တုတ်နှောင်တယ်...
မှော်ဆရာက
မပြေးနိုင်မှန်းသိရက်နဲ့ စည်းသုံးတန်ကိုတားပစ်တယ်..
မှော်ဆရာက..
နောက်ဆုံးအဆင့်
အသင့်ချထားခဲ့တဲ့ ခေါင်းတလားထဲကို...
ကျွမ်းကျွမ်းကျင်ကျင် လဲလျောင်း ပိတ်လှောင်စေခဲ့ပြီ..
(ဂ)။
ဓါးစက်လား..
လွှစက်လား...
အဲဒီ့ လူသတ်လက်နက်ဟာ..
မှော့်ဆရာလက်ထဲမှာ တဒီးဒီးရမ်းခါလို့...
သွေးဆာနေတဲ့ မိစ္ဆာ တစ်ကောင်
မှုန်ယိုရမ်းကားနေသလို...
မီးရောင် အောက်မှာ...
စုန်းမီးတောက်လို တလက်လက်ဖြာနေတယ်
ပရိတ်သတ်ဟာ..လိပ်ပြာအနှုတ်ခံလိုက်ရသူလိုမျိုး..
ဝင်သက်ထွက်သက်တွေ အထားအသိုမမှန်ကန်တော့
ချောက်ကပ်နေတဲ့ လည်ချောင်းမှာ...အသံတွေ အတုန်းအရုန်းသေဆုံးကုန်ကြတယ်..
(၉)။
ပိုင်းချလိုက်ပြီ....
ပန်းထွက်လာတာ..သွေးတွေမဟုတ်လား...
ဝူး ၀ူး ၀ုန်း ၀ုန်း......
ဒီ့ထက်သွေးပျက်စရာမရှိတဲ့ မြင်ကွင်းထဲက
ထက်ပိုင်းပြတ်သွားတဲ့ ခေါင်းတလားထဲမှာ...
သူမရှိနေတယ်.....
ခါးလည်တည့်တည့်ကနေ...တစ်ဝက်တိတိပြတ်ကျသွားတဲ့
အဲဒီ့ခေါင်းတလားထဲမှာ...
သွေးစေးတွေ အထွေးလိုက်ကပ်နေတဲ့ တစ်ဝက်ပြတ်ခေါင်းတလားထဲမှာ
သူမ......
ရှိနေခဲ့ပါတယ်...။
(၁၀)။
ဆက်တင်က ကြယ်ကြွေတွေကို ဆလိုက်ထိုးပြီးပြနေတယ်..
လူတွေဟာ..ကြေကွဲစရာတွေနဲ့
စိတ်အယားတွေဖြေကြတယ်..
တစ္ဆေထက်ကြောက်လန့်စရာတစ္ဆေတွေကြားမှာ...
လူသတ်ပြကွက်တွေထက်ရက်စက်တဲ့ .လူသတ်ပြကွက်တွေထဲမှာ...
အညစ်အကြေးတွေထက်ညစ်ညမ်းတဲ့ အညစ်အကြေးတွေကြားထဲမှာ..
အဲသလို ရုံသွင်းအပြခံနေရတဲ့ အတုအယောင်တွေကြားထဲမှာ..
အဲသလို စိတ်တွေကို အထပ်လိုက်မီးတင်နေတဲ့ပြကွက်မှာ
တဖြည်းဖြည်းအသားကျနေပျော်နေခြင်းသီချင်းက
ရက်ရက်စက်စက်ပျံလွင့်လာ...
(၁၂)။
အဲဒီ့ပြကွက်ဟာ..အတုပဲ
တကယ်တော့ အဲဒီ့ပြကွက်ဟာ..အတု.
အနုပညာဟာ.သွေးဆာခြင်းတစ်မျိုးလား..
ကြောက်ရွံ့ထိပ်လန့်စရာတွေက ရသမြောက်စေတတ်သလား..
လိမ်ညာဆန်းပြားခြင်းအတတ်က စိတ်အဆာတွေပြေစေသလား...
မှော်ဆရာဟာ..သူ့အောင်မြင်မှုကို..
သွားရည်တမြားမြားယစ်မူးလို့.....
မှော်ဆရာဟာ..သူ့အတတ်ပညာကို
အာသားငမ်းငမ်းမူးယစ်လို့
ဒီပြကွက်ရဲ့ ကြောက်လန့်ခြင်းစိုးရိမ်ရေမှတ်ဒီဂရီဟာ..
မှော်ဆရာကဗ္ဗည်းတင်ချင်နေတဲ့ မှတ်ကျောက်တဲ့...
မှော်ဆရာဟာ..သူ့အတတ်ပညာကို
အာသားငမ်းငမ်းမူးယစ်လို့
မှော်ဆရာဟာ..သူ့အောင်မြင်မှုကို..
သွားရည်တမြားမြားယစ်မူးလို့.....
(၁၃)။
အားလုံး
စိတ်တွေ ကိုယ်တွေ မတ်တပ်ထရပ်လိုက်ကြပြီ...
ပွဲက အခုမှစတင်လာခဲ့တာ...
ပွဲက အခုမှအဆုံးသတ်တော့မှာ
ခေါင်းတလားထဲက ရှင်ပြန်ထမြောက်လာရမယ့်
ငွေပြာရောင်လေးကို သူတို့ မင်းသမီးလေးကို...
သောင်းသောင်းဖျဖျ...
လက်ခုတ်တီးပြီးကြိုကြဖို့..
ပွဲက
အခုမှစတင်လာခဲ့တာ...
ပွဲက
အခုမှအဆုံးသတ်တော့မှာ...

အိန္ဒြာ
(၂၆.၇.၂၀၀၉)

September 11, 2009

ငါ့ကဗျာကို လက်ရသိမ်းပိုက်ထားတဲ့ မြို့

ငါ့အရေပြားက သံမဏိအငွေ့အသက်နဲ့ အေးစက်နေပြီလား..
ငါ့နှလုံးအိမ်အခန်းအကန့်တွေထဲ ခဲ တွေလောင်းချထားသလား
ငါ့မျက်ကြည့်လွှာမှာ ကဗျာအရောင်ငွေ့ငွေ့တောင်လာမဟတ်တော့ဘူးလား..
ငါ့စိတ်ဝိညာဉ်ထဲ ကဗျာဆန်ဆန်အတွေးရနံ့လေးမှ မသင်းပျံ့တော့တာလား..
တစ်စုံတစ်ရာက...ငါ့ကဗျာတွေကို လက်ရသိမ်းပိုက်သွားပြီလား....

ဒရက်ကူလာတွေနေရောင်ခြည်ကိုရှောင်ရှားကြသလို
ပင်နီယံကခွေးသွားစိပ်တစ်ခု မရပ်မနားလည်ပတ်နေရသလို..
ငါ့ကိုယ်ရည်ကိုယ်သွေးတွေ ကြိတ်ညှစ်ချနေတဲ့ ကြိတ်စက်တစ်ခုလို....
ငါ့ နေ့ဝဋ်ကျင်းထဲ..ငါခပ်ဆိတ်ဆိတ်ဆင်းဆင်းလာခဲ့ရ....။

ငါ့ ၀ဋ်ကျင်းလေးက ဖစ်ဖတင်းဒီဂရီဆဲလ်စီးယတ်နဲ့ရေခဲဆန်ဆန်အေးမြ
ကွန်ပြူတာဖန်သားပြင်တွေက လျှပ်စီးလက်နေသလိုကို ရုန်းကြွ

တဖျတ်ဖျတ်ဝင်လာနေတဲ့ လျှပ်စစ်ပေးစာများ..
အဆက်မပြတ်အလျင်လိုနေတဲ့..စကားပြောခွက်နဲ့စကားသံများ
တောင်လိုမြင့်ပြီးတောင်လိုပုံနေတဲ့ အဆောက်ဦးပုံစံစာရွက်များ
ကွန်ကရစ်မီတာကျုကွာဟချက်နဲ့..ဘီအာစီမက်ခ်ျအော်ဒါများ
ဘယ်နေ့ ဘယ်အချိန်အတိအကျ စက္ကန့်စွန်းမရ တင်ဒါများ
ကျွန်ုပ်တို့ အမှန်တကယ် ဆောက်လုပ်ခဲ့ခြင်းအတိုင်း
ပြန်လည်ရေးဆွဲတင်ပြအပ်ပါသည် ဆန်မစ်ရှုင်းများ

နောက်......

သာမန်ရိုးကျဖြစ်ရိုးဖြစ်စဉ်နဲ့ အဲဒီ့ထက်ပိုချင်ပိုနေတဲ့..အခက်အခဲများ
သူ့၏နောက်ပါများ..

ငါ့ကို အချိန်တိုင်း ဂရုတစိုက်စောင့်စောင့်ကြည့်နေတတ်တဲ့ စီစီတီဗွီ ကင်မရာတွေအောက်မှာ..
နိစ္စဓူဝ တစ်ထစ်နှိမ့်ချထားတဲ့ အခေါ်အပြော အကြည့်အမြင်တွေအောက်မှာ

အဲသလို.. ငါ့စိတ်ကို ချောင်ပိတ်အရိုက်ခံရ..

အဲသလို ..ကမ္ဘာ့အဆင့်မှီ ကျဆုံးနေခဲ့ရ.....။

တကယ်ဆို..
ငါ့နှလုံးသွေးကို ခုတ်မောင်းပေးနေတဲ့...တေဇောဓါတ်ကိုက ကဗျာပါ...
အခုဘယ်အရာတွေက ငါ့သွေးကိုခုတ်မောင်းနေတာလဲ..

ငွေကြေးစံနှုန်းကွာဟမှုလား..
အီကွေတာရာသီဥတုနဲ့ အမြဲစိမ်းတောအုပ်တွေများလား..
စိတ်အဆာမကြေခြင်း အဆိုင်အခဲတွေလား..

ပိုနေတာအားလုံး ဖဲ့ထုတ်ရှုင်းလင်းထားသလို..
လိုနေတာတွေကို စိတ်တိုင်းကျ ပုံလောင်းထားသလို
အတိအကျရုပ်လုံးကြွနေတဲ့ လူ့အဖွဲ့အစည်းသီချင်းလား

အာခံလွတ်မြောက်လိုခြင်း.သီဝရီတွေလား..
တစ်နေ့နေ့တစ်ခုခု လုပ်ပေးနိုင်နိုးနိုး မျှော်လင့်ချက်တွေလား..

အစစ်ထက်ပိုပိုစစ်ပြချင်နေတဲ့ ကမ်းခြေအတု လှိုင်းအတုတွေလား..

ငါ့..နှလုံးသားအရေးပြားတွေကျွမ်းသွားအောင်..
မဆန့်ရင်ကာလောင်မြိုက်နေခဲ့တဲ့ အဝေးငေးအိမ်လွမ်းနာတွေလား..

မတန်တဆပေးချေနေရတဲ့ စိတ်အရင်းအနှီးတွေလား...

ဘယ်အရာတွေစီးဝင်နေသလဲ..
ဘယ်အရာတွေ..စီးထွက်သွားကြလဲ....
တစ်စုံတစ်ရာဟာ..
ငါ့ကဗျာတွေကို လက်ရသိမ်းပိုက်သွားခဲ့ပြီ..။

ငါ့ကိုယ်ငါ ပြန်ပေးဆွဲထားရတဲ့ ညဥ့်၃ယံထဲက၂ယံမှာ..
ကြွက်တစ်ကောင်ဒိန်ခဲပျောက်ရှာသလို..
ငါ့ကိုယ်ငါ အငမ်းမရရှာဖွေကြည့်နေရ.

ငါဟာငါဖြစ်ကြောင်းသက်သေခံကဒ်ပြားများ.
ငါဟာငါဖြစ်ကြောင်း ငါ့ထင်ရှားတဲ့ အမှတ်အသား...
ငါ့ဖြစ်တည်မှုကို..အတိအကျချုပ်ကိုင်ထားသောစာရွက်စာတမ်းများ...
ငါ့စည်းစိမ်ဥစ္စာကိုသိုဝှက်စုဆောင်းထားခြင်း..ငွေရေးကြေးရေးကဒ်များ
ငါ့လမ်းခရီး.ထိမ်းကြောင်းဖြတ်တောက်မှုကဒ်ပြားများ..
အဝေးအနီး ဆက်သွယ်မှု အသံယန္တရားကဒ်များ...

ဘ၀ဟာ..၂လက်မ ၃လက်မ အရွယ်ကဒ်ပြားတစ်ချပ်ထဲ..မှာ..
အတင်းထိုးကြိတ်အထည့်ခံနေရသလို
ဘ၀ဟာ..ကြပ်တည်း ကျဉ်းမျောင်း လှချည်လား..

ဘ၀ဟာ..ကဒ်ပြားများ...

ဘ၀ဟာ...ကဒ်ပြားလား....

ငါ..တစ်စစီဆွဲထုတ်ကြည့်မိတဲ့ ငါ့ကိုထိမ်းချုပ်ခြင်း ကဒ်ပြားတွေထဲမှာ..
ငါဟာ..ကဗျာရေးသူဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာလေးမှမပါ..
ငါဟာ..ကဗျာရေးသူလား..
ငါ..ကဗျာတွေရေးခဲ့လား..

ဒီကဗျာတွေ ငါရေးခဲ့တာလား....

ဒီလိုအတွေးမျိုး..ငါရခဲ့ဖူးတာ..တကယ်လား....

ငါဟာ..အိန္ဒြာဆိုတာလား.....??? ...

တကယ်ဆို.. ငါ့နှလုံးသွေးတွေကို ခုတ်မောင်ပေးနေတဲ့ တေဇောဓါတ်တွေကိုက..ကဗျာပါ....
တကယ်ဆို...ငါ့ညာလက်ကောက်ဝတ်က သွေးပြန်ကြောမကိုက ကဗျာပါ
ငါ့.အနုပညာတွေဘယ်ရောက်သွားတာလဲ..
ငါ့ကဗျာတွေ..ဘယ်သူသိမ်းပိုက်ထားသလဲ....
ကဗျာရေးလို့မရဘူးးးးးး
ကဗျာရေးလို့မရဘူးးးးးးးးးး..........
.................................................

သွေးရူးသွေးတမ်း...
ညကြီးသန်းခေါင်..ထရိုက်မိတဲ့ ဒီစာသားတွေအောက်မှာ..

ထုံးစံအတိုင်း...

"အိန္ဒြာ "လို့..နာမည်တပ်ချကြည့်ရမလား......။ ။


အိန္ဒြာ
(၁၁.၉.၂၀၀၉)

ဘလော့မှာဘာဖြစ်မှန်းမသိပဲ ကွန်းမန့် ကဖွင့်မရ မန့်မရဖြစ်နေလို့ ဒုတိယအကြိမ် Publish လုပ်လိုက်ရတာပါ..။
ပထမပေးထားတဲ့ ကွန်းမန့်တွေကို ကူးပြီဖေါ်ပြပေးထားပါတယ်။..(ဘယ်လိုဖျက်ပစ်ရက်မလဲ..လေ..)..။

18 comments:

thynn said...
အဟီး...၁
ဒါပေမယ့်..ဘာရေးရမှန်းမသိသေးဘူး
September 11, 2009 7:52 AM
+++++++++++++++++++

Craton said...
၂ ကွ... ဟွင်းးး
September 11, 2009 7:53 AM
+++++++++++++++++++

Craton said...

This post has been removed by the author.
September 11, 2009 7:53 AM
+++++++++++++++++++

အရုပ်ကလေး said...
အိုးးးးးးးး အို ....

ကဗျာထဲက စကားလုံးတိုင်း ကျစ်လစ်နေတယ် ..
ဘ၀ဟာကဗျာလား ..
ကဗျာဟာ ဘ၀လား ..
ဘ၀ထဲ ကဗျာတွေကပ်ပါမျော
ကဗျာတွေထဲ ဘ၀ဟာရုပ်လုံးမပေါ် ..
နောက်ဆုံး ..ခပ်ရို့ရို့လေး နေခဲ့မိတယ် ..

မကြီး .. လေးနက်တဲ့ ကဗျာလေးပါ .။

ချစ်မကြီးရဲ့ ..
ချစ်မောင်လေး .. idulize (အရုပ်ကလေး)
September 11, 2009 7:55 AM
+++++++++++++++++++

မိုးမြင့်တိမ် said...
သွေးရူးသွေးတန်းထရိုက်မိလိုက်တဲ့ စာသားတွေကိုက ဘ၀ကိုရုပ်လုံးပေါ်အောင် ကျစ်ကျစ်လစ်လစ်ဖော်ဆောင်လိုက်တယ်။ ဒါဟာ ကဗျာ။
ဒါဟာ သွေးပြန်ကြော။ ဒါဟာ စီးဆင်းနေတဲ့ ကဗျာ။ ပုံသေကားချပ်မရှိတဲ့ ကဗျာ။ ဒါဟာ ဘ၀။ ဘ၀ ဟာ ကဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
September 11, 2009 8:00 AM
+++++++++++++++++++

MANORHARY said...
ငါက ကမ္ဘာ့အဆင့်မီမကျဆုံးချင်တဲ့သူ
ဒါကြောင့် ဆရာစွမ်းအတန်တန်မှာတဲ့ကြားက
ရူပဗေဒနိယာမတွေကိုပစ်ချထားခဲ့တဲ့သူ
အနုပညာနဲ့ မာနတွေခပ်ကျဲကျဲသွန်းကျဲပက်ချ
ဘဝကိုတည်ဆောက်ချင်တဲ့သူ
ဒါပေမယ့် ...
ပျောက်ဆုံးနေတဲ့ ကဗျာဆရာမလေးကိုရှာဖို့ဆိုရင်တော့
ငါသင်ကြားခဲ့တဲ့ပညာတွေကိုခဏပြန်ကောက်
စစ်တမ်းကောက်သင့်ကောက်ရလိမ့်မယ်
သီအိုရီတွေပြန်ရှာသင့် ရှာရလိမ့်မယ်
ရေဒါကိုဖွင့်ပြီး စမ်းသင့်စမ်းရလိမ့်မယ်
censor နဲ့စမ်းလိုက်တဲ့ကဒ်ပြားလေးထဲမှာ
အိန္ဒြာရှိနေတာသေချာသလား...
သူ့သွေးကြောထဲလှည့်ပတ်နေတဲ့
ကဗျာအစင်းစင်းခုတ်မောင်းနေသံ
ပုံမှန်ကြားနေရသေးလား
သေချာတယ်ဆို ခရီးစလိုက်ကြရအောင်
(လိုက်မယ့်သူတွေလာခဲ့ကြ..
စစ်ဆင်ရေးစမယ်...:P)
ကဗျာရေးသူဖြစ်ကြောင်းအထောက်အထားကတော့
သူ့နှလုံးသားပဲဖြစ်လိမ့်မယ်။
သေချာတယ်ဆို အဲဒီအောက်မှာ အမည်နာမတစ်ခု
ငါတို့ပြန်ထုဆစ်ကြမယ် ...
လင်းပွင့်နေတဲ့နေရောင်အောက်မှာ...
......အိန္ဒြာ.........
September 11, 2009 8:10 AM
+++++++++++++++++++

Craton said...
“အဲသလို.. ငါ့စိတ်ကို ချောင်ပိတ်အရိုက်ခံရ..
အဲသလို ..ကမ္ဘာ့အဆင့်မှီ ကျဆုံးနေခဲ့ရ...”
..........
.....
.

သူ့ကဗျာကို လက်ရသိမ်းပိုက်ထားတဲ့မြို့မှာ
ကဗျာရေးသူ အိန္ဒြာဆိုတဲ့ ကဒ်ပြားထဲက အထောက်အားတွေမပါ...
အနီးအဝေး
စက္ကန့်မလပ်ထိန်းချုပ်မှုတွေအောက်မှာ
သူ့သွေးပြန်ကြောမထဲက နာ့ဗ်တစ်ခုချင်းစီ
ကဗျာတွေ တိုးဝင်ဝှေ့ဝိုက်...
ထက်အောက်စီးဆင်းနေတဲ့ သူ့ဦးနှောက်သွေးတွေလည်း..
မနှစ်မမြို့ခြင်းတစ်လှည့်...
စက်ဆုပ်ပူနွေးစွတ်စိုမှုတစ်ဖုံ...
တေဇောဓါတ်တွေနဲ့ အမြဲခုတ်မောင်းထားတဲ့
သူ့ကဗျာတွေ....
သူ့စိတ်ကူးတွေ....
စိတ်မကောင်းစွာ
မွန်းကြပ်ချုပ်လှောင်ခံရချည့်...

သို့သော်...
ဒီကဗျာတွေ သူရေးခဲ့တယ်...
သူဟာ ကဗျာရေးသူ...
လက်ရသိမ်းပိုက်ထားတဲ့
ပိတ်တီးပိတ်လှောင်ဒီမြို့မှာ
သူဟာ ဒီအတွေးတွေရှိခဲ့တယ်...
သူဟာ တကယ်တွေးရေးဖန်တီးခဲ့တယ်...
သူ့ကိုယ်သူ ဒိန်ခဲပျောက်ရှာသူတဲ့...
သူ့ကိုယ်သူ ပြန်ပေးဆွဲခံရတဲ့ညမှာ
သူဟာ ကြောင်စီဆွံ့အ နေခဲ့တာပဲဖြစ်မှာ

တကယ့်တကယ်က
အပေါ်ယံဆန်ဆန်
သူ့သံမဏိအရေပြားတွေအောက်...
သူ့နှလုံးအိမ်အခန်းအကန့်နက်နက်တွေထဲ
ညာလက်ကောက်ဝတ်အောက်
သူ့သွေးပြန်ကြောမတွေထဲ
သူ့စိတ်ဝိဉာဉ်အနှံ့
ကဗျာရနံ့စစ်စစ် အနှစ်တွေချည်းပဲ...
သူကွယ်ဝှက်ထားတဲ့ သူ့ငြိမ်းချမ်းမှုက
တစ်ထစ်လျှော့အခေါ်အဝေါ်တွေအကြား
မာနမျဉ်းပြိုင်တွေကျော်လွှားလို့
သူ့အဆောက်အဦပုံစာရွက်တွေအပေါ်ဆုံးမှာ
သူနဲ့အတူပဲ
ကပ်လျက်တည်ဆောက်ပြီးသားဖြစ်တယ်

သူသိသွားမှာပါ
သူ့ ၀ဋ်ကျင်းဆိတ်ဆိတ်လေးထဲ
သူ့ ထိန်းချုပ်မှုတချို့
အသားကျရင့်ကျက်ရင်း
ပျော်ရွှင်တဲ့ကဗျာရနံ့တွေပဲ အသည်းဆုံးအောင် ရှူရှိုက်နေရလိမ့်မယ်ဆိုတာ...။ ။

Craton
September 11, 2009 8:13 AM
+++++++++++++++++++

Craton said...
*အထောက်အထား (ပြင်ဆင်ချက်)
September 11, 2009 8:16 AM
+++++++++++++++++++

အိန္ဒြာ said...
ဟားဟား..

တယ်ဟုတ်ပါလား..ကာတွန်းလေးရ...

အလေးပြုတယ်....
အလေးပြုတယ်..
September 11, 2009 8:46 AM
+++++++++++++++++++

အောင်သာငယ် said...
ဘ၀က ကဒ်ပြားတွေလား...
ကဒ်ပြားတွေက ဘ၀လား...

လတ်လျားလျတ်လျားလုပ်တဲ့ တဘ၀လုံး
ကဒ်ပြား တဆုပ်နဲ့ ကျဆုံးရမလား...

ငါ့ညီမရေ့
ကဗျာတွေ သိမ်းပိုက်သွားတဲ့
အဲသည်တမြို့လုံးကို
သံပုရာသီးတလုံးနဲ့ညှစ်
သံပုရာရည်သာ လုပ်သောက်ပစ်လိုက်ပေတော့...း)
September 11, 2009 8:53 AM
+++++++++++++++++++

Zephyr said...
ကဗျာဆရာတွေလည်း စိတ်အချဉ်ပေါက်တိုင်း ၀ိုင် မဖြစ်ပေမယ့် ကဗျာတော့ ဖြစ်နေတာ ...။ အခုလည်းဇာတိပုည ဂုဏ်မာန နဲ့ သံပ ဟုန်းဟုန်း မန့်မလို့ အားယူလာတာ ....။ မမန့်တာကြာတော့ ကော်မန့်ရေးဖို့ စိတ်က ဟူးဟူးထန်ထန် (နတ်သျှင်နောင်ရဲ့ဟူးဟူးထန်ထန်ဖြစ်သည် ...၊ ထီလာစစ်သူရေးတဲ့(မူကွဲ ကူးတဲ့) ဟူးဟူးထန်ထန်မဟုတ်ပါ။)။ အို အသင်လောကထဲမှာ ကဗျာတွေရေးနေတာမမောဘူးလား အမတော် ....။ ပဲ့တင်သံမရှိတဲ့ ပင်လယ်ဘက်ကို လှည့်အော်လိုက်ရတာ စိတ်သက်သာပါရဲ့လား ....။ ဒါကိုပဲ ပြစ်ဒဏ်ဆပ်ဖြေခြင်း/ပြစ်ဒဏ်ဆပ်နေခြင်းလို့ ခေါ်မလား/မခေါ်ဘူးလား ....။ တောင်စွယ်မှာနေကွယ်တာဟာ နီယွန်မီးတွေအတွက် ပွဲတော်ည ဖဲကြိုးဖွင့်လွှတ်ခြင်းဆန်နေခဲ့တယ် ...။ မာယာရဲ့ ဒုတိယနာမမှာ ဘိသိက်လာအသွန်းခံနေရတဲ့ မိမိ ခင်များ သင် မင်း ခင်ဗျား ငါ သူတပါး နဲ့ မဒါတို့ဟာ တစ်လှေတည်းစီးဖော်စီးဖက် .. လှေတစ်ဝမ်းထဲဖောက်ဖော် ဖောက်ဖက်တွေလား ... ဖောက်ဖျက်ထားတဲ့ သစ္စာတရားအတွက် ခေတ်တစ်ခေတ်ကို ကျောတစ်ရာရင်တရာ ....ပေးမိတဲ့အခါ .... စိတ်တွေက ကျောရောရင်ပါနာတယ် ....။ မိတကွဲဖတကွဲ ဆိုတာ စစ်လား ... စီးပွားရှာခြင်းလား ... ၀င်ကစွပ်တွေတောင်မှ ကိုယ့်အိမ်မှာကိုယ်ပျော်ကြသတဲ့ ... လောကဓံရှစ်ပြားနဲ့ မှောက်မှားမိခဲ့တဲ့ လူဆိုတဲ့ ဘ၀ရဲ့ အနှေးရိုက်ချက်တွေ ပြေလျော့လာသံ .....။ ဒီကဗျာဟာ ... မဒါရေးတဲ့ အားလုံးရဲ့ပုံတူပန်းချီကားတစ်ချပ်ဖြစ်မယ်ထင်တယ် ....။ ဒီလောက် လေရှည်ရရင် ကျေနပ်ပါတယ် .. ကျေပါပြီ .... အထာနပ်တဲ့သူက .... စကားနည်းနည်းများပြီး ကဗျာနည်းနည်းစီ ပြီးတဲ့အထိဖတ်သွားပါတယ် ....။ အခုလို ကြုံကြိုက်တုန်းမန့်လိုက်တာ ... မိတ်ဖြစ်ဆွေဖြစ်ပါ ....။ နောက်အလျဉ်းသင့်တဲ့အခါ ဆေးဖြစ်ဝါးဖြစ် မန့်ပါဦးမယ် ...။ ....

ခင်မင်စွာဖြင့်
ကျီး
September 11, 2009 9:22 AM
+++++++++++++++++++

Kay said...
ကဗျာ ဆရာ ဖြစ်ကြောင်း..ကဒ် လိုလို့လား.. အိန္ဒြာရဲ့
စာပေလုပ်သား အဖွဲ့ဝင် ခဲ့ရင်တော့.. မသိဘူး။း)

(P.S- QS ကဗျာဆရာမ ထင်တယ်) :D
September 11, 2009 9:38 AM
+++++++++++++++++++

ကိုရင်နော်ခင်လေးငယ် said...
ခပ်ပြုံးပြုံး ကဗျာလေးက အဲ့ဒီ ကဒ်ပြားပေါ်မှာ တဖြေးဖြေး မဲ့မဲ့လာသလိုပဲ..

သွေးရူးသွေးတမ်းညတွေ လွန်မြောက်ပါစေ...
September 11, 2009 10:17 AM
+++++++++++++++++++

အိုင်လွယ်ပန် said...
ကဗျာနဲ့ မှောက်မှားခဲ့ ပြီးကြပြီပဲအစ်မရေ
ဘယ်လိုပဲ ခြောက်ခမ်းနေနေ
ကဗျာ ဆာလောင် တဲ့ သွေးတွေက
အချိန်တန်ရင်တော့ ကဗျာပဲ တောင်းပါလိမ့်မယ်
ပြန်အန်ရင်လည်း ကဗျာပဲ အန်ပါလိမ့်မယ်
ဆိုတော့ကာ
ဘာမှ သိပ်မပြောတော့ဘူး အစ်မ
ကဗျာပဲဖတ်သွားတယ် ... ။။

ခင်မင်လေးစားစွာဖြင့် ..
September 11, 2009 10:50 AM
+++++++++++++++++++

HAPPYCLOUD said...
အမရေ... သွေးရုးသွေးတန်းဖြစ်ဖြစ် ကယောင်ကတန်း ဖြစ်ဖြစ် ကဗျာ သွေးတွေးစီးနေတဲ့သူတစ်ယောက်ကတော့ လက်တင်တာနဲ့ ကဗျာ ဖြစ်လာတာပဲနော်...
ဖိုးမောင်
September 11, 2009 12:04 PM
+++++++++++++++++++

ဖိုးစိန် said...
ကဗျာဆရာမလေး ည သန်းခေါင်ထရေးတဲ့ ကဗျာလဲ
အဓိပါယ်ရှိ လှပသေသပ်နေတာပဲလေ....
ကဗျာတွေကို လက်ရသိမ်းပိုက်ထားလိုက်ပါ...
ပြီးတော့ အိန္ဒြာ လို့ နာမည်ရဲရဲကြီး တပ်ချကြည့်လိုက်ပါ
ဒီစာသားတွေနဲ့ ဒီကဗျာက အိန္ဒြာ ဆိုတဲ့ နာမည်ပေါ်မှာ
အမြဲတမ်း လှလှပပကြွားကြွားဝင့်ဝင့်ရှိနေမှာပါ..

ကဗျာပန်းလေးများ မမဆီမှာ အမြဲ ပွင့်လန်းနေပါစေ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်
September 11, 2009 6:10 PM
+++++++++++++++++++

ကဗျာလှည်းလေး said...
အမရေ
တကယ်ဆို.. ငါ့နှလုံးသွေးတွေကို ခုတ်မောင်းပေးနေတဲ့ တေဇောဓါတ်တွေကိုက..ကဗျာပါ....
ငါ့ကဗျာတွေ ဘယ်သူသိမ်းပိုက်ထားသလဲ.....
ငါ့ကဗျာတွေ ဘယ်သူသိမ်းပိုက်ထားသလဲ.....
သွေးရူးသွေးတမ်းးးပဲ ...

ကဗျာလေးရော ကွန်မန့်တွေရော.. အရမ်းကြိုက်တယ်
September 11, 2009 9:46 PM
+++++++++++++++++++

Anonymous said...
ခင်ဗျား ကဗျာကို ဘယ်မြို့ကမှ လက် ရ မသိမ်းဘူး
ခင်ဗျားကဗျာကို ဘယ်မြို့ကမှ သက်မ မချဘူး..
ခင်ဗျားအနုပညာ ဘယ်မြို့ကမှ မကွယ်ဝှက်ထားဘူး
တကယ်တော့
ကဗျာရေးလို့မရဘူး
ကဗျာရေးလို့မရဘူး ...
....
အော်မနေနဲ့ ...
ကဗျာဆိုတာ .. လက်ယက်ခေါ်လို့လိုက်တဲ့ အတန်းအစားမဟုတ်ဘူး...
ခင်ဗျားကဗျာကို .. ခင်ဗျားကိုယ်တိုင် ထိုးသိပ်ထည့်ထားတာ....
+++++++++++++++++++






May 23, 2009

ဗားတော့ဗရက်နဲ့ စကားစမြည်

အခုတလော
ရှင့်ကဗျာတွေပဲ ဖတ်ဖြစ်နေတယ် ဗရက်ရေ..
ကဗျာနဲ့ တရှိန်ရှိန်လောင်နေတဲ့ ကျွန်မစိတ်တွေမှာ..
သွေးထွက်သံယိုမှုတွေများလှပေါ့....။

ဗရက်ရေ...
ရှင်ဟာ..ရှင့်ဆာလောင်မှုတွေကို
စကြ်ာဝဠာတစ်တိုက်လုံးပဲ့တင်ရိုက်ခတ်အောင်
သောင်းသောင်းဖျဖျကြွေးကျော်ရဲသူပါ..။

ဗရက်ရေ..
ရှင်ဟာ..
ကြောက်ခမန်းလိလိ စာသားအစီးအဆင်းတွေနဲ့
ရှင့်အသွေး ရှင့်ဝိညာဉ်တွေကို ကိုယ်ထင်ပြနိုင်ခဲ့သူပါ....။

ရှင်ဟာ..
ဂျာမဏီပြည်ရဲ့..မျက်နှာစာကို
ကလောင်နဲ့ အနုစိပ်ချယ်မှုန်းပြခဲ့သူ..

ရှင်ဟာ..
ဂျာမဏီပြည်ရဲ့မိုးကောင်းကင်မှာ
ကဗျာနဲ့ မိုးကျိုး ထစ်ပြနိုင်ခဲ့သူ

ရှင်ဟာ.. ရှင့်ကဗျာတွေဟာ...
ဂျာမန်ပြည်သူတွေရဲ့လက်ဖျံရိုးပေါ်က
သွေးကြောမ လုံးလုံးဖြစ်ပေရဲ့..။

ဗရက်ရေ..
ရှင်က
ရှင့် ကလောင်ထိပ်ဖျားမှာ..
ရှင့် သစ္စာတရားကို
ရှင် သွားလေရာ..သယ်ဆောင်ခဲ့သူပေါ့...။

ချစ်သူကိုတောင် ဥပက္ခာစိတ်နဲ့တစ်ဝက်ပဲချစ်လို့ရတဲ့ခေတ်မှာ
မုန်းသူတွေ မိုးနှင်းလို မစဲတော့ဘူးပေါ့
ဗရက်ရေ..
ကျွန်မလည်း..အကုန်မရရင် တစ်ခုမှမလိုချင်ခဲ့တာပါ ..။

ရှင့် ဈာပနမှာ..လူဘယ်နှစ်ယောက်လိုက်ပါပို့ဆောင်ခဲ့သလဲ...ဆိုတာလည်း...သိချင်သေး..
အ၀တ်လေးတစ်စ နဲ့ ရှင်လုံအောင်လွှမ်းနိုင်ခဲ့သလား..
ပေါင်မုန့်လေးတစ်စနဲ့ ရှင်ဝအောင် စားနိုင်ပါရဲ့လား...သိချင်သေး...
ရှင်..ယမမင်းကို...သပိတ်မှောက်ခဲ့တဲ့ ၀ီစကီပုလင်းတွေအကြောင်းလဲသိချင်သေး...
ရှင့်ညီကို သတ်တဲ့လက်နဲ့ ရှင်ဟောဒီ့ကဗျာတွေကို ပြောင်မြောက်စေခဲ့တာလဲ..သိချင်သေး..
ဗရက်ရေ..ကျွန်မ သင်အံချင်တာတွေ..
ရှင့်ဆီမှာ..သိပ်များနေခဲ့ပြီ..။
ရှင်...တပြည်တရွာ..မှာ...ဘယ်လိုများ နေထိုင်ခဲ့သလဲ...
ရှင်ဘာတွေတွေးတော ကျင့်ကြံခဲ့မလဲ...
ဗရက်ရေ..ကျွန်မ သင်အံချင်တာတွေ..
ရှင့်ဆီမှာသိပ်များနေပြီ..ရှင့်.....

မျက်မှောင်ကျုတ်တဲ့လူတွေလည်း
သိပ်များနေခဲ့ပြီပေါ့..ဗရက်ရယ်..
လီးမားမြို့ကြီးကတော့ ရွှေရောင်အတိပြီးလို့ပေါ့..
သူတို့ဘာမှမရရင်နေ...သူတို့မျှော်နေတာ..
သူတို့လင်သားတွေပေါ့ ဘရက်...
အနက်ရောင်..၀တ်စုံမှာ..စိန်မှုန်တွေသပေးထားလည်း...
တူးတူးခါးခါး....
လည်ချောင်းကသွေးထွက်သွားအောင် ငြင်းဆိုကြလိမ့်မယ်....။

မိန်းမတွေမှာ လင်သားထက် အဖိုးတန်တာ...
ဘာရှိဦးမလဲ...
မိန်းမတွေအတွက်..လင်သားထက်တန်ကြေးကြီးတာ..
ဘာများရှိလေမှာလဲ..ဗရက်..ရယ်..

လင်သားကိုမျှော်ရသူများတဲ့ တိုင်းပြည်ဟာ...
ကျက်သရောယုတ်ရော့လာတယ်...ထင်မိရဲ့..
ဗရက်ရေ..ပျောက်ဆုံးသွားတာ ကလေး ၁၅ယောက်မှ က ပါရဲ့လားကွယ်...
ကလေးတွေ အမေပျောက်ပြီဆိုရင်တော့....
တိုင်းပြည်ဟာ...မဟာဒုက္ခ တွင်းဆုံးကျချိန်ပေါ့...။

စစ်ထက်ရသမြောက်တဲ့ အနိဌာရုံ ဘယ်ရှိမှာလဲ ဗရက်ရယ်..
မီးလောင်နေ ပြိုကျနေမယ့် အဆောက်အဦးတွေကြားမှာ
ပြန့်ကျဲနေမယ့် လူသေအလောင်းတွေကြားမှာ
အဲဒီ့ သွေးညှီနံ့တွေ ယမ်းနံ့တွေ ညှော်နံ့တွေကြားမှာ..
စိတ်ဓါတ်တွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲသွားကြတာ..။

ယမ်းအားနဲ့ ပြတ်ထွက်သွားတဲ့ ခြေထောက်တစ်ဘက်
တဆတ်ဆတ် တုန်ခါနေသလိုမျိုး...
စစ်ပွဲ တစ်ပွဲရဲ့ ဒဏ်ရာဟာ..
နှလုံးအိမ်တွေကို ဘယ်တော့မှ သွေးမတိတ်စေခဲ့တာပါ ဗရက်..။

တတိယနိုင်ငံတော်ပဲ ထူထောင်ထူထောင်
နာဇီစင်္ကြာကို ကမ္ဘာကိုချုံလွှမ်းမယ်ပဲပြောပြော
ဟစ်တလာ ဟာ စစ်ဘီလူးတစ်ကောင်ပါပဲ ဗရက်ရယ်
သူဟာ..လူသတ်ရတာမှာ
စိတ်ပါလက်ပါ လက်ယဉ်နေရှာတဲ့ သူရူးတစ်ယောက်ပါ..
သူဟာ..စကားပြောသိပ်ကောင်းတဲ့
သေနပ်ပြောင်းဝလဲဖြစ်သေး.. လေ.
သူဟာ...တည်တည်ကြည်ကြည်ခန့်ခန့်ငြားငြားကြီး
ပြောင်လိမ်ပြောင်စား လုပ်ဝံ့တဲ့သူပေါ့...

ဗရက်ရေ...
ဂျိုးဇက်ပေါလ်ဂိုလ်ဘယ်လ်စ်လို အသက်များစွာပေးပြီး
သစ္စာရှိသူတွေကြားမှာ သူဟာ မင်းမြောက်တန်ဆာငါးပါးနဲ့
သူ့တရားသူ ..စီ..ရင်..ရ..ရှာ..သူ

ဗရက်ရေ....
သူက အမှားတွေ ကြာကြာမှန်လို့မရကြောင်း..
အပြောင်မြောက်ဆုံး..သက်ရှိသက်သေပဲ...။

ဂျူးတွေ...ဂျူးဖြစ်နေကြတာလည်း
အပြစ်မှ မဟုတ်တာပဲ ဗရက်..ရယ်...
စိတ်တွေကွဲလွဲခွင့်ဆိုတာ..
ဘုရားသခင်ကိုယ်တော်တိုင်ဖန်တီးထားခဲ့တာ..

ဗာလင်နန်းတော်ရဲ့မြေအောက်ခန်းထဲ..
သူကိုယ့်သူသေကြောင်းကြံတယ်ကြားလိုက်တော့..
ရှင်ဘယ်လိုနေသလဲ ဆိုတာ..ကျွန်မသိချင်လိုက်တာဘရက်.ရယ်.
သေချာတာဟာ...
ရှင် ၀မ်းမြောက်ဝမ်းသာ..ရှိမနေနိုင်ပါဘူး....

ဗရက်...ရှင်က ကဗျာဆရာလေ..
ရှင်က.. ကဗျာဆရာလေ.. ဗရက်...

လူသားတစ်ယောက်ရဲ့သေခြင်းတရားကို..
ဘယ်လိုနားနဲ့မှ မနာပျော်နိုင်သူ...
အမှားအယွင်းနဲ့ အကြောက်တရားထဲကဘ၀တွေကို
ကလောင်နဲ့စိုက်ပြီးကယ်ချင်သူ..
ခေတ်တစ်ခေတ်နဲ့..
စနစ်ဆိုးတစ်ခုကိုပဲ..ရွံရှာမုန်းတီးခဲ့သူလေ...

ဗရက်ရေ..
ရှင့်ဆီမှာ...ကျွန်မသင်ယူချင်တာတွေ
သိပ်များနေခဲ့တယ်....

ကျွန်မက ရှင့်ကဗျာကိုဖတ်နေရက်နဲ့
ကြောင်တောင်ကန်းနေခဲ့သူ...ပေါ့
ကျွန်မက ရှင့် ကဗျာတွေ ရွတ်ဖတ်နေရင်းကို
ဆွံ့အ ပင်းပိတ်နေသူ....ပေါ့

အို.....
ဗရက်ရယ်..........
ရှင့်ဆီမှာ...ကျွန်မ
သင်ယူချင်တာတွေ...သိပ်များနေပါပေါ့...။

အိန္ဒြာ ( ၂၂.၅.၂၀၀၉)